အပိုင်း ၂၉၉-၃၀၀
Viewers 23k

Part 299


ရက်အနည်းငယ်ကြာပြီးနောက် ရှုလီချန် အတွက် အလွန်ထူးခြားသောနေ့တစ်နေ့သို့ရောက်လာသည်။


မနက်အိပ်ရာနိုးသည့်အချိန်မှစ၍ တစ်စုံတစ်ခုက မူမမှန်ဖြစ်နေသလိုခံစားနေရ၏။အကြောင်းရင်းကိုတော့ မသိချေ။


မန်နေဂျာဖြစ်သူက ဖုန်းဆက်လိုက်ချိန်တွင် ရှုလီချန်၏မူမမှန်ဖြစ်နေမှုကို ခံစားမိသွား၏။


  "ဟေ့ မင်းနားထောင်နေလား"


ဖုန်းတစ်ဖက်မှအသံကြောင့်


ရှုလီချန်တစ်ယောက် သတိပြန်ကပ်သွားသည်။


 " နား​ထောင်​​နေတယ်​ နား​ထောင်​​နေတယ် "


  "မင်းလိုတက်သစ်စတစ်ယောက်အတွက် ဒါရိုက်တာကျန်း နဲ့ ပူးပေါင်းနိုင်ဖို့ အခွင့်အရေးက ရခဲတယ်နော်....ပြီးစလွယ်မလုပ်နဲ့...အာရုံစိုက်ပြီး အလေးအနက်ထား "  မန်နေဂျာက လေးလေးနက်နက်အကြံပြု၏။


 "ဟုတ်ပါပြီ အာရုံစိုက်ထားပါ့မယ် "  ရှုလီချန်က ပြောသည်။


"မနေ့ညက ဇာတ်ညွှန်းဖတ်တာ အရမ်းနောက်ကျသွားလို့..."


 ရှုလီချန်သည် တစွတ်ထိုးဆန်ပြီး ဖိအားကိုမနှစ်မြို့သော လူငယ်တစ်ဦးဖြစ်သော်လည်း အလုပ်နှင့်ပတ်သက်လာပါက ကြိုးစားလိုစိတ်အပြည့်ရှိသူဖြစ်သည်။


ကိုယ်စားလှယ်ကြီးက ဤအချိန်အထိ ရှုလီချန်အား ယုံကြည်ထားဆဲဖြစ်၏။


 “စိတ်မပူပါနဲ့....  အေးအေးဆေးဆေးအနားယူပြီး လုပ်နေကျအတိုင်း ပုံမှန်လေးပဲလုပ်သွား....ဒါရိုက်တာကျန်းနဲ့ စကားပြောခဲ့ပြီးပြီ...သူလိုချင်တာက မင်းလိုပုံစံမျိုးပဲ "


နားထောင်နေရင်းဖြင့် တစ်ဖက်မှ မန်နေဂျာ၏စကားပြောသံက တိုးညင်းသွားပြီး ရှုလီချန်၏နားထဲသို့ ဝင်မလာပြန်ပေ။


 " ဟဲလို....ဟဲလို.... "


တစ်ဖက်မှမန်နေဂျာက အကျယ်ချဲ့ပြီး အော်သည်။


 ထိုအခါမှ ရှုလီချန်က အာရုံပြန်ရလာတော့သည်။


 "ဟုတ်ကဲ့...ဟုတ်ကဲ့ "


 " ဘာကိစ္စရှိလို့လဲ "  ကိုယ်စားလှယ်က မေး၏။


 " မင်း တကယ်အဆင်ပြေတာရော ဟုတ်ရဲ့လား "


 " ကောင်းကောင်းအိပ်မပျော်လို့ထင်ပါတယ် "  ရှုလီချန်က ပြန်ဖြေသည်။


ရှုလီချန်ကိုယ်တိုင်လည်း တကယ်တမ်း သူ့ကိုသူဘာဖြစ်နေမှန်း နားမလည်နိုင်တော့ပေ။  


ယနေ့တွင် သူသည် အာရုံမစိုက်နိုင်ဘဲ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်သလို ခံစားနေရသည်။


ညနေရောက်ချိန်ထိ ထိုသို့ခံစား‌နေရဆဲပင်။


ရှုလီချန်သည် ညအချိန်တွင် ဇာတ်ကွက်တစ်ခုကို ရိုက်ကူးနေခဲ့၏။


ကြားဖြတ်အနားယူချိန်၌ လက်ထောက်ဝန်ထမ်းတစ်ဦးက အခြားတစ်ဦးအား ရေးကြီးသုတ်ပျာလာပြောသည်။


 “ ဟေ့.... တရုတ်နိုင်ငံမှာဆိုက်မဲ့ နိုင်ငံခြားလေယာဉ်တစ်စင်း ပျက်ကျသွားတယ်တဲ့....

ခရီးသည်တစ်ဝက်လောက်က တရုတ်လူမျိုးတွေတဲ့ကွ "


ထိုအခါ ရှုလီချန်က ခေါင်းကို ဆတ်ခနဲ လှည့်ပြီး မတ်တပ်ထရပ်လိုက်၏။


 “ဘယ်လေယာဉ်လဲ...ကျွန်တော့်ကိုပြပါ "


 ရှုလီချန်သည် လက်ထောက်၏ဖုန်းကို ကိုင်ကာ သတင်းခေါင်းစီးပိုင်းကို နှိပ်လိုက်သည်။


 သတင်းထဲတွင်ပါသည့်  လေယာဉ်ပျက်ကျသော တည်နေရာ ၊ ရာသီဥတုနှင့် လေယာဉ်နံပါတ်...


အရာအားလုံးက အိပ်မက်နှင့်တစ်ထပ်တည်းပင်။


 ' ခွပ် ' ဟူသော မြည်သံနှင့်အတူ သူ၏လက်ထဲမှဖုန်းကမြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး စခရင်မှာ ကွဲအက်သွားတော့သည်။


လက်ထောက်နှစ်ဦး၏မျက်စိရှေ့၌ပင်


ရှုလီချန်က မြေပြင်ပေါ်သို့ ခွေခေါက်လျက် မေ့လဲသွားတော့၏။


 ကျန်းယန်ရှန့် သည် လဲလျောင်းနေခဲ့ပြီး အိပ်ပျော်တော့မည့်ဆဲဆဲတွင် ဖုန်းဝင်လာသောကြောင့် အိပ်မှုန်စုံမွှားဖြင့် ထကိုင်လိုက်ရသည်။


 ဖုန်းတစ်ဖက်မှ မည်သည့်အသံမှထွက်မလာဘဲ အသက်ရှုသံကိုသာကြားရသည်။


ကျန်းယန်ရှန့်က သူမ၏မျက်လုံးများကို ပွတ်သပ်နေရင်း  ဖုန်းဖြေလိုက်၏။


"ဟဲလို..."


ခေတ္တကြာပြီးနောက် ရှုလီချန်၏ပြတ်တောင်းတောင်းအသံက ဖုန်းတစ်ဖက်မှထွက်ပေါ်လာသည်။


" လေယာဉ်...ပျက်ကျသွားပြီ..."


  “ဘယ်ကလေယာဉ်လဲ…”


ကျန်းယန်ရှန့်က ရုတ်တရက် သဘောပေါက်သွား၏။


သူမသည်လည်း လွန်ခဲ့သောရက်အနည်းငယ်ကပင်ဘဝ၏ အရေးကြီးသော အချိန်အမှတ်အသားတစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။


ကျန်းယန်ရှန့်သည် အတိတ်ဘဝမှ သေခြင်းတရားကို ကျောခိုင်းနိုင်ခဲ့၏။


မနက်ဖြန် သို့မဟုတ် သဘက်ခါသည်  သူမ၏ အသုဘကျင်းပခဲ့သောအချိန်ဖြစ်မည်။


ယခင်ဘဝတွင် ရှုလီချန်သည် ဈာပနတက်ရောက်ရန်တရုတ်နိုင်ငံသို့ပြန်လာခဲ့၏။ ထို့နောက်ဆုံးပါးသွားခဲ့သည်။


ကျန်းယန်ရှန့် မေးပြီးနောက်ပိုင်းတွင်


ရှုလီချန်က ငြိမ်ကုပ်နေ၏။


ခဏအကြာတွင် ကျန်းယန်ရှန့်က တိုးတိုးလေးပြောသည်။


 “ငါလည်း K မြို့မှာ ကောင်းကောင်းနေနေတယ်... နင်လည်း ရိုက်ကူးရေးကိုကြိုးစားလုပ်နေတယ်.....  ငါတို့နှစ်ယောက်လုံး အသက်ရှင်နေသေးတာပဲ "


ရှုလီချန်၏နှလုံးသားသည် တစ်စုံတစ်ခုကြောင့် ထိတ်လန့်သွားပုံရသည်။


လေယာဉ်ပျက်ကျသည်ဟုပင်ပြောရသေးသော်လည်း ကျန်းယန်ရှန့်က ဆိုလိုရင်းကိုကောင်းကောင်းသိနေနှင့်သည်။


အိပ်မက်သက်သက်သာဖြစ်ခဲ့မည်ဆိုလျှင် ကျန်းယန်ရှန့်က ဤကဲ့သို့မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ပါမည်လော။သို့သော်လည်း အိပ်မက်မဟုတ်ပါက ဤအရာသည်.....


တွေးရင်း တွေးရင်းဖြင့် ရှုလီချန်တစ်ယောက် မူးနောက်လာတော့၏။


 " နင်...သိနေတယ်ပေါ့ " ရှုလီချန်က ပြောသည်။


 ကျန်းယန်ရှန့်က အေးအေးဆေးဆေးပင်  စကားလမ်း‌ကြောင်းလွှဲ၏။


 "မနက်ဖြန် အတန်းတက်ရမှာ....ပုံမှန်အတိုင်းဆို အတန်းမရှိပေမဲ့  မနက်ဖြန်တော့ကျောင်းသွားရမယ်... နင်ရော ဘာလုပ်မှာလဲ မနက်ဖြန် "


 တစ်ဖက်လူ၏ တည်ငြိမ်သောမေးခွန်းကို ရှုလီချန်က ပြန်ဖြေသည်။ 


 “မနက်ဖြန် ဇာတ်လမ်းတွဲရိုက်ကူးရေးရှိတယ် "


 " အဆင်ပြေလား ဘယ်လိုလဲ ရိုက်ကူရေးက " ကျန်းယန်ရှန့်ကမေး၏။


 "မဆိုးပါဘူး " ရှုလီချန်က ပြန်ဖြေသည်။


 "ခေါင်းဆောင် မင်းသမီး မလာမချင်း လက်ထောက် ဒါရိုက်တာဆီမှာ ဒိုင်ယာလော့တွေပြန်ပြောပြပြီး အစမ်းလေ့ကျင့်နေရုံပဲလေ...ပြီးမှ ရိုက်တာ "


ကျန်းယန်ရှန့်၏ ရယ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။


 "နင့်လိုလူတောင် ဟိတ်ကြီးဟန်ကြီးလုပ်လို့မရတော့ဘူးပေါ့"  ကျန်းယန်ရှန့်က စနောက်သည်။


 “ဘာလို့ ကိုယ့်ကိုကိုယ် ရင်းနှီးမြုပ်နှံပြီး အဓိကလူ မဖြစ်လိုက်တာလဲ .... အဲ့ဒီ လှတပတတစ်ယောက်က နင့်ကိုအရမ်းတွေ ကန့်လန့်တိုက်မလားဆိုတာကို စောင့်ကြည့်တာပေါ့ "


" ပျင်းစရာကောင်းတယ် "


 ကျန်းယန်ရှန့်က ရယ်ပြန်သည်။


 "ဟုတ်ပါပြီ အတွေးတွေလွန်မနေနဲ့  အကုန်လုံးအဆင်ပြေတယ်..... ဘာမှမဖြစ်ခဲ့ဘူး...အရေးကြီးတာက ပစ္စုပန်ပဲ... အရေးမပါတာတွေမတွေးနဲ့ "


ရှုလီချန်က ခေတ္တငြိမ်သွားတော့သည်။


" ဟမ် " 


သူ၏အာမေဋိတ်သံအဆုံးတွင် တစ်ဖက်မှာ ဖုန်းချသွားခဲ့ပြီဖြစ်၏။


ကျန်းယန်ရှန့်နှင့် စကားပြောပြီး နောက်ပိုင်းတွင် စိတ်ခံစားချက်က အတော်တည်ငြိမ်သွားသည်။


ရှုလီချန် အင်္ကျီကိုလှန်ပြီး  ကိုယ့်လက်မောင်းကိုယ် တစ်ချက်ကြည့်၏။


ငယ်ရွယ်သန်စွမ်းပြီး ကြွက်သားများရှိသည့်အပြင် အသားအရေကလည်း နုပျိုချောမွေ့သည်။


အပ်ပေါက်ရာတစ်ခုပင်မရှိ‌ပေ။ပြစ်ချက်ကင်းစင်လှ၏။


 အရာအားလုံး၏ ဦးတည်ရာကို မည်သည့်အရာက ပြောင်းလဲစေခဲ့သနည်း။


 အတိတ်ဘဝ၌ သူသည် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ပိန်လှီနေခဲ့သည်။


ရှုလီချန်ဆုံးပါးသွားချိန်တွင် အမေဖြစ်သူနှင့် အဖေတို့ကငြင်းခုံတိုက်ခိုက်ရင်း အလုပ်များနေခဲ့၏။


ရှုလီချန်အား တစ်ချက်လှည့်မကြည့်ခဲ့ကြပေ။


ရှုလီချန် သည် ဆေးရုံကုတင်ပေါ်တွင် ထိုင်လျက် အချိန်အတော်ကြာ သုံးသပ်ပြီးသည့် နောက်ပိုင်းတွင် အဖြေရှာ‌တွေ့သွားခဲ့သည်။


ရီအထက်တန်းကျောင်း၏ အတန်း(၈)မှ ကျန်းယန်‌ရှန့် ထွက်သွားသောအချိန်သည် 


'အိပ်မက်' နှင့်မကိုက်ညီသော အရာအားလုံး၏အစမှတ်  ပင်ဖြစ်၏။


သူ၏ဘဝအား အခြားဦးတည်ချက်သို့ ပြောင်းသွားစေသည့် ကွဲလွဲချက်မှာ ကျန်းယန်ရှန့်ဖြစ်သည်။


မန်နေဂျာက တံခါးဖွင့်ပြီး ဝင်လာသောအခါ ဆေးရုံကုတင်ပေါ်၌ ငုတ်တုတ်ထိုင်ပြီး အင်္ကျီလက်ကိုဆွဲတင်ကာ ကိုယ့်လက်မောင်းကိုယ် ပေါက်ထွက်မတတ်စိုက်ကြည့်နေသော ရှုလီချန်ကို တွေ့လိုက်ရ၏။


 "နိုးပြီလား"  မန်နေဂျာက စိုးရိမ်တကြီးမေးသည်။


 “ဘာဖြစ်သွားတာလဲ .... အားလုံးအရမ်း လန့်သွားကြတာ  ဆရာဝန်ပြောတာကတော့ ဘာမှထွေထွေထူးထူးမရှိဘူးတဲ့ "


ရှုလီချန်၏ မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံပြေးလွှားနေ၏။သူ ရုတ်တရက် မတ်တပ်ထရပ်ကာ မန်နေဂျာ၏မျက်နှာကို သူ၏လက်ဖဝါးများဖြင့်အုပ်မိုးလိုက်ပြီး ပါးကိုညှစ်လိုက်၏။


မန်နေဂျာက အလွန်ပင် ကြောင်တောင်တောင်ဖြစ်သွားတော့သည်။


" လီချန်ရေ...လီချန် ... မင်း တကယ်အဆင်ပြေတာရော ဟုတ်ရဲ့လားကွာ "


 အဘယ်ကြောင့် ဤမျှစိတ်ရူးပေါက်နေရပါသနည်း။


 ရှုလီချန်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချရင်း အလွန်အားရကျေနပ်နေသော လေသံဖြင့်ပြောလာသည်။


" အစ်ကိုကြီးကျောက်က အစစ်ကြီးဗျာ "


 ".......... "


သွားရှာပြီ။


အမှန်တကယ်ပင် စိတ်လွတ်သွားရှာလေပြီ။


ပေါက်ပန်းလေးဆယ်စကားများ စလာပြီဖြစ်၏။


မန်နေဂျာက ဆရာဝန်အား လှမ်း‌ခေါ်ရန် ပြင်လိုက်သော်လည်း ရှုလီချနိ တားလိုက်သည်။


ရှုလီချန်၏မျက်ဝန်းများက အလွန်အမင်းတက်ကြွနေပြီး 


သွားများအားလုံးပေါ်မတတ်ပြုံးဖြီးနေသည်။


 "  မဟုတ်တာမပြောနဲ့... ဘယ်သူက ဂေါက်နေလို့လဲ


 ဗိုက်ဆာတယ်...ထမင်းသွားစားရအောင်....ကျွန်တော့် ကံကြမ္မာက ဆေးရုံနဲ့ကီးမကိုက်ဘူး "


ရှုလီချန်က မန်နေဂျာ၏ လည်ဂုတ်ကိုသိုင်းဖက်လိုက်ပြီး အပြင်သို့ထွက်ရန်ပြင်၏။


 "မနက်ဖြန် ခေါင်းဆောင်မင်းသမီး လာမှာလား....


 မလာရင် ဒီကသခင်လေးက ပိုက်ဆံပုံပေးပြီး လူစားထိုးပစ်မယ်လို့ပြောလိုက်....ဇာတ်ဝင်ခန်းတွေအကုန်ပြန်ရိုက်ရမှာ .... သောက်လုပ်က ရှုပ်ဦးမယ်.... လေးစားသမှုကိုမရှိဘူး "


 " ဗိုက်ဆာတယ်... ဗိုက်ဆာတယ် "


 "ထမင်းစားရအောင်.... မြန်မြန်စားမယ်...ပြီးရင် အိမ်ပြန်မယ် ...ဇာတ်ညွှန်းကျက်မယ် "


 "စကားမစပ် ကျွန်တော် ရှောင်ဝမ်ရဲ့ ဖုန်းကိုမတော်တဆခွဲမိသွားတယ်....   မနက်ဖြန် သူ့ကို အသစ်တစ်လုံး ပြန်ဝယ်ပေးလိုက် "


Xxxxxxxx


Part 300


ဆောင်းဦးရာသီသည် အေးမြခြောက်သွေ့နေသည်။


ညဘက်တွင် အနည်းငယ်အေးသော်လည်း နေ့ခင်းပိုင်းတွင် အမှန်တကယ်ပင် သက်တောင့်သက်သာရှိလှ၏။


ပိတ်ရက်တွင် ကျန်းယန်ရှန့်တစ်ယောက်  ခြံဝင်းထဲရှ်ိလေကောင်းလေသန့်ရသောနေရာတွင် ထိုင်ကာ 

အဘွားဖြစ်သူမှ စီစဉ်ပေးလိုက်သည့် အချက်အလက်များကို ပြန်ကြည့်နေသည်။


 ထိုအချိန်တွင် ကျန်းဟွမ် ရောက်လာ၏။


" ချီချီဖြစ်သွားတာကို သိလိုက်လား"  ကျန်းဟွမ်က အဆက်အစပ်မရှိမေးသည်။


" ဘာဖြစ်လို့လဲ...ဘာဖြစ်တာလဲ " ကျန်းယန်ရှန့်ထံတွင် သိလိုစိတ်တို့ဖြစ်ပေါ်လာ၏။


  " ဝူရှန်လုပ်ငန်းခွဲက ကိစ္စပါ "


 ကျန်းချီသည် ပထမ၂နှစ်တွင် ကျန်းယု နှင့် အဘွားကျန်းတို့ထံ၌ လုပ်ငန်းအတွေ့အကြုံယူပြီး  ဌာနချုပ်များသို့ လိုက်ပါခဲ့သည်။


 လွန်ခဲ့‌သော၂နှစ်အတွင်း အဘွားသည် ကျန်းချီထံသို့ ကုမ္ပဏီခွဲတစ်ခုအား လွှဲပြောင်းအပ်နှင်းခဲ့ပြီး 


သူမသည် " ဒါရိုက်တာ ကျန်း " ဟူသော နာမည်တစ်လုံးရလာ၏။


 ယခုအချိန်တွင် ရုံးချုပ်၌ ဒါရိုက်တာကျန်း သုံးယောက် ရှိနေပြီဖြစ်သည်။လူများကိုခွဲခြားသိနိုင်ရန် လုပ်သက်၏အကူအညီယူရုံမှအပ အခြားမရှိပေ။


" အစ်မချီချီက ကောင်းကောင်း အုပ်ချုပ်တတ်တယ်လို့ အဖေပဲပြောနေတာမဟုတ်ဘူးလား "  ကျန်းယန်ရှန့်က အံ့ဩနေသော လေသံဖြင့်မေး၏။ 


 " အဟက် " ကျန်းဟွမ်က ရေရွတ်သည်။


 "အဲ့ဒါက သမီးကို အကောင်းတွေချည်း ရွေးပြောနေလို့လေ... ဆိုးကွက်တွေ မပါသေးဘူး "


 ကျန်းဟွမ်က ဘေးမှကုလားထိုင်ကို ဆွဲထုတ်ပြီး


 ဝင်ထိုင်လိုက်၏။


 “သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန တစ်ခုလုံးကို အလုပ်ပြောင်းခိုင်းလိုက်တာ” 


ဤသည်မှာ ကြီးမားသော အရေးကိစ္စပင်။


ကျန်းယန်ရှန့် အံ့သြသွားရှာသည်။


"ဒါက မများလွန်းဘူးလား...အစ်မချီချီက ဘာမှကြိုမတွေးဘူးလား "


 " ချီချီက လွန်လွန်းအားကြီးတယ် " ကျန်းဟွမ်က ဝေဖန်၏။  


 "သူက မင်းအဘွားရှေ့မှာ အမြဲလိုလိုတော်ချင်ယောင်တတ်ချင်ယောင်ဆောင်နေပေမဲ့ သူ့အကျင့်စရိုက်က နည်းနည်းတော့ .... "


 ကျန်းဟွမ်အတွက် စကားလုံးများဖြင့်ဖော်ပြရန်ခက်ခဲသည်။


 “အုပ်စုဖွဲ့ပြီးသွေးခွဲတာလား ....အတိုက်အခံမှန်သမျှကို ဖယ်ထုတ်တာလား " ကျန်းယန်ရှန့်က ဝင်ထောက်ပြ၏။


"ဪ...သိနေတာလား "


 “ ကျောင်းကတည်းက အဲ့လိုပဲလေ "


 ​​ကျန်းယန်ရှန့်ကျောင်းသားသမဂ္ဂသို့ ဝင်စအချိန်ကတည်းက အခြားသူများထံမှ စီနီယာအစ်မကျန်း၏ အတင်းအဖျင်းများကို ကြားဖူးခဲ့သည်။


 "ပစ္စည်းအတုအပကို ဝယ်သုံးခြင်းမပြုရ "


ဟုစည်းကမ်းချထားသော စီနီယာအစ်မကျန်းဆိုသည့်သူမှာကျန်းချီဖြစ်နေကြောင်း သူမ သိခဲ့ရ၏။


ကျောင်းသားသမဂ္ဂမှ ကျန်းချီနှုတ်ထွက်ပြီးနောက်ပိုင်းတွင် နောက်လိုက်များသည်လည်း သူမ၏ဟန်ပန်များကို ဆက်လက်ကျင့်သုံးနေခဲ့ကြသည်။


ဘောင်ကျော်သောစည်းစနစ်များကို မနာခံလိုသူများသည် သမဂ္ဂမှ ထုတ်ပယ်ခံခဲ့ရပြီး ကျန်ရစ်နေခဲ့သော အဖွဲ့ဝင်များမှာလည်း နင်းပြားဘဝသို့ ရောက်ခဲ့ကြ၏။


ကျန်းယန်ရှန့်သည် မဟုတ်မခံလိုသူဖြစ်ပြီး  သူမသည် သမာသမတ်မကျသော စီနီယာများနှင့် မကြာခဏ အငြင်းပွားလေ့ရှိသည်။


သူမ ခေါင်းဆောင်ဖြစ်လာသောအခါ ကျောင်းသားသမဂ္ဂ၌ အမြစ်တွယ်နေသော စနစ်ကို သုတ်သင်ရှင်းလင်းခဲ့၏။


 "ချီချီက ဘာတွေဖြစ်နေလဲတော့ အဖေမသိဘူး ... သူက မြုံစိစိနဲ့ သိပ်မပွင့်လင်းဘူးလို့ခံစားရတယ် တစ်မျိုးတော့တစ်မျိုးပဲ " ကျန်းဟွမ်က ဝေဖန်သည်။


 “သမီးအဘွားက သူ့မှာရည်းစားရှိလားလို့ မေးတော့ သူက အခုထိ ငယ်သေးတယ်...အလုပ်ကိုပဲ အာရုံစိုက်ချင်ပြီး အချစ်ရေးကို ဦးစားမပေးဘူးလို့ပြောတယ်....သူ ကောလိပ်တက်နေတုန်းကကျတော့ သူ့ရည်းစားကို မိတ်ဆက်ပေးဖို့ ခေါ်လာခဲ့သေးတယ်.....စိတ်ခုချင်စရာပဲ....ရည်းစားထားတော့ရောဘာဖြစ်လဲ....စာကောင်း‌ကောင်းမလုပ်နိုင်လို့လား "


 ကျန်းယန်ရှန့်က ဘာကိုမှခေါင်းထဲမထည့်ပေ။


 " သူက အဲ့လိုပဲကို.....ထားလိုက်ပါ "


" ငါ့နှယ် " ကျန်းဟွမ်က ရေရွတ်သည်။


 ထို့နောက်သူက ခြေချိတ်ထိုင်လိုက်ပြီး ဆက်ပြော၏။


  "ချစ်တော့ရော ဘာဖြစ်လဲ....ပြောရရင် ဒီအရွယ်က လက်‌တွဲဖော်ကိုလေ့လာကြည့်ဖို့ အရွယ်ကောင်းပဲ...ခုချိန်မှ ရည်းစားမရှိရင် နောင်တစ်ချိန် ဘယ်လိုအိမ်ထောင်ရက်သားပြုမလဲ.... လက်ထပ်စရာယောက်ျားက မိုးပေါ်ကပြုတ်ကျလာမှာမလို့လား....ယန်ယန် အဖေပြောချင်တာက ရှောင်ယွဲ့နဲ့သမီး စကားပြောကြည့်သင့်ပြီ ....သမီးတို့နှစ်ယောက် လက်ထပ်ပြီး အတူနေဖို့ အချိန်တန်ပြီထင်တယ်"


 "အဖေ....သမီးပြောမယ်...အစ်မချီချီအကြောင်းတွေ နားမစွင့်နဲ့တော့...အဖေနဲ့  ဦးလေးနှစ်ယောက်လုံး ရှိနေပြီးသားပဲ....သမီးအလှည့်မကျသေးဘူး...ဘာလို့ အလျင်လိုနေတာလဲ....အိမ်ထောင်ပြုပြီး မိသားစုထူထောင်တာမျိုးက နောက်မှလုပ်လည်းရတယ် "


 


 "သမီးကို စိတ်မပူနဲ့ " ကျန်းယန်ရှန့်က ထပ်လောင်းပြောကြားသည်။


 ထို့နောက်သူမက စာရွက်စာတမ်းများအားကြည့်ပြီး 


"အဖေအရမ်းအားနေရင် ကျန်းဟယ်လင်းအတွက်ပဲ စိတ်ပူပေးလိုက်ပါ... သိလား သူရည်းစားရနေပြီ "


"ဟင် "  ကျန်းဟွမ်သည် ရုတ်တရက်မင်သေလျက် တောင့်တင်းသွားတော့၏။


  "ဟယ်ဟယ် ရည်းစားရ‌နေပြီတဲ့လား....ဘာလို့ဘယ်သူမှမပြောကြတာလဲ"


 ကျန်းယန်ရှန့် က အေးဆေးတည်ငြိမ်စွာပြောသည်။


 "ဒီလိုတွေပြောနေမဲ့အစား  ကိုယ်ကအဖေပီသပြီးတာဝန်ကျေရဲ့လား...ကိုယ့်သမီးကို လုံလုံလောက်လောက် ဂရုစိုက်နိုင်ခဲ့ရဲ့လားလို့ ပြန်မေးသင့်တယ် "


 " ဘာကိုဂရုမစိုက်ရမှာလဲ....  မိဘဆရာတွေ့ဆုံပွဲ နှစ်ခုကို တစ်ယောက်တည်း တက်နေရတာ....အလယ်တန်းနဲ့ အထက်တန်း ရက်မတူပေလို့သာပေါ့... မဟုတ်ရင် နှစ်ကိုယ်ခွဲနိုင်တဲ့ စူပါဝါတောင်ရနေလောက်ပြီ " ကျန်းဟွမ်က ချဲ့ကား၍ပြောသည်။   


စိတ်ကြိုက် ညည်းညူပြီးသောအခါ ကျန်းဟွမ်က ထပ်မေး၏။ 


" ဟယ်ဟယ့် ရည်းစားက ဘယ်လိုလဲ... အကျင့်ရောကောင်းလား "


 "သိပ်မကြိုက်ဘူး"  ကျန်းယန်ရှန့်ကဖြေသည်။


 “ နှစ်ခါတွေ့ဖူးတယ်....  ‘ကိုယ့်အမေကပြောတယ်... ဘာညာ ' ဆိုပြီး နာရီဝက်တိုင်း နှစ်ကြိမ်ပြောတယ် "


 ထိုအခြင်းအရာကိုကြားသောအခါ ကျန်းဟွမ်က ထိုကောင်လေးအား လျာထားသောစာရင်းထဲမှ တစ်ခါတည်း ပယ်ချလိုက်တော့၏။


" အဲ့လောက်ဆို အမေချစ်သားလေးမဟုတ်ဘူးလား "


 " အဖေ့သမီးက အဲ့ကောင်လေးကို ဘာလို့ သဘောကျတာလဲ သိလား "


 " စိတ်ခုန်အောင်လာမလုပ်နဲ့ "


 "သူပြောသမျှကို နားထောင်ပေးလို့ သဘောကျတာတဲ့ "


 ကျန်းဟွမ်က အကြာကြီး နှုတ်ဆိတ်သွားသည်။


ထို့နောက် စကားကိုပြန်ရုတ်၏။


" အဆင်ပြေပါတယ် .... ဒီလိုဆိုတော့လည်း "


 ကျန်းယန်ရှန့် အံ့ဩမိသွားသည်။


 "ငါ့သမီးက  ပိုက်ဆံချို့တဲ့တာမျိုးလည်းမရှိဘူး

ဝတ်ဖို့ စားဖို့ တခြားသူကို အားကိုးနေစရာလည်း မလိုဘူး... သူပျော်ဖို့က အရေးကြီးတာပေါ့ "


 ကျန်းဟွမ်၏စကားတွင် အမှားအယွင်းတစ်ခုမှမပါပေ။


 ကျန်းဟွမ်က မူရင်းအကြောင်းကို စကားပြန်စပ်သည်။ 


" ဟယ်ဟယ်က ငယ်ပါသေးတယ်....အလယ်တန်းကျောင်းကနေ ကောလိပ်အထိ  ရည်းစား သုံးလေးငါးယောက်လောက် ထပ်ရှိလာနိုင်တာပဲ....လက်ထပ်ဖို့က အစောကြီးရှိ‌သေးတယ်... အလျင်လိုစရာ မရှိဘူး "


ကျန်းဟွမ်က မျက်လုံးကိုမှေးပြီး ကျန်းယန်ရှန့်ကို ထပ်မံချောင်ပိတ်ရန်ကြံစည်၏။


"အဖေစိတ်ပူတာက သမီးနဲ့ ရှောင်ယွဲ့ပဲ....အနာဂါတ်အစီအစဉ်လေးအကြောင်း ပြောပြပါဦး "


 ကျန်းယန်ရှန့်သည် သူမ၏မျက်နှာကို စာရွက်စာတမ်းများဖြင့် ဖုံးအုပ်ထားလိုက်သည်။


 " တစ်ယောက်တည်း လွှတ်ပေးထားပါဆို "


"ဘယ်လိုလုပ် မပြောဘဲ နေနိုင်မလဲ... အဖေလုပ်သူက လွှတ်ထားနိုင်မှာတဲ့လား "  ကျန်းဟွမ်က ဆက်ပြောသည်။


 "အဖေပြောပြမယ် .... ခန်းဝင်ပစ္စည်းမှန်သမျှကအဆင်သင့်ပဲ... သမီး အချိန်မရွေး လက်ထပ်နိုင်သလို အဖေကလည်း အနောက်ကနေ ပံ့ပိုးပေးသွားမှာ.... တကယ်တော့ ဘွဲ့ရပြီးမှ အိမ်ထောင်ပြုပြီး ငယ်တုန်းရွယ်တုန်း ကလေးမွေးတာကောင်းတယ်...သမီးအဘွားက မြစ်ချီချင်‌နေပြီ.... အလုပ်မှ အလုပ်ဖြစ်နေပြီး ရည်းစားမထားချင်တော့တဲ့ ချီချီကိုပဲကြည့် .... ပြီးတော့ ရှောင်လင်း ....သူ့ကောင်မလေးက သွေးနှောကပြားပဲ....ဒါတင်မကသေးဘူး တရုတ်ပြည်ကို ပြန်လာဖို့ အကြောက်ကန်ငြင်းနေတာ....သမီးအဘွားက သွေးနှော‌တွေကိုတော့ သဘောကျမှာမဟုတ်ဘူး... ဒီတော့ သူ့မှာ အားကိုးစရာဆိုလို့ သမီးပဲရှိတော့တယ် " 


ကျန်းဟွမ်က အဆုံးထိ ပွစိပွစိလုပ်နေတော့မည့်ပုံစံရသည်။ကျန်းဟွမ်ဘက်မှ သွားလေသူဇနီးသည်ကိုဆွဲထည့်ပြီး မျက်ရည်လေးတစမ်းစမ်းဖြင့် ဒရမ်မာမချိုးခင် ကျန်းယန်ရှန့်က စကားဝိုင်းမှ အရင်ထထွက်သွားတော့၏။


 နှစ်ရက်ကြာသောအခါတွင် ကျန်းယန်ရှန့်က ယွဲ့စုန့်ကိုမေးလိုက်သည်။


 "အဘိုးက လက်ထပ်ဖို့ ပြောနေတုန်းပဲလား "


ထိုအခါယွဲ့စုန့်က ကျန်းယန်ရှန့်၏ခေါင်းကိုခပ်ဖွဖွပွတ်သပ်ရင်း " သူ့ကိုတားထားပါတယ် မစိုးရိမ်နဲ့နော် "


 "စိတ်ထဲအရမ်းမထားပါနဲ့... ကိုယ့်တို့နှစ်ယောက် ဆုံးဖြတ်ရမဲ့ ကိစ္စပဲ"  ယွဲ့စုန့်က ထပ်လောင်းပြောဆိုရင်း ကျန်းယန်ရှန့်၏ပါးပြင်ကိုအနမ်း‌ချွေသည်။


“မင်းအဆင်သင့်ဖြစ်တဲ့အချိန်ကျရင် ကိုယ်မင်းစကားကို နားထောင်မယ် "


ကျန်းယန်ရှန့်က ဘာမှဆက်မပြောတော့သော်လည်း အနာဂါတ်အကြောင်း အတွေးနယ်ချဲ့နေခဲ့၏။


ရှေ့လျောက်တွင် သူမနှင့် ယွဲ့စုန့်  မည်သို့ဖြတ်သန်းကြရမည်နည်း။


ရက်အနည်းငယ်ကြာပြီးနောက် ယွဲ့စုန့်သည် ဝမ်းကွဲအစ်မ ရွယ်ရှင်းထုံဆီမှ မက်ဆေ့ချ်ကို ရုတ်တရက် လက်ခံရရှိခဲ့၏။သူမ၏ကလေးကို  ကျန်းယန်ရှန့်နှင့်နေ့လယ်စာစားရန် အတူခေါ်သွားသော ဓာတ်ပုံပင်ဖြစ်သည်။


 ယွဲ့စုန့် က အံ့အားသင့်သွားပြီးဖုန်းဆက်လိုက်၏။


 " နှစ်ယောက်သား ဘာလို့ ပူးကပ်နေကြတာလဲ"


 ရွှယ်ရှင်းထုံက ရယ်သည်။


 "ငါတို့ဘာသာငါတို့ အပျော်ရှာနေတာ‌လေဟယ် "


 ဝမ်းကွဲအချင်းချင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုကြပြီး ဖုန်းမချခင်အချိန်အထိ ရွှယ်ရှင်းထုံရယ်ပုံရယ်နည်းမှာ ထူးဆန်းနေသည်ကို ယွဲ့စုန့်ခံစားခဲ့ရသည်။


 ထိုလျှို့ဝှက်ဆန်းကြယ်မှုသည် ရက်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာရန် အချိန်ကျခဲ့ပြီဖြစ်၏။


Xxxxxxx