အပိုင်း ၃၀၁-၃၀၂
Viewers 23k

Part 301


 ယွဲ့စုန့် အိမ်ပြန်ရောက်ပြီး တံခါးဖွင့်လိုက်သောအချိန်၌ လေထုမှာ အနည်းငယ်ကွဲပြားနေသလိုပင်။


သူ  ဧည့်ခန်းမှ ထမင်းစားခန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။


ကျန်းယန်ရှန့်ပြင်ဆင်ထားသော ဖယောင်းတိုင်မီးများနှင့် ညစာ စားပွဲကိုမြင်လိုက်ရချိန်တွင် ယွဲ့စုန့်တစ်ယောက် မင်သက်သွားရ၏။


 ကျန်းယန်ရှန့် က ဟင်းမချက်တတ်ပေ။


 သူမတတ်စွမ်းသည့် တစ်ခုတည်းသောမီနူးမှာ ကြက်ဥမွှေ‌ကြော်ဖြစ်သည်။


ဤအရေးတွင် ကျန်းယန်ရှန့်သည် စတိတ်ခ်ကောင်းကောင်းချက်ပြုတ်နိုင်သောယွဲ့စုန့်၏ လက်ရာကိုမမီသေးပေ။


သို့သော် သူမကိုယ်တိုင်ချက်သည်ဖြစ်စေ၊ မချက်သည်ဖြစ်စေ အရေးမကြီး။


မည်သို့‌ပင်ဆိုပါစေ ကျန်းယန်ရှန့်သည် ဖယောင်းတိုင်မီးထွန်းထားသော ညစာ စားပွဲကို စိတ်ရင်းဖြင့်ဂရုတစိုက်ပြင်ဆင်ခဲ့လေသည်။


 ယွဲ့စုန့်က အတော်လေး အံ့သြသွား၏။


“ဒီနေ့ ဘာနေ့မလို့လဲ” 


 ကျန်းယန်ရှန့်၏ရှည်လျားသောဆံပင်သည် ပခုံးနုနုပေါ်တွင် ရေတံခွန်တစ်စင်းသဖွယ် ဖြာကျနေလျက်ရှိသည်။


 “ စိတ်ကောင်းဝင်နေတဲ့နေ့လေ”  သူမက ပြန်ဖြေ၏။


 ယွဲ့စုန့်က နှစ်လိုဖွယ် ပြုံးပြလိုက်သည်။

နှစ်ယောက်သား ကြည်ကြည်နူးနူး စားသောက်ကြပြီးနောက် ယွဲ့စုန့်က ထပ်မေးသည်။


 “ဘာလို့ စိတ်ကောင်းဝင်နေတာလဲဆိုတာ ကိုယ့်ကို ပြောပြမယ် မဟုတ်လား” 


 " ရေအရင်ချိုးလိုက် " ကျန်းယန်ရှန့်က ယွဲ့စုန့်အား စားပွဲဝိုင်းမှ ဆွဲထုတ်သွား၏။


ဤကဲ့သို့သောမိန်းမလှကလေးက ကြင်နာယုယစွာဖြင့် ကမ်းလှမ်းလာသည်ကို လက်သင့်မခံလျှင် ယောက်ျားမပီသတော့ပေ။


ယွဲ့စုန့်သည် ကျန်းယန်ရှန့်နှင့်အတူ အိမ်ထောင်သည်စုံတွဲကဲ့သို့ ပျော်ပျော်ကြီးပင်ရေချိုးခဲ့သည်။


အဓိကကျသောအခိုက်အတန့်သို့ ရောက်သောအခါ ယွဲ့စုန့်က နေရာပြောင်း၍ ပြီးမြောက်ချင်သော်လည်း ကျန်းယန်ရှန့်က တားလိုက်သည်။


ထို့ကြောင့် သတိလက်လွတ်ပင် ပေးလိုက်မိတော့၏။


ယွဲ့စုန့်သည် ထိုအခိုက်အတန့်တွင် စိတ်ကျေနပ်မှုအပြည့်အဝရခဲ့သည်။


သို့သော် ရေချိုးခန်းမှထွက်လာချိန်၌ အခြေအနေမတူတော့ပေ။


ယွဲ့စုန့်က အဝတ်ဗီရိုကိုဖွင့်ပြီး အလျင်စလိုပြောသည်။


 "မင်း အရေးပေါ်သန္ဓေတားဆေးသောက်ရမယ်... ကိုယ်သွားဝယ်လိုက်မယ် "


ကျန်းယန်ရှန့်က ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်း နေလျက်ပြန်ဖြေ၏။ 


" မသောက်ချင်ပါဘူး "


ကျန်းယန်ရှန့်က မှောက်လျက် လှဲအိပ်လိုက်ပြီး ခေါင်းကြွလာကာ "ဒီနေ့က သားဥကြွေတဲ့နေ့လေ... ကိုယ်ဝန်ယူဖို့ အသင့်တော်ဆုံးအချိန် "


 ယွဲ့စုန့်မျက်လုံးပြူးသွားတော့သည်။


 " ယွဲ့စုန့်"  ကျန်းယန်ရှန့်‌က ခေါ်၏။


 "ကျွန်မ အိမ်ထောင်မပြုချင်ပေမဲ့ ကလေးတော့ မွေးပေးနိုင်တယ် "


ကျန်းယန်ရှန့်သည် လွန်ခဲ့သော ရက်အနည်းငယ်က ရွှယ်ရှင်းထုံနှင့် လည်ပတ်ခဲ့သည်ကို  ယွဲ့စုန့်ချက်ချင်း သတိရလိုက်သည်။ 


 “ဒါဆို မင်း အရင်ရက်တွေတုန်းက ကိုယ့်ဝမ်းကွဲအစ်မနဲ့သွားတွေ့တာက ..... "


 “ ဟုတ်တယ်လေ "  


ကျန်းယန်ရှန့်က ရေသုတ်ပုဝါကို ပတ်ပြီး ထထိုင်၏။


 "ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြံပေးဖို့ အစ်မရွှယ်ကို တောင်းဆိုခဲ့တာ... သူ့အတွေ့အကြုံတွေအများကြီး ပြောပြတယ်လေ...  သေချာ တွေးကြည့်တော့ ဖြစ်နိုင်တယ်လို့ထင်တယ် " 


 “ကျွန်မအခု အကြီးတန်းနှစ် ရောက်နေပြီ...ပုံမှန်အတန်းတက်စရာမလိုတော့ဘူး....  ဒီနှစ်က အရမ်းချောင်တယ် " ကျန်းယန်ရှန့်ကအလေးအနက်ပြောလာသည်။


" ထွေထွေထူးထူးမရှိဘူး သေချာစဉ်းစားကြည့်ပြီးသွားပြီ ဒီတစ်နှစ်ကို ကောင်းကောင်းအသုံးချလိုက်မလို့ "


 “ကျွန်မတို့နှစ်ယောက်စလုံးက အရွယ်ကောင်းပဲ ... အဲ့ဒါကြောင့် ကျွန်မလည်း ကလေးမွေးပြီးရင် မြန်မြန်နားလန်ပြန်ထူလာနိုင်တယ်.... ကလေးအတွက်လည်းကောင်းတယ်....အစ်မရွှယ်က ကလေးစောစောမွေးဖို့ အကြံပေးတယ်...သူ့တုန်းက နောက်ကျသွားလို့ နားလန်ထူဖို့ အချိန်တော်တော်ယူလိုက်ရတယ်တဲ့ "


 " ယွဲ့စုန့်...ရှင်သဘောတူလား.... သဘောမတူရင်လည်း…"


ကျန်းယန်ရှန့်က ယွဲ့စုန့်ကို စူးစိုက်ကြည့်ပြီး ပြောလာ၏။


 " ရှင့်ရဲ့ ရွေးချယ်မှုကို လေးစားပေးပါ့မယ်... ကျွန်မအောက်ဆင်းပြီးဆေးသွားဝယ်လိုက်မယ် "


 ယွဲ့စုန့်က ခဏတာ စဉ်းစားနေမိသည်။


 ကျန်းယန်ရှန့်ခမျာ အသက်ရှုကြပ်လာ၏။


 ကလေးမွေးခြင်းသည် သူမတစ်ယောက်တည်းနှင့်သက်ဆိုင်သည်မဟုတ်ပေ။နှစ်ယောက်လုံးနှင့်သက်ဆိုင်နေသည့် အရေးကိစ္စဖြစ်သည်။


ယွဲ့စုန့်ဘက်မှ မလိုလားခဲ့ပါက သူမသည်လည်း ဝန်ထုပ်ဝန်ပိုးပေးမည်မဟုတ်ချေ။


 အဘယ်ကြောင့်ဆိုသော် ဤအရာသည် ကျန်းယန်ရှန့်အတွက် သာမန်ရွေးချယ်မှုတစ်ခုသာဖြစ်ပြီး မဖြစ်မနေလုပ်ရမည့်အရာ မဟုတ်သောကြောင့်ဖြစ်သည်။


 " မင်းတကယ် လက်မထပ်ချင်ဘူးလား " ယွဲ့စုန့်က မေး၏။


 ကျန်းယန်ရှန့်၏ဆုံးဖြတ်ချက်က အလွန်ပြတ်သားခိုင်မာသည်။


 “အိမ်ထောင်ရေးက ကျွန်မအတွက်မဖြစ်မနေလုပ်ရမဲ့အရာမဟုတ်ဘူး....ကျွန်မ လက်မထပ်ဘူး "


  "လူကြီးတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုရော မင်းစဉ်းစားပြီးပြီလား" 


 "ဒါက ကျွန်မတို့နှစ်ယောက်ရဲ့ ရွေးချယ်မှုပဲလေ" ကျန်းယန်ရှန့်က ပြန်ဖြေသည်။


 "ရှင်သာသဘောတူပြီး ထောက်ခံနေသရွေ့

ကျွန်မတို့နှစ်ယောက် အရာအားလုံးကို အတူတူဖြတ်ကျော်သွားနိုင်မယ်လို့ ထင်တယ်"


ယွဲ့စုန် ဘောင်းဘီဝတ်ထားပြီးဖြစ်သော်လည်း  ကြယ်သီးကိုပြန်ဖြုတ်လိုက်သည်။


 "တစ်ခါပဲဆိုရင် ဘယ်စိတ်ချရမလဲ"  ယွဲ့စုန့်က ဖြည်းညှင်းစွာပြောသည်။


 " သေချာအောင် နောက်တစ်‌ကြိမ်ပေါ့ "


 ကျန်းယန်ရှန့် သူမမျက်နှာကို ဖုံးအုပ်ပြီး ရှက်ပြုံးပြုံးလိုက်၏။


 ငယ်ရွယ်သော ခန္ဓာကိုယ်သည် မျှော်မှန်းချက်အတိုင်း တစ်ကြိမ်တည်းဖြင့် ကိုယ်ဝန်ရသွားခဲ့သည်။


 ကျန်းယန်ရှန့်တွင် ကိုယ်ဝန်ရှိလာခဲ့၏။


အိမ်ထောင်မပြုလိုသူနှစ်ဦးက မိသားစုနှစ်စုကို ပေါက်ကွဲထွက်သွားစေသည်။


ယွဲ့စုန့်၏မိဘများသည် နိုင်ငံရပ်ခြားမှ အပြေးအလွှားပြန်လာခဲ့ကြ၏။ထိုမျှသာမက အဘိုးယွဲ့ က အဘွားကျန်းကို လူကိုယ်တိုင်လာတွေ့ပြီး ရွှေလမ်းငွေလမ်းဖောက်လိုကြောင်း ကမ်းလှမ်းခဲ့သည်။


 အဘိုးယွဲ့၏ သဘောထားသည် အဘွားကျန်းအား ကျေနပ်စေသော်လည်း သူမကအလျင်မလိုပေ။


 “လက်ထပ်ဖို့ကို မလောပါနဲ့ဦး....ကလေးတွေနဲ့စကားပြောကြည့်ပြီး သူတို့ဆန္ဒကို အရင်နားထောင်ကြည့်ကြရအောင်ပါ " 


 အဘိုးယွဲ့၏ဆန္ဒကို လျစ်လျူရက်ကြသည်။

မင်္ဂလာဝတ်စုံကောက်စွပ်၍ ပွဲကျင်းပရုံလေးကိုပင် သူတို့က လက်မခံနိုင်ကြပေ


သားသမီးယူရန်ဆန္ဒရှိနေလျှင်လည်း အဘယ်ကြောင့် လက်မထပ်ကြသနည်း။ 


ယနေ့ခေတ်လူငယ်များ၏ ခေါင်းထဲတွင် မည်သည့်အရာများရှိနေသနည်း။


 အဘွားကျန်း၏ စကားများက မှန်ကန်နေသော‌ကြောင့် အဘိုးကြီးယွဲ့လည်း လက်ခံရုံမှအပ အခြားရွေးချယ်စရာမရှိတော့ချေ။


 ကျန်းယန်ရှန့်သည် အဘွားကျန်းနှင့် နှစ်ကိုယ်တည်း စကားပြောပြီးဖြစ်ကြောင်းကို အဘိုးကြီးမသိခဲ့ပေ။


အဘွားကျန်းသည် အစောပိုင်းတွင် ကျန်းယန်ရှန့်၏ အတွေးတိမ်မှုကြောင့် ဒေါသအလွန်အမင်းထွက်ခဲ့သည်။ အဘွားကျန်းက ရှေးရိုးဆန်သော လုပ်ထုံးလုပ်နည်းကို မွေ့ပျော်သူဖြစ်သော်လည်း ကျန်းယန်ရှန့် နှင့် စကားပြောပြီးနောက် စိတ်ပြောင်းသွားတော့၏။


 ကျန်းယန်ရှန့်၏စိတ်ရင်းမှာထင်ရှားသည်။ သူမသည်တည်ငြိမ်စွာဖြင့်ပင် ကိုယ်ပိုင်ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။


 "သမီးအိမ်ထောင်မပြုချင်ဘူး" ကျန်းယန်ရှန့်က  ပြော၏။


  “ အိမ်ထောင်ရေးအစစ်အမှန်က စီးပွားရေးဆန်တာထက်ပိုတယ်...ယောက်ျားရော မိန်းမရောက တစ်အိုးတစ်အိမ်ထူထောင်ပြီး နေထိုင်စရိတ်ကို မျှဝေရတယ်.... အတူနေတာက မျိုးဆက်ပြန့်ပွားဖို့တစ်ခုတည်းအတွက်လို့ခံစားရတယ်...  သမီးတို့လို မိသားစုမျိုးက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ ငွေကြေးထောက်ပံ့မှုကို မလိုအပ်ဘူး "


“ကလေးမွေးတယ်ဆိုတာကလည်း ဘာသဘောမှမဟုတ်ပါဘူး.... ယွဲ့စုန့်နဲ့သမီး လမ်းခွဲမှာ မဟုတ်သလို ဘာပဋိပက္ခမှလည်း မရှိဘူး....မတူညီတဲ့ ဘဝလမ်းကို ရွေးချယ်ကြလိုက်ရုံတင်ပါ... ဒါကသမီးတို့နှ‌စ်ယောက်လုံးရဲ့ ဆန္ဒပါ... ဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး "


 “ စီနီယာနှစ်ရဲ့ ချောင်လည်မှုကို အသုံးချပြီးတော့

ကလေးမွေးတဲ့ကိစ္စကို ပြီးအောင်လုပ်သွားမှာပါ...ဒါမှ  ကျောင်းပြီးရင် အခြားအရာတွေလုပ်ဖို့ ခွန်အားတွေ ပိုရလာမှာ .... အစောပိုင်းမှာတော့ ကလေးကို အဖော်ပြုပေးဖို့လိုတယ်...ကျောင်းပြီးလို့ အလုပ်ခွင်ဝင်တဲ့အချိန်ရောက်ရင်  ကလေးက မူလတန်းအရွယ်ရှိလောက်ရောပေါ့.....နည်းနည်းစိတ်ချလိုက်လို့ရပြီ...သမီးအတွက်ကတော့  ဒီအစီအစဉ်က ပိုကောင်းတယ် "


 ဤအစီအစဥ်သည် သာမန်လူများနှင့် ဆန့်ကျင်ဘက်ဖြစ်သော်လည်း အဘွားကြီးကို အထင်ကြီးစေခဲ့သည်။


 ကျန်းယန်ရှန့်အိမ်ထောင်မပြုလိုရခြင်း၏ အဓိကအကြောင်းရင်းကို အဘွားကျန်းတစ်ယောက် နားလည်သဘောပေါက်သွားတော့သည်။


 သူမက သက်ပြင်းသာချနိုင်ခဲ့၏။


 ကျန်းယန်ရှန့်က အဘွားကျန်း၏ မျက်နှာရိပ်မျက်နှာကဲကိုဖတ်ကာ စစ်ကူခေါ်တော့သည်။


 “အဘွား သမီးဘက်က နေပေးဖို့ လိုတယ်”


 " အကြံအစည်ကြီးရှိနေပြီးသားပဲ...ဒီလို အရိုးပေါ်အရေတင်အဘွားကြီးကို စစ်ကူခေါ်နေသေးတာလား " အဘွားကျန်းက အရွှန်းဖောက်၏။


 ထိုအခါ ကျန်းယန်ရှန့်က မျက်နှာကြတ်ကို လှမ်းကြည့်သည်။


“အဖေက စိတ်ရူးပေါက်တော့မှာ... သမီးလက်ထပ်တော့မှာမဟုတ်ဘူးလို့ကြားရင် အင်္ကျီလက်ကိုခေါက်ပြီး ယွဲ့စုန့်ကို ထိုးပစ်မှာတဲ့ ... တစ်ခါပြောဖူးတယ် "


 “ဒီတော့ အဘွာ... အချိန်အားရင် သားဖြစ်သူကို ထုထောင်းပြီး ဆုံးမပေးပါဦး... စိတ်ငြိမ်သွားအောင်လို့ "


 တစ်စုံတစ်ခုကို အကူအညီတောင်းမည်ဆိုပါက ယုံကြည်စိတ်ချရသူတစ်ဦးကို အသေအချာရှာတတ်ရမည်ဖြစ်၏။


 ကျန်းဟွမ်က ပေါက်ကွဲတော့မည်ဖြစ်သော်လည်း အဘွားကြီးက ထိန်းထားသည်။


 " ယန်ယန် အိမ်ထောင်မပြုချင်တဲ့ အကြောင်းရင်းကို ဘာလို့ နားမလည်နိုင်ရတာလဲ"  အဘွားကျန်ူက ပြော၏။


 “ငါလည်း စိတ်မကောင်းဖြစ်လို့မပြောချင်ဘူး ဒါပေမဲ့ ပြောမှရတော့မယ်... ရှောင်မင့်အကြောင်းပြန်တွေးကြည့်...ဟယ်ဟယ်နဲ့ရှို့ရှိုကိုရောပဲ ... မင်းက ဖခင်တစ်ယောက်ဆိုတာမှန်ပေမဲ့ သားသမီးတွေအတွက် စံနမူနာကောင်းမဟုတ်ဘူး.... မင်းလိုလူနဲ့ တွေ့မှာကို ယန်ယန်က ကြောက်နေတာ... ငါ သူ့ကို လုံးဝ အပြစ်မမြင်ဘူး "


 ကျန်းဟွမ်သည် အဘွားကြီးထံမှ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီး ဘာမှ မလုပ်နိုင်တော့ပေ။


Xxxxxx


Part 302


ယခုအချိန်၌ သူ၏အမှားများကို လေးလေးနက်နက် ပြန်လည်ခံစားမိလာရသည်။


ပြီးပြီးသားကိစ္စများကို အဘယ်ကြောင့် ပြန်လည်စမြုံ့ပြန်နေရပါသနည်း။


ကျန်းဟွမ်ထံ၌ ပြန်လည်ချေပစရာ စကားတစ်ခွန်းမှ မရှိပေ။  ပါးစပ်ဟလိုက်သောအခါ အဘွားကြီးက သူ့ကို စတင်ရိုက်နှက်တော့သည်။


ရိုက်ချက်မှာ ငယ်ငယ်ကထက်ပင် ပိုပြင်းသေး၏။


ကျန်းဟွမ်သည် ငယ်ငယ်က အရိုက်ခံရချိန်တိုင်းထွက်ပြေးလေ့ရှိသည်။


သို့သော်ယခုတွင် အဘွားကျန်းမှာ အသက်ကြီးနေပြီဖြစ်သောကြောင့် သူ့အားလိုက်ဖမ်းနိုင်တော့မည်မဟုတ်ပေ။


 ထို့ကြောင့် ကြိတ်မှိတ်၍သာ အတီးခံနေရ၏။ 


ရှုပ်ယှက်ခတ်အောင်မွှေသွားသည့်သူနှစ်ယောက်အစား အရိုက်ခံနေရပါသည်။


 ဆိုးလိုက်တဲ့ကံပင်။


အဆုံးသတ်၌ အဘိုးကြီးယွဲ့၊ ယွဲ့စုန့်၏မိဘများ ၊ အဘွားကျန်းနှင့် ကျန်းဟွမ်တို့သည် ထိပ်တိုက်ဆွေးနွေးကြတော့၏။


နှစ်ဖက်မိဘများစုဝေး၍ထိုင်နေသော နေရာ၏မျက်နှာချင်းဆိုင်တစ်ဖက်ခြမ်းတွင် ယွဲ့စုန့်နှင့် ကျန်းယန်ရှန့်တို့ရှိသည်။


 “နှစ်ယောက်သားက ဆက်ဆံရေးမကောင်းတာလည်းမဟုတ်ဘူး....ကလေးလည်း ရလာပြီ...မင်းတို့အရမ်းပျော်နေကြတဲ့ပုံပဲ ...ဒါပေမဲ့ ဘာလို့ အိမ်ထောင်မပြုချင်ကြရတာလဲ....စိတ်တိုစရာကောင်းအောင်လို့ "  အဘိုးကြီးယွဲ့က  မီးပွင့်မတတ်စိုက်ကြည့်ပြီး ဒေါသတကြီး ဆူပူ၏။


 ယွဲ့စုန့်က အလွန်ငြိမ်သက်နေလေသည်။  


သူသည် အနီးအနားရှိလူတို့အား စိတ်အေးချမ်းမှုကို အမြဲပေးစွမ်းနိုင်သော လူငယ်တစ်ဦးဖြစ်၏။  


ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့နေရသော်လည်း ယွဲ့စုန့်သည် တုန်လှုပ်ခြင်းအလျဉ်းမရှိပေ။


 “အိမ်ထောင်မပြုဘူးဆိုတာကို ကျွန်တော် သေချာပြောထားပြီးပြီ....  ဒါကယန်ရှန့် နဲ့ ကျွန်တော်လုပ်ခဲ့တဲ့ ရွေးချယ်မှုပါ... ကျွန်တော်တို့ခေတ်က မတူတော့ဘူး... အိမ်ထောင်ရေးက အခုချိန်မှာ မဖြစ်မနေရွေးချယ်ရမဲ့အရာမဟုတ်မှန်း နားလည်ပေးကြဖို့ မျှော်လင့်ပါတယ် "


 အဘိုးကြီးယွဲ့က မြေးဖြစ်သူအား လက်ညိုးထိုးပြလျက် အဘွားကျန်းကို တစ်ချက်ကြည့်သည်။ 


 "ဒီကောင်လေးကို ကြည့်စမ်းပါဦး .... ကျုပ်တော့ အရမ်းဒေါသထွက်နေပြီ... ကူပြောပေးပါဦး ... ကျုပ်မှာတော့ ခန်းဝင်ပစ္စည်းတွေတောင် ကြိုပြင်ထားရတာကို " 


အဘိုးယွဲ့၏စကားကြောင့် အဘွားကျန်းက မသိမသာပြုံး၏။


အဘွားကျန်းက အဘိုးကြီးယွဲ့၏စိတ်ကို အဘယ်ကြောင့် နားလည်မပေးနိုင်ရသနည်း။


သက်ကြီးပိုင်းများ၏အယူအဆနှင့်မကိုက်ညီသော်လည်း အိမ်ထောင်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ယွဲ့မိသားစုအတွက် ဆုံးရှုံးစရာလုံးဝမရှိပေ။


သို့သော် အဘိုးယွဲ့က မြစ်ကလေးကို ပွေ့ဖက်ပြီး မိသားစုစတုတ္ထမျိုးဆက်အထိ အတူနေချင်သည့်အိမ်မက်အား  လက်မလွှတ်နိုင်သေးချေ။


 အဘိုးယွဲ့က ကျန်းမိသားစုကို အရိပ်အကဲပြနေ၏။ 


ယွဲ့စုန့်တို့နှစ်ဦးက ကိစ္စများကို ရှုပ်ထွေးအောင်လုပ်နေကြသော်လည်း ယွဲ့မိသားစုသည် ကျန်းယန်ရှန့်အား မထီမဲ့မြင်ပြုလုပ်ရန် ရည်ရွယ်ချက်မရှိပေ။


 စေ့စပ်ညှိနှိုင်းရေး၏ အဓိကအချက်သို့ ရောက်ရှိရန် အချိန်တန်လာပြီဖြစ်သည်။


 “ကလေးတွေရဲ့ ဆန္ဒကို နားထောင်ကြရအောင်” အဘွားကြီးကပြော၏။


 ထို့နောက် ကျန်းယန်ရှန့်ကို စကားပြောခွင့် ပေးလိုက်သည် ။


 ကျန်းယန်ရှန့်သည်လည်း ယွဲ့စုန့်ကဲ့သို့ပင် စိုးရိမ်ခြင်းအလျဥ်းမရှိချေ။


 "အဘိုး...ယွဲ့စုန့် နဲ့  သမီးက အရမ်းကောင်းတဲ့ဆက်ဆံရေးရှိတယ်ဆိုတာသိမှာပါ...သမီးတို့နှစ်ယောက် ကလေးမွေးဖို့လည်း ဆန္ဒရှိတယ်...သမီးတို့လူငယ်တွေမှာ အိမ်ထောင်ရေးနဲ့ပတ်သက်လာရင် မတူညီတဲ့ အယူအဆတွေရှိကြတာပါပဲ...အိမ်ထောင်ပြုတာက မဖြစ်မနေလုပ်သင့်တဲ့အရာမဟုတ်ဘူးလို့ သမီးယူဆတယ် .... ပြီးတော့ "


အဘိုးကြီးယွဲ့၏သောကစိတ်ကို ကျန်းယန်ရှန့်က အခြားသူများထက် ပိုနားလည်ပေးနိုင်သည်။ 


 “သမီးတို့ ကလေးကို ယွဲ့မျိုးရိုးနာမည်ပေးမှာပါ "   ​ကျန်းယန်ရှန့်က အရှင်းလင်းဆုံး ပြော၏။


 အဘိုးကြီးယွဲ့သည် အမူအရာဖြင့်ဖော်ပြခြင်းမရှိသော်လည်း သူ့ရင်ထဲမှ အပူလုံးကြီးမှာ ကျသွားပြီဖြစ်သည်။


မြေးဖြစ်သူက အိမ်ထောင်မပြုလိုကြောင်းပြောလာခဲ့၏။


ထိုအရေးကိစ္စသည် ယွဲ့မိသားစု၏ အကျိုးစီးပွားအတွက် ကြီးမားသော ထိခိုက်မှု မရှိသောကြောင့် လက်ခံပေးရန် မခက်ခဲပေ။


 နိုင်ငံခြားတွင်လည်း အလားတူဖြစ်ရပ်များစွာရှိကြောင်း သားနှင့်ချွေးမဆီမှတစ်ဆင့် ကြားသိရ၏။


အိမ်ထောင်မပြုဘဲ ကလေးပျိုးထောင်ခြင်းသည် ဘဝရွေးချယ်မှုတစ်ခုသာဖြစ်သည်။


ထို့ကြောင့် အဘိုးကြီး အမှန်တကယ်စိုးရိမ်နေရသည့် တစ်ခုတည်းသောအရာမှာ မျိုးရိုးကိစ္စပင်ဖြစ်၏။


 ကျန်းယန်ရှန့်၏ စကားကိုကြားသောအခါ သူသည် အလွန်စိတ်သက်သာရာရသွားသည်။


 သို့သော်လည်း ကျန်းဟွမ်က ချိန်ကိုက်ဗုံးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာ၏။


 " မရဘူးလေ ....ယန်ယန်က လက်မထပ်ရင် ကလေးက အမေနဲ့ အတူရှိနေရမှာပေါ့ ...ကျုပ်တို့ မျိုးရိုးနာမည်ပဲ ပေးနိုင်မယ်”  ကျန်းဟွမ်က ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။


 ကျန်းဟွမ်ကဲ့သို့သော လူလတ်ပိုင်းများသည် ဤကိစ္စမျိုးတွင် မိန်းကလေးဘက်မှနစ်နာသည်ဟူသော အတွေးကို  မဖယ်ရှားနိုင်ကြသေးပေ။  အထူးသဖြင့် သူသည် သမီးရှင်ဖြစ်သောကြောင့် ခံစားချက်သည် အထူးလေးလံ၏။  ကျန်းယန်ရှန့်က အိမ်ထောင်မပြုလိုခြင်းဖြစ်ကြောင်း သိသော်လည်း ကျန်းဟွမ်၏စိတ်ထဲတွင် ယွဲ့စုန့်သည်

ကြီးကြီးမားမား အခွင့်ကောင်းယူထားသကဲ့သို့ အမြဲခံစားခဲ့ရသည်။


ကျန်းယန်ရှန့်က ကျန်းဟွမ်အား လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောကြား၏။


 "ကလေးရဲ့ မျိုးရိုးနာမည်နဲ့ပတ်သတ်ပြီး မိဘတွေမှာ လုပ်ပိုင်ခွင့်ရှိတယ်.... ကလေးရဲ့မျိုးရိုးနာမည်ကို 'ယွဲ့ ' လို့ပဲပေးမှာ ... သမီးနဲ့ယွဲ့စုန့် ညှိနှိုင်းပြီးသွားပြီ "


 ကျန်းယန်ရှန့်သည် စိတ်ပျော့တတ်သော လူစားမျိုးမဟုတ်။


လက်မထပ်ရသေးသော အခြေအနေတွင် မီးဖွားမည်ဖြစ်သော်လည်း မျိုးရိုးနာမည်ကို ပြိုင်လုရန် စိတ်မဝင်စားချေ။


အထူးသဖြင့် သူမ၏ကလေးအား ကျန်းဟွမ်နှင့် တူညီသော မျိုးရိုးနာမည် ပေးလိုစိတ်မရှိ။


 


 သူမကျန်းဟယ်လင်းအား ပြောခဲ့ဖူးသည့်အတိုင်း မည်သူတစ်ဦးတစ်ယောက်ကမှ ၎င်းတို့၏ မွေးဖွားမှုကို ရွေးချယ်၍ မရပေ။ကိုယ်တိုင်ရွေးချယ်နိုင်သော အခွင့်အရေးရလာခဲ့လျှင်လည်း ကျန်းယန်ရှန့်သည် ကျန်းဟွမ်၏သမီးအဖြစ်ကျိန်းသေပေါက် မွေးဖွားလာမည်မဟုတ်။


ဆန့်ကျင်ဘက်အနေဖြင့် ယွဲ့စုန့်၏မိဘများသည် အနည်းငယ်တာဝန်မဲ့ကြသော်လည်း အိမ်ထောင်ရေးနှင့်ပတ်သက်သော မျိုးဆက်သစ်လူငယ်များ၏ရွေးချယ်မှုကို နားလည်ပေးနိုင်ကြသေးသည်။


 ထိုနှစ်ယောက်က ယခုထက်ထိပင် ချစ်ကြည်နူးစစုံတွဲများသဖွယ် အချင်းချင်း သည်းသည်းလှုပ်နေကြဆဲဖြစ်၏။


ကျန်းယန်ရှန့်သည် ကလေး၏မျိုးရိုးနာမည်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချခဲ့သည်မှာ ကြာပြီဖြစ်သည်။ယွဲ့စုန့်ကလည်း သူမ၏ဆုံးဖြတ်ချက်ကိုလေးစားပြီး အပြည့်အဝပံ့ပိုးပေး၏။ 


အဘွားကျန်း၏မိသားစုတွင် မြေးယောက်ျားလေးနှစ်ယောက်ရှိသေးသည်။ ထို့ကြောင့် အဘွားကြီးသည် ဤအရေးကိစ္စကို လုံးဝဂရုမထားချေ။


 


 “မျိုးဆက်သစ်တွေမှာ သူတို့ကိုယ်ပိုင် စိတ်ကူးတွေရှိတယ်.... ငါတို့လို ချိနဲ့နဲ့ အိုကြီးအိုမတွေ ဝင်ပါလို့ရတဲ့အရာမဟုတ်ဘူး...သူတို့လည်းအရွယ်ရောက်ပြီး လူကြီးဖြစ်လာကြပြီ... ဒါကိုလက်ခံပေးနိုင်ရမယ်... သူတို့ စိတ်ကူးထားတဲ့အတိုင်း လုပ်ခွင့်ပေးလိုက် "


 အဘွားက ကျန်းဟွမ်ကို ထောက်ပြပြောဆိုလိုက်သည်။ သူမက ကျန်းဟွမ်အား တောင်းဆိုခြင်းမဟုတ်ဘဲ အသိပေးခြင်းသာဖြစ်သည်။


ကျန်းဟွမ် ပါးစပ်ဟစရာ အကြောင်းမရှိတော့ချေ။


 " ဟုတ်ပါပြီ ဒါဆိုလည်း....စကားမစပ်ဒီမှာ "


ကြာရှည်နေပြီဖြစ်သော ဆွေးနွေးမှုကို အဘိုးကြီးယွဲ့က အဆုံးသတ်ပေးလိုက်သည်။


 “ ကျုပ်တို့မိသားစုက ကလေးတွေကို ဆိုးဆိုးရွားရွား မဆက်ဆံနိုင်ပါဘူး...ဒါက ယန်ရှန့် အတွက်ပါ "


အဘိုးကြီးပေးသော စာရွက်စာတမ်းများကို အဘွားကျန်းက လှန်လှောကြည့်သည်။


ယွဲ့မိသားစု၏စိတ်ရင်းကို အတိုင်းသားခံစားလိုက်ရ၏။


 “ဒါက ကျွန်မတို့ဘက်က လက်ဖွဲ့တာပါ "


ဤနည်းအားဖြင့် ခန်းဝင်ပစ္စည်း နှင့် မင်္ဂလာလက်ဆောင်များကို ဖလှယ်လိုက်ကြသည်။ မင်္ဂလာအခမ်းအနားနှင့် လက်ထပ်စာချုပ်များမပါရှိသော်လည်း နှစ်ဖက်မိသားစုသည် ယွဲ့စုန့်နှင့်ကျန်းယန်ရှန့်အား သမက်နှင့် ချွေးမအဖြစ် အသီးသီးမှတ်ယူလိုက်ကြပြီဖြစ်၏။


 ကျန်းဟွမ်၏ ပုပ်သိုးနေသောမျက်နှာမှလွဲ၍ အရာအားလုံးက သဟဇာတ ဖြစ်နေသည်။


 မကြာမီလူ့လောကကြီးထဲသို့ရောက်လာမည့် ကလေးငယ်အကြောင်းကို လူတိုင်းက ရွှန်းရွှန်းဝေအောင် ပြောနေကြ၏။


လူငယ်မောင်နှံနှစ်ဦးသည် ပိုမိုကျယ်ဝန်းသော နေအိမ်တစ်လုံးကို ဝယ်ယူရန် စိတ်ကူးထားသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခန္ဓာကိုယ်ကို ထိန်းညှိပေးမည့် အာဟာရပညာရှင်တစ်ဦးကို ရှာမည်။ 


မီးဖွားရန်အတွက် အကောင်းဆုံးဆေးရုံကိုလည်း စုံစမ်းရပေဦးမည်။


အနီးကပ်စောင့်ရှောက်ပေးမည့် အရည်အချင်းပြည့်မီသော သူနာပြုတစ်ယောက်လည်းလိုသေး၏။


သုံးလေးယောက်လောက်ဆိုပါက ပိုအဆင်ပြေမည်။


များလေပိုကောင်းလေဖြစ်၏။


 ကျန်းဟွမ်တစ်ယောက်တည်းသာ ဖားတစ်ကောင်ကဲ့သို့ ဖောသွပ်ပြီး လေလွင့်နေသည်။


 ကျန်းယန်ရှန့်၏ဖခင်ဘက်မှဦးလေးဖြစ်သူသည် ထိုသတင်းကို အိမ်သယ်သွားခဲ့သည်။


 ကျန်းချီသည် အလုပ်တွင် အမှားလုပ်မိထားသောကြောင့် ခေါင်းမထောင်နိုင်သေးပေ။


ကျောက်လန်ဖန်သည်လည်း တစ်ပုံစံတည်းပင်ဖြစ်သည်။


ကျန်းယန်ရှန့်၏ကိုယ်ဝန်သတင်းကို ကြားသိရသောအခါ နှစ်ယောက်လုံးက ရုတ်တရတ် သက်ပြင်းချကြ၏။


 သူတို့သည် ကံဆိုးမိုးမှောင်ကျသကဲ့သို့ ခံစားနေရသော်လည်း ကျန်းယန်ရှန့်၏အဖြစ်က ပိုဆိုးနေပေသည်။


အိမ်ထောင်မပြုခင် ကိုယ်ဝန်အရင်ရလာ၏။


 ကျန်းယုက သက်ပြင်းတစ်ချက်ချလိုက်သည်။


 "ကလေးနှစ်ယောက်က ဇာတ်ရှုပ်နေပေမဲ့ လူကြီးတွေက နားလည်ပေးနေကြတုန်းပဲ "


 ယွဲ့မိသားစုမှပေးအပ်သော မင်္ဂလာလက်ဆောင်များ အကြောင်းကို ကျန်းယုက သူ၏ဇနီးနှင့်သမီးအား ပြောပြလိုက်သည်။


 "သူတို့က အရမ်းရက်ရောတာပဲ "  


ဟုတ်မှန်သည်။ဤသို့ ရက်ရောနိုင်ခြင်းကလည်း


ကြီးကျယ်သည့် မိသားစုအခံရှိခြင်းကြောင့်ဖြစ်သည်။


 ကျောက်လန်ဖန် နှင့် ကျန်းချီတို့သည် အသက်ရှုမဝကြတော့ဘဲ သူတို့၏စရိုက်အမှန်သို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားခဲ့ကြ၏။


XXxxxxxx