Chapter 10
Viewers 6k

🍉 Chapter 10

အဓိပ္ပာယ်ဖွင့်ဆိုခြင်း



လင်းရွှယ်ချင်းက မထဘဲ မြေပြင်ပေါ်တွင် အချိန်အတော်ကြာ လှဲနေလိုက်သည်။ မာမားဟော်နှင့် ပါပါးဟော်တို့က ညစာပင် မစားရသေးဘဲ ဦးခေါင်းဒဏ်ရာမှ သွေးထွက်နေပြီး မထိန်းချုပ်နိုင်စွာ ငိုကြွေးနေသည့် လင်းရွှယ်ချင်းကို ဆေးရုံသို့ အမြန် ပို့ဆောင်ခဲ့သည်။


ယဲ့လဲ့ယောင်က အိမ်တွင် ကျန်ရစ်ခဲ့ပြီး ဆေးရုံသို့ လိုက်မသွားနိုင်ဘဲ ဇာတ်လမ်းကို ကိုယ်တွေ့ မမြင်တွေ့ခဲ့ရသည့်အတွက် နောင်တရနေသည်။


ထိုညတွင် ပါပါးဟော်နှင့် မာမားဟော်တို့က အိမ်သို့ ပြန်မလာဘဲ နောက်တစ်နေ့မနက်တွင် မောပန်းနွမ်းနယ်စွာ ပြန်လည်ရောက်ရှိလာသည်။


သူတို့က အိမ်ပြန်ရောက်သည်နှင့် အပေါ်ထပ်တွင် ချက်ချင်း အိပ်ပျော်သွား၍ အသေးစိတ်အချက်အလက်များကို မေးရန် ယဲ့လဲ့ယောင်တွင် အခွင့်အရေးမရှိပေ။


ဟော်ကျင့်က မွန်းတည့်ချိန်၌ အိမ်သို့ ပြန်ရောက်လာပြီး ယဲ့လဲ့ယောင်က ယခင်ညတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူ့အစ်ကိုကြီးထံမှ သိရှိခဲ့သည်။


လင်းရွှယ်ချင်း လဲကျသွားသည်မှာ ထိတ်လန့်စရာကောင်းသော်လည်း ဆရာဝန်က သူမကို သွေးတိတ်စေရန် ရိုးရိုးရှင်းရှင်းပင် ပတ်တီးစည်းပေးပြီးနောက် သူမကို အန်ထုတ်ရန် တိုက်တွန်းခဲ့ပြီး သူမ၏ အစာအိမ်ကို စုပ်ထုတ်ခဲ့သည်။


ဟမ်း...


သူတို့သာ အချိန်အနည်းငယ် နောက်ကျ၍ လာခဲ့လျှင် လက်စွပ်က ဗိုက်ထဲတွင် ရှိတော့မည် မဟုတ်ကြောင်း ဆရာဝန်က ပြောသည်။


၎င်းကို ကြားလျှင် မာမားဟော်က ဖြူဖျော့သွားသည်။


လက်စွပ်ကို ဗန်းထဲတွင် ကိုင်ထားသည့် သူနာပြုဆရာမက ထွက်လာကာ ရေရွတ်လိုက်သည်။

“ဒီလောက်ကြီးတဲ့ ကျောက်ကို မျိုချလိုက်ပြီး အသက်ရှူကြပ်တာမျိုးတောင် မဖြစ်ဘူး..."


လူတို့၏ လုပ်ဆောင်နိုင်စွမ်းက အမှန်တကယ်ပင် အကန့်အသတ်မရှိပေ။


သူမ၏ ရှေ့တွင် သက်သေအထောက်အထားများ ရှိနေသော‌ကြောင့် လင်းရွှယ်ချင်းက ၎င်းကို ငြင်း၍ မရတော့ပေ။ သူမက လောဘတက်မိရုံသာ ဖြစ်ကြောင်း ပြောကာ မာမားဟော်ကို ငိုပြီး တောင်းပန်ရုံသာ တတ်နိုင်သည်။


သူမ၏ ကလေးအတွက် အားလုံးကို လုပ်ခဲ့ကြောင်း ပြောဆိုသည်။


သူမ၏ သားက ငယ်ရွယ်သေးပြီး သူမ မရှိလျှင် မနေနိုင်ဘဲ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့မှုကို ထောက်၍ ရဲကို မခေါ်ရန် သူမက မာမားဟော်ကို တောင်းဆိုသည်။


ကျောက်တွင် ကပ်နေသည့် အစာအကြွင်းအကျန်များကို တွေးမိကာ မာမားဟော်က ရွံရှာသွားသည်။ လင်းရွှယ်ချင်း၏ ဆင်ခြေကို ကြားလျှင် သူမက ပို၍ ဒေါသထွက်လာကာ ကြိမ်းမောင်းလိုက်သည်။

"နင် သိပ်ချစ်ရတဲ့ မွေးစားသားလေးအတွက် နင့်ရဲ့ သမီးအရင်းကိုတောင် နှိပ်စက်ပြီး သူ့အတွက် ရာဇဝတ်မှုတောင် ကျူးလွန်ခဲ့တာ...နင့်ရဲ့ အဖိုးတန်သားလေးက မိဘမဲ့ဂေဟာက ကလေး မဟုတ်ဘဲ နင့်ယောကျာ်းနဲ့ သူ့အငယ်အနှောင်းရဲ့ တရားမ၀င်သားဆိုတာကိုရော တွေးဖူးလား..."


၎င်းကို ကြားလျှင် လင်းရွှယ်ချင်းက အံ့အားသင့်သွားသည်။

"မဟုတ်ဘူး...မဖြစ်နိုင်ဘူး..."


မာမားဟော်က လှောင်ပြောင်လိုက်သည်။

"မဖြစ်နိုင်ဘူးလား...နင် တကယ် သတိမထားမိတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား...နင် နေ့တိုင်း နင့်ရဲ့ အဖိုးတန်သားလေးနဲ့ အတူ ရှိနေတာ...သူက နင့်ယောကျာ်းနဲ့ ဘယ်လောက်တူတယ်ဆိုတာ နင် တကယ် မမြင်ဘူးလား..."


ရေအေးပုံးတစ်ပုံးကို သူမ၏ ခေါင်းပေါ်သို့ လောင်းချလိုက်သလိုပင် လင်းရွှယ်ချင်းက တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမက ခေါင်းယမ်းကာ ရေရွတ်လိုက်သည်။

"မဖြစ်ဘူး...မဖြစ်နိုင်ဘူး..."


သူမက မာမားဟော်ကို စိုက်ကြည့်ကာ ခေါင်းမာမာနှင့် ခုခံနေသည်။

"ငါ...သူတို့...လူတော်တော်များများက အရင်က ပြောကြတယ်...သူတို့က..."


လင်းရွှယ်ချင်းက သူမ၏ လည်ချောင်းကို မမြင်နိုင်သော လက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရပုံပေါ်သည်။ သူတို့၏ အတိတ်တွင် အပြန်အလှန် ဆက်သွယ်မှုများ၏ အသေးစိတ်အချက်များက သူမ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာကာ သူမက တုန်လှုပ်သွားသည်။ ပါးစပ်ကို ဖွင့်ထားသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။


လင်းရွှယ်ချင်းက အလွန်ထိတ်လန့်နေပြီး ခြေထောက်များ မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။


မာမားဟော်က သူမ၏ သနားစရာကောင်းသော အခြေအနေကို အေးစက်စွာ ကြည့်နေသည်။


နောက်ဆုံးတွင် ကွယ်လွန်သွားသည့် ဦးလေးဖြစ်သူအပေါ် လေးစားသောအားဖြင့် ရဲကို မခေါ်ခဲ့ပေ။


သို့သော်လည်း လင်းရွှယ်ချင်းက နှစ်သန်းမျှတန်သည့် လက်ဝတ်ရတနာများ ခိုးယူခဲ့ခြင်းကို မာမားဟော်က မလွှတ်ပေးနိုင်ပေ။ ဟော်အိမ်မှ မထွက်ခွာမီ ပါပါးဟော်က မာမားဟော်၏ လက်ဝတ်ရတနာများကို စာရင်းပြုစုရန် ဘဏ္ဍာထိန်းကို ခိုင်းစေခဲ့သည်။


ပြီးပြည့်စုံသော စာရင်းကို ဘဏ္ဍာထိန်းက ဆေးရုံသို့ ညသန်းခေါင်၌ ယူဆောင်လာသည်။


စုစုပေါင်း ဆွဲကြိုး ဆယ့်နှစ်ကုံးနှင့် လက်စွပ် အခုတစ်ရာနီးပါး ပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။


စာရင်းကို ကြည့်လိုက်ပြီး မာမားဟော်က ဒေါသထွက်ကာ ရယ်မောလိုက်သည်။


လည်ဆွဲများကို ထားလိုက်လျှင်ပင် ထိုရာဂဏန်း ရှိသည့် လက်စွပ်များတွင် ဈေးအပေါဆုံးမှာပင် အနည်းဆုံး ငါးသောင်းတန်သည်။ မာမားဟော်က ၎င်းတို့ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက် မပိုဘဲ ၀တ်ဆင်ခဲ့ပြီး ၎င်းတို့က အလွန် ကောင်းမွန်သည်။ အချို့နေရာများတွင် ၎င်းတို့၏ စျေးကွက်တန်ဖိုးမှာ အနည်းဆုံး ငါးသန်းရှိပြီး လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ကန့်သတ်ထုတ်ဝေသည့် အရာများပင် ရှိသည်။


လင်းရွှယ်ချင်းက လက်ဝတ်ရတနာများကို နှစ်သန်းဖြင့်သာ ရောင်းချခဲ့သည်။


သူမက ယခင်ကကဲ့သို့ တိမ်မြုပ်နေသော အမြော်အမြင် ရှိဆဲဖြစ်သည်။


"ငါ ထပ်မတောင်းတော့ဘူး..."

မာမားဟော်က အေးစက်စွာ ပြောသည်။

"နင် ငါ့ လက်ဝတ်ရတနာတွေ ရောင်းပြီး ရလာတဲ့ပိုက်ဆံကို ပြန်ပေး..."


လင်းရွှယ်ချင်းက ငိုကြွေးလိုက်သည်။ သူမက ယခု မောက်မာမနေတော့ဘဲ ဆေးရုံခုတင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေသည်။


မာမားဟော် ပြောသမျှကို သူမ လုပ်ခဲ့သည်။


သို့သော်လည်း ဘဏ်က နေ့ဘက်တွင်သာဖွင့်ပြီး ငွေလွှဲရန် လိုအပ်သော ပမာဏက များပြားသောကြောင့် အရာအားလုံးကို ခွဲထုတ်ရန် ယခုအချိန်အထိ အချိန်ယူခဲ့ရခြင်း ဖြစ်သည်။


"အမေ့လက်စွပ်ကရော..."

ယဲ့လဲ့ယောင်က မေးသည်။


ဟော်ကျင့်က ခဏမျှ ရပ်လိုက်ပြီး ပြန်ပြောသည်။

"အဲဒါကို လေလံတင်ပြီးသွားပြီ..."


ယဲ့လဲ့ယောင်၏ မျက်လုံးများက ပြူးကျယ်လာသည်။

[မဖြစ်နိုင်တာ...ဒီလောက်တိုက်ဆိုင်တာမျိုး မဖြစ်နိုင်ပါဘူး...]


ဟော်ကျင့်က အံ့သြသွားသော်လည်း ဆက်မမေးတော့ပေ။ သူက ဘဏ်ကတ်ကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင် ညင်သာစွာ ချထားလိုက်သည်။

"ငါတို့ မင်းကို ကျေးဇူးတင်ရမှာပဲ..."


ယဲ့လဲ့ယောင်က စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။

"ဟမ်..."


[ဒါက ငါနဲ့ ဘာဆိုင်လို့လဲ...]


[အစ်ကိုကြီးက တစ်ညလုံး မအိပ်လိုက်ရလို့ စိတ်လွတ်သွားပြီလား...]


ဟော်ကျင့်: "..."


ယဲ့လဲ့ယောင်က ဘာမှမသိပေ။


ဒါပေမယ့် သူ ဘယ်သူ့ဆီက သင်ယူခဲ့တာလဲ...သူ့စကားလုံးတွေက ရက်စက်လိုက်တာ...


"မင်းရဲ့ မုန့်ဖိုး..."

 á€Ÿá€ąá€Źá€şá€€á€ťá€„အ်က နာကျင်နေသော နားထင်ကို ပွတ်သပ်ကာ ယဲ့လဲ့ယောင်နှင့် မငြင်းခုံရန် ဆုံးဖြတ်လိုက်သည်။


ယဲ့လဲ့ယောင်က အံ့သြသွားသည်။

"ဒီလရဲ့ မုန့်ဖိုး ရပြီးပြီ မဟုတ်ဘူးလား..."


ဟော်ကျင့်က ဘဏ်ကတ်ကို ပြန်ယူဟန်ဆောင်လိုက်သည်။

"မလိုချင်ဘူးလား..."


ယဲ့လဲ့ယောင်က ဘဏ်ကတ်ကို အမြန်ဆွဲယူပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်ကာ သူ့လှုပ်ရှားမှုများက ချောမွေ့နေပြီး အမြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."


သူ၏ လိမ္မာပါးနပ်သော လုပ်ရပ်ကို မြင်လိုက်ရလျှင် ဟော်ကျင့်က ရယ်မောလိုက်သည်။


သူက ယမန်နေ့ညက သူ၏ မိခင် မေးသည်ကို သတိရပြီး မေးလိုက်သည်။

"စကားမစပ် မင်းက ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ချင်တယ်လို့ အမေ့ကို ပြောခဲ့တာလား..."


"ဟုတ်တယ်..."

ယဲ့လဲ့ယောင်က ခေါင်းညိတ်လိုက်သည်။


[ပိုက်ဆံ အများကြီး ရှာချင်တယ်...]


သူ၏ ရည်မှန်းချက်ကြီးသော စကားလုံးများကို ကြားလိုက်ရလျှင် ဟော်ကျင့်၏ မျက်လုံးများ၌ ရွှင်မြူးမှုအရိပ်အယောင် ထွက်ပေါ်လာသော်လည်း သူက ၎င်းကို အလေးအနက် မထားပေ။ သူက ပြောသည်။

"ငါ တစ်ယောက်ယောက်နဲ့ စီစဉ်ပေးမယ်..."


ထိုစကားကို ပြောပြီးနောက် ဟော်ကျင့်က အနားယူခြင်းမရှိဘဲ ကုမ္ပဏီသို့ သွားသည်။


အမှန်တကယ်ပင် ယဲ့လဲ့ယောင်၏ သာလွန်သည့် ပုံပန်းသွင်ပြင်နှင့် ဟော်မိသားစု၏ ပံ့ပိုးမှုများကြောင့် ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်ရလာရန်မှာ အလွန်ခက်ခဲမည် မဟုတ်ပေ။


သို့သော်လည်း ယဲ့လဲ့ယောင်တွင် ယခင်က ရည်မှန်းချက် မြင့်မြင့်မားမား မရှိခဲ့ဖူးသောကြောင့် ဟော်ကျင့်က သူ့အတွက် မျှော်လင့်ချက် ကြီးကြီးမားမား မရှိပေ။


သို့သော်လည်း ယဲ့လဲ့ယောင်က သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် ညီငယ်တစ်ဦးကဲ့သို့ ဖြစ်သောကြောင့် ထိုနယ်ပယ်တွင် အနိုင်ကျင့်ခံရခြင်းကို ခွင့်မပြုနိုင်ပေ။ ကုမ္ပဏီကို ရောက်သည်နှင့် ဟော်ကျင့်က သူ့လက်ထောက်ကို ခေါ်ပြီး ယဲ့လဲ့ယောင် ထိုနယ်ပယ်ထဲသို့ ဝင်ရောက်လာရန်အတွက် အတိုချုပ် ညွှန်ကြားခဲ့သည်။


လက်ထောက်က လျင်မြန်စွာ အလုပ်လုပ်ခဲ့ပြီး စာရင်းကို ဟော်ကျင့်ထံသို့ တစ်နာရီအတွင်း ယူဆောင်လာသည်။


ဟော်ကျင့်က စာရင်းကို ကြည့်ပြီး ချက်ချင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မန်နေဂျာက အတွေ့အကြုံ သုံးနှစ်ပဲ ရှိသေးတယ်..."


လက်ထောက်က ‌ပြန်ပြောသည်။

"ဟုတ်ပါတယ်...ဒါပေမယ့် တုယန်က အားကိုးအားထားပြုလို့ရပြီး လျင်မြန်တဲ့ ဉာဏ်ရည် ရှိတယ်...သူက သခင်လေးကို စီမံခန့်ခွဲပေးမယ်ဆိုရင် အားနည်းချက်က အရင်းအမြစ်က လွဲလို့..."


"သူက ဘာကြောင့် အရင်းအမြစ်မှာ အားနည်းချက်ရှိနေရမှာလဲ..."

ဟော်ကျင့်က ဖြတ်ပြောလိုက်သည်။


လက်ထောက်က အံ့အားသင့်သွားသည်။

"သခင်လေးက ဒီနယ်ပယ်မှာ ကစားချင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား..."


ဟော်ကျင့်က ပြောသည်။

"ကစားရုံသက်သက် ဆိုရင်တောင် လဲ့ယောင်က အရင်းအမြစ်တွေ ပြောင်းလဲမခံရသင့်ပါဘူး...ငါတို့ရဲ့ လုပ်ငန်းခွဲက အခုနှစ်မှာ ပရောဂျက်အများကြီး ရှိတယ် မဟုတ်လား...ဘာလို့ အကုန်လုံး သူ့ကို မပေးနိုင်ရမှာလဲ..."


လက်ထောက်- "..."


မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား...


ငါက မင်းရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာရုံပဲကို...


တစ်ခါတရံတွင် လက်ထောက်က အမှန်တကယ်ပင် ရဲကိုသာ ခေါ်လိုသည်။


ဆယ်မိနစ်အကြာတွင် ဟော်ကျင့်က လက်ထောက်၏ စာရင်းကို ပြန်လည်သုံးသပ်ခြင်း ပြီးဆုံးသွားသည်။


ထိုဆယ်မိနစ်အတွင်းမှာပင် စာရင်းထဲမှ နာမည်များ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်သွားသည်။


"ဤနယ်ပယ်တွင် ကစားနေခြင်း" ဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်ပြီးနောက် လက်ထောက်က ဟော်ကျင့်ကို စီမံခန့်ခွဲမှုအဖွဲ့အသစ်၏ စာရင်းကို ပေးလိုက်သည်။


ဦးဆောင်သည့် မန်နေဂျာလီလီက အတွေ့အကြုံ ဆယ်နှစ်ရှိခဲ့ပြီး ဟော်အုပ်စု၏ ဖျော်ဖြေရေး လုပ်ငန်းခွဲတွင် ထိပ်တန်းမန်နေဂျာဖြစ်ကာ မကြာသေးမီ နှစ်များအတွင်း အကျော်ကြားဆုံး ကြယ်ပွင့်နှစ်ဦးကို မွေးထုတ်ပေးခဲ့သည်။


PR နှင့် ဥပဒေရေးရာအဖွဲ့က ပို၍ပင် အထင်ကြီးစရာကောင်းသည်။ ၎င်းတို့က လုပ်ငန်းခွဲတစ်ခုလုံး၏ PR နှင့် ဥပဒေရေးရာကိစ္စရပ်အားလုံးအတွက် တာဝန်ရှိသည်။


ဟမ်း...


ကုမ္ပဏီတစ်ခုလုံးကို တိုက်ရိုက်တာဝန်ပေးတယ်...


စာရင်းကို စစ်ဆေးပြီးနောက် ဟော်ကျင့်က နောက်ဆုံးတွင် ကျေနပ်အားရစွာ ခေါင်းညိတ်ပြပြီး စာရင်းကို လက်ထောက်အား ‌ပြန်ပေးလိုက်သည်။

"လက်ခံနိုင်လောက်ပါပြီ...အခု ချက်ချင်း သွားကြရအောင်..."


လက်ထောက်- "..."


ကောင်းပြီ...'ဒီနယ်ပယ်မှာ ကစားနေတာ'နဲ့ ပတ်သက်ပြီး ပြန်အဓိပ္ပာယ်ဖွင့်ရမယ်...


ဘော့စ်က သဘောတူပြီးပြီ ဖြစ်သောကြောင့် လက်ထောက်က အလုပ်မြန်မြန် လုပ်ရန်မှ လွဲ၍ ရွေးချယ်စရာမရှိပေ။


သူ၏ စားပွဲကို ပြန်ရောက်သည်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က စိတ်လှုပ်ရှားစွာနှင့် မေးသည်။

"လက်ထောက်ဖုန်း...ယွီပိုင်က ဘာလို့ အစားထိုးခံရလဲဆိုတာ မင်း သိလား..."


လက်ထောက်ဖုန်းက ခဏမျှ စိတ်ရှုပ်ထွေးသွားကာ မျက်လုံးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။

"ဒီနှစ်မှာ ယွီပိုင်က လုံဟမ်ဖျော်ဖြေရေးနဲ့ ပရိုမိုးရှင်းလုပ်နေတာ မဟုတ်ဘူးလား...သူ့ကို ဘာလို့ အစားထိုးခဲ့တာလဲ..."


အင်တာနက်သုံးစွဲသူများလည်း ရှုပ်ထွေးနေကြသည်။


မွန်းတည့်ချိန်တွင် "ဖျားနာနေသော အလှလေး၏ ချမ်းသာသောခင်ပွန်း" ၏တရားဝင် Weibo မှ ယွီပိုင်က အချို့သော အကြောင်းပြချက်များကြောင့် အမျိုးသားဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး ပြန်လည်ထုတ်လွှင့်မည်ဖြစ်ကာ သင့်လျော်သောသရုပ်ဆောင်များကို ရွေးချယ် ဖိတ်ခေါ်မည်ဖြစ်သည်။


ထိုကြေညာချက်ကြောင့် ယွီပိုင်၏ ပရိသတ်များအကြား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။


၎င်းတို့က ဒရမ်မာ၏ တရားဝင် Weibo တွင် ရှင်းလင်းချက်တစ်ခု တောင်းဆိုခဲ့သော်လည်း ထိုသူများက ၎င်းကိုမမြင်ချင်ယောင်ဆောင်ခဲ့ကြသည်။


မကြာမီ လူမှုကွန်ရက်တွင် သတင်းများ ပျံ့နှံ့လာသည်။


အင်တာနက်အသုံးပြုသူများက ထင်ကြေးပေးသံများနှင့် အော်ဟစ်ခဲ့ကြသည်။


အသုံးမကျသည့် ပရိသတ်များက လုံဟမ်ဖျော်ဖြေရေး၏ တရားဝင် Weibo ကိုပင် သွား၍ အဖြေတောင်းကြသည်။


×××××


လုံဟမ်ဖျော်ဖြေရေးတွင်...


လက်ထောက်က တာဝန်ခံမှုပေးရန် ရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့် ဖုန်းခေါ်ဆိုမှုအပြီးတွင် ချင်ယောင်အား အွန်လိုင်းလူထု၏ ထင်မြင်ယူဆချက်အပေါ် သက်ရောက်မှုကို အစီရင်ခံတင်ပြခဲ့သည်။


"ဖျားနာနေသော အလှလေး၏ ချမ်းသာသော ခင်ပွန်း"က ထုတ်လုပ်သူ နှင့် ရင်းနှီးမြှုပ်နှံသူ အများအပြား ပါဝင်သည့် ဘတ်ဂျက် ကြီးမားသော ဒရမ်မာ ဖြစ်သည်။ သူတို့က ယွီပိုင်ကို အမျိုးသားဇာတ်ဆောင်အဖြစ် တညီတညွတ်တည်း ရွေးချယ်ခဲ့သည်။ ယခု သူ့ကို အစားထိုးလိုက်သည်နှင့် အချို့ရင်းနှီးမြုပ်နှံသူများက ယွီပိုင် မပါလျှင် သူတို့၏ ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းရန်ပင် ခြိမ်းခြောက်နေပြီး ရှင်းပြချက်ကို တောင်းဆိုနေကြသည်။


ချင်ယောင်၏ တုံ့ပြန်မှုမှာ ရိုးရှင်းသည်။

"ပေါ့ပေါ့ပါးပါးပါပဲ..."


ထို့ကြောင့် နှစ်နာရီအတွင်း ရင်းနှီးမြုပ်နှံသူအများစုမှာ နှုတ်ထွက်သွားကြပြီး ကျန်အနည်းငယ်မှာ ချင်ယောင်နှင့် လျော်ကြေးညှိနှိုင်းနေဆဲ ဖြစ်သည်။


လက်ထောက်၏ အစီရင်ခံစာကို ကြားပြီးနောက် ချင်ယောင်က ခေါင်းညိတ်ကာ ထွက်သွားနိုင်ကြောင်း ညွှန်ပြသည်။


လက်ထောက်က ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ထိန်းမထားနိုင်ဘဲ မေးလိုက်သည်။

"သက်သေတချို့ကို တွေ့ပြီးပြီ...ဒါကို အခုပဲ အများသိအောင် လုပ်လိုက်ရင် လူထုရဲ့ သဘောထားက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားလိမ့်မယ်..."


ချင်ယောင်က ပြန်ပြောသည်။

"အခုက အချိန် မဟုတ်သေးဘူး..."


အထောက်အထားအချို့ကို တွေ့ခဲ့ကြသော်လည်း ၎င်းတို့က ယွီပိုင်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန် မလုံလောက်ပေ။


ယခု ချပြခြင်းက တမင်သက်သက် ကောလဟာလ ဖြန့်ခြင်းအဖြစ်သာ မြင်စေနိုင်ပြီး ယင်းကိစ္စကို လျှောချသွားမည် ဖြစ်သည်။


ထို့အပြင် ယခုအကြိမ် ချင်ယောင်၏ ရည်မှန်းချက်မှာ ယွီပိုင် နေရာတွင် အစားထိုးရန်သာ မဟုတ်ပေ။ သူက ယွီပိုင်ကို နောက်ကွယ်မှ အကာအကွယ်ပေးနေသူကို ဖြုတ်ချလိုသည်။


...


တစ်ဖက်တွင် ခေတ်စားနေသောအကြောင်းအရာကို မြင်သောအခါ ယဲ့လဲ့ယောင်၏ မျက်လုံးများက တောက်ပလာပြီး ဒုတိယအစ်ကို ဟော်ယန်ကို အမြန် ခေါ်လိုက်သည်။


"ဒုတိယအစ်ကို၊ ‌တခြားအုပ်စုက အဓိကခေါင်းဆောင် နေရာကို အစားထိုးလိုက်ပြီဆိုတာ သိလား..."

ယဲ့လဲ့ယောင်၏ မျက်လုံးများက တောက်ပလာသည်။


ဟော်ယန်က ရိုက်ကူးရေး ပြီးသွားသောကြောင့် ပင်ပန်းနေပြီ ဖြစ်သည်။


၎င်းကို ကြားလျှင် သူ့မျက်လုံးများက တောက်ပလာသည်။

"ယွီပိုင်ကို အစားထိုးလိုက်တာလား..."


ချင်ယောင်က ကံမကောင်းခဲ့ဘူးလား...


ဝိုး...


သတင်းကောင်းပဲ...


ယဲ့လဲ့ယောင်က ဟော်ယန်ကို သတိမထားမိဘဲ အခြေအနေကို အတိုချုံး ရှင်းပြခဲ့သည်။


ဟော်ယန်၏ အပြုံးက ပို၍ ကျယ်ပြန့်လာသည်။


ကောင်းလိုက်တာ...ချင်‌ယောင် မပျော်သရွေ့ ငါ ပျော်နေမှာပါ...


ထို့နောက် ယဲ့လဲ့ယောင်က ခေါင်းစဉ်ပြောင်းလိုက်သည်။


"ဒုတိယအစ်ကို... 'ဖျား‌နာ‌နေသော အလှလေး'ရဲ့ ဒါရိုက်တာကို ဆက်သွယ်ဖို့ အချက်အလက် ရှိလား..."


ဟော်ယန်၏ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားကာ မျက်


မှောင်ကြုတ်လိုက်သည်။

"ယဲ့လဲ့ယောင်...မင်း ဇာတ်ဆောင်နေရာအတွက် လုပ်ချင်နေတာလား..."


ယဲ့လဲ့ယောင်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေသည်။

"မလုပ်ချင်ပါဘူး...ကျွန်တော်က ရင်းနှီးမြှုပ်နှံချင်တာ..."


ဟော်ယန်: "???"


မင်းကသာ ချင်ယောင်ကို ပိုက်ဆံပေးလိုက်ရင် သူက ဘယ်လိုလုပ်ပြီး ကံဆိုးနေတော့မှာလဲ.. 


ဟော်ယန်က ယဲ့လဲ့ယောင် သိသော “ဇာတ်ကွက်” အသေးစိတ်ကို ရုတ်တရက် သတိရသွားသောအခါတွင် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။


သူက ခဏမျှ ရပ်ပြီး လိမ္မာပါးနပ်စွာ မေးသည်။

"ဒီဒရာမာက အလားအလာ ကောင်းနေတယ်လို့ မင်း ထင်လား..."


ယဲ့လဲ့ယောင်က ပြန်ပြောသည်။

"ကျွန်တော် ထင်တယ်... ပိုက်ဆံနည်းနည်းလောက် ရလိမ့်မယ်..."


ဟော်ယန်က ငွေရှာရန် စိတ်ကူးနှင့် ချင်ယောင်၏ ကျဆုံးမှုကို ခဏမျှ တွေ့ရရန် စိတ်ကူးနှစ်ခုကြားတွင် လုံးပန်းနေကာ နောက်ဆုံးတွင် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။


ငွေကို ဘယ်သူက ငြင်းနိုင်မှာလဲ...


ထိုညနေပိုင်းတွင် ချင်ယောင်က ကုမ္ပဏီကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးသောအခါ ဟော်ယန်ထံမှ စာတစ်စောင် ရုတ်တရက် လက်ခံရရှိခဲ့သည်။


စာကို နှစ်စက္ကန့်မျှ စိုက်ကြည့်ကာ ချင်ယောင်က နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။


သူက ဟော်ယန်ကို အမှန်တကယ်ပင် မတွေ့လိုသော်လည်း ထိုနေ့က ဟော်ယန်နှင့် အတူထွက်သွားသည့် ယဲ့လဲ့ယောင်နှင့် တွေ့ရန် အတော် စိတ်ဝင်စားခဲ့သည်။ သူက ယဲ့လဲ့ယောင်၏ အတွေးများကို ကြားနိုင်သေးသည်လား ကိုလည်း ဆန်းစစ်လိုသည်။


×××××


နောက်တစ်နေ့။


သူတို့ သုံးယောက်က ချောင်ကျသည့် ကော်ဖီဆိုင်တွင် ဆုံကြသည်။


ယဲ့လဲ့ယောင်နှင့် ဟော်ယန်က ဦးစွာရောက်လာသည်။


ချင်ယောင်ကို စားပွဲထိုးက ခေါ်လာပြီး သူ့မျက်လုံးများက ယဲ့လဲ့ယောင်နှင့် ဆုံလိုက်လျှင် သူက ကျယ်လောင်သည့် အမြင့်သံကို ကြားလိုက်ရသည်။


[ငါ ချမ်းသာတော့မယ်...ချမ်းသာလာတဲ့အတွက် ဂုဏ်ယူပါတယ်...အံ့မခန်းဖြစ်ရခြင်းအတွက် ဂုဏ်ယူပါတယ်~~~ ကံကောင်းခြင်းတွေ ရောက်ရှိလာပြီ...ကံကောင်းခြင်းတွေ ဝင်လာနိုင်ပါစေ...ကံကောင်းခြင်းတွေက ငွေတွေနဲ့ အချစ်တွေ ယူဆောင်လာပေးပါ~~~~~ ကံကောင်းခြင်းတွေ ငါ့ဆီရောက်လာပြီ ~~~~~]


ချင်ယောင်: "..."


ချင်ယောင်၏ လက်ချောင်းများက သူ အသုံးပြုလိုက်သည့် အားကြောင့် ဖြူဖျော့သွားသည်။

ကောင်းပြီ...အတည်ပြုဖို့ မလိုတော့ဘူး...


ယဲ့လဲ့ယောင်၏ဘေးတွင်ထိုင်နေသော ဟော်ယန်က သူ့ကံကြမ္မာကို လက်လျှော့ထားပုံ ရသည်။


တံခါးဖွင့်သံ ကြားလျှင် ဟော်ယန်၏ အကြည့်များက မှုန်ကုပ်နေပြီး သူ့မျက်နှာက ဖြူဖျော့နေကာ ပြောလိုက်သည်။

"မင်း ဘာလို့ ဒီလောက် နောက်ကျနေတာလဲ..."


ချင်ယောင်: "..."


အခု ထွက်သွားမယ်ဆို အရမ်း နောက်ကျနေပြီလား...



🍉🍉🍉