အခန်း ၂၉ ချမ်ကျင်း
ရေပူစမ်းဥယျာဉ်၏
အဓိကခန်းမတွင်...
လရောင်က
ဆွဲဆောင်မှုရှိစွာ ဖြာကျနေပြီး စိတ်ကူးယဥ်ဆန်နေလေသည်။ ညလေညင်းက တိုက်ခတ်နေပြီး
ပန်းရနံ့များက လူများကို လန်းဆန်းစေသည်။ သစ်ပင်များနှင့်မြက်ပင်များမှ ထွက်လာသော
စိမ်းစိုစိုရနံများနှင့် မြူခိုးများ ဝေနေသော
ရေနွေငွေ့များက အခန်းတွင်းသို့ ဝင်ရောက်နေသလို တွန့်လိမ်နေသော ဖယောင်းတိုင်မီးတောက်များဖြင့်
တောက်ပသော ခန်းမဆောင်တွင်လည်း လက်ဖက်ရည်၏ ရနံ့များဖြင့် ပြည့်နှက်နေလေသည်။
အရာအားလုံးက အလွန်လှပနေသယောင်ထင်ရသော်လည်း လေထုက အနည်းငယ် စိုးရိမ်စရာဖြစ်နေသလို အနည်းငယ်
အဆင်မပြေဖြစ်နေပြီး ထူးဆန်းနေခဲ့သည်။
လို့ရှီးယန်နှင့် ကျွော့ချင်း နှစ်ယောက်စလုံးက
ရေစိုအဝတ်အစားများကို ၀တ်ဆင်ထားပြီး လို့ရှီးယန်က ပင်မထိုင်ခုံတွင် ထိုင်နေကာ သူ့လက်ထဲတွင်
လက်ဖက်ရည်ခွက်ကို ကိုင်ထားခဲ့သည်။ သူ့၏နှုတ်ခမ်းထောင့်များက အနည်းငယ် ပင့်တက်နေပြီး
သူ့၏အနည်းငယ် ကျဉ်းမြောင်းသည့်မျက်လုံးများက သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ထဲတွင် မျောနေသည့်
လက်ဖက်ရွက်များကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူ့ပုံစံကြောင့် သူ ပျော်ရွှင်နေလား
ဒေါသထွက်နေလားဆိုသည်ကိုပင် ပြောရန် ခက်ခဲလှသည်။
ချမ်ကျင်းက
အခန်းရှေ့တွင် တစ်ဝက်တစ်ပျက် မှီရပ်နေပြီး လက်ထဲတွင် ပုစဉ်းရင်ကွဲ
အတောင်ပံများကဲ့သို့ သေးငယ်သော ဓားပျံကို ဆော့ကစားနေသည်။ သူ့မျက်နှာက ပျင်းရိငြီးငွေ့မှုနှင့်
စိတ်မရှည်မှုတို့ဖြင့် ပြည့်နှက်နေသည်။ မော့ပိုင်က လို့ရှီးယန်အနားတွင် ရပ်နေပြီး
စူးရှသော အပြာရောင် မျက်လုံးတစ်စုံက ချမ်ကျင်း၏လက်ထဲမှ ဓားသွားကို သတိထားပြီး စိုက်ကြည့်နေသည်။
ကျွော့ချင်းက
လက်တစ်ဖက်တွင် မုန့်တစ်ခု ကိုင်ထားပြီး ကျန်တစ်ဖက်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။
အဆုံးတွင် သူမက အခန်းအတွင်းမှ လျှို့ဝှက်စွာ အားပြိုင်နေကြသော လူအုပ်စုကို လုံးဝ
လျစ်လျူရှုလိုက်ပြီး ဘေးအကျဆုံးထိုင်ခုံတွင် ဝင်ထိုင်ကာ အေးအေးလူလူ စားသောက်နေတော့သည်။
ချီထျန်းယုက
တံတွေးမျိုချလိုက်ပြီး ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်လုပ်နေရင်းမှ
ဘာမှ မပြောဘဲနေရခြင်းက ပို၍ စိတ်မသက်မသာ ဖြစ်စေသလို
ခံစားလိုက်ရသည်။ ထို့ကြောင့်ချီထျန်းယုက
အနည်းငယ် ချောင်းဟန့်လိုက်ပြီး မတ်တပ်ထရပ်ကာ ခန်းမအလယ်သို့ လျှောက်သွားလိုက်သည်။
သူက လို့ရှီးယန်ကို ကြည့်ကာ "လို့ရှီးယန်....
သူက"
သူက
အပြုံးဖြင့် မိတ်ဆက်ပေးရန် ကြိုးစားလိုက်သော်လည်း လို့ရှီးယန်၏အဆင့်အတန်းကြောင့်
တိုက်ရိုက်ပြောပြရန် အဆင်မပြေတော့ပေ။ ချီထျန်းယုက တုံ့ဆိုင်းသွားပြီး
ခဏလောက်ကြာတော့ “သူ့က… ငါ့ရဲ့သူငယ်ချင်းကောင်း”
ချီထျန်းယုက ချမ်ကျင်းကို
ထပ်ကြည့်လိုက်ပြီး ခဏလောက်စဉ်းစားနေကာ နောက်ဆုံးတွင် သူက "ဒါက ချမ်ကျင်းပါ၊
သူကလည်း ငါ့သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ"
လို့ရှီးယန်က
ခေါင်းကို အနည်းငယ် မော့ကာ ဖျတ်ခနဲ ပြုံးလိုက်ပြီး "မင်းရဲ့ အကူအညီအတွက်
ကျေးဇူးတင်ပါတယ် ချမ်သခင်လေး"
သူက လို့ရှီးယန်လား?! ကျက်သရေရှိပြီး
ချဉ်းကပ်ရလွယ်ကူတယ်လို့ တိုင်းပြည်ခြောက်ခုစလုံးမှာ ကျော်ကြားနေတဲ့သူလား?
ချမ်ကျင်းက
စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။
ဒီလူက
အတုအယောင်ပဲ၊ အခုန ရေပူစမ်းမှာ ဒီလိုအပြုအမူမျိုး မရှိခဲ့ဖူးဘူးလေ!
ချမ်ကျင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့်
လက်ခုပ်အုပ်ကာ "ကျွန်တော်မျိုး မခံယူရဲပါဘူး၊ ဝန်ကြီးချုပ်က
အရမ်းနာမည်ကြီးတဲ့အတွက် ခုလိုတွေ့ရတာက ကျွန်တော်မျိုး ကံကောင်းတာပါ"
အဲ့ဒိရုပ်ဆိုးတဲ့အမျိုးသမီးက
သူ့နောက်ကို လိုက်နေတယ်လား? ဘယ်လိုသေဆုံးသွားမှန်းတောင် မသိအောင် လှည့်စားခံရပြီး အသတ်ခံရနိုင်တယ်လေ!
အင်း. . . . . သူတို့ကြားမှာ ဘာအမုန်းတရားတွေရှိလို့လဲ!
အမှန်တကယ်တွင်
ချီထျန်းယုလည်း အတွေးများနေခဲ့သည်။ သို့သော်လည်း သူက တိုက်ရိုက်မေးရလောက်အောင်တော့
မမိုက်မဲသေးပေ။ သူက တခြားဘယ်သူမှ မရှိသလို ပျော်ရွှင်စွာစားသောက်နေသည့် ကျွော့ချင်းကို
အမြန် ညွှန်ပြလိုက်ပြီး "ဒါက ဟောင်ယွဲ့ပြည်ထောင်က သခင်မလေးချင်းဖုန့်ပါ"
"ချင်းမိသားစုရဲ့သမီးသုံးယောက်ထဲက တစ်ယောက်လား?"
ချမ်ကျင်းက
ရုတ်တရက် ကိုယ်ကိုမတ်လိုက်ပြီး ကျွော့ချင်းကို ခဏလောက် စိုက်ကြည့်နေပြီးနောက်
စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
ကျွတ်၊ကျွတ်...
ငါ ကောလဟာလတွေကို မယုံခဲ့သင့်ဘူး၊ အိုး
မဟုတ်ဘူး၊ ဟုတ်တယ် ငါ လုံးဝ မယုံတော့ဘူး...
ချင်းမိသားစုရဲ့
ညီအစ်မ သုံးယောက်ရဲ့ လှပတဲ့ ဂုဏ်သတင်းက ဘယ်လောင်တောင် သတင်းကြီးလိုက်သလဲ? သူမတို့က
ဘယ်လောက် ကြော့ရှင်းပြီး ဘယ်လောက် ချောမောတယ်၊ ဘယ်လောက် နူးညံ့သိမ်မွေ့ပြီး ဘယ်လောက်
တင့်တယ်တယ်ဆိုတာကို သူ ကြားဖူးနားဝ ရှိဖူးပြီး ဟောင်ယွဲ့ကို သွားကြည့်ဖို့တောင်
တွေးခဲ့ဖူးတယ်။ တောက်ပနေတဲ့ လရောင်မှာ သူမတို့ရဲ့ လှပတဲ့ မျက်နှာလေးတွေကို
မြင်လိုက်ရရင်...
ခုတော့...
တော်သေးတယ်...ငါ
မသွားမိလို့...
ချမ်ကျင်းက ညင်သာစွာ
နောက်ပြန်ဆုတ်လိုက်ပြီး သူ့လက်ထဲမှ ချွန်ထက်သည့် ဓားသွားများကို တစ်နေရာရာသို့
ဝှက်ထားလိုက်သည်။
ဒီကမ္ဘာကြီးက
အန္တရာယ်များလွန်းတယ်လေ။
ချမ်ကျင်းက
သူ့နှာခေါင်းကို ထိလိုက်ပြီး “ငါ အရင်ထွက်သွားတာက ပိုကောင်းလိမ့်မယ်”
ချမ်ကျင်း ထွက်သွားရန်
ပြင်လိုက်ချိန်တွင် ချီထျန်းယုက စိတ်ပူသွားပြီး "နေပါဦး ညီအကိုရဲ့...
အလျင်လို မနေပါနဲ့၊ ငါတို့ ဒီကိစ္စကို သေသေချာချာ မဆွေးနွေးရသေးဘူး မဟုတ်လား?"
ချမ်ကျင်းက
ခဏရပ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။ "ကောင်းပြီ၊
ငါ့ဘက်က ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ မင်း ခိုင်းတာကို ငါ လုပ်ပေးမယ်။
စျေးနှုန်းအနေနဲ့ ပုံမှန်နှုန်းထားအတိုင်း တွက်ပေးပေါ့၊ ငါ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး"
ချီထျန်းယုက ထိုကိစ္စကို
စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ရပါတယ်"
ချီထျန်းယုက
အလွန်အလျင်လိုနေခြင်း ရှားပါးလွန်းသောကြောင့် လို့ရှီးယန်က မျက်မှောင်ကြုတ်ကာ
မတ်တပ်ထရပ်လိုက်ပြီး "ထျန်းယု၊ မင်း ဘာတွေဖြစ်နေတာလဲ? မင်းက ငါ့ကို ဘာမှ မပြောခဲ့ဘူး၊
စောစောပြောခဲ့မယ်ဆိုရင် ငါ မင်းကို လာနှောက်ယှက်မှာ မဟုတ်ဘူး"
"မဟုတ်ဘူး၊ ရှီးယန်၊ ဒါက ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး!"
လို့ရှီးယန်
မတ်တပ်ထရပ်လိုက်သည်ကို မြင်လိုက်ချိန်တွင် ချီထျန်းယုက လို့ရှီးယန်အနေဖြင့် အရေးတကြီးကိစ္စရပ်ဟု
နားလည်မှု လွဲသွားမည်ကို စိုးရိမ်သည့်အတွက် သူ အလောတကြီး ရှင်းပြလိုက်သည်။ "ငါ
ပြောပြပါ့မယ်၊ အခြေအနေက ဒီလိုပါ၊ လူတစ်ယောက်က လောင်းကစားရုံမှာ သုံးရက်ကြာအောင်
လောင်းကစားလုပ်ပြီး ငွေလျန်ပေါင်းများစွာ ဆုံးရှုံးခဲ့တယ်။ နောက်တော့ သူက လောင်းကစားရုံက
သူ့ကို လှည့်စားပြီး ပိုက်ဆံပြန်ပေးစေချင်တယ်လို့ အခိုင်အမာ ပြောခဲ့တယ်။ ဒါက မဖြစ်နိုင်ဘူးလေ၊
အကုန်ဖြေရှင်းပြီးမှ သူက ငါတို့ အိမ်ထဲကို ခိုးဝင်ခဲ့တယ်၊ သူက ထျန်းရှင်းကို ပြန်ပေးဆွဲပြီး
ခြိမ်းခြောက်ချင်ပေမယ့် ထျန်းရှင်းရဲ့ကိုယ်ပိုင်အစေခံ ရူအာကို ပြန်ပေးဆွဲသွားတာ
နှစ်ရက်ရှိသွားပြီ။ ထျန်းရှင်းက ရူအာကို ပြန်ရှာပေးဖို့ နေ့တိုင်း ငါတို့ကို ဒုက္ခပေးနေတယ်၊
တစ်မိသားစုလုံးကိုလည်း စိတ်မချမ်းမသာ ဖြစ်စေခဲ့တယ်။ အဲ့တာကြောင့် အားလုံးငြိမ်းချမ်းဖို့ အစ်ကိုချမ်ကို အဲဒီလူဆိုးကို
ရှာပြီး ရူအာကို ကယ်တင်ပေးဖို့ အကူအညီတောင်းထားတာပါ၊ ငါ့အတွက် စိတ်မပူပါနဲ့"
ဒီလိုမျိုးဖြစ်ခဲ့တာလား?
လို့ရှီးယန်က
မျက်ခုံးပင့်လိုက်ပြီး "မင်း တာဝန်ရှိသူတွေကို သတင်းပို့ပြီးပြီလား?"
"သတင်းပို့ပြီးပြီ၊ မင်းက နေမကောင်းဖြစ်နေပြီး မင်းရဲ့အခြေအနေက အရေးကြီးတဲ့
အနေအထားမှာ ရှိနေတယ်။ ဒီလို အသေးအမွှားကိစ္စတွေအတွက် မင်းကို ဒုက္ခပေးချင်ဘူး"
မူလက သူ ရှီးယန်ကို
ပြောပြချင်ပေမယ့် သူ စဉ်းစားနေတုန်းမှာပဲ ရှီးယန်ရဲ့ရောဂါဟောင်းက ပြန်ဖြစ်လာတယ်လို့ ကြားလိုက်ရတယ်။
အဲ့လိုအချိန်မှာ သူက ရှီးယန်ကို ဘယ်လို ဒုက္ခပေးနိုင်တော့မှာလဲ?
"အစိုးရရုံးက သတင်းတစ်ခုခု မရှိဘူးလား?"
မဟုတ်ရင် ထျန်းယုက တစ်ခြားလူကို
အကူအညီတောင်းမှာ မဟုတ်ပါဘူး။
သူ
မျှော်လင့်ထားသည့်အတိုင်း ချီထျန်းယုက ပြန်ဖြေလာခဲ့သည်။
"ဘာသတင်းမှ
မရှိဘူး"
ထွက်ခွာခါနီးဖြစ်နေသည့်
ချမ်ကျင်းက ထိုစကားကို ကြားသွားပြီး တိုးတိုးလေး နှာမှုတ်လိုက်သည်။ သူက အောင်ပွဲခံနေသည့်အမူအရာဖြင့်
"အစိုးရဘက်က အကုန် မလုပ်နိုင်ဘူး၊ မဟုတ်ရင် မင်းက ငါ့ကို ဘာလို့ ခိုင်းနေမှာလဲ?"
လို့ရှီးယန်က
မျက်ခုံးပင့်ကာ တံခါးအပြင်ဘက်ရှိလူကို တစ်ချက်ကြည့်လိုက်သည်။
ချီမိသားစုက
အဓိကအားဖြင့် လောင်းကစားရုံဖွင့်တယ်။ အခု သူတို့က တစုံတစ်ဦးကို
အကူအညီတောင်းတယ်ဆိုရင် အဲ့ဒိလူက ဘယ်လိုလူမျိုးဖြစ်မလဲ? ပြီးတော့ သူနဲ့ ချင်းဖုန့်က
အရင်ကတည်းက အသိအကျွမ်းတွေ ဖြစ်ပုံရတယ်။
ချမ်ကျင်းက
သူ့အထောက်အထားအတွက် ဖုံးကွယ်ထားခြင်း မရှိသလို လို့ရှီးယန်ကလည်း
အလွန်စိတ်ဝင်စားသောကြောင့် ချီထျန်းယုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "အစ်ကိုချမ်က
ဒီချုံယွဲ့မှာ အကျော်ကြားဆုံး ကြေးစားမုဆိုးပါ။ အစိုးရက ဖမ်းမမိနိုင်တဲ့ လူတွေကို
တရားမျှတမှု့အတွက် ဖမ်းပေးနိုင်တယ်။ သူက လူတွေကို ရှာဖွေပြီး ရာဇ၀တ်ကောင်တွေကို
ဖမ်းတာ အရမ်းတော်တယ်"
ကြေးစား? ချုံယွဲ့မှာ
ကြေးစားတွေ အများကြီးရှိပေမယ့် ကျော်ကြားတယ်လို့ ပြောနိုင်တာက "ယဲ့မိန်" နဲ့ "အောက်ထျန်း" တို့ပဲ ရှိတယ်။ ချမ်ကျင်းကို
သူ တစ်ခါမှ မကြားဖူးဘူး၊ သူကြားဖူးတာက "ယဲ့မိန်" ဒါမှမဟုတ်ရင်
“အောက်ထျန်း"ပဲ...
လို့ရှီးယန် သူ့ဘာသာသူ တွေးနေစဥ်မှာပင် ကြည်လင်ပြတ်သားသည့်
အမျိုးသမီးသံတစ်သံ ထွက်ပေါလာခဲ့သည်။ "ဒါက တကယ်ကို အံ့သြစရာကောင်းတယ်၊ အကျော်ကြားဆုံးလူက
ရာဇ၀တ်ကောင်ကို ဖမ်းမိပြီး သူ့ကို ပြန်ထွက်ပြေးသွားအောင် လုပ်နိုင်သေးတယ်။
အံ့သြစရာပဲ!"
ကျွော့ချင်းက
သူမလက်ပေါ်မှ ကိတ်မုန့်အမှုန့်လေးများကို သူမလက်ဖြင့် ပုတ်လိုက်ရင်း
ခပ်ရွဲ့ရွဲ့ပြောနေကာ သူမ၏မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။
ချမ်ကျင်း၏ဝင့်ကြွားနေသည့် မျက်နှာက ရုတ်တရက်
အေးခဲသွားပြီး သူက ကျွော့ချင်းကို စိုက်ကြည့်နေကာ ဒေါသတကြီးဖြင့် "မိန်းခလေး၊
မင်း မာနကြီး မနေပါနဲ့၊ ငါ့ ပိုက်ဆံပြန်ပေး!"
ကျွော့ချင်းက
ရယ်မောလိုက်ပြီး "ရှင်က တကယ်ကို ပိုက်ဆံမက်တဲ့လူပဲ။ ရှင်က ပိုက်ဆံကို ရူးသွပ်နေတာပဲ၊
ကျွန်မ ရှင့်ကို ဘယ်တုန်းက အကြွေးတင်ခဲ့တာလဲ၊ ဒါမှမဟုတ် ရှင်
အယ်လ်ဇိုင်းမားရောဂါရနေတာလား?"
အယ်လ်ဇိုင်းမားရောဂါဆိုတာဘာလဲ?! ဒါပေမယ့် ဒီအကြည့်ကတော့
ကောင်းတာ မဟုတ်လောက်ဘူး။
ချမ်ကျင်းက
ခန်းမထဲသို့ ပြန်ဝင်သွားပြီး လို့ရှီးယန်ကို ဘေးစောင်းကြည့်လိုက်ကာ ကျွော့ချင်းကို
ဆူပူလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက်က မင်း ဒဏ်ရာ ရခဲ့တယ်၊ ငါ မင်းကို ပေးလိုက်တဲ့ဆေးက
လျန်ငါးဆယ်တန်တယ်။ လျန်ငါးဆယ်!! ဆေးဖိုး ပြန်ပေး၊ မင်းက ဝန်ကြီးချုပ်ရဲ့မိန်းမ၊
မင်းလည်း လျန်ငါးဆယ်တော့ တတ်နိုင်သေးတယ်!"
"ငါက ဘယ်တုန်းက သူ့မိန်းမဖြစ်လာတာလဲ..."
ကျွော့ချင်း စကားမဆုံးခင်မှာပင် လို့ရှီးယန်က
ကြည်လင်ပြတ်သားသည့်အသံဖြင့် "အဲဒီအချိန်တုန်းက ငါတို့ကို ကူညီခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ် ချမ်သခင်လေး၊ ဒီပိုက်ဆံတွေကို ဆေးဖိုးအဖြစ်သုံးလိုက်ပါ"
လို့ရှီးယန်၏စကားဆုံးသွားသည်နှင့်
မော့ပိုင်က ငွေစက္ကူတစ်ရွက်နှင့်အတူ ချမ်ကျင်းဆီကို လှမ်းလာနေခဲ့သည်။ ချမ်ကျင်းက ထိုငွေစက္ကူကို
လှမ်းမျှော်ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
“သြော်~ တကယ်ကို
ကြီးကျယ်ခမ်းနားတာပဲ၊ ဒီမှာ အနည်းဆုံး လျန်နှစ်ရာလောက်ပါတယ်”
ချမ်ကျင်း ငွေကို
မယူနိုင်သေးခင်မှာပင် လက်ဖြူဖြူလေးတစ်ဖက်က မော့ပိုင်၏လက်ထဲမှ
ငွေစက္ကူအမြောက်အများကို ယူသွားခဲ့သည်။
မင်းမှာ
ပိုက်ဆံရှိပေမယ့် သုံးစရာနေရာမရှိရင် ဘာလို့ ဖြုန်းနေတာလဲ?
ကျွော့ချင်းက
ချမ်ကျင်းရှေ့မှာ ပိုက်ဆံတွေကို ခေါက်လိုက်ပြီး သူမအင်္ကျီလက်ဝကျယ်ထဲသို့
ထည့်လိုက်ပြီး "ရှင့် အဲ့ဒဏ်ရာအကြောင်းကို သေသေချာချာ ပြောပြရဲရင် ရှင့်ကို သေချာရေတွက်ပေးမယ်"
ကျွော့ချင်းက ခေါင်းကို
ဖြည်းညှင်းစွာ မော့လိုက်သောကြောင့် သူမ၏လည်ပင်းတွင် ဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမက "ရှင် အဲ့လူဆိုးကို လိုက်ဖမ်းတုန်းက ကျွန်မကို ဒဏ်ရာရစေခဲ့တယ်၊ ဒဏ်ရာက
အခုထိ နာကျင်နေတုန်းပဲ။ အဲဒါက ကျွန်မခန္ဓာကိုယ်ကို ကြီးကြီးမားမား ထိခိုက်မှုတွေ
ဖြစ်စေခဲ့တယ်။ နောက်ဆက်တွဲတွေ ဖြစ်နိုင်တာတာကြောင့် ဆေးဖိုး၊ အလုပ်စရိတ်၊
အာဟာရဖိုး၊ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုအတွက် လျော်ကြေးစတာတွေကို ပေးသင့်တယ်။ ကျွန်မ
ရှင့်ကို လျန်တစ်ရာပဲ တောင်းလိုက်တယ်။ ရှင့်ရဲ့ ဆေးဖိုးလို့ ခေါ်တဲ့ ပိုက်ဆံကို
နုတ်ပြီးရင် ရှင် ကျွန်မကို နောက်ထပ် လျန်ငါးဆယ် ပြန်ပေး၊ အဲ့တာဆို ကျွန်မ ရှင်နဲ့
ငြင်းခုံမှာ မဟုတ်တော့ဘူး"
ကျွော့ချင်းက
ချမ်ကျင်းရှေ့တွင် ရပ်လိုက်ပြီး သူမ၏လက်ကို သပ်သပ်ရပ်ရပ် ဆန့်ထုတ်လိုက်ကာ "လျန်ငါးဆယ်၊
ငွေပြန်ပေး!"
ဆေးဖိုး? အလုပ်ပျက်ကွက်တဲ့အတွက်
အဖိုးအခ? အာဟာရဖိုး? စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက်
လျော်ကြေး?
ချမ်ကျင်းက
အနည်းငယ် စိတ်ရှုပ်သွားသော်လည်း လျန်ငါးဆယ်ကို ကြားလိုက်သောအခါ သူလည်း ချက်ချင်း နိုးကြားလာပြီး
"လျန်ငါးဆယ်၊ မင်းက ငွေညှစ်နေတာပဲ...အား"
ကျွော့ချင်းက
"အဲ့ပျက်စီးနေတဲ့ ဆေးပြားက ဘယ်ကရလာလဲတောင် မသိဘူး၊ ရှင်က လျန်ငါးဆယ် လိုချင်နေတယ်။ ဘယ်သူက ဘယ်သူ့ကို
လိမ်ညာနေတာလဲ?"
"ပျက်စီးတဲ့ဆေးလုံး ဒါက ထူးဆန်းတဲ့သမားတော်ရှီရဲ့ဆေးပဲ!! လျန်ငါးဆယ်က
မင်းအတွက် စျေးသက်သာနေတုန်းပဲ"
သေချာတာကတော့
သူ ဒီမိန်းကလေးကို ရှင်းပြနေလို့ ဘာမှ မထူးဘူး။
ချမ်ကျင်းက သူ့လက်ကို
ဒေါသတကြီး ဝှေ့ယမ်းလိုက်ပြီး ကြမ်းတမ်းစွာ
ပြန်ပြောလိုက်သည်။
"မေ့လိုက်တော့၊
မေ့လိုက်၊ မင်းလို ဥာဏ်မဲ့တဲ့ မိန်းခလေးနဲ့ စကားပြောရတာ ပျင်းဖို့ကောင်းတယ်"
ဥာဏ်မဲ့တဲ့
မိန်းခလေး! အရမ်းကောင်းတယ်၊
ကျွော့ချင်းက
သူမ၏ပါးစပ်ထောင့်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး အတုမရှိအပြုံးကို ထုတ်ဖော်လိုက်ကာ
"ကောင်းပြီ၊ ရှင့်ရဲ့ ကျိုးပဲ့နေတဲ့ ဆေးက လျန်ငါးဆယ်တန်နေရင်တောင် ရှင်
ကျွန်မကို အကြွေးငါးဆယ် ပေးရဦးမှာ၊ ကျွန်မကို ငွေပြန်ပေး။ ပေး!"
"မင်း!!"
သူက သူမကို
ဂရုမစိုက်ချင်တော့ပေမယ့် သူမက သူ့ကို လွှတ်ပေးဖို့ ငြင်းဆန်နေတယ်ပေါ့လေ။
ချမ်ကျင်း၏
မျက်လုံးများက ပြူးကျယ်သွားကာ ဒေါသကြောင့် တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။
"ငါတော့
ကံဆိုးတာပဲ၊ မိန်းခလေး၊ ငါ မင်းကို ထပ်မတွေ့ပါရစေနဲ့!!"
နောက်တစ်ကြိမ်
သူမက သူ့ကို ဒူးထောက်ပြီး တောင်းပန်ရင်တောင် သူကတော့ ကူညီမပေးတော့ဘူး။
ညည်းညူသံနှင့်အတူ ချမ်ကျင်းက
နောက်ပြန်လှည့်မကြည့်ဘဲ ခန်းမကြီးထဲမှ အမြန်ပြေးထွက်သွားခဲ့သည်။ ကျွော့ချင်းက
သူမ၏လက်နှစ်ဖက်ကို လက်ပိုက်လိုက်ပြီး ပြေးထွက်သွားသောလူကို ကြည့်နေရင်း မောက်မာစွာ
ရယ်မောလိုက်သည်။
"နောက်တစ်ခါတွေ့ရင်
ပိုက်ဆံပြန်ဆပ်ဖို့ မမေ့နဲ့!"
ငါ့နားထဲမှာ
နတ်ဆိုးသံတွေ ကြားနေရတယ်၊
ချမ်ကျင်းကလည်း
တီးတိုး ပြန်ကျိန်ဆဲနေခဲ့သည်။
နောက်တစ်ကြိမ်ဆိုတာ ရှိတော့မှာ
မဟုတ်ဘူး! ဒီရုပ်ဆိုးတဲ့မိန်းမကို
ဘယ်တော့မှ မတွေ့ချင်တော့ဘူး။
ကျွော့ချင်း
ရယ်မောနေသည်ကို ကြည့်နေသည့် လို့ရှီးယန်၏မျက်လုံးများ မှေးမှိန်သွားသည်။
ချမ်ကျင်းနဲ့
သူမရဲ့ဆက်ဆံရေးက ဘာလဲ? သူမက သူ့ရှေ့မှာ မောက်မောက်မာမာ ပြုံးပြတက်ပေမယ့်
အခုအချိန်မှာ သူမရဲ့ ပုံမှန် တည်ငြိမ်မှုတွေ၊ မာနတွေနဲ့ သီးသန့်ဆန်မှုတွေက
ပျောက်ဆုံးနေခဲ့တယ်။
ချမ်ကျင်း? သူ မှတ်ထားရတော့မယ်!