Chapter 24
Viewers 409

အခန်း ၂၄ ဧကရာဇ် ကြွချီလာပြီ

  "ကြိုဆိုနေစရာ မလိုပါဘူး!" စိတ်မရှည်မှုနှင့် မောက်မာမှုများ ပါဝင်နေသည့် အမျိုးသားအသံတစ်ခု ထွက်ပေါ်လာပြီး တံခါးက ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရသည်။ .

တစ်ချိန်တည်းမှာပင် ဖယောင်းတိုင်မီးများ တောက်ပနေသော အတွင်းခန်းထဲတွင် မော့ပိုင်က သူ့၏အင်္ကျီလက်စများ ဖြည်းညှင်းစွာ လှုပ်ခတ်လိုက်ရာ အားနည်းသော ဖယောင်းတိုင်မီးလေးတစ်ခုသာ ကျန်နေခဲ့ပြီး ကျန်သည့်ဖယောင်းတိုင်များအားလုံး ငြိမ်းသွားခဲ့သည်။

      မော့ပိုင်က ကျွော့ချင်းကိုလည်း ခန်းဆီးနှင့်ကပ်နေအောင် တွန်းပို့လိုက်သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် သူမ၏ လက်ထဲသို့ လင်ဗန်းတစ်ချပ် ရောက်လာပြီး ကတိုက်ကရိုက်လျောက်လှမ်းနေပုံရသော ခြေသံများလည်း ထွက်ပေါ်လာခဲ့သည်။ ကျွော့ချင်း မော့ကြည့်လိုက်ရာ အရပ်မြင့်မြင့် ပုံရိပ်တစ်ခု မြန်မြန်ဆန်ဆန် လျှောက်လှမ်းလာသည်ကို သူမ တွေ့လိုက်ရသည်။ ထိုလူက ကျွော့ချင်းဘက်ကို ကျောပေးထားသောကြောင့် သူမက သူ့၏အသွင်အပြင်ကို မမြင်ရပေ။ ထိုလူက မီးခိုးရောင်နှင့် အနက်ရောင်ပါသော ဝတ်ရုံကို ၀တ်ဆင်ထားပြီး အင်္ကျီလက်ပေါ်တွင် ရွှေချည်ဖြင့် ထိုးထားသော တိမ်ပုံစံပန်းထိုးနှင့် အနက်ရောင် နဂါးကို မြင်နေရသည်။ သူ့အဝတ်အစားများက သာမာန်မဟုတ်ကြောင်းပြသနေသလို အကန့်အသတ်မရှိ ဇိမ်ခံသည့်အသွင်အပြင်ကို ဖော်ပြနေခဲ့သည်။ တချိန်တည်းမှာပင် သူ့၏မြင့်မြတ်မှု၊ ခန့်ညားမှုနှင့် မောက်မာပုံရသော သွင်ပြင်ကိုလည်း အပြည့်အဝ ဖော်ပြနေခဲ့သည်။

  ထိုလူက တံခါးထဲဝင်သွားသည်နှင့် တပြိုင်နက် ကုတင်ပေါ်တွင် ကျောတစ်ဝက်မှီကာ ထိုင်နေသော လို့ရှီးယန်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာက ချက်ချင်း မည်းမှောင်လာပြီး "မင်း အိပ်နေလေ၊ ထိုင်ပြီး ဘာလုပ်နေတာလဲ?!"

  "တော်ဝင်သမားတော်က ဘယ်မှာလဲ?" အခန်းကျယ်ကြီးထဲတွင် မော့ပိုင်နှင့် အစေခံတစ်ယောက်ကိုသာ တွေ့လိုက်ရသောကြောင် ထိုလူက ချက်ချင်း ဒေါသဖြစ်သွားပုံရကာ "သူက သူ့အသက်ကို မလိုချင်တော့ဘူးလား? အခု ဘယ်သွားနေတာလဲ?!"

  ကျွော့ချင်းက သူမ၏ နားရွက်များကို ညင်သာစွာ ကုတ်ချလိုက်သည်။

ဒါက ဘုရင့်ရဲ့ဂုဏ်ကျက်သရေနဲ့ တော်ဝင်ကျင့်ဝတ်လို့ ခေါ်တဲ့အရာလား?!

ထိုဧကရာဇ်က စိတ်နေသဘောထား မကောင်းကြောင်း သိသာနေသောကြောင့် သူမ ငြိမ်သက်စွာ နေလိုက်ခြင်းက ပိုမိုကောင်းမွန်နိုင်သည်ဟု တွေးလိုက်မိချိန်တွင် ကျွော့ချင်းက သူမ၏ခေါင်းကို ငုံ့လိုက်ကာ သူမ၏မျက်လုံးများကိုပါ မှိတ်ချထားလိုက်သည်။

  လို့ရှီးယန်က သူ၏နဖူးကို ညင်သာစွာ ပွတ်သပ်နေပြီး ခပ်ဖျော့ဖျော့ အပြုံးဖြင့် "ငါ ဆေးသောက်ပြီးလို့ နည်းနည်းသက်သာ လာပါပြီ။ အခုတော့ မင်း အော်နေလို့ ခေါင်းကိုက်လာပြီ!"

သူက ဒေါသကြီးရုံတင်မကဘူး၊ အသံကလည်း ကျယ်သေးတယ်!

  ယန်းဟုန်ထျန်းက သူ့ကို စိုက်ကြည့်ရင်း အေးစက်စွာ နှာမှုတ်လိုက်သည်။ "ကျေးဇူးကန်းတဲ့ အကောင်၊ ငါက မင်း နေမကောင်းဘူးလို့ ကြားတာနဲ့ မရပ်မနား ဒီကို အမြန်ပြေးလာခဲ့တယ်၊ မင်းကတော့ တော်တော်ကောင်းတာပဲ!"

ချုံယွဲ့ ဒါမဟုတ် တိုင်းပြည်ခြောက်ခုလုံးမှာ သူ့ကို ဒီလိုမျိုး ပြောဆိုဝံ့တဲ့သူက ဒီလူတစ်ယောက်တည်းပဲ ရှိတာလေ။

  လို့ရှီးယန်က ချက်ချင်းပင် မတ်မတ်ထထိုင်ကာ လက်နှစ်ဘက်လုံးကို လက်ခုပ်တင်းတင်းဆုပ်လိုက်ပြီး လေးနက်သောအမူအရာဖြင့် "ဒီအရာရှိက ဧကရာဇ်ကို နှောက်ယှက်မိလို့ စိုးရွံမိပါတယ်"

  "လို့...ရှီး...ယန်!"

  လို့ရှီးယန်က မျက်ခုံးပင့်လိုက်ပြီး ယန်းဟုန်ထျန်း၏ အေးစက်သောမျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားကာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက ထူးဆန်းနေသည်ကို မြင်နေရသောကြောင့် ကျွော့ချင်းက လျှို့ဝှက်စွာ မှန်းဆနေခဲ့သည်။

ဒီလူနှစ်ယောက်... အရှင်သခင်နဲ့ သူ့ဝန်ကြီးကြားက ဆက်ဆံရေးက သမရိုးကျ မဟုတ်ဘူးပဲ၊ ပြီးတော့ အခု သူတို့နှစ်ယောက်  ရန်ဖြစ်ကြ‌တော့မှာ မဟုတ်ဘူးလား?

ကံမကောင်းစွာဖြင့် သူတို့က သူမကို စိတ်ပျက်သွားစေခဲ့ပြီး ယန်းဟုန်ထျန်းက ကုတင်ပေါ်သို့ ရုတ်တရက် ဝင်ထိုင်လိုက်သည်။  လို့ရှီးယန်၏မျက်နှာက အမှန်တကယ် အဆင်ပြေနေသည်ကို တွေ့လိုက်ရသောကြောင့် သူက စိတ်ကျေနပ်သွားပြီး အသံတိုးတိုးဖြင့် "ဒီလက်ဆောင်ကို ကျေနပ်ရဲ့လား

  "ဘာလက်ဆောင်လဲ?"

လို့ရှီးယန်က အံ့သြသွားပုံရသည်။

  "ချင်းဖုန့်"

  "သူ(မ)..." လို့ရှီးယန်က သူ့မျက်လုံးများကို ညင်သာစွာ မော့လိုက်ပြီး ယန်းဟုန်ထျန်း၏ ပခုံးကို ကျော်ကာ နောက်တွင် နာခံမှုရှိရှိ ရပ်နေသော ကျွော့ချင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အနည်းငယ် ပြုံးလိုက်ပြီး "အရမ်းကောင်းတယ်"

  အရမ်းကောင်းတယ်တဲ့လား?  ရှီးယန်က အမျိုးသမီးတွေအပေါ် ဒီလိုမှတ်ချက်ပေးဖို့ ခဲယဥ်းလွန်းလှတယ်။

 "အရသာတွေ့ရဲ့လား?"

      ဘာ... ဘာကို... အရသာတွေ့ရဲ့လားလဲ!?  သူမက ဝက်နံရိုးထမင်းလား?! သူက မိန်းမတွေကို ဘယ်လို ထင်နေတာလဲ?! 

ကျွော့ချင်း၏ ဦးခေါင်းတွင် အနက်ရောင်လိုင်းများ ဖုံးလွှမ်းလာပြန်သည်။ ကျွော့ချင်း၏ စိတ်ဓာတ်ကျနေပုံရသော အကြည့်ကြောင့် လို့ရှီးယန်က ရယ်ချင်သွားပြီး  ရုတ်တရက်  ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။

" အဟွတ်... အဟွတ်... အဟွတ်...."

  "မင်း ဘာလို့ ထပ်ပြီး ချောင်းဆိုးနေတာလဲ!?" ယန်းဟုန်ထျန်းက မျက်မှောင်ကြုတ်ကာ သူ့နောက်ကျောကို ပုတ်ပေးနေရင်း ပြောလိုက်သည်။

"မင်းလည်း အသက်မငယ်တော့ဘူး၊ မင်းမှာ တကယ်ကို ဇနီးတစ်ယောက် ရှိသင့်နေပြီ၊ ဒါကြောင့် မင်းရဲ့လို့မိသားစုအတွက် နာမည်ကောင်းတစ်ခု ထားနိုင်စေဖို့ မင်းနဲ့ ရွှယ်အာကိစ္စ..."

  ယန်းဟုန်ထျန်း၏စကား မဆုံးခင်မှာပင် လို့ရှီးယန်က သက်ပြင်းချလိုက်ပြီး "ငါက သေတော့မယ်လူလေ၊ ငါ့နောက်လိုက်တဲ့သူတိုင်းက ဒုက္ခရောက်လိမ့်မယ်။ ပထမဇနီးနေရာကို လွှတ်ထားလိုက်ကြရအောင်"

  လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြောနေခဲ့သော်လည်း ယန်းဟုန်ထျန်းက အနည်းငယ် ဒေါသထွက်သွားပုံရသည်။

"မင်း ဘာတွေ ပေါက်ကရပြောနေတာလဲ? ရွှယ်အာ မင်းနောက်ကို လိုက်နိုင်ရင် အဲ့တာက သူ(မ)အတွက် ကောင်းချီးပဲ။ မင်း ရွှယ်အာကို မကြိုက်ရင် နောက်တစ်ယောက် ရွေးလိုက်"

 လို့ရှီးယန်က ထိုအရာကို လက်မခံဘဲ အကြောင်းအရာပြောင်းရန် ဆင်ခြေတစ်ခု ရှာလိုက်ကာ "မြောက်ပိုင်းချီနဲ့ တိနိုတို့က တစ်နှစ်ပတ်လုံး အချင်းချင်း ရန်ဖြစ်နေတာ၊ ဒီတစ်ကြိမ်မှာ မြောက်ပိုင်းချီက ချုံယွဲ့ကို အားကိုးဖို့ ရောက်လာတယ်။ သူတို့ အကူအညီတောင်းဖို့လာတာလို့ ငါ ထင်တယ်“

  "ဘယ်လောက်ကောင်းတဲ့ အကြံလဲ!  မြောက်ပိုင်းချီက ချုံယွဲ့ကို တာဝန်ယူစေချင်ရင် သူတို့ ပေးချင်တဲ့ဈေးပေါ် မူတည်တယ်။ ဒီကိစ္စအတွက် စိတ်မပူနဲ့”

လို့ရှီးယန်က ရွှယ်အာနှင့် အိမ်ထောင်ရေးအကြောင်း မပြောချင်သည်ကို သိလိုက်သောကြောင့် ယန်းဟုန်ထျန်းက သူ့ကို အတင်းအကျပ် မပြောတော့ပေ။

 ရှီးယန်ကလွဲရင် ကမ္ဘာပေါ်က ဘယ်သူကိုမဆို သူ အတင်းအကျပ် လုပ်နိုင်တယ်။

  သူက လို့ရှီးယန်၏ ပုခုံးကို ပုတ်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီး "ကောင်းကောင်းအနားယူပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ငါ အရင် ပြန်တော့မယ်။ နောက်ရက်အနည်းငယ်ကြာတဲ့အထိ ညီလာခံကို မလာနဲ့"

  "အမ်း"

  ယန်းဟုန်ထျန်းက မတ်တပ်ထရပ်ပြီး ခန်းဆီးဆီသို့ လျှောက်သွားနေရင်းမှ ရုတ်တရက် ရပ်လိုက်ပြီး အခန်းထောင့်ရှိ အစေခံကို လှမ်းကြည့်လိုက်သည်။

ရှီးယန်က အမြဲတမ်း မော့ပိုင်ကိုပဲ သူ့ဘေးနာမှာ ထားလေ့ရှိတယ်။ အခု ဘာလို့ အစေခံတစ်ယောက် ရှိနေတာတာလဲ?

ထိုအစေခံအမျိုးသမီးက ခေါင်းငုံ့ထားသောကြောင့်  ယန်းဟုန်ထျန်းက သူမကို အနီးကပ် မကြည့်တော့ဘဲ ပြန်ထွက်သွားခဲ့သည်။

  ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဒီလူက အရမ်းရက်စက်ကြမ်းတမ်းပုံပဲ။ သူ သူမကို တစ်ချက်ပဲ လှမ်းကြည့်လိုက်ပေမယ့် အဲဒီမျက်ဝန်းနက်တွေရဲ့ ရက်စက်မှုကို သူမခံစားနိုင်သေးတယ်။

  ယန်းဟုန်ထျန်း ထွက်ခွာသွားကြောင်း အတည်ပြုပြီးနောက် ကျွော့ချင်းက သူမလက်ထဲမှ လင်ဗန်းကို ချက်ခြင်း ပြန်ချလိုက်သည်။ အနည်းဆုံးအနေဖြင့် သူမ တစ်ခုခု မေးလာခဲ့မည်ဟု  လို့ရှီးယန် ထင်ထားခဲ့သော်လည်း သူမက ဘာမှ မမေးတော့ဘဲ တံခါးဆီသို့ အလျင်အမြန် ထွက်သွားခဲ့သည်။

လို့ရှီးယန်က အလောတကြီး လှမ်းမေးလိုက်သည်။

"ဘယ်သွားမလို့လဲ?"

  ကျွော့ချင်းက နောက်ပြန်လှည့်မကြည့်ဘဲ အသံတိုးတိုးဖြင့် "စားဖို့ တစ်ခုခု သွားရှာမလို့"

  လို့ရှီးယန်က ခဏတာ အံ့အားသင့်နေခဲ့ပြီး သူ့အသိများ ပြန်ရောက်လာရန် အချိန်အတော်ယူလိုက်ရသည်။

သူ ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။ သူမက စားဖို့ တစ်ခုခုရှာဖို့ အရမ်းစိတ်စောနေတာလား?!

  ကျွော့ချင်း ထွက်သွားပြီး ခဏအကြာတွင် ကျင်းစက သူ့လက်ထဲတွင် စာလိပ်တစ်လိပ် ကိုင်ဆောင်ရင်း တံခါးကို ညင်သာစွာဖွင့်ကာ ဝင်လာခဲ့သည်။ သူက ခန်းဆီးအပြင်ဘက်တွင် ရပ်နေကာ အသံတိုးတိုးဖြင့် "သခင်၊ ကျွန်တော်တို့ ရှာတွေ့ပါပြီ"

  အတွင်းခန်းမှ အသံတိုးတိုးက ပျင်းတိပျင်းတွဲ ထွက်ပေါ်လာခဲ့သည်။

 "ဝင်လာပြီး ပြော"

ကျင်းစက အတွင်းခန်းထဲသို့ ဝင်လာကာ သူ့လက်ထဲတွင်ရှိနေသော စာလိပ်ကို ဖွင့်လိုက်ပြီး "ချင်းမိသားစုရဲ့ ညီအစ်မတွေက နှစ်ရှည်လများ နာမည်ကောင်းရှိကြပါတယ်၊ မြို့တော်မှာရှိတဲ့ လူအများအပြားက သူမတို့ရဲ့ပုံတူတွေကို စုဆောင်းထားကြတယ်။ ဒါကို ပညာရှင် ကျန်းဟန်ရှီက ရေးဆွဲခဲ့တာပါ၊ မနှစ်က ချင်းမိသားစုက သခင်မလေးတွေက ဟောင်ယွဲ့ကဗျာခန်းမမှာ ကဗျာတွေ ရေးနေခဲ့တယ်။ အဲ့တုန်းက ဆွဲထားတဲ့ ပန်းချီပါ”

 စာလိပ်ထဲတွင် အမျိုးသမီး သုံးဦးက စားပွဲခုံပုလေးတစ်ခုရှေ့တွင် ရပ်နေသည်။ အပြာရင့်ရောင် အမျိုးသမီးက သူမ၏လက်တစ်ဖက်ဖြင့် ကြက်သွန်ရွက်ပုံယပ်တောင်ကို ညင်သာစွာ ကိုင်ထားပြီး သူမကိုယ်ဟန်အနေအထားက ပေါ့ပါးနေကာ အပြုံးကတောင် ပြေပြစ်နေခဲ့သည်။ အလယ်ရှိ ခရမ်းရောင်ဝတ် အမျိုးသမီးက စုတ်တံကို ကိုင်ထားပြီး တစ်ခုခု ရေးနေပုံရကာ သူမလက်က လေထဲတွင် ပျံဝဲနေသည်။ သူမ၏မျက်လုံးများက ယုံကြည်မှု အပြည့်ရှိနေပုံရပြီး သူမ၏နောက်တွင် သေးငယ်သော အစိမ်းရောင်ဝတ်အမျိုးသမီးတစ်ဦး ရှိနေကာ သူမက ပိုးသားလက်ကိုင်ပုဝါကို ကိုင်ပြီး မတ်တပ်ရပ်နေခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် နူးညံ့သော အပြုံးလေးရှိနေပြီး ချစ်စရာကောင်းနေပြန်သည်။ သူမတို့သုံးယောက်က မတူညီသည့် ပုံစံသုံးမျိုးရှိပြီး အားလုံးက လှပသည့်အသွင်အပြင် ရှိနေကြသည်။ ထိုအရာက ပန်းချီကားတစ်ချပ် ဖြစ်နေလျှင်ပင် စွဲလမ်းရန် လုံလောက်နေပြီးသား ဖြစ်သည်။

  သူမတို့၏အသွင်အပြင်ကို ကြည့်ရလျှင် အလယ်မှ အမျိုးသမီးက ချင်းဖုန့် ဖြစ်နိုင်ပြီး ပန်းချီကားထဲမှာပင် သူမကိုယ်သူမ ဂုဏ်ယူနေဟန် ချောမောလှပသည့် မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။

 အပြင်မှာတော့ သူမက ရက်စက်တယ်၊ အေးစက်ပြီး မာနကြီးတယ်။

 ပန်းချီကားထဲမှ ပြုံးနေသည့် အမျိုးသမီးကို ကြည့်နေရင်း လို့ရှီးယန်၏မျက်နှာက အေးစက်ပြီးရင်း အေးစက်လာကာ အေးစက်နေသည့်အသံဖြင့်ပင် “သူ(မ)မျက်နှာကို ဘယ်သူက ဒဏ်ရာရစေခဲ့တာလဲ?”

ကျင်းစနှင့် မော့ပိုင်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ဖက်သား၏မျက်လုံးများတွင် အံ့သြမှု အနည်းငယ်ကို ပြန်တွေ့လိုက်ကြရသည်။ စိတ်ခံစားမှုများ၊ ဒေါသများနှင့် အမြဲဝေးကွာနေခဲ့သော သူတို့သခင်က ယနေ့ညတွင် စိတ်လှုပ်ရှားနေပုံရပြီး သူတို့၏စိတ်ထဲတွင် အနည်းငယ် ရှင်းလင်းသွားခဲ့သည်။ ကျင်းစက ခေါင်းကို အနည်းငယ် ပြန်ငုံ့လိုက်ပြီး အမှန်အတိုင်း ပြောပြလိုက်သည်။

"သူ(မ)တို့ကိုယ်တိုင်ပါပဲ။ ချင်းမိသားစုရဲ့ညီအစ်မသုံးယောက်က သူတို့ကိုယ်သူတို့ ချုံယွဲ့ကို လက်ဆောင်ပဏ္ဍအဖြစ် ပေးအပ်ဖို့ ဆန္ဒမရှိခဲ့ကြပါဘူး။ ‌ဟောင်ယွဲ့ဘုရင်က သူ(မ)တို့ရဲ့မိဘတွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ချင်းမိဘတွေက ထောင်ထဲမှာ သေဆုံးသွားပြီး သူ(မ)တို့က ခရီးစ မထွက်ခင်မှာ  သူတို့ကိုယ်သူတို့ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့တာပါ၊ လမ်းမှာလည်း ကြိုးဆွဲချသေဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ဘဲ ကယ်တင်ခံရပြီး ချုံယွဲ့ဆီကို တိုက်ရိုက် ပို့ဆောင်ခံလိုက်ရတာပါ"

  သေကြောင်းကြံတာလား? ချင်းဖုန့်က သူမကိုယ်သူမ သတ်သေမယ်လို့ သူ လုံးဝ မယုံနိုင်ဘူး။ အနည်းဆုံးတော့ သူ မြင်ဖူးသမျှ တည်ငြိမ်ပြီး မာနကြီးတဲ့ အမျိုးသမီးက ဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခါ သတ်သေဖို့ ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ပါဘူး။ 

ထိုအရာကို စဉ်းစားပြီးနောက် လို့ရှီးယန်က "ချင်းညီအစ်မတွေမှာ တခြားထူးခြားချက်တွေက ဘယ်လိုရှိလဲ?"

  "ချင်းသခင်မက ဟောင်ယွဲ့မှာ နာမည်ကြီး ဆေးမှင်ကြောင်ရေးဆွဲသူတစ်ဦးပါ။ ‌ဟောင်ယွဲ့ပြည်ထောင်ရဲ့မြင့်မြတ်တဲ့ မိသားစုက သမီးပျိုတွေ အားလုံးနီးပါးက သူတို့ရဲ့မျက်ခုံးမွှေးတွေမှာ သူတို့အကြီုက်ဆုံးပန်းပွင့်အဆင်တန်ဆာတွေ ရေးထိုးဖို့ ချင်းသခင်မကို ဖိတ်ခေါ်ကြတယ်။ ချင်းသခင်မက သူ(မ)ကလေးတွေ အသက်တစ်လအရွယ်မှာ ကလေးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ နံမည်နောက်ဆုံးစာလုံးကို တက်တူးထိုးထားတာကြောင့် သူ(မ)က တကယ်ကို ချင်းဖုန့်ဖြစ်နေရင် သူမခန္ဓာကိုယ်ပေါ်မှာ “ဖုန့်” ဆိုတဲ့ တက်တူးရှိသင့်တယ်"

  "ခန္ဓာကိုယ်ပေါ်မှာ “ဖုန့်” စာလုံးရှိနေတာက ရိုးရှင်းတဲ့ကိစ္စပဲ မဟုတ်လား?"

မော့ပိုင်က  မျက်မှောင်ကြုတ်နေခဲ့သည်။

ဒါက ဘယ်လို လက္ခဏာမျိုးမလို့လဲ? ကျင်းစ စစ်ဆေးနိုင်သလို တခြားသူတွေလည်း အလွယ်တကူ စစ်ဆေးနိုင်တယ်။

ကျင်းစက ခေါင်းခါလိုက်ပြီး “ချင်းညီအစ်မတွေမှာပဲ ဒီအင်္ဂါရပ်တွေ ရှိတယ်။ ချင်းသခင်မက သာမန်အချိန်တွေမှာ ခန္ဓာကိုယ်ပေါ်က တက်တူးထိုးထားတဲ့ စကားလုံးတွေကို မမြင်ရအောင် လုပ်နိုင်တဲ့ အထူးကျွမ်းကျင်မှုရှိတယ်လို့ ပြောကြတယ်။ စိတ်လှုပ်ရှားနေတဲ့အချိန် ဒါမှမဟုတ် ခန္ဓာကိုယ်က ပူနေတဲ့အချိန်မှ  ပေါ်လာလိမ့်မယ်၊ အဲ့နည်းလမ်းကို သူ(မ)သမီးတွေအတွက်ပဲ သုံးခဲ့တယ်"

  "သူ(မ)ခန္ဓာကိုယ်မှာ "ဖုန့်" ဆိုတဲ့ စကားလုံးရှိ မရှိ စစ်ဆေးဖို့ အခွင့်အရေး ရှာလိုက်၊ ဒီမိန်းခလေးရဲ့ အပြုအမူက သာမန်လူတွေနဲ့ မတူဘူး။ အနည်းဆုံးတော့ သူ(မ)က ချင်းဖုန့် ဟုတ်မဟုတ် အတည်ပြုချင်တယ်”

ကျင်းစ၏မျက်နှာက အေးခဲသွားပြီး သူက အချိန်အတော်ကြာ စကားပြန်မဖြေတော့ပေ။ လို့ရှီးယန်က ကျင်းစအကြောင်းကို သိနေပြီး ထူးထူးခြားခြား တစ်ခုခုကို ခံစားလိုက်ရသောကြောင့် အသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။

"တက်တူးက ဘယ်မှာလဲ?"

  "ရင်ဘတ်...."

✍️✍️✍️