အခန်း
၂၂ ထူးဆန်းသောရောဂါ (အပိုင်း ၁)
ဘာလဲ?" ရွှယ်ရှန်းရှင်း အံ့အားသင့်သွားပြီး ကျွော့ချင်းကို ဘေးတိုက်ကြည့်ကာ
သူမကို လုံးဝအလေးအနက်မထားဘဲ "ဒီအရူးလို မိန်းမက ဝန်ကြီးချုပ်အိမ်တော်မှာ
အရိုင်းအစိုင်းလို လျောက်ပြေးနေဖို့ ဘယ်ကနေ သတ္တိတွေရလာတာလဲ၊ သူ(မ)ကို
မောင်းထုတ်လိုက်..... နင် ထွက်သွားစမ်း"
"ရပ်လိုက်"
လို့ရှီးဝူက ကျွော့ချင်းကို လက်ညှိုးထိုးပြရင်း
ဝင်အော်လိုက်သည်။ "သူ(မ)က
ငါ့အစ်ကိုရဲ့ မိန်းမပဲ၊ သူ(မ)ကို ဘယ်သူက မောင်းထုတ်ရဲတာလဲ?!"
သူမ ဒီရုပ်ဆိုးတဲ့ မိန်းမကို မုန်းတီးပေမယ့် ရွှယ်ရှန်းရှင်းနဲ့
ယှဉ်ရင်တော့ ရွှယ်ရှန်းရှင်းကို ပိုလို့တောင်
မုန်းတီးသေးတယ်။ အဲ့တော့ ဒီနေ့ ဒီရုပ်ဆိုးဘက်ကနေ အတူ တိုက်ပွဲဝင်ပေးရမှာပေါ့။
အစေခံများက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး ကျွော့ချင်း၏ခေါင်းတစ်ခုလုံးတွင်လည်း
အနက်ရောင်လိုင်းများ ပေါ်လာခဲ့သည်။ သူမကို တစ်စုံတစ်ယောက်၏မိန်းမဟု ခေါ်ဆိုခံရခြင်းမှာ
ပထမဆုံးအကြိမ်ဖြစ်သည်။
ဒီခေါင်းစဉ်က
အမှန်တကယ်ကို...
သို့သော်
ဤအမျိုးသမီး၏ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်ရန်အတွက် ကျွော့ချင်းက ထိုအခေါအဝေါ်ကို ခွင့်ပြုပေးလိုက်သည်။
သူမက သူမ၏ဆန္ဒအတိုင်း အဆောက်အဦးထဲသို့ ၀င်ရန် ပြင်ဆင်နေကာ ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး
"ငါ့နာမည်က... ချင်းဖုန့်။ ဧကရာဇ်က လို့ရှီးယန်ကို ချီးမြှင့်တယ်လို့
ပြောကြတယ်။ ပင်မဇနီးကြီး မရှိရင် ကိုယ်လုပ်တော်က သခင်မပဲ၊ ဒါကြောင့် ဒီက အမျိုးသမီး....
ဝန်ကြီးချုပ်အိမ်တော်ရဲ့ သခင်မက အခု ပြောင်းလဲသွားပြီ”
သူမက ဧကရာဇ်ချီးမြှင့်တဲ့ အလှလေးလား?!
ရွှယ်ရှန်းရှင်းက
ခပ်ရွဲ့ရွဲ့ ရယ်မောလိုက်ပြီး "အဲဒါ အဓိပ္ပာယ် မရှိဘူး၊ ရုပ်ဆိုးတဲ့ မိန်းမ၊ နင်က
ဧကရာဇ်မင်းမြတ် ရှီးယန်ကို အပ်နှင်းထားတဲ့ အလှလေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကျွော့ချင်းက
မျက်မှောင်ကြုတ်လိုက်ပြီး ထိတ်လန့်ဟန်ဆောင်ကာ "ရှင်က ချုံယွဲ့ဧကရာဇ်ရဲ့အမြင်ကို
သံသယဝင်နေတာလား?"
"ငါက...နင့်ကို သံသယဝင်နေတာ၊ ဒီမိန်းမက ဘယ်သူလဲ?”
ကျွော့ချင်းက နားလည်ပုံဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
အပြစ်ကင်းသောမျက်နှာဖြင့် ကျင်းစကို ပြောလိုက်သည်။
"ကျင်းစ၊
ဒီမေးခွန်းကို ရှင် ဖြေရတာ ပိုကောင်းလိမ့်မယ်"
ဤတစ်ကြိမ်တွင် ကျင်းစက ထူးထူးခြားခြား ပူးပေါင်းလုပ်ဆောင်လာပြီး
အေးစက်စက်လေသံဖြင့် "ဒုတိယသခင်မ၊ သူ(မ)က တကယ်ကို ဧကရာဇ်က သခင်ကို ပေးအပ်တော်မူထားတဲ့
ချင်းဖုန့် မိန်းကလေးပါ"
ရွှယ်ရှန်းရှင်းက အနည်းငယ် အထိတ်တလန့်ဖြစ်သွားပုံရသည်။
ဒီအမျိုးသမီးက
ဧကရာဇ် ရှီးယန်ကို ချီးမြှင့်ထားတဲ့ ဟောင်ယွဲ့က အလှလေးဖြစ်မယ်လို့ သူမ ဘယ်တုန်းကမှ
မမျှော်လင့်ထားခဲဘူး။ သူမရဲ့အသွင်အပြင်က ဘယ်လိုပဲဖြစ်နေပါစေ သူမက သိမ်သိမ်မွေ့မွေ့နဲ့
အလွယ်တကူ အနိုင်ကျင့်လို့ရမယ့်သူတော့ မဟုတ်ဘူး။
ရွှယ်ရှန်းရှင်းက
သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး "အင်း၊ မင်းက ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားတဲ့
မိန်းကလေးမို့လို့ ငါက မင်းကို အရှက်ရစေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါက ရှီးယန်ရဲ့ အမေနဲ့
ဗိုလ်ချုပ်ကျန်းရှီရဲ့ ဇနီးပဲ၊ ငါ ဒီမှာ ရှိနေသရွေ့ မင်းက သခင်မရာထူးကို ယူလို့မရဘူး။
ကောင်းပြီ၊ မင်းရဲ့ ခြံဝင်းထဲကို ပြန်သွားပြီး အဲ့မှာပဲ နေလိုက်"
ဒီသခင်မက သူမကို ရာထူးက ဖယ်ခိုင်းနေတာလား?
ကျွော့ချင်းက
ရယ်ချင်နေခဲ့သည်။ သူမက လို့ရှီးယန်က ဘာဖြစ်နေသည်ကို ဝင်ကြည့်ချင်နေသောကြောင့်သာ
ငြင်းခုံနေခြင်း ဖြစ်သည်။ သူမ အမှန်တကယ် ဗိုက်ဆာနေပြီး အဓိပ္ပါယ်မဲ့ စကားများပြောဆိုကာ
အချိန်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် ကျွော့ချင်းက ကရုဏာမထားတော့ဘဲ ပြန်ပြောလိုက်သည်။
"ရှင်က
ဒုတိယသခင်မနော်... ဟုတ်တယ်မလား? ကျွန်မ
မှတ်မိတာ မှန်မယ်ရင် ဒီနေရာက ဝန်ကြီးချုပ်အိမ်တော်၊ ဗိုလ်ချုပ်ရဲ့အိမ်တော် မဟုတ်ဘူး၊
ဒါက ဗိုလ်ချုပ်အိမ်တော် မဟုတ်ဘဲ ဝန်ကြီးချုပ်အိမ်တော်ဆိုတော့
ဝန်ကြီးချုပ်ရဲ့မိန်းမက သခင်မပဲ၊ ယောက္ခမက အသက်ကြီးပြီဆိုတော့ အေးအေးဆေးဆေး နေရတော့မှာလေ”
"မင်း၊ မင်း၊ မင်း..."
ဒီရုပ်ဆိုးမက
ငါ့ကို စောစောသေဖို့ ကျိန်ဆဲနေတာပဲ။
ရွှယ်ရှန်းရှင်း၏ မျက်နှာက ဒေါသကြောင့် နီရဲလာပြီး
ရှင်းရှင်းလင်းလင်း စကားမပြောနိုင်တော့ပေ။ ကျွော့ချင်းက အေးအေးဆေးဆေး ပြုံးနေဆဲဖြစ်ကာ
"ရှင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်! ကျွန်မ ရှီးယန်ကို
သွားတွေ့လိုက်မယ်။ ရှင်က ပြန်သွားပြီး အနားယူလိုက်ရင် ပိုကောင်းမယ်"
ကျွော့ချင်းက ပြောပြီးသည်နှင့် နောက်ပြန်မလှည့်တော့ဘဲ ရှေ့သို့သာ
လျှောက်လှမ်းသွားတော့သည်။ ရွှယ်ရှန်းရှင်းက ဒေါသကြောင့် မောပန်းနွမ်းနယ်နေပုံရပြီး လို့ရှီးဝူက
ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ ကျွော့ချင်းနှင့်အတူ အဆောက်အဦးဆီသို့ လိုက်ပါသွားခဲ့သည်။
အေးတိအေးစက်နှင့် ဖြူစင်သောရုပ်သွင်ကို စိုက်ကြည့်ရင်း ရွှယ်ရှန်းရှင်း၏
မျက်လုံးများတွင် နာကြည်းမှုများ ပြည့်လာပြီး သူမ၏လက်များကို လက်သီးဆုပ်လိုက်သောကြောင့်
ချွန်ထက်သောလက်သည်းများက သူမ၏အသားထဲသို့ နက်နက်ရှိုင်းရှိုင်း
ထိုးဖောက်ဝင်ရောက်လာသည်။
ချင်းဖုန့်...ကောင်းပြီလေ.. ဘယ်သူအရင်
သေမလဲဆိုတာ ငါ့တို့ စောင့်ကြည့်ရအောင်...
ကျွော့ချင်းက သူမနောက်ကွယ်မှ ဒေါသတကြီးအကြည့်ကို
ဂရုမစိုက်ဘဲ တံခါးဆီသို့ လျှောက်သွားကာ အဝေးတစ်နေရာကို ကြည့်ပြီးနောက် အေးခဲနေသော တော်ဝင်သမားတော်အိုကြီးအား
အသံတိုးတိုးလေးဖြင့် "သမားတော်၊ ကျွန်မတို့က အပြင်ဘက်အခန်းကနေ သူ့ကို ကြည့်ချင်တာပါ၊
ရှင့်ရဲ့ ကုသမှုကို မနှောင့်ယှက်ပါဘူး"
သမားတော်ရန်က နောက်ဆုံးတွင် သဘောပေါက်လာကာ ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းပြီ"ဟုသာ ပြန်ဖြေလာသည်။
ဒီမိန်းခလေးရဲ့
ရုပ်ရည်က ပျက်စီးနေပေမယ့် သူမက သဘာဝအတိုင်း ကျက်သရေရှိနေဆဲပါပဲ။ သူမက ပါးပါးနပ်နပ်
စကားပြောဆိုတတ်ပြီး အခုချိန်မှာတော့ သူမက စာနာတတ်ပြီး ကျိုးကြောင်းဆီလျော်မှုလည်း ရှိနေသေးတယ်။
သူမက
သာမန်လူမဟုတ်ကြောင်း မြင်သာနေပြီး သမားတော်ရန်ကလည်း နန်းတော်ထဲမှ တိတ်တဆိတ် တိုက်ခိုက်နေကြသည့်
အမျိုးသမီး အများအပြားကို တွေ့မြင်ခဲ့ရပြီး ၎င်းကို အလွယ်တကူ ကျော်ဖြတ်လာခဲ့သည်မှာ
ကြာခဲ့ပြီ ဖြစ်သည်။ အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းက ကိုယ်လုပ်သမျှကို
သတိထားရန်သာ ဖြစ်သည်။
တံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး ကျွော့ချင်းက ဦးဆောင်ကာ ဝင်လာခဲ့သည်။
တံခါးကို မျက်နှာမူထားသည့် ဧည့်ထိုင်ခုံများ ရှိနေပြီး နံရံပေါ်တွင် လက်ရေးလှနှင့်
ပန်းချီကားအချို့ ချိတ်ဆွဲထားသည်။ ၎င်းတို့က အလွန်ရိုးရှင်းနေပြီး ကြီးမားသော ခန်းစီးမှတဆင့်
အတွင်းပိုင်းမှ အသေးစိတ်အချက်အလက်များကို ကြည့်လိုက်ရာ အပြင်ဘက်ထက် ပိုမိုကျယ်ဝန်းနေပြီး
သီးခြားပရိဘောဂများကို သေသေချာချာ မမြင်နိုင်တော့ပေ။
တော်ဝင်သမားတော်နှင့် လက်ထောက်များက အထဲသို့ ဝင်သွားပြီး ကျွော့ချင်းနှင့်
လို့ရှီးဝူက အပြင်မှာသာ စောင့်နေခဲ့ကြသည်။
အမှန်တွင် ခန်းစီးအပြင်ဘက်၌ ရပ်နေရသောကြောင့် အခန်းထဲတွင်
ဘာဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဖယောင်းတိုင်မီးအောက်မှ ကုတင်၏ရှေ့တွင်
မော့ပိုင် စောင့်ကြပ်နေသည်ကိုသာ မြင်နေရသည်။ သမားတော်က ကုတင်ပေါ်မှလူ၏သွေးခုန်နှုန်းကို
စမ်းသပ်နေပုံရသည်။ သေသေချာချာ နားထောင်ကြည့်လိုက်ချိန်တွင် သူ အသက်ရှုကြပ်နေသည့်အသံကို
ကြားလိုက်ရပြီး ထိုအသံက ပန်းနာရင်ကျပ်နှင့်တူနေသော်လည်း လူနာကို မတွေ့ရသည့်အတွက် ကျွော့ချင်းက
အလွယ်တကူ ကောက်ချက်မချချင်ခဲ့ပေ။
ခန်းဆီးအပြင်ဘက်တွင် ရှိနေသည့် ကျွော့ချင်းက သူမ၏နံဘေးတွင် ရှိနေပြီး
အခန်းထဲသို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော လို့ရှီးဝူကို တစ်ချက်ကြည့်လိုက်ကာ "သူ
ခဏခဏ နေမကောင်းဖြစ်တာလား?"
လို့ရှီးဝူက ကျွော့ချင်းဆီမှ လက်ရှိ အနံ့အသက်များကို ရှူမိသောကြောင့်
ဖြစ်ကောင်းဖြစ်နိုင်ပြီး သူမကို ပိုကောင်းသည့် အမြင်ရှိနေပုံရကာ အတွင်းမှ လူများကို
မျက်လုံးဝင့်ပြလိုက်ပြီး "ဒါက ပုံမှန်အားဖြင့် နွေဦးရာသီမှာ ဖြစ်တတ်တယ်၊
ပုံမှန်အားဖြင့်တော့ နေကောင်းပါတယ်၊ ဒီလိုမျိုးဖြစ်ရင်တော့
အသက်မရှုနိုင်တော့ဘူး"
"ဘယ်လောက်ကြာပြီလဲ?"
ထိုမေးခွန်းကို ကြားလိုက်ချိန်တွင် လို့ရှီးဝူက အနည်းငယ်
စိတ်တိုသွားပုံရပြီး "ငါတို့ ကလေးဘဝကတည်းက ဖြစ်ခဲ့တာ၊ ပြဿနာက
နှစ်ပေါင်းများစွာ ကုသမှုခံယူပြီးတာတောင် မသက်သာလာဘူး"
ငယ်ငယ်ကတည်းက ရှိခဲ့တာလား? သိပ်တော့ မခက်ခဲပါဘူး၊ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်၊
ဒါပေမယ့် ဒါက မွေးရာပါ ပန်းနာရင်ကျပ်ရဲ့ ရာသီအလိုက် ပြန်ဖြစ်နေတာမျိုးနဲ့ ပိုတူမနေဘူးလား?
သူမ လျှို့ဝှက်စွာ
တွေးနေစဥ်မှပင် အခန်းအတွင်းမှ မောဟိုက်သံများကို ရုတ်ချည်းဆိုသလို ရုတ်တရက် ထွက်ပေါ်လာပြီး
အားလုံး ပျာယာခတ်သွားကြသည်။
"သခင်!!" မော့ပိုင်က စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ခေါ်လိုက်သော်လည်း
စိတ်မရှည်သည့် လို့ရှီးဝူက ဘာမှသိပ်ဂရုမစိုက်ဘဲ အခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ ကျွော့ချင်းကတော့
ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် နောက်မှ လိုက်သွားခဲ့သည်။
အခန်းအတွင်းပိုင်းတွင် ဖယောင်းတိုင်မီးရောင်များ တောက်ပနေပြီး
လင်းထိန်နေသည်။ မယုံနိုင်လောက်အောင် ကြီးမားသောကုတင်ကြီးတစ်ခုကို ပိုးထည်ထူထူဖြင့်
ဖုံးအုပ်ထားပြီး ထိုနှင်းဖြူရောင်ပိုးထည်စောင်က လို့ရှီးယန်၏လှပသောမျက်နှာကို ပိုဖြူဖျော့သွားစေခဲ့သည်။
သူက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့အသက်ရှူသံက ပုံမှန်ထက်ပိုမြန်နေကာ အသက်ရှုမဝဖြစ်နေခဲ့သည်။
လက်တစ်ဖက်က သူ့ရင်ဘတ်ရှေ့မှ အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့နဖူးနှင့်
ပါးပြင်များတွင် ချွေးများ ဖုံးလွှမ်းနေလေသည်။ သူ့၏အနက်ရောင်ဆံပင်တစ်ဝက်ကို
ချည်ထားပြီး ထိုဆံပင်များတွင်လည်း ချွေးများ စိုရွှဲနေခဲ့သည်။ သူ အသက်ရှုလိုက်တိုင်း၊
သူ့ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ မြောက်တက်လာပြီး ပြန်ပြုတ်ကျသွားသည်။
ဒီဟာက . . . ဟန်ဆောင်နေတာ
မဖြစ်နိုင်သလို ဟန်ဆောင်လို့လည်း မရပါဘူး။
"အစ်ကို..." လို့ရှီးဝူက မျက်ရည်များဝဲလာခဲ့သည်။ ဤကဲ့သို့ဖြစ်နေသော
လို့ရှီးယန်ကို ကြည့်လိုက်ရချိန်တွင် နေ့ခင်းဘက်၌ သူ၏ မြင့်မြတ်သော အရှိန်အဝါများ
ပြည့်နှက်နေပုံကို ပြန်တွေးတောရင်း လို့ရှီးဝူအနေနှင့် ၎င်းကို အသားမကျနိုင်သေးပေ။
သမားတော်ရန်က လို့ရှီးယန်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျယ်လောင်စွာ
အော်လိုက်သည်။
"မြန်မြန် ငါ့အပ်ကို ယူပေး"
"ဟုတ်ကဲ့!" လက်ထောက်သမားတော်လေးက နောက်တစ်ယောက်ကို ခဏလောက် အော်ပြောနေပြီး
နောက်ဆုံးတွင် ငွေအပ်တစ်ဘူးကို ထုတ်ယူကာ လက်ကမ်းပေးလိုက်သည်။
ငွေအပ်ကို ရရှိပြီးနောက် သမားတော်ရန်က အပ်ကို မည်သို့စီမံရမှန်း
မသိ ဖြစ်နေပြန်သည်။ လို့ရှီးယန်က ပြင်းထန်စွာ ပင့်တက်လာကာ ပြန်လဲကျနေသောကြောင့် သူ
အသက်ရှုလိုက်တိုင်း သူ့တစ်ကိုယ်လုံးက လှုပ်ရှားနေသည်။
ဒီလောက်
လှုပ်ခါနေတာ သူ ဘယ်လို အပ်စိုက်ရမှာလဲ?! တကယ်လို့
သူ တစ်ခုခု မှားသွားရင် သူ အသက်ရှင်ပါဦးမလား?!
သမားတော်ရန်က တုံ့ဆိုင်းနေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို
မြင်လိုက်ရချိန်တွင် ကျွော့ချင်းက ခိုကိုးရာမဲ့ ခေါင်းယမ်းလိုက်တော့သည်။ အားလုံး၏
အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ကျွော့ချင်းက သူမ၏ ခြေထောက်ကို မြှောက်ကာ
ကုတင်ပေါ်သို့ တိုက်ရိုက် လှမ်းတက်သွားခဲ့သည်။