အပိုင်း၂၀၅-၂၀၆
Viewers 23k

Part 205


လစဉ်စာမေးပွဲ နှစ်ခုဖြေပြီးသောအခါ အတန်းချုပ်ဆရာမက ကျန်းယန်ရှန့်နှင့် စကားလာပြောသည်။"ဆရာ ရှု နဲ့ ဆရာ မား တို့နဲ့ ဆရာမ စကားပြောပြီးပြီ...သမီးက ဉာဏ်ကောင်းပြီး စာလဲကြိုးစားတယ်လို့ သူတို့နှစ်ယောက်လုံး ထင်ကြတယ်..."


ဆရာမကြီးက ပြောသည်။


"ဆရာမတို့အတန်းထဲက ဆရာမတွေအားလုံးနဲ့လည်း စကားပြောပြီးပြီ...တခြားကျောင်းသားတွေနဲ့ယှဉ်ရင် သမီးမှာ အခြေခံသိပ်မရှိဘူး လို့ဆရာမ ခံစားမိတယ်...သမီးက ထပ်ကြိုးစားရင်ကြိုးစားသလောက် တိုးတက်နိုင်သေးတယ်လို့ ဆရာမ ထင်တယ်...သင်္ချာမှာ အဓိကပေါ့..."


"တခြားကျောင်းသားတွေကိုဆိုရင်တော့ ဆရာမ ဒီလိုပြောမှာမဟုတ်ဘူး...ကုန်ကျရမယ့် ငွေကြေးက တော်တော်များတယ်လေ...ဒါပေမယ့် သမီးကတော့ ငွေကြေးအရအဆင်ပြေမယ်ဆိုရင် ကျူရှင်ဆက်ယူဖို့ ဆရာမ အကြံပေးချင်တယ်...ဒါက သမီးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ...ဆရာမက အကြံပဲပေးတာ..."


ကျန်းယန်ရှန့်၏အရင်ဘဝတွင် အတန်းချုပ်ဆရာမကြီးနှင့် အတန်း ၈ မှ ကျောင်းသားများ တစ်ယောက်ချင်းစကားပြောရပြီဆိုလျှင် အဆူခံရဖို့သာ ဖြစ်သည်။ ယခုဘဝ၏ အတန်းချုပ်ဆရာမကြီးက အရင်ဘဝက အတန်းချုပ်ဆရာမကြီးမဟုတ်တော့သည်မှာတော့ မှန်သည်။ သို့သော် ကျန်းယန်ရှန့်၏ အရင်ဘဝတွင် တစ်ခါမျှ ဤသို့ အတန်းချုပ်ဆရာမကြီး၏ ဂရုစိုက်မှုကို မခံခဲ့ရဖူးချေ။


အရင်ဘဝ၏ အတန်းချုပ်ဆရာမကြီးသည်လည်း ကျန်းယန်ရှန့်၏ ပညာရေးနှင့်ပတ်သတ်၍ စိတ်ပူကောင်းပူခဲ့မည်ဖြစ်သော်လည်း ကျန်းယန်ရှန့်က နားမထောင်ကာ ပြန်ကန်၍ပင်ပြောမိခဲ့သလိုရှိသည်။ ထိုအချိန်က သူမ သည် ကျောင်းနှင့် ဆရာများကို ခေါင်းထဲသိပ်မရှိခဲ့‌သောကြောင့် ကျန်းယန်ရှန့် ထိုအကြောင်းများကို သိပ်မမှတ်မိတော့ချေ။


ဤဘဝတွင်တော့ ကျန်းယန်ရှန့်သည် ဆရာမ၏စကားကို ရိုကျိုးစွာပင် နာခံလိုက်သည်။ဤနှစ်၏ စာသင်ကြားမှုများသည် ကျန်းယန်ရှန့်အား ပြန်လည်မွေးဖွားခြင်းသည် အရာများကို နောက်တစ်ခါ ပြန်လုပ်နိုင်ခြင်းနှင့် သင်ခန်းစာများစွာပေးခဲ့သော်လည်း ဦးနှောက်နှင့် စဉ်းစားဉာဏ်ကိုတော့ မမြှင့်တင်ပေးနိုင်မှန်း သိစေခဲ့သည်။ ပြန်လည်မွေးဖွားပြီးသည့်နောက်တွင် လူ့အမှိုက်မှ ကျောင်းအုပ်ဆရာဖြစ်ကာ Q တက္ကသိုလ် နှင့် B တက္ကသိုလ်များသို့ အပြေးအလွှားသွားတက်သူဆိုသည်မှာ....မရှိပါချေ။


ကျန်းကျစ်ယွမ် ကဲ့သို့ အနာဂတ်ပြည်နယ်ချန်ပီယံလိုလူတောင်မှ Q တက္ကသိုလ်သို့ဝင်နိုင်ရန် အပြင်းအထန်ကြိုးစားနေရသည်မဟုတ်လား။အတန်းချုပ်ဆရာမကြီးနှင့် အသေးစိတ်စကားပြောပြီးသည့်အခါ ကျန်းယန်ရှန့်သည် ကိုယ်ပိုင်အချိန်စာရင်းကို ရေးဆွဲ၍ သင်္ချာ နှင့် ရူပဗေဒ ကဲ့သို့ သူမ အားနည်းသည့်ဘာသာရပ်များ၌ အားပိုစိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဆရာ များအနေဖြင့်တော့ မနှစ်က နောက်ဆုံးစာမေးပွဲအတွက်လေ့ကျင့်ပေးရန် အိမ်သို့ခေါ်ခဲ့ဖူးသော ဆရာ ရှု နှင့် ဆရာ မား တို့ကိုသာ ပြန်ခေါ်ရန် စဉ်းစားမိသည်။


ဆရာရှု သည် ကျန်းယန်ရှန့်လာပြောသည်နှင့်  ချက်ချင်း ညှိနှိုင်းပေးသည်။ တစ်ပတ်လျှင် အတန်းတစ်ခု နှင့် အချိန်ကို ညှိကြည့်ရာ အထက်တန်းပထမနှစ်များသည် စာသင်ပြီးသည်နှင့် ကျောင်း၌ နေဖို့မလိုသည်ဖြစ်၍ ကျောင်းဆင်းချိန်၌ သင်ရန် အဆင်ပြေသွားကြသည်။


သို့သော် ဆရာ မား နှင့်ကတော့ အခက်အခဲ အနည်းငယ်ရှိနေသည်။


ဆရာ မားသည် အထူးတန်းကိုသင်သောဆရာဖြစ်သည်။ တစ်နာရီလျှင် ၈၅၀ ယွမ် ယူသည့်တိုင်အောင် ဆရာ မား သည် နာမည်အလွန်ကြီးဆဲဖြစ်သည်။ ဆရာ့၏ အချိန်သည် လူအပြည့်‌ဖြစ်နေသည်။


ဆရာ မား က ပြောသည်။


"သမီးအတွက် နောက်ထပ် ဆရာတစ်ယောက်ရှာပေးရင်ရော..."


သို့သော် ကျန်းယန်ရှန့်က သဘောမကျပေ။


ဤ အကြီးဆုံးသမီးသည် မွေးတည်းက ရွှေဇွန်းကိုင်၍ မွေးဖွားလာသူဖြစ်ရာ နောင်တွင် ဆွေ‌မျိုးများနှင့် အဆက်အသွယ်မရှိတော့သောအခါ၌တောင်မှ ငွေကြေးအတွက် လုံးဝမပူပင်ခဲ့ရပေ။ သူမသည် အကောင်းဆုံးကိုသာ လိုချင်သူဖြစ်သည်။


ပိုက်ဆံအတွက်သာမဟုတ်လျှင် ဆရာများသည် အဘယ်ကြောင့် အလွန်အပင်ပန်းခံကာ ကျောင်းသားများကို ညများနှင့် ပိတ်ရက်များ၌ပါ စာသင်ပေးနေမည်နည်း။ ပိုက်ဆံနှင့်ဖြေရှင်း၍ရသည့် အရာအားလုံးသည် မခက်ခဲပါချေ။


ကျန်းယန်ရှန့်သည် ဆရာမားအပေါ် သူမ မည်မျှ လေးစားကြောင်းနှင့် အားကျကြောင်းများကို အလေးပေးပြောပြီးသောအခါ ‌ငွေ နှစ်ဆ ပေးမည်ဟု ကမ်းလှမ်းလိုက်သည်။ ထိုငွေမှာ တစ်နာရီလျှင် ၁,၇၀၀ ယွမ် ဖြစ်သည်။


ဆရာမားသည် အလွန် စိတ်လှုပ်ရှားသွားတော့သည်။


သို့သော် ဆရာမား က ပြောလိုက်သည်


"လူကြီးတွေနဲ့ မတိုင်ပင်ပဲ မင်းဘာသာမင်း ဆုံးဖြတ်ချက်တွေချမနေနဲ့...အဆင်မပြေဖြစ်ကုန်မယ်..."


ကျန်းယန်ရှန့်သည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ဆရာမား ပြောသည်ကို နားလည်သွားသည်။ သူမ သည် အထက်တန်းကျောင်းသူသာ ရှိသေး၍ ဤမျှ များပြားသောပိုက်ဆံအကြောင်းပြောသည့်အခါ ဆရာက မယုံကြည်ဖြစ်သွားခြင်းဖြစ်သည်။


ကျန်းယန်ရှန့်က ယဉ်ကျေးစွာပြောလိုက်သည်။


"အဲ့ဒါဆို သမီးအိမ်ပြန်ရောက်ရင် ‌ဖေဖေတို့ကို ဆရာနဲ့ လာဆွေးနွေးဖို့ ပြောလိုက်ပါ့မယ်..."


ဆရာမားသည် ငြင်းလည်းမငြင်း သဘောလည်းမတူပဲ ဘာမျှ မပြောလိုက်ချေ။


သို့သော် ထိုနေ့က သောကြာနေ့ဖြစ်ကာ ကျန်းဟွမ်သည် ည၌ အပြင်ထွက်နေသောကြောင့် ကျန်းယန်ရှန့်သည် ကျန်းဟွမ်နှင့် ထိုညက မတွေ့လိုက်ရပေ။


နောက်တစ်နေ့တွင် ကျန်းယန်ရှန့်သည် လက်ဝှေ့ထိုးလေ့ကျင့်ရာနေရာသို့ အစောကြီးထသွားကာ သူမ အိမ်ပြန်ရောက်လာချိန်တွင် အိမ်၌ အပျင်းကြီးနေသူများ အိပ်ရာထကာစပင်ရှိသေးသည်။ ဆရာ့အကြောင်းစဉ်းစား၍ အားကစားအိတ်ကိုလွယ်ကာ အိမ်ထဲဝင်ဝင်လာချင်းမှာပင် အန်တီတစ်ယောက်အား မေးလိုက်သည်။


"အဖေ အိမ်မှာရှိလား..."


"ဟုတ်ကဲ့...ဧည့်ခန်းထဲမှာပါ..."


ကျန်းယန်ရှန့်သည် အိတ်ကို အန်တီ့အားပေးလိုက်ကာ အန်တီက အားကစားအင်္ကျီများကို အဝတ်လျှော်ခန်းထဲသို့ ယူသွားသည်။ ကျန်းယန်ရှန့်က ဧည့်ခန်းအသေးထဲသို့ ဝင်သွားလိုက်သည်။


အိမ်၏ အခန်းကာများသည် အကြည်ရောင်များဖြစ်ကာ ဧည့်ခန်းနှင့် ဧည့်သည်များအား လက်ခံတွေ့ဆုံသည့်အခန်းကို ခွဲခြားထားသည်။ ကျန်းယန်ရှန့်တို့မိသားစု ထိုဧည့်ခန်းအသေးထဲတွင်ပဲ ‌အနေများကာ မိသားစုဝင်များ၏ အငွေ့အသက်များစွာ ရှိနေသည်။


ကျန်းယန်ရှန့်သည် ဧည့်ခန်းထဲသို့မဝင်မီ ဝင်ပေါက်ထောင့်စွန်းတွင် ပုန်းလျှိုးကွယ်လျှိုးလုပ်နေသော လျန့်ယင်းယင်းအား တွေ့လိုက်၍ ဘာတွေကြံစည်နေပြန်ပြီလဲ ဟု တွေးလိုက်မိသည်။


ကျန်းယန်ရှန့်သည် ခဏမျှ ရပ်လိုက်ပြီးမှ ဆက်လျှောက်သွားလိုက်သည်။


လျန့်ယင်းယင်းသည် ခြေသံများကိုကြားသောအခါ ခေါင်းကို ချက်ချင်းလှည့်လိုက်သည်။ ကျန်းယန်ရှန့်အားတွေ့လိုက်ရသောအခါ မျက်နှာက တစ်မျိုးဖြစ်သွား၍ ခြောက်သွေ့စွာပြုံးပြလိုက်သည်။


"နင်တောင်နိုးနေပြီပဲ...အို ငါမနက်စာသွားစားတော့မယ်..."


ထိုသို့ပြောပြီးသောအခါ လျန့်ယင်းယင်းသည် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။


"ဘယ်သူကများ သူ့လို ဒီလိုအချိန်မှထမှာလဲ..."


ကျန်းယန်ရှန့်သည် အပြင်ကတောင် ပြန်ရောက်နေပြီမဟုတ်လား။


ထို့အပြင် လျန့်ယင်းယင်း၏အသံသည် အဘယ်ကြောင့် တိုးတိတ်နေရပါသနည်း။ လျန့်ယင်းယင်းသည် တစ်စုံတစ်ယောက်က သူစကားပြောသည်ကို ကြားသွားမည်ကို ကြောက်နေသကဲ့သို့ဖြစ်နေသည်။


ကျန်းယန်ရှန့်သည် မျက်မှောင်ကျုံ့၍ ဧည့်ခန်းအပေါက်ဝသို့လျှောက်သွား‌သောအခါ ဖုန်းပြောနေသော ကျန်းဟွမ် အားတွေ့လိုက်ရသည်။ ဖုန်းပြောသည်ကို ခဏမျှ နားထောင်ပြီးသောအခါ ကျန်းယန်ရှန့်သည် နားလည်သွား၍ အခန်းထဲသို့ ဝင်လာလိုက်သည်။


ကျန်းဟွမ်သည် ဖုန်းပြောခြင်းနှင့် အလုပ်ရှုပ်နေသဖြင့် ကျန်းယန်ရှန့်အား လုံးဝ သတိမထားမိပေ။ 


ကျန်းဟွမ်၏အသံသည် အလွန်ပင် သဘောကျနှစ်ခြိုက်ကာ သာယာနေသည့်ပုံပေါက်နေသည်။


"ငါသိပါတယ်...သွားသာဝယ်လိုက်...ဝယ်လိုက်ပါ...ဝယ်သာဝယ်...ပျော်အောင်နေ..."


ကျန်းယန်ရှန့်: “…”


ကျန်းယန်ရှန့်သည် လက်မောင်းမှ ကြက်သီးများကို ပွတ်သပ်ကာ သူ့အဖေဘယ်လောက်များ သည်းခံနိုင်မလဲ ဟု သိချင်၍ လက်ပိုက်ရပ်ကာ ကျန်းဟွမ်ဖုန်းပြောနေသည်ကို ရပ်ကြည့်နေလိုက်သည်။


ကျန်းဟွမ်ကတော့ ကျန်းယန်ရှန့်ရောက်နေသည်ကို မသိပဲ ဖုန်းဆက်ပြောနေသည်။


"မေလထဲကပိတ်ရက်ကျရင်...ဪ ခရီးထွက်ချင်တာလား...ရတာပေါ့ ရတာပေါ့...ခရီးလေးထွက်တာများ အလွယ်လေး...ငါစီစဉ်ပေး..."


ကျန်းဟွမ်သည် စကားပြောနေရင်း လမ်းလျှောက်နေခြင်းဖြစ်သည်။ သူသည် တစ်ဖက်သို့လှည့်၍ ခြေနှစ်လှမ်း လှမ်းလိုက်ပြီး မျက်လုံးကို ပင့်ကြည့်လိုက်သောအခါ ကျန်းယန်ရှန့်အားတွေ့သွားတော့သည်။


အခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။


ကျန်းဟွမ်သည် ချောင်းတစ်ချက်ဆိုးလိုက်ကာ အသံကို အတင်းပြောင်း၍ လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။


"အေး...တနင်္လာနေ့ကျရင် ဆွေးနွေးဖို့ အစည်းအဝေးပြင်ထားလိုက်...ပြီးရင် တည်းခိုခန်းပရောဂျက်အတွက် လေ့လာထားတဲ့ မှတ်တမ်းကို ရင်းနှီးမြှုပ်နှံမှုဌာနက စစ်ဆေးဖို့ တင်ပေးရမယ်...ဟုတ်ပြီနော် ဒါပဲ..."


ဖုန်းချပြီးသောအခါ ကျန်းဟွမ်သည် လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။


"ယန်ယန် ဘယ်တုန်းကရောက်နေတာလဲ...သမီးက အသံတစ်ချက်မှမထွက်တော့အဖေတောင်လန့်သွားတယ်..."


ကျန်းယန်ရှန့်က လက်ပိုက်ကာ ပြောလိုက်သည်။


"နေ့အချိန်မှာ တခြားလူတွေအပေါ် အပြစ်မလုပ်ထားတဲ့လူက ညဘက်မှာလည်း တံခါးခေါက်သံလေးတစ်ခုကြောင့် လန့်စရာမလိုပါဘူး..."


"သမီးကတော့ နောက်နေပြန်ပါပြီ..."


ကျန်းဟွမ်က ခြောက်ကပ်ကပ် ရယ်လိုက်သာ်။


"သမီးက ဘာသာစကားကို တော်တော်ကျွမ်းနေပြီကိုး...ဟားဟား...ဟားဟား..."


ကျန်းယန်ရှန့်က မျက်လုံးများဝေ့ကာ ပြောလိုက်သည်။


"သမီး အဖေ့ကိုပြောစရာရှိလို့..."


ကျန်းဟွမ်၏စိတ်များသည် ပြန်တက်ကြွသွားသည်။


"ဘာဖြစ်လို့လဲ သမီး...ပိုက်ဆံမရှိတော့ဘူးလား...တစ်သန်းလောက် ကိုယ်ပိုင်ပိုက်ဆံအနေနဲ့ ယူထား လို့ အဖေပြောသားပဲ...သမီးက လျှောက်ပြီး မြှုပ်နှံလိုက်တာကိုး...ရတယ် ဘာမှမဖြစ်ဘူး...ပိုက်ဆံမရှိလည်း မကြောက်နဲ့...အဖေတစ်ယောက်လုံးရှိသေးတယ်..."


ကျန်းယန်ရှန့်၏မျက်နှာမှ သည်းမခံနိုင်တော့သည့်ပုံကို မြင်လိုက်ရသောကြောင့် ကျန်းဟွမ်သည် ပြောလက်စ စကားကိုရပ်ကာ ပြင်ပြောလိုက်သည်။


"အဖေ့ကိုပြောလေ သမီး...ဘာဖြစ်လို့လဲ..."


ကျန်းယန်ရှန့်က ဆရာ မား အကြောင်းပြောပြလိုက်ကာ ဆက်ပြောလိုက်သည်။


"သမီး အဲ့ဆရာနဲ့သင်ချင်တယ်...သူက တကယ့် နာမည်ကြီး ထိပ်တန်းဆရာ...အဲ့ဒါ သူ့ကိုရအောင် အဖေ လုပ်ပေးပါ..."


ကျန်းဟွမ်က သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။


"အဖေ့တာဝန်ထားလိုက်..."


ကျန်းယန်ရှန့်က ကျန်းဟွမ်အား ဆရာ့အားဆက်သွယ်နိုင်ရန် အချက်အလက်များပေးကာ ချက်ချင်းလှည့်ထွက်၍ အပေါ်ထပ်သို့ တက်သွားတော့သည်။


Xxxxxx


Part 206


အချိန်တစ်နာရီတောင်မကြာသေးခင်မှာပဲ ကျန်းဟွမ်က အိမ်ပေါ်တက်လာ၍ သူ့ကိုယ်သူ ဂုဏ်ယူစွာပြောလိုက်သည်။


"လုပ်ပြီးသွားပြီ..."


"တစ်ပတ်ကို တစ်ချိန်သင်ပေးရမယ် လို့အဖေကပြောလိုက်တာ...သူက အချိန်တွေက အကုန်ပြည့်နေပြီး ကျောင်းသားတွေကိုလည်း မဖြုတ်ချင်လို့ အဆင်‌မပြေနိုင်ဘူးတဲ့...အဲ့ဒါနဲ့ အဖေလည်း သူ့မှာ ကျောင်းသားဘယ်နှယောက်ရှိလဲ နဲ့ အချိန်တွေကို ဘယ်လိုပေးထားလဲမေးပြီး အဖေကိုယ်တိုင် စီစဉ်ပေးလိုက်တယ်...တခြားကျောင်းသားတွေရဲ့ အချိန်တွေကို ပိုကပ်အောင်လုပ်လိုက်ပြီး သမီးအတွက် အချိန်ပိုထွက်လာအောင်လုပ်လိုက်တာ...အခု သမီးကို သူ လာသင်ဖို့နဲ့ ပြန်ပို့ဖို့ကို ကားတစ်စီးစီစဉ်ပေးထားပြီး အဲ့ဒီဆရာကိုလည်း ပိုက်ဆံနှစ်ဆပေးမယ်ပြောလိုက်တာ...အဲ့ဒီဆရာ သဘောတူလိုက်ရောလေ..."


ကျန်းဟွမ်က အောင်နိုင်သူလေသံဖြင့်ပြောလိုက်သည်။


"ပိုက်ဆံနဲ့ဖြေရှင်းလို့ရတဲ့အရာအကုန်လုံးက အသေးအဖွဲပါကွာ...ငါ့သမီးက ဒီထိပ်တန်းဆရာကိုလိုချင်တယ်ဆိုရင် အဖေတစ်ယောက်အနေနဲ့ ဘာလုပ်ရမှာတုန်း...မရရ‌အောင် စီစဉ်ပေးရတာပေါ့ကွာ..."


ဤသို့ပြောပြီးသည့်တိုင်အောင် ကျန်းဟွမ်သည် သူ့သမီးအား သူမည်မျှခက်ခက်ခဲခဲကြိုးစားခဲ့ရကြောင်း ထပ်ပြောပြချင်နေသေးသည်။


"အိုး သမီးဆရာအတွက်လည်း မလွယ်ဘူး...အဖေနဲ့ဆရာနဲ့ ဘယ်လောက်ကြာအောင်ဖုန်းပြောခဲ့ရလဲ သမီးသိလား...သူနဲ့စကားပြောပြီးမှ အဖေ ပိုရှင်းရှင်းလင်းလင်းသိလာရတာ..."


ကျန်းဟွမ်ကပြောသည်။


"အဲ့ဒီဆရာ မားမှာ အသက် ၈၀ အမေကြီးနဲ့ ကလေး အမြွှာနှစ်ယောက်ရှိတာတဲ့လေ...သူ့အမြွှာနှစ်ယောက်အတွက် နို့မှုန့်ဖိုးရအောင် မနည်းကုန်းရုန်းရှာနေရတာ...သူ့ကလေးတွေကလည်း ဆိုးတယ်တဲ့...အဲ့ဒါကြောင့် ကျောင်းသားတွေကို အိမ်မှာ စာခေါ်သင်လို့မရပဲ ပြေးလွှားပြီး လိုက်သင်နေရတာ..."


"အင်း...လူလတ်ပိုင်းအရွယ်တွေအကုန်လုံးက ပခုံးပေါ်မှာ တာဝန်တွေအများကြီးထမ်းပြီး ရုန်းကန်နေကြရတာ...ဘယ်သူ့အတွက်မှမလွယ်ဘူး..."


ကျန်းဟွမ်က သက်ပြင်းချလိုက်သည်။


"အဖေလည်း သမီးတို့သုံးယောက်တာဝန်တွေ ထမ်းနေရတာ မလွယ်ပါဘူး..."


ကျန်းယန်ရှန့်သည် သူ့အဖေ အဓိပ္ပာယ်မရှိတာတွေပြောနေသည် ဟု တွေးလိုက်မိသည်။


ထို့ကြောင့် မျက်ခုံးကိုပင့်ကာ ပြောလိုက်သည်။


"ဖွားဖွားပြောတာတော့ အဖေက မွေးတည်းက တစ်နေ့မှ စိတ်ညစ် စိတ်ဆင်းရဲရတယ်ဆိုတာ မရှိခဲ့ဘူးတဲ့..."


"ကျစ်...သမီးအဖွားက မဟုတ်တာတွေလျှောက်ပြောနေတာ...သူက အဖေ့ကိုလှောင်ရတာ အရမ်းကြိုက်တာလေ..."


ကျန်းဟွမ်သည် ဒေါသထွက်သွားသည်။


"အဖေတစ်ယောက်ဖြစ်ရတာ လွယ်တာမဟုတ်ဘူးကွ...သမီးတို့သုံးယောက်အတွက် အဖေ့ရင်ကို အကွဲခံထားရတာ..."


ပြဿနာသည် ဤသို့ပင် ဖြေရှင်းပြီးသွားခဲ့သည်။


ဘဝ၊ ကျောင်းစာများနှင့် ငွေကြေးမြုပ်နှံမှုများသည် အားလုံးအဆင်ပြေပြေဖြစ်နေကာ ကျန်းယန်ရှန့်၏ဘဝသည်လည်း အလွန်သာယာနေသည်။ သို့သော် ညအိပ်ရာဝင်သည့်အချိန်တွင်တော့ တစ်ခါတစ်လေတွင် ကျန်းယန်ရှန့် ဘာမှန်းမသိသည့် တစ်စုံတစ်ရာသည် ခေါင်းထဲ ‌ပေါ်ပေါ်လာတတ်သည်။


ကျန်းယန်ရှန့်သည် တစ်စုံတစ်ရာကို မေ့နေသကဲ့သို့ ဖြစ်နေသည်။


မသက်မသာခံစားရမှုသည် ရုတ်တရက်ပေါ်လာတတ်တာ ပြန်ပျောက်သွားသည်။


လျန့်ယင်းယင်းသည် မာကျောက်စားပွဲ၌ သူမ၏ သူငယ်ချင်းများကို ညည်းညူပြနေသည်။


"အဲ့ဒီ အပြင်က မြေခွေးမ က သူ့ကို အရမ်းဆွဲဆောင်ထားတာ အခုဆို အိမ်တောင်သိပ်ပြန်မလာတော့ဘူး...အားပင်း(*)..."


လျန့်ယင်းယင်း၏ ညီမက ပြောသည်။


"အဲ့တော့ နင်ဘာလုပ်နိုင်မှာလဲ...သူ့ကို ပြဿနာရှာရဲလို့လား...ပါးထျောင်(*)..."


လျန့်ယင်းယင်းသည် ဘာမှပြန်မပြောနိုင်ဖြစ်သွားသည်။ သူမသည် ကျန်းဟွမ်အား ပြဿနာမရှာရဲပါ။ မစ္စက်ကျန်း ဟူသော အခေါ်အဝေါ် ‌ကို စွန့်လွှတ်လိုက်ရမည်ကိုကြောက်၍ သူမ ဒေါသကိုသာ မျိုချနေရသည်။


"ကံကောင်းမှုတွေကို လျစ်လျူမရှုထားနဲ့..." ‌


နောက်ထပ်ညီမ တစ်ယောက်က ပြောသည်။


"နင့်မှာ ကျန်း ဆိုတဲ့ မိသားစုနာမည်နဲ့ သားရော သမီးရော ရှိနေတာပဲ...နင့်အတွက် တစ်သက်စာခိုင်လုံနေပြီလေ...ငါတို့တွေက တဖြည်းဖြည်းအသက်က ကြီးနေပြီ...အရင်လို ယောင်္ကျားတွေကို ဖမ်းဆွဲထားနိုင်တော့တာမဟုတ်ဘူး...ကလေးတွေကိုပဲ မြဲမြဲကိုင်ထားရမှာ...ငါတို့ကိုပဲကြည့်လေ...ဒီထဲမှာ နင့်ကို အားမကျတဲ့လူ ဘယ်သူရှိလို့လဲ...ဟေး ငါ့မှာ ယောင်ကျိ(*) ရှိတယ်..."


ညီမများ ပြောသည်မှာ မှန်သော်လည်း လျန့်ယင်းယင်းကတော့ မပျော်ရွှင်နိုင်ပဲ ဖြစ်နေသည်။


ဒီနှစ်ထဲတွင် ဘာတွေဖြစ်နေမှန်းမသိသော်လည်း အိမ်၏ အခြေအနေသည် အဆိုးဘက်သို့ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ မနှစ်ကဆိုလျှင် ဤအိမ်၌ လျန့်ယင်းယင်းသည် အလွန် တက်ကြွပျော်ရွှင်နေခဲ့သည်။


ယခုတော့ လျန့်ယင်းယင်းသည် ဤအိမ်၏ အရှင်သခင်မ မဟုတ်တော့ပဲ ကျန်းယန်ရှန့်က အရှင်သခင်မ ဖြစ်လာသည်ဟု ထင်မြင်နေမိသည်။


သို့သော် လျန့်ယင်းယင်းသည် သူ့ညီမ ပြောသည်ကို နားထောင်လိုက်သည်။သူမ သည် ကျန်းဟွမ်ဆီသို့သွားကာ ပြောလိုက်သည်။


"ပိတ်ရက်မှာ ကလေးတွေကို အပြင် ခေါ်သွားချင်လား...မိသားစုတူတူ အပြင်မထွက်ဖြစ်တာလည်း ကြာပြီလေ..."


ကျန်းဟွမ်သည် လျန့်ယင်းယင်းအား ချီးကျူးခဲသည်။


"ရတယ်လေ...မင်းက ကလေးတွေအတွက် စဉ်းစားပေးတာ ရှားရှားပါးပါးပဲ...ဘယ်သွားချင်လဲ..."


လျန့်ယင်းယင်းသည် စိတ်လှုပ်ရှားသွားကာ နေရာအချို့ကိုပြောပြ၍ ကျန်းဟွမ်အား ပြောလိုက်သည်။


"အဲ့နေရာတွေကို ရှင်ကြည့်ပြီးမှ ရွေးလိုက်ပေါ့..."


ကျန်းဟွမ်က ခေါင်းငြိမ့်လိုက်သည်။


"ငါ့အတွင်းရေးမှူးကို စီစဉ်ခိုင်းလိုက်မယ်..."


လျန့်ယင်းယင်းသည် အလှပြုပြင်ခြင်းနှင့် အမွှေးချွတ်ခြင်းများ မြန်မြန်လုပ်ရမည် ဟု တွေးလိုက်သည်။ သူမ သည် ဤခရီးအား အကြောင်းပြု၍ ကျန်းဟွမ်အား သူမထံ ပြန်ပါလာအောင် ဆွဲဆောင်နိုင်မည်ဟု တိတ်တဆိတ် မျှော်လင့်နေမိသည်။


အသက်ကြီးလာပြီ ဆိုသည်မှာ အဓိပ္ပာယ်မရှိသောစကားသာဖြစ်သည်။ လျန့်ယင်းယင်းသည် ပန်းလေးတစ်ပွင့်ကဲ့သို့ပင် လှပဆဲ မဟုတ်လား။


လျန့်ယင်းယင်းသည် ဘယ်တော့မှ အရှုံးပေးမည်မဟုတ်ပါ။


ညစာစားချိန်တွင် ကျန်းဟွမ်က ပြုံးကာ ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့အား မေးလိုက်သည်။


"ကျောင်းပိတ်ရက်လည်းရောက်တော့မှာ...ခရီးထွက်ချင်ကြလား..."


နှစ်သစ်မတိုင်ခင်က ကျန်းဟွမ်သည် ကလေးသုံးယောက်နှင့်အတူ ခရီးထွက်ခဲ့သေးသည်။ ထိုခရီး၌ အလွန်ပျော်ခဲ့ကြရသည်ကို ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့ မှတ်မိကြသေးသည်။ ခရီး ဆိုသည့်အသံကြားသည်နှင့် သူတို့၏မျက်လုံးများသည် တောက်ပသွားကြကာ နှစ်ယောက်သားပြိုင်တူ အော်ဟစ်နေကြတော့သည်။


"သွားမယ်...သွားမယ်..."


"အဖေ...သမီးတို့ ဘယ်သွားကြမှာလဲ..."


လျန့်ယင်းယင်းသည်လည်း ပြုံးနေကာ ကလေးများကို ကျန်းဟွမ်သတင်းကောင်းကြေငြာလိုက်မည်ကို စောင့်နေရင်းနှင့် ကျန်းယန်ရှန့်ကိုပါ စောင်းငဲ့ကြည့်လိုက်သည်။


မမျှော်လင့်စွာပင် ကျန်းဟွမ်ကပြောလိုက်သည်။


"ဒီတစ်ခါတော့ အဖေနဲ့မဟုတ်ပဲ မင်းတို့ အမေနဲ့သွားရမှာ...မေမေက R နိုင်ငံက ကျွန်းကိုခေါ်သွားလိမ့်မယ်...အဲ့ဒီကျွန်းက မိဘနဲ့ကလေးတွေ အလည်လာဖို့ သီးသန့်လုပ်ထားတာ...အဲ့မှာ ဆာဖာရီပန်းခြံရော သားတို့တွေ့ရင်ရူးသွားမယ့် ရေကစားကွင်း အကြီးကြီးလည်းရှိတယ်..."


ကျန်းရှို့ချန်: "ဝေါင်း..."


လျန့်ယင်းယင်း၏ မျက်နှာသည် တဖြည်းဖြည်းပြောင်းလဲသွားကာ နှုတ်ခမ်းများဆတ်ခနဲတုန်သွား၍ စကားတစ်ခွန်းမှ မပြောတော့ချေ။


ကျန်းဟယ်လင်းက သူမေးချင်သည်ကို မေးချလိုက်သည်။


"အဖေ‌ကရော...သမီးတို့နဲ့မလိုက်ဘူးလား..."


ကျန်းဟွမ်က စိတ်မကောင်းဟန်ဆောင်ကာ ပြောလိုက်သည်။


"အဖေက တည်းခိုခန်းပရောဂျက်နဲ့ အလုပ်ရှုပ်နေလို့ သွားဖို့အချိန်မရလို့ပါ သမီးရယ်...သမီးတို့ပဲ ပျော်ပျော်ကြီးသွားခဲ့ကြနော်...အမေ့စကားလည်းနားထောင်ကြဦး..."


ကျန်းဟယ်လင်းက သတိထားကာ ဆက်မေးလိုက်သည်။


"မမ ကရော..."


ကျန်းဟွမ်က ကျန်းယန်ရှန့်ဘက်လှည့်ကာ မေးလိုက်သည်။


"ဒါဆို ယန်ယန်...သမီး..."


"သမီးမှာ လုပ်စရာတွေရှိတယ်..."


ကျန်းယန်ရှန့်က ပြောလိုက်သည်။


"အဖေ စိတ်မပူပါနဲ့..."


"သမီး အစ်မ မှာက လုပ်စရာတွေရှိတယ်တဲ့..."


ကျန်းဟွမ်က အနည်းငယ်စိတ်ပျက်သွား‌ေသာ ကျန်းဟယ်လင်းအား နှစ်သိမ့်ပေးလိုက်သည်။


"ယန်ယန်က သမီးတို့ကလေးတွေနဲ့ အမြဲဆော့နေဖို့လည်း အသက်က ကြီးနေပြီလေ..."


ကျန်းဟွမ်က ကျန်းယန်ရှန့်အား မေးလိုက်ပြန်သည်။


"သမီးမှာ ပိုက်ဆံရောရှိသေးလား..."


ကျန်းယန်ရှန့်က ရိုရိုသေသေပင် ပြန်ဖြေလိုက်သည်။


"ဟုတ်ကဲ့...ရှိပါသေးတယ်..."


ဇနီးနှင့် ကလေးနှစ်ယောက်အတွက် စီစဉ်ပေးပြီးကာ သမီးအကြီးဆုံးဆုံးကလည်း အသက်ကြီးနေပြီဖြစ်သဖြင့် ကျန်းဟွမ် စိတ်ပူစရာမလိုတော့ပေ။


ကျန်းဟွမ်သည် သူ့ကိုယ်သူ ပြိုင်ဖက်မရှိသည့် အဖေ ဟုထင်မှတ်ကာ ပြုံးရွှင်နေသည်။ အိမ် နှင့် နိုင်ငံခြား နှစ်ခုလုံးမှကိစ္စများသည် အားလုံး အစီအစဉ်တကျ ဖြစ်နေကြပြီ ဖြစ်သည်။


ကျန်းဟွမ်သည် လျန့်ယင်းယင်းကိုလည်း ညွှန်ကြားနေသည်။


"ကလေးတွေကို သေချာဂရုစိုက်နော်...အထူးသဖြင့် ရှို့ရှို့ကိုပေါ့...အန်တီဝမ်ကို ခေါ်သွားလိုက်...အာ မင်းရှို့ရှို့ကို မကြည့်နိုင်ပါဘူး...အဲ့ကလေးက အရမ်းဆော့တာ...အဲ့လိုမလုပ်ချင်ရင်လည်း ရှောင်ကျိုးကို လိုက်နိုင်မလားလို့ ငါမေးကြည့်လိုက်မယ်...မင်းကို ကလေးကူထိန်းပေးလို့ရအောင်..."


ကျန်းယန်ရှန့်၌လည်း တကယ်ပင် လုပ်စရာများရှိနေသည်။ ကျန်းယန်ရှန့်သည် အတန်းဖော်များနှင့် ခရီးသွားရန် စီစဉ်ထားခြင်းဖြစ်သည်။


ကျန်းယန်ရှန့်သည် ကျန်းဟွမ်စကားပြောသည်ကိုနားထောင်နေကာ မျက်နှာညိုမည်းနေသော လျန့်ယင်းယင်းအား မျက်လုံးလှန်လှန်ပြီး ကြည့်မိနေသည်။


လျန့်ယင်းယင်းသည် အဘယ်ကြောင့် ရုတ်တရက် နှလုံးအမောဖောက်၍ သေသွားတော့မလို့ နှလုံးပေါ်၌ လက်ကိုတင်ထားရပါသနည်း။


* - မာကျောက်ပြားနာမည်များ


Xxxxxx