☁️Chapter 165 (End)
ကျန်းရှီဝူပြောလိုက်ပြီးသည်နှင့် တိခနဲငြိမ်သက်သွားလေသည်။
ထို့နောက် မိန်းကလေးပရိသတ်တစ်ယောက်က ဝူးခနဲအော်လိုက်လေ၏။ စတိတ်စင်ပေါ်မှ အစီအစဥ်တင်ဆက်သူပင် "အဒေါ်ကြီး" အပြုံးဖြင့် ပြုံးနေခဲ့သည်။ တဝေါဝေါရယ်နေသည့်အနက် စင်အောက်မှ သူဌေးရှန့်၏မျက်နှာ မှောင်မည်းလာသည်ကို မည်သူကမှသတိမထားမိကြပေ။ ကျန်းရှီဝူလည်း အလွန်အားနာနေမိသည်။ သူ့စကားအဆုံးတွင် သူတစ်ယောက်တည်းသာ ထိုသူကိုခိုးကြည့်ရဲလေ၏။
အမျိုးသား၏ပုံစံက ခန့်ညားနေပြီး ကျန်းရှီဝူကို မျက်လုံးပင့်ပြီးကြည့်လာလေသည်။ ထိုသူအနားမှလေထုဖိအားက အတန်ငယ်နိမ့်နေလေ၏။ ကျန်းရှီဝူမှာ လက်သီးကိုတင်းတင်းဆုပ်မိလင့်ကစား ယခုလိုကြောက်စရာကောင်းသည့်အခြေအနေတွင် ရှန့်ချန်ကပြုံးနေလေသည်။ ထိုအပြုံးက သူ့အသည်းနှလုံးကို ဆွဲညှစ်ထားသလိုဖြစ်စေသည်။
ကျန်းရှီဝူမှာ အပြစ်ရှိစိတ်ကိုအတိုင်းမသိခံစားရသည့်တိုင် စဥ်းစားကြည့်ပြီးနောက် အမြန်ပင် သူမှန်သည်ဟုပြန်တွေးလိုက်သည်။ ပြီးတော့ သူကအခုစင်ပေါ်မှာ အင်တာဗျူးနေတုန်းလေ။ ရှန့်ချန်ကသူ့ကို ဆွဲချပြီးကိုက်စားလို့ရမှာမလို့လား။
"ကောင်းပါပြီဗျ ဒါဆို ဒါရိုက်တာဝမ်ကိုနည်းနည်းလောက်မေးကြည့်လိုက်ရအောင်.."
အစီအစဥ်တင်ဆက်သူက စကားခေါင်းစဥ်ကို သူ့ဘေးမှဒါရိုက်တာထံပြောင်းလိုက်လေသည်။
ဒါရိုက်တာဝမ်က အရှေ့တိုးလာပြီး မိုက်ခ်ကိုယူကာစကားစပြောတော့မည့်အချိန် ဘေး၌ထိုင်နေသောကျန်းရှီဝူက အနားရသွားခဲ့သည်။ သူ စင်ပေါ်မှဆင်းသည့်အခါ စင်အနောက်တွင် ဝင်လိုက်ထွက်လိုက်လုပ်နေကြသူများက အများအပြားရှိနေလေသည်။ သူက ဝန်ထမ်းအနည်းငယ်ကို နှုတ်ဆက်လိုက်လေ၏။ သူ၏နားနေခန်းရှိရာသို့ပြန်ရန် ကော်ရစ်တာမှအဖြတ်၌ လက်တံရှည်သောလူတစ်ယောက်က သူ့ကို လှမ်းဆွဲလေသည်။
"အား.."
သူက လန့်ပြီးအော်လိုက်မိသည်။
သူ့ကိုဆွဲလိုက်သောအမျိုးသားက သူ့ထက်ခေါင်းတစ်လုံးစာပိုရှည်နေသည်။ သူ့ကျောက နံရံနှင့်ဝုန်းခနဲရိုက်မိသွားလေ၏။ အမျိုးသားက သူအမြဲရနေကျဖြစ်သော ရနံ့တစ်မျိုးကိုသယ်ဆောင်ထားလေသည်။ သူ့ခါးကလည်း ထိန်းချုပ်ခံထားရသည်။ ကျန်းရှီဝူက အသာလေးပြန်တွန်းလိုက်သည်။
"တစ်ယောက်ယောက်ဖြတ်သွားလိမ့်..."
ရှန့်ချန်ကခေါင်းငုံ့ကာ ဖြတ်ပြောလိုက်သည်။
"တွေ့သွားတော့လည်းပြောလိုက်ပေါ့.."
ကျန်းရှီဝူကသူ့ကို မေးခွန်းထုတ်သလိုကြည့်ကာပြောလိုက်သည်။
"ဘာပြောရမှာလဲ.."
"မင်းကိုမိတ်ဆက်ပေးထားတဲ့လူလို့.."
?
ကျန်းရှီဝူက အေးခဲသွားပြီးနောက် အမျိုးသားကို ရွှင်ပျစွာကြည့်လိုက်သည်။ မျက်လုံးဝိုင်းကြီးများက တောက်ပမှုတို့ဖြင့် စွဲထင်နေသည်။ သူအခုလေးတင်ပြောလိုက်သောစကားကိုပြန်တွေးမိပြီး အသံထွက်ပြီးပင်ရယ်လိုက်မိသေးသည်။
ရှန့်ချန်၏မျက်လုံးတို့ကမှောင်မိုက်သွားကာ သူ့မေးစေ့ကိုပင့်ပြီး အပျော့စားပြစ်ဒဏ်ပေးသလို နမ်းလိုက်လေသည်။
အနားမှဖြတ်သွားသူတို့၏ခြေသံများက ထောင့်တွင်နမ်းနေကြသောလူများကို ပိုတက်ကြွစေပြီး အပြန်အလှန် ပို၍ငြိတွယ်စေလေသည်။ သူက ရှန့်ချန်၏စိတ်ကို ပိုသိနိုင်သလိုပင်။ အနမ်းပြီးသွားသည့်အခါ ကျန်းရှီဝူ၏နီရဲရဲနှုတ်ခမ်းတို့က အနည်းငယ်ရောင်ကိုင်းနေပြီး ရှန့်ချန်ကို စိတ်တိုတိုဖြင့်ပြန်ကြည့်လိုက်သည်။
"တခြားလူတွေသာငါ့နှုတ်ခမ်းကိုတွေ့သွားရင် သူတို့ငါ့ကိုဘယ်လိုထင်ကြမလဲ.."
"အချစ်ရဲ့အရသာ.."
ရှန့်ချန်က လက်ဆန့်ထုတ်လိုက်သည်။ အသားမာတက်နေသောလက်ချောင်းထိပ်ဖျားတို့က လူငယ်လေး၏နှုတ်ခမ်းကိုပွတ်သပ်သွားကာ သူ့မျက်လုံးတို့က အနည်းငယ်မှောင်မိုက်သွားလေသည်။
"အခုသိသွားပြီလား.."
"......."
ကျန်းရှီဝူ၏မျက်နှာမှာ စကားဖြင့်ဖော်ပြ၍မရသည်အထိနီရဲသွားလေသည်။ နီမြန်းနေမှုက နားရွက်မှပါးပြင်အထိပျံ့သွားခဲ့သည်။ မတိုင်ခင်က သူ့နှုတ်ခမ်းတို့မှာ အနည်းငယ်သာနီနေခဲ့ပြီး ယခုမူ တစ်ကိုယ်လုံးက အနီရောင်ပန်းသီးတစ်လုံးဖြင့်တူနေခဲ့သည်။ ကြွပ်ရွပြီး ချိုမြိန်သောရနံ့တို့ကိုထုတ်ပေးနေလေ၏။ သို့ရာတွင် ၎င်းကိုအစပြုခဲ့သောရှန့်ချန်မှာ သံလိုက်ဓာတ်ပါသောအသွင်အပြင်နှင့် လုံးဝသက်ရောက်မှုမရှိပေ။
ကျန်းရှီဝူက အနည်းငယ်မျှစိတ်ဆိုးနေကာ ရေရွတ်လာလေသည်။
"ငါကမင်းကို အခြေခံကျောင်းကတည်းကလိုက်လာတာလေ၊ ပြီးတော့ ဂျူနီယာအထက်တန်းရောက်တော့လည်း ရည်းစားစာတွေအများကြီးပေးခဲ့တယ်၊ ငါကမင်းအနောက်ကို အကြာကြီးလိုက်ခဲ့ရတာ၊ ငါလုံးဝ မပင်ပန်းခဲ့ဘူး၊ မင်းအမြဲတမ်း..."
သူက ထိုအကြောင်းကိုတွေးမိသွားသည်။ ရှန့်ချန်၏ ခေါင်းငုံ့မခံလိုသောအကျင့်အရ ထိုသူက စိတ်ဆိုးလာနိုင်သည်။ သို့ရာတွင် မထင်မှတ်ဘဲ ရှန့်ချန်က ခဏမျှတုံ့ဆိုင်းနေပြီး အမျိုးသားကမေးလာလေသည်။
"ဘယ်နှစောင်လောက်အထိရေးခဲ့တာလဲ.."
ဘာ။ ဒီလိုမျိုးမေးတဲ့သူက တကယ်ရှိသေးတာလား။
ကျန်းရှီဝူမှာ မသိတော့ကြောင်း လုံးဝမပြောနိုင်ပေ။ သို့သော်လည်း သူကလိမ်ပြောသည့်နေရာတွင် မပြောနိုင်သည့်အရာကိုအယုံသွင်းရာတွင် အတော်ဆုံးဖြစ်ပေသည်။
"မေ့သွားပြီ၊ ကတ်ထူပုံးတစ်ပုံးစာတောင်ကျော်တယ်၊ အများကြီးပဲ.."
ရှန့်ချန်: "အဲဒီလောက်တောင်လား.."
ကျန်းရှီဝူက ပြတ်ပြတ်သားသားခေါင်းညိတ်ပြလိုက်သည်။
"အေး အဲဒါကြောင့် ငါမင်းကို အကြာကြီးလိုက်ခဲ့ရတာ.."
ရှန့်ချန်က စိတ်မဆိုးဘဲ ပြုံးလာလေ၏။
"ဆံဖြူသွားကျိုးတဲ့အရွယ်ထိလား.."
"အဲဒီလောက်တော့ ဘယ်ကြာပါ့မလဲ..."
"ဒါဆို မင်း စောစောစီးစီး ချိန်းတွေ့ပြီး လက်ထပ်ဖို့ကြိုးစားနေတာလား.."
ကျန်းရှီဝူက ရှန့်ချန်ထံမှ ဖော်ထုတ်ခံလိုက်ရပြီကိုသာသိလိုက်သည်။ သူ တစ်ခုခုပြောလိုက်ချင်သော်လည်း သူပါးစပ်မဟရသေးမီ အနမ်းခံရပြန်သည်။ အမျိုးသားက သူ့နှုတ်ခမ်းတို့ကို အချိန်အကြာကြီးနမ်းရှိုက်နေခဲ့ပြီး သူ့နားရွက်နားကို နှိမ့်ကာ တီးတိုးပြောလာလေသည်။
"ကိုယ်ရောပဲ.."
..........
ထိုနေ့။
အမှတ် ၁ အလယ်တန်းကျောင်းတွင်ဖြစ်သည်။
ကျောင်းက ဘွဲ့ရပြီးသောစီနီယာကျောင်းသားဟောင်းများကို ဖိတ်ခေါ်ခဲ့သည်။ အထက်တန်းကျောင်းသို့တစ်ခါပြန်လာလျှင် အချိန်အတန်ကြာမှ ပြန်လည်ဆုံတွေ့ရသောခံစားချက်မျိုးကိုပေးလေ၏။ သူတို့တစ်တန်းလုံး ဖိတ်စာရခဲ့ကြသည်။ နိုင်ငံခြားရောက်နေသော ချောင်အန်းနှင့်အန်နီတို့ပင် အမြန်ပြန်လာခဲ့ကြသည်။ အထက်တန်းတက်နေရသောနှစ်များက တိုတောင်းလှသော်လည်း မမေ့နိုင်သောအမှတ်တရတို့ရှိခဲ့သည်။
အထက်တန်းကျောင်းပြီးကတည်းက သူ့အနေဖြင့် အန်နီကို သိပ်မတွေ့ရတော့ပေ။ သူမကိုကျောင်းဂိတ်ဝ၌တွေ့လိုက်ရချိန်တွင် ရွှေအိုရောင်ဆံပင်နှင့်မိန်းမပျိုလေးက အရပ်ရှည်ကာ လှပနေလေသည်။ သူမက အဝတ်အစားကိုကိုယ်တိုင်ချုပ်လာပြီး တစ်ကိုယ်လုံးက သန်မာသောအမျိုးသမီးတစ်ယောက်ပမာ သိမ်မွေ့ကာသန့်စင်နေလေ၏။
ကျန်းရှီဝူကိုတွေ့သည့်အခါ သူမကပြေးလာပြီး နွေးနွေးထွေးထွေးပွေ့ဖက်လိုက်လေသည်။
"ရှီဝူ.."
ပွေ့ဖက်မှုက အနည်းငယ်ထူးဆန်းနေသော်လည်း ထိုပွေ့ဖက်မှုကြောင့် စိမ်းသက်မှုအချို့က ပျောက်ကွယ်သွားလေသည်။ အချိန်အတန်ကြာပြီးနောက် ပြန်လည်တွေ့ဆုံရ၍ ဝမ်းမြောက်မှုနှင့် အတိတ်ကိုလွမ်းဆွတ်ရခြင်းတို့သာကျန်ရစ်ခဲ့သည်။ သို့သော်လည်း ပွေ့ဖက်မှုက မကြာလိုက်ပေ။ ရှန့်ချန်ကရောက်လာပြီး အန်နီကိုအနည်းငယ်တွန်းလွှတ်ကာ ကျန်းရှီဝူကို သူ့အနောက်သို့ပို့လိုက်လေ၏။
အန်နီက မကျေမနပ်ဖြင့်ရေရွတ်လိုက်သည်။
"ကပ်စေးနည်းချက်..."
ထို့နောက် အလျှော့မပေးချင်သလို ကျန်းရှီဝူကို ပြောင်စပ်စပ်မျက်နှာလုပ်ပြလိုက်ပြန်သည်။
"နင့်ရဲ့ရှန့်ချန်က ကော်တရာကောင်ဟဲ့.."
ကျန်းရှီဝူ ခပ်တိုးတိုးရယ်လိုက်မိသည်။
တဖက်မှရှန့်ချန်ကမူ အန်နီကိုအေးစက်စက်ကြည့်လိုက်သည်။
"ကြည့်ရတာတော့ နင်ကတကယ်ပဲ ပြည်မကြီးဈေးကွက်ထဲကိုမဝင်လာချင်ဘူးထင်တယ်.."
စကားတစ်ခွန်းက ယခုလေးတင် ရန်ထောင်နေသောအန်နီကို ပါးစပ်ပိတ်သွားအောင်လုပ်နိုင်ခဲ့သည်။ သူမ၏အဝတ်အစားဘရန်းကို ပြည်တွင်းဈေးကွက်ထဲအထိထိုးဖောက်ချင်နေပြီး ရှန့်ချန်၏အကူအညီကိုလိုအပ်နေသည်။ ခြိမ်းခြောက်ခံလိုက်ရပြီး ထိုအမျိုးသားကို ပြန်ပြော၍မရနိုင်ကြောင်း သေချာသွားသည့်တိုင် သူမက ထိုသူကိုလျှာထုတ်ပြနေသေးသည်။
ကျန်းရှီဝူက သူတို့ကို စကားမများခိုင်းတော့ဘဲ ဘေးမှနေပြီး လေပြေထိုးပြီးပြောလိုက်ရသည်။
"အထဲဝင်ရအောင်၊ အထဲမှာလူစုံနေလောက်ပြီ.."
ကျန်သူများက တုံ့ပြန်လာကြသည်။
ချောင်အန်းနှင့်ရှန့်ချန်က ကျောင်းဂိတ်ဝ၌ ကျောင်းသားများလုပ်ထားသော ပါဆယ်ဘူးနှစ်ဘူးကိုဝယ်လာကြသည်။ သူတို့ကထုတ်ကြည့်လိုက်ပြီး အဝိုင်းပုံစံထုံးထားသောလက်ကောက်လေးနှစ်ခုဖြစ်နေလေသည်။ ၎င်းတို့ကို ကြိုးဖြင့်လုပ်ထားလေသည်။ ပစ္စည်းလေးက တန်ဖိုးမကြီးသော်ငြား လှပလေ၏။
ချောင်အန်း: "ကလေးတွေက လက်မှုပစ္စည်းတွေလုပ်ရင် အမြဲတမ်းတော်နေတာပဲ.."
ကျန်းရှီဝူက ရုတ်ရုတ်သဲသဲကျောင်းတွင်းဈေးပွဲတော်ကိုလှည့်ပတ်ကြည့်ပြီး ကျောင်းသားအချို့ပြထားသောပစ္စည်းလေးများကိုကြည့်ကာ ပြုံးလိုက်လေသည်။
"အမှန်တော့ အဲဒါကတကယ်မဟုတ်ပါဘူး၊ ပြီးတော့ ငါတို့လည်း သူတို့ထက်သာအောင် မလုပ်နိုင်ဘူးလေ.."
လျိုဟန်က စုပ်သပ်လိုက်သည်။
"ဒီနေ့ခေတ်ကျောင်းသားတွေက အရမ်းအဖိုးတန်တာပဲ.."
အန်နီက ဘေးမှနှစ်ယောက်ကို အဓိပ္ပါယ်တစ်မျိုးဖြင့်ကြည့်ကာ တုံ့ပြန်လိုက်သည်။
"အခုမှမဟုတ်ပါဘူး၊ အဲဒီအချိန်ကသာ အခုလောက်ပွင့်လင်းခဲ့ရင် အချစ်မှာကျရှုံးသွားသူတွေက လုံးဝလက်နှေးနေမှာမဟုတ်ဘူး.."
ကျန်းရှီဝူက သူမစကားကိုနားထောင်နေပြီး သူတို့နှင့်ထပ်မနေချင်တော့ပေ။ သူမျက်နှာပူနေလေသည်။
အထက်တန်းကျောင်းတက်နေရသောကာလများတွင် အမှတ်တရများကအပြည့်ရှိခဲ့ကြသည်။ ပိုးစာပင်အကိုင်းမှ သစ်ရွက်လေးများကကြွေကျသွားခဲ့သည်။ အရိပ်ကျနေသောလမ်းများနှင့် ပြန်လည်မွန်းမံပြီးနောက် မူလကရှိခဲ့သောဘတ်စကတ်ဘောကစားကွင်းမှာ အရင်လိုမဟုတ်တော့ပေ။ ခြေလှမ်းတစ်လှမ်းတိုင်းက ငယ်ဘဝကိုပြန်ရစ်နေသောတိတ်ခွေတစ်ခုနှယ် ထပ်ခါတလဲလဲပြန်ဖြစ်နေပြီး ထိုနှစ်များကအချိန်ကိုပြန်ရောက်သွားခဲ့သည်။
ထို့နောက် ကျောင်းသားဟောင်း အတန်းခေါင်းဆောင်က အားလုံးကိုလူစုခိုင်းသည်။ နှစ်များစွာမတွေ့ခဲ့ရသောကျောင်းသားများက ပြန်တွေ့ကြသည့်အခါ ဝိုင်းဖွဲ့၍စကားပြောကြတော့သည်။
"လက်ထပ်လိုက်ပြီကိုး.."
"အိုက်ယား အခုတော့အဆင်ပြေနေပါပြီ.."
"အဲဒီတုန်းက အတန်းထဲမှာ နင်တိတ်တိတ်လေးသဘောကျခဲ့တဲ့ ကျောင်းပန်းပွင့်လေးလေ.."
ထိုအချိန်က ပြော၍မရခဲ့သည့်စကားတို့က နှစ်များစွာကြာ၍ပြန်တွေ့ကြသည့်အခါ အလွယ်တကူထုတ်ပြောဖြစ်ကြသည်မှာ ထူးဆန်းလေသည်။ နှလုံးသားထဲတွင် အနည်ထိုင်နေသောခံစားချက်များနှင့် အကြိမ်များစွာပြောခဲ့ဖူးကာ မြတ်နိုးခဲ့ရသောခံစားချက်တို့က ယခုမူ ဟာသများဖြစ်သွားခဲ့၏။ တမင်ဖုံးထားရန်ကြိုးစားသူက ကြားရသူများကို ရယ်မောစေလေ၏။
တစ်ယောက်က ကျန်းရှီဝူနှင့်အားတုန်ကိုတွေ့ပြီး လှမ်းခေါ်လာလေ၏။
"ညီအစ်ကိုရှီ.."
လူအများအပြားကလှမ်းကြည့်လိုက်ကြသည်။ ကျန်းရှီဝူက နာမည်ကြီးစတားတစ်ယောက်ဖြစ်ပြီး ရှန့်ချန်ကလည်း သန်းပေါင်းစွာတန်သော ကုမ္ပဏီ၏ဥက္ကဌဖြစ်နေသော်လည်း အတန်းဖော်ဟောင်းများမှာ မျက်ရည်လည်ရွှဲဖြင့်ဆုံတွေ့ကြသည်။ လူအုပ်က ပုခုံးဖက်ပြီး နှစ်များအတွင်း ကြုံခဲ့ရသောအခက်အခဲများကိုမေးမြန်းနေကြသည်။ အချို့က မိသားစုနှင့်ဖြစ်နေသည်။ အချို့ကမူ တကိုယ်တည်းဖြစ်နေဆဲ။ ဤနှစ်များတွင် ကိစ္စအမြောက်အများပြောင်းလဲသွားဟန်ရသော်လည်း ထိုအခိုက်အတန့်လေးတွင် အဖွဲ့က တူညီသောအတန်းကိုပြန်လာခဲ့ကြပြီး တူညီသောခုံတွင်ထိုင်ခဲ့ကြသည်။ မည်သည့်အရာမှမပြောင်းလဲသွားသလိုပင်။
တစ်ယောက်က အကြံပေးလာလေ၏။
"ဒီမှာထိုင်ပြီး အရင်ကငါတို့ဆီကို စာရေးရအောင်.."
"အေး ကောင်းသားပဲ.."
"ငါတို့ရဲ့အနာဂတ်ကိုလည်းရေးကြမယ်.."
"ဒါမှမဟုတ် ဒီခုံမှာအခုထိုင်နေတဲ့ကလေးကို ရေးရင်ရော အဆင်ပြေလား.."
"အင်း.."
အားလုံးက ကတ်တစ်ခုစီယူလာပြီး သူတို့ခုံတွင်ထိုင်ကာ ခေါင်းစိုက်၍စာရေးနေကြလေသည်။ အချို့ကမူ အလုပ်အကိုင်နှင့်အရွယ်ရောက်လာမှုကြောင့် ဘောပင်မကိုင်နိုင်တော့သော်လည်း ထိုအခိုက်အတန့်တွင် အလေးအနက်ရေးသားနေမှုကို မရပ်နိုင်ကြပေ။
ကျန်းရှီဝူလည်း ရေးချင်နေသည်။ သူကပြတင်းပေါက်ဘေးတွင်ထိုင်နေခဲ့သည်။ အပြင်ဘက်တွင် သစ်ရွက်လေးများကလေနှင့်အတူ လွင့်နေကြပြီး သူမော့ကြည့်လိုက်သည့်အခါ မဝေးသောနေရာမှနိုင်ငံတော်အလံက လေနှင့်အတူ တဖျတ်ဖျတ်လှုပ်ခါနေခဲ့သည်။ လမ်းပေါ်တွင် ကျောင်းသားများက ရယ်မောကာ ကစားနေကြလေ၏။ ထူးဆန်းစွာဖြင့် သူက အတိတ်မှသူ့ကိုယ်သူကို ပြန်လည်မြင်ယောင်ကြည့်လိုက်သည်။
သူက ယခင်မှသူ့ကိုယ်သူကို စာရေးချင်သော်လည်း လွန်ခဲ့သောနှစ်အနည်းငယ်ကသူမဟုတ်ဘဲ ယခင်ဘဝမှ သူ့ကိုယ်သူထံရေးချင်ခဲ့သည်။ ဘောပင်အဖုံးကိုဖွင့်လိုက်သည်နှင့် သူ့နှလုံးသားက ထောင်နှင့်ချီသောအတွေးတို့ဖြင့် လှုပ်ယမ်းလာခဲ့သည်။ ထို့နောက် သူလှည့်ကြည့်လိုက်သည့်အခါ နောက်ဆုံးတန်းတွင်ထိုင်နေသောရှန့်ချန်ကလည်း ဘောပင်ကိုင်ထားမှန်းတွေ့လိုက်ရလေ၏။ နေ့လယ်ခင်းနေရောင်က စားပွဲထက်သို့ကျနေခဲ့သည်။ ထိုသူ၏ဘေးတိုက်ပုံရိပ်က ကျောက်စိမ်းပမာ။ ယနေ့တွင် ထိုသူကဝတ်စုံပြည့်မဝတ်လာဘဲ ပုံမှန်ဝတ်နေကျ တီရှပ်ဝန်လာပြီး သူ့ကိုငယ်ရွယ်သန့်ရှင်းသောကောင်လေးနှင့် အမှန်တကယ်တူသွားစေခဲ့သည်။
သူနှင့်အတူ ဖြတ်သန်းလာခဲ့သောဆယ်ကျော်သက်လေး၊ သူ့ကိုနှစ်များစွာ အံ့အားသင့်စေခဲ့ပြီး ငယ်ရွယ်စဥ်တွင် တွေ့ကြုံခဲ့ရသောပျော်ရွှင်မှု မုန်တိုင်းတို့ကိုကြုံတွေ့ပြီးသည့်တိုင် ယနေ့အထိ လက်မလွှတ်နိုင်သောအချစ်က ရှန့်ချန်လိုပင်။
အတိတ်တွင် သူက ယခင်ဘဝမှမှတ်ဉာဏ်ဟောင်းတို့ကို တစ်ခါမှမတွေးရဲခဲ့သော်လည်း ဤတစ်ကြိမ်တွင် ပြတင်းပေါက်ကိုမှီရင်း အတိတ်ကိုပြန်တမ်းတနေသော အမျိုးသားငယ်ကိုကြည့်နေမိသည်။ အံ့ဩစရာကောင်းလောက်အောင် သူတည်ငြိမ်နေခဲ့သည်။ သူ့ဘောပင်ကလှုပ်ရှားသွားပြီး အတိတ်မှသူ့ကိုယ်သူကို တည်တည်ငြိမ်ငြိမ်ဖြင့်စကားပြောနေခဲ့သည်။ ဤနှစ်များအတွင်း နောက်ဆုံး၌ ယခုလိုအခိုက်အတန့်လေးမှာပင် သူ့ကိုယ်သူနှင့်ပြန်လည်ဆုံစည်းရန် အခွင့်အရေးရသွားခဲ့သည်။
"ပြီးပြီ.."
"ငါလည်းပြီးပြီ.."
အတန်းထဲတွင် အသံများကတဖြည်းဖြည်းကျယ်လာပြီး ကျန်းရှီဝူမတ်တပ်ရပ်ကာ သွားတော့မည့်အချိန်တွင် ရှန့်ချန်ကသူ့ရှေ့ကိုတစ်လှမ်းတိုးလာပြီး ရုတ်တရက် သူ့အနောက်မှလျှောက်နေလေသည်။ ကျန်းရှီဝူမှာ အနည်းငယ်အံ့ဩသွားရပြီး မည်သည့်စကားမျိုးပြောရမည်မှန်းမသိတော့ဘဲ လက်ထဲမှစာအိတ်လေးကို အလိုလိုကိုင်ထားလိုက်မိသည်။
သို့သော်လည်း ရှန့်ချန်က အရင်ဦးပြီး သူ့လက်ထဲသို့စာလေးတစ်စောင်ထည့်ပေးလာလေသည်။
ကျန်းရှီဝူက လက်ထဲမှစာအိတ်လေးကို အဓိပ္ပါယ်တစ်မျိုးဖြင့်ကြည့်လိုက်သည်။
"ဒါက..."
ရှန့်ချန်က မည်သည့်စကားမှမပြောသော်လည်း စကားလုံးများက ဤစာအိတ်ထဲတွင်ရှိနေကြောင်း ကျန်းရှီဝူကသတိပြုမိလေသည်။ သူက အနားသို့ကပ်ကြည့်လိုက်သည့်အခါ အင်္ငလိပ်စာလုံးဖြင့်ရေးထားသည်မှာ။
"loev"
ဘာကြီးလဲ။
ကျန်းရှီဝူက အေးခဲသွားကာ အသံထွက်ကာရယ်လိုက်လေ၏။
"ဒါကဘာလဲ၊ စာလုံးပေါင်းမှားနေတယ်လေ love လို့ပြောတာလား ဒါမှမဟုတ်..."
သူက ရယ်နေရာမှရပ်လိုက်လေသည်။ ရုတ်တရက် သူ့နှလုံးကအခုန်မြန်လာရသည်။ သူက ရှန့်ချန်ကို မယုံကြည်နိုင်မှုအချို့ဖြင့်ကြည့်လိုက်မိလေ၏။ ခုံတန်းများအကြားမှ လမ်းကြားလေးတွင်ရပ်နေပြီး အဖြူရောင်ရှပ်ကိုဝတ်ထားသော ဆယ်ကျော်သက်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူပြန်လည်မွေးဖွားလာခဲ့သောနွေရာသီမှနေ့ရက်လေးလိုပင် ရှန့်ချန်၏စားပွဲမှ ရည်းစားစာကို ခိုးကြောင်ခိုးဝှက်ပြန်သွားယူပြီး အမျိုးသားထံတွင် လက်ပူးလက်ကြပ်မိသွားလေတော့သည်။
ထိုအချိန်ကနှင့်မတူဘဲ ဤတစ်ကြိမ်တွင် ရှန့်ချန်ကသူ့ကို မျက်နှာမည်းကြီးဖြင့်မကြည့်တော့ဘဲ ပါးစပ်ဟကာပြောလာခဲ့သည်။
"အင်း ရည်းစားစာလေ.."
ထိုအချိန်တွင် ကျန်းရှီဝူက သူ့နှလုံးခုန်သံကိုပင် သူပြန်ကြားနေရသလိုပင်။
ရှန့်ချန်က အရှေ့တိုးလာကာ သူနှင့်နီးကပ်သည်အထိလျှောက်လာလေသည်။
"ဒါက ကိုယ်မင်းဆီကနေ နောက်ဆုံးရတဲ့ရည်းစားစာပဲ၊ အဲဒီတုန်းက မင်းကပြန်ယူသွားခဲ့ပေမဲ့ပေါ့.."
"အခုတော့ ကိုယ်မင်းဆီကို နေ့တိုင်းရေးပါ့မယ်.."
အမျိုးသား၏အသံက တိုးလျသန်မာသည်။ ကျန်းရှီဝူ၏နှလုံးသားပေါ်သို့ကျသွားပြီး ရှင်းမပြတတ်လောက်အောင် လူးလိမ့်သွားခဲ့ရသည်။
"ကတ်ထူပုံးနဲ့တစ်ပုံးအပြည့်ရေးပေးပါ့မယ်.."
အမျိုးသား၏အသံက စကားဖြင့်ဖော်ပြရခက်စွာ ချဥ်စူးလာစေသည်။ မျက်ရည်ကျလုနီးပါးပင်။ သူရှိုက်သံထွက်လာသည်ကိုဖုံးဖိထားနိုင်ရန် ငေါက်ငမ်းလိုက်သည်။
"ငါဘယ်လောက်ရေးခဲ့မိလဲဆိုတာတောင် သတိမရတော့ဘူး၊ မင်းလည်း နေ့တိုင်း တထပ်တည်းတူတဲ့အစောင်ရေအထိလိုက်ရေးဖို့မလိုပါဘူး.."
"ကိုယ်ကတော့ ဆက်ရေးမှာပဲ.."
ရှန့်ချန်က ခေါင်းငုံ့နေပြီး လူနှစ်ယောက်က နမ်းမိတော့မည်အထိနီးကပ်နေကြလေသည်။
"ကိုယ်တို့ လက်ထပ်တဲ့အထိ၊ ကိုယ်တို့အသက်တွေကြီးသွားတဲ့အထိ၊ တုတ်ကောက်တွေနဲ့လမ်းမလျှောက်နိုင်တော့တဲ့အထိပေါ့.."
"......."
ကျန်းရှီဝူမှာ နားထောင်နေရင်း မျက်ရည်ထွက်သည်အထိ ရယ်လိုက်မိသည်။ ရှန့်ချန်ကိုကြည့်လိုက်ချိန်တွင် သူ့မျက်လုံးတို့ကသလင်းရောင်တောက်ပနေခဲ့သည်။
"ကတိနော်.."
ရှန့်ချန်က ပြုံးလိုက်လေ၏။ ကတိပေးလိုက်ချိန်တွင် သူ့အသံကတိုးလျကာ သံလိုက်ဓာတ်အပြည့်ပါနေလေသည်။
"ကိုယ်ကတိပေးပါတယ်.."
တစ်ယောက်က စာသင်ခန်းတံခါးဝမှလှမ်းအော်လာလေသည်။
"အတန်းကိုယ်စားလှယ်က ငါတို့ကို အဖွဲ့လိုက်ဓာတ်ပုံရိုက်ပေးမယ်တဲ့၊ အားလုံး ဓာတ်ပုံရိုက်ဖို့ အောက်ထပ်ကကစားကွင်းလေးကိုသွားကြပါ.."
လူအုပ်က အတူထွက်လာကြသည်။ ကျန်းရှီဝူက သူတို့ကြားမှလိုက်ပါလာလေ၏။ သူက ယခုလိုလူအုပ်ကြီးနှင့်နီးကပ်နေရသည့်အတွက် အနည်းငယ်မျှ စိတ်မသက်မသာဖြစ်မိသည်။ ရှန့်ချန်က သူ့ဘေးမှရောက်လာပြီး အနားကပ်လာသူများကိုပိတ်ဆို့လိုက်သည်။ လူရှေ့သူရှေ့တွင်ပင်အားမနာတော့ဘဲ ကျန်းရှီဝူ၏လက်ကိုကိုင်ထားလေ၏။
ကျန်းရှီဝူက ခဏမျှတုံ့ဆိုင်းနေပြီးနောက် မလွှတ်ချလိုက်ပေ။ ဓာတ်ပုံရိုက်လျှင် လက်တွဲဖြုတ်ထားသင့်မှန်းသိလင့်ကစား ဤအချိန်လေးတွင် ကျောင်း၏ကစားကွင်းလေးအထိ ဘေးချင်းကပ်ကာလျှောက်လာခဲ့ကြသည်။ သူက ထိုသူ၏လက်ကိုမလွှတ်ချင်ရုံလေးသာ။
"လာ..လာ..ငြိမ်ငြိမ်ရပ်ကြ.."
အတန်းကိုယ်စားလှယ်က သူတို့အရှေ့တွင်ရပ်ကာ ညွှန်ကြားနေလေသည်။
ကျန်းရှီဝူနှင့်ရှန့်ချန်က အရှေ့တန်းတွင်ရပ်ကြသည်။ အထက်တန်းဒုတိယနှစ်က ကျောင်းပြီးသည့်နေ့ဓာတ်ပုံတွငိ ရှန့်ချန်မပါခဲ့ဘဲ အထက်တန်းတတိယနှစ် ကျောင်းပြီးသည့်နေ့ဓာတ်ပုံတွင်လည်းမပါခဲ့ပေ။ နောင်တများနှင့် နှစ်များစွာကြာပြီးသည့်နောက် ဤအချိန်တွင် သူတို့က လက်များကိုဆုပ်ကိုင်ရင်း အတန်းဖော်အုပ်စုအလယ်တွင် အတူရပ်နေနိုင်ကြပြီဖြစ်လေသည်။ မဝေးလှသောနေရာတွင် နိုင်ငံတော်အလံက တလူလူလွင့်နေပြီး ကျောင်းမှခရမ်းရောင်ပန်းပွင့်လေးများကလည်း နူးညံ့သောမွှေးရနံ့တို့နှင့်အတူ ဝေဝေဆာဆာပွင့်ဖူးနေကြလေသည်။
နေ့လယ်ခင်းနေရောင်ခြည်က နွေးထွေးမှုတို့ကိုသယ်ဆောင်လာပြီး အမျိုးသား၏ကိုယ်ထက်သို့ကျရောက်နေလေသည်။ တည်ရှိခဲ့ဖူးသော ဝေးကွာခြင်းနှင့် ဝမ်းနည်းရခြင်းများက ထိုအခိုက်အတန့်လေးတွင် ရှင်းထုတ်ခံလိုက်ရသည့်အတိုင်း အမျိုးသားနှစ်ယောက်က အပြန်အလှန်မှီထားကြလေ၏။
နောက်ကျနေသောလျိုဟန်က ကမန်းကတမ်းပြေးလာလေသည်။
"ဓာတ်ပုံရိုက်မလို့လား၊ ခဏလေး..ခဏလေး ငါလည်းပါမယ်.."
ချောင်အန်းနှင့်အန်နီက အနောက်မှနီးနီးကပ်ကပ်လိုက်လာကြလေ၏။
ကျန်းရှီဝူက နှုတ်ခမ်းကိုဖိကာ သူတို့ကိုလက်ပြလိုက်သည်။
"လာကြ..လာကြ..မင်းတို့ကောင်တွေက ကြာလိုက်တာ.."
သူငယ်ချင်းများက တစ်ယောက်ပြီးတစ်ယောက်ရောက်လာကာ သူတို့ဘေးတွင်ဝင်ရပ်ကြသည်။ အရှေ့မှ အတန်းခေါင်းဆောင်က သူတို့၏ကင်မရာထောင့်ကိုချိန်ညှိနေပြီး စိတ်လှုပ်ရှားစွာဖြင့်ပြုံးလိုက်လေ၏။ လူအုပ်ကြီးမှာ ကျောင်းသားဘဝကိုပြန်ရောက်သွားပြီး ငယ်ရွယ်စဥ်ကရှိခဲ့ကြသော တူညီသည့်တက်ကြွမှုနှင့်လှုံ့ဆော်မှုတို့ သက်ရောက်သွားပုံရသည်။ အတန်းခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့်ပြောလိုက်လေ၏။
"ရိုက်မယ်..ဝမ်း..တူး..သရီး..ချီးယားစ်.."
နှုတ်ခမ်းများအားလုံးက အတူပြုံးနေခဲ့ကြသည်။ သူတို့၏မျက်နှာပေါ်မှအပြုံးတို့ကတောက်ပနေလေ၏။ ကင်မရာမှ ဓာတ်ပုံရိုက်သောခလုတ်လေးကိုနှိပ်လိုက်သည်။ လူအုပ်ကြီးထံမှ ရယ်မောသံနှင့်စနောက်လိုက်သံတို့ပေါ်လာခဲ့သည်။ နေ့လည်ခင်းနေရောင်က တောက်ပလှပေ၏။ ကျောင်းခေါင်းလောင်းသံကအချိန်ကိုက်ထွက်လာပြီး တောက်ပထင်ရှားသောအရောင်အသွေးစုံသည့်နေ့ရက်တို့ကို ချန်ထားရစ်ခဲ့လေသည်။
☁️☁️☁️ ပြီးပါပြီ ☁️☁️☁️
Extra ကျန်ပါဦးမယ်
နောက်ဆုံးကျမှ အလျင်စလို ချုံ့လိုက်သလိုပဲနော် 🥹