Chapter 30
Viewers 413

အခန်း ၃၀ မိန်းမငယ်လေးရဲ့နာကျင်မှု

  "သွားတော့... ငါ မစားချင်ဘူး!"

  အော်ဟစ်သံများနှင့်အတူ ပန်းကန်များ လျှောကျလာခဲ့သည်။

  အစားအစာများ ပို့ပေးရသည့် အစေခံမလေးက ဘာလုပ်ရမှန်းမသိဘဲ တုန်တုန်ယင်ယင်ဖြင့် ဘေးနားတွင် ရပ်နေလေသည်။ ကျွော့ချင်းက သူမ၏လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ထိုအစေခံမလေးကို ထွက်သွားခိုင်းလိုက်သည်။ ကျွော့ချင်းက အခန်း၏ကြမ်းပြင်အနှံ့ အစားအသောက်များ ပြန်ကျဲနေသည်ကို တစ်ချက်ကြည့်လိုက်ပြီး သူမလက်ကို ပိုက်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။

"နင့်ရဲ့အစ်ကိုကျင်းက မင်းကို သနားပြီး သူကိုယ်သူ အပြစ်ရှိသလို ခံစားရစေချင်ရင် နင် ပိုကြိုးစားရမယ်။ အစာမစားတာနဲ့ ရေမသောက်တာက အကောင်းဆုံးပါပဲ။ ငါးရက် ခြောက်ရက်လောက် ဆက်နေရင် သေလုမျောပါး ဖြစ်သွားလိမ့်မယ်”

  လို့ရှီးဝူက အရာဝတ္ထုများကို ထုခွဲလိုက်ပြီး လေကို ပြင်းပြင်းရူကာ "နင်က ငါ့အစ်ကိုရဲ့မိန်းမဘဲ ငါ မရှိရင်တောင် သူက နင့်ကို ကြိုက်မှာ မဟုတ်ဘူး!"

  ကောင်းတယ်၊ တစ်နေကုန် အစားမစားဘဲနေတာတောင် ကျိန်ဆဲဖို့ ခွန်အားတွေ ရှိနေတုန်းပဲ။

  ကျွော့ချင်းက မြေပြင်ပေါ်ရှိ အပျက်အစီးများကို ကျော်ခွကာ သူမဘေးရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး "နင့်မျက်လုံးထဲက ရတနာတွေက တခြားသူတွေရဲ့အမြင်မှာ ကြမ်းတမ်းတဲ့ မြက်ခင်းတစ်ခုသာသာပဲ၊ နင်က လို့မိသားစုရဲ့သမီးလေ၊ သူက နင့်ကို ငြင်းဝံ့တယ်ပေါ့၊ သူက နင့်ကို အရှက်ရစေတယ်၊ နင် သူ့ကို သေအောင်ရိုက်နိုင်တယ်၊ နင်က သခင်ပဲ၊ သူက ကျွန်ပဲ၊ နင် လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်၊ နင် အရှုံးပေးပြီး ဒေါသထွက်နေတာက ဘာမှ အသုံးမဝင်ဘူး!"

  "တော်ပြီ၊ ဒါက လုံလောက်ပြီ!!" လို့ရှီးဝူက ဒေါသူပုန်ထနေရင်း ဆက်လက်အော်ဟစ်နေကာ "ဘယ်လို သခင်နဲ့ အစေခံမျိုးလဲ၊ ငါက သူ့ကို ကျွန်လို့ တစ်ခါမှ မတွေးဖူးဘူး!! သူက ငါ့ကို ရှောင်ဖို့ ဒီအကြောင်းပြချက်ကို သုံးခဲ့တာ!"

  ကျွော့ချင်းက သူမ၏ အော်သံကို သည်းမခံနိုင်တော့ဘဲ  သူမ၏နားရွက်ကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဖိကာ အလူးအလဲ ပြန်အော်လိုက်သည်။ "သူ့အခြေအနေကြောင့် သူ နင့်ကို လက်မခံဝံ့တာ ဖြစ်နိုင်တယ်။ နင့် အပေါ်ထားတဲ့ သူ့ရဲ့ ရိုးသားမှုကို နင် စမ်းကြည့်နိုင်သေးတယ်လေ၊ နင်က ဘာတွေ လာအော်နေတာလဲ!!"

  "ဘယ်လိုကြိုးစားရမှာလဲ?" လို့ရှီးဝူက အော်ဟစ်သံကို ရပ်လိုက်ပြီး တစ်ညလုံး ငိုယိုထားသည့် သစ်ကြားသီးကဲ့သို့ မျက်လုံးကြီးများဖြင့် ကျွော့ချင်းကို စိုက်ကြည့်နေခဲ့သည်။

  ကျွော့ချင်းက သူမ၏မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး လို့ရှီးဝူ၏ မျက်လုံးများမှ မျက်ရည်များက ရေပိုက်များကဲ့သို့ အပြည့်ဖြစ်နေပြီး ကျလာရန် လွယ်ကူလွန်းသည်ဟု တွေးနေမိသည်။ ထို့ကြောင့် ကျွော့ချင်းက ပေါ့ပေါ့ပါးပါးဖြင့်   "ပုံမှန်အားဖြင့် သူက နင့်ကို စိတ်ပူပြီး နင့်ကို ဂရုစိုက်လား? ဒါမှမဟုတ် နင့်မှာ အကျပ်အတည်းရှိတဲ့အချိန်... အထူးသဖြင့် နင်အန္တရာယ်ကြုံလာတဲ့အခါ ဒါမှမဟုတ် နင် ခေါင်းကိုက်တဲ့အခါ ဒါမှမဟုတ် နင် ဖျားနာတဲ့အခါ  သူ့ရဲ့ခံစားချက်အစစ်အမှန်ကို နင် မြင်နိုင်လိမ့်တယ်"

  ထိုစကားကို ကြားပြီးနောက် လို့ရှီးဝူ၏ခေါင်းက ငုံ့ကျသွားပြီး သူမက အသံတိုးတိုးဖြင့် "သူ ငါ့ကို ကြိုက်မှန်းသိရင်တောင် ငါ ဘယ်လိုလုပ်ရမလဲ၊ သူက ကျောက်တုံးကြီးပဲ၊ သူက သူ့ကိုယ်သူ ငါ့နဲ့မထိုက်တန်ဘူးလို့ ထင်နေတာ၊ ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ ဝန်ခံမှာမဟုတ်ဘူး"

ကျင်းစနှင့် ပတ်သက်သော သူမ၏ ဗဟုသုတ အနည်းငယ်အရလည်း ၎င်းက မှန်ကန်သည်ဟု ကျွော့ချင်း လက်ခံနိုင်သည်။

 သူက လုံးဝ ရက်စက်ကြမ်းကြုတ်ပြီး ခိုင်မာတဲ့ အိမ်သာကျောက်တုံးတစ်တုံးဖြစ်နေတာလေ။

ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျွော့ချင်းက မသိမသာ ပြုံးကာ "လိုအပ်ရင် ဆန်ကိုတောင် ထမင်းဖြစ်အောင်ချက်လို့ရပါတယ်" (အဲ့ဒီစကားက အတူအိပ်ပြီးသွားတာမျိုးအတွက်လဲ သုံးပါတယ်)

  ဆန်?ထမင်း? . . .

          လို့ရှီးဝူ၏မျက်နှာက လည်ပင်းမှ နဖူးအထိ နီမြန်းသွားပြီး သူမ၏တောက်ပသောမျက်လုံးများက ကျွော့ချင်းကို ဘီလူးတစ်ကောင်လို ကြောင်တောင်တောင် စိုက်ကြည့်နေကာ သူမ၏ပါးနပ်သောနှုတ်ခမ်းနှင့် လျှာတို့က ထုံးဖွဲ့ခံထားရသည်။

"နင် ဘာတွေပြောနေတာလဲ! နင်က အရမ်းမိုက်မဲတာပဲ!! အဲဒါက ... အရှက်ကင်းမဲ့တယ်!!"

  ဒါကို အရှက်မဲ့တယ်လို့ ခေါ်တယ်လား?

          ကျွော့ချင်းကတော့ သူမ၏ စကားလုံးရွေးချယ်မှုက ပြေပြစ်ကောင်းမွန်သည်ဟု  ခံစားနေမိသေးသည်။ လို့ရှီးဝူ၏မျက်နှာက နီရဲနေပြီး ပူလောင်လုနီးပါးဖြစ်ကာ သူမကို အပေါက်ဖောက်နိုင်စေရန် ဆန္ဒရှိနေခဲ့သည်။ ကျွော့ချင်းက ရိုးရှင်းစွာ ထရပ်ကာ တံခါးမှ ထွက်လာခဲ့သော်လည်း သူမ သည်းမခံနိုင်တော့ဘဲ ပြန်ပြောခဲ့သေးသည်။

"ကောင်းပြီ ငါက အရှက်မရှိဘူး၊ ဒါကြောင့် ဖြည်းဖြည်း ဆက်ငိုနေလိုက်၊ ရေမသောက်ဖို့ မမေ့နဲ့၊ နင် ငတ်သေသွားရင် ကမ္ဘာကြီးက ငြိမ်းချမ်းသွားလိမ့်မယ်”

  "ချင်းဖုန့်... နင် ထွက်သွား!" အော်ဟစ်သံနှင့်အတူ လို့ရှီးဝူက ကြွေခွက်တစ်ခုကို ကျွော့ချင်းဆီသို့ ပစ်ချလိုက်ပြီး ထိုခွက်က မြေပြင်ပေါ်သို့ ကျကာ ကွဲအက်သွားခဲ့သည်။

ကံကောင်းထောက်မစွာနဲ့ ငါ အမြန် ရှောင်တိမ်းနိုင်ခဲ့လို့ပေါ၊ မဟုတ်ရင်  သွေးမထွက်တာတောင် အရေပြားကို ပွန်းပဲ့သွားစေနိုင်သေးတယ်။

ဒါကို ချမ်းသာတဲ့ မိသားစုက သခင်မလေးလို့ ခေါ်တာလား? ဒီမိန်းမပျိုလေးက တော်တော် ဒေါသ ကြီးတယ်။

          ကျွော့ချင်းက ခေါင်းယမ်းကာ ခြံဝင်း ပြောင်းရန် ချီထျန်းယုအား တောင်းဆိုဖို့ ဆုံးဖြတ်လိုက်သည်။ သူမက တခြားသူကို စော်ကားရန် မတတ်နိုင်သော်လည်း ရှောင်ရှားရန်တော့ တတ်နိုင်သေးသည်။

  ခဏလောက် လမ်းလျှောက်ပြီးနောက် ဤရေပူစမ်းဥယျာဉ်ငယ်လေးက အလွန်ကြီးမားပြီး လက်ရာမြောက်လှကြောင်း သူမ သိလိုက်ရသည်။ အထူးသဖြင့် သူမရှေ့ရှိ ခြံဝင်းက သိမ်မွေ့ပြီး ချစ်ဖို့ကောင်းလှသည့် ပန်းရောင်တောင်ဇလပ်များ ပေါများလွန်းနေသည်။ ကြည်နူးသွားသော ကျွော့ချင်းက ပွင့်ချပ်များကို ပွတ်သပ်နေရင်း သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး လို့ရှီးယန်၏ ခြံဝင်းက သူမရှေ့တွင် ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်တွက် သူ၏ပန်းနာရင်ကျပ်ရောဂါ သက်သာလာလေမလားဟု သူမ တွေးနေမိသေးသည်။

လို့ရှီးယန်၏ ထူးခြားပြီး ကြည်လင်ပျော့ပျောင်းသော အသံ သူမ အနောက်မှ ထွက်လာသည့်အချိန်အထိ ကျွော့ချင်းက အတွေးထဲတွင် နှစ်မြုပ်နေဆဲဖြစ်သည်။

  သူ့အကြောင်းတွေးနေဆဲမှာင် သူ ပေါ်လာသောကြောင့် ကျွော့ချင်းက ကြောင်တောင်တောင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး "ရှင် နေကောင်းသွားပြီလား?"

  "ပိုကောင်းလာပါပြီ" လို့ရှီးယန်က ပူနွေးသောနေရောင်အောက်တွင် ဖြည်းညှင်းစွာ လျှောက်လာကာ သူ၏ဝတ်ရုံက အနည်းငယ် လှုပ်ခတ်နေသည်။ သူ့မျက်လုံးများက ပြုံးနေပြီး သူက အနည်းငယ် ပျင်းရိနေပုံရသည်။ ကျွော့ချင်း၏ ရှေ့သို့ ရောက်သောအခါ လို့ရှီးယန်က ရယ်မောလိုက်ပြီး "ဘာကိစ္စရှိလို့လဲ? မင်း ကိုယ့်ကို လာတွေ့တာလား?"

    ကိစ္စရှိလို့ လာတွေ့တာလား?  

ကျွော့ချင်းက ခနလောက်တွေးနေပြီးမှ ခေါင်းညိတ်ပြလိုက်ကာ "ကျွန်မ အလျင်စလို မလုပ်ချင်ပေမယ့် ကျွန်မရဲ့ညီမလေးကို အမြန်ဆုံး တွေ့ချင်တယ်၊ ကျွန်မ သူ(မ)ကို အရမ်းလွမ်းတယ်"

သူမနဲ့ ကုယွင်တို့က ထူးဆန်းတဲ့ ပါကွာ့စက်ဝိုင်းကို အတူတူ တွေ့ခဲ့ကြပြီး မူးလဲသွားခဲ့ကြတယ်။ ယုတ္တိရှိရှိ ပြောရရင် အဲ့ပစ္စည်းကြောင့် သူမ ဒီလောကထဲကို ရောက်လာခဲ့တာလည်း ဖြစ်နိုင်တယ်။ သူမတို့ လမ်းခွဲတာ လတစ်ဝက်ကျော်သွားပြီ။ ချင်းညီအစ်မတွေကြားမှာ ကုယွင် ရှိ မရှိ သူမ တကယ်ကို အတည်ပြုချင်နေပြီ။ ကုယွင် မရှိရင်ရော ဘယ်လိုလုပ်ရမလဲ? သူမကို ဘယ်လို ရှာရမလဲ? အဲ့တာဆို  ကောက်ရိုးပုံထဲတွင် အပ်ကို ရှာသလိုဖြစ်နေမှာ သံသယဖြစ်စရာတောင် မလိုတော့ဘူး။ သူမတို့ရဲ့အသွင်အပြင်တွေက ပြောင်းလဲသွားပြီလေ!

  သူမ ရင်ဘတ်ပေါ်မှ စကားလုံးက ‘ဖုန့်’ဆိုသည့် စကားလုံး ဟုတ် မဟုတ် မနေ့က ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသော်လည်း လို့ရှီးယန်က သူမ ချင်းဖုန့် ဖြစ်ကြောင်း သူ့နှလုံးသားထဲမှ ယုံကြည်ထားပြီးသား ဖြစ်သည်။

ဒီကမ္ဘာပေါ်မှာ သူတို့ရဲ့ ရင်ဘတ်မှာ ဆေးမှင်ကြောင်ထိုးထားတဲ့ လူအနည်းငယ်ပဲ ရှိတယ်။ ခန္ဓာကိုယ် အပူချိန်မြင့်မားလာချိန်မှ မြင်နိုင်တဲ့ဆေးမှင်ကြောင်က  ပိုထူးခြားနေသေးတယ်။ 

မနေ့က သူမက သူ့ကို ကယ်ဆယ်ရန် စိတ်အားထက်သန်နေသည်ကို တွေးလိုက်မိချိန်တွင် လို့ရှီးယန်၏နှလုံးသားက ပူနွေးလာပြီး "ကိုယ် နည်းလမ်းရှာပေးပါ့မယ်။ စစ်သူကြီးစုနဲ့ ကိုယ်က အရပ်ဘက်နဲ့ စစ်ဘက်ရေးရာတွေကို အသီးသီး တာဝန်ယူထားရတယ်။ ကိုယ်တို့က အဆက်အသွယ် သိပ်မရှိဘူး။ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ခွင့်ရအောင် ကိုယ် နည်းလမ်းရှာပေးပါ့မယ်"

  "ကောင်းပြီ"

သူမ တစ်ယောက်ကို တွေ့ရရင်တောင် အဆင်ပြေနိုင်သေးတယ်။ အဲ့ညီမက ကုယွင် ဖြစ်နိုင်မလား?

ချုံယွဲ့ဧကရာဇ်၏ လင်းယုန်ငှက်ကဲ့သို့ မျက်လုံးများကို ရုတ်တရက် သတိရသွားချိန်တွင် ကျွော့ချင်းက အနည်းငယ် စိုးရိမ်လာပြန်သည်။ 

ထိုဧကရာဇ်က  အသေးအမွှား မဟုတ်သည်မှာ သေချာနေသော်လည်း ကုယွင်ကလည်း ဒေါသကြီးသော မိန်းခလေးဖြစ်ပြီး စိတ်မရှည်သည်မှာ သေချာနေလေသည်။

ကျွော့ချင်းက သူမဘာသာ တစ်ယောက်တည်း တွေးနေပြီး လို့ရှီးယန်ကလည်း သူမကို အနှောက်အယှက်မပေးခဲ့ပေ။ ယနေ့တွင် ကျွော့ချင်းက  ငန်းဝါရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ဆံပင်အရှည်များကို ကျစ်ထားဆဲဖြစ်သည်။ သူမက တောင်ဇလပ်ပန်းများကြားထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကာ မျက်မှောင်ကြုတ်ထားပြီး သူမ၏မျက်ခုံးလေးများကြားထဲမှ ဝမ်းနည်းမှုအရိပ်အမြွက်လေးများက အေးစက်မှုများနှင့် ရောထွေးနေခဲ့သည်။ မူလက သူမ၏ရုပ်ရည်နှင့် စိတ်နေစိတ်ထားက မည်သို့ပင်ရှိစေကာမူ  ယခုအချိန်တွင် အထူးပင် လှပနေလေသည်။

ကျွော့ချင်း အသိပြန်ဝင်လာချိန်တွင် လို့ရှီးယန်၏အကြည့်များက အလွန်ပူလောင်နေသည်ကို သူမ ခံစားလိုက်ရပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး ကျွော့ချင်းက အနည်းငယ် ရှက်သွားခဲ့သည်။

အခန်းထဲမှ ဒေါသထွက်နေသေးသည့် လို့ရှီးဝူကို တွေးမိသွားချိန်တွင် ကျွော့ချင်းက "ကျင်းစက အရမ်းငယ်တယ်နော်။ သူက ငယ်ငယ်လေးကတည်းက ၀န်ကြီးချုပ်အိမ်တော်ရဲ့ အိမ်တော်ထိန်းအနေနဲ့ ရှင့်နောက်ကို လိုက်နေတာလား?”

    လို့ရှီးယန်က အံ့အားသင့်သွားပြီး သူမ ဘာကြောင့် ကျင်းစကို ရုတ်တရက် မေးလိုက်သည်ကို နားမလည်သော်လည်း သူက ပြုံးလိုက်ကာ "ဟုတ်တယ်၊ သူ့အဖေက ကိုယ်တို့ရဲ့အိမ်တော်ထိန်းဖြစ်ခဲ့တာ"

ငါ သိပြီ! အဲ့တော့ လို့ရှီးဝူနဲ့ ကျင်းစတို့က ငယ်သူငယ်ချင်းတွေ  ဖြစ်နိုင်တယ်မလား?! လို့ရှီးဝူက ကျင်းစကို တဖက်သတ် သဘောကျနေတာလား? ဒါမှမဟုတ် ကျင်းစကလည်း လို့ရှီးဝူကို ကြိုက်နေတာ ဖြစ်နိုင်လား? 

ကျွော့ချင်းက အနည်းငယ်သာ သိချင်နေခဲ့သော်လည်း စပ်စုရုံအပြင် ဘာမှ လုပ်စရာမရှိသောကြောင့် ပြုံးလိုက်ကာ "ဒါဆို သူ့မှာ သူ ကြိုက်တဲ့သူရှိလား?”

  လို့ရှီးယန်၏နှလုံးသားထဲမှ မကျေနပ်မှု အရိပ်အယောင်များ ပေါ်လာပြီး သူ့၏ အပြုံးက မပြောင်းလဲသွားသော်လည်း သူ့လေသံ အနည်းငယ် မာလာခဲ့သည်။ "ဖုန့်အာက သူ့ကို အရမ်း စိတ်ဝင်စားနေတာလား?"

  ကျွော့ချင်း၏ မျက်ခုံးများက တွန့်ကျသွားပြီး သူမ၏အသံက ရေခဲကဲ့သို့ အေးစက်နေကာ "တစ်ခုလောက် ဆွေးနွေးရအောင်။ ကျွန်မကို ဖုန့်အာလို့ မခေါ်လို့ မရဘူးလား?"

  လို့ရှီးယန်က အံ့အားသင့်သွားကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "မင်းက ဒီနာမည်ကို မကြိုက်ဘူးလား? ကိုယ်ကတော့ နားထောင်လို့ ကောင်းတယ်လို့ ထင်တယ်"

  ကြားရတာ စိတ်မသက်မသာဖြစ်တယ်ဟ! 

ကျွော့ချင်းက လို့ရှီးယန်နှင့် လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးနေချိန်တွင် ကျင်းစ၏ ထူးထူးဆန်းဆန်းပုံစံက ခြံဝင်းထဲတွင် ရုတ်တရက် ပေါ်လာပြီး သူ့အသံက ထူးထူးခြားခြား အရေးတကြီး ဖြစ်နေပုံရသည်။

"သခင်"

  "သခင်မလေးက စာတစ်စောင်ချန်ထားပြီး ထွက်ပြေးသွားတယ်"

သူ အစွမ်းကုန် ဖုံးကွယ်ထားသော်လည်း လို့ရှီးယန်နှင့် ကျွော့ချင်းတို့ နှစ်ဦးစလုံးက သူ့မျက်လုံးများထဲမှ ထိတ်လန့်ကြောက်ရွံ့မှုကို မြင်နေရသည်။

  မဟုတ်သေးဘူး! 

ကျွော့ချင်းက ထိတ်လန့်တုန်လှုပ်သွားပြီး "စာတစ်စောင်ချန်ပြီး ထွက်ပြေးသွားတာလား၊ သူ(မ) ဘာရေးထားလဲ?"

ကျင်းစ၏မျက်နှာက ညှိုးငယ်နေသော်လည်း နောက်ဆုံးတွင် သူက သူ့အင်္ကျီလက်ထဲမှ စာရွက်လေးတစ်ရွက်ကို ထုတ်ယူလိုက်သည်။

  ကျွော့ချင်းက စကားလုံးအနည်းငယ်သာ ရေးထားသော စာကို အမြန်ယူလိုက်သည်။ “ရှင် ကျွန်မကို မတွေ့တော့ရင် ရှင် စိတ်အနှောက်အယှက်ဖြစ်မှာကို  စိုးရိမ်စရာ မလိုတော့ဘူး၊ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး!”

  ကောင်းကင်ကြီးရေ! သူမ ခုန ပေါ့ပေါ့ပါးပါး ပြောခဲ့တာက သူမကိုယ်သူမ အန္တရာယ်ပြုဖို့ မဟုတ်ဘူးလေ၊ ကျင်းစက သူမကို စိတ်ပူစေဖို့ အန္တရယ်ရှိတဲ့ အခြေအနေကို ခုန်ချသွားတာလား?! ဒီကောင်မလေးက ဘာတွေ တွေးနေတာလဲ!

 ကျွော့ချင်းက လို့ရှီးယန်ထံသို့ စာကို လှမ်းပေးလိုက်ကာ သက်ပြင်းချလိုက်ပြီး "ရှင့်ညီမက သန်မာတဲ့ ကလေးတစ်ယောက်ပါ။ သူ့ကို သီးသန့်သွားရှာကြည့်ရအောင်၊ မဟုတ်ရင် သူ(မ) ဘယ်လိုအခက်အခဲတွေ ကြုံရမယ်ဆိုတာ ကျွန်မတို့ မသိနိုင်ဘူး”

  လို့ရှီးယန်က သူမလက်ထဲတွင်ရှိသော စာကို တစ်ချက်ကြည့်ရုံသာကြည့်ပြီး သူမလက်ကို ဆုပ်ကိုင်ထားသည်။ သူ့မျက်နှာတွင် စိုးရိမ်သောကရောက်နေသော အမူအရာများ မရှိဘဲ ကျွော့ချင်းကို "မင်းက ပန်းခြံသေးသေးလေးမှာနေပြီး အဲဒါကို ရှာကြည့်လိုက်ပါ။ ရှီးဝူက အဲ့မှာလည်း ဖြစ်နိုင်တယ်။ သူ(မ) ကိုယ်တို့ကို ခြောက်လှန့်ဖို့ ပုန်းနေတာလဲ ဖြစ်နိုင်တယ်၊ ထျန်းယုနဲ့ ကိုယ် အနီးနားကလူတွေကို ရှာခိုင်းဖို့ စီစဉ်ပေးမယ်"

ကျင်းစ၏ ကြောက်ရွံ့သော အကြည့်ကို ကြည့်ပြီး သူမ တွေးမိတာက သူ သတင်းမပို့မီ အိမ်ကို လိုက်ရှာခဲ့ပြီးပြီ ဖြစ်နိုင်ကောင်းပင်။ လို့ရှီးဝူက ရေပူစမ်း ဥယျာဉ်ထဲတွင် ရှိနေဆဲပင်။ လို့ရှီးယန်က သူမကို အပြင်မထွက်စေချင်ကြောင်း ကျွော့ချင်းက သိလိုက်ပြီး သူမက သူ့သဘောအတိုင်း လိုက်နာခဲ့သည်။

  လို့ရှီးယန်က ကျင်းစနှင့် အမြန်ထွက်သွားခဲ့သည်။ ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး လို့ရှီးဝူ ဘယ်သွားမှာလဲဟု တွေးနေခဲ့သည်။

✍️✍️✍️