အခန်း
၂၇ ရေပူစမ်းဥယျာဉ် (အပိုင်း ၂)
ကျွော့ချင်း၏နားထဲတွင် သစ်ရွက်များအား လေတိုးသံ၊
တုံ့ဆိုင်းနေသည့် ရေစီးသံများကို ကြားနေရပြီး သစ်ပင်သစ်တော၏အနံ့လေးကလည်း သင်းပျံနေသည်။
အနီးနားတစ်ဝိုက်တွင် မြူခိုးတွေ လွင့်ပျံနေပြီး စိုစိုစွတ်စွတ် ဖြစ်နေသောကြောင့် အလွန်သက်တောင့်သက်သာ
ရှိစေသည်။ နွေဦးရာသီတွင် သစ်ပင်များက လန်းဆန်းနေပြီး နေရာတိုင်းတွင်
စိမ်းလန်းသော အပင်ပေါက်များ ရှိနေလေသည်။ ကျွော့ချင်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ဤနေရာက
အမှန်ပင် နေရာကောင်းတစ်ခုဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုဖြစ်သည်။ သစ်သားအိမ်ငယ်လေးက
ဤနေရာနှင့် အံဝင်ခွင်ကျဖြစ်နေပြီး ရိုးရှင်းသော်လည်း ရှေးရိုးဆန်နေပြန်သည်။ ထို့အပြင်
ထူးထူးခြားခြား အလှဆင်ထားသော ခြံဝင်းအလွတ်လေးတစ်ခုလည်း ရှိနေသေးသည်။ ထူးခြားချက်က
အဆောက်အဦးကို အုတ်ခဲ သို့မဟုတ် အုတ်ကြွပ်များနှင့် မဟုတ်ဘဲ
သစ်သားဖြင့်တည်ဆောက်ထားခြင်းဖြစ်ပြီး သူမ အကြိုက်ဆုံးစတိုင်လည်း ဖြစ်နေသေးသည်။
ဝင်းငယ်တစ်ခုစီ၏အနောက်ဘက်မှ လမ်းက ရေပူစမ်ဆီသို့ တိုက်ရိုက်ရောက်နိုင်သည်ကို
ကြားလိုက်ရသဖြင့် ကျွော့ချင်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ဤသရဲသဘက်လို ခေတ်ဆိုးကြီးကို
ရောက်လာပြီးကတည်းက သူမ အေးအေးဆေးဆေး အနားမယူရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
ကျွော့ချင်းက ကုတင်၏ အစွန်းတွင် ချိတ်ထားသည့် ရိုးရိုးအဖြူရောင်ပိုးပဝါ အပိုင်းအစတစ်ခုကို
ဆွဲယူလိုက်ပြီး ပဝါကို သူမလည်ပင်းတွင် ပတ်ကာ အိမ်ငယ်ထဲမှ ထွက်လာချိန်ထဲတွင်
မရပ်မနား လမ်းလျှောက်နေသည့် လို့ရှီးဝူကို ရွှင်မြူးစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သေးသည်။
ဝန်ခံရုံပဲ မဟုတ်ဘူးလား? အဲ့လောက် စိတ်ပူနေစရာ မလိုဘူးလေ၊
ဟုတ်တယ်မလား?!
ကျွော့ချင်းက အိမ်နောက်ဘက်တံခါးကို တွန်းဖွင့်ပြီး အပြင်ထွက်ရန်
ပြင်လိုက်ကာ "ငါ အခု ရေပူစမ်းကို သွားတော့မယ်၊ နင့်ရဲ့အချစ်ကို အောင်အောင်မြင်မြင်
မဝန်ခံနိုင်ခဲ့ဘူးဆိုရင် ငါ ပြန်လာရင် ငါ့အလှည့်နော်"
လို့ရှီးဝူက ရုတ်တရက် ခေါင်းမော့ပြီး ကျွော့ချင်း၏နောက်ကျောကို
စိုက်ကြည့်လိုက်ကာ "အဲဒါကို စဉ်းတောင် မစဥ်းစားနဲ့!!"
ကျွော့ချင်းက နောက်သို့ ပြန်လှည့်လိုက်ပြီး လို့ရှီးဝူ၏နီမြန်းနေသော
မျက်နှာကို စိုက်ကြည့်ကာ မောက်မာစွာ
ပြန်ပြောလိုက်သည်။ "ဒါဆို ငါ နင့်ကို စောင့်ကြည့်နေမယ်"
တစ်ခါတရံ
သင့်လျော်တဲ့ လှုံ့ဆော်မှုက အားပေးတာထက် ပိုထိရောက်တယ်။
သူမ၏နောက်မှ လူကို သေစေနိုင်လောက်အောင် တောက်လောင်နေသည့် မျက်လုံးများ၏အကြည့်ကို
ခံစားရင်း ကျွော့ချင်းက သူမ၏
နှုတ်ခမ်းထောင့်များကို ညင်သာစွာ ပင့်လိုက်ကာ ဝမ်းသာအားရ လျှောက်လှမ်းသွားတော့သည်။
အပြာရောင်ကျောက်ခင်းလမ်းက အကွေ့အကောက်များ ရှိနေပြီး သစ်ပင်ရှည်များ၊
ပန်းပင်ပုလေးများနှင့် ဝန်းရံထားသည်။ နေရောင်၏ နွေးထွေးသော အလင်းရောင်က
မြေပြင်အနှံ့ ကျရောက်နေပြီး စိုစွတ်သော ရေငွေ့ကြောင့် ပန်းများ၏ ရနံ့များက
ထွက်ပေါ်နေသည်။ ကျွော့ချင်းက ပေါ့ပေါ့ပါးပါး လျောက်လာရင်း ကျောက်ဆောင်များ၏နောက်ကွယ်မှ
ကျောက်တုံးပေါင်းများစွာဖြင့်
ဝန်းရံထားသော ရေပူစမ်းရေကန်တစ်ခုဆီသို့ ရောက်သွားသည်။ ကျောက်တုံးများ၊ ချုံပုတ်များဖြင့်
ဝန်းရံထားသည့် ရေပူစမ်းက တိတ်ဆိတ်ငြိမ်သက်နေပြီး ကျွော့ချင်းက အလွန်ကျေနပ်နေခဲ့သည်။
ရေကန်၏လေးဘက်စလုံးကို ဝန်းရံရန် ကျောက်တုံးများကို
အသုံးပြုထားပြီး ကန်ရေက အရမ်းမနက်ပေ။ လပြည့်ဝန်းပုံရေကန်ကို လခြမ်းပုံသဏ္ဍာန် ရေကန်နှစ်ခုအဖြစ်
နှစ်ခြမ်းခွဲထားပြီး ရေကန်၏ အလယ်တွင် လခြမ်းပုံသဏ္ဍာန် ရေကန်နှစ်ခုအတွက်
အပိုင်းပိုင်းအဖြစ် အသုံးပြုထားသည့် ကျောက်တုံးသေးသေးလေးများ ရှိနေသည်။ မူလက
လပြည့်ဝန်းပုံသဏ္ဍာန် ရေကန်ဖြစ်ခဲ့သော်လည်း ရေကန်၏ တစ်ဖက်ခြမ်းကို မည်သူမျှ ကြည်လင်ပြတ်သားစွာ
မမြင်နိုင်အောင် စီစဥ်ထားပုံက အလွန်ပညာသားပါလှသည်။
ကျွော့ချင်းက
သူမ၏ ပါးလွှာသော စကတ်ရှည်ကို ချွတ်ကာ ပိုးဖြူပဝါကို ရေချိုးပုဝါအဖြစ်
ခန္ဓာကိုယ်အနှံ့ ရစ်ပတ်လိုက်သည်။ သူမက သူမ၏ ခြေထောက်ဖြင့် ရေ၏အပူချိန်ကို
စမ်းသပ်ကြည့်လိုက်ရာ သင့်တော်ကြောင်း တွေ့ရှိခဲ့ရသည်။ ပတ်ပတ်လည်ကို
ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမက ပိုးပဝါကို မချွတ်ဘဲ ပူနွေးသော ရေပူစမ်းထဲသို့
ဆင်းလာခဲ့သည်။
ပူနွေးသောရေက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး
မြူမှုန်များက သူမခန္ဓာကိုယ်ဘေးတွင် လည်ပတ်နေကာ၊ ပန်းပွင့်များ၏ ရနံ့က ခန္ဓာကိုယ်ကို
ဝန်းရံထားသည်။ ငှက်ကလေးများက မြူးကြွစွာ တေးဆိုနေကြပြီး နေရောင်က မီးကဲ့သို့
တောက်ပနေသည်။ ဤနေဝင်ချိန်ကို ကြည့်နေရခြင်းက အရာရာ ပြီးပြည့်စုံနေသည်ဟု
ခံစားရစေသည်။
ကျွော့ချင်းက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး သူမ၏မျက်လုံးများကို
ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
"ဟမ်~ အရမ်းအဆင်ပြေတယ်"
ပျင်းပျင်းရိရိ
လေးလေးတွဲတွဲ ယောက်ျားအသံတစ်ခုက သူမနား နားတွင် ကပ်သွားပြောနေသလို
ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူလဲ!" ကျွော့ချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး
ထိတ်လန့်တကြား လှည့်ပတ်ကြည့်လိုက်သည်။
ရေပူစမ်းကန်တွင် စိမ်းလန်းသောသစ်ပင်များနှင့် သူမမှလွဲ၍
အခြား မည်သူမျှမရှိပေ!
ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူမ
အရမ်း ပင်ပန်းနွမ်းနယ်နေတာကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်နေတာ ဖြစ်နိုင်လား?!
ကျွော့ချင်း အံ့သြနေချိန်မှာပင် ယောက်ျားသံတစ်သံ ထွက်ပေါ်လာပြန်သည်။
"ငါ အရင်က သိခဲ့ရင် ဒီကို နှစ်တိုင်း ရက်အနည်းငယ်လောက် အနားယူဖို့ လာခဲ့မိမှာပဲ"
ဒီအသံ...
ကျွော့ချင်းက အံကြိတ်ကာ "လို့-ရှီး-ယန်!"
"တိုက်ဆိုင်လိုက်တာ" ရေပူစမ်းရေကန်ကို ပိုင်းခြားထားသည့် ကျောက်ဆောင်နောက်မှ
အံ့သြဟန်ဆောင်နေသည့် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
လို့ရှီးယန်က ဟိုဘက်ခြမ်းက ရေပူစမ်းမှာ ရေချိုးနေတာလား?! သူ ဘယ်တုန်းက ဝင်လာတာလဲ? သူမ
လုံးဝသတိမထားမိခဲ့ဘူး။ ဒါမှမဟုတ် အခုလေးတင် သူမ အဝတ်အစားလဲနေတဲ့အချိန်က သူ ရောက်နေပြီးသား
ဖြစ်နေတာလား? သူ ဒီကိုရောက်နေတာကြာပြီလို့တော့ မပြောနဲ့နော်။
ကျွော့ချင်းက
စိတ်မငြိမ်မသက်ဖြစ်နေချိန်မှာ လို့ရှီးယန်၏ ပြတ်သားသောအသံ ထွက်ပေါ်လာပြီး
"စိတ်မပူပါနဲ့ ငါ,လို့ရှီးယန်က တစ်စုံတစ်ယောက်ရဲ့မျက်နှာကို ချောင်းကြည့်တာမျိုး
ဒါမှမဟုတ် တခြားသူတွေရဲ့အနေအထားကို အခွင့်ကောင်းယူတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"
ကျွော့ချင်းက ကျောက်တုံးကို ကျောမှီရင်း ခဏလောက် စဉ်းစားလိုက်သည်။
လို့ရှီးယန်က
အဲ့လိုလူ ဟုတ် မဟုတ် မသေချာပေမယ့် အရေးကြီးဆုံးအချက်က သူမတို့ကြားမှာ ရှိနေတဲ့
ကျောက်တုံးတွေက နိမ့်နိမ့်လေးဆိုပေမယ့် ရေစိမ်နေတဲ့အချိန်မှာ အချင်းချင်း
မမြင်နိုင်ဘူး။ ဒါပေမယ့် အဝတ်အစားဝတ်ဖို့ မတ်တပ်ရပ်ရင်တော့ သေချာမြင်နိုင်လောက်တယ်။
ဘာပဲဖြစ်ဖြစ် သူမ ပိုးဖြူပဝါကို လွှမ်းခြုံထားတာကြောင့် သူမက လုံးဝ အ၀တ်အစား မပါတာတော့
မဟုတ်ဘူးလေ၊ သူမက ဂျပန်မှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိတဲ့ ရေပူစမ်းတွေကိုတောင်
ရောက်ဖူးတာကြောင့် အခုဘာကို ကြောက်နေရမှာလဲ?
အချိန်အတော်ကြာအောင် ရေစိမ်ပြီးနောက် တစ်ဖက်မှ တဟုန်းဟုန်းမြည်နေသည့်ရေသံများ
ထွက်ပေါ်လာခဲ့သည်။ လို့ရှီးယန်က စကားမပြောတော့သောကြောင့် ကျွော့ချင်းက အသံတိုးတိုးဖြင့်
"ရှင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပူပြင်းတဲ့ စမ်းရေချိုးဖို့
မသင့်တော်ဘူး။ ရှင် အလွယ်တကူ ဖျားနိုင်တယ်။ မြန်မြန်ပြန်သွားရင် ပိုကောင်းမယ်”
သူ
မြန်မြန်ထွက်သွားရင် ပိုကောင်းမယ်။ အကြာကြီး ရေစိမ်နေရင် သူ အသက်ရှူမဝဖြစ်လာနိုင်တယ်။
အချိန်အတော်ကြာပြီးနောက် ကျွော့ချင်းက သူ ထွက်သွားလောက်ပြီဟု
တွေးနေချိန်မှာပင် လို့ရှီးယန်၏လေးနက်သည့်အသံကို ကြားလိုက်ရပြန်သည်။
"ကိုယ့်ရောဂါအကြောင်း
မင်း ဘာတွေသိထားသေးလဲ?"
အသံထွက်လာတယ်ဆိုတော့ သူ ရှိနေတုန်းပေါ့။
ကျွော့ချင်းက
သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ပိုးဖြူပဝါဖြင့် ပတ်ထားသောကြောင့် အနည်းငယ် ထထိုင်ကာ
ပေါ့ပေါ့ပါးပါး အသံဖြင့် "အဲ့ဒါက ပန်းနာရင်ကျပ်ဖြစ်မယ် ထင်တယ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါတစ်မျိုးပေါ့"
လက္ခဏာတွေက
အရမ်းဆင်တူနေပေမယ့် တိကျတဲ့စမ်းသပ်စစ်ဆေးမှုမရှိဘဲ သူမ သေချာတော့ မပြောနိုင်သေးဘူး။
အမှန်တကယ်တွင် တစ်ဘက်ခြမ်းမှ လို့ရှီးယန်က
ပူပြင်းသည့်ရေထဲတွင် ရေစိမ်နေခြင်း မဟုတ်ပေ။ သူက ရေစပ်မှ ကျောက်ဆောင်များပေါ်မှာ
ထိုင်နေပြီး သူ့ခြေဖဝါးကို ရေထဲ၌ စိမ်ထားခဲ့ခြင်းသာဖြစ်သည်။ ကျွော့ချင်း၏ စကားကို ကြားလိုက်ရချိန်တွင်
သူက ရေဆော့နေခြင်းကို ခဏရပ်လိုက်ပြီး
ရယ်မောလိုက်ကာ ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။
"မင်း ကုသပေးနိုင်လား?"
"ကျွန်မ မလုပ်နိုင်ဘူး၊ ကျွန်မ အဲဒါကို ကြားဖူးပြီး
ကြိုတင်ကာကွယ်မှုတချို့ကိုပဲ သိတယ်"
သူမက
မှုခင်းဆေးပညာကို လေ့လာခဲ့ပါနော်၊ ဟုတ်ပြီလား?!
လို့ရှီးယန်၏မျက်လုံးများထဲတွင် စိတ်ရှုပ်သွားသော
အရိပ်အယောင်များ ပေါ်လာခဲ့သော်လည်း ပြန်ပျောက်သွားသည်က မြန်ဆန်လွန်းလှသည်။ လို့ရှီးယန်က
ရေကန်ထဲရှိ ရေများကို လက်ဖြင့် ဆော့ကစားနေပြီး ရေပက်သည့်အသံများ ထွက်ပေါ်နေခဲ့သည်။
သူက အပြုံးဖျော့ဖျော့ဖြင့် "ချင်းအာက တကယ်ကို ကောင်းကောင်းသိထားတာပဲ"
ကျွော့ချင်း အံ့အားသင့်သွားပြီး "ရှင် ကျွန်မကို ဘယ်လိုခေါ်လိုက်တာလဲ?!"
ချင်းအာတဲ့လား? ငါ ပိုင်စုကျန်းရဲ့ညီမလား? (မြွေဖြူပုံပြင်ထဲက မြေဖြူမလေး
ပိုင်စုကျန်းရဲ့ညီမ မြွေစိမ်းရှောင်ချင်းကို ချင်းအာလို့ခေါ်တယ်တဲ့၊ ပြီးတော့ အစိမ်းရောင်ရဲ့အသံထွက်ကလည်း
‘ချင်း” ပါတဲ့)
"မင်း မကြိုက်ဘူးလား?" လို့ရှီးယန်က ခဏလောက်
စဉ်းစားဟန်ဆောင်နေပြီးမှ "ဒါဆို...ဖုန့်အာဆို အဆင်ပြေလား?"
ဖုန့်အာ. . . .?? ငါ ရူးချင်တယ်လို့ . . . .
ရှေးခေတ်ကလူတွေက “အာ” ဆိုတဲ့ စကားလုံးကို နာမည်နောက်မှာ
မထည့်ဘဲ ဘယ်လို စကားပြောရမယ်ဆိုတာကို မသိခဲ့ကြဘူးလား?
“ကျွန်မကို
ချင်းဖုန့်လို့ပဲ ခေါ်!" ကျွော့ချင်းက ဒေါသတကြီး ပြန်အော်လိုက်သည်။
လို့ရှီးယန်က ကျေနပ်အားရစွာ ပြုံးနေခဲ့သည်။
သူမက
စိတ်လှုပ်ရှားနေတယ်ပေါ့၊ ကောင်းလိုက်တာ?
သူက
ဆက်ပြောလာပြန်သည်။ "ဖုန့်အာ၊ မင်းက
ဟောင်ယွဲ့ကနေ ချုံယွဲ့ကို လာဖူးသေးတာလား? ဖုန့်အာက ကဗျာ၊ သီချင်း၊ ရိုးရာအနုပညာနဲ့
သီဆိုကခုန်မှုတွေမှာ အရမ်းကျွမ်းကျင်တယ်လို့ ကိုယ် ကြားဖူးတယ်။ တစ်ခုခုလိုအပ်ရင်
မင်းရဲ့အစေခံတွေကို ပြင်ဆင်ခိုင်းလိုက်ပါ"
ဤနေရာတွင်
ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ချလိုက်သည်။
သူမက ကဗျာ၊
သီချင်းနဲ့ ရိုးရာအနုပညာအကြောင်းတွေကို ဘာမှ မသိဘူး။ လို့ရှီးယန်က သူမရဲ့အော်သံကို အလေးအနက်
မထားခဲ့တာ သိသာထင်ရှားနေတယ်။
ကျွော့ချင်းက
"ရှင့်အတွက်တောင် လူတွေရဲ့ စကားတွေကို
ယုံလို့ မရဘူး၊ ကျွန်မ ကြားဖူးတာက လို့လူကြီးမင်းက နူးညံ့သိမ်မွေ့ပြီး ဖြောင့်မတ်တယ်တဲ့၊
ပြတ်သားပြီး နှိမ့်ချတက်တဲ့ လူကြီးလူကောင်းတစ်ယောက်တဲ့၊ လူတွေက အဲ့လိုပြောကြပေမယ့်
အခုတော့ သူက လူဆိုးတစ်ယောက်နဲ့ ပိုတူနေပုံရတယ်”
လူဆိုးတစ်ယောက်လား?
လို့ရှီးယန်က သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ၏
မျက်လုံးများထဲတွင် လှည့်ဖျားချင်နေပုံရသည့် အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။
ကောင်းပြီ၊ ဒါဆို သူက တကယ့်လူဆိုးရဲ့အပြုအမူကို ပြပေးရမှာပေါ့ . . . . .