အပိုင်း ၂၁၉-၂၂၀
Viewers 23k

Part 219


မိုလင်းက ကျန်းယန်ရှန့်အား《‌နေအဖွဲ့အစည်းမှထွက်ခွာခြင်း》၏ အခြေအနေကို ပြောပြရန် ဖုန်းဆက်လာသည်။


"အခုတော့ ရင်းနှီးထားတဲ့ပိုက်ဆံတွေလည်း သူ့နေရာနဲ့သူဖြစ်နေပြီး နောက်ပိုင်းဆက်လုပ်ဖို့ အစီအစဉ်ကလည်း သေချာနေသေးတယ်..."


မိုလင်းကပြောသည်။


"လောလောဆယ်အစီအစဉ်ကတော့ နောက်နှစ် နွေရာသီကျောင်းပိတ်ရက်မှာ ထုတ်နိုင်ဖို့ ကြိုးစားနေကြတယ်...ထုတ်လုပ်သူဝမ် ကလည်း အချိန်ဇယားနဲ့ပတ်သတ်လို့ တော်တော်လေး ယုံကြည်ချက်ရှိနေတယ်..."


မိုလင်းက ယုံကြည်ချက်ရှိစွာပြောနေသည်။


သို့သော် ကျန်းယန်ရှန့်၏ ယခင်ဘဝမှတ်ဉာဏ်အရ ရုပ်ရှင်ထုတ်လုပ်မည့်အချိန်သည် ဟိုခုန်ဒီခုန်ဖြင့် နောက်တစ်နှစ်ကျော် နွေဦးရာသီရောက်မှ ထုတ်လုပ်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူမ မိုလင်း၏စကားများကို မယုံပေ။


မိုလင်းက သူမ အားလိမ်ညာနေသည်ဟုတော့ ကျန်းယန်ရှန့်မထင်ပါ။ ရုပ်ရှင်ထုတ်လုပ်ခြင်းကိစ္စသည် ထုတ်ဝေသူ၏တာဝန်သာဖြစ်၍ မိုလင်းလည်း ဘာမှလုပ်နိုင်သည်မဟုတ်ချေ။ မိုလင်းသည် အစီအစဉ်များကို သေချာလေ့လာ၍ ပိုက်ဆံရင်းနှီးထားသူများကို အမှန်အတိုင်းပြောပြနိုင်ရုံသာ ရှိသည်။


သို့သော် ကျန်းယန်ရှန့်၏စကားများထဲမှ "မယုံကြည်မှု" ကို မိုလင်းကသတိထားမိသွားသည်။ မိုလင်းသည် "အစ်မကိုယုံပါ..." ဟူသော အနှစ်မပါသည့်စကားများကိုလည်း ပြော၍မရချေ။ ထို့ကြောင့် ပြုံးကာ ပြောလိုက်သည်။


"ညီမကို ရွှေကျန်းမှာတွေ့တည်းက အလုပ်တွဲလုပ်ချင်စိတ်ဖြစ်လာတဲ့ အစ်မရဲ့စိတ်ကိုပဲကျေးဇူးတင်ရမလား...အလုပ်တွဲလုပ်ဖို့ သဘောတူတဲ့ ညီမလေးကိုပဲ ကျေးဇူးတင်ရမလားမသိဘူး...ဒါပေမယ့် ငွေရင်းနှီးမှုကတော့ မျှော်လင့်ထားတာထက် ကောင်းတာအမှန်ပဲ...ညီမလေးရဲ့ K မြို့ကတင်ပဲ သန်း ၁၅၀ လောက်ရတယ်..."


ဟင်...


"K မြို့က လို့ပြောလိုက်တာလား..."


ကျန်းယန်ရှန့် အံ့ဩသွားသည်။


"ဟုတ်တယ်လေ..."


မိုလင်းက ပြောသည်။


"ညီမ နဲ့ ရှောင်းရှူ နှစ်ယောက်ဆီက ၄၄ သန်းရတယ်...ပြီးတော့ သန်း ၁၀၀ မြုပ်နှံထားတဲ့ မြုပ်နှံသူတစ်ယောက်လည်း အစ်မရထားတယ်..."


ကျန်းယန်ရှန့် က သေချာအောင်ထပ်မေးလိုက်သည်။


"သူက ညီမတို့ရဲ့ K မြို့ကပေါ့..."


မိုလင်းက ပြောသည်။


"ဟုတ်တယ်..."


ကျန်းယန်ရှန့် အလွန်ပင် အံ့ဩသွားသည်။


အရင်ဘဝက ဤရုပ်ရှင်သည် တဟုန်ထိုးနာမည်ကြီးသွားသောကြောင့် ရုပ်ရှင်နောက်ကွယ်မှ ရိုက်ကူးရေးဗီဒီယိုများ၊ အမျိုးမျိုးသောသတင်းများ၊ ရုပ်ရှင်ကိုခွဲခြမ်းစိတ်ဖြာခြင်းများ တို့သည် အင်တာနက်ပေါ်၌ အလွန်ပျံ့နှံ့ကုန်ကြသည်။ ရုပ်ရှင်ထဲ၌ ပါဝင်သော ရင်းနှီးမြုပ်နှံသူတော်တော်များများကိုလည်း ကျန်းယန်ရှန့် သိခဲ့သည်။ ထိုလူများထဲတွင် K မြို့မှ တစ်ယောက်မှ မပါခဲ့ပါ။


ကျန်းယန်ရှန့်ကမေးလိုက်သည်။


"ဘယ်သူလဲ..."


ယွဲ့စုန့်သည် ရုပ်ရှင်၌ ရင်းနှီးမြုပ်နှံသူတစ်ယောက်ဖြစ်နေပြီး သူ့နာမည်ကို မဖော်ပြဖို့လည်း မပြောထားသောကြောင့် မိုလင်းကပြောပြလိုက်သည်။


"ချင်းထင်ကပဲ...အဲ့ဒီ ကုမ္ပဏီအုပ်စုကို ညီမ သိလား..."


ကျန်းယန်ရှန့်က ရိုးရိုးသားသားပင် ဝန်ခံလိုက်သည်။


"...ညီမ မသိဘူး..."


အရင်ဘဝတုန်းက ကျန်းယန်ရှန့်သည် အထက်တန်းမှစ၍ လုပ်ချင်ရာလုပ်ခဲ့ပြီး သေသည်အထိလည်း လုပ်ချင်ရာကိုလုပ်၍ ဆိုးသွမ်းနေခဲ့သည်ဖြစ်ရာ K မြို့မှ စီးပွားရေးအသိုင်းအဝိုင်းနှင့် အဆက်အဆံမရှိခဲ့သလို စိတ်လည်း မဝင်စားခဲ့ချေ။


အောင်မြင်သော စီးပွားရေးသမားတိုင်းကလည်း ရွှယ်ရှင်းထုံ ကဲ့သို့ မီဒီယာများတွင် မျက်နှာထုတ်ပြချင်ကြသည်မဟုတ်ပေ။ ယွဲ့စုန့်ကိုလည်း အခြား စီးပွားရေးသမားများနှင့် ပြင်ပလူများက ယွဲ့စုန့်၏ရုပ်ရည်၊ နာမည်တို့အပြင် ယွဲ့စုန့် ဆိုသောလူ ရှိသည်ကိုသည်ကိုပင် မသိကြသည်က များသည်။


မိုလင်းက ပြုံးလိုက်သည်။ သူမ သည် ကျန်းယန်ရှန့်အားကြည့်၍ ကလေးမလေးသည် အထက်တန်းကျောင်းပထမနှစ်ပင်ရှိသေးသည်ပဲ ဟု တွေးနေမိသည်။


"သူ့ကိုလည်း အစ်မက ရွှေကျန်းမှာပဲ တွေ့ခဲ့တာ...အဲ့ဒီတုန်းက အစ်မက ချိုင်းထောက်နဲ့လေ...ချင်းထင်အုပ်စုရဲ့ ဥက္ကဌယွဲ့က မြင်ပြီး ဘာဖြစ်တာလဲ လာမေးရော...နောက်တော့ အစ်မတို့လည်း အချင်းချင်း လိပ်စာကဒ်တွေ လဲလာကြတာ....သူကလဲ စီးပွားရေးလုပ်တာပဲဆိုတော့လေ...အစ်မ K မြို့ကိုပြန်ရောက်တော့ တခြား ပရောဂျက်တစ်ခုအကြောင်းပြောဖို့သွားရင်းနဲ့ ဒီရုပ်ရှင်အကြောင်းကိုပါ ပြောပြလိုက်တာ...အစကတော့ ရုပ်ရှင်ပရောဂျက်ကိုတင်ပြဖို့အစီအစဉ်မရှိပါဘူး...နောက်ဆုံးကျတော့ သူလည်း ပိုက်ဆံမြုပ်နှံဖို့ သဘောတူလိုက်တယ်လေ..."


လိပ်ပြာအကျိုးသက်ရောက်မှု ပဲဟု ကျန်းယန်ရှန့်တွေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းယန်ရှန့်သည် ရုပ်ရှင်ထဲသို့ ပိုက်ဆံမြှုပ်နှံမှုကို အချိန်မဆွဲခဲ့သောကြောင့် အရင်ဘဝကထက်စာလျှင်တော့ ပိုအဆင်ပြေသည့်ပုံပေါ်သည်။ ဒါရိုက်တာ နှင့် ပရိုဂျူဆာတို့ မပြောင်းလဲသရွေ့ ရုပ်ရှင်အရည်အသွေးလည်း ကျသွားမည်မဟုတ်ပါ။


ကျန်းယန်ရှန့် ထိုသို့တွေး၍ စိတ်အေးသွားသည်။


ကျန်းဟွမ်၏ ညွှန်ကြားချက်များဖြင့် လျန့်ယင်းယင်းသည် အမေတစ်ယောက်၏ တာဝန်ယူကာ မကောင်းဆိုးဝါးလေးနှစ်ယောက်ကိုခေါ်၍ အန်တီဝမ်နှင့် ရှောင်ကျိုးတို့၏အကူအညီနှင့်အတူ နိုင်ငံခြားသို့ အပန်းဖြေထွက်သွားခဲ့သည်။


ထို့ကြောင့် အိမ်သည် အလွန်ပင် တိတ်ဆိတ်နေသည်။


မနက်၌ ကျန်းဟွမ်နိုး‌လာသောအခါ လေထုသည် အလွန်သန့်ရှင်းလတ်ဆတ်နေသည်ဟု ခံစားရမိသည်။ အညောင်းအညာဆန့်၍ အပြင်သို့ ထွက်လာသောအခါ ရေကူးကန်ထဲ၌ ရေသူမလေးတစ်ကောင်လို ကူးခတ်နေသော ကျန်းယန်ရှန့်ကို တွေ့လိုက်ရသည်။


ကျန်းဟွမ်သည် ခါးထောက်၍ ခဏကြာအောင် ကြည့်နေရင်းဖြင့် သူ့သမီးသည် အတော်ပင်အရွယ်ရောက်လာသည်ဟု ခံစားနေရသည်။ ကျန်းဟွမ် စိတ်အပူရဆုံးကလေးမှာ ကျန်းယန်ရှန့် ဖြစ်လာသည်။


ရေကူးကန်ထဲမှ ကျန်းယန်ရှန့်တက်လာသောအခါ ကျန်းဟွမ်က ပြောလိုက်သည်။


"အိမ်မှာပဲ အမြဲ မနေနဲ့လေ...ချီချီနဲ့ ရှောင်လင်းတို့တောင် ခရီးထွက်သွားကြပြီ...သမီးလည်း ခရီးတွေဘာတွေသွားပါလား...ပိုက်ဆံမရှိတော့လို့လား...အဖေပေးမယ်လေ..."


တန်ဘုန်းကြီးများကဲ့သို့ပင် ကျန်းယန်ရှန့် စကားမပြောနိုင်ဖြစ်သွားသည်။


"သမီးအိမ်မှာပဲနေချင်လို့ နေနေတာလေ...မရဘူးလား..."


အရင်ဘ၀၌ အစွမ်းကုန်သောင်းကျန်းခဲ့ပါက ယခုဘဝတွင် အနည်းငယ်တော့ ငြိမ်ငြိမ်နေမိမည် ဖြစ်သည်။


သူမ နေ့တိုင်း အိမ်စာလုပ်၊ ရေကူး၊ လက်ဝှေ့ထိုးလေ့ကျင့် စသည်တို့ကိုသာ‌လုပ်နေမိသည်။ ယခုကတော့ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ‌လက်ဝှေ့ထိုးကျင့်သည့် အားကစားရုံကို နေ့တိုင်းလိုလိုသွားဖြစ်နေသည်။


တိုတိုပြောရလျှင် အထက်တန်းပထမနှစ်ကျောင်းသားတစ်ယောက်သာရှိသေးသော ကျန်းယန်ရှန့်၏ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုကို ကျန်းဟွမ်အံ့ဩနေမိသည်။


နှလုံးသားမှ တစ်ခုခုဖြစ်သွားသည်လား၊ ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်သွားသည်လား ကျန်းဟွမ်မသိသော်လည်း ကျန်းဟွမ်၏နှလုံးသားသည် ရုတ်တရက် ပူလောင်လာကာ လွှတ်ခနဲ ပြောမိသွားသည်။


"ဒါမှမဟုတ်လည်း အဖေတို့ တူတူ ခရီးသွားရအောင်..."


ကျန်းယန်ရှန့် အလွန်အံ့အားသင့်သွားသည်။


ကျန်းဟွမ်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။


"သေချာစဉ်းစားကြည့်တော့ အဖေနဲ့သမီး နှစ်ယောက်တည်း ခရီးမသွားဖူးသေးဘူးလေ..."


တကယ်လည်းဟုတ်သည်။ ကျန်းယန်ရှန့်ငယ်စဉ်ကတော့ မိသားစု သုံးယောက်တူတူခရီးသွားကြကာ ဓာတ်ပုံများပင်ရှိသေးသည်။


နောက်ပိုင်းတွင် ကျန်းယန်ရှန့်၏အမေ နေမကောင်းစဖြစ်လာ၍ ဖြစ်သည့်ပထမနှစ်တွင် ခွဲစိပ်ကုသမှုများလုပ်ရန် နိုင်ငံခြားသို့သွားခဲ့သေးသော်လည်း အမေသည် ပြန်မကောင်းလာပဲ သေဆုံးသွားခဲ့သည်။ ယခုဘဝတွင် ကျန်းဟွမ်သည် သူ့ကလေးသုံးယောက်လုံးနှင့် ခရီးထွက်ခဲ့ပြီးပြီဖြစ်သည်။ သို့‌သော် အရင်ဘဝ၌ ကျန်းယန်ရှန့်၏အမေဆုံးပြီး‌နောက်ပိုင်းတွင် ကျန်းဟွမ်နှင့် နှစ်ယောက်တည်း ခရီးထွက်ဖို့မပြောနှင့်၊ အခြားသူများနှင့်ပါ ခရီးမထွက်ခဲ့ရတော့ချေ။


ကျန်းဟွမ်သာ အရင်ဘဝတွင် ကျန်းယန်ရှန့်နှင့် ခရီးအတူသွားမည်ဟု ပြောခဲ့ပါက ကျန်းယန်ရှန့် ထိုနေရာ၌ပင် ထိုင်ငိုမိလောက်ပေမည်။


သို့သော် ကျန်းဟွမ်က ယခုပြောသည့်အခါတွင်တော့ ဘဝတစ်ခုစာနောက်ကျခဲ့ပြီဖြစ်ကြောင်း ကျန်းယန်ရှန့်သိလိုက်သည်။ ကျန်းယန်ရှန့်သည် ထို ခရီးသွားခြင်းနှင့်ပတ်သတ်၍ မျှော်လင့်ခြင်းရော စိတ်ဝင်စားခြင်းရော မရှိတော့ချေ။ ကျန်းယန်ရှန့်က တဘက်ကိုယူ၍ ခန္ဓာကိုယ်မှ ရေများကို သုတ်လိုက်သည်။


"အဖေနဲ့သွားတော့ရော ဘာထူးမှာလဲ..."


ကျန်းဟွမ်၏ အဖေအိုတစ်ယောက်၏ ဝမ်းနည်းမှုများဖြင့်ပြည့်နေပုံ ကို ကျန်းယန်ရှန့် ရွံမိသည်။


ကျန်းယန်ရှန့်သည် ဤအကြောင်းကိုဆက်မပြောတော့ပဲ စကား‌လမ်းကြောင်းလွှဲလိုက်သည်။


"သမီးတို့မိသားစုနဲ့ ချင်းထင်အုပ်စုက ယွဲ့မိသားစုနဲ့က ရင်းနှီးလား..."


"အဖေတော့မရင်းနှီးဘူး...သူတို့အကြောင်းလည်းသိပ်မသိဘူး..."


ကျန်းဟွမ်ကပြောသည်။


"ဘာဖြစ်လို့ သမီးက အဲ့မိသားစုအကြောင်းကိုမေးတာလဲ..."


ကျန်းယန်ရှန့်ကပြောပြလိုက်သည်။


"သူတို့တွေက ရုပ်ရှင်ထဲမှာ သန်း ၁၀၀ မြှုပ်နှံထားတယ်လို့ အစ်မမိုက ပြောလို့..."


"အိုး...ငါ့သမီးနဲ့ အကြံဉာဏ်တူတဲ့လူတွေလည်း ရှိသေးသားပဲ..."


ကျန်းဟွမ်က ခဏမျှစဉ်းစားကာ ပြောလိုက်သည်။


"ရွှယ်ရှင်းထုံကိုတော့ အဖေသိတယ်..."


ကျန်းယန်ရှန့်: “…?”


ကျန်းဟွမ်သည် ကျန်းယန်ရှန့်၏ မျက်နှာဖြစ်သွားပုံကိုကြည့်၍ ပြုံးလိုက်သည်။ သူ့သမီးသည် ယခုမှ အထက်တန်းကျောင်းသူလေးပင် ရှိသေးသည်မဟုတ်လား။ ကျန်းဟွမ်က ပြောလိုက်သည်။


"ရွှယ်ရှင်းထုံရဲ့အဒေါ်က ချင်းထင်အုပ်စုရဲ့သားနဲ့ လက်ထပ်ထားတာ..."


ကျန်းယန်ရှန့်: “…”


အရင်ဘဝ၌ ကျန်းယန်ရှန့်သည် သူမ၏ဆွေမျိုးများနှင့် အလွန်ဝေးကွာခဲ့သဖြင့် အကုန် လစ်လျူရှုခဲ့ကာ အဆက်အသွယ်လည်းမလုပ်ခဲ့ချေ။ ဤဘဝတွင် အခြားသူများ၏မိသားစု ဆွေမျိုးများအကြောင်းကိုပါ လိုက်စုံစမ်းနေရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။


ကျန်းယန်ရှန့်တစ်ယောက် အခက်အခဲများနှင့်ကြုံတွေ့ရချိန်တွင် ဖြစ်သွားတတ်သောမျက်နှာထားကို ကျန်းဟွမ် သဘောကျမိသည်။


ကျန်းဟွမ်က ပြုံးကာပြောလိုက်သည်။


"ဒီအဆက်အသွယ်တွေ အမျိုးတော်တာတွေက နောက်ကျရင် သမီး သူနဲ့တို့ ပိုအဆက်အဆံလုပ်ရတဲ့အခါ သိလာမှာပါ..."


ထို့နောက် ကျန်းဟွမ်က ထပ်မေးလိုက်သည်။


"သမီးမှာ တကယ်ခရီးထွက်ဖို့အစီအစဉ်မရှိဘူးလား..."


ကျန်းယန်ရှန့်က ရေချိုးဝတ်ရုံကို ဝတ်ကာပြောလိုက်သည်။


"အသက်ကြီးရင်ဖြစ်တဲ့ အတိတ်မေ့ရောဂါက စောစောကုလို့ရပါတယ်"


"ကျစ်"


ဘဝအတွက် ရုန်းကန်ခြင်းမှာအသားကျနေသော ကျန်းဟွမ်က ကျန်းယန်ရှန့်နှင့် အကြည့်ချင်းဆုံကာ သေချာပြောလိုက်သည်။


"ခရီးမသွားချင်ရင် ကုမ္ပဏီကိုသွားပြီး သမီးအဖွားကိုကူပေးရင် ကောင်းလိမ့်မယ်..."


Xxxxxxx


Part 220


ကျန်းယန်ရှန့်သာ ပြန်လည်မမွေးဖွားခဲ့ပါက သူမအဖေတွင် တစ်ကိုယ်ကောင်းဆန်သောတွက်ချက်မှုများရှိနေသည်ကို ဘယ်တော့မှသိမည်မဟုတ်ပါ။ အရင်ဘဝ၌ ကျန်းယန်ရှန့်သည် အဖေ့ကို အလုပ်များအလွန်ရှုပ်သောကြောင့်သာ မိသားစုအတွက် အချိန်မပေးနိုင်ခဲ့ခြင်းဖြစ်သည် ဟု ထင်မိခဲ့သည်။


ဘယ်လောက်များမိုက်မဲတုံးအသည့် ကျန်းယန်ရှန့်ပါလဲ။


ကျန်းယန်ရှန့် ရပ်၍စဉ်းစားနေသည်ကိုတွေ့သောအခါ ကျန်းဟွမ်က ပြောလိုက်သည်။


"သမီးလည်း အားနေတာပဲမဟုတ်ဘူးလား..."


ကျန်းယန်ရှန့်သည် အရင်ဘဝ၌ အလွန်သောင်းကျန်းခဲ့သလောက် ယခုဘဝတွင် လိမ္မာနေသော်လည်း သူမ၏အချိန်ပိုများကို စားခြင်း၊သောက်ခြင်း၊ ပျော်ပါးခြင်းတို့နှင့်ပင် မကုန်ဆုံးသွားစေချင်ပေ။ ကျန်းဟွမ်၏အကြံဉာဏ်ကို ကျန်းယန်ရှန့် သဘောကျမိသည်မှာတော့ အမှန်ပင်။


ကျန်းယန်ရှန့်သည် ခဏစဉ်းစားပြီး ပြောလိုက်သည်။


"ရတယ်လေ..."


ထို့‌နောက် ကျန်းယန်ရှန့် ကုမ္ပဏီသို့သွားလိုက်သည်။


ကျန်းဟွမ်သည် အဖွားကျန်းအား ကြိုတင်အသိပေးထားသော်လည်း ကျန်းယန်ရှန့်ကိုမြင်သည်နှင့် အဖွားကျန်းက သူ့သားမကောင်းကြောင်းတွေ ပြောတော့သည်။


"အဲ့ကောင်က တကယ်ဘာမှကိုမလုပ်တာပဲ...နွေရာသီကျောင်းပိတ်ရက်မှာ ဘာလို့များ ကလေးကို ခရီးပေးမထွက်ရတာလဲ...ချီချီနဲ့ ရှောင်လင်းတို့တောင် ခရီးထွက်သွားပြီ...ဟယ်ဟယ်နဲ့ရှို့ရှို့တို့လည်း သူ့အမေနဲ့ တူတူလိုက်သွားတယ်လို့ အဖွားကြားတယ်...ဘာလို့များ သမီးက ဒီကိုလာချင်တယ်လို့ သူ့ကိုပြောလိုက်ရတာလဲ..."


အိမ်၌ ဘယ်လောက်ပဲ သဘောထားမတိုက်ဆိုင်ဖြစ်စေကာမူ ကျန်းဟွမ်နှင့် ကျန်းယန်ရှန့်တို့သည် ကျန်းမိသားစုထဲတွင် စိတ်ဝင်စားမှုများ၊ အကြိုက်များ အတူညီဆုံးဖြစ်သည်။ ထို့ကြောင့် ကျန်းယန်ရှန့်သည် ကျန်းဟွမ်အား ကာကွယ်၍ ပြောပေးလိုက်သည်။


"သမီးကိုယ်တိုင်က ခရီးမသွားချင်လို့ပါ...သမီးအိမ်မှာပဲနေနေတာ အဖေမြင်လို့ ဒီကိုလာပြီး ကုမ္ပဏီအကြောင်းတွေလေ့လာဖို့ ပြောတာပါ..."


"သူက စိတ်ပူနေတာဖြစ်မယ်...သမီးက ဘယ်နှနှစ်ရှိပြီလဲ..."


အဖွားကျန်းက စိတ်တိုတိုနှင့် သက်ပြင်းချကာပြောလိုက်သည်။


"ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေမှာပါ...ပတ်ဝန်းကျင်ကို များများလေ့လာ...ပိုပြီး နားစွင့်ထား...သာမာန်လူတွေထက် ကိုယ့်ကိုယ်ကိုယ်ပိုမြင့်တယ်လို့ အထင်မရောက်နဲ့...သမီးရဲ့ဦးလေးနဲ့ အဒေါ်တို့ကတော့ ရှောင်လင်းကို အဲ့လို သေချာမဆုံးမကြဘူး..."


ကျန်းချီနှင့် ကျန်းလင်းတို့သည် အသက်သိပ်မကွာကြသော်လည်း အရင်ဘဝ၌ အဖွားကျန်းက ကျန်းချီကို အမွေဆက်ခံသူအဖြစ်ရွေးချယ်ရသည့်အကြောင်းရင်းမှာ သူတို့၏ မတူသော စိတ်နေစိတ်ထားများကြောင့်သာဖြစ်သည်။


ယခု ကျန်းယန်ရှ့န်သည်လည်းငယ်သေး၍ ဘာမှနားမလည်သော အထက်တန်းကျောင်းသူလေးသာဖြစ်သည်။ သို့သော် အဖွားကျန်းသည် အလျင်မလိုပါ။ သူမဘေး၌ ကျန်းယန်ရှန့်ကိုခေါ်ထား၍ မျက်စိပွင့် နားပွင့်ဖြစ်အောင် အခြေခံမှစ၍ လေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။


ထို့နောက် ကျန်းယန်ရှန့်သည် လက်အောက်ခံကုမ္ပဏီတစ်ခုတွင် အလုပ်သင်အဖြစ် ဝင်လုပ်လိုက်ရသည်။


ထိုနွေရာသီ၌ ကုမ္ပဏီတွင် အလုပ်သင် လေးဦးရှိနေကာ ကျန်သည့်သုံးယောက်သည် တက္ကသိုလ်ကျောင်းသားများဖြစ်ကြသည်။ သူတို့က ကျန်းယန်ရှန့်သည် မည်သည့်တက္ကသိုလ်ကလဲ ဟုမေးကြသောကြောင့် ကျန်းယန်ရှန့်က ပြန်ဖြေလိုက်သည်။


"ညီမက တက္ကသိုလ်မရောက်သေးပါဘူး..."


ကျန်းယန်ရှန့်သည် စိတ်ရှည်၍ မျက်နှာကလည်း တည်သောကြောင့် သူမအသက်ကို မှားလေ့ရှိကြသည်။ တက္ကသိုလ်ကျောင်းသားများက ကျန်းယန်ရှန့်ကို အထက်တန်းအောင်ထားသော်လည်း တက္ကသိုလ်သို့ဝင်ခွင့်မရသူ ဟုထင်သွားကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ စာပိုတော်သည် စာပိုတတ်သည် ဟု အထင်ရောက်ကာ စိတ်ထဲ၌ ကျန်းယန်ရှန့်အပေါ်အနိုင်ယူချင်နေကြသည်။


သို့သော် ကျန်းယန်ရှန့်က လှပသောကြောင့် ယောင်္ကျားလေးနှစ်ယောက်က ကျန်းယန်ရှန့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံကာ ကျန်သည့် မိန်းကလေးကတော့ အလုပ်များပိုခိုင်းလေ့ရှိသည်။


ကျန်းယန်ရှန့်သည် ယခင်ဘဝက မလိမ္မာခဲ့ချေ။ ထို့ကြောင့် ယခုဘဝတွင် ပြဿနာမရှာပဲ ခိုင်းသမျှကို တိတ်တိတ်ဆိတ်ဆိတ်သာ လုပ်ပေးလိုက်သည်။ အခြား အလုပ်သင်မိန်းကလေးက သူ့ကိုယ်သူ အသုံးဝင်သည်ဟုထင်ကာ ဘဝင်မြင့်နေသည်။ အထက်တန်းကျောင်းအောင်လက်မှတ်သာရှိသောမိန်းမချောလေးသည် အလွန်ပင် ကိုင်တွယ်ရန် လွယ်ကူသည်ဟုလည်း အထင်ရောက်နေသည်။


တစ်နေ့တွင် ဌာနမှူးက အလုပ်သင်မိန်းကလေးအား အစည်းအဝေးအတွက် စာရွက်စာတမ်းများပေးကာ မိတ္တူဆွဲခိုင်းလိုက်သည်။ မိန်းကလေးက အပြုံးလေးဖြင့် ယူလိုက်ကာ တစ်ဖက်သို့လှည့်၍ ကျန်းယန်ရှန့်ဆီသို့ စာရွက်များကို ပစ်ပေးလိုက်သည်။


"ဒါတွေကို မိတ္တူ အစောင် နှစ်ဆယ်ကူးလိုက်...ပြီးရင် တွဲပြီး ၉:၅၀ မတိုင်ခင် ငါ့ကိုလာပေး..."


ကျန်းယန်ရှန့်က ခေါင်းငြိမ့်ကာ ယူထားလိုက်သည်။


မနက် ၉:၅၀ တွင် မိန်းကလေးသည် မိတ္တူစာရွက်များကိုယူရန် ကျန်းယန်ရှန့်ဆီ ရောက်လာသည်။


ကျန်းယန်ရှန့်က နားမလည်သည့်မျက်နှာနှင့်မေးလိုက်သည်။


"ဘာစာရွက်တွေလဲ..."


မိန်းကလေးက ပြောသည်။


"အစည်းအဝေးမှာ မန်နေဂျာလီ သုံးမယ့်စာရွက်တွေလေ..."


ကျန်းယန်ရှန့်က တည်ငြိမ်စွာပင်ပြောလိုက်သည်။


"ညီမ မသိဘူး...မြင်တောင်မမြင်ဖူးဘူး..."


ထိုမိန်းကလေး ဆွံ့အသွားလေသည်။


"ဘာဖြစ်လို့ မမြင်ဖူးရမှာလဲ...ငါနင့်ကို မနက်က ပေးခဲ့တာလေ..."


"မသိဘူး..."


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"အစ်မ ညီမကို ဘာမှမပေးပါဘူး..."


ကျန်းယန်ရှန့် မဟုတ်တာတွေပြောနေသည်ကို မိန်းကလေးသည် အလွန်ပင်အံ့ဩသွားကာ မယုံနိုင်ဖြစ်သွားသည်။ သူသည် ကျန်းယန်ရှန့်ကို မယုံနိုင်သည့်မျက်လုံးများဖြင့် ကြည့်၍ ပြောရင်း အသံက တဖြည်းဖြည်းကျယ်လာသည်။


"နင် ဘာတွေပြောနေတာလဲ...မနက်က ငါကိုယ်တိုင် နင့်ကိုပေးခဲ့တာလေ..."


ကျန်းယန်ရှန့်: "ညီမ မသိဘူး...တစ်ခါမှလည်း မမြင်ဖူးဘူး...အစ်မ မှားနေပြီ..."


ထိုအချိန်၌ ဌာနမှူးက ကျန်းယန်ရှန့်တို့နားရောက်လာကာ မိန်းကလေးကိုမေးလိုက်သည်။


"မိတ္တူစာရွက်တွေ ဘယ်မှာလဲ..."


မိန်းကလေးက ချက်ချင်းပင် ကျန်းယန်ရှန့်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။


"စာရွက်တွေကို သူဖျောက်လိုက်တယ်..."


ဌာနမှူး: “...”


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"ဘာစာရွက်တွေလဲ...ကျွန်မဘာမှမသိဘူး..."


မိန်းကလေးသည် အလွန်ပင်ဒေါသထွက်လွန်း၍ ကျန်းယန်ရှန့်ကို နှစ်ပိုင်းဆွဲဖြဲမိမတတ်ဖြစ်နေသည်။သူမသည် ကျန်းယန်ရှန့်ကို လက်ညှိုးထိုး၍ပြောသည်။


"ကျွန်မက သူ့ကို စာရွက်တွေ မိတ္တူဆွဲဖို့ပြောထားတာ...အခုကျတော့ သူက ကျွန်မ သူ့ကို ဘာစာရွက်မှမပေးထားဘူး ဆိုပြီးပြောနေတယ်..."


ကျန်းယန်ရှန့်က မန်နေဂျာကိုပြောလိုက်သည်။


"ဒီနေ့တစ်နေ့လုံး ကျွန်မအလုပ်ရှုပ်နေတာ...မန်နေဂျာလည်း ကျွန်မကို မိတ္တူကူးဖို့ဘာစာရွက်မှ မပေးခဲ့ဘူးလေ..."


ဌာနမှူး: "ရှောင်ဖန့်...စာရွက်တွေကို မင်းကို ငါပေးခဲ့တာလေ..."


မိန်းကလေးဖန့်က ပြောသည်။


"ကျွန်မ သူ့ကိုပေးလိုက်တာ..."


အစည်းအဝေးက စတော့မည်ဖြစ်၍ မန်နေဂျာလည်း ဒေါသထွက်လာကာ ပြောလိုက်သည်။


"စာရွက်တွေက မင်းကိုပေးခဲ့တာလေ...ဘာဖြစ်လို့ သူ့ကိုသွားပေးတာလဲ..."


မိန်းကလေးဖန့် ဘာမှမပြောနိုင်ဖြစ်သွားသည်။


“…”


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"ညီမကို အစ်မစာရွက်တွေပေးတယ်ဆိုတာ ဘယ်သူသက်သေပြနိုင်လို့လဲ...ညီမ တစ်ခါမှ မမြင်ဖူးပါဘူး..."


မိန်းကလေးသည် ကျန်းယန်ရှန့်၏ အရှက်ကင်းမဲ့မှုကို ရယ်မိတော့မလိုပင်ဖြစ်သွားသည်။ သူသည် ဘေးမှလူများကို စိတ်ဆိုးစွာ လက်ညှိုးထိုး၍ ပြောလိုက်သည်။


"လူတိုင်းမြင်တယ်...သူတို့ သက်သေခံပေးနိုင်တယ်..."


"အစ်ကိုချန်...အစ်ကိုရှား...ပြောလိုက်လေ...ကျန်းယန်ရှန့်ကို ကျွန်မ စာရွက်တွေမပေးခဲ့ဘူးလားဆိုတာ...အဲ့တုန်းက အစ်ကိုတို့အားလုံးရှိနေခဲ့တာပဲ...အစ်ကိုတို့ မြင်ခဲ့ကြတယ်မဟုတ်လား..."


သူမက အော်ဟစ်ပြောလိုက်သည်။


သို့သော် နာမည်အခေါ်ခံလိုက်ရသော အစ်ကိုချန်နှင့် အစ်ကိုရှားတို့သည် တစ်ယောက်ကိုတစ်ယောက် စိတ်ညစ်ညစ်နှင့် ကြည့်လိုက်ကြကာ ခေါင်းခါလိုက်ကြသည်။


"ကျွန်တော် သတိမထားလိုက်မိဘူး..."


"မနက်က အလုပ်ရှုပ်နေတာနဲ့ မမြင်လိုက်မိဘူး..."


လူတိုင်းက သူ့အလုပ်နှင့်သူရှုပ်နေကြသော်လည်း မနက်က စာရွက်များပေးသည်ကိုတော့ မြင်လိုက်ကြသည်။ သို့သော် ယခု ထပြောလိုက်ပါက ဤပြဿနာထဲသို့ ဆွဲထည့်ခံလိုက်မည်ဖြစ်သည်။


အသိုင်းအဝိုင်းနှင့်နေသော သတ္တဝါများသည် မတုံးအကြပါ။ အမြတ်အစွန်း၊အခွင့်အလမ်းများမရှိလျှင် မည်သူကမှ အလကားသပ်သပ် ပြဿနာထဲသို့ ဝင်ပါမည်မဟုတ်ချေ။ ထို့အပြင် နှစ်ယောက်ယှဉ်လိုက်ပါက မိန်းကလေးဖန့်သည် ရုပ်လေးလှသော်လည်း အလုပ်ကိုသေချာမလုပ်ချေ။ ကျန်းယန်ရှန့်ကတော့ ချောမောလှပသည့်အပြင် အလုပ်ကိုလည်း သေချာလုပ်သည်။


မိန်းမချောလေးကို အနိုင်ကျင့်ချင်သည်ဆိုလျှင် အဘယ်ကြောင့် တခြားလူများကို လူမိုက်ငှားနေသနည်း။


မိန်းကလေးဖန့် ဘာမှမပြောနိုင်ဖြစ်သွားရသည်။


သူမသည် လူ့အသိုင်းအဝိုင်း၏ ပြင်းထန်သော အနိုင်ကျင့်မှုကို ဘဝ၌ ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။


Xxxxxx