အခန်း
၂၁ အပြန်အလှန်ထိုးနှက်ချက်
ကျွော့ချင်းတစ်ယောက် အံ့သြနေစဥ်မှာပင် အဆောက်အဦး၏တံခါးက
ရုတ်တရက်ပွင့်လာပြီး...
တံခါးအတွင်းမှ မော့ပိုင်၏အရပ်ရှည်သော
အသွင်အပြင် ပေါ်လာပြီး သူ့မျက်နှာက ဘာမှမထူးခြားသလို အေးစက်နေသည်။ သူက အသက်သုံးဆယ်ကျော်
အရွယ်အမျိုးသမီးတစ်ယောက်ကို အပြင်ထွက်ရန် တောင်းဆိုနေခဲ့သည်။ အမျိုးသမီးက
တုံ့ဆိုင်းနေသော အကြည့်ဖြင့် မကြာခဏ နောက်သို့ လှည့်ကြည့်နေသည်။ မော့ပိုင်၏
ထူထဲသော ပုခုံးများက သူမ၏ အမြင်အာရုံ ပိတ်ဆို့ထားသည်။ သူမ၏နောက်တွင်
အစိမ်းရောင်အဝတ်အစားကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးက စိုးရိမ်သောကဖြစ်နေသော မျက်နှာဖြင့်
အဆောက်အဦးအတွင်းမှ ထွက်လာခဲ့ပြီး တံခါးက တင်းတင်းကျပ်ကျပ် ပြန်ပိတ်သွားခဲ့သည်။
အဘိုးကြီး ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် လို့ရှီးဝူက
သူ့ကို ချက်ချင်း နှုတ်ဆက်လိုက်ပြီး "ရန်သမားတော်၊ ငါ့အစ်ကို အဆင်ပြေရဲ့လား?"
သမားတော်ရန်က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်ကာ “ဝန်ကြီးချုပ်ရဲ့
ရောဂါဟောင်းက အရင်နှစ်တွေကထက် စောပြီး ပြန်ဖြစ်လာတယ်၊ ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့
ပိုပြီး ပြင်းထန်လာတယ်။ ကျွန်တော်တောင် ဘာမှ မတက်နိုင်တော့ဘူး။ အခု ဝန်ကြီးချုပ်ကို
သူ သုံးနေကျဆေးကို ပေးခဲ့တယ်။ အရင်နှစ်တွေက ပိုပြင်းထန်တာကြောင့် တခြားတော်ဝင်သမားတော်တွေနဲ့
တိုင်ပင်ရမှာပါ၊ ခနတော့ စောင့်ပေးပါ၊ သေချာစဉ်းစားပြီးမှ ဆေးအသစ်ကို ထပ်အသုံးပြုရပါမယ်”
သမားတော်ရန်၏စကားကို ကြားလိုက်ရချိန်တွင် ယခုန စိတ်အနှောက်အယှက်ဖြစ်နေပုံရသည့်
အမျိုးသမီးက "ကံကောင်းထောက်မစွာနဲ့ပဲ မင်းသမီးလေး ဒီနေ့ ဆေးထပ်ပို့ပေးထားတယ်၊
တစ်ယောက်ယောက်လာစမ်း၊ မြန်မြန်ဆေးထပ်ကျိုပြီး ယူလာခဲ့ကြ!"
“ဟုတ်ကဲ့” အနားတွင်ရပ်နေသော အစေခံက အလျင်စလို ပြန်ဖြေပြီး ခြံဝင်းထဲမှ
အမြန်ထွက်သွားသည်။
သမားတော်ရန်က နောက်သို့ပြန်လှည့်လိုက်ပြီး သူ့နောက်က လူငယ်နှစ်ယောက်ကို
တိုးတိုးလေး ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် သမားတော်လျို၊ သမားတော်ဖူနဲ့ သမားတော်လီတို့ကို
ဝန်ကြီးချုပ်အိမ်တော်တော်ဆီကို မြန်မြန်လာခိုင်းလိုက်!"
တကယ်လို့ လို့ရှီးယန်သာ မတော်တဆ ပျောက်ကွယ်သွားခဲ့ရင်
ဧကရာဇ်က ဒေါသထွက်သွားပြီး သူတို့ကအတူတူ မြှုပ်နှံခံရမယ့်သူတွေ ဖြစ်လာကာလိမ့်မယ်။
"ဟုတ်ကဲ့" လူငယ်လေးက ကြက်သွန်မြိတ်ကဲ့သို့ ခေါင်းညိတ်ပြလိုက်ပြီး အမြန်ပြေးထွက်ခါနီးတွင်
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ "ဆေးအကူ နှစ်ယောက်က ကူညီဖို့ ဒီမှာ နေခဲ့။
မြန်မြန်သွားခေါ်နိုင်ဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးမယ်"
သမားတော်ရန် မော့ကြည့်လိုက်ချိန်တွင် စကားပြောလိုက်သူက ဝန်ကြီးချုပ်အိမ်တော်၏
အိမ်တော်ထိန်းကျင်းစ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဝန်ကြီးချုပ်အိမ်တော်က အစေခံမိန်းကလေးကပင်
သတ္တမအဆင့် အရာရှိထက် အဆင့်ပိုမြင့်သည်ဟု လူအများကြားတွင် ပြောဆိုနေကြပြီး အခြားတစ်ဖက်က
ဝန်ကြီးချုပ်အိမ်တော်၏ အိမ်တော်ထိန်းလည်း ဖြစ်နေသေးသည်။ သမားတော်ရန်က
သူ့လက်နှစ်ဘက်ကို လက်ခုပ်အုပ်ကာ ရိုကျိုးစွာ ဦးညွှတ်လိုက်ပြီး "ဒါဆို ငါက ကျင်းလူကြီးမင်းကိုပဲ
အနှောင့်အယှက် ပေးရတော့မှာပေါ့"
ကျင်းစက အနည်းငယ် ခေါင်းပြန်ညိတ်ပြပြီး သူ့နောက်မှ
မီးခိုးရောင်အဝတ်အစားဝတ်ထားသည့် လူတစ်ယောက်ကို စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်ပြီး
ထိူလူက ခြံအပြင်သို့ အမြန်ထွက်သွားတော့သည်။
အခန်းထဲတွင် ပြင်းထန်သော အသက်ရှုသံများကို ရံဖန်ရံခါ
ကြားနေရပြီး လို့ရှီးဝူက သူမ၏ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများဖြင့် အရှေ့သို့
စိုးရိမ်တကြီး စိုက်ကြည့်နေသည်။ သူမက သူမလက်ချောင်းများကို မသိစိတ်ဖြင့် လိမ်ဆွဲနေသောကြောင့်
သူမ၏ နူးညံ့သော လက်ချောင်းများက နီရဲပြီး ရောင်ရမ်းနေသည်။ သို့သော် သူမက ဘာမှ
မခံစားရသလိုပုံဖြင့် သူမမျက်လုံးများထဲမှ မျက်ရည်များ စီးကျလာပြီး
တောင်းပန်သံတိုးတိုးဖြင့် "သမားတော်ရန်၊ ကျွန်မ အစ်ကို့ကို
သွားတွေ့ချင်တယ်"
"ဒါ..." သမားတော်ရန်က ခဏတုံ့ဆိုင်းသွားသည်။
သူ့ဘေးနားတွင် ရပ်နေသည့် အမျိုးသမီးက
စိတ်မရှည်စွာဖြင့် "ရှီးယန်က အခု မသက်မသာဖြစ်နေတယ်။ နင်က ဘာသွားလုပ်မှာလဲ? နင်
သူ့ကို မကူညီနိုင်ဘူး၊ နင် ဝင်သွားရင် လမ်းပိတ်နေတာပဲ ရှိလိမ့်မယ်"
လို့ရှီးဝူက သူမကို မယုံနိုင်စွာ ပြန်စိုက်ကြည့်ရင်း
ဒေါသတကြီးဖြင့် "ရှင်ကတော့ ထပ်ဝင်လို့ရတယ်ပေါ့!"
ထိုအမျိုးသမီးက သူမ၏ခေါင်းကို အနည်းငယ်မော့ကာ မောက်မာသည့်အကြည့်များဖြင့်
ပြန်ပြောလာခဲ့သည်။
"ငါက
နင့်နဲ့တူလို့လား? ငါက ရှီးယန်ရဲ့အမေလေ။ ငါ့အနားမှာ ရှိနေတာက သူ့ကို ပိုပြီး သက်တောင့်သက်သာရှိစေမှာပါ"
အမေ!?
စိတ်လှုပ်ရှားစွာ
စောင့်ကြည့်နေသော ကျွော့ချင်းတစ်ယောက် အလွန်ထိတ်လန့်သွားပြီး သူမမျက်လုံးများက
မြေပြင်ပေါ်သို့ ထွက်ကျလုနီးပါးဖြစ်သွားသည်။
ရန်စွယ်တငေါ့ငေါ့နဲ့
ယုတ်ညံ့ပုံရပြီး အပျော်မက်ပုံပေါ်နေတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အမျိုးသမီးက သူ့အမေ
ဖြစ်နိုင်ပါ့မလား?
သူမ မထင်မှတ်သောကိစ္စကြောင့် ကျွော့ချင်း တွေးတောနေချိန်မှာပင်
လို့ရှီးဝူက သည်းမခံနိုင်တော့ပုံဖြင့် "မေမေလေး၊ ကျွန်မက အစ်ကို့ရဲ့ညီမအရင်းပါ၊
သူ ဘေးကင်းဖို့ သူ့အနားမှာရှိနေရမယ့်သူက ရှင် မဟုတ်ဘဲ ညီမဖြစ်တဲ့ ကျွန်မပဲ၊ ရှင်က အပြင်လူ!"
ရွှယ်ရှန်းရှင်း၏မျက်နှာက ချက်ချင်းနီရဲသွားသည်။ အစေခံမိန်းကလေးများနှင့်
ကျွန်အုပ်စုတစ်စုက စောင့်ကြည့်နေကြသောကြောင့် ယနေ့ လို့ရှီးဝူကို မတွန်းလှန်နိုင်လျှင်
သူမ အရှက်ရတော့မည်ဖြစ်သည်။ ရွှယ်ရှန်းရှင်းက ကျယ်လောင်စွာဖြင့် အေးစက်စက် ပြန်အော်ဟစ်လာခဲ့သည်။
"နင်က
ပိုပိုပြီး ဒေါသကြီး လာတာပဲ။ ငါက ဒီမိသားစုရဲ့သခင်မပဲ၊ နင့်ကို
ဝင်ခွင့်မပြုဘူးလို့ ငါကပြောရင် ဝင်ခွင့်မပြုဘူးပဲ!"
ပုံမှန်အားဖြင့် ရွှယ်ရှန်းရှင်း မောက်မာချင်လျှင်ပင် လို့ရှီဝူက
ဂရုမစိုက်ခဲ့ပေ။ ယနေ့တွင် သူမ၏အစ်ကိုကိုပင် တွေ့ခွင့်မပေးတော့သောကြောင့် လို့ရှီးဝူက
စိတ်ဆိုးသွားပြီး ခြံဝင်းထဲမှ အစေခံများကိုပင် ဂရုမစိုက်တော့ဘဲ ဆူပူကြိမ်းမောင်းတော့သည်။
"ရှင်က...
ကိုယ်လုပ်တော်ပဲ၊ ကိုယ်လုပ်တော်ဆိုတာက မယားငယ်ပဲ၊ ဘာသခင်မလဲ၊ ရှင်က ဘာလို့ ကျွန်မကို
ခွင့်မပြုတာလဲ"
အိုး! ကိုယ်လုပ်တော်သုံးယောက်နဲ့ မောင်းမလေးယောက်ရှိတဲ့ ဓလေ့က ဒီခေတ်ရဲ့ဖြစ်ရိုးဖြစ်စဥ်ဆိုတာကို
ငါ မော့နေတာပဲ။ ဒီကိုယ်လုပ်တော်က အရမ်းမောက်မာလွန်းနေတာကြောင့် ငါ နားလည်မှုလွဲသွားတာ
ဖြစ်နိုင်တယ်။
ကျွော့ချင်းက
အနည်းငယ် သမ်းဝေလိုက်ပြီး အိပ်ငိုက်လာပြန်သည်။ သူမ၏ရှေ့တွင် ပြကွက်ကောင်းကောင်းလေးရှိနေသော်လည်း
သူမက တကယ်ကို ဗိုက်ဆာနေပြီဖြစ်တာကြောင့် ကျွော့ချင်းက အရင်ဆုံး စားစရာတစ်ခုခုရှာရန်
ဆုံးဖြတ်လိုက်သည်။
"ဖြန်း!"
ကျွော့ချင်း ခြေလှမ်းလှမ်းလိုက်သည်နှင့် ပြတ်သားသောအသံကို သူမ
ကြားလိုက်ရသည်။ ကျွော့ချင်း အနည်းငယ် အံ့အားသင့်သွားပြီး သူမ၏နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ
လို့ရှီးဝူက သူမ၏မျက်နှာကို လက်တစ်ဖက်ဖြင့်အုပ်ထားပြီး အံ့အားသင့်နေပုံရကာ အရှက်ရမှုများပြည့်နေသော
သူမ၏မျက်လုံးများမှ မျက်ရည်များ တလိမ့်လိမ့်စီးကျလာသည်။ သူမနှင့် ဆန့်ကျင်ဘက်မှ
တိုက်ခိုက်သူ၏လက်များကလည်း ပြင်းထန်စွာ တုန်ခါနေသည်။ သူမမျက်လုံးများတွင် စိတ်မသက်မသာဖြစ်နေသော
အရိပ်အမြွက်များ ထွက်ပေါ်လာပြီး သူမအသံကတောင် တုန်ယင်နေသည်။ "သခင်ကြီးက အိမ်တော်နဲ့
တစ်နှစ်ပတ်လုံး ဝေးကွာနေခဲ့ပြီး ရှီးယန်က မင်းကို ဘယ်လောက် အလိုလိုက်ထားလဲ ငါ မသိဘူး၊
အစ်မကြီးက စောစောထွက်သွားတော့ ငါက ဒီမိသားစုရဲ့သခင်မပဲ၊ အခု မင်းကို ဘယ်သူမှ ဆုံးမရဲမှာ
မဟုတ်ဘူးဆိုတော့ ငါက မင်းကို ဂရုစိုက်ပေးမယ်!"
ခြံဝင်းတစ်ခုလုံးတွင် မည်သူမျှ အသံမထွက်ဝံ့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်နေလေသည်။
အိုး~~
ပဋိပက္ခများ
ပြင်းထန်လာခဲ့သော်လည်း ကျွော့ချင်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းက
ထိုအရာကြောင့် မဟုတ်ပေ။ အေးစက်စက်မျက်လုံးဖြင့် လူတိုင်းကို အမြဲကြည့်လေ့ရှိသည့် အိမ်တော်ထိန်းကျင်း၏ဒေါသထွက်နေသော
မျက်လုံးများက သူမကို စိတ်ဝင်စားမိစေခြင်း ဖြစ်သည်။ လို့ရှီးဝူ အရိုက်ခံလိုက်ရပြီးကတည်းက
သူ့မျက်လုံးများက မီးတောက်လာပြီး တခြားလူကို မီးရှို့သတ်ရန်ပင် လုံလောက်နေလောက်ပြီ
ဖြစ်သည်။
"ရှင် ကျွန်မကို ရိုက်ရဲတယ်!" တိုးတိမ်သည့် ဆူပူသံကို ထပ်ကြားလိုက်ရပြီး
လို့ရှီးဝူက ရှေ့သို့ အမြန်ပြေးသွားကာ ရွှယ်ရှန်းရှင်း၏ဆံပင်များဆီသို့ လက်ဆန့်လိုက်ပြီး
ကြုံရာနေရာကို ဆွဲချလိုက်တော့သည်။ ထို့နောက် သူမက ရွှယ်ရှန်းရှင်းကို တွန်းလှဲကာ သူမ၏အပေါ်သို့
အတင်းတက်ထိုင်လိုက်ပြီး လက်သီးဆုပ်များဖြင့် ရိုက်ပုတ်နေပြန်သည်။
"အား"
စူးရှသောအော်သံများနှင့် အာမေဋိတ်များ ထွက်လာပြန်သည်။
"လာကြစမ်း၊
ဒီကိုလာကြ၊ ဒီအရူးကောင်မလေးကို ဖမ်းကြစမ်း၊ မင်းတို့လည်း ပုန်ကန်ချင်နေကြတာလား?"
ရွှယ်ရှန်းရှင်းက
ဆိုးသွမ်းလွန်းသောကြောင့် ဖြစ်နိုင်သလို သူမ၏အစေခံများ အမှန်တကယ် ထိတ်လန့်နေခြင်းလည်း
ဖြစ်နိုင်ပြီး မည်သူကမျှ တုတ်တုတ်ပင် မလှုပ်ခဲ့ကြပေ။ ခဏလောက်ကြာပြီးမှ သူတို့ သတိဝင်လာကြပုံရပြီး လို့ရှီးဝူကို ကူညီရန်
ရှေ့သို့ တိုးလာကာ "သခင်မလေး၊ စိတ်လျော့ပါနော်!"
လူအုပ်၏ ပြန်ဆွဲခြင်းကို ခံနေရသော လို့ရှီးဝူက အလျော့ပေးရန်
ဆန္ဒမရှိသေးပေ။ သူမက အနီးနားရှိလူများထံမှ ခွဲထုတ်မခံရမီ နောက်ထပ်အကြိမ်အနည်းငယ်
ကန်ကျောက်နေခဲ့သည်။ ထို့နောက် သူမက သူမ၏ လက်နှစ်ဖက်ကို သူမ၏တင်ပါးပေါ်တင်ကာ
ကျိန်ဆဲနေပြန်သည်။
“ရွှယ်ရှန်းရှင်း၊ နင်က ငါ့ကို ထိရဲရင် ငါက နင့်ကို
အသဲကွဲအောင် ခွဲပစ်မယ်!"
အရမ်း စမတ်ကျလွန်းတယ်၊
ကျွော့ချင်းက
လက်ခုပ်တီးမိလုနီးပါး ချီးကျူးနေမိသည်။
ဒီကောင်မလေးက
ဒီလိုစရိုက်မျိုးရှိတယ်၊ ငါ သဘောကျတယ်လို့...
ဒါပေမယ့် လို့ရှီးယန်ကတော့ သည်းခံနိုင်လွန်းတယ်။ အပြင်မှာ
လူတွေ သေလုနီးပါး ဖြစ်နေပြီ။ သူ ဖျားချင်ယောင်ဆောင်နေတယ်ဆိုရင် အနည်းဆုံးတော့
တစ်ခုခု ပြောသင့်တယ်၊ ဒါမှမဟုတ်... သူ တကယ်ဖျားနေတာလား?!
လျှို့ဝှက်စွာတွေးပြီးနောက် ကျွော့ချင်းက လို့ရှီးယန် ဘာလုပ်နေသည်ကို သွားကြည့်ရန်
ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးတွင် ရွှယ်ရှန်းရှင်းက မတ်တပ်ထရပ်လိုက်ပြီး သူမဆံပင်များက
ရှုပ်ပွနေကာ သူမ၏အဝတ်အစားများကလည်း ရွဲ့စောင်းနေပြီး သူမ၏လည်ပင်းပေါ်တွင် ရှိနေသည့်
အနီရောင်တောက်တောက် အနီဖုဖောင်းဖောင်းလေးများက ယခုန တိုက်ပွဲ၏ ပြင်းထန်မှုကို
ပြသနေသည်။
လို့ရှီးဝူ... ဒီအဘွားကြီးက နင့်ကို ကြောက်နေမယ်လို့ ထင်နေတာလား?
ငါ ဒီနေ့ နင့်ကို သင်ခန်းစာ မပေးနိုင်ရင် ငါ့မျိုးရိုးအမည်က ရွှယ်မဟုတ်တော့ဘူး!
ရွှယ်ရှန်းရှင်းက အသက်ကိုပြင်းပြင်းရှူရင်း
လို့ရှီးဝူကို မကြည့်တော့ဘဲ တစ်ဘက်သို့လှည့်ကာ ပြတ်ပြတ်သားသား ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
"ကျင်းစ"
ကျင်းစက သူ၏ မျက်လုံးများထဲမှ အေးစက်သော အလင်းရောင်ကို ဖုံးကွယ်ကာ
ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ဒုတိယသခင်မ"
ရွှယ်ရှန်းရှင်းက ကျင်းစကို ကြည့်လိုက်ပြီး "လို့မိသားစုမှာ စည်းကမ်းတွေ မရှိတော့ဘူးလား?
သမီးက အမေကို ရိုက်နိုင်တယ်လား? သခင်ကြီးက အိမ်တော်နဲ့ အမြဲဝေးနေပြီး ရှီးယန်ကလည်း
အပြင်းဖျားနေတယ်၊ အခု အိမ်တော်ထိန်းကျင်းကို မေးပါရစေ၊ လို့မိသားစုက
ဘိုးဘွားတွေရဲ့ သွန်သင်ချက်တွေအရ ဒီလို ပြစ်မှုတွေ ကျူးလွန်ပြီး စည်းကမ်းတွေကို
မလေးစားတဲ့ ကလေးတွေက ဘာဖြစ်သွားမှာလဲ?”
ကျင်းစ၏အမူအရာက မပြောင်းလဲသွားသော်လည်း သူ့၏နှလုံးသားကတော့ တုန်လှုပ်သွားခဲ့သည်။
သူက ရွှယ်ရှန်းရှင်းကို သူ့နှလုံးသားထဲမှ မည်မျှပင် မုန်းတီးနေပါစေ သူမက သခင်ကြီး၏ဇနီးဖြစ်နေဆဲပင်။
မိန်းမငယ်လေးက ဤကဲ့သို့လုပ်ပါက ကျင့်ဝတ်အရ သူမ ကြိမ်ဒဏ်ငါးဆယ် အပြစ်ပေးခံရမည် ဖြစ်သည်။
ထို့အပြင် ဆယ်ရက်တိုင်တိုင် နံရံကို မျက်နှာမူပြီး ပြန်လည် သုံးသပ်ရပေလိမ့်မည်။
ကျင်းစက နှုတ်ဆိတ်နေပြီး ရွှယ်ရှန်းရှင်းကလည်း အလျင်စလို မဟုတ်ပေ။
သူ မည်မျှကြာအောင် နှုတ်ဆိတ်နေနိုင်မည်ကို သူမ သိချင်နေပုံရသည်။
လူတစ်ယောက်က တစ်ခုခုကို လုပ်ဆောင်ပြီး
နောက်တစ်ယောက်က တာဝန်ယူရင် သူမကို အရိုက်ခံရနိုင်တယ်မလား? ဒါ အပြစ်ပေးရုံပဲ မဟုတ်လား?
ကျင်းစ အကျပ်ရိုက်နေသည်ကို သည်းမခံနိုင်တော့သည့် လို့ရှီးဝူက
အံကြိတ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရွှင်မြူးနေပုံရသည့် အမျိုးသမီးအသံတစ်သံက တိုးတိုးလေး
ထွက်ပေါ်လာခဲ့သည်။
“လို့ရှီးယန်က
မသေသေးပါဘူး၊ ဒါပေမယ့် သူ သေနိုင်လောက်တဲ့အထိ ပြသနာ ရှာနေကြတယ်။ အားလုံးက အရမ်း စိတ်လှုပ်ရှားနေကြတယ်မလား?
မိသားစုစည်းမျဥ်းတွေကို ဆွေးနွေးတဲ့အခါ ဝင်ပြီး ရန်ဖြစ်ကြတာ ပိုကောင်းတယ်လို့ ကျွန်မ
ထင်တယ်၊ အနည်းဆုံးတော့ ပိုအသက်ဝင်လာလိမ့်မယ်"
လူတိုင်း အသက်ရှုချောင်သွားသော်လည်း အိမ်တော်ထဲတွင်
၀န်ကြီးချုပ်၏ အသက်ကို ကျိန်ဆဲရဲသည့်
ပထမဆုံးလူကိုလည်း တွေ့လိုက်ကြရသည်။
“မင်းက ဘယ်သူလဲ၊ မင်း ဘယ်က လာတာလဲ?” သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့်
အမျိုးသမီးက သူမ၏ဆံပင်များကို ဖြည်ချထားပြီး ရိုးရိုးအဖြူရောင်အင်္ကျီကိုသာ ၀တ်ဆင်ထားသည်။
သူမ၏ချစ်စရာကောင်းသော အသွင်အပြင်က ပတ်ဝန်းကျင်နှင့် လိုက်ဖက်လွန်းနေသော်လည်း သူမ၏ပျက်ဆီးနေသည့်မျက်နှာကြောင့်
ညဉ့်သန်းခေါင်ယံအချိန်တွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းနေပြန်သည်။
သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို သေသေချာချာ ပိုက်ထားသော ကျွော့ချင်းက ခဏမျှ တွေးနေပုံ ဟန်ဆောင်လိုက်ပြီးမှ အေးအေးဆေးဆေး ပြုံးပြကာ "ရှင့်ရဲ့စကားတွေအရ ကျွန်မက ဒီမိသားစုရဲ့ သခင်မအသစ် ဖြစ်သင့်တယ်..."
✍️✍️✍️