Part 215
ယွဲ့စုန့်သည် အဆောင်သို့ပြန်၍ ချန်ဝေ့အား ပြောလိုက်သည်။
"ငါ ကျန်းချီကို သူ့မွေးနေ့ပွဲကိုလာမယ်လို့ ကတိပေးလိုက်တယ်..."
"ဘာပြောတယ်..."
ချန်ဝေ့ က အိပ်ယာထဲမှ ခေါင်းပြူထွက်လာကာ ပြောလိုက်သည်။
"ဘာလို့...ဪ...ငါသိပြီ...ခုန မင်းဆီကိုလာတာ ကျန်းချီမဟုတ်လား..."
ချန်ဝေ့စိတ်ဆိုးသွားလိမ့်မည်ဟု ယွဲ့စုန့်က ထင်ထားသော်လည်း ချန်ဝေ့က ခဏမျှစဉ်းစားကာ ပြောလိုက်သည်။
"ဒါဆို ငါလည်းလိုက်မယ်..."
ယွဲ့စုန့်အံ့ဩသွားသည်။
"မင်းက ကျန်းချီကို အရမ်းမုန်းနေတာမဟုတ်ဘူးလား..."
"မုန်းပေမယ့် သူက ကျောင်းကို ပြိုင်ကားမောင်းပြီးလာတဲ့ သူဌေးသမီးလေကွာ..."
ချန်ဝေ့က ပြောသည်။
"သူဌေးရဲ့အိမ်က ဘယ်လိုရှိလဲဆိုတာ ငါကြည့်ချင်လို့...ဒါ ငါ့ဘဝရဲ့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်ချင်ဖြစ်မှာ..."
ယွဲ့စုန့်က ရယ်လိုက်သည်။
"ဒါဆို ငါတို့ မွေးနေ့လက်ဆောင် ပြင်ရဦးမှာပေါ့...စိတ်ပျက်စရာပဲ..."
ချန်ဝေ့က သေချာ အစီအစဉ်ချနေသည်။
"အဲ့ကိုရောက်ရင် အစားတွေအများကြီးစားရမယ်...ပြန်ခါနီးရင်လည်း ထပ်စားခဲ့ရမယ်..."
ထို့နောက် မွေးနေ့လက်ဆောင်ကိစ္စကို စဉ်းစားမိပြီး ချန်ဝေ့စိတ်ညစ်သွားပြန်သည်။
"ဟေ့ကောင်...မင်းကရော ကျန်းချီကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲ..."
ယွဲ့စုန့်က ပြောလိုက်သည်။
"တခြားလူတွေကိုပါ မေးလိုက်မယ်လေ...အကုန်လုံးငွေစုပြီး လက်ဆောင်ကောင်းကောင်းတစ်ခုဝယ်လိုက်တာ ပိုမကောင်းဘူးလား..."
"မင်းက တကယ်ဉာဏ်ပြေးတာပဲကွ..."
ချန်ဝေ့က အိပ်ယာကို ပုတ်ကာပြောလိုက်သည်။
"ငါလည်း အခုပဲစဉ်းစားနေတာ...ငါက အများဆုံး ယွမ် ၁၀၀ ထိပဲပေးနိုင်မှာကွ...အဲ့လောက်ပိုက်ဆံနဲ့ ဘာဝယ်နိုင်မှာလဲ ဆိုပြီး စိတ်ပူနေတာ...သူတို့မိသားစုက ချမ်းသာတော့ ငါတို့က သူတို့နှိမ်ချင်စရာကောင်းအောင် စုတ်ပြတ်နေလို့မဖြစ်ဘူးလေ..."
မွေးနေ့လက်ဆောင်အတွက် စိတ်ပူနေသူမှာ ချန်ဝေ့တစ်ယောက်တည်းမဟုတ်ချေ။ ကျောင်းသားသမဂ္ဂမှ အဖိတ်ခံရသူအားလုံး စိတ်ပူနေကြခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်တော့ သမဂ္ဂမှ လူများအချင်းချင်း မွေးနေ့လက်ဆောင်များပေးတတ်ကြသည်။ ထိုသို့ပေးရာတွင် ယွမ် ၁၀၀ ကျော်လျှင် ဈေးကြီး၍ မတတ်နိုင်ပဲ ယွမ် ၃၀ လောက်သာ သုံးနိုင်ကြသည်။
သို့သော် ကျန်းချီကတော့ ပြိုင်ကားမောင်း၍ နာမည်ကြီး C အိတ်ကိုကိုင်သည့် သူဌေးသမီးဖြစ်ရာ ယွမ် ၁၀၀ ထက်နည်းသော လက်ဆောင်ပေးလို့ ကောင်းမည် မဟုတ်ပေ။
ချန်ဝေ့က အခြားလူများအား ပြောပြလိုက်ရာအကုန်လုံးသဘောတူကြ၍ ပိုက်ဆံစုထည့်လိုက်ကြသည်။ လက်ဆောင်အတွက် ဆွေးနွေးရာတွင် ကောင်မလေးတစ်ယောက်၏ အကြံဉာဏ်အတိုင်း နာမည်ကြီးအလှပြင်တံဆိပ် လက်ဆောင်ဘူး ကို ဝယ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
ဤသို့လုပ်လိုက်ခြင်းအားဖြင့် တစ်ယောက်ကို ၂၀၀ ယွမ် ပင် မပေးရတော့ချေ။
ယွဲ့စုန့်က လူများဆီမှ ပိုက်ဆံစုလိုက်သည်။ ချန်ဝေ့ကတော့ စိတ်ညစ်နေလေသည်။
"ကုန်ပါပြီ...ကုန်ပါပြီ...ဈေးကြီးလိုက်တာ..."
ယွဲ့စုန့်က နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ကွာ...မင်းပိုက်ဆံနဲ့တန်အောင် ပြန်စားရမှာပါ..."
လူတိုင်းသည် ဤကိစ္စကို သိပ်အာရုံမစိုက်ပဲ နောက်ဆုံးစာမေးပွဲအတွက်သာ ကြိုးစားနေကြရသည်။
စာမေးပွဲပြီးသောအခါ ကောင်မလေးနှစ်ယောက်က အကုန်လုံးဝိုင်းစုထားသော ပိုက်ဆံများကိုယူ၍ အလှပြင်ပစ္စည်းလက်ဆောင်ဘူးကို ဝယ်လိုက်သည်။ စာမေးပွဲပြီး၍ သုံးရက်အကြာတွင် ကျန်းချီပေးသည့် လိပ်စာအတိုင်းလိုက်၍ မွေးနေ့ပွဲသို့တက်ရောက်ရန် ရောက်လာကြတော့သည်။
သူတို့သည် ကျန်းချီ၏အိမ်က ကြီးမားသောစံအိမ်ကြီး ဖြစ်မည်ဟုခန့်မှန်းထားကြသော်လည်း တကယ်ရောက်သွားသော အံ့ဩမှင်သက်ကုန်ကြရသည်။ သူတို့ဝယ်လာသည့် ဈေးကြီးသောအလှပြင်လက်ဆောင်ဘူး ပင်လျှင် ဤအိမ်ကြီးနှင့်မတန်သလို၊ သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။
သူတို့ထင်သည့်အတိုင်းပင် ကျန်းချီက လက်ဆောင်ရသောအခါ "ကျေးဇူးပါ" ဟုသာပြော၍ သေချာပင်မကြည့်ပဲ ဘေးသို့ပို့ထားလိုက်တော့သည်။
ကျန်းချီက ပြုံးရယ်ကာ လူတိုင်းကို သက်တောင့်သက်သာနေရန်ပြောနေသော်လည်း သူမ အကြည့်များကတော့ ယွဲ့စုန့်ဆီ၌သာ ဝဲနေသည်။
ယွဲ့စုန့်သည် ချန်ဝေ့နှင့်ဆင်တူ ရှပ်အင်္ကျီအကွက်ကို ဝတ်ဆင်ထားသည်။
ထိုအင်္ကျီကို ယွဲ့စုန့်ဝတ်သောအခါ သမဂ္ဂက ကောင်မလေးများက ဝိုင်းလှောင်ပြောင်ကြသောကြောင့် ကျန်းချီ ထိုအင်္ကျီကို သိနေခြင်းဖြစ်သည်။ ထိုအင်္ကျီများကို ယွဲ့စုန့်တို့အဆောင် နှင့် အခြား ဘေးချင်းကပ် အဆောင် ၂ ခုတို့မှ ရောင်းချချိန်တုန်းက ဝယ်ထားခြင်းဖြစ်သည်။ တစ်ထည်လျှင် ယွမ်အနည်းငယ်သာပေးရသော ရိုးရိုးသာမာန်ရှပ်အင်္ကျီအကွက်သာဖြစ်သည်။
သို့သော် အလွန်စျေးပေါသောထိုအင်္ကျီက ယွဲ့စုန့်ဝတ်လိုက်သောအခါ အလွန်ပင် လိုက်ဖက်သွားသည်။
ယွဲ့စုန့်၌ နာမည်ကျော်ကြားသူတို့၏ရုပ်ရှည်မျိုးရှိ၍ ခန္ဓာကိုယ်လည်း တောင့်တင်းလှပကာ သူကိုင်ထားသော ရှုံ့ကြိုးအိတ်သည်ပင် စတိုင်ကျ၍ ကြည့်ကောင်းနေသည်။
ကြီးကျယ်ခမ်းနားသောစံအိမ်ကြီး၊ ယူနီဖောင်းဆင်တူဝတ်ထားသောအန်တီများ၊ ကိုယ်တိုင်ကြိုက်သလောက်ယူစား၍ရသော အစားအသောက်နှင့် အသီးအနှံများ စသည်တို့ကြောင့် ကျောင်းသားများသည် ရှိန်နေကာ နေရထိုင်ရခက်နေကြသည်။ ကျန်းချီ၏နာမည်ကြားတိုင်း လှောင်ရယ်ရယ်တတ်သော ချန်ဝေ့ပင်လျှင် ခြေလက်များကို ဘယ်နေရာထားရမည်မသိဖြစ်နေသည်။
ဧည့်သည်များနှင့်တွေ့ရန် ကျန်းချီ၏အမေထွက်လာသောအခါ အားလုံးသည် ပို၍ပင် နေရထိုင်ရခက်လာကြသည်။
ကျန်းချီ၏အမေသည် ခန္ဓာကိုယ်အပြည့် လက်ဝတ်ရတနာများ ဝတ်ဆင်ထား၍ တစ်ချက်ကြည့်ရုံနှင့်ပင် အဆင့်အတန်းမြင့်သော အမျိုးသမီးတစ်ယောက်ဖြစ်မှန်း သိသာနေသည်။
သူမ က လူတိုင်းကို အပြုံးဖြင့် နှုတ်ဆက်သောအခါ လူများသည် သူမ၏မျက်လုံးထဲ၌ သူတို့ကို တကယ်မမြင် ဟု ခံစားမိကာ သူမသည် ပါးစပ်မှပြုံးနေသော်လည်း မျက်လုံးများက အနည်းငယ်အေးစက်နေသည်ကို တွေ့ရသည်။
သူမ၏မျက်နှာအသွင်အပြင်မှာလည်း အထင်သေးခြင်း၊ ရှုံ့ချခြင်းများက ပေါ်လွင်နေ၍ ထိုအမူအရာများကို ဖုံးကွယ်ရန်ပင်မကြိုးစားချေ။ ကျန်းချီ၏အမေသည် သူမ တည်ရှိကြောင်း နှင့် သူမ၏ အနေအထိုင်အဆင့်အတန်းကိုပြချင်ရုံသက်သက်ဖြင့်သာ သူတို့ကို လာနှုတ်ဆက်ခြင်းဖြစ်သည်။
ကျန်းချီ၏မွေးနေ့ပွဲကိုလာသည်မှာ ကျောင်းသားသမဂ္ဂမှ လူအနည်းသာမဟုတ်ပဲ ကျန်းချီကို လိုက်နေသော ကောင်လေးသုံးယောက်လည်း ပါသည်။ ကျန်းချီ၏အမေသည် ထိုသုံးယောက်ကိုတော့ တစ်ယောက်ချင်းစီ စကားအနည်းငယ်ပြောသည်။
ထို ကောင်လေးသုံးယောက်သည် မိသားစု မျိုးကောင်းရိုးကောင်းမှ လာသူများဖြစ်၍ အကုန် သူဌေးသားများဖြစ်ကြသည်။ ကျန်းချီ၏အမေသည်လည်း ထိုအကြောင်းကိုသိပုံရကာ ထိုသုံးယောက်ကိုတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံလေသည်။
ပြီးသောအခါ အမျိုးသမီးကြီးသည် ပြုံးကာ ပြောလိုက်သည်။
"ကိုယ့်အိမ်လိုပဲ သဘောထားပြီး ပျော်ပျော်နေကြနော်..."
ထို့နောက် မထွက်သွားခင်မှာ အမျိုးသမီးကြီးသည် ချန်ဝေ့နှင့်ဆင်တူ ရှပ်အင်္ကျီအကွက်အပေါစားလေးဝတ်ထားသော ယွဲ့စုန့်ကို တစ်ချက်ကြည့်သွားပြီးမှ အပေါ်ထပ်သို့ တက်သွားတော့သည်။
ယွဲ့စုန့်တစ်ယောက် ကျန်းချီ၏အမေ ပေါ်လာစဉ်တည်းက အကဲခတ်နေမိသည်။ ထိုကဲ့သို့ ဆောင့်ကြွားကြွားနိုင်သော မာနကြီးသည့် အမျိူးသမီးကြီးများစွာကို ယွဲ့စုန့်တွေ့ဖူးသည်ဖြစ်၍ မထူးဆန်းပါ။ အနည်းငယ်ထူးဆန်းနေသည်က ဤကဲ့သို့သော အမေမျိုး၏ ပျိုးထောင်မှုအောက်တွင် ကျန်းချီသည် အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်နေရသည် ဆိုတာပင်ဖြစ်သည်။
ကျန်းချီသည် ချမ်းသာ၍ ချောမောလှပသောကြောင့် သူမ၏အမေကဲ့သို့ မာနကြီးသောမိန်းကလေးဖြစ်နေရမည်မဟုတ်လား။ သို့သော် ကျန်းချီ၏ အစ်မကျန်းအပေါ်ဆက်ဆံမှု၊ အခြားလူများ၏ ဝန်းရံမှု၌ သာယာနေမှု နှင့် အခြား အသေးအဖွဲကိစ္စလေးများသည် ကျန်းချီ၌ သူ့ကိုယ်သူ ယုံကြည်ချက်မဲ့နေခြင်း ကြောင့်ဖြစ်သည် ဟု ယွဲ့စုန့်မြင်နေမိသည်။ ကျန်းချီသည် အခြားလူများကို လွှမ်းမိုးချင်၍ အသိအမှတ်ပြုမှုကို ရချင်နေသည်။
ကျန်းချီ၌ ချမ်းသာကြွယ်ဝစွာကြီးပြင်းလာရသော တကယ့် သူဌေးသမီးများ၏ မာနမျိုး မရှိပေ။
ကျန်းချီ၏အမေက လူများအားလုံးကို ခွဲခြားဆက်ဆံသွားသောကြောင့် ဧည့်သည်အစုအဖွဲ့များကို မည်သူများက အထက်တန်းကျောင်းသူငယ်ချင်းများဖြစ်သည်၊ မည်သူများက မိတ်တွေများ၏ကလေးများဖြစ်သည် စသဖြင့် ယွဲ့စုန့် ခွဲခြားရလွယ်သွားသည်။
ထိုအထဲတွင် မိန်းကလေးတစ်ယောက်နှင့် ယောင်္ကျားလေးနှစ်ယောက်က ပိုထူးထူးခြားခြားရှိကာ သုံးယောက်လုံးကလည်း အခြားသူများထက် ငယ်နေသည်။ ထို့အပြင် သူတို့သည် ကျန်းချီ၏အမေနှင့် အလွန်ပင် ရင်းနှီးကာ "အန်တီ" ဟုခေါ်ကြသောကြောင့် သူတို့သည် ကျန်းချီ၏ ဝမ်းကွဲများဖြစ်ကြောင်း ယွဲ့စုန့် သိလိုက်သည်။
သို့သော် ကျန်းချီ၏ အဖေဘက်မှ ဝမ်းကွဲညီမရော ဘယ်မှာနည်း။
ကျန်းယန်ယန် ဘယ်မှာနည်း။
နေ့လယ်စာစားပွဲ စတင်သောအခါတွင် ကျန်းယန်ယန် ရောက်လာတော့မည်မဟုတ်လောက်ကြောင်း ယွဲ့စုန့် သဘောပေါက်လာသည်။
သီအိုရီအရတော့ မိသားစုနာမည်တူနေလျှင် မိသားစုပင်ဖြစ်မည် ဟု လူတိုင်းက တွေးကြသည်မဟုတ်လား။ သို့သော် ကျန်းချီ၏မွေးနေ့တွင်တော့ သူမသည် အမေဘက်မှ ဝမ်းကွဲများကိုသာဖိတ်၍ အဖေဘက်မှ ဝမ်းကွဲများကို မဖိတ်ကြားထားချေ။ ထို့ကြောင့် ကျန်းချီသည် အမေဘက်မှ အမျိုးများနှင့် ပိုရင်းနှီးပုံရသည်။
ထိုသို့ဆိုလျှင် ကျန်းချီနှင့် ကျန်းယန်ယန်တို့၏ဆက်ဆံရေးသည်လည်း မကောင်းနိုင်ချေ။
နေ့လယ်စာသည် အလွန်ခမ်းနား၍ အရသာရှိသော ဘူဖေးဖြစ်၍ နာမည်ကျော်ပါတီစားဖိုမှူးများကိုလည်း ဖိတ်ကြားထားသည်။
ချန်ဝေ့လည်း မလာခင်ကတော့ သူပေးရသည့်ပိုက်ဆံနဲ့ကိုက်အောင် အဝစားမည်ဟု ကြွေးကြော်ထားသော်လည်း တကယ်စားရသောအခါ ခြေလက်များ မလှုပ်နိုင်ဖြစ်ကာ အိန္ဒြေတစ်ခွဲသားနှင့် ဖြည်းဖြည်းချင်းသာစားနေတော့သည်။
ကျန်းချီ၏ပြောစကားအရ စားသောက်ပြီးလျှင် လူများစု၍ဆော့ရသောကစားပွဲများနှင့်အခြားအစီအစဉ်များလည်း ရှိသေးသည်ဟုဆိုသည်။ သို့သော် ယွဲ့စုန့်က စိတ်မဝင်စားတော့သဖြင့် နေ့လယ်စာစားပြီးလျှင် ပြန်ရန် ပြင်လိုက်သည်။
Xxxxx
Part 216
ယွဲ့စုန့်သည် အိမ်သာသွား၍ စားသောက်ခန်းသို့ ပြန်လာသည့်အခါ ဧည့်ခန်းအသေးလေးတစ်ခုကို ဖြတ်လာရသည်။ ထိုဧည့်ခန်းထဲသို့ တစ်ချက်ကြည့်လိုက်မိသောအခါ အခန်းနံရံမှ ဓာတ်ပုံတစ်ပုံက ယွဲ့စုန့်အား ဆွဲဆောင်သွားတော့သည်။
ဧည့်ခန်းထဲ၌ အနောက်တိုင်းပုံစံ မီးလင်းဖိုတစ်ခုရှိနေကာ ထိုမီးလင်းဖို၏ အပေါ်ဘက်နံရံ၌ မိသားစုဓာတ်ပုံတစ်ခု ချိတ်ဆွဲထားသည်။
သားနှစ်ယောက်က ဇနီးများ၊ သားသမီးများနှင့်အတူ ဂုဏ်သရေရှိ အဖွားအိုဘေး၌ ခြံရံကာ ရပ်နေကြသည်။
ထိုအဖွားအိုက ကျန်းမိသားစု၏ လက်ရှိအကြီးအကဲ စုန့်လန်ယင်းဖြစ်မည်ဆိုသည်မှာ ပြောစရာမလိုပါ။ ယွဲ့မိသားစုသည် ကျန်းမိသားစုနှင့် အဆက်အစပ်မရှိသော်လည်း အဖိုးယွဲ့သည် အဖွားကျန်းကို ကြားဖူးနေသည်။ အဖွားကျန်းသည် မြို့၏ အာဏာကြီးသော အမျိုးသမီးများကြားတွင် ထိပ်ဆုံး နံပါတ်တစ် ဖြစ်သည်။
အဖွားအိုသည် လှပသော ခုံရှည်ပေါ်တွင်ထိုင်နေကာ သူမ၏ ဘယ်ဘက်တွင်ထိုင်နေသည်က ခုနကပင် ယွဲ့စုန့်တွေ့ခဲ့ရသော ကျန်းချီ၏အမေဖြစ်သည်။ ထို့ကြောင့် အဖွားအို၏ညာဘက်ရှိ အမျိုးသမီးသည် ချွေးမနောက်တစ်ယောက်ပင်ဖြစ်လိမ့်မည်။
သို့သော် ထိုအမျိုးသမီးသည် အလွန်ပိန်လွန်းနေသည်။ ဘာကြောင့် ဒီလောက် ပိန်နေရပါသနည်း။
ကျန်းယန်ယန်၏အမေသည် လွန်ခဲ့သောနှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့သည်ဟု ဝမ်းကွဲအစ်မ ရွှယ်ရှင်းတုံ ပြောဖူးသည်ကို ယွဲ့စုန့် သတိရသွားသည်။ ပုံကိုကြည့်ရသည်မှာ ကျန်းယန်ယန်၏အမေသည် နာမကျန်းခြင်းဖြင့် ကွယ်လွန်သွားဟန်တူသည်။
ဓာတ်ပုံထဲမှကျန်းချီသည် အခုထက် အတော်ငယ်သေးကာ အမေ့ဘေး၌ တောင့်တောင့်လေးရပ်နေသည်။
အခြားကလေးမလေးတစ်ယောက်သည်လည်း ပိန်လွန်းသောအမျိုးသမီးအားဖက်ထားကာ ခုံရှည်ပေါ်၌ ထိုင်နေသည်။
ကျန်းမိသားစု၏ အမျိုးသားသုံးယောက်ကတော့ ခုံနောက်တွင် မတ်တပ်ရပ်နေကြသည်။
ဤကဲ့သို့ ကြွယ်ဝချမ်းသာ၍ လွှမ်းမိုးမှုရှိသော မိသားစုနောက်တစ်ခုကို အဖိုးယွဲ့သာမြင်လျှင် မနာလိုဖြစ်မည်မှာ အမှန်ဖြစ်သည်။ ယွဲ့မိသားစုသည် မျိုးဆက် သုံးခုတိုင် တစ်ခုတည်းသောမိသားစုအဖြစ်နေလာခဲ့သည်မဟုတ်လား။
"ယွဲ့စုန့်..."
ကျန်းချီက ဧည့်ခန်းတံခါးဝ၌ ပေါ်လာကာ ပြုံး၍ခေါ်လိုက်သည်။
"အစ်ကို့ကို မတွေ့ပါဘူးထင်နေတာ...ဒီကိုရောက်နေတာကိုး..."
"အား...ဆောရီး..."
ယွဲ့စုန့်က အခန်းထဲကို ခွင့်မတောင်းပဲ ဝင်မိခြင်းအတွက် တောင်းပန်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤဧည့်ခန်းက ဧည့်သည်လက်ခံဖို့မဟုတ်ပဲ မိသားစုများသာသုံးသည့်အခန်းဖြစ်ကြောင်း သိနိုင်သည်။
"ကျွန်တော် ဒီပုံကိုမြင်တော့ မနေနိုင်ပဲ ဝင်ကြည့်နေမိတာ..."
ကျန်းချီသည် ယွဲ့စုန့်နှင့် နှစ်ယောက်တည်း စကားပြောခွင့်ရမည့် အခွင့်အရေးအတွက် အလွန်ပျော်သွားသည်။ ယွဲ့စုန့်ရှိရာသို့ လျှောက်လာ၍ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဒါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ညီမတို့ မိသားစုဓာတ်ပုံလေ...ဒါက ညီမ အဒေါ်ပေါ့...အခုတော့ဆုံးသွားပြီ..."
ယွဲ့စုန့် ခန့်မှန်းထားသည့်အတိုင်းပင်။
ကျန်းမိသားစုသည် မိသားစုဓာတ်ပုံကို နှစ်စဉ်ရိုက်ကြမှန်း ယွဲ့စုန့်မသိချေ။ ကျောက်လန်ဖန်က လျန့်ယင်းယင်း၏ပုံကို မော်မကြည့်နိုင်၍သာ ကျန်းယန်ရှန့်အမေပါသော နောက်ဆုံးဓာတ်ပုံကို ပုံအသစ်များနှင့်မလဲပဲ ယခုထိ ချိတ်ဆွဲထားခြင်းဖြစ်သည်။
အဖွားကျန်း၏အိမ်နှင့် ကျန်းဟွမ်တို့၏အိမ်များတွင်တော့ ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့ပါသော မိသားစုဓာတ်ပုံအသစ်များကို ချိတ်ဆွဲထားကြပြီဖြစ်သည်။
ယွဲ့စုန့်သည် ပိန်သွယ်လွန်းသောမိခင်ကို ချစ်ခင်စွာဖက်ထားသည့် ကောင်မလေးကိုကြည့်၍ မေးလိုက်သည်။
"ဒီကလေးလေးကရော..."
"ဪ...အဲ့ဒါက ညီမရဲ့ ဝမ်းကွဲညီမ ကျန်းယန်ရှန့်လေ..."
ကျန်းချီက ဂရုဏာအပြည့်ပါသော အသံဖြင့်ပြောလိုက်သည်။
"သူငယ်ငယ်လေးတည်းက အမေက ဆုံးသွားတော့ သနားစရာပါ..."
ယွဲ့စုန့်က ကျန်းချီဘက်သို့ မျက်နှာလှည့်၍ အံ့ဩစွာမေးလိုက်သည်။
"ကျန်းယန်ယန်ကရော..."
"ကျန်းယန်ရှန့်..."
ကျန်းချီက ယွဲ့စုန့်တစ်ယောက် ဘာလို့များ ဓာတ်ပုံထဲက မူလတန်းအရွယ်ကလေးလေးကို စိတ်ဝင်စားနေပါလိမ့် ဟု တွေးနေမိသည်။
"ဘဲငန်းရိုင်း လို့အဓိပ္ပာယ်ရတဲ့ ယန် နဲ့ အသံ ဆိုတဲ့ ရှန့်...."
ယန်ရှန့်?
ဘဲငန်းဖိုနှင့် ဘဲငန်းမ တို့သည် အလွန်လိုက်ဖက်ကြသည်။ တစ်ကောင်ကောင်က အရင်သေသွား၍ တစ်ကောင်တည်းကျန်ခဲ့လျှင် ကျန်ခဲ့သည့် အကောင်က သူတို့ သေဆုံးသည်အထိ နောက်ထပ်အဖော်ထပ်မရှာပေ။ ရှေးခေတ်အချိန်တည်းက ဤသည်ကို မပြောင်းလဲသောသစ္စာတရား အဖြစ် ပုံဖော်ကြသည်။
ကျန်းယန်ရှန့်ကဲ့သို့ စိတ်ထက်မြက်သည့်မိန်းကလေးတစ်ယောက်ကို "ကျန်းယန်ယန်" ဟူသည့် ချစ်စရာကောင်းသည့်နာမည်မျိုး မှားပေးသော အစ်မဝမ်းကွဲကို ယွဲ့စုန့် အံ့ဩမိသည်။
ယွဲ့စုန့်သည် သူ၏ ဟနေသော ပါးစပ်ကိုပိတ်ကာ ခေါင်းငြိမ့်၍ ပြောလိုက်သည်။
"နာမည်လေးက လှတယ်နော်..."
ကျန်းချီ၏ ဂရုဏာများ ပျောက်ကွယ်သွား၍ အင်တင်တင်ပြောလိုက်သည်။
"အင်း...ဟုတ်တော့ဟုတ်ပါတယ်..."
ယွဲ့စုန့်သည် စကားဆက်မပြောတော့ပဲ ဓာတ်ပုံထဲမှ ကလေးမလေးအား ကြည့်နေမိသည်။ သူမ၏ မျက်ခုံးများက သူ့စိတ်ထဲမှ ကောင်မလေးဖြစ်သည်ကို သက်သေပြနေကြသည်။ သူမသည် ကလေးဘဝတည်းကပင် ချောမောကာ ကြည့်ကောင်းလွန်းလှသည်။
သို့သော် ယခုနှင့်မတူသည်က အမေ့ဘေး၌ ကပ်နေသော ကောင်မလေး၏ မျက်လုံးများသည် အလွန်ပင် နူးညံ့နေကြသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ထိုကောင်မလေးသည် နူးညံ့၍ နွေးထွေးသော ကောင်မလေးဖြစ်မှန်းသိသာသည်။
ယွဲ့စုန့်သည် ကျန်းယန်ရှန့်၏ တောက်ပ၍ အေးစက်သော မျက်နှာ၊ အရယ်အပြုံးမရှိသော နှုတ်ခမ်းများနှင့် အေးစက်သော မျက်လုံးများကိုတွေးနေမိသည်။
ယွဲ့စုန့်ရင်ထဲတွင် လှိုင်းထသွားကာ သနားမိသည့်စိတ်လေး ပေါ်လာသည်။
ထမင်းစားခန်းသို့ပြန်ရောက်သောအခါ ယွဲ့စုန့်သည် စားသောက်ပြီးလျှင် ပြန်တော့မည်ဖြစ်၍ ချန်ဝေ့အား အတူတူပြန်ချင်လား ဟုမေးလိုက်သည်။
ချန်ဝေ့က မပြန်ချင်သေးပေ။
"ငါနေချင်သေးတယ်...နောက်ကျရင် ဒီလို အခွင့်အရေးမျိုး ရတော့မှာမဟုတ်ဘူး..."
ယွဲ့စုန့်သည် မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်ကာ ဧည့်ခန်းထဲတွင် အကုန်လုံးစားသောက်ပြီးချိန်ကို ထိုင်စောင့်နေလိုက်သည်။ ခဏမျှစောင့်၍ မက်ဆေ့ခ်ျ စာပြန်ပို့သည်ကို ရသောအခါ ထ၍ ကျန်းချီအားနှုတ်ဆက်လိုက်သည်။ အဖိုးယွဲ့သည် ယနေ့ ယွဲ့စုန့်အား ကုမ္ပဏီသို့သွားစေချင်နေသည်။ ကျန်းချီအတွက် ယွဲ့စုန့်၏ တစ်မနက်လုံးပေးပြီးပြီဖြစ်၍ အချိန်ထပ်ဖြုန်း၍ မကောင်းတော့ချေ။
ကျန်းချီက ယွဲ့စုန့်အား နေစေချင်သေးသော်လည်း ယွဲ့စုန့်က ငြင်းလိုက်သည်။
"အိမ်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ပါ..."
ကျန်းချီကိုကြိုက်နေသော သူဌေးသားတစ်ယောက်က ထပြောသည်။
"ကျန်းချီရဲ့ မွေးနေ့ထက် ဘယ်ဟာက ပိုအရေးကြီးမှာတုန်းကွ...မင်းက ရိုင်းလှချည်လား...ကျန်းချီက နေစေချင်ရင်နေပေးလိုက်လေ..."
ယွဲ့စုန့်သည် တက္ကသိုလ်၌ သိုသိုသိပ်သိပ်နေခြင်းမှာ ယွဲ့စုန့်၏ မိသားစုနောက်ခံကြောင့် တက္ကသိုလ်ဘဝကို ထိခိုက်ခြင်းမရှိစေပဲ အတန်းဖော်များနှင့် ပုံမှန်ဆက်ဆံနိုင်စေရန်သာဖြစ်သည်။ ဤသို့ အစော်ကားခံဖို့ မဟုတ်ပေ။
ယွဲ့စုန့်၏ အေးစက်၍ ကြယ်ကဲ့သို့စူးရှသော အကြည့်ကြောင့် ထိုသူဌေးသား ခဏမျှကြောင်သွားကာ ပြောဆိုလက်စသည်လည်း ထိုကြောက်စရာအကြည့်ကြောင့် ရပ်သွားသည်။
သူဌေးသားက ရုတ်တရက် ရှက်သွားမိသည်။ သို့သော် ယွဲ့စုန့်၏ ဈေးပေါသော အကွက်အင်္ကျီကို မြင်သောအခါ သတ္တိများပြန်ရှိလာ၍ ဆက်ပြောရန်ပြင်လိုက်သည်။
သို့သော် ကျန်းချီက တားလိုက်ကာ ယွဲ့စုန့်ကို စာနာစိတ်အပြည့်နှင့် နူးညံ့စွာပြောလိုက်သည်။
"အစ်ကို့အိမ်မှာ တစ်ခုခုဖြစ်လို့လား...အလျင်လိုနေရင် အိမ်က ဒရိုင်ဘာကို ပို့ခိုင်းလိုက်မယ်လေ..."
ယွဲ့စုန့်က ပြုံးကာ ငြင်းလိုက်သည်။
"ရပါတယ်...ကျွန်တော် ကားခေါ်ထားပါပြီ..."
ကျန်းချီ ယွဲ့စုန့်အား တံခါးဝအထိ လိုက်ပို့သော်လည်း ယွဲ့စုန့်ခေါ်ထားသည်ဆိုသော ကားကိုမတွေ့ချေ။
ယွဲ့စုန့်က ကျန်းချီအိမ်မှထွက်ကာ မြင်ကွင်းမှပျောက်ကွယ်သည်အထိ လမ်းသာလျှောက်သွားသည်ကိုတွေ့လိုက်ရသည်
သူဌေးသားက လှောင်ပြောင်ကာ ရယ်မောလိုက်သည်။
"ဘယ်မှာလဲ သူပြောတဲ့ကားက...သူ ဘတ်စ်ကားပဲစီးသွားမှာ အသိသာကြီးကို..."
Xxxxxxx