အပိုင်း ၂၂၁-၂၂၂
Viewers 23k

Part 221


ကျန်းယန်ရှန့်သည် စာရွက်များမရ ဟု အခိုင်အမာပြောနေ၍ ဘယ်သူကမှလည်း မိန်းကလေးဖန့် ဘက်မှ သက်သေမလိုက်ပေးကြချေ။


 မိန်းကလေးဖန့် အလွန်ပင် ရှက်၍ဝမ်းနည်းကာ ထိုနေရာ၌ပင် လဲသေချင်စိတ်များပေါက်နေတော့သည်။


ဌာနမှူးသည်လည်း ပေါင်ချင်ထျန်း(*) မဟုတ်သဖြင့် ဤပြဿနာကို သေချာစီရင်ဆုံးဖြတ်ရန် စိတ်ကူးမရှိချေ။ ဌာနမှူး၏မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းနက်နေတော့သည်။


"ကျန်းယန်ရှန့်ကို ပေးတာ မပေးတာတွေငါစိတ်မဝင်စားဘူး...ငါက မင်းကိုပေးခဲ့တာ...အဲ့တော့ အခု မင်းဆီကပဲ တောင်းရမှာပဲ...မိတ္တူတွေဘယ်မှာလဲ...အစည်းအဝေးကစတော့မှာ...စာရွက်တွေကရော ဘယ်လိုလုပ်မလဲ..."


အချို့သောအချက်အလက်များသည် နိုင်ငံခြားမှ ဖက်စ်ဖြင့်ပို့ထားသည်များဖြစ်၍ စာရွက်ပေါ်၌သာရှိပြီး မိတ္တူဆွဲထားမှ အဆင်ပြေမည်ဖြစ်သည်။


လူကြားထဲ၌ မန်နေဂျာက ဤသို့မေးနေသောအခါ မိန်းကလေးသည် ငိုတော့မလိုပင်ဖြစ်လာသည်။


"ကျွန်မ...ကျွန်မမသိဘူး...သူ့ကို တကယ်ပေးခဲ့တာပါ..."


ဌာနမှူးသည်လည်း စိတ်တိုလာကာ ခံစားချက်များကိုမထိန်းနိုင်တော့ပဲ ဒေါသထွက်သွားတော့သည်။ မိန်းကလေးလည်း မ‌ခံနိုင်တော့ပဲ အားလုံးရှေ့တွင် ငိုချလိုက်သည်။


ထိုအချိန်၌ ဌာနမှလူတစ်ယောက်ရောက်လာကာပြောလိုက်သည်။


"မိတ္တူစက်ဘေးက ဘူးပေါ်မှာ တစ်ခုခုတွေ့လိုက်တယ်...ဆရာတို့ရှာနေတဲ့စာရွက်တွေများလားမသိဘူး..."


မိန်းကလေးနှင့် မန်နေဂျာတို့သွားကြည့်ရာ တကယ်ပင် ထိုစာရွက်များဖြစ်နေသည်။


အစည်းအဝေးစရမည့်အချိန်ကိုကျော်သွားပြီဖြစ်ရာ မန်နေဂျာသည် မိတ္တူခန်းထဲ၌ မိန်းကလေးကို တစ်ခါထပ်ဆူလိုက်သေးသည်။ မိန်းကလေးသည် မိတ္တူများကူး၍ စာရွက်များကို တွဲခြင်းဖြင့် အလုပ်ရှုပ်နေရင်း တရှုံ့ရှုံ့ငိုနေသည်။ အစည်းအဝေးနောက်ကျတော့မည်ကတော့ ပြောစရာမလိုပါချေ။ မိန်းကလေးဖန့်သည် တစ်ရုံးလုံး၏ အကြည့်များအောက်တွင် ရှက်လွန်း၍ ကြမ်းပြင်ထဲသို့သာ ခေါင်းထိုးစိုက်ဝင်ချင်စိတ်များပေါက်နေတော့သည်။


အခြားသော အကြည့်တစ်ချို့သည်လည်း ကျန်းယန်ရှန့်ဆီ ရောက်နေကြသည်။


မိန်းကလေးဖန့်က ကျန်းယန်ရှန့်အား စာရွက်များပေးလိုက်သည်ကို ဘေးပတ်ဝန်းကျင်မှ မည်သူမှ မဝန်ခံကြသော်လည်း မနက်က မိန်းကလေးဖန့်သည် ကျန်းယန်ရှန့်အား တစ်ခုတစ်ခုပေးလိုက်သည်ကိုတော့ ရေးရေးမှတ်မိကြသည်။ သို့သော် မိန်းကလေးဖန့်၏ ဆောင့်ကြွားကြွားပုံစံကြောင့် မည်သူမှ ဝင်မပြောကြချေ။


ထို့နောက် မနက်က တစ်စုံတစ်ခုပေးလိုက်သည်ကို တွေ့လိုက်သူများက ကျန်းယန်ရှန့်ကိုလည်း အကြည့်တစ်မျိုးဖြင့် ကြည့်ကြသည်။


ထိုမိန်းကလေးသည်......


ကိုက်တတ်သောခွေးများသည် မဟောင် ဆိုသောစကားမှာ တကယ်ပင် မှန်နေတော့သည်။


ကျန်းယန်ရှန့် ငြိမ်ငြိမ်လေးသာ ရပ်နေလိုက်သည်။


အရင်ဘဝတွင် ကျန်းယန်ရှန့်၏ပုံစံသည် ပုံမှန်မဟုတ်၍ သူမ သွားသည့်နေရာတိုင်း ထူးဆန်းသည့်အကြည့်များဖြင့် အကြည့်ခံနေရကျဖြစ်သည်။ ထိုအကြည့်များသည် ကျန်းယန်ရှန့်အား နည်းနည်းမျှပင် ဖိအားမပေးပါချေ။


သူမ၏ ခမ်းနားတည်ငြိမ်သောပုံစံကြောင့် ကြည့်နေကြသောလူများသည် ပို၍ပင် သူမအား နားမလည်နိုင်ဖြစ်သွားကြသည်။


နေ့လယ်စာစားပြီးကြချိန်တွင် အလုပ်သင်ကောင်လေးနှစ်ယောက်က ကျန်းယန်ရှန့်နားရောက်လာကြသည်။ သူတို့သည် ကျန်းယန်ရှန့်အား လုံခြုံသော ‌တစ်နေရာဆီခေါ်သွား၍ ပြောသည်။


"မင်းသတိထားနေသင့်တယ်...ဖန့်ရှောင်ဟန်က ကုမ္ပဏီက လူတစ်ယောက်ယောက်နဲ့ အမျိုးတော်တယ်..."


ကျန်းယန်ရှန့်: "ဪ..."


ကောင်လေးတစ်ယောက်က ထပ်ပြောသည်။


"သူအမျိုးက ဒီကုမ္ပဏီက ရာထူးကြီးကြီးတစ်ယောက်ပဲ...ငါတို့ သူ့ကို ခုနကပဲ အပေါ်ထပ်တက်သွားတာမြင်လိုက်တယ်...သူ့အမျိုးကို သွားရှာနေတာဖြစ်မယ်...."


ကျန်းယန်ရှန့်က ကောင်လေးနှစ်ယောက်ကိုကြည့်လိုက်သည်။


"အဲ့တော့ အစ်ကိုတို့က ညီမကို ဘာလုပ်စေချင်တာလဲ..."


ကောင်လေးနှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြသည်။


တစ်ယောက်ကပြောလိုက်သည်။


"သူနဲ့ ပြေလည်အောင် ညှိကြည့်ရင်ရော..."


နောက်တစ်ယောက်ကပြောသည်။


"ဒါမှမဟုတ် ညီမမှာရော ကုမ္ပဏီမှာ အသိတစ်ယောက်ယောက်ရှိလား..."


သူတို့ဘာကိုဆိုလိုကြသည်ကို ကျန်းယန်ရှန့် ကောင်းစွာနားလည်ပါသည်။


အလုပ်သင် လေးယောက်လုံးသည် ကုမ္ပဏီမှ အဆက်အသွယ်များနှင့် ရောက်လာကြသည်မဟုတ်လား။ တစ်ယောက်နှင့်တစ်ယောက်မတူသည်က သူတို့၏ အဆက်အသွယ်များသည် သူတို့နှင့်ဘယ်လောက်ရင်းနှီးသလဲ၊ ရာထူးမြင့်လား၊ နိမ့်လား စသည်တို့သာ ကွာခြားပေသည်။


ဥပမာအားဖြင့် လူအချို့က သူတို့နှင့် အလွန်ရင်းနှီးသော အမျိုးအရင်း၏အကူအညီဖြင့်ရောက်လာကြသည်။ အချို့ကတော့ ရင်းနှီးသူ နှစ်ဆင့် သုံးဆင့်ခံပြီးမှ ရောက်လာကြသဖြင့် သိပ် အာဏာမရှိပေ။


အလုပ်သင်ဖြစ်သော ဖန့်ရှောင်ဟန်သည် ကုမ္ပဏီ၏ အကြီးအကဲတစ်ယောက်နှင့် ရင်းနှီးရုံမျှဖြင့် အဘယ်ကြောင့် အလုပ်သင်အချင်းချင်းကို အနိုင်ကျင့်ရသနည်း။


အထက်တန်းပညာရေးသာရှိသော(ဒါသည်လည်း ကြီးမားသောအမှားတစ်ခု)ကျန်းယန်ရှန့်ကဲ့သို့ မိန်းကလေးသည်လည်း ဤကုမ္ပဏီသို့ရောက်လာနိုင်ခြင်းမှာ တစ်ယောက်ယောက်နှင့် ရင်းနှီး၍သာဖြစ်ကြောင်း လူတိုင်း သိနေမည်သာဖြစ်သည်။


သို့သော် ဖန့်ရှောင်ဟန်သည် အလုပ်စလုပ်တည်းက ကျော့ကျော့မော့မော့နှင့် အပေါ်စီးကနေ၍ ပြောဆိုတတ်တာ ကျန်းယန်ရှန့်ကတော့ သူမ နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ကျန်းယန်ရှန့်သည် တိတ်တိတ်ဆိတ်ဆိတ်နေ၍ ခိုင်းသမျှကို အကုန်ကြိုးစားလုပ်ကိုင်သည်။ ထို့ကြောင့် လူတိုင်းက ကျန်းယန်ရှန့်၏အဆက်အသွယ်သည် သူမ နှင့် သိပ်မရင်းနှီးသောကြောင့်သာ အရာအားလုံးကို ခေါင်းငုံ့ခံ အရှုံးပေးနေသည်ဟု ထင်နေကြသည်။


ကျန်းယန်ရှန့်သည် ဖန့်ရှောင်ဟန်နှင့် ဤသို့ ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ချေ။


ထို့ကြောင့် အခြားအလုပ်သင်ကောင်လေးများသည် ယခင်က ကျန်းယန်ရှန့်အား ပြုံးပြရုံသာရှိ၍ ဘာမှမကူညီ မကာကွယ်ပေးခဲ့သော်လည်း ယခုတော့ ကျန်းယန်ရှန့်၏ အဆက်အသွယ်သည်လည်း အာဏာကြီးမည့်ပုံပေါ်လာသောကြောင့် ကျန်းယန်ရှန့်အား သတိပေးစကားလာပြောကြခြင်းဖြစ်သည်။


ကျန်းယန်ရှန့်က ခေါင်းငြိမ့်လိုက်သည်။


"ညီမ နားလည်ပါပြီ...ကျေးဇူးတင်ပါတယ်..."


အသိုင်းအဝိုင်းနှင့်နေသော သတ္တဝါများသည် အသက်ရှင်သန်ရန်နည်းလမ်းများကို တတ်မြောက်ပြီးဖြစ်သည်။ မနက်က ဖြစ်ထားသောကိစ္စကို ဘာမှမဖြစ်ခဲ့သလိုပင် အားလုံးက တိတ်ဆိတ်နေ၍ ပုံမှန်လိုပင် အလုပ်များဆက်လုပ်နေကြသည်။ အလွန်လှပသောအလုပ်သင်မိန်းကလေးကျန်းကို အလုပ်ခိုင်းသောအချိန်များ၌သာ ခိုင်းသောလူ၏ လေသံက ပျော့ပျောင်းနေသည်။


သို့သော် ညနေ ၄ နာရီလောက်တွင်တော့ ကျန်းယန်ရှန့်အား အပေါ်ထပ်မှ လှမ်းခေါ်လိုက်တော့သည်။


ကျန်းယန်ရှန့်ကို ရုံးခန်းထဲသို့ခေါ်လိုက်သူသည် ဒုဥက္ကဌဝမ် ဆိုသူဖြစ်သည်။ ကျန်းယန်ရှန့်သည် ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် စားပွဲနောက်၌ ဥက္ကဌဝမ်ဘေး၌ရပ်နေ၍ သူမကို အညှိုးများဖြင့် ကြည့်နေသော ဖန့်ရှောင်ဟန်ကို တွေ့လိုက်ရသည်။


ဒုဥက္ကဌဝမ်သည် ဤမျှချောမောလှပသောမိန်းကလေးက ဉာဏ်နီဉာဏ်နက်များ၍ ရဲတင်းသည်ဆိုသည်ကို မယုံနိုင်သည့်ပုံဖြင့် ကျန်းယန်ရှန့်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေသည်။


ဒုဥက္ကဌဝမ်သည် လက်တော့ကို ကျန်းယန်ရှန့်ဘက်ကို လှည့်ကာပြလိုက်သည်။


"မင်းက ကျန်းယန်ရှန့်မဟုတ်လား...ဒါကို ကြည့်လိုက်ပါဦး..."


အိုဟိုး သူတို့တွေက စီစီတီဗီမှတ်တမ်းတွေ ယူထားကြသည်ပဲ...


လက်တော့မျက်နှာပြင်၌ ဖန့်ရှောင်ဟန်က ကျန်းယန်ရှန့်အား စာရွက်အချို့ပေးနေသည့် ဗီဒီယိုကိုမြင်နေရသည်။ ထို့နောက် ကျန်းယန်ရှန့်သည် စာရွက်များကိုယူ၍ မိတ္တူခန်းထဲသို့ဝင်သွားသည်။ နှစ်မိနစ်ပင် မကြာပဲ ကျန်းယန်ရှန့်သည် အခန်းထဲမှ လက်ဗလာဖြင့် ပြန်ထွက်လာတော့သည်။


ဗီဒီယိုဆုံးသွားသောအခါ မစ္စတာဝမ်က ခုံနောက်သို့မှီကာ မေးလိုက်သည်။


"မင်း ဘာပြောမလဲ..."


ဖန့်ရှောင်ဟန်၏ မျက်နှာ၌ စိတ်သက်သာရာရမှုနှင့် အမုန်းများ ပေါ်လွင်နေသည်။


ကျန်းယန်ရှန့်က မျက်ခုံးများပင့်ကာ မေးလိုက်သည်။


"ကျွန်မကို ဘာပြောစေချင်တာလဲ..."


ဖန့်ရှောင်ဟန်သည် အလွန်ပင် ဒေါသထွက်သွားသည်။


"ဦးလေး...သူဘယ်လိုလဲဆိုတာ တွေ့တယ်မလား..."


ကျန်းယန်ရှန့်သည် စကားကို ပုံမှန်ပင်ပြောကာ မျက်နှာကလည်း ကြောက်နေသည့်ပုံမပေါ်ချေ။ မစ္စတာဝမ်သည် အနည်းငယ်တော့ အံ့ဩသွားမိသည်။


မစ္စတာဝမ်၏တူမသည် မနက်က ဤကိစ္စနှင့်ပတ်သတ်၍ လာတိုင်ခဲ့သည်။ စီစီတီဗီ ဗီဒီယိုများကိုကြည့်နေစဉ် မစ္စတာဝမ်သည် သူဌေးနှင့် အခြား ဒုဥက္ကဌများကို လိုက်မေးမြန်းခဲ့ရာ ကျန်းယန်ရှန့်သည် မည်သူနှင့်မှ ရင်းနှီးမှုမရှိကြောင်း သိခဲ့ရသည်။


ထို့ကြောင့် ကျန်းယန်ရှန့်ကိုကြောက်စရာမရှိပါ။ အကယ်၍ ကျန်းယန်ရှန့်သည် ဒါရိုက်တာပိုင်းမှ အကြီးအကဲများနှင့် အမျိုးတော်နေလျှင်တောင်မှ ဥက္ကဌဝမ်သည် ထိုကလေးမလေးကို မကြောက်ပေ။


မစ္စတာဝမ်သည် ခုံကို လက်ဆစ်များဖြင့်ခေါက်ကာ ကျန်းယန်ရှန့်ကို ဆူလိုက်သည်။


"ဒီမှာ သက်သေက အထင်အရှားရှိနေပြီလေ...မင်းအခုထိ မဝန်ခံသေးဘူးလား..."


ကျန်းယန်ရှန့် အံ့ဩသွားသည်။


"ကျွန်မက ဘာကိုဝန်ခံရမှာလဲ..."


ဒုဥက္ကဌဝမ်သည် ဒေါသသံဖြင့်ပြောလိုက်သည်။


"မနက်က ရှောင်ဖန့်က မင်းကို စာရွက်တွေပေးခဲ့တယ်ဆိုတာကိုလေ...အခုထိ လိမ်နေတုန်းပဲလား..."


"ကျွန်မ ဝန်ခံပါတယ်..."


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"မနက်က သူ ကျွန်မကို စာရွက်တွေပေးပြီး ဖျက်ဆီးခိုင်းခဲ့တာ...အဲ့ဒါကြောင့် အဲ့စာရွက်တွေကို စာရွက်ဖျက်စက်ဆီယူသွားလိုက်တာ...စာရွက်အစတွေတောင် စက်ထဲမှာ ရှိနေသေးတယ်..."


Xxxxx


Part 222


ဖန့်ရှောင်ဟန်သည် ဒေါသဖြင့် ပေါက်ကွဲထွက်မလိုပင်ဖြစ်နေတော့သည်။ ဤ ကျန်းယန်ရှန့်ဆိုသော မိန်းကလေးသည် အဘယ်ကြောင့် ဤမျှ လိမ်ညာနေရပါသနည်း။


"နင်မဟုတ်တာတွေပြောနေတာပဲ..."


သူမ က အော်ပြောလိုက်သည်။


ကျန်းယန်ရှန့်က မျက်ခုံးများပင့်လိုက်သည်။


"ဘာ မဟုတ်တာပြောလို့လဲ...အစ်မမှာ သက်သေရှိလို့လား..."


ဖန့်ရှောင်ဟန်က ကွန်ပျူတာကို လက်ညှိုးထိုးပြလိုက်သည်။


"သက်သေက အကုန်ဒီမှာလေ...နင်ဘယ်လိုများ ပါးစပ်ကိုဖွင့်ပြီး မဟုတ်တာတွေပြောနိုင်ရတာလဲ...မနက်က ငါနင့်ကိုပေးလိုက်တာတွေက မန်နေဂျာလီနဲ့ တခြားလူတွေ အစည်းအဝေးမှာသုံးရမယ့် စာရွက်စာတမ်းတွေလေ..."


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"စိတ်တော့မကောင်းပေမယ့် ဒီဗီဒီယိုကနေ ကျွန်မကို အစ်မ ဘယ်လိုစာရွက်တွေပေးလိုက်တယ်ဆိုတာ သေချာမမြင်ရဘူးဖြစ်‌နေတယ်...အစ်မက ဘာလို့အဲ့လောက် သေချာနေရတာလဲ...အစ်မမှာ မှန်ဘီလူးမျက်လုံးရှိနေတာလား..."


ကျန်းယန်ရှန့်၏ အရှက်ကင်းမဲ့မှုအပေါ် ဖန့်ရှောင်ဟန်သည် အလွန်ပင်အံ့ဩကာ စကားတောင်မ‌ပြောနိုင်ဖြစ်သွားသည်။


တကယ်လည်း ဗီဒီယိုထဲတွင် ဖန့်ရှောင်ဟန်က ကျန်းယန်ရှန့်အား စာရွက်များပေးနေသည်ကိုသာ မြင်ရ၍ မည်သည့် စာရွက်စာတမ်းများဖြစ်သည်ကို မမြင်ရချေ။


အောက်ထပ်မှ မိတ္တူခန်းသည် အခန်းဟုဆိုသော်လည်း တစ်ဖက်မှ ပုံးနှင့်ပစ္စည်းများဖြင့် ပိတ်ထား၍ တစ်ဖက်ကပွင့်နေသော လမ်းကြားတစ်ခုသာဖြစ်သည်။ မိတ္တူစက်နှင့် စာရွက်ဖျက်စက်ကဲ့သို့ ရုံးသုံးပစ္စည်းများထား၍ စီစီတီဗီကင်မရာလည်း အခန်းထဲ၌ မရှိချေ။


ထို့ကြောင့် ဖန့်ရှောင်ဟန်သည် တကယ်ပင် သူမစကား မှန်ကြောင်းပြရန် သက်သေမရှိတော့ချေ။


"ဘာသက်သေကို မင်းကလိုချင်နေတာလဲ...ဘာသက်သေတွေရော လိုဦးမှာလဲ..."


ဒုဥက္ကဌဝမ်က ဒေါသထွက်စွာဖြင့် စားပွဲကိုရိုက်လိုက်သည်။


"ရှောင်ဖန့်က ငါ့ကို လိမ်မလား..."


စိတ်ဝင်စားစရာပဲ... ဟု ကျန်းယန်ရှန့်တွေးမိသည်။ သူတို့၌ သက်သေရှိပြီဟု သေချာနေစဉ်၌ ကျန်းယန်ရှန့်ကို အတင်းလာခိုင်း၍ ယခုသက်သေက ခိုင်လုံမှုမရှိသောအခါတွင်တော့ သက်သေမလိုတော့ဘူး ဟု ဆိုနေကြပြန်သည်။


"နှစ်ဖက်လုံးမှာ သက်သေရှိမနေတဲ့အတွက် သူ မှန်တယ်လို့ ဥက္ကဌက ဘာလို့ သေချာပြောနိုင်နေရတာလဲ...ကျွန်မလိမ်တယ်ဆိုပြီးတော့ရော ဘာလို့သေချာနေတာလဲ..."


ကျန်းယန်ရှန့်က မေးလိုက်သည်။


"သူက ဥက္ကဌရဲ့ တူမ မို့လို့လား..."


ဒုဥက္ကဌဝမ်သည် သူ၏သိက္ခာကို အစော်ကားခံလိုက်ရသည် ဟု ခံစားလိုက်ရသည်။


သူ့တူမ က သူ့ဆီလာတိုင်သောအခါ မစ္စတာဝမ်သည် အလွန်စိတ်တိုသွားရသည်။ ခွေးကိုဆုံးမရမည့်တာဝန်မှာ ပိုင်ရှင်၌သာ ရှိသည်မဟုတ်လား။ သို့သော် သူ့တူမအား ဆူပူ၍ ငိုအောင်လုပ်လိုက်‌သော မန်နေဂျာလီသည် ကုမ္ပဏီ၏ အလွန်အားကိုးရသောထောက်တိုင်တစ်ခုဖြစ်ကာ ပြောရဆိုရလည်း ခက်သူတစ်ယောက်ဖြစ်သည်။ ဤကဲ့သို့ ကိစ္စသေးသေးလေးဖြင့် မန်နေဂျာလီကို သွားဒုက္ခမပေးသင့်ပေ။ ထို့ကြောင့် သူ ကျန်းယန်ရှန့်ပေါ်၌သာ ဒေါသပုံချလိုက်ခြင်းဖြစ်သည်။


သူသည် စားပွဲကို အရှိန်ဖြင့် ကျယ်လောင်စွာ ထပ်ရိုက်လိုက်သည်။


"အေး...အဲ့တော့ ဘာဖြစ်လဲ..."


ဒုဥက္ကဌဝမ်သည် ဤရန်ပွဲ၏ ဖြစ်ပုံနှင့်သက်သေများကို သူအနိုင်ပြောနိုင်ရန် ခေါင်းထဲ၌ အမြန်စဉ်းစားနေသည်။


"မင်းလိုမိန်းကလေးမျိုး ငါတစ်ခါမှမတွေ့ဖူးဘူး...တော်တော်သတ္တိရှိနေတယ်ပေါ့ ဟုတ်လား..."


ဒုဥက္ကဌဝမ်သည် ကျန်းယန်ရှန့်ကို စ၍ ခြောက်လှန့်လာသည် 


"အချိန်တွေဘယ်လောက်ပိုကုန်သွားလဲ မင်းသိလား...ဒီပရောဂျက်သာ နောက်ကျသွားရင် ကုမ္ပဏီက ငွေတွေဘယ်လောက်ဆုံးရှုံးသွားမလဲ မင်းသိလား..."


တကယ်တော့ ကုမ္ပဏီ၌ အရှုံးမရှိပါ။ အလွန်ဆုံး ပိုက်ဆံမရရုံသာရှိမည်။


ထို့အပြင် အစည်းအဝေး ဆယ်မိနစ်နောက်ကျသွားသောကြောင့် ပရောဂျက်များဆုံးရှုံးသွားသည်ဟု မစ္စတာဝမ် တစ်ခါမှမကြားဖူးချေ။ ဤအစည်းအဝေးကလည်း အလုပ်အပ်သူများနှင့်မဟုတ်ပဲ ရုံးတွင်းအစည်းအဝေးသာဖြစ်သည်။


ကျန်းယန်ရှန့်က မတုန်မလှုပ်ပင် ပြန်ပြောလိုက်သည်။


"ဘယ်လောက်မှမရှိပါဘူး..တစ်သန်း နှစ်သန်းလောက်ပဲရှိမှာ ကျွန်မလျော်နိုင်ပါတယ်..."


ဖန့်ရှောင်ဟန်က ပြုံးလိုက်သည်။


"နင်က တစ်သန်း နှစ်သန်းလောက်ကို အဆုံးခံနိုင်တယ်ပေါ့...နင့်မိသားစုက ဒီကုမ္ပဏီကို ပိုင်တယ်လို့ နင်ထင်နေတာလား..."


ကျန်းယန်ရှန့်က သူမကို လှမ်းကြည့်လိုက်သည်။


"အစ်မရဲ့ ကုမ္ပဏီမဟုတ်တာတော့ သေချာတယ်လေ..."


ကျန်းယန်ရှန့်ပြောနေသောစကားများသည် ဒုဥက္ကဌဝမ်၏ မျက်နှာတည့်တည့်ကိုစော်ကားနေသလို ဖြစ်နေတော့သည်။


ဒုဥက္ကဌသည် စိတ်လျှော့လိုက်ကာ ကလေးသာသာပင်ရှိသေးသော ကျန်းယန်ရှန့်နှင့် ပြိုင်၍ ရန်မဖြစ်ချင်တော့ပေ။ ကျန်းယန်ရှန့်သည် သူတို့အား အပျော်သဘောနှင့် ရန်စနေသလိုဖြစ်နေသည်။ ထို့ကြောင့် မစ္စတာဝမ်သည် မျက်နှာတည်တည်ထား၍ မေးလိုက်သည်။


"ငါ့ကိုပြောစမ်း...ဒီအလုပ်သင်နေရာရဖို့ မင်းကို ဘယ်သူပြောပေးတာလဲ..."


ဤသို့မေးလိုက်ခြင်းသည် မစ္စတာဝမ်၏ ကျန်းယန်ရှန့်ကို ဤကုမ္ပဏီမှပထုတ်ရန် စီစဉ်နေသည့် အကြံအစည်ကိုပေါ်လွင်စေသည်။


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"ကျွန်မရဲ့အဖွားပါ..."


မြေးပင် ဒီအရွယ်ရှိနေပြီဖြစ်သောကြောင့်အဖွားသည် အလွန်အိုနေလောက်ပြီဖြစ်ကြောင်း မစ္စတာဝမ်တွေးလိုက်မိသည်။ ခဏမျှစဉ်းစားသော်လည်း ကုမ္ပဏီ၏ အကြီးအကဲပိုင်းတွင် ဤမျှအသက်ကြီးသော အမျိုးသမီးကို မစ္စတာဝမ် စဉ်းစား၍မရချေ။


မစ္စတာဝမ်က မေးလိုက်သည်။


"မင်းရဲ့အဖွားက ဘယ်သူလဲ..."


ဖန့်ရှောင်ဟန်က အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။


"ပြောလေ...နင်ဘာတွေ ပြောဦးမလဲ ကြည့်ရတာပေါ့..."


ဖန့်ရှောင်ဟန်သည် ဤ ကုမ္ပဏီ၌ သူ့ဦးလေးထက်ရာထူးကြီးသူများရှိနေသည်ကို မေ့နေမိသည်။ သူမသည် ဦးလေးအား ကုမ္ပဏီ၌ အကြီးဆုံးပုဂ္ဂိုလ်ဟုသာ ထင်နေမိသည်။


ထို့ကြောင့် ဤသို့ဦးလေးမျိုးရှိသော ဖန့်ရှောင်ဟန်သည်လည်း ကုမ္ပဏီ၌ သူမသည် အခြားလူများနှင့်မတူ ဟု အထင်ရောက်နေပေသည်။


ဤသို့သော နောက်ခံရှိ၍သာ ဖန့်ရှောင်ဟန်သည် အလုပ်သင်နောက်တစ်ယောက်ဖြစ်သော ကျန်းယန်ရှန့်ကို အလုပ်များခိုင်းချင်သလိုခိုင်းနေခြင်းဖြစ်သည်။


သို့သော် အမှန်တရားက ရက်စက်တတ်ပါသည်။ လူတစ်ယောက်သည် အလွန်အမင်းဘဝင်မြင့်ကာ ဆိုးဝါးလာပြီဆိုလျှင် ထိုလူသည် အလျင်အမြန်ပင် ဒဏ်ခတ်ခံရမည်ဖြစ်သည်။


ဘဝကို ဤသို့ကစားပါက ရှုံးမည်သာဖြစ်သည်။


ကျန်းယန်ရှန့် ဖြည်းညင်းစွာပြောသည်ကို ဖန့်ရှောင်ဟန် ကြားလိုက်သည်။


"ကျွန်မအဖွားက စုန့်လန်ယင်း ပါ..."


ဖန့်ရှောင်ဟန်သည် ကုမ္ပဏီ၏အကြီးအကဲပိုင်း၌ မည်သည့်အမျိုးသမီးက စုန့်လန်ယင်းဖြစ်သည်ကို စဉ်းစားနေမိသည်။ စုန့် ဟူသော မျိုးရိုးနာမည်ရှိသောလူ မည်သူမျှ မရှိသည် မဟုတ်လား။


မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူမ၏ဦးလေးသည် သရဲကိုတွေ့လိုက်ရသလို ကြောက်လန့်အံ့ဩသွားသည်ကို တွေ့လိုက်ရသည်။


"ကျွိ" ဟူသောအသံနှင့်အတူ ကျန်းယန်ရှန့်သည် ခုံကိုတွန်းကာ မတ်တပ်ရပ်လိုက်သည်။


"ကျွန်မအဖေနာမည်က ကျန်းဟွမ်..."


ကျန်းယန်ရှန့်က ဒုဥက္ကဌဝမ် အားပြောလိုက်သည်။


"ဥက္ကဌသာ ဒီကုမ္ပဏီမှာ ကြာကြာလုပ်ဖူးခဲ့မယ်ဆိုရင် ကျွန်မအမေနာမည်ကိုလည်း မှတ်မိမှာပါ..."


ဖန့်ရှောင်ဟန်သည် နားမလည်နိုင်ဖြစ်သွားသည်။ ကျန်းယန်ရှန့်ပြောနေသည့် နာမည်များကို သူမ မသိပါ။ ထိုနာမည်ပိုင်ရှင်လူများလည်း ဤကုမ္ပဏီ၌ မရှိသည်မဟုတ်လား။ အဘယ်ကြောင့် သူမ၏ဦးလေးသည် နဖူးမှ ချွေးများပြန်လာရသနည်း။


ထို့နောက် ဖန့်ရှောင်ဟန်သည် ကျန်းယန်ရှန့်ပြောသည်ကို ပီပီသသကြားလိုက်ရသည်။


"အစ်မပြောတာ တစ်ခုတော့မှန်ပါတယ်..."


ဖန့်ရှောင်ဟန်က မသင်္ကာသည့်အကြည့်ဖြင့် မော့ကြည့်လိုက်သည်။


သူမ မနာလိုဖြစ်ရလောက်အောင် လှပသောမိန်းကလေးကပြောလိုက်သည်။


"ဒီကုမ္ပဏီက တကယ်ပဲ ကျွန်မရဲ့မိသားစုက ပိုင်တာလေ..."


မိန်းကလေး၏ ခေါင်းသည် မော့နေ၍ မျက်လုံးများသည်လည်း ‌မာန်မာနများဖြင့် ပြည့်နေသည်။


ထိုမိန်းကလေးသည် မွေးဖွားလာတည်းက မိသားစု၏ မင်းသမီးလေးဖြစ်ခဲ့ကာ မိခင်၏ ဂရုတစိုက်ပြုစုပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာရသည်။ နောက်ပိုင်းတွင် ဘဝ၏အတက်အကျများနှင့် ကြုံတွေ့ခဲ့ပသော်လည်း ငယ်စဉ်တည်းက အရိုးစွဲလာခဲ့သည့် မိသားစု၏သမီးအကြီးဆုံးဟူသော မာနကတော့ မည်သောအခါမှ မပျောက်ဆုံးသွားခဲ့ပါချေ။


* ပေါင်ချင်ထျန်း - သမာသမတ်ကျမှု၊ ဖြောင့်မတ်မှုတို့ကြောင့် နာမည်ကျော်ကြားသော မြောက်ပိုင်းစုန့်အရာရှိ ပေါင်ကျန်း(၉၉၉-၁၀၆၂) ၏ စိတ်ကူးယဉ်နာမည်ပြောင်။


Xxxxxx