Part 217
ကျန်းချီ၏အိမ်သည် အိမ်ကြီးအိမ်ကောင်းများရှိသည့်ရပ်ကွက်တွင် ရှိ၍ အနီးဆုံးဘတ်စ်ကားမှတ်တိုင်သည်ပင် အတော်ဝေးသည်ဖြစ်ရာ ဘတ်စ်ကားစီးဖို့ အဆင်မပြေချေ။ K တက္ကသိုလ်မှ ကျောင်းသားများသည်ပင် ပိုက်ဆံစုထည့်၍ တက္ကဆီ စီးလာကြခြင်းဖြစ်သည်။
ကျန်းချီ ရင်ထဲ၌ သက်ပြင်းခိုးချကာ ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့..."
"ဘာအဓိပ္ပာယ်မရှိတာပြောလို့လဲ..."
သူဌေးသားလေးတစ်ယောက်က ကျန်းချီနောက်မှလိုက်လာရင်း အိမ်ထဲသို့ လှောင်ပြောင်ရယ်မောကာ ဝင်လာသည်။
"အဲ့ကောင်က ပိုက်ဆံသုံးဖို့ နှမျောနေတာနေမှာပေါ့..."
ကျန်းချီသည် ထိုစကားကိုကြားသောအခါ စိတ်တိုသွား၍ အမြန်လျှောက်လာလိုက်သည်။
ကျန်းချီသည် အစီအစဉ်များစွာကို ပြုလုပ်ထား၍ လူတိုင်းသည် ဂိမ်းများ၌ ပါဝင်ကစားကြကာ ဆုများလည်း ရရှိကြသည်။ ပါတီပွဲသည် အလွန်ပင် စည်ကားသိုက်မြိုက်၍ ပျော်စရာဖြစ်နေသည်။
ထို့နောက် ကျန်းချီ မျက်လုံးဝေ့ကြည့်လိုက်ရာ အခန်းဝ၌ ကျောက်လန်ဖန်ရပ်နေကာ သူမ အား မေးဆတ်ပြလိုက်သည်ကိုတွေ့လိုက်သည်။ ကျန်းချီလည်း နားလည်ပြီးသားဖြစ်၍ မတ်တပ်ရပ်လိုက်သည်။
"ငါ အိမ်သာသွားလိုက်ဦးမယ်..."
အခန်းထဲမှ ကျန်းချီထွက်လာသောအခါ ကျောက်လန်ဖန်က ဧည့်ခန်းထဲ၌ အဆင်သင့်စောင့်နေသည်ကို တွေ့လိုက်ရသည်။
"သမီးကြိုက်တဲ့ ကောင်လေးပြန်သွားပြီလား..."
ကျောက်လန်ဖန်ကမေးသည်။
ကျန်းချီက ခေါင်းငုံ့ကာ "အင်း" ဟု အသံပေးလိုက်သည်။
ကျောက်လန်ဖန်၏အသံသည် ခိုင်မာပြတ်သားနေကာ ချက်ချင်းပင် အမိန့်ချတော့သည်။
"အလုပ်မဟုတ်တာ...ဘာလို့များ အဲ့လိုကောင်ကိုသွားကြိုက်ရတာလဲ...အမေသူ့ကို အကဲခတ်ပြီးပြီ...သူ့တစ်ကိုယ်လုံးမှာ အဖိုးတန်တာဆိုလို့ သူ့ဖုန်းပဲရှိတယ်..."
"ဒါပေမယ့်..."
ကျန်းချီလည်း တတ်နိုင်သမျှ ပြန်ပြောလိုက်သည်။
"အစ်ကိုယွဲ့က စာလည်းတော်တယ်...အားလည်းအားကိုးရ..."
"အဲ့တော့ ဘာဖြစ်လဲ..."
ကျောက်လန်ဖန်က ကျန်းချီပြောသည်ကို ဂရုပင်မစိုက်ပဲ ဆက်ပြောသည်။
"သူ့ထက် အရည်အချင်းရှိတဲ့လူတွေ အများကြီး အမေတွေ့ဖူးပြီးသား...အဲ့ကောင်က သမီးကို ဆက်ဆံတာလည်း အေးစက်စက်နဲ့...သမီးကို ဂရုစိုက်တဲ့ပုံလည်းမပေါ်ပါဘူး...ဒါပေမယ့် သမီးရဲ့ မိသားစုနောက်ခံ၊ သမီးရဲ့ ချမ်းသာမှုတွေကိုတော့ သူက ခေါင်းထဲမထည့်ဘူးထင်လို့လား..."
ဂရုစိုက်သည်၊ မစိုက်သည်ကတော့ ကျန်းချီသေချာမပြောတတ်သော်လည်း ယွဲ့စုန့်က သူမအပေါ် အေးစက်သည်ကတော့ မှန်သည်။ ကျန်းချီ ဘာပြန်ပြောရမည်မသိဖြစ်သွားသည်။
ကျောက်လန်ဖန်က ကျန်းချီတိတ်သွားသည်ကိုမြင်တော့ ပို၍ပင် ဒေါသထွက်လာသည်။
"ဒီလို ဆင်းဆင်းရဲရဲမိသားစုက ကောင်တွေက အဲ့လိုတွေကြီးပဲ...သမီးရှေ့မှာ သမီးကို ဂရုမစိုက်သလို ခပ်တန်းတန်းနေပြနေတာ...သမီးလိုလူမျိုးက လူတိုင်းချီးကျူးတာကိုပဲ ခံခဲ့ရတာမလား...ဒီလို တခြားလူတွေနဲ့မတူတဲ့လူမျိုးနဲ့တွေ့တော့ သူ့ကို ထူးခြားတယ်ဆိုပြီး တွေးမိမှာပဲ...ဒါပေမယ့် တကယ်ကတော့ အဲ့ကောင်က သမီးလို လှတဲ့ သူဌေးသမီးမျိုးကို ငမ်းငမ်းတပ်လက်ထပ်ချင်နေမှာ အမေလောင်းရဲတယ်..."
"အမေပြောတာကိုနားထောင်...အမေတို့လိုလူမျိုးတွေအတွက် အရေးအကြီးဆုံးက ဘာမှမလွဲမှားအောင်နေဖို့ပဲ..."
ကျောက်လန်ဖန်ကပြောသည်။
"ပျော့ညံ့ပြီးဆင်းရဲတဲ့ လယ်သမားတွေ၊ တံငါသည်တွေကိုတော့ သူတို့လုပ်နိုင်သလောက်လုပ်ပါစေ...လျန့်ယင်းယင်းကိုပဲကြည့်ပါလား...သမီးဦးလေးနဲ့ သူ နဲ့ အဆင့်အတန်းချင်းဘယ်လောက်ကွာလဲ...ဒါပေမယ့် အခုကျတော့ လျန့်ယင်းယင်းကပဲ အမြတ်ထွက်သွားတာမဟုတ်လား...ဒီလိုလူမျိုးနဲ့တွေ့ရင် ကိုယ်က သတိထားရမယ်...သမီးကငယ်သေးတော့ စိတ်ကစားချင်ရင် ကစားလို့ရတယ်...ပိုက်ဆံနည်းနည်းပါးပါးအကုန်ခံပြီး ပျော်တာက ကိစ္စမရှိဘူး..."
"ဒါပေမယ့် ခေါင်းရှင်းရှင်းထားပြီးတော့ အဲ့လိုဆင်းရဲသားကောင်ရဲ့ ကစားတာကိုခံပြီး ကိုယ်ဝန်တော့မရလာစေနဲ့...ကိုယ်ဝန်သာရှိလို့ကတော့ တန်းပြီး လက်ထပ်နေရမှာ...သမီးသာ ဒီလိုလုပ်လာမယ်ဆိုရင်တော့ အမေက အဲ့ကောင်ရဲ့ခြေထောက်တွေကို အရင်ချိုးခိုင်းမယ်...ပြီးရင် မွေးလာမယ့်ကလေးကို သေတဲ့အထိ ရိုက်သတ်မှာ...အဲ့ကောင်က သမီးကိုအသုံးချပြီး အမေတို့မိသားစုကို အပိုင်စီးချင်နေတယ်ဆိုတာ သမီး မြဲမြဲမှတ်ထားပါ..."
ကျန်းချီ ရှက်သွေးဖြန်းကာ မျက်နှာအနည်းငယ်နီသွားသည်။
"အမေ ဘာတွေပြောနေတာလဲ...အစ်ကိုယွဲ့နဲ့ သမီးက ရိုးရိုး အတန်းဖော်လိုပဲခင်တာပါ..."
ကျောက်လန်ဖန်က လှောင်သံဖြင့်ရယ်လိုက်သည်။
"အမေက သတိထားဖို့ပြောပြနေတာပါ...သမီးလည်းငယ်တော့တာမဟုတ်ဘူး...တစ်ယောက်ယောက်ကိုရှာသင့်နေပြီ...မာစရက်တီကားမောင်းလာတဲ့ကောင်လေးက သိပ်မဆိုးဘူးလို့ အမေထင်တယ်...အမေမေးကြည့်တာ သူ့မိသားစုက လောမင်အီလက်ထရောနစ်ပိုင်ရှင်တွေလေ...ခုနပဲ အပေါ်တက်ပြီး စုံစမ်းကြည့်တော့ အဲ့ လောမင်အီလက်ထရောနစ်က ဝါယာကြိုးဘုတ်တွေနဲ့ စခဲ့တာတဲ့...မဆိုးဘူးပြောရမှာပေါ့လေ..."
ကျန်းချီသည် အနည်းငယ် ဒေါသထွက်လာသည်။
"အမေ..."
"အေးပါ...အေးပါ...ဒီနေ့က သမီးမွေးနေ့ဆိုတော့ ဆက်မပြောတော့ပါဘူး...အမေပြောတာတွေကိုတော့ သမီးသေချာမှတ်ထားပါ..."
ကျောက်လန်ဖန်က သေချာဖိပြောနေသည်။
"သမီးသာ အတည်စဉ်းစားနေတာဆိုရင်တော့ အဲ့ဒီ ရှပ်အင်္ကျီအကွက်နဲ့ကောင်က လုံးဝအဆင်မပြေဘူးနော်...ကြားလား...သူ့ကို ချောတယ်ဆိုတဲ့ မျက်စိနဲ့ကြည့်မနေနဲ့...ခေါင်းမူးတာပဲအဖတ်တင်မယ်..."
ကျန်းချီသည် နှုတ်ခမ်းကို ကိုက်ထား၍ ခဏကြာမှ ပြောလိုက်သည်။
"သမီးနားလည်ပါတယ်...သိလည်းသိပါတယ်..."
ကျောက်လန်ဖန်က ခေါင်းငြိမ့်လိုက်သည်။
"သမီးသဘောပေါက်ရင် ပြီးတာပါပဲ..."
ထို့နောက် ကျောက်လန်ဖန်သည် အပေါ်ထပ်သို့ တက်သွားတော့သည်။
ကျန်းချီသည် စိတ်မသက်မသာနှင့် ဧည့်ခန်းထဲတွင် တစ်ယောက်တည်းကျန်ခဲ့သည်။
သို့သော် တက္ကဆီပင်မစီးနိုင်သော ယွဲ့စုန့်သည် သူမ စိတ်ထဲ၌ တဖြည်းဖြည်းထင်ရှားလာသည်။ ဘတ်စ်ကားတိုးစီးနေသော ယွဲ့စုန့်၏ပုံကို စဉ်းစားလိုက်မိသောအခါ သူ၏ ချောမောမှုသည်လည်း အတော်ပင် မှေးမှိန်သွားတော့သည်။
ယွဲ့စုန့်ကဲ့သို့ ချောမောသော်လည်း ဆင်းရဲနေသည့် ကောင်လေးမျိုးနှင့် တွဲသည်ကို ကျန်းချီ၏အမေသည် လုံးဝလက်ခံမည်မဟုတ်ချေ။သူမ အမေက မိန်းမလုပ်စာထိုင်စားနေသော ယောင်္ကျားမျိုးကိုလည်း မကြိုက်ပေ။
ဤသို့တွေးလိုက်သောအခါ နောက်ဆုံးတွင်တော့ ကျန်းချီ သက်ပြင်းချကာ အရှုံးပေးလိုက်တော့သည်။
ထို့နောက် သူမ အပြုံးလေးဖြင့် ထမင်းစားခန်းထဲသို့ ပြန်ကာ သူမကို ကြိုက်နေသော သူဌေးသားအား အရင်ကထက်ပို၍ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်သည်။
သို့သော် ကျောက်လန်ဖန်၊ ကျန်းချီ နှင့် သူဌေးသားတို့မသိသည်က ယွဲ့စုန့် တကယ်ပင် ကားခေါ်ခဲ့သည်ကိုပင်။ ယွဲ့စုန့်သည် သူ့ကိုယ်ပိုင်ကားကို ခေါ်ခဲ့ခြင်းဖြစ်သည်။
သူ အနည်းငယ်လမ်းလျှောက်သွားကာ ကျန်းမိသားစုတို့မမြင်နိုင်လောက်သည့်နေရာသို့ရောက်သောအခါ ခဏရပ်နေလိုက်သည်။ ခဏအကြာတွင် ကားအမည်းတစ်စီး သူ့ရှေ့ ဆိုက်ရောက်လာသည်။
ဒရိုင်ဘာက ကားပေါ်မှဆင်းကာ ယွဲ့စုန့်အတွက် တံခါးဖွင့်ပေးလိုက်သည်။
"အမေရိကားက အလုပ်အပ်မယ့်အဖွဲ့နဲ့ နေ့လယ်ကျ အစည်းအဝေးမှီအောင်လို့ မြန်မြန်ပြန်လာ လို့ ဥက္ကဌကြီးက ပြောလိုက်ပါတယ်...အဝတ်အစားတွေကို ကားနောက်ခန်းမှာ ထားထားပါတယ်..."
ယွဲ့စုန့်က ခေါင်းငြိမ့်ကာ ကားပေါ်သို့တက်၍ ကားတံခါးပိတ်လျှင်ပိတ်ပြီးချင်း ရှပ်အင်္ကျီကြယ်သီးများကို စဖြုတ်လိုက်သည်။
ကားသည် ယွဲ့မိသားစု၏ ဌာနချုပ်အဆောက်အဦးဆီသို့မောင်းနှင်သွားကာ ကားရပ်ပြီးသည်နှင့်တစ်ပြိုင်နက် ဒရိုင်ဘာသည် ကားပေါ်မှဆင်း၍ တံခါးဖွင့်ပေးလိုက်ပြန်သည်။
ကားပေါ်မှ မြေကြီးပေါ်သို့ ချလိုက်သောခြေထောက်၌ စီးထားသောဖိနပ်သည် အားကစားဖိနပ်မဟုတ်တော့ပဲ ပြောင်လက်နေသည့် သားရေရှူးဖိနပ်အနက်ရောင်ဖြစ်နေသည်။ ရှပ်အင်္ကျီမှာလည်း နှင်းကဲ့သို့ဖြူဖွေးနေ၍ ကော့ပျံနေအောင် မီးပူတိုက်ထားသော အနောက်တိုင်းအင်္ကျီအကောင်းစားဖြစ်ကာ လက်၌ဝတ်ဆင်ထားသော သန်းချီတန်သည့်နာရီမှာလည်း နေရောင်အောက်၌ တလက်လက်ဖြစ်နေသည်။
ထိုချောမောခန့်ညားသော လူငယ်လေးသည် စူးရှသောမျက်လုံးများရှိ၍ သဘောကောင်းသည့်ပုံပေါက်သည်။ ထိုလူငယ်သည် ငယ်စဉ်ကတည်းက ဥက္ကဌယွဲ့ကိုယ်တိုင် ပျိုးထောင်ထားသော အနာဂတ် ဥက္ကဌလောင်း ဖြစ်ပေသည်။
ယွဲ့စုန့် ဧည့်ကြိုခန်းထဲသို့လျှောက်သွားရာ ဧည့်ကြိုကောင်တာမှ အမျိုးသမီးသုံးယောက်သည် ချက်ချင်း ထရပ်၍ ဦးညွှတ်လိုက်ကြသည်။
"သခင်လေးယွဲ့..."
ယွဲ့စုန့် ခေါင်းငြိမ့်ပြလိုက်သည်။
ယွဲ့စုန့်သည် ငယ်သေးသောကြောင့် ကုမ္ပဏီ၌ ဘာရာထူးမှမရှိသေးပဲ လူကြားထဲသို့လည်း သိပ်မထွက်ရသေးချေ။ တက္ကသိုလ်၌ စိတ်အေးလက်အေး စာသင်နေကာ ရွှယ်မိသားစု နှင့် ယွဲ့မိသားစုတို့၏ သင်ယူစရာများကို သင်ယူနေဆဲဖြစ်သည်။
ထို့ကြောင့် ပြင်ပလူတော်တော်များများက ယွဲ့စုန့်ကိုမသိကြသော်လည်း ယွဲ့မိသားစုကုမ္ပဏီဌာနချုပ်တွင်တော့ ယွဲ့စုန့်အား မသိသူမရှိပေ။
ဘုတ်အဖွဲ့၏ဥက္ကဌအတွက် သီးသန့်ဖြစ်သော ဓာတ်လှေကားထဲမှထွက်၍ အစည်းအဝေးခန်းဆီသို့ လျှောက်လာသည့် လမ်းတစ်လျှောက်လုံးတွင် လူများက ယွဲ့စုန့်အား ရိုသေစွာ နှုတ်ဆက်ကြသည်။
"သခင်လေးယွဲ့..."
"ကောင်းသောနေ့လယ်ခင်းပါ သခင်လေးယွဲ့..."
"သခင်လေးယွဲ့...ဥက္ကဌက စောင့်နေပြီး အလုပ်အပ်မယ့်လူတွေလည်း အခုပဲရောက်လာပါတယ်..."
ယွဲ့စုန့် ခြေလှမ်းများကို မရပ်ပဲ လက်ထောက်လှမ်းပေးနေသည့် ဖိုင်တွဲကိုယူလိုက်သည်။ ထို့နောက် "ကျေးဇူးတင်ပါတယ်" ဟုပြောကာ တည်ငြိမ်စွာလျှောက်၍ အစည်းအဝေးခန်း၏တံခါးကိုဖွင့်ကာ အထဲသို့ ဝင်သွားတော့သည်။
Xxxxxx
Part 218
အရပ်မြင့်မြင့်ပုံရိပ်လေးပျောက်ကွယ်သွားသောအခါမှ အစည်းအဝေးခန်းအပြင်ဘက်တွင် ကော်ဖီတာဝန်ယူရန် စောင့်နေသော အမျိုးသမီးဝန်ထမ်းငယ်နှစ်ဦးသည် သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။
"ချောလိုက်တာဟယ်..."
"ရုပ်ရှင်တွေထဲက သူဌေးသားလေးအတိုင်းပဲ..."
လက်ထောက်က သူမ၏ နှုတ်ခမ်းများကိုစူကာ ပြုံးလိုက်သည်။
"မိန်းမတွေ စိတ်ကူးယဉ်မနေကြနဲ့နော်...သူက နင်တို့ထက် အများကြီးငယ်တာ...အခုမှ တက္ကသိုလ်ကျောင်းသားပဲရှိသေးတာ..."
အမျိုးသမီးဝန်ထမ်းများသည် ဘာပြောရမည်မသိပဲ ဆွံ့အသွားကြရတော့သည်။
"ဪ..."
……
ကျန်းယန်ရှန့်သည် ဝမ်းကွဲအစ်မ ကျန်းချီ၏မွေးနေ့ပွဲ၌ ဘာတွေဖြစ်သွားခဲ့မှန်းမသိလိုက်ချေ။ အထက်တန်းကျောင်းများ၏ နောက်ဆုံးစာမေးပွဲက တက္ကသိုလ်များထက် နောက်ကျသောကြောင့် သူမ စာမေးပွဲအတွက် လုံးပန်းဆဲသာရှိသေးသည်။
သူမ သည် ရှုလီချန်နှင့် အတန်းမတူသောကြောင့် ကျောင်း၌ စကားမပြောဖြစ်ကြပေ။ တစ်ယောက်နှင့်တစ်ယောက် ဖြတ်သွားမိသောအခါ၌သာ တစ်ချက်မျှ ကြည့်မိကြသည်။
ကျန်းယန်ရှန့်က တမင်သက်သက်ရှောင်နေခြင်းတော့မဟုတ်ပေ။ ခင်မင်ရင်းနှီးမှုကိုပြသရန်အတွက် နေ့တိုင်းစကားပြော၍ တူတူရှိနေစရာမလိုဟု သူမ မြင်သည်။
ထို့အပြင် ကျောင်း၌လည်း အခြားအတန်းသို့ကူး၍ စကားပြောရန် ကျန်းယန်ရှန့်၌ အချိန်မရှိပေ။
သို့သော် စာသင်နှစ်အဆုံးတွင် ကျန်းယန်ရှန့်သည် မိမိတစ်ယောက်တည်း စာကြိုးစားနိုင်နေ၍မဖြစ်ဟု ခံစားမိလာသဖြင့် ရှုလီချန်အား စာပို့လိုက်သည်။
"နင် အတန်း ၈ ကိုပြန်ရောက်သွားရင် ငါနဲ့သိတယ် လို့မပြောနဲ့တော့..."
ရှုလီချန်က ပြန်ပို့သည်။
"ငါ့ကို အထင်သေးမနေပါနဲ့..."
ကျန်းယန်ရှန့်တစ်ယောက် နောက်ဆုံးစာမေးပွဲအတွက် အသည်းအသန်ကြိုးစားနေရချိန်တွင် တစ်ဖက်မှ ရှုလီချန်သည်လည်း အနားရနေသည်တော့မဟုတ်ချေ။
အတန်း ၅ သို့ရောက်သွားပြီးတည်းက ရှုလီချန်သည် တွင်းကြီးထဲသို့ ကျသွားသကဲ့သို့ ဖြစ်နေသည်။ ထိုတွင်းထဲတွင် သူ့ကိုယ်သူပင် မကယ်နိုင်တော့ချေ။
အတန်းစချိန်မှ ပြီးသည်အထိ အတန်းခေါင်းဆောင်နှင့် စာအတော်ဆုံးကျောင်းသားမှအစ ကျောင်းသားတိုင်းသည် အချိန်ပြည့် စာလုပ်ကြသည်။ အတန်းထဲ၌ တစ်ယောက်ယောက်နှင့်စကားပြောနေမိလျှင် ဘေးမှ လူများက ငြိုငြင်ကြသည်။
ပို၍ ကြောက်စရာကောင်းသည်က လူသားများသည် ပြောဆိုဆက်သွယ်ရသည်ကိုကြိုက်သော သတ္တဝါများဖြစ်၍ ပတ်ဝန်းကျင်မှလူများနှင့် အလိုလိုရောနှောရန်ကြိုးစားနေတတ်သည်။ ထို့ကြောင့် ဘေးမှလူအားလုံးက စာကြိုးစားနေပြီး ကိုယ်တစ်ယောက်တည်းစာမကြိုးစားသောအခါ ရှုလီချန်သည် ရုတ်တရက်ထိတ်လန့်မှုများ၊ အသက်ရှူမဝခြင်းများ၊ ရင်ကျပ်ခြင်းများ စသည့် ဆိုးရွားသည့် ရောဂါလက္ခဏာများ ခံစားလာရသည်။
ထိုဆိုးရွားသည့်ဝေဒနာများသည် စာအုပ်ကိုဖွင့်၍ မေးခွန်းများလေ့ကျင့်နေလျှင်တော့ ဆေးမလိုပဲ အလိုလိုပျောက်ကင်းသွားကြသည်။
ရှုလီချန်သည် သူ့ကိုယ်သူ အကျပ်ကိုင်ခြင်းခံနေရသည်ဟု ခံစားနေမိသည်။ သူသည် အတန်း၏ အကျပ်ကိုင်ခြင်းခံနေရသည်။ 'ကျောင်းသားလိမ္မာလေး' များ၏ အကျပ်ကိုင်ခြင်းကိုခံနေရသည်။
သို့သော် ရှုလီချန် ဘာမှမတတ်နိုင်ချေ။ သူသည် စာကိုသာ ဖိ၍ ကျက်နေရသည်။ စာမတတ်လျှင် ဘယ်နေရာမှာမှ အသုံးမဝင်သည်မဟုတ်လား။
ဂိမ်းများကစားရန်လည်း အချိန်သိပ်မရတော့ချေ။ သူငယ်ချင်းများက ကာရာအိုကေသွားဆိုရန်နှင့် သောက်စားကြရန် လာခေါ်ချင်ကြသော်လည်း မခေါ်နိုင်ကြချေ။ ရှုလီချန်၏ သူငယ်ချင်းဟောင်းများအမြင်၌ ရှုလီချန်သည် အသစ်ပြန်၍မွေးဖွားလာသလို ပြောင်းလဲသွားပြီဖြစ်သည်။
သေချာပြောရန်လည်း ခက်ပါသည်။
တစ်ခါတစ်ရံ၌ ရှုလီချန်သည် အတန်း ၈ သို့ပြန်သွားမှရမည် ဟု ဒေါသတကြီးတွေးမိသော်လည်း ကျန်းယန်ရှန့် စိတ်ဆိုးမည်စိုးသောကြောင့် စာများကို စိတ်မပါ လက်မပါ လုပ်ရပြန်သည်။
စာသင်နှစ်အဆုံး၌ နောက်ဆုံးစာမေးပွဲပြီးသွားသောအခါ ရှုလီချန်သည် စားပွဲပေါ်၌ပင် လဲကျသွားရတော့သည်။
ရှုလီချန်ရှေ့မှ အတန်းခေါင်းဆောင်က လှည့်ကာ သူ့မျက်မှန်ကိုပင့်တင်၍ ပြောလိုက်သည်။
"အကုန်ပြီးပြီလား...ဘာမေးစရာကျန်သေးလဲ..."
ဤစာသင်နှစ်အတွင်းတွင် ရှုလီချန်သည် ဤ မျက်မှန်နှင့် ညီအစ်ကိုထံမှ အကူအညီများစွာရ၍ ရင်းနှီးသောသူငယ်ချင်းများပင် ဖြစ်နေကြပြီဖြစ်သည်။
ရှုလီချန်သည် သူ့အရေပြားများကွာကုန်သကဲ့သို့ ရုန်းကန်ကာ မျက်မှန်နှင့်သူငယ်ချင်း၏ လည်ပင်းကို ညှစ်လိုက်သည်။
"ပြီးပြီကွ...ပြီးသွားပြီ...စာမေးပွဲပြီးရင် ဘာမေးခွန်းမှမမေးနဲ့တော့...စာမေးပွဲပြီးတာနဲ့ ငါအကုန်မေ့သွားပြီ...အခုတော့ ဟာဝိုင်ရီမှာပဲ လှိုင်းသွားစီးချင်တော့တယ်...ဒါမှမဟုတ် မော်လဒိုက်မှာ ဒိုင်ဗင်သွားထိုးမယ်...အဲ့လ်ပ်တောင်တန်းမှာ စကီးသွားစီးမယ်..."
"ငါ့ကိုလွှတ်...ငါ့ကိုလွှတ်..."
မျက်မှန်နှင့်သူငယ်ချင်းက လက်များလှုပ်ခါ၍ ရုန်းကန်နေသည်။
"ငါ့ကိုလွှတ်...ငါသေတော့မယ်..."
အတန်းဖော်များက ကျယ်လောင်စွာ ရယ်လိုက်ကြသည်။ ထို့နောက် စာမေးပွဲဝန်ပေါ့သွားပြီဖြစ်သောကြောင့် ဘယ်သွားမည်၊ ဘာလုပ်မည်နှင့် ကျောင်းဆင်းသောအခါ ဘာသွားစားကြမည်တို့ကို တိုင်ပင်နေကြသည်။
ဤစာသင်နှစ်တစ်နှစ်ကိုတော့ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြလေပြီ။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမဖြေမှီ ရက် ၇၀၀ ကျော်မျှလိုသေး၍ နွေရာသီကျောငိးပိတ်ရက်တွင် အနည်းငယ် အနားယူနိုင်ကြသေးသည်။
နှစ်ရက်ခန့်ကြာသောအခါ နောက်ဆုံးစာမေးပွဲရလဒ်နှင့် အဆင့်များထွက်လာ၍ အတန်းတိုင်းမှ ကျောင်းသားများသည် ညှိခြင်းခံလိုက်ရသည်။ အချို့ကျောင်းသားများက အတန်းတက်၍ အချို့က အတန်းကျသွားကြသည်။
ကျန်းယန်ရှန့်သည် သူမ၏ အဆင့်ကို အရင်ကြည့်လိုက်သည်။ အလွန်တော်သော ဆရာနှစ်ဦး၏ သင်ပြမှုအောက်တွင် သင်္ချာနှင့် ရူပဗေဒသည် ကျန်းယန်ရှန့်အား နောက်မကျစေတော့ပဲ အမှတ်များသည် အလွန်တိုးတက်လာသည်။ ကျန်းယန်ရှန့်၏အဆင့်သည် အတန်း၏ သာမာန်အဆင့်ထက် ကျော်လွန်နေပြီဖြစ်သည်။
အသုံးပြုခဲ့ရသောပိုက်ဆံ၊ အချိန်နှင့် ခွန်အားများသည် အလဟဿမဖြစ်တော့ချေ။
ထို့နောက် ကျန်းယန်ရှန့်သည် ရှုလီချန်၏အဆင့်ကိုရှာလိုက်သည်။
ဟင်...
ရှုလီချန်၏ စုစုပေါင်းအဆင့်သည် တကယ်ပင်တိုးတက်လာပေသည်။
လူများသည် ပတ်ဝန်းကျင်ကိုပြောင်းလဲလိုက်လျှင် သူတို့၏အခြေအနေများသည်လည်း ပိုကောင်းသည့်ဘက်သို့ ပြောင်းလဲသွားသည်မှာ အမှန်ပင်ဖြစ်သည်။ ယခု ရှုလီချန်သည် အတန်း၈ မှ ခုန်ထွက်လာသော အရူးလေးမဟုတ်တော့ချေ။
ကျန်းယန်ရှန့်၏ နှုတ်ခမ်းထောင့်စွန်းလေးများကော့သွားသည်
ရှုလီချန်၏ အမှတ်များကိုကြည့်ပြီးသောအခါ ကျန်းယန်ရှန့်၏အကြည့်များသည် အပေါ်သို့ရောက်သွားပြီး ထိပ်ဆုံးအဆင့်နေရာကို ကြည့်လိုက်ရာ အနာဂတ်၏ ချန်ပီယံဖြစ်မည့်လူကို ချက်ချင်းပင်တွေ့လိုက်ရသည်။
ထိုကျောင်းသားသည် "ခုန်ပျံကျော်လွှားခြင်းများ" မလုပ်ပဲ စာမေးပွဲများကို တစ်ခုချင်း ပုံမှန်ဖြေကာ အဆင့်များမြင့်သထက်မြင့်အောင် တစ်ဆင့်ချင်းတက်လာခြင်းဖြစ်သည်။
အမှတ်များက ငြိမ်သောကြောင့် အေးအေးဆေးဆေးနေနိုင်သည်။
အလုပ်ကိစ္စများအကုန်ပြီးသောအခါ ကျောင်းပိတ်ရက်သို့ရောက်လေပြီ။
ရှုလီချန်က ကျန်းယန်ရှန့်အား ခရီးတူတူထွက်ချင်လားဟု မေးလိုက်သည်။
သူတို့သည် သူငယ်ချင်းများသာဖြစ်သော်လည်း ခရီးတူတူသွားပါက အထီးကျန်သောအဖိုးအိုနှင့် မုဆိုးမ ကဲ့သို့ ပြောစရာများဖြစ်လာနိုင်သည်။ ထို့အပြင် အရင်ဘဝက ကျန်းယန်ရှန့်၌ ဘာမှမရှ်ိပဲ ပိုက်ဆံသာရှိ၍ ကမ္ဘာပေါ်ရှိ အလည်အပတ်သွားသင့်သည့်နေရာမှန်သမျှ ရောက်ခဲ့ပြီးပြီဖြစ်သည်။
ထို့ကြောင့် သူမ ငြင်းလိုက်သည်။
ထိုအချိန်ကာလတွင် ကျန်းဟွမ်က လျန့်ယင်းယင်းအား သူ့လက်ထောက် မိတ္တူဆွဲထားသည့် ခရီးအစီအစဉ်စာရွက်ကိုပေးလိုက်သည်။
"အကုန်လုံးစီစဉ်ပြီးသား...အဲ့တော့ မင်းက ဟယ်ဟယ်နဲ့ရှို့ရှို့ကိုခေါ်ပြီး အနားသွားယူရုံပဲ...တစ်ခုခုလိုရင် ငါ့တပည့်ကိုဖုန်းဆက်လိုက်...သူဖြေရှင်းပေးလိမ့်မယ်...ကလေးတွေကိုထိန်းဖို့ အန်တီဝမ်နဲ့ ရှောင်ကျိုးလည်း လိုက်လိမ့်မယ်..."
ကျန်းဟွမ်သည် သူ၏ဇနီးလေးက ယခုမှ အမေနှင့်တူလာသဖြင့် အလွန်စိတ်ချမ်းသာနေသည်။
"ဖေဖေကရော သမီးတို့နဲ့မလိုက်ဘူးလား..."
ကျန်းဟယ်လင်းက အနည်းငယ်စိတ်ပျက်စွာ မေးလိုက်သည်။
"အဖေ့မှာ လုပ်စရာ ပရောဂျက်တွေရှိနေလို့ အလုပ်အရမ်းများနေလို့ပါ..."
ကျန်းဟွမ်က ပြုံးကာ ကျန်းဟယ်လင်း၏ခေါင်းကို ပွတ်လိုက်သည်။
"လိမ်လိမ်မာမာနေနော်...မောင်လေးကိုလည်း ဂရုစိုက်ဦး...သူစကားနားမထောင်ရင် သမီးအစ်မကို ဖုန်းဆက်လိုက်..."
လျန့်ယင်းယင်း၏မျက်နှာကတော့ မစင်စားထားသလို ဖြစ်နေတော့သည်။
Xxxxxx