အပိုင်း ၂၂၃-၂၂၄
Viewers 27k

Part 223


ကျန်းယန်ရှန့် အပေါ်ထပ်သို့ အခေါ်ခံလိုက်ရသောအခါ လူတိုင်းသည် ဖန့်ရှောင်ဟန်က တစ်ယောက်ယောက်အားတိုင်လိုက်သည် ဟု ခန့်မှန်းလိုက်ကြသည်။ သို့‌သော် မနက်က ဤသို့ဖြစ်ပျက်သွားသည်ကိုတောင်မှ ကျန်းယန်ရှန့်က သူ့ကိုယ်သူ ယုံကြည်များရှိပုံပေါ်နေသောကြောင့် ကျန်းယန်ရှန့်နောက်ကွယ်၌ မည်သူရှိမှန်း မသိနိုင်ဖြစ်နေကြသည်။


ဤကိစ္စသည် မည်သူ၏နောက်ခံက ပိုအင်အားကြီးလဲအပေါ် မူတည်နေသည်။ ရုံးမှလူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်၍ ရန်ပွဲမီးကို အပြင်မှသာ တက်ကြွစွာဖြင့် ကြည့်နေကြသည်။


မကြာမီတွင် ကျန်းယန်ရှန့်သည် ဘာမှမဖြစ်ခဲ့သည့်ပုံနှင့် ပြန်ရောက်လာသည်။


ဖန့်ရှောင်ဟန်က သူမနောက်မှ လိုက်လာကာ ခေါင်းကိုငုံ့၍ မျက်နှာက နီရဲနေသည်။


သူတို့၏ပုံစံများကို ကြည့်ရုံနှင့်ပင် မည်သူကနိုင်၍ မည်သူကရှုံးသည်ကို မြင်နိုင်နေသည်။ ရုံးအတွင်းမှမျက်လုံးများသည် တစ်ခဏမျှ ဟိုလူ့ကိုကြည့် ဒီလူ့ကိုကြည့်ဖြင့် လှုပ်ခတ်သွားကြသည်။ အချို့ကတော့ နားနေခန်းတွင် အသံတိုးတိုးဖြင့် ကျန်းယန်ရှန့်၏ နောက်ခံဆွေမျိုးသည် မည်သူဖြစ်သည်ကို ခန့်မှန်းနေကြသည်။


အလုပ်ရက်သည် ပုံမှန်ပင် ပြီးဆုံးသွားကာ နောက်တစ်နေ့တွင်တော့ ကျန်းယန်ရှန့်ဟူသည့် အလုပ်သင်ကောင်မလေးသည် ကုမ္ပဏီသို့ မရောက်လာတော့ချေ။


လူတိုင်းသည် အံ့ဩသွားကြရပြန်ကာ မည်သူ နိုင်သည် ရှုံးသည်ကို သိချင်နေကြပြန်သည်။ မနေ့က သူတို့ခန့်မှန်းခြင်း မှားသွားသည်လား။


လူအချို့သည် တက်တက်ကြွကြွဖြင့် ဖန်ခွက်များကိုင်ကာ ဖန့်ရှောင်ဟန်နှင့် စကားပြော၍ ကျန်းယန်ရှန့် အလုပ်ထုတ်ခံလိုက်ရသည်လားကို မေးကြသည်။ ဖန့်ရှောင်ဟန်က မပွင့်တပွင့်ပင်ပြန်ဖြေသောကြောင့် လူတိုင်းသည် ပို၍ နားမလည်နိုင်ဖြစ်သွားကြသည်။


သို့သော် ဖန့်ရှောင်ဟန်သည် ဤဖိအားများကို မခံနိုင်တော့ချေ။ နှစ်ရက်အကြာတွင် သူမဦးလေးနှင့်စကားပြော၍ ရုံးသို့ ထပ်မလာတော့ပေ။


ဒုဥက္ကဌဝမ်သည် ဖြစ်ပျက်သွားသည့်ကိစ္စမှာ ကလေးချင်းဖြစ်သည့်ပြဿနာဖြစ်၍ အထက်လူကြီးများက သူ့ကို ဒုက္ခမပေးလောက်ဟု ထင်နေမိသည်။ သို့သော် ဒုဥက္ကဌဝမ်ကဲ့သို့ သက်လတ်ပိုင်းအလုပ်သမားများသည် လူငယ်များထက် အလုပ်ပြုတ်မည်ကို ပိုကြောက်ရလေသည်။


သူ့အရွယ်တွင် ရာထူး၏ လစာသည် အလွန်ကောင်းမွန်နေသည်။ သူသာ အလုပ်ပြုတ်သွားပါက ထိုကဲ့သို့ လစာရမည့် သင့်တော်သည့်အလုပ်ကိုရှာရန်မှာ အလွန်ပင် ခက်ခဲမည်ဖြစ်သည်။


ဒုဥက္ကဌဝမ်သည် ကျန်းယန်ရှန့်၏မိဘများကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်ချင်သော်လည်း သူသည် လက်အောက်ခံကုမ္ပဏီလေး၏ ဒုဥက္ကဌသာဖြစ်နေသည်။ သူ့လိုရာထူးနှင့် အုပ်စုဥက္ကဌ စုန့်လန်ယင်းနှင့်တွေ့ဖို့နေနေသာသာ သခင်လေးကျန်း ဟု ခေါ်ကြသော ကျန်းဟွမ် နှင့်စကားပြောနိုင်ရန်ပင်မလွယ်ချေ။


အုပ်စုဌာနချုပ်မှ လက်အောက်ခံကုမ္ပဏီများနှင့် ကုမ္ပဏီအခွဲများအားလုံးကို အသင်းအဖွဲ့စည်းကမ်းများကိုပြန်လည်ပြုပြင်ရန်၊ ရုံးတွင်း၌ အဆင်မပြေများကို ရှင်းလင်းရန် နှင့် ရာထူးအသီးသီးမှလူတိုင်းသည် အလုပ်ကို စိတ်အေးလက်အေးလုပ်နိုင်ရန် အလုပ်သမားများ၏ အလုပ်များကိုပြန်လည်စစ်ဆေးရန် အမိန့်ထုတ်သည့်စာ ထွက်လာသည်။


ဒုဥက္ကဌဝမ်ကတော့ စိတ်များ အပြင်းအထန်လှုပ်ရှားနေသည်။


ရက်အနည်းငယ်စောင့်ဆိုင်းပြီးသောအခါ ဌာနချုပ်မှ ဘာအရိပ်အယောင်မှမတွေ့သော်လည်း ဒုဥက္ကဌဝမ်သည် ခြေနှစ်ချောင်းကြားထဲအမြီးကုပ်ကာ ကြောက်လန့်နေသေးသည်။ ထိုအချိန်မှစ၍ ဒုဥက္ကဌဝမ်သည် အခြားသူများနှင့် ပြေလည်စွာ ဆက်ဆံတော့သည်။


ကျန်းယန်ရှန့်သည် အိမ်သို့ပြန်၍ ဖြစ်ပျက်ခဲ့သမျှအားလုံးကို ကျန်းဟွမ်အားပြောပြလိုက်သည်။


ဤသို့သော ရုံးတွင်းကတောက်ကဆမှုလေးများသည် ရန်ဖြစ်ရ သတ်ဖြတ်ရသည့်အဆင့်ထိတော့ တက်မလာချေ။ ထို့ကြောင့် ကျန်းဟွမ်သည် စိတ်ထဲသိပ်မထားပဲ ပြောလိုက်သည်။


"အဲ့နေရာကိုမကြိုက်လဲ တခြားနေရာပြောင်းလိုက်လေ..."


ထို့နောက် ကျန်းဟွမ်သည် အဖွားကျန်းဆီသွား၍ ထိုအကြောင်းကိုပြောပြလိုက်သည်။


"တခြားလူအပေါ် အကြောတင်မခံတဲ့ အမေ့မြေးရဲ့စိတ်ဓာတ်ကိုလည်းကြည့်ဦး...ဘယ်သူနဲ့တူနေမှန်းလည်း မသိဘူး..."


အဖွားအိုက ရယ်ကာပြောလိုက်သည်။


"ငါနဲ့တူနေတာပေါ့..."


ကျန်းဟွမ်ကပြောသည်။


"ဒီကိစ္စက ယန်ယန်က ကျွန်တော်တို့မိသားစုရဲ့ကလေးဖြစ်တယ်ဆိုတာပဲ သက်သေပြနေတာပေါ့...သူသာ တကယ့်အချိန်ပိုင်းအလုပ်သမားဆိုရင် အဲ့လိုတွေလုပ်နေလို့ကတော့ မြန်မြန်အလုပ်ပြုတ်မှာပဲ..."


"အဲ့ဒီတော့ဘာဖြစ်လဲ..."


အဖွားကျန်းက ပြောလိုက်သည်။


"သူက ငါတို့မိသားစုမှာမွေးလာလို့ အလုပ်ပြုတ်လဲ အလုပ်နောက်တစ်ခု ရှာပေးရုံပေါ့..."


ကျန်းဟွမ်: "ကျွန်တော်လည်း ဒီလိုကိစ္စတွေနဲ့ အသားကျအောင် လုပ်ထားရတော့မှာပဲ..."


ကျန်းဟွမ်သည် ပါးစပ်မှ ညည်းညူနေသော်လည်း မျက်နှာကတော့ ပြုံးနေပေသည်။


ကျန်းယန်ရှန့်သည် အခြားလက်အောက်ခံကုမ္ပဏီတစ်ခုသို့ ပြောင်းလိုက်သည်။


ဩဂုတ်လအစပိုင်းတွင် လျန့်ယင်းယင်းသည် ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့နှင့်အတူ ပြန်ရောက်လာသည်။


ကလေးနှစ်ယောက်သည် အားအင်အပြည့်ဖြင့်တက်ကြွနေကြသည်။ ကျန်းဟယ်လင်း၏ အသားဖြူဖြူလေးသည် အတော်ပင် နေလောင်ထားရာ နေ့တိုင်း အပြင်သို့ထွက်ဆော့ထားကြောင်း သိသာနေသည်။


လျန့်ယင်းယင်းကတော့ စိတ်ဓာတ်ကျနေသည်။ သူတို့ ပြန်ရောက်လာမှသာ လျန့်ယင်းယင်းသည် သက်ပြင်းချနိုင်၍ ညီမများနှင့်အတူ ဖဲဆော့၍ အားဖြည့်ရန် ထွက်သွားတော့သည်။


ကျန်းဟယ်လင်းသည် မျက်လုံးများတောက်ပ၍ အားအင်အပြည့်ဖြစ်နေသည်။ အသားက အနည်းငယ်နေလောင်ထားသော်လည်း အလွန်ကျန်းမာနေပုံရသည်။ အသံလည်း ပိုကျယ်လာကာ လွန်ခဲ့သည့်တစ်နှစ်က အသံသေးသေးလေးနှင့် ကြောက်တတ်သည့် ကလေးမလေးနှင့် လုံးဝပင်ကွာခြားနေတော့သည်။


ပြန်ရောက်ရောက်ချင်းပင် ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်နားကပ်ကာ သူတို့ဘယ်လိုဆော့ခဲ့ကြောင်း၊ ဘာတွေမြင်ခဲ့ကြောင်း၊ ကျန်းရှို့ချန်ဘယ်လိုဆိုးကြောင်း စသည်တို့ကို အဆက်မပြတ်ပြောနေတော့သည်။ ထို့နောက် မေးလိုက်သည်။


"မမရော အိမ်မှာ ဘာတွေလုပ်နေလဲ..."


ကျန်းယန်ရှန့်က ရေခဲချောင်းကို ကိုက်ကာပြောလိုက်သည်။


"ငါ အိမ်စာတွေလုပ်ပြီး အလုပ်သွားတာပေါ့..."


ကျန်းယန်ရှန့်၏ဘဝသည် ကျန်းဟယ်လင်း၏ အရင်က နေရသလို ပျင်းရိဖွယ်ကောင်းနေသောကြောင့် ကျန်းဟယ်လင်းသည် နေရခက်လာကာ ခဏမျှစဉ်းစား၍ ပြောလိုက်သည်။


"မမ နောက်တစ်ခါကျရင် ခရီးတူတူသွားရအောင်လေ..."


ထို့နောက် ခဏရပ်သွားပြီးမှ ဆက်ပြောသည်။


"အမေ့ကိုမခေါ်ဘူးလေ..."


ကျန်းယန်ရှန့်သည် မျက်ခုံးများကိုပင့်ကာ ကျန်းဟယ်လင်းအားကြည့်လိုက်သည်။ ဤ‌ရူးကြောင်ကြောင်ကလေးမလေးသည် အရင်ကထက် ပို၍ ထက်မြက်လာပုံရသည်။ တကယ်ပင် တိုးတက်မှုရှိလာပါသည်။


"ကောင်းပြီလေ..."


ကျန်းယန်ရှန့်က ကတိပေးလိုက်သည်။


"နောက်တစ်ခါ သွားကြတာပေါ့..."


ကျန်းဟယ်လင်းသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီးမှ ထပ်မေးလိုက်သည်။


"မမ အလုပ်မှာ ဘာတွေလုပ်ရတာလဲ...စိတ်ဝင်စားဖို့ကောင်းလား..."


"ကောင်းတယ်..."


ကျန်းယန်ရှန့်က ရေခဲချောင်းကို ထပ်ကိုက်ကာ ပြောလိုက်သည်။


"လူတွေက ကြောက်ဖို့ကောင်းပြီး လူတွေရဲ့စိတ်ကိုလည်း ခန့်မှန်းလို့မရတာ စိတ်ဝင်စားဖို့ကောင်းတယ်..."


ကျန်းဟယ်လင်း: “?”


ကျန်းယန်ရှန့်က သူမ အား ရေခဲချောင်းတုတ်ကိုပေးလိုက်သည်။


"ရော့..."


ကျန်းဟယ်လင်းက တုတ်ချောင်းကိုလှမ်းယူကာ အမှိုက်ပုံးဆီပြေးသွားသည်။


……


ယွဲ့စုန့်သည် တစ်လခန့် ခရီးသွား၍ K မြို့သို့ပြန်လာကာ တစ်ရက်လောက် အိမ်၌ နား၍ ဂိမ်းဆော့လိုက် ဗီဒီယိုကြည့်လိုက် လုပ်နေစဥ် ကျန်းယန်ရှန့်၏ ဗီဒီယိုအသစ်များတင်ထားသည်ကို သူသတိထားလိုက်မိသည်။


နောက်ခံသည် ကျောင်းတစ်ခု ဖြစ်ပုံရသည်။ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်သည် ရန်ဖြစ်နေပုံရကာ ထို့နောက် ကောင်လေးက ရုတ်တရက် ကောင်မလေးကို ရိုက်တော့မည့်ပုံ လက်ရွယ်လိုက်သည်။ ကောင်မလေးက ကြောက်ရွံ့သည့်ဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။


ရုတ်တရက် လက်တစ်ခုက ကောင်လေး၏လက်ကိုဖမ်းကိုင်လိုက်သည်။ ထို့နောက် ကျန်းယန်ရှန့် မြင်ကွင်းထဲသို့ဝင်ရောက်လာသည်။ 


သူမက ကောင်‌လေး၏ လက်ကိုလိမ်၍ ဖမ်းချုပ်ထားလိုက်သည်။ထို့နောက် ကျန်းယန်ရှန့်သည် ကောင်မလေးကို အရှေ့မှာကာပေးကာ ခြေထောက်ကိုမြှောက်၍ ကောင်လေးကိုကန်လိုက်သည်။


ထိုမှစ၍ ဗီဒီယိုသည် အနှေးပြကွက်ဖြစ်သွားပြီး နောက်ခံသီချင်းလည်း ပေါ်လာသည်။ ကောင်မလေးက ကျန်းယန်ရှန့်ကို ကျောဘက်မှဖက်ကာ အားကိုးရာတစ်ခုရှာတွေ့သွားသကဲ့သို့ ကျန်းယန်ရှန့်၏ကျောကို မျက်နှာအပ်လိုက်သည်။


ကျန်းယန်ရှန့်က အနောက်သို့ မသိမသာလှမ်းကြည့် ခေါင်းကိုလှည့်ကာ ကင်မရာဆီသို့ လက်မအောက်စိုက်ပြသည့်ပုံလုပ်ပြလိုက်သည်။ ထိုနေရာ၌ ပြကွက်သည်ရပ်သွားကာ ဗီဒီယိုလည်း ဆုံးသွားတော့သည်။


ယွဲ့စုန့်: “…”


ယွဲ့စုန့်ကဲ့သို့ တည်ငြိမ်၍ အနေတည်သောလူပင် မျက်လုံးများပိတ်ကာ ဖွီးကနဲ ရယ်မိသွားသည်။ အထက်တန်းကျောင်းသားများ၏သရုပ်ဆောင်စွမ်းရည်သည် အလွန်ပင် ဟန်ဆောင်နေကြသည့်ပုံပေါက်ကာ ထိန်းမရကြချေ။ ကောင်လေးနှင့် ကောင်မလေးများ၏ သရုပ်ဆောင်လှုပ်ရှားမှုများသည် အလွန်ပင် ပိုလွန်းနေသည်။ ကျန်းယန်ရှန့်၏ မျက်နှာထားကတော့ အေးစက်နေသည်။


သူမသည် ‌ပျော်နေသည့်ပုံမပေါက်ဟု ယွဲ့စုန့်ခံစားမိသည်။


ဗီဒီယိုအတိုအစလေးများကို လိုက်ကြည့်သည့်အခါ တကယ်ပင် ကျန်းယန်ရှန့်သည် မိန်းကလေးတစ်အုပ်၏ တောင်းပန်ခြင်း(ဖိအားပေးခြင်း) နှင့် တောင်းဆိုခြင်း(ဖိအားပေးခြင်း) ခံနေရပုံကို တွေ့ရသည်။


"ဗီဒီယိုရိုက်ရအောင်...ဗီဒီယိုရိုက်ရအောင်..."


"စာမေးပွဲက ပြီးသွားပြီပဲ...အနားယူကြရအောင်..."


"လုပ်ပါ~~~~နော်..."


ထိုဗီဒီယိုအတိုအစများကိုကြည့်ခြင်းအားဖြင့် ကျန်းယန်ရှန့်သည် စကားနည်းသည့်ပုံပေါက်သည်။ ထို့ကြောင့် အခြားမိန်းကလေးများ၏ တကျီကျီပူဆာခြင်းကို မခံနိုင်ဖြစ်နေလိမ့်မည်။ ထို့ကြောင့်ပင် ကျန်းယန်ရှန့်သည် မတတ်နိုင်ပဲ စူပုပ်ပုပ်မျက်နှာဖြင့် ဗီဒီယို ရိုက်ပေးလိုက်ရခြင်းဖြစ်ပေမည်။


အဓိကဗီဒီယိုနှင့် ယှဉ်လျှင်တော့ ယခုဗီဒီယို၏နောက်ခံဇာတ်လမ်းက ပိုစိတ်ဝင်စားဖွယ်ကောင်းသည်။


Xxxxxx


Part 224


ကျန်းယန်ရှန့်သည် မျက်နှာထားတည်သော်လည်း စိတ်နှလုံးတော့ကောင်းပုံရသည်။ မဟုတ်လျှင် ထိုမိန်းကလေးများသည် အဘယ်ကြောင့် သူမကို ကြောက်မနေပဲ သူမနှင့် ရင်းနှီးနေမည်နည်း။


ယွဲ့စုန့်သည် ထိုဗီဒီယိုများကို ပြုံး၍ အခေါက်ခေါက်အခါခါ ကြည့်နေမိသည်။


……


ရှုလီချန် ကျောင်းမဖွင့်မီတစ်ပတ်အလို၌ ခရီးမှပြန်ရောက်လာသည်။ ပြန်ရောက်ရောက်ချင်းပင် ကျန်းယန်ရှန့်နှင့်တွေ့ရန် ချိန်းလိုက်သည်။


ကျန်းယန်ရှန့် စိတ်ညစ်သွား၍ လက်ဝှေ့ကျင့်သည့်နေရာတွင် ရှုလီချန်အား ကောင်းကောင်းထိုးနှက်လိုက်သည်။


ရှုလီချန် မြေကြီးပေါ်လဲကျသွား၍ ညည်းတွားလိုက်သည်။


"ကျန်းယန်ရှန့်...နင် ဒါလီဆေး(*) တွေများသောက်ပြီး ကြီးလာတာလား..."


ကျန်းယန်ရှန့် လက်ဝှေ့ထိုးသည့်လက်အိတ်များစွပ်ထားသော လက်နှစ်ဖက်ကို လက်ခုပ်တီးသကဲ့သို့ ရိုက်လိုက်၍ ပြောလိုက်သည်။


"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့...မြန်မြန်ထ..."


သို့သော် ကျန်းယန်ရှန့်သည် ရှုလီချန်တစ်ခုခုဖြစ်နေသည်ကို ခံစားမိသည်။ သူမသည် တစ်ခုခုကို ခန့်မှန်းလိုက်သော်လည်း ရှုလီချန်ကိုတော့ တိုက်ရိုက်မမေးချေ။ ကျန်းယန်ရှန့်သည် အိမ်သို့ပြန်၍ ကျန်းဟွမ်အားမေးလိုက်သည်။


ထင်ထားသကဲ့သို့ပင် ကျန်းဟွမ်သည်လည်း K မြို့၏ စီးပွားရေးအသိုင်းအဝိုင်းမှ နာမည်ကြီးသော သတင်းကို သိနေသည်။ တစ်ဖက်လူများသည် သူ၏အနာဂတ်ခမည်းခမက်များဖြစ်လာနိုင်သည့်အတွက် ကျန်းဟွမ်သည် ပို၍ပင် ဂရုစိုက် နားစွင့်ထားမိသည်။


ကျန်းယန်ရှန့်မေးသောအခါ ကျန်းဟွမ်သည် စိတ်မကောင်းသည့်လေသံဖြင့် ပြောပြသည်။


"သမီးကြားရင် စိတ်မကောင်းဖြစ်မယ်ဆိုတာ အဖေသိတယ်...ဒါပေမယ့် အဖေတစ်ယောက်အနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အဖေ သဘောမတူနိုင်ဘူးဆိုတာ ပြောရမှဖြစ်မယ်..."


ကျန်းယန်ရှန့်: "ဘာကိစ္စလဲ..."


ကျန်းဟွမ်: "သမီးနဲ့ ရှောင်းရှု ကိစ္စပေါ့..."


ကျန်းယန်ရှန့်: “?”


"ယောင်္ကျားတစ်ယောက်ကို လက်မထပ်ခင်မှာ သူ့မိဘတွေကို အရင်ကြည့်ရမယ်..."


ကျန်းဟွမ်က သေချာပြောပြနေသည်။


"အခုပဲ အဲ့ကောင်လေးရဲ့ မိဘတွေ ရန်ဖြစ်နေတာကိုကြည့်လေ...တကယ်ကိုရက်ရက်စက်စက်ပဲ...ဘာပဲဖြစ်ဖြစ် ယောင်္ကျားနဲ့ မိန်းမရန်ဖြစ်ကြရင် နောက်ဆုံးမှာ မပြေလည်ရင်တောင်မှ ဓားဖြူနဲ့ ဓားနီတွေ မသုံးသင့်ဘူးမလား...အဖေ ဒါတွေပြောနေရတာက သမီးကို အဲ့ဒီကောင်လေးလို အပြင်ပုံကတော့ ကြင်နာတဲ့ပုံနဲ့ ရက်စက်နေတဲ့လူထက်စာရင် အေးစက်တဲ့ပုံပေါက်ပေမယ့် စိတ်ထားနူးညံ့တဲ့လူမျိုးကို ရှာစေချင်လို့...ဟိုကောင်လေးကတော့ အဖေကိုက ဒီလိုဖြစ်နေရင် သားကလည်း ထူးပြီးကောင်းနေမှာမဟုတ်ဘူး..."


ကျန်းဟွမ်က ဆုံးဖြတ်ချက်ချပြီးသည့်လေသံဖြင့်ပြောလိုက်သည်။


"ယန်ယန်...အဖေ လုံးဝသဘောမတူဘူးနော်..."


"အတိတ်မေ့ရောဂါရဲ့ လက္ခဏာတစ်ခုက ကိုယ်ထင်ချင်သလို တစ်ဖတ်သတ်အတွေးတွေလျှောက်တွေးနေတာပဲ..."


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"ရှုလီချန်နဲ့ သမီးရဲ့ ဆက်ဆံရေးက ရိုးရိုးအတန်းဖော်တွေထက်ပိုနေတယ်လို့ အဖေဘယ်လိုများ ပြောနိုင်နေရတာလဲ..."


တကယ်တော့ ကျန်းဟွမ်ပြောသည်ကလည်း သဘာဝကျပါသည်။


သို့သော် ပြောနေသူ၏ စိတ်နေစိတ်ထားနှင့် သူလုပ်ခဲ့သော ကိစ္စများကို စဉ်းစားလိုက်မိသည့်အခါ ကျန်းယန်ရှန့်သည် ကျန်းဟွမ်လိုလူမျိုး၏ ဘဝဒဿနများကိုနားထောင်မည့်အစား အိမ်မှ အန်တီများ၏ တောနယ်ဘက်မှ ဆိုဆုံးမမှုများကိုပင် နားထောင်လိုက်ချင်တော့သည်။


ကျန်းဟွမ်သည် ဆက်၍ပြောချင်သေးသော်လည်း ကျန်းယန်ရှန့်ကပြောလိုက်သည်။


"အဖေ အဓိပ္ပာယ်မရှိတာတွေပြောနေတာကို သမီးနားမထောင်ချင်တော့ဘူး...သမီးသူငယ်ချင်းရဲ့ မိဘတွေ ခုတလောဘာဖြစ်တယ်ဆိုတာကိုပဲ ပြောပြပါ..."


ကျန်းဟွမ်သည် စိတ်တိုစွာပြောလိုက်သည်။


"ဘာဖြစ်ရမှာလဲ...တော်တော်ကို ပရမ်းပတာနိုင်တယ်...အဲ့ဒီစုံတွဲက အရင်ကတော့ အရမ်းကို ကြင်နာပြ ချစ်ပြနေကြတာ...အခုကျတော့ အချင်းချင်းရန်တွေဖြစ်ပြီး ရန်‌ပွဲတွေဆိုတာများ ကိုယ်ခံအားသိုင်းပြနေသလိုပဲ..."


ကျန်းယန်ရှန့် အရင်ဘဝက သိထားခဲ့သလိုပင် မီးခံသေတ္တာကိုဖျက်ဆီး၍ ရုံးခန်းကိုဖရိုဖရဲဖြစ်အောင်လုပ်ခဲ့သည့်ကိစ္စပင်ဖြစ်သည်။


ကျန်းယန်ရှန့် တိတ်ဆိတ်နေမိသည်။

ဤအခြေအနေတွင် ရှုလီချန်အား မည်သူမှ မကယ်နိုင်ချေ။ ဘဝ၏ ဤအဆင့်ကို ရှုလီချန်ကိုယ်တိုင်သာ ရုန်းကန်ကြိုးစားရမည်ဖြစ်သာ်။


တကယ်တော့ ကျန်းယန်ရှန့်တို့နှစ်ယောက် အထက်တန်းအောင်၍ ကွဲသွားသည့်နောက်ပိုင်း၌တောင်မှ ရှုလီချန်၏မိဘများသည် မကွာရှင်းရသေးပေ။ အကျပ်ကိုင်ခြင်း၊ ရန်လိုခြင်းနှင့် ပိုင်ဆိုင်မှုလုခြင်းများကတော့ အမြဲရှိနေကြသည်။


ကံကောင်းစွာပင် ကျောင်းက မကြာခင်ပြန်ဖွင့်သည်။ ရီအထက်တန်းကျောင်းတွင် ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်များသည် ဒုတိယနှစ်တွင် စသည်။ ကျောင်းသည် ညနေ ၈:၄၀ မှသာပိတ်သည်။ ဒုတိယနှစ်ကျောင်းသူ ကျောင်းသားများသည် မနက်မှညအထိ အလုပ်များရှုပ်နေကြရသည်။ ပထမနှစ်များကတော့ ထိုအချိန်များ၌ အလွန်ပင်အားကာ အေးအေးဆေးဆေးရှိကြသည်။


ကျောင်းသားအများစုသည် အသွားအလာလုပ်ရမည့်အချိန်တိုစေရန်နှင့် ပိုကြာကြာအိပ်ရရန် ကျောင်းနားတစ်ဝိုက်ရှိ တုံဖန့် တုံလီနေရာများ၌ အိမ်များငှား၍ နေစပြုလာကြသည်။


တစ်နေ့ ကျောင်းမှအိမ်သို့ပြန်လာသောအခါ ကျန်းယန်ရှန့်သည် ကျန်းဟွမ်ထံမှ ရှုစုံတွဲအကြောင်းကိုကြားလိုက်ရသည်။ ထို့နောက် ကျန်းယန်ရှန့်သည် လွယ်အိတ်ကိုသယ်၍ အပေါ်ထပ်သို့ ချက်ချင်းတက်သွားပြီး ရှုလီချန်ဆီသို့ အသံမက်ဆေ့ခ်ျပို့လိုက်သည်။


"နင်စိတ်ညစ်နေရင်လည်း စာတွေကြိုးစားပြီးလုပ်လိုက်လေ...ဘာမှစိတ်ပူစရာမရှိပေမယ့် စာ‌တွေက နင်မလုပ်ပဲသူ့ဘာသာသူ ပြီးသွားမှာမှမဟုတ်တာ...စာတစ်ခုလုပ်ပြီးသွားရင်လည်း နောက်တစ်ခု ထပ်လုပ်လိုက်..."


ရှုလီချန်သည် ဖုန်းကိုဖွင့်၍ ကျန်းယန်ရှန့်၏ မက်ဆေ့ခ်ျကိုကြည့်လိုက်ရာ မနေနိုင်ပဲ ဆဲမိသွားသည်။


"သေလေ..."


ထို့နောက် ထပ်ဆဲလိုက်ပြန်သည်။


"အဓိပ္ပာယ်မရှိတာ..."


သို့သော် ဤအဓိပ္ပာယ်မရှိသည့်စကားများပြောနေသူသည် အားကိုးရ၍ ယုံကြည်ရသူဖြစ်သည်။ ရှုလီချန် သူ့ရှေ့မှ ကော်ဖီစားပွဲပေါ်မှ ဆေးလိပ်ပြာခွက်ထဲသို့ ထိုးထည့်ထားသော ဆေးလိပ်အစီခံများကိုကြည့်၍ လက်ထဲမှ သောက်လက်စဆေးလိပ်ကိုလည်း ထိုးချေ၍ တကယ်ပင် စာလုပ်ရန် စာကြည့်စားပွဲ၌ ထိုင်လိုက်သည်။


ရှုလီချန်သည် ထုတ်မပြောသော်လည်း စာလုပ်နေရင်းဖြင့် ရင်ထဲရှိ စိတ်ဓာတ်ကျမှုသည် တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ သူ့စိတ်ထဲတွင် ဖော်မြူလာများနှင့် သီအိုရီများသာ ပြည့်နေတော့သည်။


ထိုဖော်မြူလာများနှင့် သီအိုရီများသည် ခက်ခဲ၍ မေးခွန်းများသည်လည်း ရှုပ်ထွေးသည့်ပုံပေါ်သော်လည်း လူကြီးများ၏ဘဝနှင့်ယှဉ်လိုက်သည့်အခါ ထိုခက်ခဲသောမေးခွန်းများပင် လွယ်ကူသွား၍ စိတ်သက်သာရာရစေသည်။


မေးခွန်းအချို့ဖြေပြီးသောအခါ ရှုလီချန်သည် ဖုန်းကိုကြည့်လိုက်ရာ တစ်ယောက်ယောက်က သူ့ကို မက်ဆေ့ခ်ျပို့ထားသည်ကို တွေ့လိုက်ရသည်။


"အစ်ကိုချန် ယင်ဟွားအထက်တန်းကျောင်းက သင့်တော်တဲ့လူတစ်ယောက်တွေ့ထားတယ်...ယွမ် တစ်ထောင်ပေးရင် ကူညီမယ်ပြောတယ်..."


ရှုလီချန်သည် လက်ချောင်းများကို လှုပ်ရှား၍ ယွမ် ၂၀၀၀ လွှဲလိုက်သည်။


"ကျေးဇူးပါ အစ်ကိုချန်..."


မက်ဆေ့ခ်ျပို့သူက ပြန်ပြောသည်။


"ဒီကိစ္စကို ကျွန်တော့်တာဝန်ထားပါ...အစ်ကိုစောင့်သာကြည့်နေပါ..."


ရှုလီချန်သည် စားပွဲခုံကိုတွန်း၍ ခုံကိုနောက်သို့ဆုတ်လိုက်သည်။ ခြေထောက်များကို ကြမ်းပေါ်သို့ချ၍ စီးကရက်ကို မီးညှိလိုက်ပြန်သည်။


ရက်အနည်းငယ်အကြာတွင် ယင်ဟွားအထက်တန်းကျောင်းမှ ကျောင်းသားနှစ်ယောက်သည် အကြီးအကျယ် ရန်ပွဲဖြစ်ကြသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ ကျောင်း၏အတော်ဆုံးကျောင်းသားထဲမှတစ်ယောက်ဖြစ်သော ရှုမူလင် ဟူသည့် ကျောင်းသားဖြစ်သည်။


ရှုမူလင်သည် တောင့်တင်းချမ်းသာသောမိသားစုနောက်ခံရှိ၍ လိမ္မာရေးခြားရှိသော ကျောင်းသားလည်းဖြစ်သည်။ သူသည် ယင်ဟွားအထက်တန်းကျောင်း၌ 'သခင်လေး' ဟူ၍ သိကြသည်။


ထိုနေ့ကဖြစ်သောရန်ပွဲသည် တစ်ဖက်ကျောင်းသားက စလိုက်ခြင်းဖြစ်သည်။ ရှုမူလင်သည် နူးညံ့သည့်ပုံပေါ်သော်လည်း သူသည် ၁၆ နှစ် ၁၇ နှစ် လူငယ်လေးသာဖြစ်၍ သည်းမခံနိုင်ပဲ လက်ပါမိရာ ဘေးမှ လူများကပါ စိတ်ဝင်တစားဖြစ်ကုန်ကြသည်။


အခြားလူများသည် ကောင်လေးနှစ်ယောက်ကို ကွဲအောင် အတင်းဆွဲပြီးသောအခါ အရင်ရန်စသော ကောင်လေးသည် လူအများရှေ့တွင် ရုတ်တရက် အော်ပြောလိုက်သည်။


"သူဌေးသားယောင်ဆောင်နေတာ...မင်းက တကယ်တော့ တရားမဝင်သားပဲ..."


"မင်းအမေက မိန်းမရှိတဲ့လူရဲ့ အမြှောင်မယားပဲ..."


"မင်းက မယားငယ်ရဲ့သား..."


အတန်းဖော်များသည် အလွန်အံ့ဩသည့်မျက်နှာများဖြင့် ကြည့်လိုက်ကြ၍ ခဏမျှ တိတ်ဆိတ်သွားပြီးသောအခါ နားများနားကပ်၍ တီးတိုးပြောဆို‌နေကြတော့သည်။


ရှုမူလင်သည်လည်း ထိုနေရာ၌ပင် တောင့်တင်းကာ ရပ်တန့်သွားသည်။ သူ့ကိုကြည့်ရသည်မှာ အရှင်လတ်လတ် အရေခွံခွာခံထားရသည့်လူနှင့် တူနေတော့သည်။


*ဒါလီဆေးများ - အရိုးများနှင့် ခန္ဓာကိုယ်စွမ်းအားကို သန်မာစေသည်ဟု နာမည်ကြီးသော ကိုယ်ခံအားသိုင်းသမားများ၊ လက်ဝှေ့သမားများ ကြော်ငြာသည့် ဆေးတစ်မျိုး။


Xxxxxxx