Chapter 167
Extra 2
ရှန့်ချန်မှာ အသက်နှစ်ဆယ်အရွယ်တွင် စီးပွားရေးလုပ်ငန်းကိုစတင်ခဲ့ပြီး ရုတ်တရက်အောင်မြင်လာခဲ့သည်။ ကုမ္ပဏီ၏ချဲ့ထွင်မှုနှုန်းက အလျင်အမြန်ကြီးထွားလာခဲ့သည်။ သူ့ထံတွင် အမြော်အမြင်၊ စွမ်းရည်နှင့်သတ္တိများရှိသည်။ ထိုအရာများက ရှန့်ချန်အပါအဝင် လူအများအတွက်ခက်ခဲပြီး လူအများက ငယ်ရွယ်ချိန်တွင် ယခုလိုအောင်မြင်မှုမျိုးရရန် သူ့အတွက် အလွန်ခက်ခဲသည်ဟုထင်ကြပြီး တကယ်လည်း ရရန်ခက်ခဲသည်။
သို့သော် ရှန့်ချန်က ခက်ခဲသည်ဟုမထင်ပေ။ စီးပွားရေးလောကတွင် သာမန်လူများနားမလည်နိုင်သော လုပ်ငန်းစဥ်များနှင့် တွက်ချက်မှုတို့ရှိပေသည်။ သို့တစေ ရှန့်ချန်၏အမြင်၌ ၎င်းတို့ကို တစ်ဆင့်ချင်းရှင်းသွားနိုင်သည်ဟု ယူဆထားခဲ့သည်။
ခက်ခဲသောအရာတစ်ခုကိုပြောရလျှင် သူ့ဇနီးလေးကျန်းရှီဝူပင်ဖြစ်လိမ့်မည်။
သူနှင့်ဇနီးလေးက အဆင်ပြေခြင်းမရှိလှပေ။ လက်ထပ်ပြီးနောက်ပိုင်း သူအလုပ်များနေသော်လည်း ခင်ပွန်းတစ်ယောက်၏တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးရန်မမေ့ပေ။ ငွေကြေးပိုင်းတွင်မပျက်ကွက်သလို ကျန်းရှီဝူကိုလည်းမထိန်းချုပ်ထားခဲ့ပေ။ သူက ကျန်းရှီဝူနှင့် တစ်ကြိမ်မျှစကားများခဲ့ရခြင်းမရှိချေ။ မပြေလည်နိုင်သောအရာများရှိလျှင်ပင် တိုက်ရိုက်ဖြေရှင်းလိုက်ပြီး ဇနီးလေးကိုခက်ခဲအောင်မလုပ်ပေ။
ရှန့်ချန်မှာ သူ့ဘက်မှ ဇနီးလေးကိုအလိုလိုက်လွန်းနေသည်ဟုပင်ခံစားနေရသည်။
ဥပမာပြောရလျှင် ကျန်းရှီဝူက ချက်ပြုတ်ရန်ဟုဆိုကာ မီးဖိုချောင်ကိုရှုပ်ပွအောင်လုပ်တတ်သည့်အပြင် သူ့လက်ကိုသူ အပူလောင်စေသည့်အခါ သူကတည်တည်ငြိမ်ငြိမ်ဖြင့် စဥ်းစားပေးခဲ့သည်။
"မင်းက ဟင်းချက်တဲ့အလုပ်နဲ့အဆင်မပြေဘူး၊ နောက်ကျရင်မလုပ်နဲ့တော့.."
သူ့ဇနီးလေးက မောလ်ကိုသွားပြီး သူ့အတွက်အဝတ်အစားဝယ်ရာတွင် ဆိုဒ်မှားသွားသည့်အခါ သူကအလွန်အမင်း ဓမ္မဓိဌာန်ကျစွာဖြင့်ပြောပေးလေသည်။
"မင်းအတွက်ပဲဝယ်ပါ၊ ကိုယ်က ကိုယ်တိုင်ဝယ်နိုင်ပါတယ်.."
ကျန်းရှီဝူ နှစ်သစ်ကူးနေ့တွင် အတူရှိချင်ကြောင်း ဖုန်းခေါ်သည့်အခါ သူကလည်း အားလပ်ရက်တွင် သူ့သဘောထားကိုပြသသည့်အနေဖြင့် စာအိတ်နီပေးသင့်ကြောင်း သိထားလေသည်။
"ကိုယ်မင်းကို ပိုက်ဆံပို့ပေးလိုက်မယ်၊ ပျော်စရာအားလပ်ရပ်ဖြစ်ပါစေ.."
ဤသို့ဖြင့် ရှန့်ချန်မှာ မည်သည့်ကိစ္စအကြီးအသေးကိုမဆို အရာအားလုံးကို သေချာကိုင်တွယ်နိုင်သည်ဟုထင်နေလေသည်။ သို့သော် သူနားမလည်နိုင်သောအရာတစ်ခုရှိနေသည်။ သူကအားလုံးကို လုပ်နိုင်သည်ဟုထင်ထားသော်လည်း ကျန်းရှီဝူနှင့်လင်မယားဖြစ်နေသော အိမ်ထောင်ရေးဘဝမှာ ခြောက်ကပ်ကပ်ဖြစ်နေသလိုပင်။ ၎င်းက အိမ်ထောင်စုများ အများဆုံးကြုံနေရသောအခက်အခဲပင်ဖြစ်လိမ့်မည်။
အလှည့်အပြောင်းတစ်ခုက မိုးသည်းညတစ်ညတွင်ရောက်လာခဲ့သည်။ ထိုနေ့တွင် သူက အစည်းအဝေးကိုလက်စသတ်ပြီး ကျန်းရှီဝူထံမှ မထင်မှတ်ထားသောဖုန်းကောလ်ဝင်လာခဲ့သည်။ တစ်ဖက်မှကျန်းရှီဝူက မူးနေပုံရလေ၏။
"လောင်ကုန်း ငါ့ကိုလာကြိုပေးပါလား.."
သူမူးနေပြီ။
၎င်းက ရှန့်ချန်၏ ပထမဆုံးတုံ့ပြန်မှုပင်ဖြစ်လေ၏။
ကျန်းရှီဝူဘက်မှစပြီး သူ့ထံသို့ဖုန်းခေါ်ခဲ့သည်မှာ အလွန်ကြာသွားခဲ့ပြီဖြစ်ပြီး ကျန်းရှီဝူမှသူ့ကို လောင်ကုန်းဟုခေါ်သည့်အသံကို မကြားရသည်မှာလည်း အတန်ကြာခဲ့ပြီဟုထင်မိလေသည်။
ထို့နောက် ဖုန်းလာချိန်တွင် အတွင်းရေးမှူးက ခဏအကြာ၌ လုပ်ငန်းရှင်တစ်ယောက်နှင့်တွေ့ရမည့်အကြောင်းလာပြောနေသည့်တိုင် ရှန့်ချန်က ခဏမျှတွေးကြည့်ပြီး ဆုံးဖြတ်လိုက်လေသည်။
"ဖျက်လိုက်၊ ငါဒီညလုပ်စရာရှိတယ်.."
အတွင်းရေးမှူးက အကြောင်းအရင်းကိုဆက်မေးရန်အထိ ဉာဏ်မကောင်းဘဲ တလေးတစားဖြင့်တုံ့ပြန်လိုက်လေသည်။
"ဟုတ်ကဲ့ပါ သူဌေး.."
သူက စားသောက်ဆိုင်ကို တစ်ယောက်တည်းမောင်းလာခဲ့သည်။ ကျန်းရှီဝူနှင့်သူ့သူငယ်ချင်းများက အတူပျော်နေကြလောက်သည်ဟုထင်ထားသော်လည်း သူတံခါးကိုတွန်းဖွင့်လိုက်သည့်အခါ ထိုနေရာတွင် လူအများအပြားရှိနေသည်ကိုတွေ့လိုက်ရလေ၏။ ၎င်းက ဤလုပ်ဖော်ကိုင်ဖက်များနှင့်ဆုံတွေ့ရန် သူ့အတွက်အခွင့်အရေးဖြစ်နေပြီး အံ့အားသင့်စရာကောင်းသည်မှာ ထိုအဖွဲ့ကလည်း သူ့ကိုတွေ့သည့်အခါ ထပ်တူအံ့ဩသွားကြခြင်းပင်ဖြစ်လေသည်။
"ဒါ..ဒါက..."
"ဆရာ ခင်များက.."
"အခန်းမှားလာတာလား..."
အင်အားကြီးသောအော်ရာနှင့် ခန့်ညားသောအသွင်ရှိသည့် ဝတ်စုံပြည့်ဖြင့်အမျိုးသားတစ်ယောက်က ပေါ်လာလေသည်။ အချို့လူများမှာ မဖြစ်နိုင်သောခံစားချက်မျိုးကိုပေးသော အရှိန်အဝါဖြင့်မွေးဖွားလာကြသည်။ ထို့အပြင် လူစုမှာ ထိုသူနှင့်ဆက်ဆံရန်မဖြစ်နိုင်သလိုခံစားနေရလေ၏။
ဝန်ထမ်းများအဖွဲ့က သံသယဝင်နေချိန် အခန်းထောင့်တွင် မူးပြီးမှောက်နေသောရှောင်ကျန်းက အသာလေးလက်မြှောက်ပြကာပြောလာလေသည်။
"ဒီမှာ.."
ရှန့်ချန်က အသံလာရာကိုလှမ်းကြည့်လိုက်သည့်အခါ အမူးသမားလေးကျန်းကိုတွေ့လိုက်ရသည်။
ကျန်းရှီဝူ စရိုက်က ပုံမှန်တွင် အဆင်ပြေသော်လည်း ယနေ့၌ မူးနေ၍ဖြစ်လိမ့်မည်။ ထိုသူကမျက်နှာနီနေရင်း ပိုမိုရိုးသားကာ လိမ္မာနေဟန်ရလေ၏။
ရှန့်ချန်က မျက်မှောင်ကြုတ်လိုက်ကာ အနားသို့လျှောက်သွားလိုက်လေသည်။ ခွက်ကိုတွန်းဖယ်ပြီးမှပြောလိုက်လေ၏။
"မသောက်နဲ့တော့..."
ကျန်းရှီဝူက ခပ်တိုးတိုး အင်းအဲလုပ်နေပြီး ပြောစကားနားထောင်သည့်နှယ် သူ့အပေါ်ကိုမှီချလာလေသည်။
ဘေးမှဒါရိုက်တာက ရှန့်ချန်ကို စပ်စုသလိုကြည့်ပြီး ဤလူငယ်လေးကို တနေရာ၌မြင်ဖူးနေသလိုခံစားနေရ၍ တက်တက်ကြွကြွပင်မေးလိုက်လေ၏။
"ရှီဝူ ဒါကဘယ်သူလဲ.."
ကျန်းရှီဝူက လက်ညိုးထိုးပြပြီး ခဏမျှငြိမ်နေပြီးမှပြန်ဖြေလာလေသည်။
"လောင်ကုန်းလေ.."
ထိုစကားထွက်လာသည့်အခါ အခြားသူများက ရှော့ခ်ရသွားလေသည်။
အမူးသမားလေးက အနည်းငယ်မျှအရှက်မဲ့နေပြီး ရှန့်ချန်ကပို၍ပင် ဂရုမစိုက်တော့ဘဲ အခြားသူများ၏အကြည့်ကို တည်ငြိမ်စွာလက်ခံကာ လူအုပ်ကို အတိုချုံးမိတ်ဆက်လိုက်လေသည်။
"ရှန့်ချန်..."
စားပွဲမှလူများက ယခုလိုတိတ်ဆိတ်သော်လည်း သာမန်ထက်ပိုပြီးထူးခြားသောအသွင်ဖြင့်အမျိုးသားကြောင့် မှင်သက်နေကြလေသည်။
လူစုနေသောနေရာတွင် အတင်းအဖျင်းရှိတတ်သည်မှာသဘာဝပင်ဖြစ်ပြီး ရှန့်ချန်က ကျန်းရှီဝူကိုဆွဲထူကာနှုတ်ဆက်လိုက်သည်။ အလယ်ခုံမှအမျိုးသမီးက စပ်စုသလိုတစ်ချက်ကြည့်ကာ မေးမြန်းလာလေ၏။
"မင်းတို့လက်ထပ်ထားတာ ဘယ်လောက်ကြာပြီလဲ.."
ရှန့်ချန်က အမူးသမားထံမှအဖြေကိုမမျှော်လင့်ထားဘဲ ယဥ်ယဥ်ကျေးကျေးပြန်ဖြေလိုက်သည်။
"နှစ်နှစ်ရှိပါပြီ.."
"ဒီအရွယ်လေးနဲ့လက်ထပ်ထားတော့ ရှင်က အရမ်းချစ်တတ်လို့ပဲဖြစ်ရမယ်၊ ကောလိပ်တက်ကတည်းက တွဲခဲ့ကြတာလား၊ တွဲတာရောဘယ်နှနှစ်ကြာခဲ့လဲ.."
နောက်တစ်ယောက်က ထပ်မေးလာပြန်သည်။
ရှန့်ချန်က တုံ့ခနဲရပ်သွားလေ၏။
သူက ကျန်းရှီဝူကို လက်တစ်ဖက်ဖြင့်ဆွဲထားကာ ကျန်တစ်ဖက်ဖြင့် ဘေးရှိခုံပေါ်တွင်ကျနေသော ကျန်းရှီဝူ၏အပေါ်အင်္ကျီကိုကောက်လိုက်သည်။ အမျိုးသားက ခဏမျှတိတ်ဆိတ်နေပြီး ထိုစကားခေါင်းစဥ်ကို ပုံမှန်အတိုင်းကျော်သွားကာ ပြန်သည့်အခါ ဒါရိုက်တာကိုနှုတ်ဆက်သွားလေသည်။
"ကျွန်တော် သူ့ကိုခေါ်သွားပါတော့မယ်.."
အရှိန်အဝါက အလွန်သန်မာပြီး ဒါရိုက်တာမှာ စကားတစ်လုံးပင်ပိုမပြောရဲတော့ပေ။
အမူးသမားကို တံခါးအပြင်သို့ဆွဲခေါ်လာသော်လည်း အချို့အကြောင်းအရင်းများကြောင့် အတန်သင့်မျှအမူးပြေသွားပြီး ကျန်းရှီဝူမှာ ထိုမေးခွန်းကြောင့်တိတ်ဆိတ်သွားလေသည်။ သို့မဟုတ် ရှန့်ချန်က ခပ်မဆိတ်နေရန်ရွေးချယ်လိုက်ချိန်တွင် ကျန်းရှီဝူ၏မျက်ဝန်းတို့က စတင်မှိန်ဖျော့သွားလေသည်။
ကားပေါ်တက်သည့်အခါ ရှန့်ချန်က သူ့ကိုခါးပတ်ပတ်ရာတွင်မြန်အောင်လုပ်ပေးသော်လည်း ခေါင်းငုံ့ပြီး တိုးလျစွာပြောနေရင်း သူ့ကိုယ်တိုင်အမြန် ခါးပတ်ပတ်နေသောကျန်းရှီဝူထံမှ အငြင်းခံလိုက်ရလေ၏။
"ငါဟာငါပတ်လို့ရတယ်.."
ရှန့်ချန်က သူ့ကိုမတားဘဲမေးလာခဲ့သည်။
"ဘယ်လောက်တောင်သောက်ထားတာလဲ.."
"မများပါဘူး..."
"မင်းကြည့်ရတာ အရမ်းမူးနေတယ်လေ.."
"ငါမမူးဘူး.."
ရှန့်ချန်က သူနှင့်ပြိုင်ပြီးမငြင်းနေပေ။ ယနေ့တွင် ကျန်းရှီဝူက အလွန်ထူးဆန်းနေလေ၏။ အရက်သောက်ထား၍ဖြစ်နိုင်သောကြောင့် အမျိုးသားနှင့် လိုက်လျောညီထွေနေပြီး မငြင်းခုန်ရန်ဆုံးဖြတ်လိုက်လေသည်။
သို့သော်လည်း ကားစထွက်သည့်အခါ ဘေးမှအမျိုးသားက မေးလာခဲ့သည်။
"ရှန့်ချန် မင်း ငါ့ကိုသဘောကျဖူးရဲ့လား..."
ရှန့်ချန်၏လှုပ်ရှားမှုတို့က ခဏမျှတန့်သွားပြီးမှ ကားစက်နှိုးလိုက်လေသည်။ သူ့မျက်နှာပေါ်တွင် အခြားအမူအရာမျိုးမရှိသော်လည်း စိတ်ထဲတွင်မူ လုံးဝမတည်ငြိမ်တော့ပေ။ သူက သဘောကျခြင်းနှင့် ချစ်မြတ်နိုးခြင်းတို့ကိုမသိပေ။
သူက ကာရာအိုကေအခန်းထဲမှလူ၏မေးခွန်းကိုမဖြေနိုင်ခဲ့သလိုမျိုး ကျန်းရှီဝူကို မည်သို့ဖြေရမှန်းမသိတော့ပေ။
ရှန့်ချန်က ပြဿနာများကို ရှောင်ရှားတတ်သူမဟုတ်သော်လည်း ဤတစ်ခေါက်၌ မထင်မှတ်စွာဖြင့် လှည့်မကြည့်ဘဲနေမိသည်။ သူ့ခမျာ ကျန်းရှီဝူ၏မျက်လုံးများထဲသို့ပင် စေ့စေ့မကြည့်ရဲတော့သလိုဖြစ်နေလေသည်။
"မင်းကဘာလို့ ဒါမျိုးမေးရတာလဲ.."
ကျန်းရှီဝူ၏အသံက ပျော့ပျောင်းနေလေသည်။
"သဘောကျဖူးလား.."
ရှန့်ချန်မှာ ရှင်းပြရခက်စွာဖြင့်မျက်မှောင်ကြုတ်မိပြီး အမျိုးသားကပြောလာလေသည်။
"ကိုယ်တို့ကလက်ထပ်ပြီးပြီ၊ ကိုယ်မင်းကိုဂရုစိုက်ပေးမယ်..."
သူ့ဘေးတွင် တိတ်ဆိတ်သွားခဲ့ပြီး အနည်းငယ်မျှစိတ်ပျက်သွားသလို စုပ်သပ်လိုက်သံထွက်လာလေသည်။ ရှန့်ချန်မှာ မှန်ကိုမကြည့်ဘဲမနေနိုင်တော့ပေ။ မှန်ထဲရှိပုံရိပ်အရ ကျန်းရှီဝူက ကားအနောက်ခုံကိုမှီကာထိုင်နေပြီး မှိန်ဖျော့သည့်မီးရောင်အောက်ဝယ် နီရဲနေသောမျက်ဝန်းတစ်စုံကို မြင်လိုက်ရသလိုပင်။
ခဏအကြာတွင် ကျန်းရှီဝူက နူးညံ့စွာပြောလိုက်လေသည်။
"သိပြီ.."
၎င်းက ကတိတစ်ခုဆိုသည်မှာသေချာသော်လည်း မထင်မှတ်ဘဲ ရှန့်ချန်ကို အလွန်တရာမှ စိတ်ပျက်သွားစေသည်။ ရှန့်ချန်မှာ သူလုပ်နေသောအရာကိုသိနေလျှင်ပင် ခံစားချက်က အလွန်ထူးဆန်းနေသည်။ မည်သည့်အရာအပေါ်တွင်ဒေါသထွက်နေမိပြီး မည်သူ့ကိုစိတ်ဆိုးနေမိမှန်းပင်မသိတော့ပေ။ သူတစ်ခုခုပြောသင့်မှန်းသိ၍ ပါးစပ်ဟရန်ကြိုးစားသည့်တိုင် မည်သည့်စကားကိုမျှမပြောနိုင်တော့ပေ။
မည်သည့်အရာက သူ့ကိုတွန်းအားပေးလိုက်မှန်းမသိပေ။ ရှန့်ချန်ကမေးလိုက်သည်။
"ကိုယ်မင်းကို သဘောကျတာ မကျတာကအရေးကြီးလို့လား.."
ဘေးတွင်အိပ်ငိုက်နေသောကျန်းရှီဝူမှာ တောင့်တင်းသွားရလေသည်။ ယခုကဲ့သို့တိတ်ဆိတ်နေမှုတွင် ရှန့်ချန်ပင်လျှင် ယခုလေးတင်ပြောလိုက်သောစကားကြောင့် နောင်တရနေသလိုခံစားရပြီး မပြောလိုက်လျှင်ပင်ပိုကောင်းမည်ဟုထင်လိုက်မိသည်။
ခဏမျှတွေဝေနေပြီးသည့်အခါ နောက်ဆုံး၌ ကျန်းရှီဝူကထုတ်ပြောပစ်လိုက်သည်။
"မင်းအရမ်းကြီးကြိုးစားနေစရာမလိုပါဘူး.."
ကားလေးက မီးပွိုင့်၌ရပ်သွားခဲ့သည်။ ရှန့်ချန်က ကားကိုရပ်လိုက်သည်။ ထိုသူကို လှည့်ကြည့်လိုက်သည့်အခါ နီရဲနေသောမျက်လုံးများနှင့်ဆုံတွေ့လိုက်ရသည်။ သို့ရာတွင် ကျန်းရှီဝူက ပြုံးလိုက်ပြီး ဝိုင်မှခွန်အားများဖြင့်ပြောလိုက်လေသည်။
"တကယ်အဆင်မပြေတော့ရင် ငါတို့ကွာရှင်းလို့ရပါတယ်.."
"ကျွီ"
အနောက်မှကားက အရှေ့ကားကိုခပ်သွက်သွက်ကျိန်ဆဲလိုက်သော်လည်း ၎င်းက ကျော်သွားသည်အထိ ကားလေးကမရွေ့သေးဘဲ ဒရိုင်ဘာမှာ လိပ်ပြာလွင့်နေလေသည်။
..........
ထိုညမှစ၍ ရက်အတော်ကြာသည်အထိ အကြိမ်ပေါင်းများစွာ ထိုစကားများက ရှန့်ချန်၏နားထဲတွင် စွဲနေသေးသည်။ ထိုအချိန်က သူ့ဘက်မှ ကမ်းလှမ်းချက်ကို အလိုလိုငြင်းပယ်ခဲ့၍ ထူးခြားသွားသည့်အရာမရှိသည့်တိုင် သူ့နှလုံးသားက မတည်ငြိမ်နိုင်တော့ကြောင်း သူကိုယ်တိုင်သာသိလေသည်။
ထိုနေ့နောက်ပိုင်း ကျန်းရှီဝူက ကွာရှင်းမည့်အကြောင်း ထပ်မပြောတော့သော်လည်း ဤအကြောင်းက ရှန့်ချန်၏နားထဲတွင် ချိန်ကိုက်ဗုံးတစ်လုံးပမာ ကျန်ရစ်နေခဲ့သည်။ သူက ကျန်းရှီဝူ၏နေ့စဥ်ဘဝကို ပိုပြီးအာရုံစိုက်လာမိသည်။
ကြည့်နေရင်းမှ ထိုသူနှင့်လုပ်ဖော်ကိုင်ဖက်များက အလုပ်ပြီးသည်နှင့် စားသောက်ဆိုင်သွားကြသည်။ အမျိုးသမီးက လမ်းတစ်ဖက်မှအနောက်တိုင်းစားသောက်ဆိုင်ကိုရွေးချယ်လိုက်သည်။ အမျိုးသမီးက ကျန်းရှီဝူ အနောက်တိုင်းအစားအသောက်များကို မကြိုက်တတ်မှန်းလုံးဝမသိဘဲ ပြုံးနေခဲ့သည်။
ကျန်းရှီဝူနှင့် လုပ်ငန်းရှင်အသစ်က စီးပွားရေးကိစ္စပြောနေပုံကိုကြည့်သည့်အခါ အမျိုးသားက ကျန်းရှီဝူကို ကော်ဖီတိုက်ရုံဖြင့်ပြီးပြီဟု ထင်နေသည်။ ကျန်းရှီဝူက ခါးလွန်းသော cappuccino ကော်ဖီကိုမကြိုက်ဘဲ အချိုကြိုက်တတ်သည်ကို လုံးဝမသိပေ။
သူပိုပြီးကြည့်မိလေ၊ သူ့အနေဖြင့် ကျန်းရှီဝူကို လိုအပ်သည်ထက်ပင် ပိုသိနေကြောင်း သဘောပေါက်သွားခဲ့သည်။ သူက အခြားသူများထက်ပိုပြီး အရာအားလုံးကိုသိနေခဲ့သည်။ ကျန်းရှီအဝူကြောင်းကို သူ့ထက်မည်သူကမှပိုမသိနိုင်ပေ။ အကြောင်းမှာ သူက ထိုကောင်လေးအရွယ်ရောက်လာပုံကိုကြည့်ခဲ့ရသည်။ ယခုမူ ထိုသူက သူ့ဇနီးလေးဖြစ်နေပြီး အမြဲဖြစ်သွားပေလိမ့်မည်။
.............
ရှန့်ချန်၏အတွင်းရေးမှူးကပြောခဲ့ဖူးသည်။
"လူတစ်ယောက်ကိုသဘောကျတယ်ဆိုတာ သူတို့ကို ဂရုစိုက်ပေးချင်လာတာမျိုးပဲ.."
ဧည့်ခန်းထဲတွင်ထိုင်နေရင်း ညအိပ်ဝတ်စုံဖြင့် အဆာပြေမုန့်များကိုဝါးနေသောကျန်းရှီဝူကိုကြည့်ရင်း ရှန့်ချန်မှာ သူ ကျန်းရှီဝူကိုသဘောကျနေမှန်း ဖြည်းဖြည်းချင်းရိပ်မိလာခဲ့သည်။ ဤနားလည်မှုက အနည်းငယ်နောက်ကျနေပြီဆိုသော်လည်း သူ့ဇနီးလေးကိုပြောပြရန် သင့်တော်သောအချိန်ကိုရှာချင်သေးသည်။
သို့သော်လည်း သူ့ကိုခေါင်းကိုက်စေသောအချို့ပြဿနာများမှာ မကြာသေးခင်က ဖြစ်ပွားခဲ့ပြီး ၎င်းတို့က သူ၏မွေးဖွားလာမှုနှင့်ပတ်သက်နေခဲ့သည်။ သူ့ဘဝကထောက်လှမ်းခံနေရသည်။ တစ်ဖက်လူက ပေါ့သေးသေးမဟုတ်၍ သူ့ဘက်မှ ကြီးကြီးမားမားမလှုပ်ရှားရဲပေ။ သို့သော်လည်း သူက ငြိမ်ခံနေမည့်သူတော့ မဟုတ်ပေ။ အင်အားသုံးကာရှာဖွေကြည့်ပြီးနောက် ရှန့်ချန်မှာ ယင်းကကျိကုမ္ပဏီနှင့်ဆက်နွယ်နိုင်ကြောင်း ရှာတွေ့သွားကာ မည်သူမည်ဝါဖြစ်ကြောင်းစုံစမ်းရန် လူလွှတ်ထားလိုက်သည်။
ထိုသူမှာ ကျိအုပ်စု၏ဒုဥက္ကဌ ဒေါ်နယ်ဖြစ်နေလေ၏။
အတွင်းရေးမှူးကတင်ပြခဲ့သည်။
"သူဌေးက ကျိအုပ်စုရဲ့ဥက္ကဌကျိယွမ်ဖုန်းနဲ့သွေးသားတော်စပ်နိုင်ပါတယ်၊ ဒေါ်နယ်ရဲ့ရည်ရွယ်ချက်က သူဌေးကိုဆွဲထည့်တာ ဒါမှမဟုတ် ချုပ်ကိုင်ဖို့ပါ၊ ဒါပေမဲ့ သူဌေးကြောက်စရာမလိုပါဘူး၊ ကျိယွမ်ဖုန်းနဲ့သူဌေးသာသွေးသားတော်စပ်နေမယ်ဆိုရင် ကျိအုပ်စုရဲ့အောင်မြင်မှုကိုအရယူဖို့ဖြစ်နိုင်သွားပါပြီ၊ ဒါကကံကောင်းတာပါပဲ၊ ဒါပေမဲ့ ဥက္ကဌကျိကဒီအကြောင်းကို အချိန်တစ်ခုအထိမသိရသေးပါဘူး၊ သူဌေးဘက်ကသွားပြီး ညှိနှိုင်းချင်လား.."
ကုမ္ပဏီကိုဆက်ခံရန်မဖြစ်နိုင်ကြောင်း လူတိုင်းသိကြသည်။ ချမ်းသာသောမိသားစုတွင် ပါဝင်ပတ်သက်ရခြင်းက ရေဝဲထဲတွင်ပါနေရသလိုပင်ဖြစ်ပြီ
း မိုးပေါ်မှကျလာသောကိတ်မုန့်ကြီးက လူများကိုသေစေနိုင်လေသည်။
ရှန့်ချန်ကနှာမှုတ်လိုက်သည်။
"မလိုဘူး၊ ငါစိတ်မဝင်စားဘူး.."
သို့သော် လမ်းကြောင်းများက လူတစ်ယောက်ဆန္ဒရှိသလို ဘယ်သောအခါမှမသွားပေ။
☁️☁️☁️