Part 297
" မင်းရဲ့မိထွေးဟောင်းနဲ့ အဆင်ပြေရဲ့လား " ယွဲ့စုန့်က မေးသည်။
" ပြေပါတယ် သူကအရမ်းစိတ်ပျက်ဖို့ကောင်းတယ် ....ပိုက်ဆံသုံးမလောက်လို့ ကားပါထုတ်ရောင်းလိုက်တယ်ဆိုပဲ ဟယ်ဟယ့်ဆီက ကြားတာ...အဖေကသူ့ကို လတိုင်း ယွမ်နှစ်သောင်း ပေးတယ်...သူ့သားနဲ့သမီးက နောက်ထပ် ယွမ် တစ်သောင်းထပ်ပေးသေးတယ်... ကုမ္ပဏီက အလယ်အလတ်နဲ့ အကြီးတန်း ဝန်ထမ်းတွေတောင် လစာ ယွမ်သုံးသောင်းပတ်ချာလည်ပဲရတာ ... သူဆို ဘာအလုပ်မှလုပ်စရာတောင်မလိုဘူး .... အဲ့ပိုက်ဆံနဲ့လောက်အောင်မနေနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး "
ယွဲ့စုန့်က ခေါင်းငြိမ့်သည်။
"ဦးလေးကျန်းက သည်းခံတတ်တုန်းပဲ"
ကျန်းယန်ရှန့်က မျက်ခုံးပင့်လျက် ယွဲ့စုန့်ကိုကြည့်၏။
"က်ိုယ်ကတော့ ဖောက်ပြန်တာမျိုးကို
ခွင့်မလွှတ်နိုင်ဘူး"
ယွဲ့စုန့်က အေးဆေးသောလေသံဖြင့်ပြောသည်။
"တိုက်ဆိုင်တယ်နော် "
ကျန်းယန်ရှန့်က ယွဲ့စုန့်၏မေးစေ့ကို လက်ညိုးထိပ်ဖျားလေးဖြင့် ပင့်တင်လိုက်၏။
" ကျွန်မလည်း ဒါမျိုးကို လက်မခံနိုင်ဘူး "
ယွဲ့စုန့်က သူမ၏လက်များကို ဆုပ်ကိုင်လာပြီး
နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည့်အထိ ပြုံးသည်။
ယွဲ့စုန့်ထံတွင် ပြောစရာရှိပုံရ၏။
ထို့ကြောင့်ကျန်းယန်ရှန့်က ကပ်သီလေးတားကာ ယွဲ့စုန့်၏နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
ယွဲ့စုန့်က ခေတ္တကြောင်သွားပြီးနောက် ကျန်းယန်ရှန့်၏ နောက်စေ့ကိုလက်ဖြင့်အုပ်မိုးကာ အနမ်းများကို ပြန်လည် တုံ့ပြန်၏။
ရက်အနည်းငယ်ကြာပြီးနောက် ကုမ္ပဏီတွင် ယွဲ့စုန့်အလုပ်များနေချိန်၌ဖြစ်သည်။
အဘိုးကြီးယွဲ့က လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရုံးခန်းထဲသို့ဝင်ရောက်လာ၏။
ယွဲ့စုန့်သည် မျက်တောင်ပင်မခတ်ရဲပေ။
အဘိုးကြီးယွဲ့က ယွဲ့စုန့်၏ စားပွဲနားတွင် ရစ်သီရစ်သီလုပ်ကာ သက်ပြင်းအရှည်ကြီးချလိုက်ရာ သူ့ မျက်ခွံများပင် လှုပ်ယမ်းသွားသည်။
ထို့နောက်အဘိုးကြီးယွဲ့က မကျေနပ်ဖြင့်ပြောတော့၏။
"မားကတ်တင်းဌာန သူဌေးဆို မြေးတောင်ချီနိုင်နေပြီ ....ဝမ်းသာလုံးစို့ပြီး လူတိုင်းကို သကြားလုံးတွေလိုက်ဝေနေတာများ ပြောမနေနဲ့ "
အဘိုးကြီးက အပေါ်သို့မော့ကြည့်ပြီး သက်ပြင်းချ၏။
“ငါ့မှာဖြင့် ဘယ်တော့မှ ကလေးချီရမယ်မှန်းကမသိ "
ယွဲ့စုန့်က ကုလားထိုင်ကို တွန်းဖယ်လိုက်ပြီး မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
"ဒီကိုလာ "
ထိုအခါ အဘိုးကြီးယွဲ့က ဒေါသတကြီးဖြင့်
"ဘယ်သူက မင်းကို ချီချင်တယ်ပြောလို့လဲ ! "
"နောက်ထပ် ဘယ်သူ့ကို ချီချင်သေးလို့လဲ ကျွန်တော့်မိဘတွေက ထပ်မွေးမပေးနိုင်တော့ဘူးတဲ့ "
ထိုအကြောင်းကိုကြားသောအခါ အဘိုးကြီးက အနည်းငယ်စိတ်မကောင်းဖြစ်သွားတော့သည်။
ထိုနှစ်ယောက်စလုံးက အလုပ်လည်းမလုပ်ဘဲ ကလေးထပ်ယူဖို့ကို အကြောက်အကန် ငြင်းဆန်ကြ၏။
မည်သည့်ရည်ရွယ်ချက်ရှိနေသနည်း။
"မြစ်ချီချင်တယ်လို့ !"
ယွဲ့စုန့်က ပြန်ထိုင်ပြီး အလုပ်ဆက်လုပ်သည်။
“လူတွေက ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေကို ဘယ်လိုလုပ်ယူရမလဲ သေချာသိသင့်တယ်....တခြားသူတွေ မြေးမချီနိုင်သေးတဲ့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကတည်းက အဘိုးက ဦးအောင်ချီလာရတာ... မြစ်အကြောင်းမေ့လိုက်ပါတော့ "
အဘိုးကြီးယွဲ့က စားပွဲကို လာထုသည်။
"မင်း အသက် ၂၅ နှစ် ယန်ရှန့်က ၂၁ နှစ်....နှစ်ယောက်လုံးအသက်ပြည့်နေပြီလေ "
အဘိုးကြီးသည် ကျန်းယန်ရှန့် အသက် ၂၀ ပြည့်ကတည်းက ယွဲ့စုန့်ကို နားပူနားဆာလုပ်နေခဲ့ခြင်းဖြစ်၏။
ယွဲ့စုန့်က အတန်တန်တားသောကြောင့် ကျန်းယန်ရှန့်ကိုတော့ ဘာမှလာမပြောရဲပေ။
ပထမဆုံးတွေ့ဆုံကတည်းက ထိုကလေးမ၏စိတ်ထဲတွင် တစ်စုံတစ်ခုရှိနေပုံရသည်ဟု အဘိုးကြီးယွဲ့ခံစားခဲ့ရသည်။
ထို ကောင်မလေးက အနည်းငယ်ထူးဆန်း၏။
အဘိုးကြီးယွဲ့ သူတို့နှစ်ယောက်စလုံးကို နားမလည်နိုင်ချေ။
ရွှယ်မိသားစုမှ ကောင်မလေးသည် ပို၍ပင်ထူးဆန်းသေး၏။
ကလေးမွေးရန်အတွက် နိုင်ငံခြားသို့ သုတ်ပိုးပင်သွားဝယ်သေးသည်။ကလေးအဖေက မည်သူမှန်းတောင်မသိချေ။
အဘိုးကြီးယွဲ့ ဤလောကကြီးကို လိုက်မမီနိုင်တော့ပေ။
လူငယ်များ၏အတွေးများက ရှုပ်ထွေးပွေလီလှ၏။
သူသည် ယခု၌ ခေတ်နောက်ကျသောအိုစာသည့်အဘိုးကြီးတစ်ယောက်သာဖြစ်သည်။
မြေးဖြစ်သူနှင့် စကားပြောရန်မှလွဲ၍ ရွေးစရာမရှိတော့ပေ။သို့သော် ဒီကောင်ကလေးက သူ့ရည်းစားကိုပင်အပိုင်မချုပ်နိုင်။စိတ်ပျက်စရာကောင်းလှ၏။
.........
တစ်ရက်တွင် ရှုလီချန်က ကျန်းယန်ရှန့်ကို ရုတ်တရက် ဖုန်းခေါ်ခဲ့သည်။
" ချိုက်ယန်းဆိုတဲ့တစ်ယောက်က ဘယ်သူလဲ သိလား"
ထိုနာမည်အား မကြားရသည်မှာ ကာလများစွာကြာရှည်ခဲ့ပြီဖြစ်သည်။
ကျန်းယန်ရှန့်သည် ဤဘဝတွင် သူတို့အဖွဲ့နှင့် မရောနှောခဲ့သော်လည်း တစ်ယောက်ချင်းစီ၏အမည်များကို မှတ်မိနေသေး၏။
"ငါသူ့ကိုသိတယ် ....သူက ရီအထက်တန်းကျောင်း အတန်း(၈)က ... ဝမ့်ချမ်နဲ့ ကျိုကျီဟန်တို့နဲ့ တစ်တန်းတည်း "
" ဝါးးး နင်တော်တော်သိတာပဲ ငါတောင် အဲ့တစ်ယောက်ကို မမှတ်မိတော့ဘူး" ရှုလီချန်က ရေရွတ်၏။
" သူက ဘာဖြစ်လို့လဲ?" ကျန်းယန်ရှန့်က မေးသည်။
"ငါ့ရုပ်ရှင်ကို မကြာခင်လာမဲ့ နွေဦးပွဲတော်မှာ ရုံတင်တော့မှာလေ... အရင်တုန်းက ငါဝမ့်ချမ်အကြောင်းသတင်းနှိုက်ခဲ့တဲ့ အတန်း(၈)က သူငယ်ချင်းက အဲ့ဒါကိုမြင်ပြီး ငါ့ကိုသတိရသွားလို့တဲ့...လာပြောပြတာ...ဒါပေမဲ့ မနှစ်က ဖြစ်ခဲ့တာပါ "
" ချိုက်ယန်းဆိုတဲ့တစ်ယောက်က ဝမ့်ချမ်ကို ပထုတ်တုန်းက ဦးစီးဦးဆောင်လုပ်ခဲ့တာလေ ...အဲ့နောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ သူလည်း နိုင်ငံခြားထွက်သွားတာ
...ဝမ်ချမ့်နဲ့ တစ်မြို့တည်းတဲ့....ကျောင်းမတူပေမဲ့ တရုတ်အသိုင်းအဝိုင်းက ကျယ်ပြန်တော့ တွေ့တွေ့နေကြရတာတဲ့ "
" ဝမ့်ချမ်က ချိုက်ယန်းကို လက်စားချေခဲ့တာလား " ကျန်းယန်ရှန့်က မေးသည်။
"ဟားးဟားးး သူဘယ်လိုလက်စားချေလဲမှန်းကြည့်လိုက်.... ချိုက်ယန်းရဲ့ကောင်လေးကို စနှိုက်ကြော်ပစ်လိုက်တယ်တဲ့လေ ဟားးဟားး "
ရှုလီချန်ကပြောရင်း အူတက်နေသည်။
" နှစ်တွေလည်းကြာလှပါပြီ...မှန်းစမ်း ငါတွက်ကြည့်မယ် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်... "
ရှုလီချန်က ဖုန်းပြောရင်း လက်ချိုးရေ၏။
" ခြောက်နှစ်တောင် ကြာပြီကွာ.... ဝမ့်ချမ်က မလွယ်ကြောနော် ... အထက်တန်းကျောင်းတုန်းက သူတို့အကုန်လုံးက မနူးမနပ်လေးတွေလို့ မင်းပြောခဲ့တာ.... ပြန်တွေးကြည့်တော့ အကုန်လုံးက ပေါတောတောနဲ့ "
" နင်ကတော့ ထိပ်ဆုံးကပေါ့ " ကျန်းယန်ရှန့်က ဖဲ့သည်။
" ဘာဖြစ်တယ် ! "
ခြောက်နှစ်ပင်ကြာသွားခဲ့ပြီ။
အချိန်များက မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားသည်။
ယွဲ့စုန့်က ယခုနှစ်အတွက် ကျန်းယန်ရှန့်၏မွေးနေ့ အစီအစဉ်များကိုမေးမြန်း၏။
" ကျွန်မမှာ ဘာအစီအစဉ်မှမရှိဘူး...ဒီနှစ်တော့ အေးဆေးပဲနေမလို့ "
"မင်း ဘယ်နှစ်မှာ အေးအေးဆေးဆေး မနေရလို့လဲ"
ယွဲ့စုန့်က ခေါင်းကိုပွတ်ရင်း နားမလည်စွာဖြင့်မေးသည်။
ထိုအခါကျန်းယန်ရှန့်က မသိမသာပြုံး၏။
မေလရောက်သောအခါ ကျန်းယန်ရှန့်၏ အသစ်ငှားရမ်းထားသော စုံထောက်က ဟွမ်ကျဲကို နောက်ယောင်ခံလိုက်ထားသော ဓာတ်ပုံများကို လွှဲပြောင်းပေးခဲ့သည်။
ယမန်နှစ်က ဟွမ်ကျဲနှင့် ယခုနှစ် ဟွမ်ကျဲ၏ အခြေအနေသည် မတူညီတော့ပေ။
လွန်ခဲ့သော သုံးနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက မူလ အသွေးအသားနှင့် ပြည့်နေသော လူငယ်လေးသည် မျက်တွင်းများ ချိုင့်လာကာ ပါးများ သိသိသာသာ ကျလာသည်။ ဓာတ်ပုံမှတစ်ဆင့်ကြည့်လိုက်ရုံဖြင့် သူ၏တက်ကြွမှုအား တစ်စုံတစ်ရာက ဝါးမျိုသွားသလို ခံစားရ၏။
ကျန်းယန်ရှန့်က ယွဲ့စုန့်အား ဓာတ်ပုံများပြသောအခါ ယွဲ့စုန့်က သက်ပြင်းအရှည်ကြီးချသည်။
"မူးယစ်ဆေးဝါးက လုံးဝစမ်းမကြည့်သင့်တဲ့အရာပဲ "
ယွဲ့စုန့်ကဆက်ပြော၏။
" အချိန်ကျပြီလား "
" အင်း " ကျန်းယန်ရှန့်က ခပ်တိုးတိုးဖြေသည်။
ယွဲ့စုန့်က ကျန်းယန်ရှန့်ကို စိုက်ကြည့်လာ၏။
" မင်းက ကိုယ်တွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ စိတ်အရှည်ဆုံးတစ်ယောက်ပဲ "
ထိုအခါ ကျန်းယန်ရှန့်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ကျီစား၏။
"ကျွန်မကို ကြောက်စရာကောင်းတယ်လို့ တွေးနေတာမလား "
“မဟုတ်ပါဘူး...မင်းမှာ ရည်မှန်းချက် ပြတ်ပြတ်သားသားရှ်ိတယ်လို့ပြောတာပါ.... အရမ်းတော်တယ် ကိုယ့်ရည်းစားလေးက "
ဟွမ်ကျဲသည် ပါတီပွဲကျင်းပရာသို့ ကားမောင်းသွားခဲ့သည်။
သူသည် ကားဘေးခုံပေါ်တွင် တင်ထားသော အိတ်ကို ကြည့်ပြီး အချီကြီးပွပြီဟုတွေးကာ ပြုံးဖြီးဖြီးဖြစ်နေ၏။
ဆင်ခြေဖုံးရပ်ကွက်ရှိ တည်နေရာသို့ သွားရာလမ်းတွင် အရက်မူးပြီး မောင်းနှင်ခြင်းရှိမရှိ စစ်ဆေးသောဂိတ်တစ်ခု ရှိသည်။
ဟွမ်ကျဲသည် အရက်မသောက်ထားသောကြောင့် အေးအေးဆေးဆေးပင်။
သို့သော် ယာဉ်ထိန်းရဲအရာရှိက ကားပေါ်မှဆင်းရန်တောင်းဆိုသောအခါ ဟွမ်ကျဲတစ်ယောက် အသက်ရှူကြပ်သွားတော့၏။
ရဲအများအပြားက သူ့အားစူးစူးရဲရဲစိုက်ကြည့်ကာ ဝိုင်းထားကြသည်။
တစ်ခုခုမှားနေကြောင်း ဟွမ်ကျဲသတိထားမိသွားပြီး
အလိုလိုဖမ်းချုပ်ခံလိုက်ရတော့၏။
အိတ်မှာ အလွန်ကြီးပြီး ကားရှေ့ခန်းဘေးခုံတွင်ရှိသောကြောင့် ရဲများအတွက် ရှာဖွေရန်မခက်ခဲပေ။
အနံ့ခံခွေးပင် သုံးစရာမလိုလိုက်။
ဟွမ်ကျဲသည် မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးဖြစ်ကြောင်း အမည်မဖော်လိုသူက သတင်းပေးခဲ့ပြီး
ရဲများက တစ်ရှိန်ထိုး ဖမ်းမိခဲ့သည်။
ဟွမ်ကျဲမှတစ်ဆင့် ကြံရာပါအများအပြားကိုလည်း ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ကြ၏။
လက်ပူးလက်ကြပ်မိသောဆေးဝါးများ၏ အလေးချိန်မှာ သတ်မှတ်ချက်ကိုကျော်လွန်သည်။
အလွန်တင်းကြပ်သော မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေရှိသော ဤနိုင်ငံ၌ သေဒဏ်ပေးသည့် စံနှုန်းအထိ ရောက်ရှိနေပြီဖြစ်၏။
ဟွမ်ကျဲသည် အမေးအမြန်းမရှိ သေဒဏ်ချမှတ်ခံခဲ့သည်။
အောက်တိုဘာလတွင် ရာသီဥတုအေးလာ၏။
တစ်နေ့၌ ယွဲ့စုန့်က ကျန်းယန်ရှန့်ကို မေးလာသည်။
"သဘက်ခါ ပါတီပွဲရှိတယ် ကိုယ်နဲ့ လိုက်ခဲ့မလား"
ကျန်းယန်ရှန့်၏ မျက်လုံးများက အနည်းငယ် ဂနာမငြိမ်ဖြစ်သွားသည်။
" သဘက်ခါလား..."
ကျန်းယန်ရှန့်တစ်ယောက် နေရာကိုကြိုတင်သိသော်လည်း " ဘယ်နေရာလဲ ? " ဟု မေးဖြစ်အောင်မေးမိလိုက်သေးသည်။
"ကျင်းတင်းမှာ " ယွဲ့စုန့်က ဖြေ၏။
ထို့နောက် ယွဲ့စုန့်က ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွား၏။
" မင်း ကျင်းတင်းကို မရောက်ဖူးဘူးလား ....မင်းပြောတာကိုယ် တစ်ခါမှ မကြားဖူးဘူး"
Xxxxxxxx
Part 298
ကျင်းတင်းသည် မကြာသေးမီနှစ်များအတွင်း K မြို့ တွင် ပေါ်ပေါက်လာခဲ့သည့် နာမည်ကြီး ဖျော်ဖြေရေးကလပ်တစ်ခုဖြစ်သည်။ ကျန်းယန်ရှန့်ကဲ့သို့သော လူငယ်တစ်ဦးက ထိုနေရာသို့ ခြေမချဖူးသည်မှာ အနည်းငယ်ထူးဆန်းနေ၏။
ကျင်းတင်းဖွင့်ပြီးကတည်းက ကျန်းယန်ရှန့်က ထိုနေရာအား တမင်တကာရှောင်ကြဥ်နေခဲ့ခြင်းဖြစ်ကြောင်း ယွဲ့စုန့်မသိပေ။
ကျန်းယန်ရှန့်က အေးဆေးတည်ငြိမ်စွာပြောသည်။
"အင်း အခွင့်မကြုံသေးလို့ပါ...အခုတော့ သွားဖို့အချိန်တန်ပြီ "
ချိန်းဆိုထားသောရက်တွင် ကျန်းယန်ရှန့်သည် ယွဲ့စုန့်နှင့်အတူ ပါတီသို့လိုက်ပါသွားတော့သည်။
၁၂ နာရီအထိ မိုးလင်းပေါက် ပျော်ပါးပြီးနောက်
ယွဲ့စုန့် ထွက်ခွာရတော့မည့်အချိန်ရောက်လာ၏။
"M နိုင်ငံက ဖောက်သည်တွေနဲ့ online meetingရှိတယ်... အခုချိန်ကသူတို့ဘက်မှာ နေ့ခင်းပိုင်းဖြစ်နေပြီ "
ယွဲ့စုန့်က ကျန်းယန်ရှန့်၏လက်ကိုတွဲလျက် ထွက်ခွာခဲ့၏။
စင်္ကြံလမ်းတစ်လျောက်တွင် ဝန်ထမ်းများသည် Super VIP ဖောက်သည်အား အသိအမှတ်ပြုပြီး
“သခင်လေးယွဲ့ ” ဟုဆိုကာ ဦးညွှတ်ကြသည်။
ယွဲ့စုန့်က ခေါင်းညွှတ်ပြပြီး ကျန်းယန်ရှန့်၏လက်ကို ဆုပ်ကိုင်ကာ ဆက်လက်လျှောက်သွားခဲ့၏။
သို့သော်လည်း ကျန်းယန်ရှန့်၏ခြေလှမ်းများကမူ ပို၍သာ နှေးကွေးလာသည်။
ကျန်းယန်ရှန့်အား အားသုံး၍ ဆွဲခေါ်နေရသကဲ့သို့ ခံစားရသဖြင့် ယွဲ့စုန့်က သူမကိုတစ်ချက်လှည့်ကြည့်၏။
"ပင်ပန်းနေပြီလား" ယွဲ့စုန့်ကစိုးရိမ်နေသောပုံစံဖြင့် မေးသည်။
ကျန်းယန်ရှန့်က ခေါင်းခါပြ၏။
အခန်းနံပါတ် ၆၂၈ ကိုဖြတ်သွားသောအခါ အခန်းတံခါးကရုတ်တရက်ပွင့်လာသည်။
ထို့နောက်မိန်းကလေးတစ်ယောက် ပြေးထွက်လာပြီး
ကျန်းယန်ရှန့်အား လက်ကမ်းလျက် “ကယ်ပါ… ” ဟုဆို၏။
သူမ၏မျက်နှာတွင်မိတ်ကပ်များ ထူပိန်းနေပြီး
ဆံပင်အရောင်ကလည်း ခပ်ဟော့ဟော့ပင်။
ချောမောသော မျက်နှာကို ထူထဲလွန်းသော မိတ်ကပ်များဖြင့် ဖုံးအုပ်ထားသောကြောင့် မူလအသွင်အပြင်ကို မမြင်ရတော့ပေ။မနက်ညမရွေး ကြုံဆုံခဲ့ရသော ဘဝ၏ရှုပ်ထွေးပွေလီမှု ခြေရာများကိုလည်း တစ်ပါတည်းဖုံးအုပ်ထားနိုင်သည်။
"ကျွန်မကိုကယ်ပါ… ” ထိုကောင်မလေးက လက်ကိုဆန့်ပြီး အကူအညီတောင်းမြဲတောင်းဆဲပင်။
ကျန်းယန်ရှန့် သူမကို စိုက်ကြည့်နေမိသည်။
အနက်ရောင်ဆေးကူထားသော လက်သည်းရှည်ရှည်များက ကျန်းယန်ရှန့်၏အသားကိုထိလာသည်နှင့်တစ်ပြိုင်နက်ထိုမိန်းကလေး၏ရုပ်သွင်မှာ အငွေ့အသက်သဖွယ်ပျောက်ကွယ်သွားတော့၏။
ထိုကျန်းယန်ရှန့်က ဤကမ္ဘာပေါ်တွင်မရှိတော့ပေ။
ယွဲ့စုန့် သည် မင်သေနေသောကျန်းယန်ရှန့်၏ လက်များကို ခပ်တင်းတင်းဆုပ်သည်။
နှစ်အတော်ကြာ တွဲခုတ်ခဲ့ပြီးနောက် ကျန်းယန်ရှန့်သည် ထူးဆန်းသော မိန်းကလေးတစ်ဦးဖြစ်ကြောင်း ယွဲ့စုန့် သိလာခဲ့ရသည်။
ယွဲ့စုန့်က ကျောက်ရုပ်သဖွယ်ဖြစ်နေသော ကျန်းယန်ရှန့်ကို လှည့်ကြည့်သည်။
သူမကအခန်းနံပါတ်၆၂၈ ကို လှမ်းကြည့်နေ၏။
အခန်းတံခါးပွင့်လာပြီး လူလတ်ပိုင်းတစ်ယောက် ထွက်လာသည်။
ထို့နောက် မျက်ခုံးခပ်တန်းတန်းနှင့် မိန်းကလေးတစ်ဦးပါ အတူထွက်လာသည်ကိုတွေ့ရ၏။
လူလတ်ပိုင်းအမျိုးသားက ယွဲ့စုန့်တို့လက်ချင်းတွဲထားသည်ကို တစ်ချက်ကြည့်သည်။ရေနှင့်ကြာကဲ့သို့ ပနံသင့်လှပါ၏။
ပြီးပြည့်စုံသော ပါတီပွဲတစ်ပွဲပင်။
လူလတ်ပိုင်းအရွယ် အမျိုးသားက သဘောတကျဖြင့် သူ၏ ဘီယာဗိုက်ကို ပွတ်သည်။
အခန်းတံခါးက ပြန်ပိတ်သွားတော့၏။
"ဘာဖြစ်လို့လဲ?" ယွဲ့စုန့်က မေးသည်။
ကျန်းယန်ရှန့်က အရှေ့သို့ပြန်လှည့်ပြီး သက်ပြင်းအရှည်ကြီး ချ၏။
"သိတဲ့လူကို တွေ့တယ်ထင်လို့ ... အမှတ်မှားတာပါ "
“အင်းပါ ဒါဆို သွားကြရအောင် " ယွဲ့စုန်က လက်ပတ်နာရီကို တစ်ချက်ကြည့်သည်။
" ပြန်သွားပြီး ရေချိုးရမယ်...တစ်ကိုယ်လုံး မီးခိုးနံ့တွေစွဲနေပြီ "
အစည်းအဝေးအပြီးတွင် ကျန်းယန်ရှန့် အိပ်ပျော်နေသည်ဟု ယွဲ့စုန့်ထင်ခဲ့သော်လည်း သူမသည် အိပ်ရာမဝင်သေးပေ။
လိုက်ရှာကြည့်သောအခါ ဝရံတာရှိ အပန်းဖြေသောနေရာ၌ထိုင်နေသည်ကို တွေ့သည်။
"မအေးဘူးလား? လေတိုက်နေတာကို..." ယွဲ့စုန့်က မှန်တံခါးကိုဖွင့်လျက် ပြုံးပြီး မေးလာ၏။
အောက်တိုဘာလ၏ ညလေညင်းသည် အလွန်အေးသော်လည်း ကျန်းယန်ရှန့်သည် အလွန်သက်တောင့်သက်သာရှိနေသည်။
သူမ၏လက်ထဲတွင် ဝိုင်ခွက်ကို ကိုင်ဆောင်ထား၏။
ကျန်းယန်ရှန့်သည် ယွဲ့စုန့်အတွက် တစ်ခွက် ငှဲ့ပေးသည်။
"လာလေ...အတူသောက်မယ် "
ယွဲ့စုန့်က ပြုံးပြီး ကျန်းယန်ရှန့်ထံလှမ်းလာသည်။
“မင်း စိတ်ကောင်းဝင်နေတာလား ဘာပျော်စရာကိစ္စရှိလို့လဲ... "
ကျန်းယန်ရှန့်က ယွဲ့စုန့်ထံဖန်ခွက်ကို ကမ်းပေး၏။
ထို့နောက် နဂါးငွေ့တန်းဖြင့်တောက်ပနေသော ညကောင်းကင်ယံဆီသို့လက်ညိုးထိုးသည်။
“ဒီနေ့ကစပြီး ကျွန်မဘဝက အချိန်နဲ့ လိုက်လျောညီထွေ ဖြစ်နေပြီ”
သူမ၏ မျက်လုံးများသည် တလဲ့လဲ့ဝင်းပနေပြီး
နှုတ်ခမ်းထောင့်ရှိ အပြုံးသည် နှစ်လိုဖွယ်ကောင်း၏။
" ပေါတောတောနဲ့ ဘာတွေပြောနေတာလဲ " ယွဲ့စုန့်က ကျီစားသည်။
ကျန်းယန်ရှန့်က သူမ၏ဝိုင်ခွက်ကို မြှောက်ပြီးအော်တော့၏။
" ချီးယားးးးစ် ! "
" ဘာအတွက် အောင်ပွဲခံနေတာလဲ " ယွဲ့စုန့်က မေး၏။
ထိုအခါကျန်းယန်ရှန့်က မျက်စိများပိတ်မတတ် ပြုံးပြ၏။
" ကျွန်မဘဝရယ်... ရှင်နဲ့ ကျွန်မရယ်အတွက်ပေါ့ ! "
“ ဟုတ်ပြီလေ "
ယွဲ့စုန့်ကလည်း သူ၏ဝိုင်ခွက်ကို ဝမ်းသာအားရ မြှောက်လိုက်တော့သည်။
" ဒါမျိုးဆိုရင်တော့ သောက်သင့်တာပေါ့ "
ဝိုင်သောက်ပြီးနောက် ကျန်းယန်ရှန့်သည် ဖန်ခွက်ကိုချလိုက်ပြီး ဝရံတာလက်ရန်းကို လက်နှစ်ဖက်လုံးဖြင့်ဆွဲကာယွဲ့စုန့်ကိုလှမ်းပြော၏။
"လာကြည့်ပါဦး"
ယွဲ့စုန့်သည်လည်း လက်ထဲမှဖန်ခွက်ကိုချပြီး ကျန်းယန်ရှန့်ဆီ လျှောက်သွားလိုက်သည်။
ထို့နောက်သူမကို သိုင်းဖက်ပြီးမေး၏။
“ဘာတွေကြည့်နေတာလဲ”
" ဒီကမ္ဘာကြီးကို ကြည့်နေတာ " ကျန်းယန်ရှန့်က သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ဆက်ပြောသည်။
"အကျယ်ကြီးပဲ "
မနက် ၄ နာရီကျော်နေပြီဖြစ်သော်လည်း မြို့ပြ၏ရှုခင်းအလင်းရောင်များက တစ်ညလုံး လင်းထိန်နေဆဲပင်။
ယွဲ့စုန့်ပိုင်ဆိုင်သော အထပ်မြင့်အိမ်တော်ကြီး၏ အပေါ်၌ ကျယ်ပြန့်သောကောင်းကင်ကြီးရှိနေပြီး အောက်သို့ကြည့်လိုက်ပါက တောက်ပနေသော မြို့ပြကိုမြင်ရသည်။
“လူတစ်ချို့က သေးငယ်တဲ့အရာတွေထဲမှာ ပိတ်မိပြီး မလွတ်မြောက်နိုင်ကြဘူး... ကမ္ဘာကြီး ဘယ်လောက်ကျယ်သလဲ ဆိုတာကို မမြင်နိုင်ကြဘူး...သူက ရုတ်တရက် ဆုံးသွားပြီး မသေခင် နောင်တတွေနဲ့ ပြည့်နေခဲ့တာ "
“ သနားစရာပဲ " ယွဲ့စုန့်က ပြော၏။
အရှေ့မှ ညမြင်ကွင်းကို တစ်ချက်ပြန်ကြည့်လိုက်သောအခါ အလွန်တောက်ပနေပြန်၏။
နေ့တိုင်းတွေ့ရသော အလွန်ရိုးရှင်းသည့် အလှပဆုံးရှုခင်းပင်။
"မူးပြီး ရူးသွားပြီလား" ယွဲ့စုန့်က ကျန်းယန်ရှန့်၏ နှဖူးကို ခပ်ဖွဖွ အနမ်းပေးပြီးပြောသည်။
" အထဲဝင်ပြီး အိပ်ကြရအောင် "
အကြောင်းအရင်းကိုမသိသော်လည်း ကျန်းယန်ရှန့်သည် အလွန်ပျော်ရွှင်နေပုံရပြီး ယွဲ့စုန့်၏ပုခုံးပေါ်မေးတင်ကာ ပြုံးဖြီးနေ၏။
ကြံရာမရသည့်အဆုံး ယွဲ့စုန့်သည် ကျန်းယန်ရှန့်ကို ဘေးတစောင်း ပွေ့ချီလိုက်သည်။
" ရှင်ကျွန်မကို ဒီလိုထပ်လုပ်ပြန်ပြီ "
ယွဲ့စုန့်တစ်ယောက် ကျန်းယန်ရှန့်၏စကားကို နားမလည်နိုင်ပေ။
" မင်းမူးနေပြီ " ယွဲ့စုန့်က မျက်စိရှေ့မှ အမူးပါးလေးအား အသည်းယားစွာဆူ၏။
"ဘယ်ကလာ...မမူးပါဘူး"
ကျန်းယန်ရှန့်က ယွဲ့စုန့်၏လည်ပင်းကို သိုင်းဖက်လာပြီး တောက်ပသော မျက်ဝန်းများဖြင့်ကြည့်သည်။
ယွဲ့စုန့်သည် သူမကို ဤကဲ့သို့ ပွေ့ချီထားသော်လည်း သူ့ပါးပြင်ပေါ်တွင် သွေးများမရှိတော့သကဲ့သို့ စိုးရိမ်နေသည့်အမူအရာလည်းမရှိတော့ပေ။
မပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာမှာ သူ၏ နူးညံ့မှုပင်ဖြစ်သည်။
ပူနွေးသောအခန်းတွင်းရှိ အိစက်သော မွေ့ယာပေါ်တွင်
အချစ်၏အပူချိန်က ဆုပ်ကိုင်ထားသော လက်ချောင်းထိပ်ဖျားများမှတစ်ဆင့် ကူးစက်လာ၏။
ဤဘဝ၏ထူးခြားသောနေ့လေးတွင်
ကျန်းယန်ရှန့်သည် ဤလက်ကိုဆုပ်ကိုင်ထားနိုင်ပြီဖြစ်သည်။
နူးညံ့သိမ်မွေ့သော ချစ်ရသူနှင့် ကိုယ်အပူချိန်ခပ်ပြင်းပြင်းရှိနေသော ဤအခိုက်အတန့်သည် ဒီရေတက်နေသကဲ့သို့ပင်။
ကြယ်များကမှေးမှိန်သွားကာ
ကောင်းကင်က အဖြူရောင်သမ်းလာပြန်သည်။
ယခုဘဝ၌ အသစ်ဖြစ်သောတစ်နေ့တာမှာ စတင်လာခဲ့ပြီဖြစ်၏။
Xxxxxxxx