အပိုင်း ၂၉၅-၂၉၆
Viewers 23k

Part 295


အလယ်တန်း တတိယနှစ် ကောင်မလေးသည် မိန်းမပျိုတစ်ဦးအသွင်ဖြစ်နေပြီဖြစ်သည်။


ငယ်စဥ်ကတည်းက ကျန်းယန်ရှန့်ကို  အတုခိုးခဲ့ရပြီး အေးစက်သောခပ်မိုက်မိုက်ပုံစံ ဖြစ်လို‌ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မဖြစ်နိုင်ကြောင်း သိလာရ၏။


 ကျန်းယန်ရှန့် မျက်လုံး မျက်ခုံးကောင်းသည်မှာ မွေးရာပါဖြစ်ပြီး ကျန်းဟယ်လင်းကတော့ ထိုသို့မဟုတ်ပေ။


ကြီးပြင်းလာသည်နှင့်အမျှ ဤခြားနားချက်က ပိုပိုထင်ရှားလာသည်။


 ကျန်းဟယ်လင်းသည် မျက်နှာကိုရေခဲအိတ်ကပ်ရန် အောက်ထပ်သို့ဆင်းလာချိန်တွင် ကျန်းယန်ရှန့်က ရောက်ချလာသည်။


မထင်မှတ်ဘဲ အစ်မဖြစ်သူကိုတွေ့လိုက်ရသောအခါ ကျန်းဟယ်လင်းတစ်ယောက် ထွက်ပြေးတော့၏။


" အဲ့ဒီမှာ ရပ်လိုက်! " ကျန်းယန်ရှန့်က လှမ်းအော်သည်။


ကျန်းဟယ်လင်းသည် အစ်မ၏စကားကို ကလေးငယ်တစ်ယောက်ကဲ့သို့ တသွေမတိမ်း မနာခံတတ်တော့ချေ။


သူမသည် ဒုတိယထပ်ရှိအခန်းထဲသို့ ပြန်ပြေးကာ အခန်းတံခါးကို ပိတ်လိုက်သည်။ သို့သော် ကျန်းယန်ရှန့်က  အမှီလိုက်လာပြီး တံခါးကို လှမ်းဖမ်းဆွဲထား၏။


ကျန်းယန်ရှန့်က တံခါးကို တွန်းဖွင့်ဝင်လာကာ ကျန်းဟယ်လင်း၏မေးစေ့ကို ဆွဲကိုင်လျက် မျက်နှာကို ဖုံးအုပ်ထားသော ကျန်းဟယ်လင်း၏လက်များကိုလည်း ဖယ်ထုတ်လိုက်သည်။


 ပါးပြင်ပေါ်တွင် အနီရောင်လက်ဝါးရာရှိ၏။ 


ကျန်းယန်ရှန့်၏ဒေါသမီးက အရှိန်ပြင်းလာသည်။


 " ဟိုမိန်းမလုပ်တာမလား "


ကျန်းဟယ်လင်းက အောက်နှုတ်ခမ်းကို ကိုက်၏။


ကျန်းယန်ရှန့်က ကျန်းဟယ်လင်း၏မေးစေ့ကို လွှတ်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်သွားတော့မည့်ဟန်ပြင်သည်။


သို့သော် ကျန်းဟယ်လင်းက ‌အနောက်မှ သိုင်းဖက်ကာတား၏။


" မမ ! မမ ! မသွားပါနဲ့... ညီမဖြေရှင်းနိုင်ပါတယ် ... မသွားနဲ့နော် "


နောက်ဆုံး၌ သူတို့တွင် အမေနှင့်သမီးကဲ့သို့သော ဆက်ဆံရေးရှိလာပြီဖြစ်သည်။


ကျန်းယန်ရှန့်က ကျန်းဟယ်လင်းဘက်သို့ ပြန်လှည့်လာပြီး မေး၏။


 "သူက နင့်ကို ဘာလို့ရိုက်တာလဲ....ဘာကိစ္စ

ကျောင်းအထိ လာရှာတာလဲ"


 "သူက ..... ပိုက်ဆံတောင်းတယ် "  ကျန်းဟယ်လင်းက မျက်လွှာချထားလျက် ခပ်တိုးတိုးဖြေ၏။


ယွမ်နှစ်သောင်းသည် လျန့်ယင်းယင်းအတွက်

လုံးဝ လုံးဝ မလုံလောက်ပေ။


 လျန့်ယင်းယင်းသည် ကွာရှင်းပြီးနောက် သူမ၏ ဖရာရီကားကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ကြောင်း သိရှိသွားခဲ့သည်။


ယခင်ကဲ့သို့ဘဝမျိုးကိုလည်း ပြန်မသွားနိုင်တော့ချေ။


 ဤကဲ့သို့သော ဆိုးရွားသည့် ဆုတ်ယုတ်မှုကို လူအများစုက လက်မခံနိုင်ကြပေ။


 ဥပမာဆိုရသော် ဘ၀တွင် ဤအခြေအနေမျိုးကို ဒုတိယအကြိမ်ကြုံတွေ့ရသောအခါတွင် အဖေရှုသည် အဆောက်အဦးပေါ်မှ ခုန်ဆင်းသွားခဲ့၏။


လျန့်ယင်းယင်းမှာမူ အဆောက်အဦးထက်မှ ခုန်မချနိုင်ပေ။သူမ၌ ချမ်းသာသည့်မိသားစုမှ မွေးဖွားလာသောကလေးနှစ်ယောက်ကျန်သေးသည်။


" သူ့ကို ပိုက်ဆံပေးနေခဲ့ရတာလား " ကျန်းယန်ရှန့် က မေးသည်။


ကျန်းဟယ်လင်းက ခေါင်းငြိမ့်ပြီး ဝန်ခံ၏။


 " တစ်လကို ယွမ်တစ်သောင်း ပေးပါ့မယ်လို့ ကတိပေးထားရတယ် "


 "  ဘာလို့ နင့်တစ်လမုန့်ဖိုး ယွမ်ငါးသောင်းလုံး မပေးလိုက်တာလဲ "ကျန်းယန်ရှန့်က ခနဲ့သည်။


" မဖြစ်ဘူးလေ”  ကျန်းဟယ်လင်းက မျက်လွှာချလျက်ပြော၏။


 "သူက ကျေနပ်တယ်ရယ်လို့မရှိဘူး အဲ့ဒါကြောင့် ပမာဏကို ထိန်းထားရတာ "


ထိုစကားက ကျန်းယန်ရှန့်၏ဒေါသကို အနည်းငယ်လျော့သွားစေသည်။


ကျန်းဟယ်လင်းသည် လျန့်ယင်းယင်း၏သွေးသားဖြစ်၏။


ကျန်းဟယ်လင်းအတွက် လျန့်ယင်းယင်းအား လုံးဝလျစ်လျူပစ်နိုင်ရန်မှာ ခက်ခဲကြောင်း ကျန်းယန်ရှန့် နားလည်၏။


 သွေးသားရင်းမြစ်သည် ဖြတ်တောက်၍မရပေ။ 


လျန့်ယင်းယင်းသည် ခက်ခဲသောအချိန်များကို ကျော်ဖြတ်နေရပြီး ကျန်းဟယ်လင်းက သူမအား ကူညီထောက်ပံ့ပေးသည်မှာ သဘာဝကျသည်။


လျန့်ယင်းယင်းဘက်မှ ပိုမတောင်းနိုင်စေရန် ကျန်းဟယ်လင်းက ပမာဏတစ်ခုသတ်မှတ်ထားသောကြောင့် ကျန်းယန်ရှန့်အနည်းငယ်စိတ်အေးသွားရ၏။


တံခါးဝမှ အသံကြောင့် ကျန်းယန်ရှန့်က နောက်သို့လှည့်ကြည့်လိုက်သည်။


ထိုအခါ သူခိုးလူမိသွားသောကျန်းရှို့ချန်၏ ခေါင်းသည် တံခါးဘောင်နှင့် မိတ်ဆက်သွားတော့၏။


ကျန်းရှို့ချန်သည် ယခုတွင်  အရပ် ၁.၇၆ မီတာ ရှိနေပြီဖြစ်သည်။ 


ယခင်ဘဝကကဲ့သို့ပင် သူဌေးသားမှန်းသိသာစေသော အရပ်အမောင်းကို ဖုံးကွယ်ထား၍မရပေ။


သူ့အရပ်အမောင်းနှင့် ခိုးကြောင်ခိုးဝှက်လုပ်ရမည်မှာ ရယ်စရာပင်ကောင်းသေးသည်။


ဤဘဝတွင် လူပျိုဖော်ဝင်စ ကျန်းရှို့ချန်သည် မိန်းကလေးအတန်းဖော်များကို အနိုင်ကျင့်ခြင်း ၊ ဆရာမများကို နှောင့်ယှက်ခြင်းများကဲ့သို့ မကောင်းသတင်းတစ်စုံတစ်ရာ ထွက်ခဲ့ခြင်းမရှိပေ။


နှစ်ရှည်ကြာလာသည်နှင့်အမျှ အစ်မနှစ်ယောက်၏ ကြီးကြပ်မှုအောက်တွင်ရှိသော ကျန်းရှို့ချန်၏ဘဝမှာ လုံးဝပြောင်းလဲသွားခဲ့သည်။


ဂျစ်ကန်ကန်ကောင်လေးပုံစံမှ တောက်တောက်ပြောင်ပြောင်ကောင်ငယ်ကလေးအသွင်သို့ ပြောင်းလာ၏။


သူ၏အခန်းထဲတွင် ကွန်ပြူတာများနှင့် ဂိမ်းစက်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ 


ကျန်းရှို့ချန်ထံတွင် လက်ပ်တော့ လေးလုံး၊ ငါးလုံး ရှိပြီး မကြာခဏ တစ်ချိန်တည်း ဖွင့်လေ့ရှိ၏။


 သူဘာလုပ်နေသလဲတော့ ကျန်းယန်ရှန့် မသိချေ။


အိမ်ထောင်ရေးဖောက်ပြန်မှု နှင့် ဥပဒေကို ချိုးဖောက်သော ရာဇဝတ်မှုမျိုးဖြစ်‌မနေသရွေ့ ကိစ္စမရှိပေ။


ကျန်းယန်ရှန့်တွင် ကျန်းရှို့ချန်အား ဤအရေးတွင် တစ်ယောက်တည်းဖယ်ထားမည့်စိတ်ကူး မရှိပေ။


" ဝင်လာခဲ့ ! " ကျန်းယန်ရှန့်က အော်ပြောသည်။


ကျန်းရှို့ချန်သည် ငယ်စဥ်ကတည်းက ကျန်းယန်ရှန့်ကို ရှိန်ခဲ့သည်။


အသက်ကြီးလာသော်လည်း သူမကို ကြောက်နေရဆဲပင်။


ကျန်းရှို့ချန်က ခါးကိုကိုင်းကာ အချိုးပြေစွာဝင်လာ၏။


 


" အစ်မ အရိုက်ခံရတာကို ဒီတိုင်းလက်ပိုက်ကြည့်နေတာလား " ကျန်းယန်ရှန့်က မေးသည်။


 " မဟုတ်ပါဘူး ! " ကျန်းရှို့ချန်က ချက်ချင်းပြန်ဖြေ၏။ 


 " အမေ ဒီလိုလုပ်မယ်လို့ သားလည်းထင်မထားဘူး ..., အရမ်းရုတ်တရက်ကြီးပဲ...ပြီးတော့ မမက သူ့ကိုတွန်းထုတ်လိုက်တော့ သူက လဲသွားတယ် ဒါပေမဲ့ပြန်ထလာပြီးမမကိုထပ်ရိုက်မလို့လုပ်တာနဲ့ သားလည်းသူ့ကိုတွန်းပြီး မမကိုခေါ်ထုတ်လာတာ "


 ကျောင်းရှေ့ကြီး၌ ဤကဲ့သို့ဖြစ်ပျက်သွားသည်မှာ


အလွန် ရှက်စရာကောင်း၏။


 လျန့်ယင်းယင်းသည် ကျန်းဟယ်လင်းကိုကျိန်ဆဲပြီး   ဝံပုလွေတစ်ကောင်နှင့်ခိုင်းနှိုင်းခဲ့သည်။


ကျန်းဟယ်လင်းသည် မွေးရကျိုးမနပ်သောကလေးဖြစ်သည် ဟူ၍လည်း အော်ကြီးဟစ်ကျယ်လုပ်ခဲ့၏။


ကျန်းဟယ်လင်းသာ ရဲမခေါ်ခဲ့လျှင် ဤကဲ့သို့ဖြစ်မည်မဟုတ်ဟု အပြစ်ပုံချသည်။


ကျောင်းသားများ အားလုံးက လက်ညိုးထိုးမတတ်


ဝိုင်းကြည့်နေကြသည့်အတွက် ကျန်းရှို့ချန်တစ်ယောက် မြေကြီးပေါ်ရှိအက်ကွဲကြောင်းထဲသို့သာ ဝင်သွားလိုက်ချင်တော့သည်။


 ကျန်းရှို့ချန်၏စကားအဆုံး၌ ကျန်းယန်ရှန့်က ကျန်းဟယ်လင်းကို ကြည့်၏။


ကျန်းဟယ်လင်းက သူမ၏နှုတ်ခမ်းကို ကိုက်လျက်ခံပြင်းသောလေသံဖြင့်ပြောသည်။


 “ ညီမအပြစ်မဟုတ်ဘူး...ရဲခေါ်လို့ ဖြစ်သွားတာမဟုတ်ဘဲ သူကိုက မှားလို့  ကွာရှင်းလိုက်ရတာ”


ကျန်းဟယ်လင်းသည် အမှန်တကယ်ကြီးပြင်းလာကာ အမှားအမှန်ကို ပိုင်းခြားနိုင်ပြီဖြစ်သည်။


လျန့်ယင်းယင်းထံမှမှိုင်းတိုက်ခံရသည့် ပုံသဏ္ဌာန်မရှိတော့ဘဲ အမှန်တရားဘက်မှရပ်တည်ရန် သတ္တိရှိနေပြီဖြစ်၏။


ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်ကို ထပ်မံကြည့်ရှုလိုက်သည် ။


 ကျန်းရှို့ချန်က သူ့လက်များကို ဘောင်းဘီအိတ်ကပ်ထဲထည့်လျက် ခေါင်းကို ငုံ့ထားသောကြောင့် တစ်စုံတစ်ရာကန့်ကွက်လိုခြင်းမရှိကြောင်း သိသာ၏။


အခင်းဖြစ်ပွားသည့်နေ့တွင်လည်း ရှို့ချန်သည် လှေကားတစ်ဝိုက်တွင် ပုန်းနေခဲ့သောကြောင့် သက်တော်စောင့်များက ဒရိုင်ဘာကျိုးအား  ရိုက်နှက်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ပြီးဖြစ်သည်။


ထိုမျှသာမက လျန့်ယင်းယင်းက ကျန်းဟွမ်ကို ဒူးထောက်ပြီး တောင်းပန်နေသည့်မြင်ကွင်းနှင့် ကျန်းဟွမ်ထံမှကျိန်ဆဲသောစကားများကိုလည်း ကြားခဲ့ရသေး၏။


ထိုအချိန်ကတည်းက ဤမိသားစုတွင် နောက်ပြန်လှည့်၍မရနိုင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို ကျန်းရှို့ချန် သဘောပေါက်နေနှင့်ပြီဖြစ်သည်။


သူ့ အတွယ်တာဆုံးသူက အမှားကျူးလွန်ပြီး ဤအိမ်မှ ထွက်သွားရသည်။


"မမ...ထားလိုက်ပါတော့" ကျန်းဟယ်လင်းက ပြော၏။


 “အဖေက အမေနဲ့ ကွာရှင်းထားပြီးသားဆိုတော့ အဖေနဲ့ ဘာမှမဆိုင်တော့ဘူး.... သမီးနဲ့ ရှို့ရှို့ပဲ ကြည့်ရှင်းလိုက်ပါ့မယ် "


ကျန်းယန်ရှန့်က စိုက်ကြည့်နေသဖြင့် ကျန်းဟယ်လင်းက ခခယယထပ်ပြောပြန်သည်။


"ဒီနေ့အရိုက်ခံရတာလည်း ညီမဘက်က အဆင်သင့်မဖြစ်သေးလို့ပါ ... နောက်တစ်ကြိမ် အရိုက်မခံတော့ပါဘူး " 


ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်၏စိတ်ကိုကောင်းစွာနားလည်၏။


အစ်မဖြစ်သူသည် သူမအနိုင်ကျင့်ခံနေရသည်ကို မျက်ကွယ်ပြုနိုင်မည်မဟုတ်ပေ။


သို့သော်လူကြီးဖြစ်လာသည်နှင့်အမျှ ကိုယ်တိုင်ကိုယ်ကျဖြေရှင်းရမည့် ကိစ္စရပ်များနှင့် တွေ့ကြုံလာရမည်ဖြစ်သည်။


ကျန်းယန်ရှန့်က ညီမဖြစ်သူ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အငယ်နှစ်ယောက်လုံးကို တစ်ချက်ကြည့်၏။


နောက်ဆုံးတွင် ကျန်းယန်ရှန့်ဘက်မှ အလျှော့ပေးလိုက်ရသည်။


" အေးပါ...ငါ ဝင်မပါဘူး... နင်တို့နှစ်​​ယောက်​လည်း ကိုယ့်ကိုကိုယ်​ ဂရုစိုက်ကြ "


 ကျန်းဟယ်လင်းကခေါင်းငြိမ့်သည်။


 ဘေးနားမှကျောက်ရုပ်သဖွယ်ငြိမ်သက်နေသော ကျန်းရှို့ချန်ကိုလည်း တစ်ချက်ကန်ပြီး သတိပေးလိုက်ရသေး၏။


 " ဟ-ဟုတ် "ကျန်းရှို့ချန်က အထစ်ထစ်အငေါ့ငေါ့ဖြေသည်။


" ဒါဆို ငါသွားတော့မယ် " 


ကျန်းယန်ရှန့်က ဆက်ပြောသည်။


 " မျက်နှာကို ရေခဲအိတ်ကပ်ထားလိုက်.... မနက်​ဖြန်​​ထိရောင်နေသေးရင် ​ကျောင်းမသွားနဲ့... ကြည့်ရဆိုးတယ် ” 


" မမက ဒီနေ့အိမ်မှာမနေဘူးလား" 


 "ငါလုပ်စရာရှိသေးတယ်" 


ထို့နောက် ကျန်းယန်ရှန့်က အောက်ထပ်သို့ ဆင်းသွားတော့သည်။


ကျန်းဟယ်လင်းအား ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းပြုမည်မဟုတ်ကြောင်း ပြောခဲ့သော်လည်း ကားပေါ်သို့ရောက်သောအခါ ကျန်းယန်ရှန့်က ကျန်းဟွမ်၏အတွင်းရေးမှူးကို ဖုန်းဆက်၏။


 "လျန့်ယင်းယင်းရဲ့အိမ်လိပ်စာ ပေးပါ"


လျန့်ယင်းယင်းသည် ပစ္စည်းလာပို့သည်ဆိုသောသူကိုတွေ့ရန် အိမ်တံခါးကိုဖွင့်သည်။


တံခါးမဖွင့်ခင်တွင် ပစ္စည်းပို့သမားရှိမရှိကိုလည်း စစ်ဆေးသေး၏။


သူမ တံခါးဖွင့်လိုက်သောအခါတွင် ထွက်ပြေးလွတ်မြောက်သွားသော ပစ္စည်းပို့သမား၏နောက်ကျောကိုသာ မြင်လိုက်ရသည်။


Xxxxxxxx


Part 296


ယခု တံခါးကိုပိတ်ရပ်ပြီး သူမ၏မျက်စိရှေ့၌ရှိနေသူမှာ ကျန်းယန်ရှန့်သာဖြစ်၏။


လျန့်ယင်းယင်းသည် အလွန်ကြောက်လန့်သွားပြီး တံခါးကို ဆွဲပိတ်သည်။ 


ကျန်းယန်ရှန့်က တံခါးကိုဆောင့်ကန်လိုက်သောကြောင့် လျန့်ယင်းယင်းမှာ အနောက်သို့ယိမ်းထိုးသွားတော့၏။ 


ကျန်းယန်ရှန့်က စကားတစ်ခွန်းမှ မပြောဘဲ ဝင်လာသည်။ ထို့နောက် လျန့်ယင်းယင်းကို ပါးရိုက်ပြီး မြေပြင်ပေါ်သို့ ဆွဲလှဲချလိုက်၏။


" နင် ! ဘာလုပ်တာလဲ?!" လျန့်ယင်းယင်းသည် မူးဝေသွားပြီး မြေပြင်ပေါ်တွင် လေးဖက်ထောက်မတတ်အနေအထားဖြင့်ရှိနေသည်။


" ဟယ်ဟယ့်အတွက် ပါးလာရိုက်ပေးတာ "


 ကျန်းယန်ရှန့် က  ထိုင်ချလိုက်ပြီး လျန့်ယင်းယင်းကို စိုက်ကြည့်၏။


 "လျန့်ယင်းယင်း .... ရှင်က ဘယ်သူ့အားကိုးနဲ့ ကျန်းဟယ်လင်းကို ရိုက်ရဲတာလဲ " 


" ငါက သူ့အမေပါ...သူ့ကိုမွေးခဲ့တာ ငါပါဟဲ့ ! "


 လျန့်ယင်းယင်းက ငိုပြီးပြောသည်။


သားသမီးအရင်းကိုပင် ရိုက်ခွင့်မရှိတော့သည့်လောကကြီး။


" မွေးတာကလွဲရင် ဘယ်နှပြားသုံးပြီး ကလေးကို

ပြုစုပျိုးထောင်ဖူးလို့လဲ..."


 ကျန်းယန်ရှန့်က ဆက်ပြောသည်။


 "ရှင်းရှင်းပဲပြောမယ် ကျန်းဟယ်လင်းက ကျန်းမိသားစုဝင်ပဲ....ဆံချည်တစ်မျှင်တောင်ထိဖို့မကြိုးစားနဲ့ ...အကြောင်းသိအောင်လုပ်ပေးမယ် "


"ပိုက်ဆံသုံးဖို့ မလောက်တာနဲ့ပဲလို့ ကျန်းဟယ်လင်းကို အနိုင်ကျင့်တယ်ပေါ့ ... အရမ်းရယ်ရတာပဲ ... ကျွန်မအဖေရှင့်ကို ပိုက်ဆံပေးနေတယ်ဆိုတာက ကျန်းဟယ်လင်းနဲ့ ကျန်းရှို့ချန်တို့မျက်နှာကြောင့်ပဲ .....သူတို့မရှိရင် အဖေက ရှင့်ကို တစ်ပြားမှတောင်ပေးမှာမဟုတ်ဘူး!"


"ဘာလို့လဲ ! ငါလုပ်ပေးခဲ့တာတွေအတွက် ထိုက်တန်တာတစ်ခုတော့ ပြန်ရရမယ်မလား...ကျန်းဟွမ်က တစ်လကိုယွမ်၂သောင်းပဲပေးတယ်.... ဒီလိုငရဲခန်းထဲမှာ ငါကဘယ်လို အသက်ဆက်ရှင်ရမှာလဲ " 


လျန့်ယင်းယင်းက ပြောသည်။


  “ငါ ဂရုမစိုက်ဘူး .... ကျန်းဟွမ်က ငါ့ကိုပိုက်ဆံပိုမပေးရင် ဟယ်လင်းရဲ့ကျောင်းအထိလိုက်သွားပြီး ပြဿနာရှာမယ် "


ဘန်းး!


ကျန်းယန်ရှန့် သည် လျန့်ယင်းယင်း၏ခေါင်းကို ဖိကာ ကြမ်းပြင်ပေါ်သို့ တွန်းကပ်ပစ်လိုက်သည်။


သူမသည် စွမ်းအားကို စနစ်တကျ ထိန်းချုပ်ထားသည်။


လျန့်ယင်းယင်းသည် သွေးထွက်သံယိုဖြစ်မည်မဟုတ်ပေ။ 


သို့သော်ကြယ်များလများကိုတော့ အဝကြည့်ရမည်ဖြစ်သည်။လျန့်ယင်းသည် မူးဝေကာ ကြမ်းပြင်ပေါ်မှ မထနိုင်တော့ပေ။


"ရှင်ဘာတွေတွေးနေလဲ သိပြီးသား  ...ရှင့်ကိုရှင် ဖိနပ်စီးရမှာကြောက်တဲ့ ခြေဗလာနဲ့လူဖြစ်နေတယ်ဆိုတာကိုရော တွေးမိရဲ့လား "


[ ဖိနပ်စီးရမည်ကိုကြောက်သည့် ခြေဗလာနှင့်လူဆိုသည်မှာ အာဏာရှိသူကိုမကြောက်သော ကုန်းကောက်စရာမရှိသည့်ဆင်းရဲသားကိုဆိုလိုသည်။ ]


" ရှင်ကတကယ်ကိုဟာသပဲ.... အဖေနဲ့နေလာတာ ၁၀နှစ်ကျော်ပဲရှိပြီ....ခုထိ ဘယ်လိုလူမှန်းမသိသေးဘူး...သူ့ကို ပြုံးပြုံးလေး အသုံးစရိတ်ထုတ်ပေးပြီး ကြင်နာတတ်တဲ့သူလို့ ထင်နေတာလား "


"သူက ကျန်းဟယ်လင်းနဲ့ကျန်းရှို့ချန်ကြောင့်

ရှင့်ကို ထမင်းစားလက်မှတ် ပေးထားတာ...အခု ကျန်းဟယ်လင်းက ရှင် ပိုက်ဆံတောင်းနေတယ်ဆိုတာကို ဖုံးထားလို့သာ ... သိများသိသွားကြည့်ပါလား....   ခြေဗလာကနေ ခြေထောက်မရှိတဲ့ဘဝရောက်အောင် လုပ်‌ပစ်နိုင်တယ် စမ်းကြည့်လိုက်လေ "


ကျန်းဟွမ်၏မျက်နှာ ရက်စက်ကြမ်းကြုတ်သွားပုံကို လျန့်ယင်းယင်း မြင်ခဲ့သည်။


ထိုသူက စိတ်ကောင်းဝင်သည့်အခါ အလွန်ချစ်စရာကောင်းပြီး လုံးဝမတွန့်တိုတတ်သကဲ့သို့ ပိုက်ဆံကိုလည်း ရက်ရောသည်။


 သို့သော် သူ့မျက်နှာကို နောက်ဆုံးလှည့်ကြည့်ခဲ့သော တဒင်္ဂတွင် ကျန်းဟွမ်သည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်နေခဲ့ပြီး အတိတ်မှ ချစ်ခြင်းမေတ္တာမှန်သမျှကို မှတ်မိပုံမရပေ။


သူ၏သည်းခံနိုင်သည့်အတိုင်းအတာပေါ်မူတည်၏။


လျန့်ယင်းယင်းတစ်ယောက် ကြောက်လန့်သွားသည်။


ကျန်းယန်ရှန့်က သူမကိုလွှတ်ပြီး မတ်တပ်ထရပ်လိုက်၏။


"ကျန်းဟယ်လင်းက ရှင့်ကို အငယ်အနှောင်းတစ်ယောက်လို့ တွေးနေတာ... သူအရမ်းရှက်နေရှာတာ..." 


ကျန်းယန်ရှန့်က အေးစက်စွာပြောသည်။


“ဒါလည်းကောင်းတာပါပဲ... ထင်ပါစေ...မှားနေတာမှ မဟုတ်တာ "


"ဒါပေမဲ့ သူ့အမေက သူ့ကိုယ်သူ ပိုက်ဆံနဲ့ရောင်းစားတဲ့သူတစ်ယောက်ဆိုတာကိုတော့ မသိစေနဲ့ပေါ့ " 


"ဘယ်လိုပဲဖြစ်ဖြစ် သူက ရှင့်ရဲ့သမီးပဲ...တစ်သက်လုံး ခေါင်းမဖော်နိုင်အောင်တော့မလုပ်နဲ့လေ "


 ကျန်းယန်ရှန့် တံခါးပိတ်ပြီး ထွက်သွားသည်နှင့်တစ်ပြိုင်နက် လျန့်ယင်းယင်း၏ ငိုကြွေးသံက အခန်းထဲမှ  ထွက်ပေါ်လာသည်။


 ကျန်းယန်ရှန့် အိမ်မှထွက်ခွာသွားပြီးနောက် ကျန်းရှို့ချန်သည် သူ့အခန်းသို့ပြန်လာခဲ့၏။


ယခုလေးတင် ကျန်းဟယ်လင်း၏အခန်းထဲ၌ လျန့်ယင်းယင်းအား ပိုက်ဆံအများကြီးမပေးနိုင်ဟုပြောသည်ကို သူကြားခဲ့ရသည်။


ထို့ကြောင့် အနည်းငယ်စိတ်ပူသွားမိ၏။


လျန့်ယင်းယင်းသည် သူ့ကိုလည်း ပိုက်ဆံတောင်းခဲ့သေးသည်။ 


ကျန်းရှို့ချန်သည် လျန့်ယင်းယင်းအား သူ၏ဘဏ်ကတ်ကို ပေးခဲ့၏။


ကျန်းရှို့ချန်သည် ထိုအချိန်တွင် ဘာမှ မခံစားခဲ့ရပေ။


ကျန်းရှို့ချန်သည် ကျန်းဟယ်လင်းနှင့် ကွဲပြားသည်။


သူသည် တစ်ချိန်က လိုချင်လျက်နှင့် မရနိုင်သော

အရသာကို မြည်းစမ်းကြည့်ဖူး၏။ကျန်းရှို့ချန်သည် သူ၏ကိုယ်ပိုင်အခန်းငယ်ကို ကျန်းယန်ရှန့်၏ လမ်းညွှန်မှုအောက်တွင် စီမံခန့်ခွဲခဲ့ပြီး ငွေရေးကြေးရေးအကြောင်းကို အလွန်ရှင်းလင်းစွာ နားလည်ခဲ့သည်။


လျန့်ယင်းယင်းသည် ကျန်းရှို့ချန်အား မည်သည့်အချိန်ကမှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဖူးပေ။ 


ငယ်စဥ်ကတည်းက လိုလေသေးမရှိအောင်ထားပေးခဲ့သည်။ထို့ကြောင့် လျန့်ယင်းယင်းထံ ဘဏ်ကတ်ပေးလိုက်ခြင်းဖြစ်၏။မည်သို့ပင်ဆိုပါစေ လျန့်ယင်းယင်းက သူ၏အမေပင်။


ကျန်းဟယ်လင်း၏ စကားကိုကြားလိုက်ရသောအခါအနည်းစိတ်ထင့်သွားသော်လည်း ကျန်းရှို့ချန်က သူ့ကိုယ်သူ နှစ်သိမ့်ထားလိုက်သည်။


 ဂိမ်းအိုက်တမ်ဝယ်ရန် နှောင့်နှေးသွားသောတစ်နေ့တွင်ထိုနှစ်သိမ့်မှုမှာ ပျက်ပြားသွားတော့၏။

အကြိမ်ပေါင်းများစွာထပ်စမ်းကြည့်သော်လည်း အဆင်မပြေပေ။သူ၏အကောင့်ထဲမှလက်ကျန်ငွေကို စစ်ကြည့်သောအခါ ပြောင်သလင်းခါနေသည်။


ကျန်းရှို့ချန်တစ်ယောက် အံသြသွားတော့၏။


သူ့အကောင့်ထဲတွင် ယွမ်သိန်းချီပြီးရှိနေခဲ့သည်မှာ ထင်ရှားသည်။ 


ကျန်းရှို့ချန်သည် ကြံရာမရသည့်အဆုံးတွင် ကျန်းဟယ်လင်းထံ၌ ဝန်ခံလိုက်တော့၏။


ကျန်းဟယ်လင်းက အလွန်မခံမရပ်နိုင်ဖြစ်သွားသည်။


"ဘယ်လိုစိတ်ကူးနဲ့ ကတ်ကို ပေးလိုက်ရတာလဲ ?" 


ကျန်းဟယ်လင်းသည် လျန့်ယင်းယင်းအား လစဉ်ယွမ်တစ်သောင်းပေးမည်ဖြစ်ကြောင်း ညှိနှိုင်းထားပြီးဖြစ်၏။သို့သော် လျန့်ယင်းယင်း သည် ကျန်းရှို့ချန်၏ဘဏ်ကတ်ကို ယူထားပြီးဖြစ်ကြောင်း တစ်ခွန်းမဟခဲ့ပေ။ 


" ဘာပဲဖြစ်ဖြစ် သူကအမေပဲမဟုတ်လား " ကျန်းရှို့ချန်က ပြောသည်။


 ထိုအခါ ကျန်းဟယ်လင်းက သက်ပြင်းချ၏။


 "သူက ငါတို့ရဲ့အမေဆိုတာမှန်တယ်...ဒါပေမဲ့

သူက ဘယ်လိုလူစားမျိုးမှန်း နင်မသိလို့လား " 


ကျန်းဟယ်လင်းက ဆက်ပြောသည်။


" အမေ့ကို အရင်နေသားကျအောင်ထားရမယ်...ငါအထက်တန်းရောက်လို့ မုန့်ဖိုးများများရရင် ပိုပေးလာနိုင်တယ်...ဒါပေမဲ့ နင်ကတော့အဲ့လိုမဟုတ်ဘူးလေ...အခုကတည်းက ဒီလိုပေးနေရင် သူ့အတွက် လောက်တယ်လို့ကိုရှိတော့မှာမဟုတ်ဘူး "


ကျန်းဟယ်လင်းက ဘဏ်ကတ်ကို အပျောက်ပြန်လျှောက်ခဲ့ပြီး ကျန်းရှို့ချန်အတွက် ဘဏ်ကတ်အသစ်လုပ်ပေးခဲ့သည်။


ထိုကတ်သည် ကျန်းရှို့ချန်၏ မုန့်ဖိုးကတ်ဖြစ်၏။


ယခင်အချိန်က  ကျန်းဟယ်လင်း၏မုန့်ဖိုးများကို


ကျန်းယန်ရှန့်က စီမံခန့်ခွဲခဲ့သည်။ 


သူမ ကြီးပြင်းလာသောအခါ ကျန်းရှို့ချန်၏မုန့်ဖိုးကို တစ်ဖန်ပြန်လည် စီစဉ်ပေးရ၏။


ကျန်းဟွမ်သည် အကြီးက အငယ်ကို ထိန်းချုပ်သည့်စနစ်ကို အလွန်နှစ်သက်ပြီး စုစုပေါင်းမုန့်ဖိုးအားလုံးကို သမီးများထံ လွှဲပေးခဲ့သည်။


ကျန်းဟယ်လင်းက ကျန်းရှို့ချန်ကို မုန့်ဖိုးနည်းနည်းသာပေးပြီး စီမံခန့်ခွဲရေးအပေါ်အားစိုက်နေ၏။သို့သော်လည်း ရှို့ချန်က ချွေတာ၍သုံးတတ်သည်။


ဒုတိယလအတွက် မုန့်ဖိုးထုတ်ပေးသည့်နေ့တွင် လျန့်ယင်းယင်းသည် ကတ်ထဲမှ ပိုက်ဆံထုတ်မရသောကြောင့် ကျန်းရှို့ချန်ထံ ဖုန်းဆက်လာတော့၏။


“မမကပြောတယ် ကတ်ပေးလို့ မရဘူးတဲ့” ကျန်းရှို့ချန် က ပြောသည်။


လျန့်ယင်းယင်းက အလွန် ဒေါသထွက်သွား၏။


" ကျန်းယန်ရှန့်ကလား ..."


" မဟုတ်ဘူး...အစ်မလတ်ကပြောတာ...သား သူ့စကားနားထောင်ရမယ် "


Xxxxxxx