အခန်း
၂၆- ရေပူစမ်းဥယျာဉ် (အပိုင်း ၁)
“အဲ့သတ္တိက
ငါ သူ(မ)ကို ပေးခဲ့တာ” တိုးတိမ်ပျော့ပျောင်းသော အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။
လွန်ခဲ့သည့်အခိုက်အတန့်က
မောက်မာမှုများ ပြည့်နေခဲ့သည့် ရွှယ်ရှန်းရှင်း၏
မျက်နှာက ချက်ချင်းပင် အပြုံးများ ပြည့်နှက်လာခဲ့သည်။ သူမက အနောက်ဘက်သို့
ပြန်လှည့်ကာ လို့ရှီးရန်ဘက်သို့ မျက်နှာမူလိုက်ပြီး နာကျင်သော မျက်နှာ
ထောက်ထားစာနာဟန်ဖြင့် "ရှီးယန်၊ မင်း
ဘာလို့ အိပ်ရာကနေ ထလာတာလဲ? အခု မင်း ပိုကောင်းလာပြီဆိုပေမယ့် လေအေးနဲ့ ထိတွေ့မိရင်
အဆင်မပြေဘူးလေ”
ကျွော့ချင်းကတော့ အံသြတကြီး ဖြစ်နေခဲ့သည်။
ဒီမိန်းမက
ပြဇာတ်အဖွဲ့ကို သွားပြီး မလေ့ကျင့်နိုင်တာ စိတ်မကောင်းစရာပဲ။ အခုန သူမက
မာနကြီးပြီး မောက်မာလွန်းပေမယ့် အခုတော့ သူမက မေတ္တာရှင်မိခင်တစ်ယောက်လို
နူးညံ့သိမ်မွေ့နေပြီး ဂရုတစိုက်ရှိလွန်းနေပြန်တယ်။ နောက်ဆုံးတော့
သူမရဲ့မျက်နှာကို ပြောင်းလဲနိုင်တဲ့ အရည်အချင်းကို ငါ မြင်ဖူးသွားတာပေါ့။
လို့ရှီးယန်က ထိုအရာကို ကျင့်သားရနေပုံပေါ်ကာ အေးအေးဆေးဆေး
ပြန်ပြောလိုက်သည်။ "ကျွန်တော် ပိုကောင်းလာပါပြီ။ အခုကစပြီး ကျွန်တော်ရဲ့ဆေးတွေအားလုံး
ချင်းဖုန့်ဆီကို ပေးလိုက်"
သူက
ပြောပြီးသည်နှင့် ကျွော့ချင်းကို ကြည့်လိုက်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်သည်။
.
ဘာတုန်းဟ?
ကျွော့ချင်းက
မလှုပ်မယှက်ရပ်နေပြီး လို့ရှီးယန်က စကားတစ်ခွန်းမှ မပြောဘဲ သူမကို ချစ်ခင်မှုများပြည့်နေသည့်
အမူအရာဖြင့် ပြုံးပြုံးလေး စိုက်ကြည့်နေခဲ့သည်။ ကျွော့ချင်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ မျက်လုံးပြူးသွားတော့သည်။
ဒါက
ဘယ်လိုအမူအရာမျိုးလဲ? သူမ သူ့ဆီကို မသွားရင် သူမက အဆိုးအကောင်းကို နားမလည်သလို
ဖြစ်သွားပြီး လူကဲ့ရဲ့စရာဖြစ်သွားနိုင်ပေမယ့် ပြသနာက သူနဲ့ သူမကြားမှာ
မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးတောင် မရှိဘူးလေ၊ ဟုတ်ပြီလား?!
လို့ရှီးယန်က အလွန်စိတ်ရှည်နေပုံရပြီး သူမ ဘေးနားရှိလူများက
ကျွော့ချင်းကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေကြသည်။ ကျွော့ချင်းက သူမစိတ်ထဲတွင် ထပ်ခါတလဲလဲ
ဆဲဆိုနေခဲ့ပြီး သူ့၏စိတ်ရှည်မှုက အလွန်မြင့်မားကြောင်း နားလည်လိုက်ရသည်။
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူမ၏ စိတ်ရှည်မှုကလည်း အလွန်ကောင်းနေမွန်ကြောင်း
သူမ တွေ့ရှိခဲ့ရသည်။ သူမက ထိုအရာကို မေ့ပစ်ရန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ယခုအချိန်တွင် သူက လူနာတစ်ယောက်ဖြစ်နေသည်ဟု
ယူဆကာ သူ့ဆီသို့ မကျေမနပ် လျှောက်သွားလိုက်သည်။
လို့ရှီးယန်က ကျွော့ချင်း၏ ပခုံးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး
သူက ကျွော့ချင်းကို နှစ်သက်နေသည်ဟု ပိုသိသာသွားစေသည်။ ရွှယ်ရှန်းရှင်းလည်း ထိုအခြေအနေကို
မြင်နေရပြီး သူမက အရူးမဟုတ်ဘဲ ဆေးကို
ကျောက်စားပွဲပေါ် တင်လိုက်ပြီးနောက် အပြုံးဖြင့် သက်ပြင်းချလိုက်သည်။
"ကောင်းပြီ...ကောင်းပြီ၊ မင်း ဘာပဲဖြစ်ဖြစ်
မင်းပြောသလိုပါပဲ၊ ဒါတွေအားလုံးက ဒုတိယအမေက မင်းအကျိုးအတွက်လုပ်ခဲ့တာပါ”
လို့ရှီးယန်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်ပြီး "ဒုတိယအမေရဲ့ခြံဝန်းမှာလည်း
စိတ်ပူစရာတွေ အများကြီးရှိသေးတယ်၊ ဒါကြောင့် ဒုတိယအမေ လုပ်စရာရှိတာ သွားလုပ်လိုက်ပါ"
ရွှယ်ရှန်းရှင်းက
ခေါင်းညိတ်လိုက်ပြီး အပြုံးဖြင့် ထပ်ပြောလိုက်သည်။ "အဆင်ပြေပါတယ်... ဒီဆေးကို ပူနေတုန်း သောက်ရမယ်နော်"
ရွှယ်ရှန်းရှင်း၏မျက်နှာပေါ်တွင်
အပြုံးတစ်ခုရှိနေဆဲဖြစ်ကာ
သူမက အစေခံကောင်မလေးများနှင့်အတူ အမြန် ပြန်ထွက်ခွာသွားခဲ့သည်။
သူမက ချင်းဖုန့်ကို
လျှော့တွက်ခဲ့မိတယ်။ တစ်ရက်တည်းတဲ့ ချင်းဖုန့်က ရှီးယန်ရဲ့မျက်နှာသာကို ရရှိသွားခဲ့ပြီ။
သူမ(ကျွော့ချင်း)မှာ သေချာပေါက် ရက်စက်ကြမ်းကြုတ်သော စရိုက်လက္ခဏာတစ်ခုရှိနေပြီး
သူမ(ရွှယ်ရှန်းရှင်း)က အဲ့ဒါကို သေသေချာချာ ဖော်ထုတ်ပြမယ်။
လက်နှစ်ဖက်ပိုက်ထားသော
ချီထျန်းယုက အပြုံးခပ်ဖျော့ဖျော့ဖြင့် "မင်း နေမကောင်းဘူးထင်လို့ ငါ မနက်
အစောကြီး ရောက်လာတာ။ အခုတော့ မင်း အရမ်းကို အဆင်ပြေနေပြီ ထင်တယ်"
ချောမောလှပတဲ့ အမျိုးသမီးက အနားမှာ ရှိနေပြီး၊
ဖျားနေပုံလဲ မပေါ်ပါဘူး။
လို့ရှီးယန်က သူ့၏မျက်လုံးများကို ညင်သာစွာ ပင့်တင်လိုက်ရင်း
"မင်းက မအားတဲ့ကြားထဲကနေ ငါ့ဆီကို လာလည်တယ်တဲ့လား?"
အင်း?
ချီထျန်းယုကလည်း
သူ့မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်ပြီး လို့ရှီးယန်၏ စကားသံကြောင့် အနည်းငယ်
ချဉ်သွားပုံရသည်။
ချီထျန်းယု၏စူးစမ်းနေသည့် မျက်လုံးများကို လျစ်လျူရှုလိုက်ပြီး
လို့ရှီးယန်က "မြို့ပြင်မှာ မင်းတို့ မိသားစုပိုင်တဲ့ ရေပူစမ်းအိမ်တော်တစ်ခု ရှိတာကို
ငါ မှတ်မိတယ်"
သူက ဘာလို့ ရုတ်တရက် ဒါကို မေးတာလဲ?
ချီထျန်းယုက "ဟုတ်တယ်၊ အခုက နွေဦးပေါက်နေပြီဆိုပေမယ့် ရေပူစမ်းထဲမှာ
စိမ်ရတာ အရမ်းအဆင်ပြေနေသေးတယ်"
"ငါ အဲဒီကို သွားချင်နေတာ... အဆင်ပြေလား?" လို့ရှီးယန်က ချီထျန်းယုကို
ပြောလိုက်သော်လည်း ကျွော့ချင်းကို နူးညံ့သော အပြုံးဖြင့် ကြည့်နေခဲ့သည်။
သူ! သူ! သူ! သူ့မျက်လုံးတွေက ဘာတုန်းဟ?
အဲ့အမူအရာကရော...
ကျွော့ချင်းက
အကြောင်းပြချက် မရှိဘဲ တုန်လှုပ်သွားသလို ခံစားလိုက်ရသောကြောင့် သူ့လက်ကို
တွန်းဖယ်လိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။
ဒီလူက
တစ်ခါတစ်ရံ နူးညံ့သိမ်မွေ့တယ်၊ တစ်ခါတစ်ရံ လျှို့ဝှက်တတ်တယ်။ အဲ့ဒါကြောင့် သူမ သူ ဘာလုပ်ချင်လဲ
ဆိုတာကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ပြောရရင်တော့
သူက လုံးဝအန္တရာယ်များတဲ့လူတစ်ယောက်ပဲ။
"အိုး~ ရတာပေါ့"
ချီထျန်းယုကလည်း အံ့အားသင့်နေခဲ့သည်။
အရင်က သူ
ခနခန ဖိတ်နေတာကိုတောင် ရှီးယန်က မသွားခဲ့ဘူးလေ။ ဒီနှစ် ဘာတွေဖြစ်သွားတာတုန်း? သူက လှပတဲ့
မိန်းခလေးတစ်ဦးကို ခေါ်သွားပြီး မန်ဒရင်းဘဲမောင်နှံတွေလို ရေအတူ ချိုးရတာကို သဘောကျတာ
ဖြစ်နိုင်လား?!
ကျွော့ချင်းက လို့ရှီးယန်က ပန်းနာရင်ကျပ်ရောဂါ
ခံစားနေရသည်ဟု ယူဆကာ "ရှင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ရေပူစမ်းမှာ ရေချိုးဖို့
မသင့်တော်ဘူး"
လို့ရှီးယန်က သူမကို ပဟေဠိဆန်စွာ ကြည့်နေပြီး ကျွော့ချင်း
တစ်ခုခု ထပ်ပြောခါနီးတွင် လှပသည့် လက်ပံပွင့်တစ်ပွင့် ပြုတ်ကျလာခဲ့သည်။ ကျွော့ချင်း၏မျက်လုံးများက
ပေကလပ်ပေကလပ် ဖြစ်သွားပြီး "ဒါပေမယ့် ရှင် အပန်းဖြေဖို့ တောင်တွေ မြစ်တွေ ရူခင်းလှလှလေးတွေ
ရှိတဲ့နေရာကို သွားတာက ပိုကောင်းပါတယ်“
ထားလိုက်ပါတော့လေ၊
လက်ပံပွင့် ပွင့်တဲ့ရာသီကို ရှောင်ပြီး အပြင်ထွက်တာက သူ့ရောဂါအတွက် ပိုကောင်းစေလိမ့်မယ်။
ကျွော့ချင်းက သဘောတူလိုက်ပြီးမှ သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု
တိတ်တဆိတ် ဖြစ်ပေါ်လာသည်ကို သတိထားမိလိုက်သည်။
လို့ရှီးယန်က
အသေးစိတ်ကို မပြောတော့ဘဲ ကျင်းစကို သွားဖို့ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
ကျင်းစ၏ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် ယခုန တိတ်ဆိတ်နေခဲ့သော
လို့ရှီးဝူက ရုတ်တရက် ဝင်ပြောလာခဲ့သည်။
"ကျွန်မလည်း
လိုက်ချင်တယ်"
လို့ရှီးယန်က မျက်မှောင်ကြုတ်ကာ စကားပြောခါနီးတွင် ကျွော့ချင်း၏
မျက်လုံးများထဲမှ တစ်ခုခုကို နားလည်သွားသလို အလင်းတန်းတစ်ခု တောက်ပလာပြီး သူမက
ပြုံးလိုက်ကာ "သူ(မ)ကို
လိုက်ခွင့်ပြုလိုက်ပါ၊ မဟုတ်ရင် ကျွန်မ တစ်ယောက်တည်း ပျင်းနေလိမ့်မယ်"
ကျွော့ချင်း၏စကားဆုံးသွားချိန်တွင် လို့ရှီးယန်က လို့ရှီးဝူကို
စိုက်ကြည့်နေပြီး ဘာမှ ထပ်မပြောတော့ပေ။
လို့ရှီးယန်က သခင်မလေးချင်းဖုန့်ကို အလွန်အလေးထားနေသော်လည်း ချီထျန်းယုက
သေခြင်းတရားကို မကြောက်ဘဲ တမင်တကာ ရှေ့တိုးလာပြီး "ချင်းသခင်မလေးက ဘယ်တော့မှ
ပျင်းမှာ မဟုတ်ပါဘူး၊ ငါလည်း ရှိပါတယ်!"
ကျွော့ချင်းက ချီထျန်းယုအား အေးစက်သော မျက်လုံးများဖြင့်
အပေါ်မှ အောက်သို့ စုံဆန်ကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်ကာ "ကျွန်မက မိန်းကလေးတွေအကြောင်း
ပြောနေတာပါ၊ တောင်းပန်ပါတယ် ရှင်က ဒါကို ကောင်းကောင်း ဖုံးကွယ်ထားတော့ ခုနက
ခဏလောက် သတိမထားမိလိုက်ဘူး"
လို့ရှီးယန်က ရယ်မောလိုက်သည်။
အဲ့စကားကို
ပြောလိုက်တာက သူမ တကယ်သည်းမခံနိုင်တော့ဘူးဆိုတာ သိသာနေပြီ။ ပုံမှန်ဆိုရင် သူမက သူများအတွက်ငဲ့ညှာပြီး
စဥ်းစားပေးတက်တယ်။
"ငါတို့ကြားထဲမှာ နားလည်မှုလွဲနေတာ တစ်ခုခုရှိလား?"
ချီထျန်းယုက
စိတ်တွေရှုပ်ထွေးပြီးရင်း အရမ်းရှုပ်ထွေးနေတော့သည်။
သူက ဘယ်တုန်းက
အရမ်းစိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူ ဖြစ်သွားခဲ့တာလဲ?!
"မရှိဘူး"
နျိုကျားရွာမှာရှိတုန်းက
သူက သူမကို နှိုးဆွဖို့ စကားလုံးတွေကို အမြဲသုံးနှုန်းခဲ့တယ်။ ဒါက နားလည်မှုလွဲတာ
ဘယ်လိုဖြစ်နိုင်မှာလဲ?
သို့သော်
ကျွော့ချင်းက သူ့ကို ဘာမှမပြောဘဲ ပခုံးတွန့်ပြလိုက်သည်။ ကျွော့ချင်းက သူမ၏
နှုတ်ခမ်းထောင့်များကို ညင်သာစွာ ပင့်လိုက်ပြီး "ပိုးဟပ်ကို မြင်တဲ့သူတိုင်းက
မနင်းဘဲ မနေနိုင်ဘူးလေ"
ပိုးဟပ် . . . . .
လန်ယွဲ့အဆောင်တွင် အတောမသတ်နိုင်သည့် အားရပါးရ ရယ်မောသံများ
ထပ်မံထွက်ပေါ်လာတော့သည်။
****
ရထားလုံးက အပြန်ပြန်အလှန်လှန် လူးလွန့်လှုပ်ရှားနေပြီး ကျွော့ချင်းလည်း
အိပ်ပျော်သွားခဲ့သည်။
အခု သူမ
ကားတွေကို အရမ်းလွမ်းနေပြီ။ ကားက ဘီးလေးဘီးလည်း
ရှိတဲ့အပြင် အရှိန်ကလည်း အရမ်းကွာတယ်။ သူတို့ မွန်းတည့်ချိန်က ထွက်လာခဲ့ပြီး အခု သူမ
နိုးလာတဲ့ မှောင်ခါနီးတာတောင် မရောက်သေးဘူး။
ကျွော့ချင်းက
ပျင်းရိငြီးငွေ့လာပြီး သူမ၏မျက်လုံးတစ်ဝက်ကို
မှေးထားကာ လှမ်းကြည့်လိုက်ချိန်တွင် သူမ ဘေးနားရှိ လို့ရှီးဝူက ကန့်လန့်ကာကို
ညင်သာစွာ ပင့်တင်ထားပြီး ပြတင်းပေါက်ပေါ်သို့ မှီနေကာ ရှေ့ကို မက်မောစွာ
စိုက်ကြည့်နေသည်အား သူမ တွေ့လိုက်ရသည်။ ကျွော့ချင်းက ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သူမ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ သူမ မျှော်လင့်ထားသည့်အတိုင်း အရပ်မြင့်မြင့် ရှိပြီး
အေးစက်မောက်မာသော အသွင်အပြင်နှင့်လူက ရှေ့မှ မြင်းစီးပြီး သွားနေလေသည်။
"နင် သူ့ကို သဘောကျရင် ဖွင့်ပြောလိုက်လေ။ ဒီလောက် လျှို့ဝှက်နေစရာ မလိုပါဘူး"
ပျင်းရိပျင်းတွဲ မိန်းကလေးအသံက လို့ရှီးဝူကို ထိတ်လန့်သွားစေခဲ့သည်။
သူမက ကန့်လန့်ကာများကို အမြန်နှိမ့်ချလိုက်ပြီး ကျွော့ချင်းက သူမကို
အပြုံးတစ်ဝက်ဖြင့် စွေကြည့်နေခဲ့သည်။ သူမက အနည်းငယ်ရှက်သွားပြီး စိတ်မသက်မသာဖြင့်
အော်ဟစ်နေပြန်သည်။
"နင်
... နင် ဘာလို့ ပေါက်ကရတွေ ပြောနေတာလဲ?!"
သူမ အခုန
အိပ်ပျော်နေတာ မဟုတ်ဘူးလား?!
လို့ရှီးဝူက
သူမ ပြန်နိုးလာသည်ကိုပင် မသိလိုက်ရအောင် အလွန်အမင်း စိတ်၀င်စားစွာ ကြည့်နေမိသော
မိမိကိုယ်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
"ဒါဆို ငါက တစ်ခုခု မှားနေတာလား?"
ကျွော့ချင်းက
တည့်တည့်ထထိုင်လိုက်ပြီး ကန့်လန့်ကာများကို ဖြည်းညှင်းစွာ တင်လိုက်ကာ လို့ရှီးဝူကို
လျစ်လျူရှုလိုက်သည်။ သူမက သူမ၏ပါးကို ပြန်ကိုင်ထားလိုက်ပြီး ကျင်းစ၏နောက်ကျောကို တမင်စိုက်ကြည့်နေကာ
သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ... ကျင်းစတဲ့လား? အင်း၊ ဒီရေခဲတုံးက
ပိုပိုပြီး မျက်စိကျဖို့ ကောင်းလာတယ်၊ နင် မကြိုက်ရင်လည်း စိတ်ဆိုးမနေပါနဲ့တော့...
ငါ..."
ကျွော့ချင်း၏စကားမဆုံးခင်မှာ သူမ၏လက်ကောက်ဝတ်က နာကျင်သွားပြီး
လို့ရှီးဝူက သူမကို လှမ်းဆွဲလိုက်ခြင်း ဖြစ်သည်။ လို့ရှီးဝူက ဒေါသတကြီးဖြင့်
"နင်က ဘာလိုချင်လဲ?! နင်ရဲ့ကိုယ်ပိုင်လက္ခဏာကို
သတိရစေချင်တယ်၊ နင်က ငါ့အစ်ကိုရဲ့လူ!"
ဟက်...ဒီကောင်မလေးက တကယ်ကို မနာလိုဖြစ်နေတယ်။
ကျွော့ချင်းက
သူမ၏ ပျင်းတိပျင်းတွဲအပြုံးကို ဖယ်ရှားလိုက်ပြီး လို့ရှီးဝူ၏လက်ကို ခါထုတ်လိုက်ကာ
"နင် သူ့ကို မကြိုက်ဘူးဆို နင်က သူ့ကို အရမ်းဂရုစိုက်နေတာလား?"
"ငါ..." ကျွော့ချင်း၏ဒေါသမျက်လုံးများနှင့် ဆုံလိုက်ရသောကြောင့် လို့ရှီးဝူက
အံကြိတ်ပြီး ပြန်ပြောလာခဲ့သည်။
"ငါ နင်ကို သတိပေးနေတယ်လေ၊ ငါက သူ့ကို
ကြိုက်တယ်၊ သူက ငါ့လူပဲ။ ဘယ်သူမှ သူ့ကို ခိုးဖို့ မကြိုးစားနိုင်ဘူး!"
အိုး~~သူမက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်၊ ခုခေတ်က ကလေးတွေက တကယ်ကို
သနားစရာကောင်းတယ်။
ကျွော့ချင်း၏
မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့ပြီး သူမက ဘာကိုမှ ဂရုမစိုက်သော
အပြုံးဖြင့် "ဒါက နင့်ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးသက်သက်ပဲလေ။ နင် သူ့ကို ဖွင့်မပြောရသေးဘူး၊
ဒါကြောင့် သူက နင့်ကို မကြိုက်တာလည်း ဖြစ်နိုင်တယ်။ နင်က ဝန်ခံဖို့တောင် သတ္တိမရှိဘူး။
ဒါဆို နင် ဘာဆက်လုပ်နိုင်ဦးမှာလဲ?!"
နှိမ့်ချရန် ဆန္ဒမရှိသော လို့ရှီးဝူကလည်း ဒေါသထွက်နေပြီး သူမ၏ လက်သီးများကို
ဆုပ်ထားကာ "ငါ ဒီည သွားပြောမယ်!!"
"ကောင်းပြီ၊ ငါ စောင့်ကြည့်မယ်" ကျွော့ချင်းက လိမ္မာပါးနပ်စွာ
ပြုံးပြလိုက်သည်။
ဒီလိုမိန်းကလေးမျိုးနဲ့
ဆက်ဆံဖို့အတွက် ဒေါသထွက်အောင်ဆွပေးတာက ထိရောက်နေတုန်းပဲ။ ဒီညမှာ
ပွဲကောင်းတစ်ပွဲရှိလိမ့်မယ်။
ကျွော့ချင်းက ပျော်ရွှင်သော ခံစားချက်ဖြင့် ရထားလုံးနံရံကို ပြန်မှီလိုက်ပြီး အနားယူရန် သူမ၏မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။ ယနေ့ညတွင် ကြည့်ရှုရန် ကောင်းသောပြဇာတ်တစ်ခု ရှိမည်ဟု သူမ မျှော်လင့်ထားသော်လည်း တစ်စိတ်တစ်ပိုင်းက သူမနှင့် သက်ဆိုင်နေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
✍️✍️✍️