အခန်း ၂၅ လက်ပံပင်
နွေဦး၏ နံနက်ခင်းအလင်းရောင်က အလွန်လှပပြီး နွေးထွေးနေကာ
လူတို့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေချိန်တွင် အလွန်သက်တောင့်သက်သာ ရှိစေသည်။ မနေ့ညက
မှောင်မဲနေသောကြောင့် ကျွော့ချင်းက ဤခြံဝင်းလေးကို ကောင်းကောင်း မကြည့်ခဲ့ရပေ။ ယခု
သေသေချာချာ ကြည့်လိုက်ချိန်တွင် လို့ရှီးယန်ထံတွင် အမြင်ကောင်းရှိနေကြောင်း သူမ
ပြောနိုင်သွားပြီ ဖြစ်သည်။ အဆောက်အဦးငယ်လေးက ခြံ၏အနောက်ဘက်တွင် ရှိနေပြီး အဆောက်အဦး၏ရှေ့တွင်
ကျောက်စားပွဲနှင့် ခုံတန်းရှည်များ စီစဉ်ပေးထားသည်။ ရှုခင်းကြည့်ရန် ဤနေရာတွင် ရပ်နေရခြင်းက
လူကို လန်းဆန်းစေသည်။ အဘယ်ကြောင့်ဆိုသော် လှမ်းမျှော်ကြည့်လိုက်ချိန်တွင် အဆုံးကို
မမြင်ရသော ရေကန်ကြီးကို တွေ့နိုင်ပြီး ထိုရေကန်က အပြာရောင် ကောင်းကင်ကြီးနှင့်
ဆက်စပ်နေကာ ကျယ်ပြောလှပပြီး ငြိမ်သက်နေလေသည်။ ကျွော့ချင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး အမှန်တကယ် ဇိမ်ရှိသည့်ဘဝဟုသာ
တွေးတောနေမိတော့သည်။
၂၁ရာစုမှာ
မြေတစ်လက်မတိုင်းက အဖိုးတန်လှလွန်းတယ်။ ဘယ်သူက အိမ်မှာ ဒီလိုရေကန်ကြီးကို တူးထားနိုင်မလဲ? ဒါပေမယ့် လို့ရှီးယန်က အဲဒါကို
တကယ်သဘောကျတယ်လို့ ပြောရမှာပဲ? သူ အိပ်ယာနိုးတာနဲ့ ကြည်လင်ပြီး ကျယ်ပြန့်သောရေပြင်ကို
မြင်နိုင်ပြီး ကောင်းကောင်း နိုးထလာနိုင်လိမ့်မယ်။
ကျွော့ချင်းက ခါးကို ဆန့်တန်းကာ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ပြီး
ရေကန်ဘေးရှိ ဝင်းတံတိုင်းအောက်တွင် အရွယ်ရောက်ပြီးသည့် လက်ပံပင် သုံးလေးပင်လောက်
စိုက်ထားတာကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။ ၎င်းတို့က လှပနေပြီး
ရှည်လျားသော အကိုင်းအခက်များက အားကြိုးမာန်တက် ဆန့်တန်းနေကာ
အနီရောင်တောက်တောက်နှင့် ကြီးမားသော ပန်းပွင့်များကို မြင်တွေ့နေရသည်။ အဝေးမှ ကြည့်လိုက်လျှင်
စိမ်းစိုနေသော ကန်ရေပြင်ကို ရောင်ပြန်ဟပ်နေသောကြောင့် မီးတောက်များလို ဖြစ်နေပြီး
အလွန် လှပနေသည်။
ဒါပေမယ့်
လို့ရှီးယန်ရဲ့ ခြံဝင်းထဲမှာ ဘာလို့ လက်ပံပင်တွေ စိုက်ထားရတာလဲ?!
ကျွော့ချင်းက လမ်းလျှောက်လာရင်း ကြွေကျနေသော ပန်းများကို
ဖြည်းညှင်းစွာ ကောက်ယူနေကာ လေးလေးနက်နက် တွေးတောနေသည်။
မနက်အစောကြီးရောက်လာသည့် လို့ရှီးဝူက လို့ရှီးယန်၏ခြံဝင်းထဲတွင်
ကွှော့ချင်း ရှိနေသည်ကို မြင်သွားပြီး "ချင်းဖုန့် နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ?! ငါ ပြောမယ် ငါ့အစ်ကိုက နင့်ကို
ကျိုက်ရှင်းအဆောင်မှာ နေခွင့်ပေးတယ်ဆိုရင်တောင် နင်က လို့မိသားစုရဲ့ သခင်မ မဟုတ်ဘူး၊
နင်က ကိုယ်လုပ်တော်ပဲ၊ မှတ်မိလား?"
ကျွော့ချင်းက ခေါင်းငုံ့ကာ ပန်းများကိုသာ စိုက်ကြည့်နေသည်။ လို့ရှီးဝူက
ကြွေကျနေသည့် ပန်းပွင့်များက ဘာများကောင်းလို့လဲဟု တွေးနေမိသည်။ လို့ရှီးဝူက သူမနောက်သို့
လျှောက်လာရင်း စိတ်မရှည်တော့သည့်လေသံဖြင့် "ဟဲ့ ငါ့စကားကို နားထောင်နေရဲ့လား?!"
ကျွော့ချင်းက သူမ၏အော်သံကို လျစ်လျူရှုကာ ထူထဲသော ပင်စည်ကို
ကိုင်လိုက်ရင်း "ဒီ လဲ့မှို့ပင်တွေကို ဒီခြံထဲမှာ စိုက်ထားတာလား?"
"ဒါကို လက်ပံလို့ခေါ်တယ် နင် မသိဘူးလား?" လို့ရှီးဝူက ခဏလောက်
အံ့အားသင့်သွားပြီးမှ မကြာခင်မှာပင် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး "နင် သိထားရမယ့်
ဗဟုသုတတစ်ခုတော့ ရှိနေပြီပဲ၊ ငါတို့ ချုံယွဲ့မှာ လက်ပံပင်တွေ မရှိဘူး။ ဒီမျိုးစေ့တွေက
ရှင်ကျန်းပြည်နယ် တောင်ပိုင်းကရလာတာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ချုံယွဲ့တစ်တိုင်းပြည်လုံးတွင်
အနောက်ဆောင်က မယ်တော်မိဖုရားကြီးရဲ့ နန်းတော်မှာပဲ ဒီအပင်မျိုး အနည်းငယ်ရှိတာ။ ငါ့အစ်ကို
ဝန်ကြီးချုပ်အဖြစ် ရာထူးတိုးတုန်းက မယ်တော်မိဖုရားကြီးက ငါ့အစ်ကိုကို ဆုချီးမြှင့်ခဲ့တာ"
"အနောက်ဆောင်ရဲ့မယ်တော်မိဖုရားကြီးလား? အရှေ့ဆောင်မှာရော
မိဖုရားနောက်တစ်ယောက်ရှိသေးတာလား?" ကျွော့ချင်းက ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။
"ဟုတ်တယ်" ထိုစကားကို ပြောပြီးတော့ လို့ရှီးဝူက သူမ၏မေးစေ့ကို အမှတ်တမဲ့
မြင့်တင်လိုက်ပြီး “အရှေ့နန်းဆောင်မယ်တော်မိဖုရားကြီးက ငါ့အဒေါ်"
"လို့ရှီးယန်နဲ့ ဧကရာဇ်က ဝမ်းကွဲတွေလား?"
ရှီးယန်နဲ့
ဧကရာဇ်ရဲ့ မနေ့ညက ဆက်ဆံရေးက ဘုရင်နဲ့ ဝန်ကြီးကြားက သာမန်ဆက်ဆံရေးတစ်ခုလို မထင်ရဘူးလေ။
ယနေ့တွင် ကျွော့ချင်း၏သဘောထားက အလွန်မာနကြီးနေခြင်း မရှိတော့သောကြောင့်
လို့ရှီးဝူက မနေ့ညကလောက် သူမကို မုန်းတီးမနေတော့ပေ။
လို့ရှီးဝူက
ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်ပြီး "မှန်တယ်၊
ငါ့အဒေါ်က အရှေ့နန်းတော်ရဲ့ သခင်မဖြစ်ပေမယ့် နှစ်တွေကြာလာတော့ နှောင်းဧကရာဇ်မင်းမြတ်က အနောက်နန်းတော်ရဲ့ ကိုယ်လုပ်တော်ကို
မျက်နှာသာပေးခဲ့ပြီး သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။
ဧကရာဇ်မင်းမြတ်က သားအကြီးဆုံးကို ငါ့အဒေါ်ကို မွေးစားဖို့ ပေးခဲ့တယ်။ ငါ့အဒေါ်က
သူ့ကိုအိမ်ရှေ့စံအဖြစ် ပြုစုပျိုးထောင် ပေးခဲ့တယ်။ ငယ်ငယ်တုန်းက အစ်ကိုနဲ့ ငါက နန်းတော်ကို မကြာခဏ အလည်သွားကြတယ်။ ဒါကြောင့် အစ်ကိုက
ဧကရာဇ်ရဲ့ညီတော်အနေနဲ့ ကြီးပြင်းလာခဲ့ပြီး သူတို့က ညီအကိုတွေလို ရင်းရင်းနှီးနှီး နေခဲ့ကြတာ”
ကျွော့ချင်းက သေချာနားလည်သွားဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်ပြီး
အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒါဆို
အနောက်ဆောင်မယ်တော်မိဖုရားက အဖိုးတန်သစ်ပင်မျိုးစိတ်တွေကို လို့ရှီးယန်ကို
ပေးလိုက်တာပေါ၊ သူ(မ)က မင်းအစ်ကိုကို အရမ်းသဘောကျပုံပဲ"
လို့ရှီးဝူက ချိုချိုသာသာ ပြုံးလိုက်ပြီး "ဟုတ်တယ်၊ သူ(မ)က
သူမရဲ့သမီးတော် ချောင်ယွမ်မင်းသမီးကို အစ်ကို့နဲ့ ထိမ်းမြားစေချင်တယ်"
ကျွော့ချင်းက သူမလက်ထဲမှ ပန်းပွင့်လေးတွေကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း
အနည်းငယ် မျက်မှောင်ကြုတ်နေသည်။
နင်က ငါ့ရန်သူမဟုတ်ဘူးလို့
ပြောရင် ဘာလို့ လက်ပံပင်တွေကို ပေးလိုက်တာလဲ? မရည်ရွယ်ဘဲ ပေးလိုက်တာဖြစ်နေမလား?
ကျွော့ချင်းက အေးစက်စက်ဖြင့် သူမလက်ထဲမှ ကြေနေသည့်
ပန်းပွင့်များကို စိုက်ကြည့်နေခဲ့သည်။ လို့ရှီးဝူက ကျွော့ချင်း သူမ အဆင့်အတန်းကို
စိတ်ပူနေသည်ဟု နားလည်မှုလွဲသွားသည့်အတွက် ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ တိုးတိုးထပ်ပြောလာပြန်သည်။
"ဒါပေမယ့်
စိတ်မပူပါနဲ့၊ ငါတို့ လို့မိသားစုက အသစ်မြင်ရင် အဟောင်းပစ်တက်တဲ့ မိသားစုမှ
မဟုတ်တာ။ ငါတို့က ထက်မြက်တဲ့သူတွေကို သဘောကျတယ်။ ငါ့အစ်ကိုကို
ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေးနေသရွေ့ နင့်ကို ဘယ်သူမှ အခက်တွေ့စေမှာ
မဟုတ်ဘူး"
ကျွော့ချင်းက သတိပြန်ဝင်လာပြီး မချိပြုံး ပြုံးလိုက်သည်။
ငါက စပ်စုချင်ရုံလေးပါနော်...
လက်ပံပင်အောက်မှ အမျိုးသမီးနှစ်ယောက်က အတွေးအမျိုးမျိုး ရှိနေကြသည်။
ကျွော့ချင်းနှင့် လို့ရှီးဝူတို့နှစ်ယောက်သား တစ်ချိန်တည်း
နောက်ပြန်လှည့်ကြည့်လိုက်ရာ ကျင်းစ၏ဘေးနားတွင် အဖြူရောင်၀တ်စုံနှင့် လူတစ်ယောက်ကို
တွေ့လိုက်ရသည်။ ကျွော့ချင်း၏မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားသည်။ ထိုသူက နျိုကျားရွာမှာ
တွေ့ခဲ့သည့် ကမ္ဘာကြီးတစ်ခုလုံးကို
မငြိမ်မသက်ဖြစ်စေချင်သူ ဖြစ်သည်။ ကျွော့ချင်းက သူ့ကို လုံးဝလျစ်လျူရှုကာ နောက်ပြန်လှည့်ပြီး
ရေကန်ဘေးရှိ တံတားဆီသို့ လျှောက်သွားလိုက်သည်။
မထင်မှတ်ပဲ ချီထျန်းယုက အလျှော့မပေးဘဲ သူမရှေ့သို့ ရောက်လာခဲ့သည်။
ကျွော့ချင်းက ခေါင်းကို မော့ကာ အေးစက်စွာ ပြန်ကြည့်လိုက်သည်။ သူမ အနီးသို့
ရောက်သွားသောအခါ ချီထျန်းယုက ထိုမိန်းခလေး၏ ညာဘက်ပါးပြင်တွင် ဓားဒဏ်ရာနှစ်ခု
ရှိနေသည်ကို တွေ့လိုက်ရပြီး ထိုဒဏ်ရာက သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည့်ရုပ်သွင်ကို
ပျက်စီးသွားစေကြောင်း နားလည်လိုက်သည်။ သူမက အဝေးမှကြည့်လျှင်ပင် ရင်သပ်ရှုမောဖွယ်
လှပသော အသွင်အပြင်ရှိနေပြီး ရိုးရိုးအဝတ်အစားကိုသာ ၀တ်ထားသော်လည်း ကျိုးကြေနေသော
ပန်းတစ်ပွင့်ကို ကိုင်ထားပုံက ချစ်စရာကောင်းနေခဲ့သည်။ အနီးကို ကပ်လာမှသာ
သူမမျက်နှာပေါ်တွင် အပြစ်အနာအဆာများ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။
ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမျိုးသမီးအများစုက ထိုနေရာကို သူမတို့၏ဆံပင်များဖြင့် ဖုံးအုပ်ထားလေ့ရှိကြသည်။
ထိုသို့မဟုတ်ရင် သူမတို့က အခြားသူများ၏မျက်လုံးများကို ရှောင်ရှားရန်
ခေါင်းငုံ့ထားလေ့ရှိသည်။ သူမကတော့ လုံးဝကွဲပြားခြားနားနေပြီး သူမ၏ဒူးအထိရှည်သော ဆံပင်ကို
ဆံပင်အသုံးအဆောင်ပစ္စည်းများမပါဘဲ ကျစ်ဆံမြီးရှည်အဖြစ် သပ်သပ်ရပ်ရပ် ချည်နှောင်ထားသောကြောင့်
သူမ၏မျက်နှာတစ်ခုလုံးကို ထင်ရှားစွာ မြင်တွေ့နေရသည်။ အထူးသဖြင့် စူးရှအေးစက်ပြီး
မာနကြီးသော သူမ၏မျက်လုံးများပင်။ သူမကို ကြည့်မိသောအခါ သူ့နှလုံးကြီး ခုန်ထွက်သွားသလိုတောင်
ခံစားလိုက်ရသည်။ သူက သူမကို ပိုစိတ်ဝင်စားလာပြီး ကျွော့ချင်း၏လမ်းကို
ပိတ်ဆို့လိုက်သည်။ ချီထျန်းယုက သူ့၏အချောဆုံးဟု ထင်ရသည့် အပြုံးကို ထုတ်ဖော်လိုက်ကာ
"မိန်းခလေးက ရေခဲတုံးလို အလှလေးပဲ၊ ကိုယ် မင်းကို သဘောကျတယ်။ မိန်းကလေးရဲ့နာမည်ကို
မေးလို့ရမလား?"
ကျွော့ချင်းက သူမလက်ကို ညင်သာစွာ မြှောက်လိုက်ပြီး
သူမ၏လက်ထဲမှ ကျိုးကြေနေသောပန်းပွင့်များက မြေပြင်ပေါ်သို့ ကျသွားသည်။ ကျွော့ချင်းက
အေးစက်စွာဖြင့် "ကျွန်မက သိမ်ဖျင်းတဲ့လူတွေကို မုန်းတယ်၊ သူတို့က
မသန့်ရှင်းဘူး "
ချီထျန်းယု၏ အပြုံးက အေးခဲသွားပြီး လို့ရှီးဝူက သူမ၏
နှုတ်ခမ်းကို ဖုံးကာ ပြုံးလိုက်သည်။ သူမက အစ်ကိုချီ၏မျက်နှာက အရင်ထက်မဲမှောင်သွားသည်ကို
မြင်လိုက်သည်။ သူ့မျက်နှာပေါ်မှ ရှက်ရွံ့မှုများကို
မြင်လိုက်ရသောကြောင့် လို့ရှီးဝူက "အစ်ကိုချီ၊ သူ့(မ)နာမည်က ‘ချင်းဖုန့်’ တဲ့”
ချင်းဖုန့်?၊
သူမက ချင်းဖုန့်?၊ သူမမျက်နှာက ဘာလို့ ဒီလိုမျိုး ဖြစ်နေတာလဲ?!
သူ့စိတ်ထဲ၌ သံသယအပြည်ဖြင့် တွေးနေခဲ့သော်လည်း
ချီထျန်းယုက သူမကို ဦးညွှတ်လိုက်ပြီး "ချင်းသခင်မလေး၊
မင်းက အရမ်းယဉ်ကျေးတယ်နော်"
သူမက ပေါ့ပေါ့တန်တန်ပြောတက်ပြီး
သိမ်ဖျင်းတာကို မကြိုက်ပေမယ့် စာတတ်မြောက်သူကိုတော့ သဘောကျပါသေးတယ်။
"ကျွန်မက ဟန်ဆောင်တဲ့ ယောက်ျားတွေကို ပိုမုန်းတယ်၊ အဲဒါက အရမ်းရွံရှာစရာကောင်းတယ်"
ချီထျန်းယု၏ အပြုံးက ငိုနေသည်ထက်ပင် ပိုရုပ်ဆိုးသွားပြီး
သူ့မျက်နှာပေါ်မှ အပြုံးက လုံးဝ အေးခဲသွားခဲ့သည်။ လို့ရှီးဝူက မရယ်ဘဲ မနေနိုင်တော့ပေ။
အမူအရာမဲ့ အေးစက်စက်မျက်နှာဖြင့် ဘေးနားတွင် ရပ်နေသည့် ကျင်းစ၏နှုတ်ခမ်း၌ပင်
သံသယဖြစ်ဖွယ်အပြုံးတစ်ခု ရှိနေလေသည်။
ချီထျန်းယုကတော့ မရယ်နိုင်သလို ငိုလို့လည်း မရတော့ပေ။
သူက သူမကို အရင်စော်ကားခဲ့တာ မဟုတ်ဘူးလား?!
"မင်းတို့ ဘာလို့ ဒီလောက်ပျော်နေတာလဲ!"
လူတိုင်း
ပျော်ရွှင်စွာ ရယ်မောနေစဥ်တွင် ရွှယ်ရှန်းရှင်းက ကောင်မလေးအနည်းငယ်နှင့်အတူ
ရောက်လာသည်။
ချီထျန်းယုက အနည်းငယ် ယဉ်ကျေးစွာဖြင့်
"မတွေ့တာကြာပြီနော် သခင်မက လုံးဝမပြောင်းလဲဘူး"
ရွှယ်ရှန်းရှင်းက ပုံကြီးချဲ့သော အပြုံးဖြင့် ယုတ်မာစွာ ပြုံးလိုက်ပြီး
"အော်... ချီသခင်လေးက ဒီမှာ ရှိနေတာပဲ။ ငါတို့ ရှီးဝူက အရမ်းပျော်နေတာ
အံ့သြစရာ မဟုတ်တော့ပါဘူး။ မိန်းကလေးတစ်ယောက် အနေနဲ့ တကယ်ကို ခဲယဉ်းတယ်"
သူမ ဒီမိသားစုကနေ
မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ။ သူမရဲ့ရက်စက်တဲ့ စရိုက်က ချီမိသားစုလိုမျိုး လမ်းပေါ်ကမိသားစုတွေအတွက်ပဲ
သင့်လျော်တယ်။
လို့ရှီးဝူက
သူမဘေးနားရှိ ကျင်းစကို အထိတ်တလန့် စိုက်ကြည့်လိုက်ပြီးမှ "မေမေလေး၊
ကျေးဇူးပြုပြီး မသင့်တော်တဲ့စကားတွေကို ရပ်လိုက်ပါ!"
ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။
ဒီကလေးမလေးက ချစ်ခြင်းမေတ္တာကို
နားလည်ပြီးသားဖြစ်နေတဲ့အပြင် သူမ ပိုင်ဆိုင်ချင်သူတောင်မှ
ရှိနေပြီလား?
သူမ အံကြိတ်ထားသည်ကို မြင်လိုက်ရချိန်တွင် ရွှယ်ရှန်းရှင်း၏စိတ်အခြေအနေက
ပိုကောင်းလာပြီး တမင်တကာ နားလည်မှုလွဲဟန်ဆောင်လိုက်သည်။
"သူ(မ)
ငါကြောင့် အရမ်းရှက်သွားပြီ!"
လို့ရှီးဝူက အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမလက်များကို
လက်သီးတင်းတင်းဆုပ်ထားခဲ့သည်။ ချီထျန်းယုက အရာအားလုံး ချောချောမွေ့မွေ့ဖြစ်အောင်
ကြိုးစားလိုက်ပြီး "သခင်မ၊ သခင်မက ကျွန်တော်တို့ကို နောက်နေတာလား? ရှိးဝူက ငယ်သေးတာမို့ ကျွန်တော်က သူ(မ)ကို ညီမလေးလို့ပဲ
သတ်မှတ်ခဲ့တာ"
"ကောင်းပြီ မင်းတို့ ပြောတာမှန်တယ်!" ရွှယ်ရှန်းရှင်းက မနေ့ညကလို လို့ရှီးဝူ
ရူးသွပ်သွားမည်ကိုလည်း ကြောက်ရွံ့နေပြီး အမြန်စကားဖြတ်လိုက်သည်။
ရွှယ်ရှန်းရှင်းက ကျင်းစကိုကြည့်ကာ လှမ်းမေးလိုက်သည်။
"ရှီးယန်
ဘယ်မှာလဲ? သူ အိပ်ယာနိုးနေပြီလား?"
သူမနောက်မှ အိမ်တော်အစေခံ၏လက်ထဲတွင် မနေ့ညက ဆေးဖျော်နှင့်
အလွန်ဆင်တူသော ဆေးပန်ကန် တစ်လုံးရှိနေခဲ့သည်။ ကျွော့ချင်းက ထိုကိစ္စကို စဉ်းစားမိသွားပြီး
ရှေ့သို့ တိုးသွားကာ "ဆေးကို ပေး"
ရွှယ်ရှန်းရှင်းက ပြန်လှည့်လာပြီး "မင်းကို ပေးရမှာလား?
မင်းကိုယ်မင်း ဒီမိသားစုရဲ့သခင်မလို့ ထင်နေတာလား? ရယ်စရာတွေ လာပြောနေတယ်၊ ငါ မင်းနဲ့
မငြင်းခုံချင်ဘူး။ မင်း နေရာကို မင်းသိရင် ပိုကောင်းမယ်"
သူမက သခင်မနေရာအတွက် ဤနေရာတွင် ရှိနေကြောင်း ထွက်ပေါ်လာခဲ့သည်။ ကျွော့ချင်းက
"သခင်မ ရာထူးကို ကျွန်မ စိတ်မဝင်စားပါဘူး၊ ဒါပေမယ့် လောလောဆယ်တော့ သူ့ဆေးတွေကို
ကျွန်မ ထိန်းချုပ်ထားတယ်"
စိတ်မဝင်စားဘူးပေါ့! သူမကလည်း ဒီနေရာမှာ ဟန်ဆောင်နေဖို့ စိတ်မဝင်စားပါဘူးနော်။
ရွှယ်ရှန်းရှင်းက လှောင်ပြောင်သံဖြင့် "ဒီလောက်ကြီးကျယ်တဲ့
လေသံနဲ့ ဝန်ကြီးချုပ်အိမ်တော်မှာ ရဲရဲဝံ့ဝံ့ ပြုမူရဲတဲ့ သတ္တိကို မင်းကို ဘယ်သူပေးတာလဲ?
ကျင်းစ၊ သူ(မ)ကို မောင်းထုတ်လိုက်!"
ကျင်းစက တိတ်ဆိတ်နေခဲ့ပြီး ရွှယ်ရှန်းရှင်း ရူးသွပ်တော့မည်ဖြစ်အချိန်တွင်
အဆောက်အဦး၏ တံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး လို့ရှီးယန်၏ နက်နဲသိမ်မွေ့သော အသံတိုးတိုးက
အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။
“အဲ့သတ္တိက ငါ သူ(မ)ကို ပေးခဲ့တာ”
✍️✍️✍️