Chapter 14
Viewers 6k

🍉 Chapter 14



8 ထပ်မြောက်ရောက်သော် ပါပါးဟော်နှင့်မာမားဟော်က ထွက်လိုက်ပြီး ဟော်ယန်က အနီးကပ်လိုက်သွားခဲ့သည်။


ယဲ့လဲ့ယောင်က သူတို့သုံးယောက်ကို လက်ယမ်းပြလိုက်သည်။

"ဒုတိယအစ်ကို သွားပြီး အဝတ်အစားလဲလိုက်နော်...ပါပါးဟော်နဲ့မာမားဟော် အနားယူလိုက်ပါဦး...ကျွန်တော် အရင်သွားနှင့်မယ်..."


ဟော်ယန်၏မျက်ခွံများ တွန့်သွားသည်။

"မင်း ဘယ်သွားမလို့လဲ..."


ယဲ့လဲ့ယောင် :  


[ဒါပေါ့ ကျွန်တော်က ဒရာမာသွားကြည့်မလို့လေ...]


[ရှုယောင်နဲ့ အဖေရှု ဝင်သွားပြီးပြီးချင်း အဲ့ဒါစတာကို ငါမှတ်မိပါတယ်...ပြီးတော့ သူတို့လူမိခံလိုက်ရတဲ့ မြင်ကွင်းလည်းရှိသေးတယ်...ငါမြန်မြန်သွားမှ မဟုတ်ရင် လွတ်သွားလိမ့်မယ်...]


အပေါ်ယံတွင်မူ ယဲ့လဲ့ယောင်က အကြောင်းပြလိုက်သည်။

"ကျွန်တော် ဗိုက်အရမ်းဆာနေလို့ တစ်ခုခုစားဖို့ အောက်ထပ်ကို သွားမလို့..."


ဟော်ယန်က သူ့ကို မတားလိုက်ဘဲ ဓာတ်လှေကားတံခါး တဖြည်းဖြည်းပိတ်သွားသည်ကိုသာ ကြည့်နေလိုက်သည်။


သူတို့သုံးယောက် အချင်းချင်း ကြည့်လိုက်ကြသည်။ 


နောက်ဆုံး၌ မာမားရှုက ဦးစွာ စကားစပြောလိုက်သည်။

"အဲ့ဒါက 8 ထပ်မှာ မဟုတ်ဘူးလား..."


ဟော်ယန်ပြောလိုက်သည်။

"လဲ့ယောင်က ဘယ်အထပ်လို့ မပြောခဲ့ဘူး..."


ပါပါးဟော် စိတ်ဖိစီးသွားသည်။

"ဒါဆိုလည်း သူ မြန်မြန်ပြောလိုက်သင့်တယ်လေ..."


ဟုတ်ပါ့...


အချိန်က လူကို မစောင့်ဘူးလေ...


ယဲ့လဲ့ယောင် မြန်မြန်ပြောတော့ဟ...ဒါက ငါတို့ကို သတ်နေတာပဲ...


6 ထပ်ရှိ ချင်ယောင်ကလည်း တူညီစွာတွေးနေခဲ့သည်။


အဲ့ဒါက ဘယ်အထပ်လဲ...ဘာလို့ ယဲ့လဲ့ယောင်က ဘာမှမပြောသေးတာလဲ...


ထိုစဥ် ယဲ့လဲ့ယောင်က ဓာတ်လှေကားဖြင့် ပထမထပ်ကို ပြန်ဆင်းသွားခဲ့သည်။


သူ ဟောခန်းမကြီးကို တစ်ချက်စစ်ဆေးကြည့်လိုက်ရာ စက်ပစ္စည်းများကို သယ်ဆောင်ထားသည့် မီဒီယာသမားအုပ်စုကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းများ ဝင်းလက်သွားပြီး အနီးနားရှိ စားစရာများတင်ထားသည့် စားပွဲမှ ကိတ်မုန့်တစ်ခုကို လှမ်းယူလိုက်ပြီး သူတို့နောက် အလျင်အမြန် လိုက်သွားလိုက်သည်။


[ကောင်းတယ်...သူတို့ပဲဖြစ်ရမယ်...သူတို့နောက်ကနေ အနီးကပ်လိုက်သွားရမယ်...]


8 ထပ်မြောက်ရှိ ဟော်မိသားစု : "…"


"သူ့ကို တွေ့လား..."


"ဒီတော့ အတိအကျ ဘယ်မှာတဲ့လဲ..."


ယဲ့လဲ့ယောင် စီးသည့် ဓာတ်လှေကားက ငါးထပ်မြောက်တွင် တစ်ခါရပ်ပြီး သုံးထပ်မြောက်တွင် တစ်ခါရပ်ကာ နောက်ဆုံး၌ ပထမထပ်တွင် ရပ်သွားခဲ့သည်။


မာမားဟော်က စိတ်ပိုင်းဖြတ်ပြီး ဟော်ယန်ကို ကြည့်လိုက်သည်။

"မင်း ငါးထပ်ကို အရင်သွားစစ်ကြည့်လိုက်..."


ဟော်ယန်က မကျေမချမ်း တွေးလိုက်သော်ငြား မလိုက်နာဘဲမနေရဲဘဲ အောက်ထပ်ကိုဆင်းရန် ဓာတ်လှေကားခလုတ်ကို ကမန်းကတန်းနှိပ်လိုက်သည်။


ဓာတ်လှေကားတံခါးက "တင်"ဟူသည့်အသံနှင့် အတူပွင့်သွားပြီး သူ့ကိုယ်သူ ချင်ယောင်နှင့် မျက်နှာချင်းဆိုင်သွားမှန်း တွေ့လိုက်ရသည်။


ဟော်ယန် : "...မင်းက ဘာလို့ဒီရောက်နေတာလဲ..."


ချင်ယောင်က ချောင်းဖွဖွဆိုးလိုက်သည်။

"မင်းအဝတ်အစား မလဲခဲ့ဘူးလား..."


သူ ဝေ့ဝိုက်ကြည့်လိုက်သည်။

"ဦးလေးနဲ့အန်တီရော ဒီမှာပဲလား..ယဲ့လဲ့ယောင်က ဘယ်မှာလဲ..."


ဟော်ယန်က အကြောင်းပြလိုက်သည်။

"အခုပဲ သူ့ကို သွားရှာမလို့..."


ချင်ယောင် ခေါင်းညိတ်လိုက်သည်။

"ဒါဆို တူတူသွားကြတာပေါ့..."


ချင်ယောင်က အဘယ့်ကြောင့် ယဲ့လဲ့ယောင်ကို ရှာချင်သည်အား ဟော်ယန် အံ့ဩသွားသော်ငြား ယခု စိတ်ပူရမည့် ပိုအရေးကြီးသည့်ကိစ္စရှိနေသေး၏။ ထို့ကြောင့် သူထပ်မမေးတော့ဘဲ ပြောလိုက်သည်။

"ကောင်းပြီလေ..."


ပါပါးဟော်နှင့်မာမားဟော်က တုံ့ဆိုင်းသွားပြီး ထို့နောက် ဟော်ယန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။


မာမားဟော်က ဖုန်းခေါ်သည့်လက်ဟန် အမူအရာလုပ်ပြလိုက်သည်။


ဟော်ယန်က နားလည်ကြောင်း ခေါင်းညိတ်လိုက်၏။


ဓာတ်လှေကားတံခါးပိတ်လိုက်သည်နှင့် ယဲ့လဲ့ယောင်၏အသံကို ထပ်ကြားလိုက်ရသည်။


[အား...ဒီကိတ်မုန့်သေးသေးလေးက အရသာရှိလိုက်တာ...ငါများများ မယူခဲ့လိုက်ရဘူး...]


ဟော်ယန်၏မျက်လုံးများ တောက်ပသွားသည်။


ကိတ်မုန့်သေးသေးလေး...ပထမထပ်မှာပဲ...


ပါပါးဟော်နှင့်မာမားဟော်က ချက်ချင်း အောက်ဆင်းရန် နောက်ထပ် ဓာတ်လှေကားကို နှိပ်လိုက်သည်။


ချင်ယောင်ကလည်း ပထမထပ်ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

"ငါတစ်ခုခုစားဖို့ အရင်သွားနှင့်မယ်..."


ဟော်ယန်၏အကြည့်က သူ ယခုလေးပင် နှိပ်ခဲ့သည့် ငါးထပ်မြောက်ခလုတ်ကို ကြည့်လိုက်သည်။ သူ ဓာတ်လှေကားခလုတ်ကို ပိုမြန်မြန် နှိပ်လိုက်သင့်ကြောင်းကို တွေးပြီး အံကြိတ်လိုက်သည်။


ဓာတ်လှေကားက ငါးထပ်မြောက်ရောက်ချိန်တွင် ပြေးထွက်လုနီးပါး ထွက်လိုက်ပြီးနောက် ချင်ယောင်၏ဓာတ်လှေကား ဆင်းသွားသည်နှင့် တစ်ပြိုင်နက် နောက်ဓာတ်လှေကားတစ်ခုအတွက် ခလုတ်ကို အလျင်အမြန် နှိပ်လိုက်သည်။


အုပ်စုသုံးစုလုံးက သူတို့တတ်နိုင်သမျှ မြန်မြန် ယဲ့လဲ့ယောင်ထံ တဟုန်ထိုး သွားနေကြသည်။


ဓာတ်လှေကားက ပထမထပ်ရောက်ချိန်တွင် ချင်ယောင်၏စူးရှသည့်မျက်လုံးများက ဝရံတာထောင့်နားရှိ ယဲ့လဲ့ယောင်၏အဝတ်အစား တစ်စွန်းတစ်စကို မြင်လိုက်ရသည်။ သူ အလျင်အမြန် နောက်ကလိုက်သွားလိုက်ရာ မကြာမီမှာပင် ရှေ့ကဦးဆောင်သွားနေသည့် သတင်းထောက်အုပ်စုကို တွေ့လိုက်ရသည်။


သူတို့က စကားစမြည်ပြောပြီး ရယ်မောနေကြသည်။


"အနားယူကြစို့ဟေ့...ပြီးမှ အင်တာဗျူးစကြတာပေါ့..."


"ဒီနေ့ မင်းအင်တာဗျူးပုံစံက ဘယ်လိုလဲ..."


"အားလုံးပြင်ပြီးသား မပူနဲ့...ငါတစ်ပတ်လောက်ကြိုပြင်ထားတာ...မစ္စတာရှုယောင်ကို အင်တာဗျူးဖို့ စောင့်နေရုံ..."


"တင်"ဟူသည့်အသံနှင့်အတူ သူတို့ရှေ့ရှိ တံခါးက ပွင့်သွားပြီး သတင်းထောက်များ၏စကားက ရုတ်ချည်း ရပ်တန့်သွားသည်။


ဒွိဟဖြစ်စေသည့် အသံနှစ်သံက တမဟုတ်ချင်း ဟောခန်းတစ်လျှောက် ပြည့်နှက်သွားသည်။


"မလုပ်နဲ့...ကျွန်တော်တို့ မရ...ကျွန်တော်တို့ ပြီးကျ အပြင်ထွက်စရာ ကျန်သေးတယ်လို့..."


"အဆင်ပြေပါတယ် ရှောင်ယောင်ရာ...ကိုယ့်ကို ကူညီပါကွာ...အဲ့ဒါက မြန်ပါတယ်..."


ချုပ်တည်းထားသည့် အသံနှင့် ဒွိဟဖြစ်စေသည့်အသံက ရောနှောသွားပြီး ရှေ့တွင်ရှိသည့် သတင်းထောက်များက ရုတ်တရက် ရပ်သွားခဲ့သည်။


သူတို့နောက်ရှိ ကင်မရာသမားက တာဝန်ကျေစွာဖြင့် သူ့ကင်မရာကို မြှောက်လိုက်သည်။


ယဲ့လဲ့ယောင်က အရှေ့ကို တိုးဝင်ကာ လူအုပ်ကိုဖြတ်ပြီး ချောင်းကြည့်လိုက်သည်။


[ဝိုး...အဝတ်အစားတွေက ဖရိုဖရဲနဲ့ အခြေအနေက တော်တော်ပြင်းထန်နေတာပဲ...]


သူ ပိုပြီး အနီးကပ်ကြည့်လိုက်သည်။


[အားးးးးးးးကြောက်စရာကောင်းလိုက်တာ...ခင်ဗျားလက်ကို သူ့အတွင်းခံဘောင်းဘီထဲက ထုတ်လိုက်စမ်း...]


ယဲ့လဲ့ယောင်နောက်ရှိ ချင်ယောင် : "..."


ငါ့နားစည်တော့ ကွဲကုန်တော့မှာပဲ...


ယခုလေးမှ ရောက်လာသည့် ပါးပါးဟော်နှင့် မားမားဟော် : !!!


ကမန်းကတန်း ပြေးလာနေဆဲ ဟော်ယန် : ကျွန်တော့်ကို စောင့်ဦး...ကျွန်တော်လည်း မြင်ချင်တယ်လို့...


ဟော်ယန် ရောက်မလာမီလေးမှာပင် မစ္စရှုက အပြေးအလွှားဝင်လာခဲ့သည်။ သူမက လူအုပ်ကြီးကို တွန်းဖယ်လိုက်သည်။ အခန်းထဲရှိ ဖရိုဖရဲဖြစ်နေသည့် အဝတ်အစားများကို ကြည့်လိုက်ပြီး သူမမျက်လုံးများက ဒေါသနှင့် ပြူးကျယ်လာခဲ့သည်။ မျက်ရည်များကျလုနီးနီးဖြစ်လာသော်ငြား ပြန်ထိန်းချုပ်ကာ အော်ဟစ်လိုက်သည်။

"ရှင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ..."


*****


ပူးကပ်တွယ်ငြိနေကြသည့် လူနှစ်ယောက်က အော်သံကြောင့် ကြက်သေသေသွားခဲ့သည်။ သူတို့လှည့်ကြည့်လိုက်ရာ လူအများကြီးကို တွေ့လိုက်ပြီး ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။


အဆက်မပြတ် ဖလက်ရှ်မီးများ၏"ကလစ် ကလစ် ကလစ်" နှိပ်သံများက သူတို့၏လျင်မြန်စွာ ဖြူဖျော့သွားသော မျက်နှာများကို အလင်းပြန်သွားစေခဲ့သည်။


အမေရှု၏အကြည့်နှင့် ဆုံသွားချိန်တွင် နှစ်ဦးလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။


ရှုယောင်က ကပျာကယာဖြင့် သူ့အဝတ်အစားများကို သေသပ်သွားအောင် ပြုပြင်လိုက်သည်။


အဖေရှု၏အပြုအမူက ပိုမိုပြင်းထန်ပြီး ရှုယောင်ကို တွန်းထုတ်ကာ ရှုယောင်ခန္ဓာကိုယ်ပေါ်ရှိ သူ့လက်များကို ဖယ်လိုက်သည်။ သူ့အဝတ်အစားကိုပင် ပြင်ရန်အချိန်မရှိဘဲ အမေရှုဘက်လှည့်ကာ တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။

"ကျွမ်းဟွား ကိုယ့်ကို ရှင်းပြခွင့်ပြု..."


ကျွမ်းဟွားဟုခေါ်သည့် အမေရှုက သူတို့နှစ်ဦးကို နီရဲတွတ်နေသည့် မျက်ဝန်းတစ်စုံဖြင့် စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ကာ သူမ၏တစ်ကိုယ်လုံးက ဒေါသဖြင့် အနည်းငယ် တုန်ယင်နေခဲ့သည်။

"ဘာကို ရှင်းပြမှာလဲ...ရှင်တို့နှစ်ယောက်က ဆော့နေကြတာပါလို့ ကျွန်မကို ပြောမလို့လား..."


"ရှုဟိုက် ကျွန်မကို အရူးလို့ ထင်နေတာလား...ကျွန်မက ကန်းနေတဲ့သူလားလို့..."


အဖေရှု(ရှုဟိုက်)က ပါးစပ်ကိုဖွင့်လိုက်ပြီး သူ့မျက်နှာက ဖြူဖျော့နေရာမှ အနီရောင်သို့ ပြောင်းသွားပြီး သူ့လည်ပင်းက သွေးရောင်ဖြန်းသွားခဲ့သည်။ သူက ခေါင်းစဥ်ပြောင်းလိုက်ပြီး ကျွမ်းဟွားနောက်တွင် ရှိနေကြသည့် သတင်းထောက်များကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"ဘာကို ဓာတ်ပုံရိုက်နေကြတာလဲ...ရပ်လိုက်စမ်း..."


ယဲ့လဲ့ယောင် မျက်တောင်ခတ်လိုက်သည်။


[သူ ကြောက်နေပြီ ကြောက်နေပြီ...]


သေချာပေါက်ပင် သတင်းထောက်များက ရှုဟိုက်ကို လျစ်လျူရှူလိုက်ကြသည်။ အကယ်၍ အဆင်ပြေနေသည့်အချိန်သာ ဖြစ်နေမည်ဆိုပါက သူတို့က အင်တာဗျူးရန် မိုက်များကိုင်ပြီး အတင်းအလုအယက် ရှေ့တိုးဝှေ့လိုက်ကြဦးမည်ဖြစ်သည်။


ကင်မရာသမားက မီးကိုဖမ်းနေသည့်အလား ကင်မရာခလုတ်ကို အလွန်လျင်မြန်စွာ နှိပ်ချလိုက်သည်။ 


သတင်းအကြီးစားကြီး တစ်ခုတော့ ဖမ်းမိသွားပြီဟေ့...မနက်ဖြန်အတင်းအဖျင်း ခေါင်းစဥ်ကတော့ သေချာပေါက် သူတို့ဟာပဲ...


ရုတ်တရက် နောက်မှရောက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ ယဲ့လဲ့ယောင် လှည့်ကြည့်လိုက်ရာ တဟုန်ထိုး ပြေးလာနေသည့် ရှုယွင်ကျီးနှင့် ရှုချန်းကို မြင်လိုက်ရသည်။


ရှုချန်းက အပေါက်ဝတွင် ရပ်ပြီး ရှုဟိုက်နှင့် ရှုယောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ဖြူဖျော့နေသည့် မျက်နှာများကို မြင်လိုက်ရာ ကျွမ်းဟွားကို ကြည့်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အမေ...အဖေ...အစ်ကိုကြီး ဘာတွေဖြစ်နေကြတာလဲ..."


ယဲ့လဲ့ယောင် ရှုချန်းကို ပြောစရာစကားကင်းမဲ့စွာ ကြည့်လိုက်သည်။


[ဘာတွေဖြစ်နေကြတာလဲ ဟုတ်လား...မင်းရဲ့"အစ်ကိုကြီး"က အဖေနေရာ ယူနေတာလေ အရူးရဲ့...]


ယခုလေးမှ ရောက်လာသည့် ဟော်ယန်မှာ သူ့အပြုံးကို မထိန်းနိုင်လုနီးနီးပင်။


ပါပါးဟော်နှင့် မာမားဟော်လည်း အပြုံးကို ခက်ခက်ခဲခဲ ဖုံးကွယ်လိုက်ရသည်။


ဆေးခတ်ထားသည့် အယ်လ်ကိုဟော အစွမ်းကြောင့် အဖေရှုက စိတ်ရှုပ်ထွေးနေပုံပင်။ ပိုများသည့် ဧည့်သည်များရောက်လာသည်ကို မြင်ပြီး သူ့နှဖူးတွင် ချွေးသီးလုံးများ စို့လာခဲ့သည်။


ရှုယောင်က ဦးဆုံးစိတ်တည်ငြိမ်သွားသည့် တစ်ယောက်ဖြစ်ပြီး ကျွမ်းဟွားရှေ့ "ထပ်" ဟူသည့် အသံနှင့် တိုက်ရိုက် ဒူးထောက်ချလိုက်သည်။


"အမေ...အကုန်လုံးက ကျွန်တော့်အမှားပါ...ဒါပေမယ့် အခုက အငြင်းပွားနေရမယ့် အချိန်မဟုတ်ဘူး..."


[အခုထိ အမေလို့ခေါ်နေသေးတယ်ပေါ့လေ...]


[အဲ့ဒါက မသင့်တော်တော့ဘူးလားလို့...မင်းအခု သူ့ကို မဒမ်လို့ ခေါ်သင့်တာနော်...]


ယဲ့လဲ့ယောင် စုပ်သပ်လိုက်သည်။


သူပင် မိသားစုကျင့်ဝတ်ကို ရှင်းရှင်းလင်းလင်း နားလည်ပေသည်။


ယဲ့လဲ့ယောင်နောက်တွင် မတ်တတ်ရပ်နေသည့် ချင်ယောင်က သူရယ်သံကို ထိန်းချုပ်ရန် မနည်းကြိုးစားလိုက်ရသည်။


ကျွမ်းဟွားကမူ ဆက်လက်သည်းမခံနိုင်တော့ဘဲ ရှုယောင်ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သည်။


ရိုက်ချက်က အားကုန်ထည့်ထားပြီး ရှုယောင်၏ခေါင်းကို စောင်းထွက်သွားစေကာ သူ့မျက်နှာက တမဟုတ်ချင်းပင် ယောင်ကိုင်းလာခဲ့သည်။


သူ မပြောနိုင်မီမှာပင် ရှုချန်းက အလျင်အမြန် ရှေ့တိုးပြီး ကျွမ်းဟွားကို ဆွဲလိုက်သည်။ ကျယ်လောင်လှသည့် အသံဖြင့် သူက ပြောလိုက်သည်။

"အမေ...ဘာလုပ်နေတာလဲ..."


နောက်အခိုက်မှာပင် ရှုယွင်ကျီးက ရှေ့တိုးပြီး ရှုချန်းကို ဆွဲလိုက်သည်။


ဆွဲလိုက်မှုကြောင့် ခလုတ်တိုက်လုနီးပါးဖြစ်သွားသည့် ရှုချန်းက ဒေါသတကြီး ကြည့်လိုက်ပြီး ရှုယွင်ကျီးကို မေးခွန်းထုတ်ရန် ပြင်လိုက်စဥ် ရှုယွင်ကျီးက အသံနက်နက်ဖြင့် ပြောလိုက်သည်။

"အမေက မယားငယ် ဖမ်းနေတာ...မင်းက အမေ့ကို ဘာလို့တားနေတာလဲ..."


ဆို့နင့်သွားလုနီးပါး သတင်းကြီးက ရှုချန်းကို ကြက်သေသေသွားစေခဲ့သည်။

"ဘ-ဘာ..."


ယဲ့လဲ့ယောင် စိတ်လှုပ်ရှားလာခဲ့သည်။


[ထင်ထားတဲ့အတိုင်း ရှုယွင်ကျီးက သိနေတာပဲ...ဆိုလိုတာက ကျွမ်းဟွားကလည်း ဟိုးအရင်ကတည်းက သိထားပြီးသားပေါ့...]


[ဒီတော့ ဒီနေ့ပါတီပွဲနဲ့ အခန်းမှားဝင်လာတဲ့ သတင်းထောက်တွေအကုန်လုံးက စီစဥ်ထားတာတွေပဲပေါ့...]


[ဝံပုလွေကို ဖမ်းဖို့ ကျားကို ဖိတ်လိုက်တာပဲ...စာဝါငှက်က နောက်မှာရှိတာကို သတိမထားမိဘဲ ဓားခုတ်ကောင်က ပုစဥ်းရင်ကွဲကို နောက်ယောင်ခံနေတယ်...ထက်မြက်လှပါပေတယ်...]


ဟော်မိသားစုက ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။


ဟုတ်ပါ့...အမှန်ပဲ...


ရှုယွင်ကျီးက သနားညှာတာမှုမရှိဘဲ အရေခြုံထားသည့် အရှက်တရားကို ရက်ရက်စက်စက် ဆုတ်ဖြဲလိုက်သည်။ ပတ်ပတ်လည်ရှိ အမူအရာ အမျိုးမျိုးကို မြင်ပြီး ရှုဟိုက်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ ဂုဏ်ကျက်သရေဖြင့် နေခဲ့သည့်သူက ချက်ချင်း ပြန်ပြောလိုက်သည်။

"ယွင်ကျီး ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ...ဧည့်သည်တွေကို အခုပဲ လူစုခွဲလိုက်တော့..."


"ဖြောင်း..."


သူပြော၍မပြီးသေးမီမှာပင် ကျွမ်းဟွားက သူ့ကို ပါးရိုက်လိုက်သည်။


ရှုဟိုက်က မှင်သက်သွားပြီး နီရဲတွတ်နေသည့် မျက်လုံးများဖြင့် ကျွမ်းဟွားကိုကြည့်ကာ ပြောလိုက်သည်။

"မင်း..."

 

"ကျွန်မက ဘာဖြစ်လဲ..."

ကျွမ်းဟွားက ပြန်တည်ငြိမ်သွားပုံပေါ်က သူမ၏အသံက တိုးညှင်းသော်ငြား နေရာ၌ရှိနေသည့် လူအားလုံးကြားရသည်အထိ ရှင်းလင်းပေသည်။

"ရှုဟိုက်...ရှင်က ရှုယောင်နဲ့ အရှက်မရှိတာတွေ လုပ်ခဲ့ပြီးမှ အခုမှလာပြီး ရှင့်ဂုဏ်သတင်းကို ဂရုစိုက်နေတာလား...အခုရှိနေတဲ့ လူတွေကို ထွက်သွားစေချင်တယ်ပေါ့လေ...သူနဲ့ရှက်စရာကောင်းတာတွေ လုပ်နေတဲ့အချိန်တုန်းက ဒီအကြောင်းကို မစဥ်းစားခဲ့ဘူးလား...ကျွန်မကိုရော ထည့်စဥ်းစားခဲ့ရဲ့လား..."


ယခုမှရောက်လာကြသည့် ဧည့်သည်များက ထိုကြီးမားလှသည့် သတင်းအချက်အလက်ကြီးကို ကြားလိုက်ရပြီး မျက်လုံးများပြူးကျယ်သွားကြသည်။


အချစ်ဇာတ်ခင်းတာလား...


ဘယ်သူနဲ့ဘယ်သူတုန်း...


ရှုဟိုက်နဲ့ ရှုယောင်လား...


သူတို့က မွေးစားအဖေနဲ့သား မဟုတ်ဘူးလား...


ရှုဟိုက်နှင့် ရှုယောင်ကို ကြည့်နေကြသည့် ဧည့်သည်များ၏မျက်လုံးများက အတင်းအဖျင်းများ၊ အထင်သေးမှုများဖြင့် ပြည့်နေလေ၏။


လိမ္မာတဲ့ ကလေးတစ်ယောက်လို့ ထင်ရတဲ့ ရှုယောင်က သူ့မွေးစားအဖေနဲ့ ပတ်သက်နေမယ်လို့ ဘယ်သူက ထင်မှာလဲ...


ပြီးတော့ ရှုဟိုက်...သူ့မွေးစားသားအပေါ်တောင် လက်တင်တယ်...စက်ဆုပ်စရာကောင်းလိုက်တာ...အရှက်မရှိချက်...


ရှုချန်းက ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားပြီး ပါးစပ်ဟောင်းလောင်းပွင့်သွားခဲ့သည်။


ဘာအချစ်ဇာတ်ခင်းတာလဲ...


ငါ့အစ်ကိုနဲ့အဖေကလား...


ဒါနောက်နေတာလား...


ရှုချန်း ခေါင်းယမ်းလိုက်ပြီး ကျွမ်းဟွားကို ကြည့်လိုက်သည်။

"အမေ...အမေ အထင်မှားနေတာပဲ ဖြစ်ရမယ်..."


"မှားလား မှန်လားဆိုတာ အမေက မင်းထက်ပိုသိတယ်..."

ရှုယွင်ကျီးက ရှုချန်းကို ဖြတ်ပြောလိုက်သည်။


ရှုချန်း လည်မျိုကို ညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ တတွတ်တွတ် ရေရွတ်လိုက်သည်။

"မဖြစ်နိုင်ဘူး...အမေ အစ်ကိုကြီးက အဲ့လိုလူမျိုးမဟုတ်ဘူး...ကျွန်တော် သူ့ကို ယုံတယ်...အမေ မှားနေတာပဲ ဖြစ်ရမယ်..."


ယဲ့လဲ့ယောင် ခေါင်းယမ်းလိုက်သည်။


[ငါသာ အန်တီကျွမ်းဆို ရှုချန်းကို ပါးရိုက်ပြီးပြီ...ဘယ်လိုတောင် ဒုက္ခပေးတတ်တဲ့သားလဲ...]


ယဲ့လဲ့ယောင်၏အတွေးကို ကြားလိုက်ရသကဲ့သို့ နောက်တစ်စက္ကန့်မှာပင် ကျွမ်းဟွားက ရှုချန်းကို ပါးရိုက်လိုက်သည်။ မကျေနပ်သေးသည့်အလား ညာဘက်ပါးကိုပါ ထပ်ချလိုက်ပြန်သည်။


ယဲ့လဲ့ယောင် ရုတ်ချည်းပင် စိတ်ကျေနပ်သွားသည်။


[ကောင်းတယ် ကောင်းတယ် ကောင်းတယ်...ပါးနှစ်ဖက်လုံး ညီတူမျှတူ ဖြစ်သွားတာပေါ့...ငါ့ရဲ့ OCD က ကျေနပ်သွားပြီ...perfect ပဲ...]


သူ့နံဘေးရှိ ဟော်မိသားစုဝင်များအားလုံး ခေါင်းငုံ့လိုက်ကြသည်။


ယင်းက သူတို့ ဒရာမာကို မကြည့်ချင်တော့၍ မဟုတ်ဘဲ သူတို့ရယ်ချင်စိတ်ကို ဆက်ပြီး မထိန်းနိုင်တော့သောကြောင့်ပင်။


ရှုချန်း၏မျက်နှာကို ကြည့်လိုက်ရာ ဝက်တစ်ကောင်၏ခေါင်းကဲ့သို့ပင် ဖူးယောင်နေပြီဖြစ်သည်။


ရိုးရိုးသားသားပြောရရင် မျက်နှာက လုံးဝကိုဘက်ညီသွားတာပဲ...


ပိုရယ်စရာတောင် ကောင်းသွားသေးတယ်...



🍉🍉🍉