☁️Chapter 166
Extra 1
"စာရေးသူမှပြောချင်သောစကား"
Extra တွေဟာ open - end ဖြစ်ပြီး သပ်သပ်စီပါ။ ပင်မအပိုင်းတွေနဲ့မဆိုင်ပါဘူး။
ယခင်ဘဝ၌။
ကျန်းရှီဝူအား ရှန့်ချန် ပထမဆုံးမြင်ဖူးချိန်မှာ မထင်မှတ်ထားချိန်၌ဖြစ်သည်။
ထိုအချိန်က ငါးတန်းတွင်ဖြစ်ပြီး နှစ်အစ ကျောင်းဖွင့်ချိန်သာရှိသေးသည်။ ကောချန်က ကျူရှင်ခမပေးသောကြောင့် အတန်းပိုင်ကလည်း သူ့ထံမှပိုက်ဆံတောင်းနေခဲ့သည်။ သူမပေးနိုင်လျှင် ကျောင်းထုတ်ခံရလိမ့်မည်ဟုလည်းပြောခဲ့သည်။
အတန်းပိုင်က ကူကယ်ရာမဲ့စွာဆိုပါ၏။
"အတန်းထဲမှာ မပေးရသေးတဲ့သူက မင်းတစ်ယောက်တည်းပဲကျန်တော့တယ်၊ တစ်ပတ်တောင်ရှိပြီ၊ ဆရာလည်းလုပ်ပေးနိုင်တာမရှိဘူး.."
ဤအရွယ်တွင် ကလေးများက စဥ်းစားချင့်ချိန်ကာ ခွဲခြားသိမြင်နိုင်ကြလေပြီ။
အတန်းထဲမှကလေးများအားလုံးက အရှေ့ဆုံးတန်းမှ စာတော်သောအတန်းကိုယ်စားလှယ်ကို လှည့်ကြည့်လိုက်ကြသည်။
ရှန့်ချန်က သူ့ခုံတွင်ထိုင်ချလိုက်ကာ ပြန်ပြောလိုက်လေ၏။
"နားလည်ပါပြီ.."
တကယ်တမ်း၌ ထိုအရွယ်ကလေးများအားလုံးက နားလည်နေကြပြီဖြစ်သည်။ ထို့ကြောင့် လူအများ၏အကြည့်များအားလုံးက လှောင်ပြောင်ကဲ့ရဲ့နေသည်ဟုမထင်ရသည့်တိုင် စိတ်ထဲမှကျိတ်ကာလှောင်ပြောင်ခြင်းနေမှာ ပို၍ပင်စိတ်တိုစရာကောင်းလေသည်။
သူ၏ခက်ခဲကျပ်တည်းနေသောအခြေအနေတွင် အတန်းထဲမှ နောက်ထပ်ကောင်လေးတစ်ယောက်ဖြစ်သောကျန်းရှီဝူက မတ်တပ်ထရပ်လာသည်။ ကောင်လေးက ဖက်တီးပုတ်လေးဖြစ်ပြီး သူကအမြဲရန်ဖြစ်တတ်ကာ လျစ်လျူရှုခံနေလျှင်ပင် အေးဆေးပင်။ သူ့မိသားစုကသူ့ကိုအလိုလိုက်ထားလေရာ အစားအသောက် အဝတ်အစားကိုမပူပင်ရပေ။ သူက သူ့ပိုက်ဆံနှင့်ပင်ဂုဏ်ရှိနေလေသည်။
ညနေခင်းတစ်ခုတွင် ဗိုက်ဆာလာသောကျန်းရှီဝူက ကျောင်းဘေးလမ်းရှိ မုန့်ဆိုင်မှအစားအသောက်ကိုဝယ်စားသော်လည်း ဖြတ်သွားသောကျောင်းသားများထံမှအလှောင်ခံလိုက်ရချိန်၌ အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့သည်။
"လမ်းပိတ်နေတာကိုရပ်လိုက်လို့ရမလား.."
"အေးလေ မင်းက ဝက်လိုဝနေတာပဲ.."
"ဟားဟားဟား သူကတကယ်ပဲ ဝက်နဲ့တူတယ်၊ ဖက်တီးဝက်လေ..."
ယခုလိုလှောင်ပြောင်ပြီး ရွံရှာနေကြသောအကြည့်များနှင့်ကြုံရပုံကို ရှန့်ချန်က အကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ရဖူးသည်။ သူသာဆိုလျှင် လျစ်လျူရှုထားလိုက်မည်ဆိုသော်လည်း ကျန်းရှီဝူ၏တုံ့ပြန်ပုံက သူထင်ထားပုံနှင့်ကွာခြားနေခဲ့သည်။
"အိုး.."
နာနာကျင်ကျင်အော်ဟစ်လိုက်သံက ထွက်လာလေသည်။
လှောင်နေသောအုပ်စု၏ခေါင်းဆောင်က မြေကြီးပေါ်ကိုပစ်လဲသွားပြီး ရိုးအေးသလိုထင်ရသောကျန်းရှီဝူထံမှ သူတို့ထွက်ပြေးသွားသည်အထိ ဒေါသတကြီးဖြင့် ရိုက်နှက်နေခံလိုက်ရသည်။
အလွန်လေးစားစရာကောင်းသည်။ အလွန်ရက်စက်ပြီး ရဲရင့်လှသည်။
ယခုကဲ့သို့ ထက်သန်ပြီး အဆင်အခြင်မဲ့သောအပြုအမူက ရှန့်ချန် တစ်ကြိမ်မှမလုပ်ခဲ့ဖူးသည့်ကိစ္စပင်ဖြစ်လေသည်။ သူက လမ်းဘေးတွင်ရပ်ကာ လမ်းတဖက်မှကျန်းရှီဝူကိုလှမ်းကြည့်လိုက်သည်။ ညနေခင်းနေရောင်ခြည်က ကောင်လေး၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်နေပြီး နေတစ်စင်းပမာ တောက်ပနေစေသည်။
အမှန်ပင် နောက်ထပ်တစ်နာရီခွဲအကြာ၌ ရှန့်ချန်မှာ "သတ္တိရှိသည်" ဆိုသောစကားကို နောက်တစ်ကြိမ် ငြင်းလိုက်ရသည်။ အိမ်တွင်ဆိုလျှင် အလွန်ဆူညံသောကြောင့် သူက အိမ်စာလုပ်ရန်အတွက် ပန်းခြံထဲမှ မျှော်စင်ကိုလာတတ်သည်။ သူအမြဲသွားနေကျဖြစ်သောထိုနေရာတွင် ရင်းနှီးနေသောပုံရိပ်တစ်ခုက နေရာဦးထားလေ၏။
ကျန်းရှီဝူက မျှော်စင်ပေါ်တွင်ထိုင်ကာငိုနေခဲ့သည်။
အကြောမာသောမျက်နှာထားဖြင့် ရန်ဖြစ်ထားသည့် ထိုဖက်တီးလေးက ဤတစ်ကြိမ်တွင် တကယ်ကို မခံမရပ်နိုင်မှုများဖြင့် ဘောလုံးလေးနှယ်ကွေးနေခဲ့သည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်ပြီး ဒေါသထွက်နေပုံရသည်။ ဆိုးဆိုးရွားရွားထိခိုက်ထားပြီး နာကျင်သလို ရေရွတ်နေသေးသည်။
"ဘာကိုဝက်ပုတ်လဲ၊ ငါကလူ၊ ဝက်မဟုတ်ဘူး..."
အတန်းထဲတွင် သူ့ခွန်အားကိုပြတတ်ပြီး မည်သူကမှသူ့ကိုမရယ်ရဲခဲ့သော၊ သန်မာပုံရသော အာဏာရှင်လေးမှာ ကျိတ်ငိုနေရှာလေ၏။
တစ်ယောက်ယောက်က အနားတွင်ရှိနေသည်ကိုသိနေသည့်နှယ် ကျန်းရှီဝူက ရှန့်ချန်ရှိနေသည့်ဘက်သို့လှည့်ကြည့်လာကာ အကြောင်းအရင်းအချို့ကြောင့် ရှန့်ချန်က ကျောက်သားရုပ်အနောက်ထဲသို့ လှစ်ခနဲဝင်ပုန်းလိုက်မိသည်။
ထိုနေ့လယ်တွင် သူက တစ်နာရီခွဲမျှကြာသည်အထိ စကားပြောရင်းငိုကြွေးနေသံကို နားထောင်နေခဲ့ပြီး ကောင်လေးက သူ့မျက်စိရှေ့မှ တဖြည်းဖြည်းထွက်သွားသည်ကိုကြည့်နေခဲ့သည်။ ကျန်းရှီဝူ၏နာမည်ကြောင့် သူတို့က မတော်တဆဆုံတွေ့မိရုံဆိုသော်လည်း ရှန့်ချန်၏ကမ္ဘာထဲတွင် ရှင်းပြရခက်သော ဝဋ်ကြွေးတစ်ခုဖြစ်လာစေခဲ့သည်။ သူတစ်ယောက်တည်း သန်မာသလိုဟန်ဆောင်နေရခြင်းမဟုတ်ကြောင်း မတော်တဆသိလိုက်ရသည်။ အလိုလိုက်ခံထားရသည့် သခင်ငယ်လေးတွင်လည်း အားနည်းသည့်တစ်ဖက်ခြမ်းရှိနိုင်ကြောင်း သိလိုက်ရ၏။
ရှင်းပြရခက်စွာဖြင့် သူ ကျန်းရှီဝူကိုသတိပြုကာ လေ့လာကြည့်မိသည်။ သူ ယင်းကိုတွေ့လိုက်ရသည့်အခါ ထိုသူက အလွန်တုံးသော်လည်း စိတ်ထားကအလွန်ချစ်စရာကောင်းမှန်းသိလိုက်ရသည်။
၎င်းက အလွန်ဆန်းကြယ်ကြောင်း ထိုသူ၏ မလိမ့်တပတ်လုပ်တတ်ပုံကိုကြည့်ပြီး သိလိုက်ရသည်။ ထိုသူမှာ ဝပြီးအရေထူသော်လည်း သစ်ပင်ပေါ်မှကြောင်လေးကိုကယ်တင်ရင်းဖြင့် ပြုတ်ကျ၍ငိုနေသည်ကိုလည်းတွေ့ခဲ့ရသည်။ အခြားသူများက သူ့အားအနိုင်ကျင့်သည့်အခါ သတ္တိရှိရှိဖြင့် ပြန်လည်တိုက်ခိုက်ပုံကိုကြည့်ခဲ့ရကာ ထိုသူ တိတ်တိတ်လေးမျက်ရည်သုတ်နေပုံကိုလည်း မြင်တွေ့ခဲ့ရလေသည်။
အချိန်အများစုတွင် သူကဘေးမှရပ်ကြည့်သူသာဖြစ်နေခဲ့သည်။ ၎င်းတို့အားလုံးကို အေးစက်သောမျက်လုံးတို့ဖြင့် စူးစမ်းလေ့လာသူပမာကြည့်နေခဲ့သည်။ မည်သည့်ရည်ရွယ်ချက်မှမရှိခဲ့သည့်တိုင် ထိုအကျင့်က သူမသိလိုက်ခင်မှာပင် သူ့အရိုးများထဲတွင် အမြစ်တွယ်နေပုံရသည်။
ထိုအချိန်မရောက်ခင်အထိ....
"ဟယ်လို ရှန့်ချန်.."
သူ့အရှေ့ရှိဖက်တီးပုပ်လေးက မျက်နှာလေးရဲနေကာ မျက်လုံးတို့ကဂဏာမငြိမ်ဘဲ စကားတစ်ခွန်းကိုပင် အသေအချာမပြောနိုင်ပေ။
"ငါမင်းကိုသဘောကျတယ်.."
ကပေါက်တိကပေါက်ချာ စကားလုံးများဖြင့်ရည်းစားစာတစ်စောင်က သူ့ထံရောက်လာခဲ့သည်။
ရှန့်ချန် ငုံ့ကြည့်လိုက်သည်။ အနည်းငယ်အံ့ဩသွားရသော်လည်း တည်ငြိမ်စွာပင်ပြောလိုက်သည်။
"ဆောရီး..."
ယခင်ကလည်း မကြာခဏငြင်းခဲ့ဖူးသည်။ သို့တစေ ကျန်းရှီဝူ၏စိတ်ထိခိုက်သွားသောပုံစံနှင့် မျက်လုံးတို့က သူ့အတွက်အထူးဆန်းဆုံးဖြစ်စေသည်။ ဘာကြောင့်မှန်းမသိဘဲ သူ့အရှေ့မှပုဂ္ဂိုလ်လေးကို ပို၍ဂရုစိုက်နေမိလင့်ကစား ကုန်လွန်ခဲ့ပြီးသောအချိန်များကတည်းက ကျန်းရှီဝူဟူသော ဤပုဂ္ဂိုလ်လေးမှာ သူ့ဘဝထဲသို့ဝင်လာကာ မေးခွန်းထုတ်ရခက်သောနည်းလမ်းဖြင့် ပေါ်လာခဲ့သည်ကိုမူ မငြင်းပယ်နိုင်ခဲ့ပေ။
သူက ကျန်းရှီဝူ၏အကျင့်စရိုက်နှင့်ဆိုပါက စိတ်တက်ကြွနေမှုတို့ကကြာကြာခံမည်ဟုထင်ခဲ့သည်။ ဤကလေးဆန်သောသဘာဝအရ မကြာခင်မှာပင် လက်မြှောက်အရှုံးပေးသွားလိမ့်မည်။
သို့ရာတွင် မထင်ထားဘဲ ကျန်းရှီဝူက ဤကိစ္စအပေါ်တွင် တောင့်ခံထားနိုင်ပြီး ဇွဲနပဲကြီးစွာဆက်ကစားနေခဲ့သည်။
"ရှန့်ချန်.."
"ရှန့်ချန်..."
"ရှန့်ချန် ငါမင်းကိုသဘောကျတယ်.."
"ဟယ်လို ငါတို့တွေ တစ်တန်းတည်းကျပြန်ပြီ.."
"......"
အချို့လူများက တောထဲမှမြက်ပင်များနှင့်တူသည်။ ပေါက်ကာစတွင်သတိမထားမိသေးဘဲ အလျှင်အမြန်ပြန့်ပွားကာ အမြစ်တွယ်တတ်လာမှ ၎င်းတို့၏ကြီးထွားမှုကို နားလည်နိုင်လိမ့်မည်။
သူက အမြဲ ကျန်းရှီဝူကို အပြင်လူဟုမြင်နေခဲ့ပြီး ထိုသူကိုမချစ်မိရန်ဆုံးဖြတ်ထားခဲ့သည်။ ထို့နောက် မထင်မှတ်ထားသည့်အရာတစ်ခုဖြစ်လာပြီး ကျန်းရှီဝူကသူ့ကို လက်ထပ်ရန်စေ့စပ်ခဲ့သည်။
စေ့စပ်သည့်အချိန်က ကျန်းရှီဝူမှာ စဥ်းစားချင့်ချိန်တတ်ပြီး သူ့အနေဖြင့် အားငယ်နေလိမ့်မည်ဟုထင်နေခဲ့သည်။ ထို့အပြင် ၎င်းက မတိုးတက်သေးသောကာလတွင်ဖြစ်လာသော အိမ်ထောင်ရေးပင်။ ထိုအချိန်တွင် သူက အဖြူနှင့်အမည်းစာရွက်ပေါ်မှ နာမည်များကိုကြည့်နေရင်း အံ့ဩစရာကောင်းလောက်အောင်တည်ငြိမ်နေခဲ့သည်။ ကျန်းရှီဝူအမည်နှင့်သူ့အမည်ကို အတူရေးထိုးထားခဲ့ပြီး ထိုအချိန်မှစကာ သူတို့ကတရားဝင်လက်ထပ်ပြီးဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။
ကျန်းရှီဝူ၏မျက်လုံးတို့က တောက်ပရွှန်းလဲ့နေခဲ့ကာ သူ့အားမျှော်လင့်ချက်အနည်းငယ်ဖြင့်ကြည့်နေခဲ့သည်။
"ငါတို့က အခုအချိန်ကစပြီး အကြင်လင်မယားဖြစ်သွားပြီနော်.."
အကြင်လင်မယား။
လက်ထပ်ပွဲ....
သူ့အမြင်တွင် ကောချန်နှင့်ရှန့်သာ့ရှန်းတို့က အမြဲစကားများကြပြီး အိမ်နီးချင်းများကလည်း အခန့်မသင့်တိုင်း ဖောက်ပြန်ကာစကားများကြသည်။ အကြင်လင်မယားများ၏ဘဝက မည်သည့်ပုံစံဖြစ်သင့်မှန်း သူနားမလည်ခဲ့သလို မည်သူကမှလည်းသူ့ကိုမသင်ပေးခဲ့ကြပေ။
ချစ်လွန်း၍ ကော်နှင့်ကပ်ထားသလိုလင်မယားများလည်းရှိနိုင်သည်။ သို့သော် သူနှင့်ကျန်းရှီဝူအတွက်ကမသင့်လျော်ပေ။ သူ့ဘက်မှ ကျန်းရှီဝူကို ထိုသို့သောဘဝမျိုးကိုမပေးချင်ပေ။ အခြားလင်မယားများအတွက် ပုံမှန်ပင်ဆိုသော်လည်း တာဝန်ယူမှုဆိုသောအရာကို သူနားလည်သည်။ အကြင်လင်မယားများအဖြစ် ကောင်းကောင်းနေချင်လျှင် ပိုက်ဆံအမြောက်အများလိုကြောင်း သူသိလေသည်။ သို့မှသာ ရှန့်သာ့ရှန်းနှင့်ကောချန်တို့လို ပိုက်ဆံအတွက်နှင့် စကားမများရမည်ဖြစ်လေ၏။ သူတို့၏ဇနီးသည်များကို စောင့်ရှောက်နိုင်ရမည်။ လူကောင်းတစ်ယောက်ပေါ်လာလျှင် မိသားစုထဲ၌အထင်လွဲရပြီး ပြိုကွဲသွားရန်လွယ်ကူသွားလိမ့်မည်။
ထို့ကြောင့် သူက အိမ်ထောင်ရေးပြဿနာများကို ကိုင်တွယ်နိုင်မည်ဟုထင်ခဲ့သည်။
သူက အသေအချာကိုင်တွယ်နိုင်ခဲ့သည်။ သူ၏ကိုယ်ပိုင်စီးပွားရေးကိုစတင်နိုင်ခဲ့သည်။ ကိုယ်ပိုင်ကုမ္ပဏီကိုဖွင့်လှစ်နိုင်ခဲ့သည်။ တဖြည်းဖြည်းနှင့်ပိုက်ဆံစုနိုင်လာပြီး ပိုက်ဆံအမြောက်အများရလာခဲ့သည်။ သူနှင့်ကျန်းရှီဝူက ပိုက်ဆံအတွက်နှင့် တစ်ခါမှရန်မဖြစ်ရ၍ စိတ်ချမ်းသာရလေသည်။
သူတို့အိမ်ထောင်ရေး၏အစပိုင်းတွင် အရာအားလုံးကအဆင်ပြေနေသော်လည်း တစ်ခုတည်းသောပြဿနာမှာ ထိုနှစ်များအတွင်း ကျန်းရှီဝူက ထူးဆန်းစွာဖြင့် ဝိတ်ကျသွားခဲ့သည်။ ပို၍ကြည့်ကောင်းလာပြီး အနားမှလူများကလည်း သူ့ကိုကွဲပြားစွာမြင်လာကြသည်။ သို့သော်လည်း သူ့ဇနီးလေးက သတိမထားတတ်ပေ။
တစ်နေ့၌ ကျန်းရှီဝူ ရေချိုးခန်းထဲ၌ ရေချိုးနေချိန် ရှန့်ချန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မက်ဆေ့ချ်အများအပြား ပို့လာသည်ကိုတွေ့လိုက်ရသည်။ ထိုအချိန်လေးမှာပင် ရှန့်ချန်ကသတိချပ်သွားမိသည်။ သူက ကျန်းရှီဝူ၏ဖုန်းကိုကြည့်နေရင်း အကြာကြီးငြိမ်နေမိသည်။ သူ့ဘက်မှကျန်းရှီဝူနှင့်စကားမများချင်ပေ။ ဇနီးမောင်နှံများရန်ဖြစ်ကြတိုင်း ဇနီးသည်က အော်ကြီးဟစ်ကျယ်ငိုတတ်ကြသည်။
ယောကျ်ားကောင်းတစ်ယောက်က ဇနီးသည်ကို ငိုအောင်မလုပ်သင့်ကြောင်း သူသိလေ၏။ သူ မငြင်းခုန်နိုင်သလို ၎င်းက သူ့ဇနီးလေး၏အပြစ်မဟုတ်ပေ။ သူရန်ဖြစ်လျှင် ကျန်းရှီဝူက စိတ်ဆင်းရဲရလိမ့်မည်။ "ဘာကြောင့်" ကအရေးမဟုတ်ဘဲ အဖြေကသာအရေးကြီးလေသည်။ ရှန့်သာ့ရှန်းက ပိုက်ဆံရတိုင်း ကောချန်ကိုပေးတတ်သည်။ သူမက အလွန်ပျော်ရွှင်သွားတတ်သည်။ ထို့ကြောင့် လုပ်ရမည့်ကိစ္စက အလွယ်လေးပင်။
ထို့ကြောင့် ကျန်းရှီဝူ ရေချိုးခန်းထဲမှထွက်လာသည့်အခါ ရှန့်ချန်၏မျက်ဝန်းများဖြင့် ဆုံတွေ့သွားလေတော့သည်။
သူ့ခင်ပွန်းက ဧည့်ခန်းထဲတွင်ထိုင်နေပြီး သူထွက်လာသည်ကိုမြင်သွားခဲ့သည်။ သူ့ကိုမျက်လွှာပင့်ကြည့်လာပြီး အနည်းငယ်စူးရှသောမျက်လုံးတို့က သူ့ခန္ဓာကိုယ်အပေါ်တွင် ရွေ့လျားနေလေသည်။ ထိုသူ၏အကြည့်က ကျန်းရှီဝူကို ရှင်းပြရခက်စွာဖြင့် ရှက်ရွံ့စေသည်။ သူတို့လက်ထပ်ခဲ့ကြသည်မှာကြာပြီဆိုသော်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုထားကြသည်။ သူ ဆွဲဆောင်မှုရှိသော ညအိပ်ဝတ်စုံကို ဆင်တူတစ်စုံဝယ်ထား၏။ ရှန့်ချန်က ဒီလိုပုံစံမျိုးကိုကြိုက်တာလား။
တွေးနေရင်းမှ ကျန်းရှီဝူမှာ အနည်းငယ်ရှက်သွားလေသည်။
"ကောင်းလား.."
ဆိုဖာတွင်ထိုင်နေသောအမျိုးသားက ပြောလာလေသည်။
"ဒီကိုလာဦး.."
သူက စကားပြောရန်အလုပ်တွင် သူ့အမျိုးသားမှ မျက်နှာသေကြီးဖြင့် ကတ်တစ်ကတ်ကိုထုတ်ကာ ပြောလာလေ၏။
"ဒါကငါ့ရဲ့အပိုကတ်၊ မကြာခင်ရက်ပိုင်းလောက်က အလုပ်လုပ်ထားတော့ အထဲမှာ ပိုက်ဆံနည်းနည်းရှိတယ်..."
ဘာ။
ကျန်းရှီဝူမှာ အနည်းငယ်မျှ စိတ်ရှုပ်ထွေးသွားကာ တွန့်ဆုတ်သွားလေသည်။
"ငါ့အတွက်လား၊ ဘာလို့လဲ.."
ရှန့်ချန်က ဘာဝယ်ရမည်ကို မသိပေ။ သူက ကျန်းရှီဝူကို ပျော်စေချင်ရုံသာ။ သူကဘာကိုမှမတွေးရသေးသောကြောင့် ကျန်းရှီဝူကိုတစ်ချက်ကြည့်ပြီး ပုံမှန်လိုသာပြောလိုက်လေ၏။
"အဝတ်အစား၊ ညအိပ်ဝတ်စုံ၊ ဘာဖြစ်ဖြစ်.."
ဘာပြောတယ်။
ကျန်းရှီဝူမှာ ရေအေးတစ်ပုံးဖြင့်အပက်ခံလိုက်ရသလိုပင်။ သူက စတိုင်လ်အသစ်ကိုစမ်းကြည့်ချင်ပေမဲ့ ဒီတုံ့ပြန်ပုံကဘယ်လိုကြီးလဲ။ ဒါကအရမ်းရုပ်ဆိုးလွန်းလို့ မင်းက ငါ့ကိုပိုက်ဆံပေးပြီး ညအိပ်ဝတ်စုံအသစ်ကိုချက်ချင်းဝယ်ခိုင်းတာလား။
☁️☁️☁️