အပိုင်း ၂၀၇-၂၀၈
Viewers 23k

Part 207


မေလထဲရှိ ရွှေရောင်ရက်သတ္တပတ်တွင် ကျန်းယန်ရှန့်နှင့် အတန်းဖော်များသည် ခရီးထွက်လာခဲ့ကြသည်။


ကျန်းယန်ရှန့်သည် ဥရောပ၊ ဩစတြေးလျ ကဲ့သို့ အကောင်းစားအပန်းဖြေနေရာများသို့ သွား၍ရသော်လည်း အရင်ဘဝ၌ ထိုကဲ့သို့ အတွေ့အကြုံများစွာ ရှိခဲ့ပြီးဖြစ်သည်။ ကျန်းယန်ရှန့်၌ မရှိသည်က ဤသို့ အတန်းဖော်များနှင့် ခရီးတူတူသွားသည့် အတွေ့အကြုံသာဖြစ်သည်။


ထို့ကြောင့် လူအရေအတွက်သိရန် ကြိုတင်စာရင်းပေးရသောအခါ အတန်းဖော်များကကျန်းယန်ရှန့်အား လာမေးချိန်တွင် ကျန်းယန်ရှန့်သည် ခဏကြာ စဉ်းစား၍ စာရင်းပေးလိုက်သည်။ 


ဤဘဝ၌ အရင်ဘဝနှင့်မတူအောင်နေမည်ဟု ဆုံးဖြတ်ထားသည်မဟုတ်ပါလား။


အတန်းထဲမှ လူတစ်ဝက်လောက် ခရီးသို့လိုက်ပါလာကြသည်။ သွားရောက်မည့်နေရာက K မြို့ နှင့် အခြားမြို့ အလယ်ရှိ တောင်များ၌ ဖြစ်သည်။


သူတို့သည် ရွှေရောင်ရက်သတ္တပတ်၌ လျှောက်လည်နေကြသော လူအုပ်ကြီးကိုရှောင်ရန် အလှအပနေရာများသို့မသွားပဲ တောင်ပေါ်ရှိ တောတောင်ရှုခင်းများရှိသည့်နေရာသို့သာသွား၍ စခန်းချကာနေကြသည်။ ထို့အပြင် တောင်၏ တစ်ဖက်ခြမ်း၌လည်း ရွာလေးတစ်ရွာရှိသေးသည်။ ထိုရွာမှ ဟင်းသီးဟင်းရွက်များ၊ အသားများနှင့် ခေါက်ဆွဲခြောက်များဝယ်ကာ ကျောင်းသားများက စခန်းသို့ပြန်သယ်လာကြသည်။ အသားကင်များနှင့် ပျော်ပွဲစားထွက်ကြကာ လူတိုင်း ပျော်ရွှင်နေကြသည်။


ရိုးရှင်းသော်လည်း အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။


ညနေဘက် မီးပုံပွဲပါတီကျင်းပနေချိန်တွင် ကျန်းယန်ရှန့်သည် ဖုန်းကို ကြည့်လိုက်ရာ ရှုလီချန် တင်ထားသည့် ကောင်းကင်ဒိုင်ဗင်ထိုးခြင်း ပုံများကို တွေ့လိုက်ရသည်။


ရှုလီချန်က တိုက်ခိုက်ခြင်းအပြင် အခြား အန္တရာယ်ကြီးသည့် အားကစားများကိုလည်း ကြိုက်နှစ်သက်သေးသည်။ အခါများစွာတွင် ရှုလီချန် သည် သေခြင်းနှင့် မကြာခဏ ထိပ်တိုက်တွေ့ရတော့မတတ် ဖြစ်တတ်သည်။ ဝမ့်ချန် က ထိုကဲ့သို့ အားကစားများကို မလုပ်ရဲသော်လည်း ကျန်းယန်ရှန့်ကတော့ ထိုအားကစားများတွင် ရှုလီချန်အား အဖော်ပြုပေးနိုင်သည်။ ကျန်းယန်ရှန့်ကိုယ်တိုင်သည်လည်း သေခြင်းနှင့် ထိပ်တိုက်တွေ့ခါနီး အချိန်များ ရှိခဲ့သည် မဟုတ်လား။


သို့သော် ဤအချိန်တွင်တော့ ကျန်းယန်ရှန့်သည် ဤကိစ္စများကို ဂရုမစိုက်တော့ပါ။


မီးရောင်အောက်တွင် ငယ်ရွယ်၍ စိတ်ကူးယဥ်ဆန်နေကြသော သူမအတန်းဖော်များ၏ မျက်နှာများကိုကြည့်ရင်းဖြင့် အရင်ဘဝ၌ သူမနှင့် ရှုလီချန် တို့သည် သေခြင်းနှင့်ဆုံတွေ့နိုင်ရန် ပိုက်ဆံများစွာကို ဖြုန်းတီးခဲ့ကြသည် ဟု ကျန်းယန်ရှန့် ခံစားမိလာရသည်။


နောက်ဆုံးတွင် သူငယ်ချင်း‌ရွေးချယ်မှု မှားခဲ့သောကြောင့် မိမိကိုယ်ကိုယ် သတ်မိခဲ့သည်


ကျန်းယန်ရှန့် မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်ကာ ဖုန်းကို သိမ်းလိုက်တော့သည်။


ကျန်းယန်ရှန့်တို့သည် တောင်ပေါ်တွင် သုံးရက်တာ နေခဲ့၍ လေးရက်မြောက်နေ့ အိပ်ရာမှ နိုးကြသောအခါ တောင်အောက်သို့‌ဆင်း၍ လာကြိုမည့် ဘတ်စ်ကားများကို စောင့်နေကြသည်။ လူတိုင်းသည် ဖုန်းများပွတ်ကာ ပျင်းရိစွာ စကားပြောနေကြသည်။


ထိုအချိန်တွင် မိန်းကလေးအချို့သည် ရုတ်တရက် တစ်ယောက်၏ဖုန်းကိုကြည့်ရန် စုပြုံသွားကာ အခေါက်ခေါက်အခါ‌ခါ ပြောနေကြသည်။


"ဝိုး..."


"မိုက်တယ်နော်..."


"တချို့ကောင်လေးတွေက အဲ့လိုတကယ်လုပ်နိုင်တာပဲ..."


"ယောင်္ကျားလေးတွေတော့မသိဘူး...ဒါပေမယ့် ယန်ရှန့်ကတော့ လုပ်နိုင်မှာသေချာတယ်..."


မိန်းကလေးများက ရယ်လိုက်ကြသည်။ ယောင်္ကျားလေးများက နားမလည်စွာနှင့် မေးလိုက်သည်။


"ဘာလဲ...နင်တို့ဘာတွေကြည့်နေကြတာလဲ..."


မိန်းကလေးများက ကျန်းယန်ရှန့်အား လှမ်းခေါ်လိုက်သည်။


"ယန်ရှန့်...ယန်ရှန့်...ဒီမှာလာကြည့်..."


ကျန်းယန်ရှန့်က အနားတိုးကာ ကြည့်လိုက်သောအခါ မိန်းကလေးများကြည့်နေကြသည်မှာ ဗီဒီယိုအတိုလေး ဖြစ်နေသည်။


ဗီဒီယိုထဲတွင် မိန်းကလေးတစ်ယောက်သည် ပျင်းရိနေသည့်ပုံဖြင့်ရပ်နေကာ တစ်စုံတစ်ယောက်အား စောင့်နေဟန်ရှိသည်။ ထို့နောက် အရပ်ရှည်ရှည်နှင့်ကောင်လေးတစ်ယောက် ရုတ်တရက်ပေါ်လာကာ ကောင်မလေးက ပျော်ရွှင်စွာဖြင့် လက်များဆန့်တန်း၍ ကောင်လေးလက်များထဲသို့ ခုန်ဝင်လိုက်သည်။ ကောင်လေးက ကောင်မလေးအား လက်တစ်ဖက်တည်းဖြင့်ပင် ပွေ့ချီ၍ လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ထားကာ ကောင်မလေးအား ကြည့်ကောင်းစွာ ပွေ့ချီ၍ ထွက်သွားတော့သည်။


ယောင်္ကျားလေးများသည်လည်း ဗီဒီယိုအား ကုန်းကြည့်နေကြ၍ ကြည့်ပြီးသောအခါ ပြောလိုက်သည်။


"သေစမ်း...ငါအဲ့လိုတော့ မလုပ်နိုင်ဘူး..."


မိန်းကလေးအား လက်တစ်ဖက်တည်းဖြင့် ပွေ့ချီခြင်းသည် သာမာန်လူများလုပ်နိုင်သည့်အရာတစ်ခုမဟုတ်ချေ။ တီဗီထဲတွင် ရုပ်ရှင်မင်းသားက မင်းသမီးအားပွေ့ချီကြသည့်အခါ တကယ်ပွေ့ချီခြင်းမဟုတ်ပဲ မင်းသမီးက ဆင့်ထားသောသေတ္တာများပေါ်တွင် ထိုင်နေခြင်းဖြစ်သည် ဟု ပြောကြသည်။ လက်နှစ်ဖက်နှင့် ရိုးရိုးပွေ့ချီခြင်းကိုတောင် ယောင်္ကျားထု၏ ၈၀% က မလုပ်နိုင်သည်ဖြစ်ရာ လက်တစ်ဖက်တည်းနှင့် ပွေ့ချီခြင်းကတာ့ ဆိုစရာပင်မရှိတော့ပါ။


ယောင်္ကျားလေးများသည် နှာခေါင်းများကိုထိကာ ကြည့်ရုံသာကြည့်နေကြနိုင်သည်။


"ယန်ရှန့် ယန်ရှန့်...နင်လုပ်နိုင်တယ်မလား..."


မိန်းကလေးများက မေးလိုက်သည်။


ကျန်းယန်ရှန့်: "အင်း..."


ကျန်းယန်ရှန့်၏ တုံ့ဆိုင်းဆိုင်းပုံစံက မိန်းကလေးများအား အရူးမလုပ်နိုင်ချေ။ မိန်းကလေးများ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားကြသည်။


"နင်လုပ်နိုင်ပါတယ်..."


"ဗီဒီယိုပါ ရိုက်ထားကြရအောင်..."


"အေးလေ...ဘတ်စ်ကားလည်းလာသေးတာမှမဟုတ်တာ...ငါတို့စောင့်နေရမှာနဲ့အတူတူ..."


ကျန်းယန်ရှန့်: “…”


ကျန်းယန်ရှန့်သည် နှလုံးသားထဲမှ ငြင်းဆန်နေမိသော်လည်း သူမသည် လူများ(မိန်းကလေးများ)၏ တောင်းဆိုမှု(တက်ကြွမှု) များကို အရှုံးပေး(ပျော်ဝင်)လိုက်ရကာ ဗီဒီရိုအရိုက်ခံရန် သဘောတူလိုက်သည်။


လူတိုင်းသည် တက်ကြွနေကြကာ ယောင်္ကျားလေးများလည်းလာရောက်၍ ကင်မရာများတပ်ဆင်ခြင်း၊ ဆက်တင်ကိုပြင်ပေးခြင်းများကို ကူညီပေးကြသည်။ ကောင်လေးနှစ်ယောက်က ကင်မရာအကောင်းစားများသယ်ဆောင်လာသဖြင့် ကင်မရာသမားအဖြစ် ရိုက်ပေးကြသည်။ အခြားလူအများစုကတော့ သူတို့၏ ဖုန်းများဖြင့်သာ ဗီဒီယို ရိုက်ကြသည်။


"လမ်းကို ဒီလိုလျှောက်..."


"ယယ်နာ နင့်ရဲ့မျက်နှာပုံစံကို သတိထားဦး..."


"ဒီနေရာကနေရိုက်တာ အကောင်းဆုံးပဲ..."


လူတိုင်းသည် တမုဟုချင်း အလွန်တော်သော ဒါရိုက်တာများဖြစ်ကုန်ကြကာ အချင်းချင်းညွှန်ကြားနေကြတော့သည်။


စင်ပေါ်သို့မတက်ခင်၌ ကျန်းယန်ရှန့်သည် မိန်းကလေးအတန်းဖော်အား ထိခိုက်စေမိမည်စိုးသောကြောင့် နေကာမျက်မှန်ကိုချွတ်ကာ ယောင်္ကျားလေးအတန်းဖော်ဆီမှ ဘေ့စ်ဘောဦးထုပ်ကို ခဏငှားလိုက်သည်။


"ငါ့မျက်နှာကို ကာပေးထား..."


နှစ်ခါမျှ လေ့ကျင့်ပြီးသောအခါ ရိုက်ကူးခြင်း တကယ်စတော့သည်။ တကယ်ဗီဒီယိုရိုက်လိုက်သည့်အခါမှာတော့ စက္ကန့်အနည်းငယ်အကြာတွင် ပြီးဆုံးသွားသည်။


တစ်စုံတစ်ယောက်က ဗီဒီယိုအား ချက်ချင်းပင် နောက်ခံအားပြင်ဆင်ခြင်း၊ အရှိန်ညှိခြင်း၊ နောက်ခံသီချင်းထည့်ခြင်း၊ စတစ်ကာများထည့်ခြင်း နှင့် ကင်မရာ filter များထည့်ခြင်းများ လုပ်လိုက်သည်။ ထိုအတန်းဖော်သည် ဗီဒီယိုအတိုများကို ပြင်ဆင်ခြင်းမှာ အလွန်ကျွမ်းကျင်သောကြောင့် ခဏချင်းပင် ပြီးသွားတော့သည်။


ဗီဒီယိုအားဖွင့်ကြည့်လိုက်‌သောအခါ နောက်ခံသီချင်းထွက်ပေါ်လာ၍ မျက်နှာထားတည်တည်ဖြင့် ဘောင်းဘီအမည်းရောင်ဝတ်ထားသော အရပ်ရှည်ရှည်ကောင်မလေးတစ်ယောက်ပေါ်လာသည်။ သူမသည် ပိန်သွယ်သောကောင်မလေးအား လက်တစ်ဖက်တည်းဖြင့် ပွေ့ချီ၍ ရှည်လျားသောခြေတံများဖြင့် ထွက်ခွာသွား‌တော့သည်။ ဗီဒီယိုသည် အလွန်မိုက်၍ ထိပ်တန်းစာရင်းဝင်နိုင်လောက်အောင်ပင် ကောင်းမွန်နေသည်။


ဗီဒီယိုကို ကြည့်ပြီးသောအခါ မိန်းကလေးများသည် အော်ဟစ်ကုန်ကြသည်။


"ငါလဲ အဲ့လိုလုပ်ချင်တယ်..."


"ယန်ရှန့်...ငါ့ကိုလဲချီပါ..."


"ငါ့ကိုလဲချီ...ငါ့ကိုလဲချီ..."


ကျန်းယန်ရှန့်: “…” 


ယခုလို ဖြစ်လာမည်ဆိုသည်ကို သူမ သိနေခဲ့ပါသည်။


ယောင်္ကျားလေးများသည် အားကျ၍ မနာလိုဖြစ်နေကြသည်။ သို့သော် မိန်းကလေးများကိုပွေ့ချီနေသည့်ကောင်မလေးကိုမနာလိုဖြစ်ရမည်လား၊ အချီခံရသည့်ကောင်မလေးကိုမနာလိုဖြစ်ရမည်လား ဝေခွဲမရဖြစ်နေကြသည်။


ထိုခံစားချက်သည် ခံရခက်သော်လည်း တစ်မျိုးလေးတော့ ဆန်းကြယ်နေသည်။


ဘတ်စ်ကားသည် နောက်ကျစွာရောက်လာ၍ လာကြိုသည့်အခါတွင်တော့ သူတို့၏မျက်နှာနှင့်ခန္ဓာကိုယ်များအားယုံကြည်မှုရှိသော မိန်းကလေး ၄ယောက်သည် ကျန်းယန်ရှန့်နှင့်အတူ ဗီဒီယိုရိုက်ပြီးသွားပြီ ဖြစ်သည်။


ကျန်းယန်ရှန့်သည် အနည်းငယ်စိတ်တိုနေမိသည်။ ဘာကြောင့်လဲ မမေးပါနှင့်။ မေးခြင်းက ပိုဒေါသထွက်စေသည်။


မည်သို့ပင်ဖြစ်စေကာမူ လူတိုင်း ပျော်ရွှင်ခဲ့ကြရပါသည်။


ကျန်းယန်ရှန့်သည် K မြို့သို့ပြန်ရောက်အခါတွင်လည်း အနားမနေချေ။ အိမ်တွင် မည်သူမျှမရှိသောအခါ အဖွားကျန်းကို အဖော်ပြုရန် စံအိမ်ဆီသို့ အပြေးအလွှားသွားလိုက်သည်။


ဤတစ်ခေါက်တွင်တော့ ကျန်းယန်ရှန့်၏ဝမ်းကွဲ ကျန်းချီလည်း ရှိမနေချေ။ ဦးလေးတို့မိသားစုသည် နိုင်ငံခြားသို့ အပန်းဖြေခရီးထွက်နေသည်ဟု ကျန်းယန်ရှန့်သတင်းကြားထားသည်။


ကျန်းယန်ရှန့်သည် အဖွားကျန်းအား သူမ၏အတန်းဖော်များနှင့် တူတူသွားခဲ့သည့် ခရီးအကြောင်းပြောပြကာ အတမ်းဖော်များရိုက်ထားသည့် ဗီဒီယိုများကိုလည်း ပြလိုက်သည်။


"သမီးလည်း ဘယ်လိုမှငြင်းလို့မရတာနဲ့ လုပ်လိုက်ရတာ..."


Xxxxxx


Part 208


အဖွားကျန်းက ဗီဒီယိုများကိုကြည့်ပြီးသောအခါ ရယ်၍ ပြောလိုက်သည်။


"ငါတို့ယန်ယန်က မိုက်လှချည်လား...သမီးတို့အတန်းထဲက ကောင်လေးတွေကတော့ ‌ဘေးကပဲရပ်ကြည့်နေရမယ်ထင်တယ်...သမီးသာ ယောင်္ကျားလေးဆိုရင် မိန်းကလေးတွေအများကြီး ကပ်နေတာနဲ့ သမီးရဲ့ကောင်မလေးကတော့ စိတ်တိုနေတော့မှာပဲ..."


ထို့နောက် အဖွားသည် ကျန်းယန်ရှန့်တို့မိသားစုအကြောင်းကိုမေးလိုက်သည်။


လျန့်ယင်းယင်းက ကလေးများအား R နိုင်ငံသို့ခေါ်သွားသည် ဟု သိရသောအခါ အဖွားက ခေါင်းငြိမ့်ရုံသာငြိမ့်သည်။ သို့သော် ကျန်းဟွမ်က တည်းခိုခန်းကိစ္စများနှင့် အလုပ်ရှုပ်နေသည်ဟု ကြားလိုက်ရသောအခါတွင်တော့ အဖွားအို၏ မျက်လုံးထောင့်စွန်းများသည် တွန့်သွားကြသည်။


ကျန်းဟွမ်သည် မည်သည့် ပရောဂျက်များကိုရထားသည်ကို အဖွားအို ကောင်းစွာသိသည်။ ယခုတွင် ကျန်းဟွမ်၌ မည်သည့် ပရောဂျက်မှ ရှိမနေချေ။ ကျန်ဟွမ် အဘယ်ကြောင့် ဤသို့ ဟန်ဆောင်ထားသည်ကို သူမ ပြောရန်လိုပါဦးမည်လား။


ကျန်းဟွမ်ဘာတွေလုပ်နေသည်ကို အဖွားအို

သာမက ဘိုးဘေးများအကုန် သိကြပါလိမ့်မည်။


သို့သော် မည်သူကမျှတော့ လျန့်ယင်းယင်းအတွက် တရားအောင်လုပ်ပေးကြမည်မဟုတ်ပါ။


မေလ၏ ရွှေရောင်ရက်သတ္တပတ်သည် ဤသို့ပင် ကုန်ဆုံးသွားခဲ့ကာ နောက်ဆုံးနေ့တွင် အိမ်သို့ လူတိုင်းပြန်ရောက်လာကြသည်။


လျန့်ယင်းယင်း၏မျက်နှာသည် စူပုပ်နေသည်။ ကလေးနှစ်ယောက်ကတော့ အလွန်တက်ကြွနေကာ ကျန်းယန်ရှန့်အားမြင်သည်နှင့် ကျန်းယန်ရှန့်အားဝိုင်းရံကာ မိဘ-ကလေးများအတွက် သီးသန့်ပြုလုပ်ထားသော ကျွန်းသည် မည်မျှ စိတ်ဝင်စားဖို့ကောင်းကြောင်း ပျော်ရွှင်စွာပြောပြနေကြတော့သည်။


နှစ်ယောက်သားက ပြိုင်တူပြောလိုက်သည်။


"နောက်တစ်ခေါက်ကျရင် မမလည်း တူတူလိုက်ခဲ့..."


လျန့်ယင်းယင်း၏မျက်နှာသည် ပို၍ပင် စူပုပ်သွားတော့သည်။


အန်တီဝမ်နှင့် ရှောင်ကျိုးသည်လည်း ပျော်ရွှင်နေကြသည်။


သူတို့နှစ်ယောက်သည် ကိုယ်ပိုင်ခရီးမထွက်လိုက်ရသော်လည်း နိုင်ငံခြားသို့ အလကားသွားရသည့်အပြင် အလုပ်သမားဥပဒေအရနှင့် ကျန်းဟွမ်အပိုပေးသော မုန့်ဖိုးများကြောင့် သာမာန်အချိန်ပိုကြေးထက် သုံးဆ ခန့် ရသွားကြသည်။


မိသားစုအတွက်ထောက်ပံ့ချင်သော လူများအဖို့ ထိုပိုက်ဆံသည် လုံလောက်ပိုလျှံသော ပမာဏဖြစ်ပေသည်။


ရှောင်ကျိုးကိုမြင်သောအခါ ကျန်းယန်ရှန့်သည် တစ်စုံတစ်ခုကို သတိရသွား၍ အခန်းထဲသို့ပြန်ကာ ယူလိုက်သည်။ အဝတ်ဗီရို၏ထောင့်တွင် သူမ အား လျန့်ယင်းယင်းပေးထားသော မွေးနေ့လက်ဆောင်ကိုတွေ့၍‌ ရှောင်ကျိုးအား ပေးလိုက်သည်။


"ဒါက ကျွန်မနဲ့အဆင်မပြေတဲ့လူတစ်ယောက်ဆီကရတဲ့ လက်ဆောင်မို့လို့ပါ..."


အိမ်၏ အကြီးဆုံးသမီးက ပေးသည်ဖြစ်သောကြောင့် လက်ဆောင်သည် အစစ်အမှန်သာဖြစ်မည်။ ရှောင်ကျိုး၏မျက်လုံးများသည် တံဆိပ်ကိုမြင်သောအခါ တောက်ပသွားကြသည် 


"ဟုတ်ကဲ့...ကျွန်တော်သိမ်းထားလိုက်ပါမယ်..."


ရှောင်ကျိုးက ပြောလိုက်သည်။


"ကျွန်တော့်ကောင်မလေးရဲ့ မွေးနေ့ကျရင်ပေးဖို့ စောင့်နေလိုက်မယ်..."


ရှောင်ကျိုး၏ကောင်မလေး၏ မွေးနေ့သည် ဩဂုတ် နှင့် စက်တင်ဘာ တစ်လလအတွင်း ဖြစ်သည်ကို ကျန်းယန်ရှန့် မှတ်မိသည်။ သူမ ကို ပေးဖို့ ၃ ၄ လလောက် စောင့်နေရဦးမည်ဖြစ်သည်။ ရှောင်ကျိုးသည် တကယ် အစီအစဉ်ချတတ်သူပင်ဖြစ်သည်။


ကျန်းယန်ရှန့်သည် မနေနိုင်ပဲ ပြုံးလိုက်မိသည်။


ကျန်းဟွမ်သည်လည်း သူ၏ 'တည်းခိုခန်း' ပရောဂျက်မှ ပြန်ရောက်လာသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်တက်ကြွနေ၍ နှစ်အနည်းငယ် ငယ်နုသွားသကဲ့သို့ပင် ဖြစ်နေသည်။


ယန် ကိုပြန်လည်ဖြည့်တင်းရန်အတွက် ယင် ကို ရွေးချယ်နေရသည်ကို ကျန်းဟွမ် စိုးရိမ်ခြင်း မဖြစ်ဘူးလား။


အသက်ကြီးသောယောင်္ကျားများ၊ အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းယောင်္ကျားများသည် အသက် ၁၈ နှင့် ၂၂ နှစ်ကြား မိန်းကလေးများအား အမြဲပင် ကြိုက်နှစ်သက်နေကြသည်။ ထိုမိန်းကလေးများ၏ နုပျိုသောခန္ဓာကိုယ်များ၌သာ သူတို့၏ ပျောက်ဆုံးသွားသောငယ်ရွယ်မှုကို ပြန်ရှာတွေ့နေရပုံ ရသည်။


လျန့်ယင်းယင်း၏မျက်နှာသည် သေဆုံးသွားသောအမေအိုတစ်ယောက်ကဲ့သို့ ညိုမည်းနေတော့သည်။


........


ကျောင်းသားဘဝသည် ပုံမှန်အတိုင်းပင်ဖြစ်နေ၍ နွေရာသီ သည် တိတ်ဆိတ်၍ ကောင်းမွန်နေပုံပေါ်သည်။


တစ်ခုသော သောကြာညနေခင်းတွင် ရှုလီချန် က ရုတ်တရက်ဖုန်းဆက်လာသောကြောင့် ကျန်းယန်ရှန့်၏ သာယာနေမှု ပျက်စီးသွားရသည်။


ရှုလီချန် သည် အကြာကြီး စကားမပြောပဲ နေနေရာ ကျန်းယန်ရှန့်သည် အသက်ရှုသံများကိုသာ ကြားနေရသည်။


ကျန်းယန်ရှန့်သည် "ဟယ်လို" ဟု အကြိမ်အနည်းငယ်ပြောပြီးသောအခါ စိတ်မရှည်ဖြစ်လာတော့သည်။


"နင်ရှိရောရှိနေသေးရဲ့လား...စကားမပြောဘူးလား...နင်စကားမပြောရင် ငါဖုန်းချလိုက်တော့မှာနော်..."


နောက်ဆုံးတော့ ရှုလီချန် က စကားပြောလာသည်။ သူ့အသံသည် မကျယ်သော်လည်း ကျန်းယန်ရှန့်၏ဦးနှောက်ထဲတွင်တော့ လျှပ်စီးလက်သကဲ့သို့ဖြစ်သွားကာ သူမဆီသို့ တစ်ခါတစ်ရံ ပေါ်ပေါ်လာသော တစ်ခုခုကိုမေ့နေသည့် ခံစားချက်ကို သတိရသွားတော့သည်။


ရှုလီချန် က ပြောလိုက်သည်။


"ငါ့အဖေနဲ့အမေ...စနေကြပြီ..."


ကျန်းယန်ရှန့်သည် ဤအကြောင်းကို လုံးဝမေ့နေခဲ့မိသည်။


ဟုတ်သည်။ ရှုလီချန် ၏ အမေက နှစ်ဦးပိုင်ဆိုင်မှုများအား တိတ်တဆိတ်ရွှေ့ပြောင်းနေသည်ကို ရှုလီချန်၏အဖေ သိရှိသွားသည်မှာ ဤစာသင်နှစ်တွင်ဖြစ်သည်။ စာရွက်သည် မီးအပူရှိန်ကို မခံနိုင်တော့ချေ။


ဘာမှမရှိသည့်ဘဝမှစ၍ စီးပွားရေးတစ်ခုကို နှစ်ယောက်အတူ ထူထောင်၍ သူတို့၏ချစ်ခြင်းအတွက် နာမည်ကြီးလာကြသော လင်မယားနှစ်ယောက်သည် နောက်ဆုံးတော့ တစ်ယောက်မျက်နှာတစ်ယောက် ဆွဲဆုတ်နေကြတော့သည်။ နီရဲသော မျက်လုံးများဖြင့် တစ်ယောက်ကိုယောက် မသေမချင်း တိုက်ခိုက်နေကြသည်။


ကျန်းယန်ရှန့်သည် တစ်ခါတစ်ရံ၌ ဘာတွေဖြစ်ကုန်ကြတာလဲ ဟု တွေးမိသည်။


ထိုအမျိုးသား နှင့် အမျိုးသမီးသည် တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြသည်။ မြတ်နိုးတွယ်တာခဲ့ကြသည်။ အထီးကျန်နေချိန်တွင် အဖော်ပြုပေးခဲ့ကြသည်။ ဒုက္ခရောက်နေချိန်တွင် အပြန်အလှန် အားပေးခဲ့ကြသည်။ ထိုလူနှစ်ယောက်သည် အဘယ်ကြောင့် တစ်ယောက်နှင့်တစ်ယောက် အရေခွံဆုတ်ပစ်ချင်လောက်အောင် မုန်းတီးကာ ရန်‌သူတွေဖြစ်သွားရပါသနည်း။


ကျသွားသောလူတိုင်းအား ပုံပျက်၍မမှတ်မိနိုင်တော့လောက်အောင်ပြောင်းလဲလိုက်နိုင်အောင် အိမ်ထောင်ပြုခြင်းသည် မည်သို့သော မှော်တွင်းကြီး တစ်ခုဖြစ်ပါသနည်း။


"..."


ကျန်းယန်ရှန့်က ညင်သာစွာမေးလိုက်သည်။


"နင် အဆင်ပြေရဲ့လား..."


"ငါပြေပါတယ်..."


 ရှုလီချန် က ဖုန်းထဲကပြောလိုက်သည်။


"ငါ့စိတ်ကို ငါပြင်ဆင်ထားတာ...ဒီနေ့အထိ ဘာမှသိပ်မခံစားရပါဘူး..."


ဖုန်း၏ အခြားတစ်ဖက်တွင် ကောင်လေးသည် စားပွဲ၌ထိုင်နေကာ သူ့ရှေ့မှာ ရှုပ်ပွနေသည်များကို ကြည့်နေသည်။


"ဖြစ်သွားတာတွေက တကယ့်ရုပ်ရှင်တွေထဲကအတိုင်းပဲလို့ နင့်ကိုပြောချင်လို့..."


ရှုလီချန် က ပြောလိုက်သည်။


"ငါ့အမေရဲ့စာကြည့်ခန်းက တကယ်ဓားပြအတိုက်ခံသွားရသလိုပဲ...အဖေနဲ့ လူတချို့က အမေရဲ့မီးခံသေတ္တာကို ဖျက်ပြီး မွှေကြတာလေ...အဖေက သူရှာချင်တာမတွေ့တော့ ယွမ် ဆယ်သိန်းကျော်တန်တဲ့ ကျောက်စိမ်းရုပ်တုကြီးကို ရိုက်ခွဲလိုက်တာ...တကယ်စောက်ရမ်းမိုက်တယ်..."


မီးခံသေတ္တာသည် ‌ဂဟေဆော်သည့် လျှပ်စစ်မီးတောက်နှင့် သံဖြတ်သည့်စက် ဖြင့် ကြမ်းတမ်းစွာ အဖွင့်ခံလိုက်ရသော်လည်း အထဲတွင် ရှုလီချန်၏ အဖေလိုချင်သည်များ မရှိပဲ ပိုက်ဆံအချို့နှင့် လက်ဝတ်ရတနာများသာရှိနေသည်။


ကျောက်စိမ်းရုပ်တုသည် ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းအစစကြေကွဲကာ တောက်ပနေသည်။ ထိုရုပ်တုသည် ယခင်ကတော့ ‌လင်ယောင်္ကျားမှ ဇနီးအား နှလုံးသားထဲမှ ချစ်မြတ်နိုးမှုများနှင့် ပေးခဲ့သော လက်ဆောင်ဖြစ်သည်။ ယခုတော့ ထိုရုပ်တု၏အပိုင်းအစများသည် နေရာအနှံ့လွှင့်စင်ကုန်ကြပြီဖြစ်သည်။


ဂဟေဆော်သည့် လျှပ်စစ်မီးတောက်မှထွက်လာသော သံအရည်ပျော်သည့် အနံ့စူးစူးသည် လေထဲတွင် ပျံ့လွင့်နေဆဲဖြစ်သည်။


ရှုလီချန် သည် ပါးစပ်မှရယ်နေသော်လည်း ထိုအနံ့စူးစူးကြောင့် မျက်လုံးမှ မျက်ရည်များကိုမကျအောင် ခေါင်းမော့၍ ထိန်းနေရသည်။


ကျန်းယန်ရှန့်၏ တည်ငြိမ်၍ အေးဆေးသောအသံကို ဖုန်းထဲမှကြားနေရသည်။


"နင့်အမေဘက်မှာပဲ နင်နေနော်...သူနဲ့နင်နဲ့ကမှ စိတ်ဝင်စားတာတွေ တူတာ...နင့်အမေပြောတာကို‌နားထောင်...နင့်အဖေနဲ့ပေါင်းပြီး နင့်အမေကို ပြောဆိုမနေနဲ့...လိုအပ်ရင် ကူညီပေး...အဲ့လိုလုပ်ရင် နင့်အတွက်လည်း အဆင်ပြေတယ်..."


ကျန်းယန်ရှန့်ပြောသည်မှာ မှန်ပါသည်။


ရှုလီချန် ၏အမေသည်လည်း ထိုအတိုင်းပင်ပြောခဲ့သည်။ ယနေ့မနက်က အမေသည် ရှုလီချန် အား အသည်းအသန်ဖုန်းခေါ်ကာ ဖြစ်လာနိုင်မည့်ကိစ္စများကိုပြော၍ အိမ်သို့ သူမ အချိန်အတော်ကြာ ပြန်မလာဦးမည်ဖြစ်ကြောင်း ပြောခဲ့သည်။


ထို့ကြောင့် ရှုလီချန် အိမ်ပြန်ရောက်သောအခါ ဒေါသထွက်နေသောအဖေနှင့် ရှုပ်ပွနေသော စာကြည့်ခန်းကိုတွေ့လိုက်ရချိန်တွင် မတုန်လှုပ်မိတော့ချေ။


အမေ့စကားနားထောင်ကာ အဖေ့ကိုပင် စိတ်ငြိမ်အောင် နားချလိုက်သေးသည်။


ရှုလီချန် လုပ်နိုင်ပါသည်။


သို့သော် သူသည် ဤကိစ္စများကို အခြားလူ၏စကားများကို နာခံ၍သာ လုပ်ခဲ့ခြင်းဖြစ်သည်။ သူ့အမေနှင့် ကျန်းယန်ရှန့်တို့သည် ဤကဲ့သို့ အခြေအနေမျိုးနှင့်ကြုံတွေ့ကြရသောအခါ မည်သို့များ တည်ငြိမ်သည့်လေသံ၊ တည်ငြိမ်သည့်စိတ် တို့ဖြင့်ရင်ဆိုင်နိုင်ကြသည်ကို ရှုလီချန်တကယ်ပင် နားမလည်ပါပေ။


ထိုသို့ပြုလုပ်နိုင်ဖို့သည် အလွန်ပင် ခက်ခဲသည်မဟုတ်ပါလား။


Xxxxxxx