Chapter 11
Viewers 6k

🍉 Chapter 11

သခင်လေးအစစ်နဲ့ သခင်လေးအတု



သေချာပေါက်မဟုတ်ပေ။


ယဲ့လဲ့ယောင်၏အက်ကွဲနေသည့် သီချင်းဆိုသံနှင့် မိနစ် ၂၀နီးပါး အဆိပ်ခတ်ခံရပြီးနောက် ဟော်ယန်က သူ၏ကယ်တင်ရှင်ကို သွားခွင့်မပြုနိုင်ပေ။ သူက အလျင်အမြန် ပြောလိုက်သည်။

"ရှောင်ယောင် လာခဲ့...မစ္စတာချင်က ဒီမှာ...သူ့အတွက် ကော်ဖီတစ်ခွက်မှာလိုက်..."


သူ့စိတ်ထဲ ပဲ့တင်သံထပ်နေသည့် ကီးကြောင်နေသော သီချင်းသံက ရုတ်ချည်းပင် ရပ်တန့်သွားသည်။


ဟော်ယန် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။


ချင်ယောင်လည်း စိတ်သက်သာရာရသွားပြီး လမ်းလျှောက်ဝင်သွားကာ သူတို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ 


ချင်ယောင်ကို မြင်ရခြင်းက ယဲ့လဲ့ယောင်အတွက်မူ ငွေပုံကြီးလမ်းလျှောက်သည်ကို မြင်ရသလိုပါပင်။ သူ့အပြုံးများပင် ဖြာထွက်လာခဲ့သည်။

"မစ္စတာချင် ဘာများသောက်ချင်လဲဟင်..."


[ငွေတွေဝင်ပြီး ငွေတွေဝင်ပြီး ငွေတွေဝင်ပြီး~~~သူဌေးဖြစ်တော့မယ်...အိုး yeah...]


ချင်ယောင် သူ့မျက်လုံးများကို ပိတ်လိုက်သည်။ အနည်းဆုံး ယင်းက ကြောက်စရာကောင်းသော သီချင်းမဟုတ်ပေ။


ဟော်ယန် ခေါင်းကိုလှည့်ပြီး တိတ်တိတ်လေး သူ့နားရွက်များကို ပွတ်သပ်လိုက်သည်။


"အမေရိကာနို တစ်ခွက်ဆို ရပါတယ်..."

ချင်ယောင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။


ယဲ့လဲ့ယောင် ခေါင်းညိတ်ကာ ကျွမ်းကျင်စွာ မှာလိုက်သည်။


ကြမ်းတမ်းလှသည့်သီချင်းဆိုသံနှင့် နှိပ်စက်ခံရခြင်းမှ ရှောင်ရန် ဟော်ယန်က ဤဆွေးနွေးမှုကို အ

ဓိကအချက်သို့တန်းသွားရန် ဆုံးဖြတ်လိုက်ပြီး ချင်ယောင်ကို လောကဝတ်ပင် ပြုမနေတော့ဘဲ စီးပွားရေးအကြောင်းသာ တန်းပြောလိုက်သည်။

"မစ္စတာချင် အဓိကအချက်ကိုပဲ တန်းသွားပြီး စီးပွားရေးကိစ္စ ပြောလိုက်ကြတာပေါ့..."


ချင်ယောင်ကလည်း ထိုသို့ပင် စဥ်းစားထားကာ တုံ့ဆိုင်းမနေပေ။


ထို့ကြောင့် ညှိနှိုင်းရာတွင် ကျွမ်းကျင်သည့် လူနှစ်ယောက်က နှစ်မိနစ်အတွင်းလေးမှာပင် အားလုံးကို ဆွေးနွေးအတည်ပြုလိုက်ကြသည်။


ဟော်ယန်နှင့် ချင်ယောင်က လက်ဆွဲနှုတ်ဆက်ပြီး "အလုပ်အတူတွဲလုပ်ဖို့မျှော်လင့်နေပါတယ်" ဟု ပြောသည့်အချိန်၌ပင် ယဲ့လဲ့ယောင်က မယုံကြည်နိုင်ဆဲဖြစ်ကာ ဟော်ယန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။


[ပြီးသွားပြီလား...ဒီလိုမျိုးလေးပဲ သဘောတူလိုက်တယ်ပေါ့လေ...]


ဟော်ယန်က ပြောလိုက်သည်။ 

"မနက်ဖြန် မစ္စတာချင် စာချုပ်ယူလာတဲ့အခါ မင်းရဲ့အတွင်းရေးမှူးက ကြည့်ပြီး လက်မှတ်ထိုးရုံပါပဲ..."


ချင်ယောင်၏အခြေအနေကို ဟော်ယန်ယခင်က ကြားဖူးလေသည်။ ကုမ္ပဏီခွဲ၏ကိစ္စများကို တစ်နှစ်ကျော်ကြာအောင် စီမံခန့်ခွဲခဲ့ဖူးသော်ငြား ခေါင်းမာသော အချို့လူအိုကြီးများက ရာထူးအာဏာကို စွန့်လွှတ်ရန် ဆန္ဒမရှိသဖြင့် သူ့အတွက် အခက်အခဲများဖြစ်စေခဲ့သည်။ 

ယွီပိုင်နေရာကို အစားထိုးရန် အငြင်းပွားမှုများ ကြုံလာရချိန်တွင် ချင်ယောင်၏အခြေအနေက သေရေးရှင်ရေးကဲ့သို့ မဆိုးသေးသော်ငြား သေချာပေါက် ငွေလိုအပ်နေသေးပေ၏။


ထို့ကြောင့် ယနေ့မလာမီမှာပင် ညှိနှိုင်းဆွေးနွေးမှုက အဆင်ပြေချောမွေ့လိမ့်မည်မှန်း ဟော်ယန်သိနေ၏။


ယင်းတစ်ခုမှလွဲ၍ပင်။


ဟော်ယန် ယဲ့လဲ့ယောင်အား အနည်းငယ် ကျန်ရစ်နေသေးသည့် အကြောက်တရားနှင့် တစ်ချက်ကြည့်လိုက်သည်။ ယဲ့လဲ့ယောင်သာ ပါမလာပါက ပိုကောင်းသွားလိမ့်မည်သာ ဖြစ်သည်။


ယဲ့လဲ့ယောင်၏ ၂၉ မိနစ်ကြာ သီချင်းသံသာ မရှိပါက ဟော်ယန်တွင် ချင်ယောင်အား သရော်ရန်အားအင်များ ကျန်နေဦးမည်သာဖြစ်သည်။


ယင်းသီချင်းသံကို ကြားပြီးနောက် သူယခုလုပ်ချင်သည်မှာ နေရာတစ်ခုကိုရှာပြီးနောက် နားဆေးလိုက်ချင်တော့သည်။


သူ အလွန်ပင်ပန်းနေပြီဖြစ်သည်။


ယဲ့လဲ့ယောင်က ဟော်ယန်ကို အပေါ်အောက် တစ်ချက်ကြည့်လိုက်သည်။


ဟော်ယန်က သူ၏တနည်းတဖုံ နာကျင်နေဆဲ နားရွက်လေးအား ပွတ်သပ်နေပြီး ကြောက်လန့်တကြားဖြင့် မေးလိုက်သည်။

"ဘာလဲ...ဘာမေးစရာရှိသေးလို့လဲ..."


ယဲ့လဲ့ယောင် ခေါင်းကို ကမန်းကတန်း ခါလိုက်သည်။

"မဟုတ်ပါဘူး...မရှိပါဘူး..."


သူ့နှလုံးသားထဲတွင်မူ တတွတ်တွတ် ရေရွတ်လိုက်သည်။

[ငါ့ဒုတိယအစ်ကိုကို ဘယ်လိုချစ်ရမလဲနဲ့ ပိုက်ဆံဘယ်လိုလိမ်ယူရမလဲပဲ သိမယ်ထင်ထားတာ တကယ်လေးနက်တဲ့ ကိစ္စတွေကြုံလာတဲ့အချိန်ကျ ယုံကြည်အားကိုးလို့ရမှန်း ဘယ်သူက သိမှာတုန်း...]


ဟော်ယန် အံကြိတ်လိုက်သည်။


မင်းစိတ်ထဲမှာ ငါ့ကိုဝေဖန်အပြစ်တင်ရုံနဲ့ ငါမကြားရဘူးလို့ ထင်မနေနဲ့ကွ...


ချင်ယောင်၏နှုတ်ခမ်းများက အနည်းငယ်ကော့တက်သွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူကြားခဲ့ရသည့် ကောလာဟလများကို အမှတ်ရသွားပြီး ကော်ဖီခွက်ကိုကိုင်ကာ တစ်ငုံသောက်လိုက်သည်။


" စုလွေ့အတွက် ဇာတ်ကောင်နေရာတစ်ခုယူပေးဖို့အတွက် ငါနဲ့ရန်ဖြစ်ဖို့ ဒီကို ဖိတ်လိုက်တာလို့ ထင်ခဲ့တာ...တကယ်က စီးပွားရေးကိစ္စ ဆွေးနွေးမလို့ကိုး..."


စုလွေ့အကြောင်းပြောလိုက်ချိန်တွင် ဟော်ယန်၏မျက်နှာအမူအရာက တောင့်တင်းသွားခဲ့သည်။


ယဲ့လဲ့ယောင်က သူ့စိတ်ထဲ တတွတ်တွတ် ရေရွတ်နေသည်ကို ကြားလိုက်ချိန်တွင် သူမည်သို့ပြန်တုံ့ပြန်ရမည်မှန်း မတွေးမိတော့ချေ။

[တကယ်လို့ စုလွေ့ရဲ့သရုပ်မှန်ကိုသာ သူ မမြင်ရသေးဘူးဆိုရင် ငါ့ဒုတိယအစ်ကိုက အဲ့ဇာတ်ကောင်နေရာကို စုလွေ့အတွက်နဲ့ ခယဝပ်တွားလောက်တယ်နော်...]


ချင်ယောင်၏နားရွက်များက တိတ်တိတ်လေး ထောင်လာခဲ့သည်။


ဟော်ယန်မှာ ဒေါသထွက်လွန်း၍ ကော်ဖီခွက်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ချောင်းများက အဖြူရောင်ပင် ပြောင်းသွားခဲ့သည်။


ခယဝပ်တွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ငါက ခယဝပ်တွားနေဖို့ လိုလို့လား...


"မဟုတ်ဘူး..."

ဤစကားလုံးများက အံကြိတ်ထားသည့် သူ့သွားကြားမှ ထွက်လာလုနီးနီးပင်။ ဟော်ယန်၏အမူအရာက ပေါ့ပါးနေဆဲဖြစ်ကာ ချင်ယောင်အား အပြုံးတစ်ပွင့်နှင့် ကြည့်လိုက်သည်။

"ငါ သူနဲ့လမ်းခွဲလိုက်ပြီ..."


ချင်ယောင်က သိသိသာသာပင် အံ့သြသွားသည့်အမူအရာပြလာခဲ့သည်။

"ဘာလို့လဲ..."


[သေချာပေါက် စုလွေ့က ငွေအတွက်ကြောင့် ဒုတိယအစ်ကိုနဲ့ တွဲခဲ့လို့ပဲပေါ့...]


[ဒါက အချစ်ရူးတစ်ယောက်အတွက် ရိုက်ချက်အကြီးကြီးတစ်ခုပဲ...]


ချင်ယောင်မှာ သူ့နှုတ်ခမ်းထောင့်ကအပြုံးကို မထိန်းနိုင်လုနီးပါး ဖြစ်သွားရပြီး အရသာခံအာရုံဖုလေးများကို နှိုးဆွရန် အမေရိကာနိုကို အလျင်အမြန် သောက်လိုက်ကာ သူ့အပြုံးကို ဖိနှိပ်လိုက်သည်။


ဟော်ယန် ကော်ဖီခွက်ကို စားပွဲပေါ်သို့ အားပြင်းပြင်းနှင့် ဆောင့်ချလိုက်ရာ ကော်ဖီစက် အနည်းငယ်မျှ ဖိတ်ကျသွားသည်။ သူ့လည်ပင်းက ယဲ့လဲ့ယောင်၏ စကားများကြောင့် အသက်ရှုကျပ်ကာ အနီရောင်ပြောင်းသွားပြီး နေရာတွင်သာ အကြောင်းပြချက်ပေးလိုက်ရသည်။

"သေချာပေါက် အဲ့ဒါကဘာလို့လဲဆိုတော့...ငါတို့က မလိုက်ဖက်လို့ပေါ့..."


ဒါက တစ်ကမ္ဘာလုံးသုံးကြတဲ့ အကြောင်းပြချက်ပဲ...


[အား~~~သေရင်တောင်မှ အမှန်ကို ဝန်ခံမှာမဟုတ်တဲ့ ယောကျ်ားတစ်ယောက်ပဲ...]

ယဲ့လဲ့ယောင် ထပ်ပေါင်းပြောလိုက်သည်။


[မေ့လိုက်တော့ မေ့လိုက်တော့...ငါ့ဒုတိယအစ်ကို ငါ့ကို ပိုက်ဆံကူရှာပေးမှတော့ သူ့'အချစ်စစ်'ရဲ့ ဗိုက်ထဲမှာ ရှိတဲ့ကလေးက သူ့ကလေးမဟုတ်ဘူးဆိုတဲ့ ရှက်စရာကောင်းတဲ့ အမှန်တရားကြီးကို ငါမဖော်တော့ပါဘူးလေ...]


ချင်ယောင် မျက်ခုံးပင့်လိုက်ပြီး သူ့အပြုံးက လုံးဝထိန်းမရစွာ ပေါ်လာခဲ့သည်။


ဒီတော့ ဇာတ်လမ်းက ဒီလိုပေါ့...


အကယ်၍ အကြည့်ကသာ သတ်နိုင်လျှင် ဟော်ယန်၏မျက်လုံးများက ကော်ဖီဆိုင်ကို ယခုပင် မီးလောက်ပြာချနိုင်မည်ပင်။


သူ မကျေမချမ်းနှင့် ယဲ့လဲ့ယောင်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သော်ငြား ယဲ့လဲ့ယောင်ကမူ ကိတ်မုန့်စားခြင်းနှင့် အလုပ်များနေပြီး သူ့အစ်ကို၏တင်းမာနေသည့် မျက်နှာအမူအရာကို သတိမပြုမိချေ။


ဟော်ယန် မျက်လုံးမှိတ်လိုက်ပြီး ချင်ယောင်က ယဲ့လဲ့ယောင်၏အတွေးများကို မကြားနိုင်သည့်အတွက် အလွန့်အလွန်ကို စိတ်သက်သာရာရသွားခဲ့သည်။


ချင်ယောင်က ယဲ့လဲ့ယောင်၏ တတွတ်တွတ် တွေးနေသံမှ ရလာသည့် အချက်အလက်များကို တစိမ့်စိမ့် အရသာခံနေဆဲဖြစ်ပြီး ဟော့ယန်၏အမူအရာ ပြောင်းလဲသွားမှုကို သတိမထားမိပေ။


တစ်ခဏကြာပြီးနောက် သူလာရသည့် အဓိကရည်ရွယ်ချက်ကို သတိရသွားပြီး အချိုပွဲစားနေသည့်ယဲ့လဲ့ယောင်ကို ကြည့်လိုက်သည်။


ဟော်မိသားစုတွင် မွေးစားသားတစ်ယောက်ရှိသည့်အကြောင်းကို စီးပွားရေးအသိုင်းအဝိုင်းက ကောင်းကောင်းသိကြသည်။ သို့သော်ငြား မွေးစားသားက လူမြင်ကွင်းတွင် ပေါ်လာခဲလှပေ၏။


ယဲ့လဲ့ယောင်က ဟော်မိသားစုတွင် အနှစ်သက်မခံရ၍ လူမြင်ကွင်းတွင် မပေါ်လာကြောင်း ထင်မြင်ချက်အများကြီးရှိကြသည်။


ချင်နှင့်ဟော်မိသားစုက အမြဲလိုလို ပူးပေါင်းဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ကြပြီး ချင်ယောင်က သူ့အဖေနှင့် ယခင်က ဟော်မိသားစုထံသို့ အကြိမ်ပေါင်းများစွာ သွားလည်ခဲ့ဖူးဖူးသည်။


သို့သော် သွားသည့်အကြိမ်တိုင်းတွင် ယဲ့လဲ့ယောင်က နှစ်မိနစ်အတွင်း သူတို့မြင်ကွင်းမှ ပျောက်သွားလေ့ရှိသည်။


နောက်ဆုံးအကြိမ် သူတို့တွေ့ခဲ့သည်က လွန်ခဲ့သည့် သုးနှစ်ခန့်ကပင်။ ထိုအချိန်က ယဲ့လဲ့ယောင်က အပြည့်အဝ အရွယ်ရောက်မလာသေးလျေ။ ထို့ကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ချင်ယောင်က ပထမတစ်ကြိမ်ကြည့်ရုံနှင့် သူ့ကိုမမှတ်မိခဲ့ချေ။


ယခု ဂရုတစိုက် သေချာကြည့်လိုက်ရာ ချင်ယောင်က ပို၍ စိတ်ကျေနပ်သွားခဲ့သည်။


ဟော်မိသားစု၏ ထင်ရှားထက်မြက်သည့် ရုပ်ရည်များနှင့်မတူဘဲ ယဲ့လဲ့ယောင်၏ မျက်ခုံးနှင့်မျက်ဝန်းများက ပိုမိုနူးညံ့ကာ ကြော့ရှင်းရည်မွန်ပေသည်။ သူ၏တောက်ပသည့် မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများက တလက်လက်တောက်ပနေပြီး သူ့အပြုံးက လူများကို ပို၍ခံစားရကောင်းသွားစေသည်။


တကယ်လို့ ယဲ့လဲ့ယောင်လို လူတစ်ယောက်ယောက်ကသာ ငါ့ကုမ္ပဏီနဲ့ လက်မှတ်ထိုးလာရင်...


ချင်ယောင်က မေးလိုက်သည်။

"လဲ့ယောင် ရသစုံရှိုးမှာပါဖို့ စိတ်ဝင်စားလား..."


ယဲ့လဲ့ယောင်က မော့ကြည့်လိုက်သည်။ ချောကလက်စများက သူ့နှုတ်ခမ်းထောင့်တွင်ရှိနေဆဲပင်။

"ဘာရသစုံရှိုးလဲ..."


[ငါ့ကံက တကယ်ကြီး ပြောင်းလဲသွားတာများလား...]


[ခုလေးတင် ရေပန်းစားနေတဲ့ နာမည်ကြီး ဒရာမာကိုရပြီးတာကို...ဟော ဖျော်ဖြေရေးလောကထဲမဝင်ခင် ခုပဲ တစ်ယောက်က အချိန်ကိုက် ခေါင်းအုံးလာပေးနေပြန်ပြီ...]


ချင်ယောင်က ဦးစွာအစပြုပြီး ဖိတ်ခေါ်လိုက်၍ ဟော်ယန်လည်း အံ့အားသင့်သွားခဲ့သည်။

"ငါ့ညီမှာ သူ့အတွက်စီစဥ်ထားတဲ့ စီမံခန့်ခွဲရေးအဖွဲ့ ရှိပြီးသား..."


ဆိုလိုသည်က ချင်ယောင်၏ကုမ္ပဏီနှင့် လက်မှတ်ထိုးရန် မလိုတော့ပေ။


ချင်ယောင် အနည်းငယ် နောင်တရသွားသော်ငြား လိုရမယ်ရ ပြင်ဆင်လာခဲ့သည့် ရသစုံရှိုး၏အချက်အလက်များကို ထုတ်ပြလိုက်ဆဲပင်။

"အဲ့ဒါက ခရီးသွားရှိုးတစ်ခုပဲ...အမြဲတမ်းပါမယ့် အဖွဲ့ဝင်တွေကိုတော့ သတ်မှတ်ပြီးသွားပြီ..."


ယဲ့လဲ့ယောင် ငုံ့ကြည့်လိုက်သည်။

"အတူတူ ခရီးသွားကြစို့..."


သူ မှင်သက်သွားသည်။

[တကယ်ကြီး ဒီရသစုံရှိုးလား...]


ချင်ယောင်၏အပြုံးက နက်ရှိုင်းသွားခဲ့သည်။


"အတူတူခရီးသွားကြစို့" က ဒုတိယနှစ်တစ်ဝက်လုံး ချင်ယောင်၏ကုမ္ပဏီက ပြင်းပြင်းထန်ထန် ပရိုမိုးရှင်းဆင်းနေခဲ့သည့် ရသစုံရှိုးတစ်ခုဖြစ်သည်။ ပြည်တွင်း TV ဌာနတစ်ခု၌ ကြည့်ရှူသူအများဆုံးအချိန်တွင် ပြသရန် သေချာသည်သာမက ကြီးမားသည့် ထုတ်လုပ်မှုတစ်ခုဖြစ်သည့်"ဖျားနာနေသော အလှလေး" ကဲ့သို့ အဓိကပလက်ဖောင်းများနှင့် စျေးကြီးလှသည့် စာချုပ်များလည်း လက်မှတ်ထိုးထားခဲ့သည်။ 


အကယ်၍ ယဲ့လဲ့ယောင်ကသာ ယင်းကိုမှတ်မိနေသည်ဆိုပါက ဆိုလိုသည်မှာ အစောပိုင်းပရိုမိုးရှင်းဆင်းမှုများက ထိရောက်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး ပရိသတ်များ၏မျှော်လင့်မှုများကလည်း မြင့်မားကြသည်။


ထို့နောက် ယဲ့လဲ့ယောင်၏စိတ်ထဲမှ အသံက အော်ဟစ်လိုက်သည်။

[ပြန်ဆုတ်...ပြန်ဆုတ်...ပြန်ဆုတ်...]


ချင်ယောင် : "...?"


ယဲ့လဲ့ယောင်က မော့ကြည့်လိုက်သည်။ သူ့အမူအရာက ရှုပ်ထွေးနေပြီး သူ့မျက်လုံးများက မှားယွင်းခြင်းမရှိသည့် သနားစိတ်များဖြင့် ပြည့်နေခဲ့သည်။


[ဒီနှစ်က ချင်ယောင်ရဲ့ ကံမကောင်းတဲ့နှစ်များလား...]


[ချင်ယောင်အနေနဲ့ ဘုရားကျောင်းကို သွားပြီး ဆုတောင်းသင့်တယ်နော်...ပထမဆုံး အဓိကဇာတ်ဆောင်က နာမည်ကျပြီး ဒရာမာကောင်းတစ်ခုကို ဖျက်ဆီးလုနီးနီးပဲ...ဟော အခုကျတော့...ကောင်းပြီ အဲ့ဒါက နာမည်ကျော်သွားပေမယ့် ပါတဲ့လူတွေက သားပုပ်လေလွင့်ပြောခံရပြီး လိုင်းပေါ်မှာလည်း သပိတ်မှောက်ခံရပြီးတော့ မကောင်းတဲ့နည်းနဲ့ နာမည်ကျော်သွားမှာ...]


[ကျစ်ကျစ်ကျစ်...ဒီကံက တစ်ခုခုတော့ တစ်ခုခုပဲ...ခွေးတောင် စိတ်ကုန်ပြီး ခေါင်းယမ်းလောက်တယ်...]


ချင်ယောင် : "..."


စားပွဲခုံအောက်တွင် ချင်ယောင် တိတ်တိတ်လေး လက်သီးဆုပ်လိုက်သည်။


သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ယဲ့လဲ့ယောင် နောက်ဆုံး၌ စကားပြောလိုက်သည်။

"စိတ်မရှိပါနဲ့ ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာချင်..."


ငြင်းပယ်မှုက ရှင်းလင်းလှပေသည်။


ဟော်ယန်က ပါးစပ်ကို ကာလိုက်ပြီး ကော့တက်သွားသည့် သူ့နှုတ်ခမ်းများကို ဖုံးကွယ်လိုက်သည်။


အာ...ရုတ်တရက်ကြီး စိတ်အခြေအနေကောင်းသွားသလိုပဲ...


သို့သော် စိတ်ဓာတ်ကျနေချိန်တွင် တစ်စုံတစ်ယောက်ကို ကန်ခွင့်ရမည့် ယခုကဲ့သို့ ကောင်းမွန်လှသည့် အခွင့်အရေးတစ်ခုကို ဟော်ယန်က လက်မလွှတ်နိုင်ပေ။


ခဏတာပြုံးလိုက်ပြီးနောက် သူ့လက်ကို အလျင်အမြန်အောက်ချကာ ဇဝေဇဝါဖြစ်ဟန်ဆောင်၍ ယဲ့လဲ့ယောင်ကို မေးလိုက်သည်။

"ဘာလို့ မသွားတာလဲ...ဒါက အခွင့်အရေးအကြီးကြီးပဲကို.."


ယဲ့လဲ့ယောင် အကြောင်းပြချက်ပေးလိုက်သည်။

"ကျွန်တော့်အတွက် စီမံခန့်ခွဲမှုအဖွဲ့ စီစဥ်နေတယ်လို့ အစ်ကိုကြီးပြောခဲ့တာ မဟုတ်ဘူးလား...သူ စီစဥ်ပေးတာကို ကျွန်တော်စောင့်မှာ..."


[ဘာဖြစ်နေနေ ဒီရသစုံရှိုးကို ကျွန်တော်သေချာပေါက် မသွားဘူး...]


[ပရိုမိုးရှင်းကတော့ ရှိုးက ဇာတ်ညွှန်းဆွဲထားတာ မဟုတ်ဘူးပြောတာပဲ...ဒါပေမယ့် ရိုက်ကူးရေးပထမဆုံးရက်မှာပဲ ပုံမှန်ဧည့်သည်က ကြီးကြီးမားမား မတော်တဆထိခိုက်သွားပြီးတော့ ထုတ်လွှင့်တဲ့ပထမနေ့ကျတော့လည်း ဧည့်သည်သရုပ်ဆောင်တစ်ယောက်က ထိခိုက်သွားဦးမယ်...ရှိုးမလွှင့်ခင် နေ့တိုင်း ကျိန်စာမိသလိုမျိုး သရုပ်ဆောင်တစ်ယောက်ယောက်က ထိခိုက်မှုဖြစ်ဦးမှာ မထိမရှဖြစ်တာ ဘယ်သူမှရှိမှာမဟုတ်ဘူး...]


[အရမ်းကြောက်စရာကောင်းလွန်းတယ်...ဒီရှိုးလွှင့်တဲ့အခါကျ မှန်စီရွှေချထားသလို အန္တရာယ်ကင်းနေမှာက ငါတစ်ယောက်ထဲဖြစ်နေမှာ တကယ်ကြောက်တယ်...]


[ဒီရသစုံရှိုးကို "အတူတူခရီးသွားကြစို့" လို့ မခေါ်ဘဲ "အထိအရှများနှင့် ကျွန်တော့်နေ့စဥ်ခရီးများ" လို့ပြောင်းခေါ်သင့်တာ...]


အဆုံးတွင် ဟော်ယန်၏နှုတ်ခမ်းများက မထိန်းနိုင်စွာ တွန့်သွားသည်။


ငါရယ်လို့ မဖြစ်ဘူး...သေချာပေါက် ရယ်လိုက်လို့ မဖြစ်ဘူး...


ထိုအချိန်တွင် ချင်ယောင်၏မျက်နှာကမူ မအီမသာဖြစ်နေပြီဖြစ်သည်။


ယွီပိုင်တစ်ယောက်သာ မတော်တဆဖြစ်သွားသည်ဟု သူထင်ခဲ့သော်ငြား သူတို့က ထိုမျှအစောကြီးကတည်းကပင် မြေပေါ်ရောက်နေပြီဟု သူ မထင်ထားခဲ့ချေ။


သူ့ကြိုးစားအားထုတ်မှုများက ထပ်ပြီး အလဟဿဖြစ်လုနီးနေပြီကို တွေးပြီး ချင်ယောင် သူ့အမူအရာကို မထိန်းနိုင်လုနီးပါးဖြစ်သွားရသည်။


တစ်ချိန်တည်းမှာပင် ဟော်ယန်နှင့် တူညီသည့်အတွေးကို သူတွေးလိုက်သည်။


ယဲ့လဲ့ယောင်ရဲ့ စိတ်ထဲက အတွေးတွေကို ဟော်ယန်မကြားရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်...


သူတို့သုံးယောက်လုံး မည်သူမျှ စကားဆက်ပြောချင်သည့် စိတ်အခြေအနေ မရှိတော့ချေ။ သူတို့၏ကော်ဖီကို လက်စသတ်ပြီးနောက် လမ်းခွဲကာ ထွက်သွားလိုက်ကြသည်။


ဟော်ယန်က ယဲ့လဲ့ယောင်ကို အဖော်ပြုပေးရန် ရိုက်ကူးရေးအဖွဲ့မှ အထူးတလည် တစ်ရက်ခွင့်ယူခဲ့ခြင်းဖြစ်သည်။ စီးပွားရေးကိစ္စပြီးချိန်တွင် သူ့၌နေ့တစ်ဝက်ကျန်နေသေးသည်။ ထို့ကြောင့် ယဲ့လဲ့ယောင်နှင့်အတူ ဟော်စံအိမ်ကို ပြန်သွားလိုက်သည်။


ပါပါးဟော်နှင့် မာမားဟော်က ဧည့်ခန်းတွင် မတ်တတ်ရပ်နေပြီး များစွာသော ဇိမ်ခံစတိုးဆိုင်ဝန်ထမ်းများက အနီးနားတွင် ရပ်နေကြသည်။ အမှတ်တံဆိပ်အမျိုးမျိုးမှ နောက်ဆုံးပေါ် ရာသီအလိုက် ဝတ်စုံများဖြင့် ပြည့်နေသော စင်ကြီးတစ်ခုလည်း ရှိပေသည်။


ယဲ့လဲ့ယောင်ကို မြင်လိုက်ရာ မာမားဟော်က ပြံးပြီး လက်ယမ်းပြလိုက်သည်။

"လဲ့ယောင် အချိန်ကိုက်ပဲ...လာပြီးဝတ်စုံရွေးကြည့်..."


ယဲ့လဲ့ယောင် အလျင်အမြန် ပြေးသွားလိုက်ပြီး မာမားဟော်၏လက်မောင်းကို ကိုင်လိုက်သည်။

"မာမားဟော်...ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်အတွက် ဝတ်စုံတွေ ရွေးနေတာလဲ..."


မာမားဟော် ရယ်လိုက်သည်။

"သား ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ပြင်နေတာ မဟုတ်ဘူးလား...မင်းရဲ့အဝတ်ဗီရိုကို ဖြည့်ဖို့လိုနေပြီလေ...မင်း ပါးနဲ့မားက မနက်ဖြန် တက်စရာပွဲတစ်ခုရှိနေလို့ မားတို့လည်း ဝတ်စုံရွေးဖို့လိုတယ်လေ...အဲ့ကြောင့် အဝတ်အစားသစ်တွေ ယူလာခိုင်းလိုက်တာ..."


ဟော်ယန်က ထိုကဲ့သို့ကိစ္စများအား မည်သည့်အခါကမှ စိတ်မဝင်စားခဲ့ပေ။ ဖျော်ဖြေရေးလောကထဲရှိထိပ်တန်းမင်းသားတစ်လက်အနေဖြင့် သူက များသောအားဖြင့် သူထောက်ခံပေးထားသည့် တံဆိပ်များ သို့မဟုတ် သူနှင့်ပူးပေါင်းရန် မျှော်လင့်နေသည့် အမှတ်တံဆိပ်ပါသည့် အဝတ်အစားများကိုသာ ပွဲတက်ရန် ဝတ်လေ့ရှိသည်။ အဝတ်အစားများကို တစ်ချက်ပင် ကြည့်မနေဘဲ အပေါ်ထပ်၌ အနားယူရန်ပြင်လိုက်သည်။


သူ လှေကားပေါ်တက်လိုက်သည်နှင့် ယဲ့လဲ့ယောင် မေးသည်ကို ကြားလိုက်ရသည်။

"မာမားဟော် ဘယ်သူ့ပွဲကို တက်မှာလဲ..."


ယဲ့လဲ့ယောင် သာမာန်ကာလျှံကာ မေးလိုက်သည်။ သူ မည်သည့်အခါကမှ ဤကဲ့သို့ပွဲများကို မကြိုက်ခဲ့ဘဲ တတ်နိုင်သမျှ အမြဲရှောင်ပေသည်။


သူမေးသည်ကို မြင်ပြီး ပါပါးဟော်က မေးလိုက်သည်။

"လောင်ရှုက ဆယ်နှစ်ကျော်ကြာအောင် ပျောက်နေတဲ့ သူ့သားအရင်းကို ရှာတွေ့သွားပြီလေ....သူက ကြိုဆိုပွဲကျင်းပပြီး ပါးတို့ကို ဖိတ်လိုက်တာ...ဘာလို့လဲ စိတ်ဝင်စားလို့လား..."


မာမားဟော် ပြောလိုက်သည်။

"လောင်ရှုရဲ့သားငယ်က သားနဲ့အတူ အထက်တန်းတက်နေတာကို မားမှတ်မိပါတယ်...လဲ့ယောင် သားသွားချင်လား..."


ရှုချန်းကို တွေးပြီး ယဲ့လဲ့ယောင် နှုတ်ခမ်းဆူလိုက်သည်။


[ကျွန်တော်က ရှုချန်းကို သဘောမှမကျတာ...နေဦး...သူ့ရဲ့သားအရင်းကို တွေ့သွားတာလား...လောင်ရှုကလေ...]


[ဘာလို့ ဒီဇာတ်ကြောင်းကို ရင်းနှီးနေတယ်လို့ ထပ်ပြီး ထင်နေပါလိမ့်...]


ဟော်ယန် သူ့ခြေလှမ်းများကို ရပ်လိုက်သည်။


ပါပါးဟော်နှင့် မာမားဟော်လည်း စိတ်ဝင်စားသွားကြသည်။


ယဲ့လဲ့ယောင်၏စိတ်က ကမန်းကတန်း ဇာတ်ကြောင်းကို ပြန်တွေးကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ ပင့်သက်ရှိုက်လိုက်သည်။


[အိုး မိုင် ဂေါ့...]


[တကယ်ကြီး ဒီလောက် ဝတ္ထုဆန်တာလားဟ...]


ပါပါးဟော်နှင့်မာမားဟော်က သူ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။


ဒီတစ်ခါကရော ဘာလဲ...


စိတ်ထင့်အောင် မလုပ်ဘဲနဲ့ မြန်မြန်ပြောလိုက်လို့ မရဘူးလား...


ယဲ့လဲ့ယောင်၏မျက်ခုံးများက တွန့်သွားသော ကြိုးတစ်ချောင်းကဲ့သို့ တင်းတင်းကျပ်ကျပ် ကြုတ်သွားပြီး သူ့မျက်နှာက ခံစားချက်ပေါင်းစုံ ရောပြွန်းနေသည်။ အချိန်အတော်ကြာပြီးနောက်မှ ပြန်ကောင်းလာခဲ့သည်။


[ဒီတော့...သခင်လေးအတုက သူ့မွေးစားအဖေကို မြူဆွယ်ပြီး အိပ်ရာထဲရှိနေချိန်မှာ သခင်လေးအစစ်နဲ့ သူ့ဇနီးဆီကနေ မိခံလိုက်ရတာပေါ့...ပြီးတော့ သခင်လေးအတုကလည်း ရှုချန်းရဲ့မွေးစားအစ်ကိုတဲ့...]


ဤတိုတောင်းသည့် စာကြောင်းလေးက ဟော်မိသားစု၏နားထဲတွင်တော့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ သူတို့၏သူငယ်အိမ်များကို တစ်ပြိုင်နက်တည်း တုန်လှုပ်သွားစေခဲ့သည်။


ဘာ...မင်းအခုလေးတင် ဘာပြောလိုက်တာ...


[အဲ့လိုဖမ်းတာက ပါတီမှာ ဖြစ်သွားသလိုပဲ....]


[တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒါက မနက်ဖြန်များလား...]


ယဲ့လဲ့ယောင် စိတ်ထဲလွန်ဆွဲသွားသည်။


[အပျော်ဝင်ပါလိုက်သင့်လား မပါသင့်ဘူးလား...]


ဟော်ယန်က ဧည့်ခန်းထဲပြန်ရောက်နေပြီဖြစ်ကာ မျက်စိဖမ်းစားသည့် ရာသီအလိုက် အဝတ်အစားများက စင်ပေါ်ပြန်ရောက်သွားပြီ ဖြစ်သည်။ ပျော်စရာကောင်းသည့်အရာကို သေချာပေါက် ဝင်ပါရမည်ပင်။


ပါပါးဟော်နှင့်မာမားဟော်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အချင်းချင်း၏မျက်ဝန်းများထဲမှ စိတ်အားထက်သန်နေသည့် အရိပ်အယောင်တစ်စွန်းတစ်စကို မြင်လိုက်ရသည်။


ဘယ်သူက ဒါမျိုးကို စိတ်မဝင်စားဘဲ နေမှာလဲ...



🍉🍉🍉