အခန်း
၂၃ ထူးဆန်းသောရောဂါ (အပိုင်း ၂)
သမားတော်ရန်က တုံ့ဆိုင်းနေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို
မြင်လိုက်ရချိန်တွင် ကျွော့ချင်းက ခိုကိုးရာမဲ့ ခေါင်းယမ်းလိုက်တော့သည်။ အားလုံး၏
အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ကျွော့ချင်းက သူမ၏ ခြေထောက်ကို မြှောက်ကာ
ကုတင်ပေါ်သို့ တိုက်ရိုက် လှမ်းတက်သွားခဲ့သည်။
သူမက ကုတင်အတွင်းဘက်သို့
တက်သွားကာ လို့ရှီးယန်ဘေးနားတွင် ဒူးထောက်တစ်ဝက်အနေအထားဖြင့် ဝင်ထိုင်လိုက်ပြီး
သူ့၏ပုခုံးများကို ဆုပ်ကိုင်ကာ သူ့ကို ကူညီပေးရန် ကြိုးစားလိုက်သော်လည်း
မထင်မှတ်ပဲ လို့ရှီးယန်က ပိန်ပိန်လေးနှင့် သူ၏ကြွက်သားများက အလွန်သန်မာကာ လေးလံလွန်းနေခဲ့သည်။
သူမ၏ခွန်အားကို အသုံးမချနိုင်တော့သည့် ကျွော့ချင်းက မော့ပိုင်ကို
ပြန်မော့ကြည့်လိုက်ကာ "မျက်လုံးပြာ၊ သူ ထထိုင်နိုင်အောင် ကူညီပေးပါ"
မော့ပိုင်က မသေချာ မရေရာသောအရိပ်အမြွက်ဖြင့် သူမကို အေးစက်စွာ
စူးစူးရဲရဲ စိုက်ကြည့်နေကြောင့် ကျွော့ချင်းက စိတ်မရှည်စွာ အော်ဟစ်လိုက်တော့သည်။
"နင်
သူ့ကို မသေစေချင်ရင် မြန်မြန်လုပ်!"
မော့ပိုင်က ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ လို့ရှီးယန်
ထိုင်နိုင်ရန် ကူညီပေးလိုက်သောကြောင့် လို့ရှီးယန် ထိုင်နိုင်သွားခဲ့သည်။ ကျွော့ချင်းက
သူ ဝတ်ထားသောအဝတ်အစားများကို ဆုတ်ဖြဲကာ သူမ၏လက်တစ်ဖက်ဖြင့် သူ့ကျောကို ခပ်ဖွဖွ ပုတ်ပေးနေရင်း
အခြားတစ်ဖက်က သူ့ရင်ဘတ်ကို တိုက်ရိုက် ထိလိုက်သည်။ လို့ရှီးယန်က ကျွော့ချင်း၏ လက်ကောက်ဝတ်ကို ရုတ်တရက်
ဆုပ်ကိုင်လိုက်ပြီး သူ၏ သွယ်လျသော မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။ သူတို့
နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်း ကျွော့ချင်းက တခဏတာမျှ မှင်တက်သွားခဲ့သည်။
ထိုမျက်လုံးများက တစ်ခါတစ်ရံ နွေဦးလေညင်းကဲ့သို့ ဖြစ်နေတက်ပြီး၊ တစ်ခါတစ်ရံ
ကောက်ကျစ်စဉ်းလဲပြီး တွက်ချက်တတ်သည့် အရိပ်အယောင်များ ရှိနေတက်သည်။ သူ့မျက်လုံးများအတွင်းမှ
နက်နဲမှုက သူမကို ထိတ်လန့်စေခဲ့သည်။ သူ့နဖူးမှ စီးကျလာသော ချွေးများက သူ့ပါးပြင်တလျောက်
လျှောကျလာပြီး ကျွော့ချင်း၏လက်မောင်းပေါ်ကို စိုရွှဲသွားစေသည်။ သူမ၏လက်က တုန်ခါနေကာ
သူ့လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့လက်က နေ့လည်တုန်းက နူးညံ့အေးမြသောလက်များနှင့်
မတူတော့ဘဲ ထိုလက်များက အလွန်သန်မာနေပြီး လက်ဖဝါးများကလည်း မီးကဲ့သို့ ပူလောင်နေခဲ့သည်။
လို့ရှီးယန်၏ရင်ဘတ်ပေါ်မှ ကျွော့ချင်း၏လက်ကို မြင်လိုက်ရချိန်တွင်
လို့ရှီးဝူက သည်းမခံနိုင်တော့ပေ။ ကျွော့ချင်းက သူမအစ်ကို၏ရင်ဘတ်ပေါ်တွင် အထက်အောက်
လှုပ်ခါနေသောကြောင့် “နင် ဘာလုပ်တာလဲ?
ရုပ်ဆိုးတဲ့မိန်းမ? လွှတ် လွှတ်စမ်း!!"
ကျွော့ချင်းက လို့ရှီးဝူ၏အော်သံကို လျစ်လျူရှုလိုက်ပြီး လို့ရှီးယန်၏
နက်နဲသော မျက်လုံးများကို ပြန်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"လို့ရှီးယန်၊ ကျွန်မရဲ့စည်းချက်အတိုင်း
အနားယူပြီး အသက်ရှူပါ"
"အသက်ရှူ... ရှူသွင်း... ရှူထုတ်... ရှူသွင်း..."
လို့ရှီးယန်က မျက်မှောင်ကြုတ်လိုက်သည်။
သူမ ဘာတွေလုပ်နေတာလဲ?! ဒါပေမယ့် သူမက
သူ့ကို ထထိုင်စေပြီးတဲ့နောက်မှာ သူ့ရင်ဘတ်ထဲက မွန်းကြပ်နေမှုက ပိုသက်သာလာပုံရတယ်။
သူမက သူနှင့်အတူ
စိတ်အားထက်သန်စွာ အသက်ရှုနေသည်ကိုကြည့်ရင်း လို့ရှီးယန်က သူ့၏နှလုံးသားထဲမှ
နွေးထွေးလာသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူက သူ့စိတ်ကို ဖြေလျှော့ကာ သူမ လမ်းညွှန်ပေးနေသော
စည်းချက်အတိုင်း ဖြည်းဖြည်းချင်း အသက်ရှုလိုက်သည်။ သူမ၏လက်ကို ကိုင်ထားသော သူ့လက်ကိုလည်း
တချိန်လုံး လွှတ်မပေးခဲ့ပေ။
ကျွော့ချင်းက
လို့ရှီးယန်အား ရှူသွင်း၊ ရှူထုတ် လုပ်ခိုင်းနေသည်ကို အားလုံးက
စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။ သူတို့ ထိုကုသမှုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း
ထူးဆန်းစွာဖြင့် ထထိုင်ပြီးနောက် လို့ရှီးယန်က အကြိမ်ပေါင်းများစွာ အသက်ပြင်းပြင်းရှူနိုင်လာခဲ့သည်။
သူက မောနေသေးပုံရသော်လည်း ယခုနလောက် ခက်ခက်ခဲခဲ အသက်မရှုရတော့ပေ။ လွန်ခဲ့သော အခိုက်အတန့်တွင် သူက သူ့၏ထွက်သက်ဝင်သက်တိုင်းအတွက်
ခန္ဓာကိုယ်ရှိခွန်အား အားလုံးကို အသုံးချနေခဲ့ရသည်။
အသက်အနည်းငယ်ရှူပြီးနောက် ကျွော့ချင်းက သူမ၏ခေါင်းကို
မော့ကာ သမားတော်ရန်ကို စိုက်ကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် ကြိမ်းမောင်းလိုက်သည်။
"ရှင်
ကုစရာရှိတာကို ဆက်ကုလေ၊ ကျွန်မကို ကြည့်နေပြီး ဘာလုပ်မှာလဲ?!"
နောက်ဆုံးတွင် သမားတော်ရန်က အသိစိတ်ပြန်ဝင်လာခဲ့သော်လည်း "အိုး~"ဟုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။ သူ့လက်အောက်ငယ်သားများကလည်း
အပ်ကို ပေါ့ပေါ့ဆဆ မကိုင်ဝံ့ကြပေ။
အမွှေးတိုင်တစ်တိုင်ကုန်စာလောက်
ကြာပြီးနောက်တွင်....
တော်ဝင်သမားတော်နှင့် ကျွော့ချင်းတို့၏
ကြိုးစားအားထုတ်မှုဖြင့် လို့ရှီးယန်က ပိုအဆင်ပြေလာပုံရပြီး သူ၏အသက်ရှူသံများ
ချောမွေ့လာသော်လည်း သူ့မျက်နှာက ဖြူဖျော့နေဆဲဖြစ်သည်။
သမားတော်ရန်က အပ်ကို ပြန်ယူလိုက်ပြီး သူ့ခေါင်းပေါ်ရှိ
ချွေးပုတီးစေ့များကို သူ့အင်္ကျီလက်ဖြင့် သုတ်လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို
တိတ်တဆိတ် မှုတ်ထုတ်လိုက်သည်။ ယခုအချိန်က အမှန်တကယ် အန္တရာယ်များလှသော်လည်း ကံကောင်းထောက်မစွာဖြင့်
မိန်းမငယ်လေးက ထူးဆန်းသော လှုပ်ရှားမှုကို အသုံးပြုခဲ့သည်။ ထိုသို့မဟုတ်ပါက
နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သူ တွေးတောင် မတွေးရဲတော့ပေ။
“သမားတော်ကြီး၊ ဆေးရလာပါပြီ” လက်ထောက်သမားတော်လေးက ဆေးအနက်ရောင်များ ထည့်ထားသော
ပန်းကန်လုံးသန့်သန့်တစ်လုံးကို ကိုင်ဆောင်လာကာ သတိကြီးကြီးဖြင့် လှမ်းကြည့်နေလိုက်သည်။
သူမ မျက်နှာရှေ့သို့ ဆေးမရောက်လာမီ ကျွော့ချင်းက
တရုတ်တိုင်းရင်းဆေး၏ အနံ့ပြင်းသော အနံ့ကို ရရှိနေခဲ့သည်။
ကံကောင်းတာက
ငါ အနောက်တိုင်းဆေးပညာကိုသာ ရွေးချယ်ခဲ့လို့ပေါ။ ဒီသရဲတစ္ဆေလို အနံ့က ငါ့ကို နေမကောင်းဖြစ်စေလောက်အောင်ပဲ။
သူမက သူမ၏နှာခေါင်းကို
ဖုံးအုပ်ရန်ပြင်လိုက်ပြီးမှ သူမ၏လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားသည့် လို့ရှီးယန်၏လက်ကို
သတိထားမိသွားပြီး သူမ သူ့ကို ပြန်ကြည့်လိုက်ရာ သူ့မျက်လုံးကျဉ်းကျဉ်းလေးများထဲတွင်
အေးစက်သောအလင်းရောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်ကို တွေ့လိုက်ရသည်။ သူမ မဝင်လာခင်က
သူ ဆေးပန်းကန်ကို တစ်ကြိမ် ပေါက်ခွဲခဲ့သေးသည်ကို သူမ ပြန်တွေးမိလိုက်သည်။
သူလည်း
တရုတ်တိုင်းရင်းဆေးကို မုန်းတယ်လား?!
သမားတော်ရန်က ဆေးပန်းကန်ကိုယူကာ အိပ်ရာဆီသို့ လျှောက်လာခဲ့သည်။
မော့ပိုင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး "တော်ဝင်သမားတော်ရန်၊ ကျွန်တော်ကို
ပေးပါ"
“ဒါ…”
နောက်တစ်ခါ
အမှားလုပ်မိမည်ကို ကြောက်နေပုံရသော သမားတော်ရန်က လို့ရှီးယန်ကို ကိုယ်တိုင်ကိုယ်ကျ
ဆေးတိုက်ချင်နေပုံရပြီး တွန့်ဆုတ်နေလေသည်။ ထိုမတင်မကျ အခြေအနေတွင် ကျွော့ချင်းက ကြည်လင်လှပတဲ့
အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။
“တော်ဝင်သမားတော်၊
ရှင်လဲ တစ်ညလုံး ပင်ပန်းနေပြီမလား? ခဏလောက် အနားယူဖို့ မသွားချင်ဘူးလား? ခနနေရင် တခြား
တော်ဝင်သမားတော်တွေ ရောက်တော့လာမယ်။ ရှင်မှာ လုပ်စရာရှိနေသေးရင် ဒီနေရာကို ဂရုစိုက်ဖို့
ကျွန်မတို့ကို ထားခဲ့လိုက်ပါ"
စကားလုံးများက အလွန်ငဲ့ညှာပေးလွန်းနေပြီး
ခုခံနိုင်စွမ်းမရှိသော အင်အားကို သယ်ဆောင်လာခဲ့သည်။ သမားတော်ရန် မော့ကြည့်လိုက်ချိန်တွင်
ဟန်ဆောင်မှုမရှိဘဲ ကုတင်ပေါ်တွင် အေးအေးဆေးဆေးထိုင်နေသော မိန်းမငယ်လေးကိုသာ
တွေ့လိုက်ရသည်။ သူမ၏လက်တစ်ဖက်ကို ဝန်ကြီးချုပ်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး
ဝန်ကြီးချုပ်က သူမကို ကျောထောက်နောက်ခံပြုပေးနေပုံ ရသည်။ သမားတော်ရန်က
မျက်လွှာအမြန်ပြန်ချလိုက်ပြီး သူ့လက်ထဲမှ ဆေးပန်းကန်လုံးကို မော့ပိုင်အား လှမ်းပေးကာ
ဦးညွှတ်လိုက်သည်။
"ကောင်းပါပြီ၊
သခင်မ၊ ဒီကျွန်အိုကြီးက ဘေးခန်းမှာ ရှိနေပါ့မယ်။ တစ်ခုခုလိုရင် ချက်ချင်း ခေါ်လိုက်ပါ“
"ကောင်းပြီ" ကျွော့ချင်းက သခင်မဟူသော ခေါင်းစဉ်ကို လုံးဝသတိမထားမိဘဲ လို့ရှီးယန်၏နှုတ်ခမ်းထောင့်များက
အနည်းငယ် မြှင့်တက်သွားသည်ကိုလည်း သူမ သတိမထားမိပေ။
“အစ်ကို…” လို့ရှီးဝူက သူမ၏နှုတ်ခမ်းကို ကိုက်ထားရင်း ကုတင်ရှေ့တွင်
ဒူးထောက်ထိုင်နေကာ သူမ မငိုချင်သော်လည်း မျက်ရည်များက အထိန်းအကွပ်မရှိ
ကျဆင်းလာသည်။
လို့ရှီးယန်က သူ့လက်ကိုမြှောက်ကာ လို့ရှီးဝူ၏
မျက်လုံးထောင့်များမှ မျက်ရည်များကို အသာအယာ သုတ်ပေးလိုက်ပြီး "အစ်ကို အဆင်ပြေပါတယ်...
ရှီးဝူ၊ အစ်ကို ချင်းသခင်မလေးကို ပြောစရာရှိတယ်၊ မင်း အရင်ထွက်သွားလိုက်တော့နော်"
"ဟုတ်ကဲ့" လို့ရှီးဝူက ကျွော့ချင်းကို တစ်ချက်စိုက်ကြည့်ပြီးနောက်
ဘာမှ မပြောဘဲ နာခံစွာ ထွက်သွားခဲ့သည်။
မော့ပိုင်က ခန်းဆီးအပြင်ဘက်သို့ ဆုတ်ခွာသွားပြီး လို့ရှီးယန်နှင့်
ကျွော့ချင်းတို့ကိုသာ ချန်ထားခဲ့သည်။ ကျယ်ဝန်းသောအတွင်းခန်းထဲတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေကြပြီး
လို့ရှီးယန်၏ အသက်ရှူသံများက ထင်ထင်ရှားရှား မြင့်တက်လာသည်။ သူ့အဝတ်အစားများက
အနည်းငယ် လျော့ရဲနေပြီး တောင့်တင်းသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများကို
ယောင်ဝါးဝါးမြင်ရနေသည်။ သူ့၏အနက်ရောင်ဆံပင်များကိုလည်း တစ်ဝက်လောက်သာ
ချည်နှောင်ထားသည်။ ကျွော့ချင်းက သူမရှေ့မှ မြင်ကွင်းကို ကြည့်နေပြီး ထိုမြင်ကွင်းက
အလွန်ကောင်းမွန်နေသည်ဟု ဝန်ခံနိုင်သော်လည်း သူတပါးကို ယခုကဲ့သို့ စိုက်ကြည့်နေမိခြင်းက
လွန်နေပြီလားဟု သူမ တွေးနေခဲ့သည်။
ဒါပေမယ့်
ဒီလိုမျိုး မကြည့်ရင်လည်း ငါ့ကိုယ်ငါ့ လေးစားမှုကို ထိခိုက်စေလိမ့်မယ်။
ကျွော့ချင်းက သူကို မရိုးသားစွာ ကြည့်နေပြီး
အနည်းငယ်ကျဉ်းသော မျက်လုံးများက သူမ ပြန်ကြည့်နေတာကို တွေ့လိုက်ရသောကြောင့် ကျွော့ချင်းက
ရှက်ရွံ့စွာ ချောင်းဟန့်လိုက်ပြီး "ရှင် အခု စကားကို လျှော့ပြောပြီး များများ
အနားယူလိုက်တာက ပိုကောင်းမယ်။ ရှင် ပြောစရာတွေ ရှိရင် သက်သာလာတဲ့ အထိ စောင့်ပါ၊
အခုက နောက်ကျနေပြီ"
"ကိုယ် တစ်ခုလောက် ပြောချင်တယ်"
ကျွော့ချင်းက လို့ရှီးယန်ကိုင်ထားသည့် သူမလက်ကို မြှောက်လိုက်ပြီး
ရွှင်မြူးစွာဖြင့် "အဲ့ဒါဆိုလည်း ပြောပါ၊ ဒါပေမယ့် ကျွန်မကို အရင်ဆင်းခွင့်ပြုပေးနိုင်မလား?!"
ဒါက ဘယ်လောက်ရှက်ဖို့ကောင်းလဲ? သူ မသိဘူးလား?
လို့ရှီးယန်က
အလွန်ရယ်ချင်နေခဲ့သည်။
သူမလိုမျိုး ယောက်ျားတစ်ယောက်ကို စိုက်ကြည့်နေတဲ့
မိန်းခလေးကို သူ တစ်ခါမှ မမြင်ဖူးဘူး။
နောက်ဆုံးတွင် လို့ရှီးယန်က သူမကို အရှက်မခွဲချင်တော့ဘဲ သူမလက်ကို ညင်သာစွာ
လွှတ်ပေးလိုက်သည်။ ကျွော့ချင်းက အမြန်ထရပ်ကာ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမက
အနီးနားရှိ ခေါင်းအုံးအနည်းငယ်ကို ယူရန် မမေ့ဘဲ လို့ရှီးယန်၏ခါးအောက်တွင် ထားပေးကာ
၎င်းတို့ကို မှီထိုင်စေခဲ့သည်။
သူ့ဘေးနားမှ အလုပ်ရှုပ်နေသည့် အသွင်အပြင်လေးကို ကြည့်နေရင်း
လို့ရှီးယန်က ရုတ်တရက် သူ့အသံကို လျှော့ချလိုက်ကာ "ကိုယ် ဒီရောဂါကို ခံစားခဲ့ရတာ
နှစ်အတော်ကြာနေပြီ၊ တော်ဝင်သမားတော်တွေက ကိုယ့်ကို ကုသပေးခဲ့တာလည်း ကြာပါပြီ၊
ဒါပေမယ့် တိုးတက်မှု မရှိခဲ့ဘူး။ အခုန မင်းရဲ့နည်းလမ်းက အရမ်းထိရောက်တယ်လို့ ထင်တာပဲ၊
မင်းကိုယ့်ရဲ့အနားမှာနေပြီး ကိုယ့်ကို ဂရုစိုက်ပေးနိုင်မယ်လို့ မျှော်လင့်တယ်"
"အခုန ကျွန်မလုပ်ပေးခဲ့တာက ရှေးဦးသူနာပြုနည်းပဲ၊ တိကျတဲ့ကုသမှုကို ကျွန်မ မသိဘူး"
သူမက
အနောက်တိုင်းဆေးပညာကို လေ့လာခဲ့ပြီး အလောင်းခွဲစိတ်မှုပြုလုပ်ရန် ရွေးချယ်ခဲ့သော်လည်း
အခြေခံဆေးပညာကို တက်ကျွမ်းနေသောကြောင့် ဆေးကုပေးရမည်ဆိုလျှင်လည်း ပြဿနာ မရှိပေ။
သို့သော်လည်း အထူးသဖြင့် ဆေးဘက်ဆိုင်ရာကိရိယာများ မရှိသည့်အခါတွင် ရောဂါများကို
ကုသခြင်းက သူမတက်နိုင်သော အရာမဟုတ်ပေ။
"ကိစ္စမရှိပါဘူး၊ ကိုယ် အနာကျင်ဆုံးအချိန်မှာ မင်း ကိုယ့်ကို ကူညီပေးနိုင်ရင်
လုံလောက်ပြီ"
ကျွော့ချင်းက သက်ပြင်းချလိုက်ပြီး အကြောင်းပြချက်မရှိ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
သူက ဒီလို
စိတ်အားထက်သန်နေတဲ့ အမူအရာနဲ့ ပိုသင့်တော်တယ်။ ဒါပေမယ့်
လို့ရှီးယန်က သူ နေမကောင်းဟန်ဆောင်နေတယ်လို့ ပြောနေပြီး တကယ်ကို ထူးဆန်းနေတယ်။ မဖြစ်နိုင်ဘူးလေ။
သူ နေမကောင်းချင်ယောင်ဆောင်လို့ မရဘူးလေ။ တကယ်နေမကောင်းရင် ဘာလို့ ဆေးမသောက်တာလဲ?
ဒီနေရာမှာ
သူမ မသိတဲ့ လျှို့ဝှက်ချက်အချို့ ရှိနိုင်တာလည်း ဖြစ်နိုင်ပေမယ့် သူမက အဲ့ဒါကို သိရဖို့
စိတ်မဝင်စားဘူး။ သူမက ကုယွင်ကို ရှာချင်ရုံလေးပဲ။
ကျွော့ချင်းက သူမစိတ်ထဲမှ အတွေးကြောင့် လို့ရှီးယန်၏ ရည်ရွယ်ချက်ကို မငြင်းဆန်တော့ဘဲ
တည်ငြိမ်စွာဖြင့် "ကောင်းပြီ ကျွန်မ ဒီမှာနေနိုင်ပေမယ့် တစ်လအတွင်း ကျွန်မရဲ့ညီအစ်မတွေကို
တွေ့ချင်တယ်"
"ကောင်းပြီ"
သူ့အတွက်တော့
ဒါက ကိစ္စသေးသေးလေးပဲလေ။
"ကောင်းပြီ၊ ကျွန်မတို့ သဘောတူညီမှုတစ်ခု ရသွားပုံရတယ်"
ကျွော့ချင်းက မော့ပိုင်ချန်ထားခဲ့သည့် ဆေးရည်ပန်းကန်ကို
ကောက်ကိုင်လိုက်ပြီး လို့ရှီးယန်ဆီကို မသွားဘဲ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ နှမြောနေသည့်မျက်နှာလေးဖြင့်
"အို... ဒီဆေးတွေက အေးသွားပြီ၊ အဲ့ဒါဆိုရင် ဆေးက ထိရောက်မှုနည်းသွားမှာ
စိုးရိမ်ရတယ်၊ တော်ဝင်သမားတော်က ဆေးအသစ် ညွှန်းတဲ့အထိ စောင့်တာ ပိုကောင်းပါတယ်လေ”
သူမက ပြောနေရင်းဖြင့်
ဆေးအားလုံးကို ပြတင်းပေါက်ရှေ့မှ
အိုးထဲသို့ မဆိုင်းမတွ လောင်းထည့်လိုက်သည်။
သူမက အိုးထဲမှ အပင်လေးများကို ကျေနပ်စွာ ကစားနေပြီးမှ သူ့ဘက်သို့
ပြန်လှည့်လာခဲ့သည်။ လို့ရှီးယန်က သူမ၏မျက်လုံးများကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ပြီး
သူမက သူမျှော်လင့်ထားတာထက် ပိုထက်မြက်နေသည်ကို သူ နားလည်လိုက်ရသည်။ သူမ အပင်များကို
ထားခဲ့ပြီး ပြန်လှည့်လာချိန်တွင် အိမ်အပြင်ဘက်မှ ကျင်းစ၏ အေးစက်စက်အသံကို ရုတ်တရက်
ကြားလိုက်ရသည်။
"သခင်၊
ဧကရာဇ်မင်း ကြွရောက်လာပါတယ်"
ဧကရာဇ်က ဒီကိုရောက်လာတာလား!?
"မော့ပိုင်"
လို့ရှီးယန်က
အသံနိမ့်နိမ့်ဖြင့် ခေါ်လိုက်ပြီး မော့ပိုင်က အတွင်းခန်းထဲသို့ ဝင်လာခဲ့သည်။ လို့ရှီးယန်က
သူ့နားထဲသို့ စကားအနည်းငယ်ပြောပြီးနောက် သူက ရုတ်တရက် ထရပ်လိုက်ကာ ကျွော့ချင်းကို
ဆွဲခေါ်သွားသောကြောင့် ကျွော့ချင်း စိတ်ရှုပ်သွားရသည်။
ဘာတွေလုပ်နေကြတာလဲ?! ဧကရာဇ် ဒီကို ရောက်လာတာက သူမနဲ့ ဘာဆိုင်လို့လဲ? သူတို့က
ဘာကြောင့် အရမ်းစိတ်လှုပ်ရှားနေကြတာလဲ? သူမက
အရှက်မရှိတဲ့သူလား?
နှစ်ယောက်သား မြင်ကွင်းမှ ပျောက်သွားချိန်တွင်
အိမ်အပြင်ဘက်တွင် နှုတ်ဆက်သံများ ထွက်ပေါ်လာသည်။
"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ"
ဧကရာဇ် ခြံအပြင်ဘက်တွင် ရှိနေသည်မှာ ထင်ရှားနေသောကြောင့် မော့ပိုင်က
သူမကို အိမ်ထဲသို့သာ ပြန်ခေါ်လာနိုင်ခဲ့သည်။
"ကြိုဆိုနေစရာ မလိုပါဘူး!" စိတ်မရှည်မှုနှင့် မောက်မာမှုများ ပါဝင်နေသည့် အမျိုးသားအသံတစ်ခု ထွက်ပေါ်လာပြီး တံခါးက ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရသည်။
✍️✍️✍️