Chapter 164
Viewers 2k

☁️Chapter 164




"......"


ခဏမျှတိတ်ဆိတ်သွားလေသည်။


ထို့နောက် ကျန်းရှီဝူမှာ ချောင်းဆိုးသွားရ၏။


"မင်းက တကယ်ကြီး ဒီကနေကြည့်ချင်နေတာပဲ.."


ဒါရိုက်တာဝမ်က မလှမ်းမကမ်းမှလာနေလေသည်။ ကျိကုမ္ပဏီမှာ ဤရုပ်ရှင်တွင် အဓိကရင်းနှီးမြုပ်နှံသူဖြစ်သောကြောင့် ရှန့်ချန်က ရိုက်ကူးရေးအဖွဲ့ထဲတွင် အရေးကြီးသောဧည့်သည်ဖြစ်သွားခဲ့သည်။ ယခင်ကတင်းကျပ်နေကျ ဒါရိုက်တာဝမ်ပင်လျှင် ရှန့်ချန်ကိုတွေ့သည့်အချိန်၌ ပြုံးနေ၏။


"သူဌေးရှန့် ဒီမှာ လူအရမ်းများပါတယ်၊ သူတို့ သူဌေးအနားမှာဝိုင်းအုံနေမှာကို ကျွန်တော်စိတ်ပူတယ်၊ ပိုပြီးနေရသက်သာတဲ့ ဒါရိုက်တာတွေရဲ့အလုပ်ခန်းထဲမှာသွားနေရင်ရောဗျ.."


ရှန့်ချန်က ထိုင်ခုံတွင်ထိုင်နေလေသည်။ အမျိုးသားတွင် သွယ်လျရှည်လျားသောခြေတံတို့ရှိနေပြီး အလွန်ပျင်းရိနေဟန်ရလေ၏။


"မလိုတော့ပါဘူး၊ ဒီမှာအဆင်ပြေပါတယ်၊ ဒါရိုက်တာရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.."


ဒါရိုက်တာဝမ်၏အကြည့်က ရှန့်ချန်၏အကြည့်နောက်မှလိုက်ကာ ကျန်းရှီဝူထံရောက်သွားလေသည်။ သူက ဤလောကထဲတွင် နှစ်များစွာနေလာခဲ့ပြီး ယခုဆိုလျှင် အနည်းငယ်နားလည်နေပြီဖြစ်လေသည်။ သူကပြုံးလိုက်လေသည်။


"အိုကေ..ဒါဆို ကျွန်တော်မနှောင့်ယှက်တော့ပါဘူး၊ ရိုက်ကွင်းမန်နေဂျာက သူဌေးကို ရေယူလာပေးပါလိမ့်မယ်၊ ရာသီဥတုကအေးနေတော့ နွေးသွားအောင် အပူပေးစက်လည်းယူလာပေးပါ့မယ်.."


သို့သော်လည်း ရှန့်ချန်က ဂရုမစိုက်ပေ။ သူက မျက်လွှာပင့်ကာ ကျန်းရှီဝူကိုတစ်ချက်ကြည့်ပြီးပြောလိုက်လေသည်။


"ပါးပါးလေးဝတ်ထားတဲ့သရုပ်ဆောင်တွေကိုပဲ အပူပေးစက်ဖွင့်ပေးလိုက်ပါ.."


ထိုသူက ကျန်းရှီဝူကို သိသိသာသာဂရုစိုက်ပေးနေလေသည်။


ဒါရိုက်တာဝမ်က ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။


"အဲဒါက ပုံမှန်ပါပဲ၊ ဒီရာသီကအရမ်းအေးတာ၊ သရုပ်ဆောင်တွေကို နွေးအောင်လုပ်ပေးရမှာပေါ့၊ ရှောင်ကျန်း အာ မင်းနဲ့သူဌေးရှန့်က အချင်းချင်းသိကြလား.."


ဒီနာမည်ကို ဘာကိစ္စနဲ့ခေါ်ရတာလဲ။


ဒါရိုက်တာက အလွန်ဉာဏ်ကောင်း၍ မည်သည့်ကိစ္စကိုမှဖုံးထား၍မရပေ။ သူက ခဏငြိမ်နေလိုက်ပြီး ခပ်သွက်သွက်လေးစဥ်းစားလိုက်သည်။ သူနှင့်ရှန့်ချန်က ယခုဆိုလျှင် ချစ်သူများဖြစ်နေသလို လျို့ဝှက်ပြီးတွဲနေကြသည်ဟုလည်းယူဆနိုင်သည်။ လူကလည်းအများကြီးရှိနေသည်။ သူက ပြဿနာမဖြစ်ချင်သောကြောင့် လက်ရှိအချိန်တွင် လူသိရှင်ကြားထုတ်ပြောရန် အချိန်ကောင်းမဟုတ်သေးပေ။


သို့ရာတွင် ယခုလေးတင် ရှန့်ချန်က သူ့နားနေခန်းအရှေ့တွင်ရပ်နေခဲ့သောပုံရိပ်နှင့် အခြားဝန်ထမ်းများကလည်း မမြင်ရသည်အထိ မျက်စိကန်းနေကြသူများမဟုတ်ပေ။ သူ မသိသလိုဟန်ဆောင်နေ၍မဖြစ်တော့ချေ။ သူတို့က မသိကြပါဟုပြောလိုက်လျှင် ရှန့်ချန်က စိတ်ဆိုးနိုင်ပြီး လှီးလွှဲဖြေရန်မလွယ်ကူနေပါက ညှိနှိုင်းကြည့်သင့်သည်မဟုတ်ပါလား။


ကျန်းရှီဝူက ရွှင်ပျစွာပြုံးကာ နူးညံ့စွာဖြေလိုက်လေသည်။


"ဟုတ်ကဲ့ ကျွန်တော်တို့က အထက်တန်းကျောင်းတက်ကတည်းကအတန်းဖော်တွေလေ၊ ကျွန်တော်တို့အချင်းချင်းသိကြတယ်.."


ရှန့်ချန်က အဓိပ္ပါယ်ပါပါဖြင့် ဆတ်ခနဲကြည့်လိုက်သည်။


ဒါရိုက်တာဝမ်က နှစ်ယောက်ကို တစ်လှည့်စီကြည့်ပြီး တစ်ခုခုကိုရိပ်မိသွားသည်။ သို့သော်လည်း နောက်ဆုံး၌ ထပ်မပြောရန်ရွေးချယ်လိုက်သည်။ 


"အိုကေ အိုကေ ဒါဆိုလည်းအသင့်ပြင်တော့ ရှူတင်စကြမယ်.."


ဒါရိုက်တာက လောဆော်လာသည့်အခါ ကျန်သည့်အဖွဲ့ကလည်း ရှူတင်စရန်ပြင်ကြလေသည်။


ဤအခန်းက ကျန်းရှီဝူအတွက်အရေးကြီးသည်။ ဤအခန်းတွင် သူက သူ၏တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေသော ကုကျန်းနှင့် အပြစ်ကင်းသောအလှတို့ဖြင့် ယန်ဝမ်ကိုကျေနပ်စေချင်သည်။ ဤအလှက အရိုးထဲအထိနက်ရှိုင်းနေပြီး အပေါ်ယံတွင်မဟုတ်ပေ။ ဤအခန်းက အိပ်ရာပေါ်မှအခန်းမဟုတ်လင့်ကစား လိုက်ကာအနောက်တွင် ကုချင်းသံတစ်မျိုးတည်းနှင့် လူရိပ်သာရှိလေသည်။


ကျန်းရှီဝူက ကုချင်းကိုတီးခတ်ပြီး သူ့ပုံစံနှင့်သူ့ကိုယ်သူဖော်ပြရပေမည်။


အစပိုင်း၌ အားလုံးအဆင်ပြေနေသော်လည်း ဒုတိယမြောက်အခန်းကိုရိုက်ကူးသည့်အခါ လိုက်ကာစလေးကလွင့်သွားခဲ့ပြီး သူက ရိုက်ကွင်းနှင့် မဝေးလှသောနေရာမှ ရှန့်ချန်ထိုင်နေသောထိုင်ခုံကိုလှမ်းကြည့်လိုက်သည်။ ရုပ်ရှင်၏အဓိကဇာတ်ဆောင်မင်းသမီးက ကြမ်းပြင်ပေါ်တွင်ထိုင်နေရသည်။ သူတို့ရိုက်ကူးနေသောအခန်းကိုလာကြည့်မည့်အစား သူဌေးရှန့်အနားသို့ပြေးကပ်သွားပြီး ကရော်ကမြည်ဆန်မှုအပြည့်ဖြင့် ပန်းကလေးပမာပြုံးပြနေလေ၏။


"ဒင်.."


ကုချင်းတီးလုံးကမှားသွားခဲ့ပြီး ရိုက်ကွင်းတစ်ခုလုံးလွဲချော်သွားလေသည်။


ဒါရိုက်တာဝမ်၏အသံကထွက်လာလေသည်။


"Cut!"


ကျန်းရှီဝူက ချက်ချင်းထရပ်ကာ တောင်းပန်လိုက်လေ၏။


"တောင်းပန်ပါတယ်၊ ကျွန်တော်တီးတာမှားသွားတာပါ.."


"ဘာတွေဖြစ်နေတာလဲ၊ ဒါနဲ့ ရင်းနှီးနေပြီမဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီးတီးလုံးမှားရတာလဲ.."


ဒါရိုက်တာဝမ်အနေဖြင့် နားမလည်နိုင်သော်လည်း အလျင်စလိုမလုပ်ဘဲ တစ်ခွန်းသာပြောလိုက်သည်။


"ဆယ်မိနစ်နားပြီးမှ ပြန်စကြမယ်.."


ကျန်းရှီဝူကတုံ့ပြန်ကာ လိုက်ကာကြားမှထွက်လာလေသည်။ သူ အဝေးမှနေပြီး ရှန့်ချန်နှင့် အမျိုးသမီးဇာတ်ဆောင်တို့ ခပ်တိုးတိုးစကားပြောနေသည်ကို တွေ့နေရသည်။ သူ့ကိုပင်ကြည့်မနေသလိုပင်။ ရုတ်တရက်ဒေါသထွက်လာကာ သူ့ခန္ဓာကိုယ်က ဦးနှောက်ထက် ပိုမြန်သွားခဲ့သည်။ သူက တည့်တည့်ပင်လျှောက်သွားလိုက်ပြီး ညင်သာစွာခေါ်လိုက်လေ၏။


"အစ်မရှောင်း..."


မင်းသမီးကုရှောင်းက သူ့ကို ပြန်ကြည့်လာသည်။


"ဘာဖြစ်လို့လဲ.."


ကျန်းရှီဝူက မျက်နှာမကောင်းပေ။


"ဒါရိုက်တာခေါ်နေတယ်၊ နောက်ရိုက်မယ့်အခန်းအတွက်ပြောစရာရှိတယ်တဲ့၊ အစ်မသွားလိုက်ဦး.."


မင်းသမီးက အံ့ဩသွားလေသည်။


"မဖြစ်နိုင်တာ အစ်မအခန်းက ညနေမတိုင်ခင်အထိစောင့်ရဦးမှာ.."


"ကျွန်တော်လည်းမသိဘူး၊ အစ်မသွားပြီး မေးကြည့်သင့်တယ်.."


မည်သို့ပင်ဖြစ်စေ ဒါရိုက်တာဝမ်က သူ့ကို အရှက်မခွဲလောက်မည်မှာသေချာ၍ ကျန်းရှီဝူက မျက်နှာတည်တည်ဖြင့်သာပြောလိုက်လေသည်။


"ကျွန်တော်ကလာပြောပေးရုံပဲ.."


ကုရှောင်းက ဒါရိုက်တာဝမ်၏ဒေါသကိုသိသည်။ ရှန့်ချန်အနားမှမခွာချင်သည့်တိုင် ခဏမျှတွန့်ဆုတ်နေပြီးမှပြောလိုက်လေ၏။


"အိုကေ.."


သူမကမတ်တပ်ထရပ်လိုက်ပြီး ရှန့်ချန်ကမူ ပျင်းတွဲတွဲဖြင့်ကြည့်နေကာ စကားပြောချင်ပုံမရပေ။


ကုရှောင်း: "ခွင့်ပြုပါ သူဌေးရှန့် ကျွန်မပြီးမှပြန်လာခဲ့ပါ့မယ်.."


ရှန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။


ထိုအခါမှ မင်းသမီးက ရှက်ရှက်နှင့်ထွက်သွားလေသည်။ ကျန်းရှီဝူကမူ မတိုင်ခင်ကအတိုင်း ရှန့်ချန်ကိုစိုက်ကြည့်နေလေ၏။


"ကြည့်နေတုန်းပဲ၊ အာ ကြည့်ရတာကိုအရမ်းတွေကြိုက်နေတာပဲ၊ ဘာလို့အမီလိုက်ပြီး အတူတူဇာတ်လမ်းမရိုက်တာလဲ.."


ရှန့်ချန်က လက်မခံသလိုမျက်ခုံးပင့်လိုက်သည်။


"ဘာလဲ၊ ကိုယ်နဲ မစ္စတာကျန်းက အထက်တန်းတုန်းကသူငယ်ချင်းတွေလေ၊ ကိုယ်တို့က အဲဒီလောက်လည်းမရင်းနှီးပါဘူး.."


"......"


ပြောရလျှင် ထိုအခိုက်အတန့်လေး၌ သူကဖော်မပြတတ်လောက်အောင်အားနည်းနေလေသည်။ သူ ပြန်ခံပြောရန် ပါးစပ်ဟလိုက်သော်လည်း အမှားလုပ်ထားသူမှာ ထိုသူဟုသာထင်မိသောကြောင့် ရှန့်ချန်ဘေးတွင်ထိုင်ချလိုက်ကာ ပြန်လည်တုံ့ပြန်လိုက်သည်။


"ငါမမှားဘူး.."


ရှန့်ချန်က သူနှင့်ဆက်ပြီးမငြင်းနေဘဲပြောလိုက်လေသည်။


"မင်းနဲ့အထက်တန်းတည်းက သူငယ်ချင်းဖြစ်ခဲ့တာ ဘယ်လောက်တောင်ကြာပြီလဲ.."


ကျန်းရှီဝူ အမေးခံလိုက်ရသည်။ သူက ဤမေးခွန်းကိုလုံးဝမတွေးမိသော်ငြား သူ့အတွက် ရှန့်ချန်နှင့်တွဲနေသည်ကို ယခုလိုမျိုးလျို့ဝှက်ထားရန်မဖြစ်နိုင်ကြောင်း သိနေလေသည်။ ယခုလေးပင် မင်းသမီး၏တည်ရှိမှုက ရှန့်ချန်၏ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမှာ ကောင်းမွန်လွန်းကြောင်း သတိပေးနေပြီး အပြင်ဘက်လောကကြီးသည်လည်း ဤရွှေရောင်သခင်လေးအပေါ်တွင် အလွန်လေးစားနေရဆဲဖြစ်လေ၏။ သူ မည်သည့်ပုံစံရှိနေပါစေ တောက်ပနေသောအသားတုံးကြီးတစ်တုံး ဖြစ်လေ၏။ သူသာ အစောကြီး သူ့အပိုင်အဖြစ်မသတ်မှတ်ထားလျှင် ခိုးယူခံရရန် အလွန်လွယ်ကူပေသည်။


စဥ်းစားကြည့်လိုက်သည့်အခါတွင် ရုပ်ရှင်ရိုက်၍ပြီးသည့်အခါ သူ၏ဘဝလမ်းကြောင်းကအဆင်ပြေသွားလောက်သည်။ တရားဝင်ကြေညာရန် နေ့ရက်ကောင်းတစ်ရက်ကိုရှာလိုက်မည်။ သို့ရာတွင် သူ့ဘက်မှ ရှန့်ချန်ကိုမပြောနိုင်သေးပေ။ ဤခွေးလိုလူက စွာလွန်းနေလေ၏။


စဥ်းစားကြည့်ပြီးသည့်အခါ ကျန်းရှီဝူက ပြုံး၍ပြောလိုက်လေသည်။


"အဲဒါကို လူသိအောင်ကြေညာလိုက်ရင် သူဌေးရှန့်က သွားလေရာတိုင်း ဂုဏ်သတင်းမွှေးနေဖို့ အခွင့်အရေးရှိပါဦးမလား.."


ရှန့်ချန်က စိတ်ပါလက်ပါမရှိသည့်တိုင် စိတ်ပျော်နေပြီး အမျိုးသားက ပါးစပ်ဟကာပြောလိုက်လေသည်။


"မင်းက မနာလိုဖြစ်နေတာပဲ.."


"ငါကဘာကိုမှမနာလိုမဖြစ်ဘူး.."


ကျန်းရှီဝူက နှာမှုတ်လိုက်သည်။


"အစ်မရှောင်းရဲ့အနောက်မှာ သူဌေးတစ်ယောက်ရှိတယ်၊ သူ့မှာ လုပ်စရာတွေပေါနေတာ၊ မင်းကိုတောင်မကောင်းကြံနိုင်သေးတယ်၊ မင်းပိုက်ဆံတွေလိုချင်နေတာဖြစ်လိမ့်မယ်၊ သတိထားဦး.."


ရှန့်ချန်: "အဲဒီလိုလား.."


ကျန်းရှီဝူ: "အင်း..."


"မင်းကရော.."


ရှန့်ချန်က သူ့အတွက် လိမ္မော်သီးကို အခွံခွာပေးနေလေသည်။


"ကိုယ့်ဆီကနေလိုချင်တာရှိလား.."


ကျန်းရှီဝူမှာ တံတွေးနင်သွားလုနီးပါးပင်။


"ငါကမင်းပိုက်ဆံကိုမလိုချင်ပါဘူး.."


ရှန့်ချန်က အဓိပ္ပါယ်ရှိသောအကြည့်ဖြင့် မျက်နှာလွှဲသွားကာ နှုတ်ခမ်းတို့ကိုတွန့်ကွေးပြီးပြုံးလိုက်လေသည်။


"ဒါဆို မင်းက ခန္ဓာကိုယ်ကိုလိုချင်တာပေါ့.."


ကျန်းရှီဝူက အမျိုးသား၏ခန့်ညားသောအသွင်အပြင်ကိုကြည့်လိုက်ပြီး ထိုသူကသူ့ကို နောက်ပြောင်နေသည်ကို သိလိုက်သည်။ သို့သော် မျက်နှာကမူ ထိန်းမရဘဲ နီမြန်းသွားရလေ၏။ 


ဒီလူကတော့ တကယ်ကို အရမ်းဆိုးတာပဲ။


.......


တစ်နှစ်ကြာပြီးနောက်။


"သွမ့်ယန်" ရုပ်ရှင်ကို ထုတ်လွှင့်ခဲ့ပြီး ပထမရက်မှာပင် ဝင်ငွေသန်းတစ်ရာရရှိခဲ့သည်။ ဆယ်ရက်အကြာ၌ ၁.၅ ဘီလီယံအထိဝင်ငွေရခဲ့လေ၏။ ရုပ်ရှင်ထဲတွင် ကျန်းလင်ရှန်းနေရာ၌ အရံသရုပ်ဆောင်ခဲ့သူမှာ ကောင်းမွန်သည့်သုံးသပ်ချက်များစွာကို လက်ခံရရှိခဲ့ကာ ပရိသတ်များအတွက် မှင်သက်ကာစိတ်လှုပ်ရှားစရာအမြင်မျိုး ချန်ရစ်ခဲ့လေသည်။


"မသေမျိုးအစ်ကိုကြီးက အရမ်းကြည့်ကောင်းတာပဲ"


"အိုး ငါ့ရဲ့လရောင်ဖြူလေး"


"သူကငါရဲ့လရောင်ဖြူလေးဖြစ်နေခဲ့တာကြာပြီ"


"ငါတော့ပရိသတ်ဖြစ်သွားပြီပြီ ကျန်းရှီဝူက အံ့ဩစရာပဲ"


ထိုနှစ်နွေရာသီတွင် ကျန်းရှီဝူ၏ ကျန်းလင်ရှန်းဇာတ်ကောင်က အောင်မြင်ခဲ့ပုံရသည်။ နာမည်ကို ထိပ်ဆုံးဇယားတွင်ပင် မကြာခဏမြင်တွေ့နေရလေ၏။ နာမည်ကြီးတံဆိပ်များ၏ သံတမန်အဖြစ်ခန့်အပ်ခံရမှုများ၊ အခွင့်အရေးများက တစ်ခုပြီးတစ်ခုရောက်လာနေခဲ့သည်။ အသစ်တက်လာကြသောကြယ်ပွင့်များရှိသော်လည်း ကျန်းရှီဝူ၏အောင်မြင်မှုက အခြားကြယ်ပွင့်များနှင့်မတူဘဲ မေးခွန်းထုတ်၍မရနိုင်အောင် ဖြစ်နေလေသည်။


ရုပ်ရှင်ကားကိုမိတ်ဆက်ချိန်တွင် မရေတွက်နိုင်သော ပရိသတ်များနှင့် မီဒီယာများကတက်ရောက်ခဲ့ကြသည်။ မီးမောင်းက စင်ပေါ်ရှိ တောက်ပလှသောလူငယ်လေးအပေါ်တွင် ကျရောက်နေခဲ့လေ၏။ မီဒီယာအမြောက်အများက မေးခွန်းမေးရန် စုပြုံနေကြပြီး ကျန်းရှီဝူနှင့်အနီးဆုံးမိန်းကလေးပရိသတ်များက သူတို့ဖုန်းထဲတွင် မန်မိုရီနည်း၍ မချင့်မရဲဖြစ်နေလေ၏။


တွေ့ဆုံပွဲပြီးခါနီးတွင် အစီအစဥ်တင်ဆက်သူက ပရိသတ်များအသိချင်ဆုံးမေးခွန်းကို ထုတ်မေးလာလေသည်။


"မစ္စတာကျန်း ဒီလိုပါ၊ မင်းမှာချစ်သူကောင်လေးရှိနေပြီဆိုပြီး မကြာသေးခင်က ကြားထားပါတယ်၊ အရမ်းလည်းရင်းနှီးကြသလို အတူရှော့ပင်းထွက်ကြတယ်၊ ပြီးတော့ အပြင်အတူသွားပြီး မကြာခဏဓာတ်ပုံအရိုက်ခံရတယ်လို့ သတင်းတွေထွက်နေတယ်ဗျ၊ အဲဒါကြောင့် အချို့က မင်းမှာချစ်သူရှိနေတယ်တို့၊ တိတ်တိတ်ပုန်းလက်ထပ်ထားတယ်တို့ ထင်နေကြတယ်၊ မင်းအနေနဲ့ ရှင်းပြပေးလို့ရမလားဗျ.."


ကျန်းရှီဝူက တုံ့ခနဲရပ်သွားလေသည်။ အစီအစဥ်တင်ဆက်သူက ဤမျှထက်မြက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူက ရှန့်ချန်နှင့်သူ့အကြောင်းကို ထုတ်ပြောလိုက်ရန် စဥ်းစားခဲ့သော်လည်း သူအခက်တွေ့နေရသော ဤခန်းမထဲတွင်တော့ လုံးဝမဟုတ်ပေ။ ဤရုပ်ရှင်အနောက်တွင် ကျိအုပ်စုမှရင်းနှီးမြုပ်နှံသူများရှိနေပြီး ဤပွဲ၏စင်အောက်ရှိ ရှေ့ဆုံးတန်းတွင် သပ်သပ်ရပ်ရပ်ဝတ်စားထားသော သူဌေးရှန့်ရှိနေလေသည်။ အမျိုးသားက သူ့အကြည့်ကိုသတိထားမိပုံရပြီး မျက်လွှာပင့်၍ကြည့်လာလေသည်။


ကျန်းရှီဝူမှာ လွန်ခဲ့သောနှစ်ရက်က ရိုမန့်တစ်ဆန်ဆန်ဖြင့် ဖွင့်ချပြရန်စီစဥ်ထားသော်လည်း ဤအခြေအနေတွင် ရှန့်ချန်ကိုတွေ့လိုက်ရသည့်အခါ သူ၏လက်တုံ့ပြန်ချင်စိတ်က အုံကြွလာပြီး နေရင်းထိုင်ရင်း ထိုသူကိုစနောက်ချင်လာလေ၏။


ထို့ကြောင့် သူကလည်ချောင်းရှင်းကာ ပြောလိုက်လေသည်။


"အားလုံးက နားလည်မှုလွဲနေတာပါ ကောလဟာလသက်သက်ပါပဲ၊ ကျွန်တော်က တစ်ယောက်တည်းသမားဖြစ်ပြီးတော့ အချစ်ရဲ့အရသာကို တကယ်ကိုစမ်းကြည့်ချင်ပါတယ်၊ အားလုံးလည်း ကျွန်တော့်ကို တစ်ယောက်လောက် မိတ်ဆက်ပေးကြပါဦး.."



☁️☁️☁️