☁️Chapter 168 (End Of Story)
ဒေါ်နယ်က တစ်ဆင့်ချင်းဖိအားပေးပြီး သူနှင့်ရင်ဆိုင်ရရန်အားကုန်သုံးခဲ့သည်။ တဖက်လူ၏ရဲရင့်မှုက သူ့အရိုးထဲမှယှဥ်ပြိုင်လိုစိတ်ကိုလှောင်ပြောင်ခဲ့ပြီး သူကလည်း အင်အားရှိသောရန်သူတစ်ယောက်နှင့်ရင်ဆိုင်ရချိန်မှာပင် စိန်ခေါ်မှုကိုမကြောက်ရွံ့ခဲ့ပေ။
သူက M နိုင်ငံမှအရေးများကိုဖြေရှင်းရန်စိတ်ဝင်စားနေချိန်တွင် ကျန်းရှီဝူ၏မိသားစု၌ ကိစ္စတစ်ခုဖြစ်ပျက်သွားခဲ့သည်။ ကျန်းဇစ်ချန်က လူတစ်ယောက်နှင့်အလုပ်တွဲလုပ်နေစဥ် သစ္စာဖောက်ခံလိုက်ရသည်။ ကုမ္ပဏီက ပျက်စီးနိုင်ခြေနှင့်ရင်ဆိုင်လိုက်ရသည်။ သတင်းကြားရချိန်တွင် သူက M နိုင်ငံထဲတွင်သာရှိနေသေးသည်။
အဖြေကိုစဥ်းစားနေချိန်တွင် ကျန်းဇစ်ချန်၏စိတ်နှင့်သာဆိုလျှင် သူ့အကူအညီကိုမယူလောက်မှန်းသာတွေးမိပြီး အတွင်းရေးမှူးကိုပြောလိုက်လေသည်။
"မင်းက တရုတ်ကိုအရင်ပြန်နှင့်လိုက်၊ ပြီးတော့ ကုမ္ပဏီကိုဘယ်သူကဝယ်မှာလဲဆိုတာကြည့်နေ၊ အရမ်းလည်းမသိသာစေနဲ့.."
ထိုအချိန်က သူ့အနေဖြင့် တရုတ်ပြည်ကို နောက်ထပ်ဆယ်ရက်အကြာတွင်ပြန်နိုင်လောက်ပြီး ထိုကိစ္စကို လူကိုယ်တိုင် အသေအချာဖြေရှင်းနိုင်မည်ဟုသာတွေးခဲ့သည်။ အရင်ဆုံး ဒေါ်နယ်ဆိုသော ဇာတ်ရှုပ်ကို ဖြေရှင်းရပေမည်။
သူအစည်းအဝေးတက်နေရသည့်နေ့တွင် ကျန်းရှီဝူ ကားမတော်တဆမှုဖြစ်ခဲ့သည်။ အတွင်းရေးမှူးဖုန်းခေါ်ချိန်တွင် သူက အစအနောက်ခံနေရသည်ဟုပင် ခဏမျှတွေးမိသွားသည်။ အတွင်းရေးမှူးက အလေးအနက်ထားပြီး နောက်တကြိမ်ထပ်ပြောလာသည်အထိပင်။
"သခင်လေးရဲ့ကားက အဝေးပြေးလမ်းပေါ်မှာမတော်တဆဖြစ်သွားပါတယ်၊ မိုးအရမ်းရွာနေလို့ တံတားကိုဝင်တိုက်မိတာပါ..."
ဖုန်းဝင်လာချိန်တွင် ရှန့်ချန်မှာ သူ့စိတ်က ဗလာအတိဖြစ်ပြီးရှုပ်ထွေးသွားရသည့်အဖြစ်မျိုးကို ဘဝ၌တစ်ကြိမ်မျှမကြုံခဲ့ရဖူးပေ။ သူ့နှလုံးက အားဖြင့်ဆုပ်ချေခံရသလိုဖြစ်နေပြီး တစ်ခဏမျှ အသက်မရှူနိုင်ခဲ့ပေ။
ရှန့်ချန်မှာ မေးခွန်းထုတ်လိုက်စဥ် အသံကိုဖျစ်ညှစ်လိုက်ရသလိုပင်။
"ကျန်း..."
အတွင်းရေးမှူးမှာ အသက်ကိုပင် ရဲရဲတင်းတင်းမရှူရဲဘဲ အမြန်ပြောရန်သာသတ္တိရှိတော့သည်။
"ကား ကားကတော့ မြစ်ထဲကိုကျသွားပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကိုလိုက်ရှာနေကြပါပြီ၊ ဒါပေမဲ့ မိုးကအရမ်းရွာနေတော့ သူတို့ပြောတာက နာရီနည်းနည်းလောက်ထပ်ရှာပြီးရင်..."
အတွင်းရေးမှူးမှာ ရှန့်ချန်၏ အေးစက်လှသောအသံကို ဖုန်းထဲမှတဆင့်ပင်ခံစားနေရလေသည်။
"ဆက်ရှာကြ..."
ပြတ်သားသောစကားတစ်ခွန်းက ဖုန်းတဖက်မှပေါ်လာသော်လည်း ပြင်းထန်သောအအေးဓာတ်က လူ့နှလုံးသားကို တုန်လှုပ်သွားစေရန်လုံလောက်ပေသည်။ ဖုန်းချလိုက်ပြီးနောက် အတွင်းရေးမှူးမှာ သေမင်းတံခါးဝမှလှည့်ပြန်ရသလိုမျိုး ချွေးစေးပြန်နေကြောင်း သိလိုက်ရလေသည်။
ရှန့်ချန်က မကြာခင်ပြန်လာရမည်ကို သိနေသော်လည်း အလွန်မြန်လိမ့်မည်ဟုမထင်ထားခဲ့ပေ။ သူက ပထမဆုံးအကြိမ်အဖြစ် ကျိအိမ်တော်၏ကိုယ်ပိုင်လေယာဥ်ကိုသုံးခဲ့ပြီး မြူနှင်းထုအလယ်တွင်ပေါ်လာခဲ့သည်။ အတွင်းရေးမှူးမှာ ထိုသူ၏နီရဲနေသောမျက်လုံးများနှင့် ကပိုကရိုအဝတ်အစားများကြောင့် ထိုသူကိုမမှတ်မိလုနီးပါးဖြစ်သွားခဲ့ရသည်။ သူတွေ့နေကျ ရင့်ကျက်ပြီးတည်ငြိမ်နေကာ မိုးကောင်းကင်ပြိုကျလာလျှင်ပင် မကြောက်ရွံ့မည့်အမျိုးသားမဟုတ်တော့ပေ။
"သူဌေး..."
ရှန့်ချန်က ပြောလိုက်သည်။ သူ့အသံက အနည်းငယ်မျှ ဩရှနေလေ၏။
"ရှာတွေ့ပြီလား..."
အတွင်းရေးမှူးက ညင်သာစွာဖြင့်ခေါင်းယမ်းလိုက်ပြီး ငိုမိတော့မလိုဖြစ်နေလေသည်။
"မိုးကအရမ်းကြီးတယ်၊ မနေ့တုန်းက မြစ်ကလည်းရေစီးသန်နေတယ်၊ ကားတော့ပြန်တွေ့တယ် ဒါပေမဲ့ ထူးဆန်းတာက လူ...လူကိုမတွေ့ရဘူး..."
ရက်အနည်းငယ်အတွင်းမှာပင် ရှန့်ချန်က အလွန်အိုစာသွားသလိုပင်။
အလွန်ထူးဆန်းနေသည်။ အလောင်းကိုလုံးဝရှာမတွေ့ပေ။ ရှာဖွေကယ်ဆယ်ရေးအသင်းကလည်း ထိုနေရာတွင်ဆက်တိုက်ရှိနေပြီး ရှန့်ချန်ကလည်းအမြဲတမ်းလာကြည့်ခဲ့သည်။ မည်သည့်အရာကိုမှရှာမတွေ့ပေ။ ရှန့်ချန်ကြည့်နေသည့်တလျှောက်လုံး ရှာဖွေကယ်ဆယ်ရေးအသင်းက ရှာဖွေနေရလေသည်။ တစ်ခုခုကိုမျက်ခြေပြတ်သွားမည်ကိုစိုးရိမ်သည့်အလား မျက်လုံးမမှိတ်နိုင်သလို အိပ်လည်းမအိပ်နိုင်ပေ။
အတွင်းရေးမှူးက သတင်းပို့လာလေသည်။
"ဘော့စ် တစ်ပတ်ရှိပါပြီ၊ ကုမ္ပဏီမှာလည်း လုပ်စရာတွေရှိပါသေးတယ်၊ ပြန်ချင်လားဗျ.."
ရှန့်ချန်: "ဒီကိုယူလာခဲ့၊ ဒီမှာပဲလုပ်မယ်.."
အတွင်းရေးမှူးမှာ သတ္တိမွေးပြီးပြောလိုက်ရသည်။
"တစ်ပတ်ရှိပါပြီ၊ ကျွန်တော်တို့ပြန်ပြီး အနား..."
ထင်သည့်အတိုင်းပင် စကားပင်မဆုံးသေးခင် ရှန့်ချန်ထံမှ ခက်ထန်သောအကြည့်တစ်ခုကရောက်လာလေသည်။ သွေးကြောများဖြင့်နီရဲနေသောမျက်လုံးတို့က သွေးဆာနေသောသားရဲတစ်ကောင်လိုပင်။ လူတို့၏နှလုံးကို တဒိတ်ဒိတ်ခုန်စေလေ၏။ သူ့မှာ စကားတို့ကို စိတ်ထဲတွင်ပင်သိမ်းထားလိုက်ရတော့သည်။
ရေဘူးတစ်ဘူးကရောက်လာလေ၏။
"ဒါဆိုရင်လည်း ရေလေးနည်းနည်းသောက်ပြီး တစ်ခုခုစားလိုက်ပါဦး၊ မဟုတ်ရင် ခန္ဓာကိုယ်ကမတောင့်ခံနိုင်တော့ဘဲ ဒီကနေဆက်ကြည့်နေလို့မရဘဲဖြစ်သွားလိမ့်မယ်.."
ရှန့်ချန်က သူ့လက်ထဲမှစားစရာကိုမယူဘဲ ရေကိုသာလှမ်းယူပြီး နှစ်ငုံမျှသောက်လိုက်လေ၏။ ထို့နောက် ညွှန်ကြားလိုက်သည်။
"ကုမ္ပဏီကနေပြီး စာရွက်စာတမ်းတွေနဲ့ ကွန်ပျူတာကိုယူလာခဲ့၊ တစ်ခုခုဆိုရင်..."
အတွင်းရေးမှူးမျက်လုံးအောက်တွင် သူ့အသံကစကားပြောနေရင်း တိုးလာလေ၏။ တစ်ခုခုကိုသိလိုက်သလိုမျိုး အမျိုးသားက သူ့ကိုစူးခနဲကြည့်လာလေသည်။ သူက တဖြည်းဖြည်းနှင့်လဲကျလုနီးပါးဖြစ်လာလေပြီ။
အတွင်းရေးမှူးက အမြန်ပင် လက်ပြန်ရုတ်လိုက်သည်။
"တောင်းပန်ပါတယ် သူဌေး မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ သူဌေးလည်း အကြာကြီးမရပ်နိုင်တော့ဘူး၊ ခဏလောက်နားလိုက်ပါ.."
ထို့နောက် သူက ခေါင်းပြန်လှည့်လိုက်သည်။
"တိုက်ခန်းကိုပြန်မယ်.."
ဒရိုင်ဘာက ကားကိုစမောင်းပြီး မြစ်ကမ်းဘေးမှခွာလာခဲ့သည်။
လူတိုင်းက ရှန့်ချန်၏စိတ်ကိုသိကြသည်။ အတွင်းရေးမှူးပင် ရှန့်ချန်နိုးလာလျှင် အသေခံရန် သူ့ကိုယ်သူပြင်ဆင်ထားလေသည်။ သို့သော်လည်း ရှန့်ချန်ကနိုးလာသည့်အခါ အံ့ဩစရာကောင်းလောက်အောင်တည်ငြိမ်နေမည်ဟု မည်သူကမျှမမျှော်လင့်ထားခဲ့ပေ။ တည်ငြိမ်လွန်းနေ၍ ပုံမှန်မဟုတ်သလိုပင်ထင်ရလေသည်။
အတွင်းရေးမှူးက သတိထားပြီးပြောလိုက်သည်။
"တောင်းပန်ပါတယ် သူဌေး..."
သို့သော်လည်း ရှန့်ချန်က တစ်ခွန်းသာမေးလာလေသည်။
"တွေ့ပြီလား..."
အတွင်းရေးမှူးက ခေါင်းယမ်းလိုက်သည်။ တကယ်တမ်းတွင် သူ့တို့စိတ်ထဲ၌ တစ်ပတ်ကျော်နေပြဖြစ်၍ ရှာမတွေ့လျှင် လူကအသက်ဆုံးပါးပြီးဖြစ်နိုင်သည်ဟု ခန့်မှန်းမိကြသည်။ သို့သော်လည်း မည်သူကမှမပြောရဲပေ။ မည်သူကမျှရှန့်ချန်ကို မဖျောင်းဖျရဲပေ။
သို့ရာတွင် အိပ်ရာမှနိုးလာသောအမျိုးသားက ရုတ်တရက်ကြီးစိတ်တည်ငြိမ်နေသည်။ သူက ထရပ်ကာ အခန်းထဲမှဆိုဖာပေါ်တွင်ထိုင်ချလိုက်သည်။ ကျန်းရှီဝူထားခဲ့သောစားပွဲပေါ်မှ ကော်ဖီခွက်လေးကိုကြည့်နေပြီးနောက် ၎င်းအောက်တွင် ပစ္စည်းအများအပြားကိုသိမ်းနေကျ အံဆွဲလေးတစ်ခုရှိသည်။ သို့သော်လည်း ယခုမူ ၎င်းက အလွတ်ဖြစ်နေလေ၏။
ရှန့်ချန်က ၎င်းကိုခဏမျှကြည့်နေလေသည်။ သူ့နှုတ်ခမ်းထောင့်တို့ကကော့တက်သွားကာ တောင့်တင်းသောအပြုံးဖြစ်လာလေသည်။
"အရမ်းစိတ်ဆိုးနေတာလား.."
မည်သည့်အရာမှမကျန်ရစ်ခဲ့ပေ။ ထိုသူကစိတ်ဆိုးလွန်း၍ သူ့ကို နောက်ဆုံးအဖြစ် တစ်ချက်လေးပင်မကြည့်သွားပေ။
အတွင်းရေးမှူးက ရှန့်ချန်တစ်ယောက် ထိုသို့သောအပြုံးဖြင့် တီးတိုးရေရွတ်နေသည်ကို တုန်လှုပ်စွာဖြင့် ကြည့်နေမိသည်။ သူက အနည်းငယ်မျှကြောက်လန့်လာမိပြီး သူဌေးရှန့်အတွက် စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်နှင့်တွေ့ပေးနိုင်လျှင် ပိုကောင်းနိုင်မလားဟုစဥ်းစားနေမိသည်။
သူထူးထူးဆန်းဆန်းလုပ်ခဲ့သောထိုတစ်ရက်မှလွဲပြီး ရှန့်ချန်က ပုံမှန်အတိုင်းပြန်ဖြစ်သွားပုံရသည်။ ထိုသူက ကျန်းရှီဝူအတွက် ဈာပနပွဲကိုကျင်းပပေးခဲ့သည်။ ကျန်းအိမ်တွင် လူအများကြီးမရှိသောကြောင့် မိသားစုအနည်းငယ်သာ လာရောက်ခဲ့ကြသည်။ သူ့ဘေးတွင် ကမ္ဗည်းတိုင်နှစ်တိုင်ရှိနေလေ၏။ ကျန်းဇစ်ချန်နှင့်ကျန်းမေ့လီတို့၏ ကမ္ဗည်းတိုင်တို့က ပုံမှန်မဟုတ်သောကြံ့ခိုင်မှုမျိုးဖြင့် အေးစက်သောလေအကြားတွင် တိတ်ဆိတ်စွာရှိနေကြလေ၏။
နေပြင်းပြီး ဆိုးရွားလှသောနေ့တစ်နေ့ပင်။ ရှန့်ချန်မှာ တနေ့လယ်ခင်းလုံး စကားတစ်လုံးမှမပြောဘဲ ကမ္ဗည်းတိုင်အရှေ့တွင်ထိုင်နေခဲ့သည်။ ကျန်းရှီဝူ၏ကမ္ဗည်းတိုင်လေးမှာ ကျောက်ပြားပေါ်မှ ပုံမှန်မဟုတ်ဘဲနက်ရှိုင်းပြီး ဖြုန်းတီးလွန်းသောစကားလုံးတို့မှရှိမနေဘဲ အလွန်တရာမှရိုးရှင်းလွန်းပြီး ကျောက်ပြားပေါ်၌ တောက်ပသောအပြုံးနှင့်ချစ်စရာကောင်းသောကောင်လေးတစ်ယောက်၏ဓာတ်ပုံသာရှိနေလေသည်။
မှောင်တော့မည်ကို သိလိုက်သည့်အခါ အတွင်းရေးမှူး၏နှုတ်ခမ်းတို့က လှုပ်ရှားလာကာ ပြောလိုက်လေ၏။
"သူဌေး သွားရတော့မယ်..."
ရှန့်ချန်က တိတ်ဆိတ်စွာပင်ထိုင်နေလေသည်။
"မင်းအရင်ပြန်လိုက်..."
အတွင်းရေးမှူးက တွန့်ဆုတ်နေလေသည်။
"ဒီမှာတစ်ညလုံးနေမလို့လား၊ ဒီနေရာကသုသာန်ပါ...မှောင်လာရင်အေးရုံတင်မကဘူး၊ သူဌေးတစ်ယောက်တည်းဖြစ်နေရင်....မကြောက်ဘူးလား.."
နောက်ဆုံးတွင် ရှန့်ချန်က အနည်းငယ်တုံ့ပြန်လာလေသည်။ သူက ကမ္ဗည်းတိုင်ကိုကြည့်နေလေ၏။ နက်ရှိုင်းလွန်းသောမျက်လုံးတို့က ပိုပြီးမှောင်မိုက်လာခဲ့သည်။ တစ်ခုခုကိုတွေးမိသွားသည့်နှယ် အမျိုးသား၏အသံကတိုးလျကာ ဖျော့တော့သောအသံဖြင့်ပြောလိုက်လေ၏။
"အဲဒီညက သူဘယ်လောက်တောင်အေးနေလိုက်မလဲ.."
ဘယ်လောက်တောင်ကြောက်နေလိမ့်မလဲ။
အေးစက်သောလေညင်းလေးကတိုက်ခတ်လာပြီး အတွင်းရေးမှူးမှာ တုန်တက်သွားလေသည်။ သူနှင့်ကျန်းရှီဝူမှာ အဆက်အဆံသိပ်မရှိသောကြောင့် ရှန့်ချန်၏လောဘကို နားမလည်ပေးနိုင်ပေ။ သို့သော်လည်း ရှန့်ချန်၏ပြောင်းလဲလာမှုတို့ကို ပိုပြီး တိုက်ရိုက်ခံစားနေရလေသည်။ သူ့ဇနီးသည်၏မတော်တဆမှုမတိုင်ခင် ရှန့်ချန်က အလုပ်ကိုစိတ်နှစ်၍လုပ်တတ်သည်။ ရင့်ကျက်တည်ငြိမ်သော်လည်း ကျန်းရှီဝူမတော်တဆဖြစ်ပြီးသည့်နောက်တွင် ရှန့်ချန်ကလူတစ်ယောက်အနေဖြင့်ပင် မည်မျှကြောက်စရာကောင်းမှန်း သူသိလာခဲ့သည်။
ဈာပနပွဲအပြီးတွင် ဤအမျိုးသားမှာပြောင်းလဲသွားခဲ့သည်။ ယခင်က ရှန့်ချန်မှာ စေတနာ့ဝန်ထမ်းဖြစ်ခဲ့သည်။ လုပ်ငန်းငယ်လေးများက ကောင်လေးများကြိုက်တတ်သောလက်ဆောင်မျိုးပေးရန် အချိန်တိုင်း သူ့ကိုတောင်းဆိုကြသည်။ အသစ်ထွက်လာသောသကြားလုံးများ၊ မနေ့ကထွက်သောဒရမ်မာများနှင့် ကျန်းရှီဝူ၏အကြိုက်ကို သူနားမလည်နိုင်ရသောအကြောင်းအရင်းများ။
ထိုအချိန်များက ရှန့်ချန်မှာ အလွန်စိတ်ပါနေခဲ့သည်။ ကျန်းရှီဝူကရှိနေခဲ့ပြီး ထိုမီးပန်းလေးက ရှန့်ချန်ကို စစ်မှန်ကာလူသားပီသစေခဲ့သော်လည်း လက်ရှိရှန့်ချန်ကမူ သူ့ဘဝမရှိတော့သလိုဖြစ်နေခဲ့သည်။
အတွင်းရေးမှူးက ရှန့်ချန် နောင်တရနေကြောင်းသိနေခဲ့သည်။ သူမပြောဖြစ်ခဲ့သောစကားများနှင့် မလုပ်ဖြစ်ခဲ့သည့်အရာများအတွက်နောင်တများက အမျိုးသားအတွက် လေးလံသောတောင်ကြီးတစ်လုံးကို ကျောပေါ်တင်ထားရသလိုဖြစ်နေလေသည်။ သူကသတ္တိမွေးကာ တစ်ခွန်းတည်းသာပြောလိုက်လေ၏။
"သခင်လေးကျန်းက သူဌေးကိုအပြစ်တင်နေမယ်လို့ ကျွန်တော်မထင်ပါဘူး.."
ထိုစကားများကြောင့် ရှန့်ချန်တည်ဆောက်ထားသော အခွံမာက အက်ကွဲသွားပုံရသည်။ အမျိုးသားက သူမတွေ့မမြင်ရသည်မှာကြာပြီဖြစ်သော ခက်ထန်သည့်အကြည့်မျိုးကိုပေးလာခဲ့လေသည်။
သူက ရှန့်ချန် သူ့ကိုဆူဆဲပြီး ပြင်းပြင်းထန်ထန်ဝေဖန်လိမ့်မည်ဟုထင်ထားခဲ့သည်။ ၎င်းကလည်း ကောင်းသည်ပင်။ ဤအမျိုးသားမှာ ထိန်းချုပ်ထားပုံရသည်။ ဖွင့်ထုတ်လိုက်လျှင်ကောင်းသွားလိမ့်မည်။
သို့သော်လည်း မဟုတ်ခဲ့ပေ။
ရှန့်ချန်ကပြောလာလေသည်။
"ကိုယ့်အလုပ်ပဲသွားလုပ်နေ..."
အခြားသောစကား၊ အခြားသောအမူအရာမျိုးမရှိတော့ပေ။ နေဝင်ဆည်းဆာ၏အလင်းရောင်ကကျရောက်နေသော်လည်း ရှင်းမပြတတ်လောက်အောင် ဝမ်းနည်းစရာကောင်းလေသည်။ ရှန့်ချန်ကိုကယ်တင်ပေးနိုင်မည့်သူက မည်သူမှမရှိတော့ပေ။ အေးချမ်းသွားသူနှင့် သို့တည်းမဟုတ် ရှင်လျက်ဖြင့်သေနေသူတွင် မည်သူက ပိုခံစားရမည်နည်း။ သူကိုယ်တိုင်ပင်တိကျသောအဖြေမျိုးမပေးနိုင်တော့ပေ။
ထိုအခြေအနေက အနက်နှင့်ရွှေရောင် VR ခေါင်းဆောင်းလေးမရောက်လာခင်အထိဆက်ရှိနေခဲ့သည်။
ပုံရိပ်အစစ်နှင့်နည်းပညာမြင့်ကွန်ရက်ဖြင့် ရှန့်ချန်ဖန်တီးထားသောကိရိယာလေး။ ထိုပစ္စည်းလေးက ရှန့်ချန်ကို ထိပ်တန်းကုမ္ပဏီတစ်ရာစာရင်းတွင်ဝင်နိုင်အောင်ကူညီပေးခဲ့ပြီး အီလက်ထရောနစ်အချက်အလက်လောကတွင် ဦးဆောင်စေနိုင်ခဲ့သည်။ အတွင်းရေးမှူးက ရှန့်ချန်တွင် အနက်နှင့်ရွှေရောင် အပိုဗားရှင်းခေါင်းဆောင်းတစ်ခုရှိသေးမှန်းသိထားခဲ့သည်။ ထိုသူက ၎င်းပစ္စည်းလေးကိုနေ့တိုင်းဝင်ကြည့်ပြီး ညပိုင်းများတွင်ကစားတတ်သည်။ နောက်တနေ့တွင် သူကတက်ကြွသွားလေသည်။ နည်းပညာမြင့်ဇာတ်ကောင်ကမည်သူဖြစ်ပြီး ရှန့်ချန်က မည်သူ့ပုံစံဖန်တီးထားပါသနည်း။ သူမသိပေ။
သို့ရာတွင် စက်လေးက ရှန့်ချန်၏အန္တရာယ်များသောစိတ်ပိုင်းဆိုင်ရာအခြေအနေကို ကယ်တင်ပေးခဲ့သည်။ ကံခေသည်မှာ ဆယ်စုနှစ်တစ်စုကြာသည်အထိ သူ၏ခေါင်းဆောင်းထဲတွင် မည်သူ့ပုံစံကိုပရိုဂရမ်သွင်းထားမှန်း အတိအကျမသိရပေ။ ရှန့်ချန်ဆုံးပါးသွားပြီးမှ
အတွင်းရေးမှူးက သူ့ပစ္စည်းများကိုရှင်းလင်းနေစဥ် အနက်နှင့်ရွှေရောင်ဂိမ်းစက်ကို ရှာတွေ့သွားလေသည်။
သိချင်စိတ်ဖြင့် သူကခေါင်းတွင်တပ်ကြည့်ပြီး အစခလုတ်ကိုနှိပ်လိုက်သည်။ ဂိမ်းထဲသို့မဝင်ခင် ရှန့်ချန်က သူ့ကိုအဖော်ပြုပေးမည့်ဇနီးလေးကို ဖန်တီးထားပြီး ပြီးပြည့်စုံသောအိမ်ထောင်ရေးကိုပြန်လည်ပုံဖော်ထားသည်ဟုထင်ခဲ့သည်။ သို့ရာတွင် ပေ့ချ်က ဖြည်းဖြည်းချင်းပြန်လည်စတင်ပြီး သူ့အရှေ့တွင်ပေါ်လာသည်က ကျောင်း၏လမ်းလေးဖြစ်နေခဲ့သည်။
သူက ရှန့်ချန်ဇာတ်ကောင်၏ရှုထောင့်မှ အလိုအလျောက်ဖြစ်သွားပြီး မတ်တပ်ရပ်နေခဲ့သည်။ ထို့နောက် အတန်းထဲသို့လျှောက်သွားလိုက်ပြီး အနောက်တန်းခုံတွင်ရပ်နေသော ဝသော်လည်းချစ်စရာကောင်းသည့်ကောင်လေးကို တွေ့လိုက်ရသည်။ ထိုသူက လက်ထဲတွင်တစ်ခုခုကိုင်ထားပုံရပြီး သူ့ကို ကို့ရို့ကားယားနှင့် အူကြောင်ကြောင်အပြုံးမျိုးအား ပြုံးပြနေလေသည်။ ထိုသူက လက်ထဲမှရည်းစားစာကို တင်းနေအောင်ညှစ်ထားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်ရှင်းပြလာရှာလေ၏။
"ငါ...ငါမင်းဆီကနေ ဘာမှမခိုးပါဘူး.."
☁️☁️☁️
💥Note ... စာဖတ်သူတို့ရေ ..
Novel extra ဒါပဲရှိပါတယ်
သူပြောထားတာလည်း ဒီအပိုင်းက နောက်ဆုံးဆိုပေမဲ့
ရှိဦးမလာ
းရှာကြည့်ခဲ့ပါတယ် ဒါပေမဲ့ Mtl မှာလည်းမရှိ ဘယ်မှာမှလည်း ရှာမတွေ့တော့ပါဘူးရှင် ...💥
အဆင်မပြေဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ရှင် ..
TRANSLATED BY - IQ TEAM
THANKS 😘