အပိုင်း ၁၉၀ ( Rich Second Generation 14 )
Viewers 18k

ယန်ကျင်းဇီသည် လက်ထဲတွင် သက်သေရောက်နေပြီဟု သိရသောအခါ အလွန်ပီတိဖြာသွားသည်။


သူ ပျော်နေသည်ကို တွေ့ရသော် လုကျင်းရှိူ့၏ စိတ်အခြေအနေမှာလည်း အလိုအလျောက် တိုးတက်လာသည် : “ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့။ ”


အစ်ကိုဟု ယန်ကျင်းဇီ ခေါ်လိုက်သည်ကို သူ ကြားသည်။ ယန်ကျင်းဇီကို ရှာနေသည်မှာ ယန်ကျင်းဇီ၏ မိသားစု ဖြစ်မှန်း သူ သိသော်ငြား ၎င်းက ဘာကြောင့်မှန်းတော့ သူ မသိပေ။ 


သို့သော် ယန်ကျင်းဇီက အရမ်းပျော်နေရာ ၎င်းက ပျော်စရာကိစ္စ ဖြစ်လောက်သည်။


လုကျင်းရှိူ့သည် ယန်မိသားစုကို တွေးမိသောအခါ အနည်းငယ် ရှက်ရွံ့မိသည်။


သူသည် ယန်ကျင်းဇီ၏ဖခင်နှင့် စီးပွားရေးအကြောင်း အမြဲလိုလို ဆွေးနွေးလေ့ရှိခဲ့သော်လည်း ယခုမူ... သူက တစ်ဖက်လူ၏သားကို အတင်းခေါ်ထားသည်။


အနာဂတ်တွင် ယန်ကျင်းဇီ၏ဖခင်နှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်အား သူ မသိပေ။


“ ကိုယ် သိပ်မကြာဘဲ သေချာပေါက် ပြန်လာခဲ့မယ်။ ” ယန်ကျင်းဇီက ပြုံးလျက် ဆက်ဆိုသည် : “ မင်း ပစ္စည်းတွေ ဖယ်ထား၊ ကိုယ် ပြန်လာမှ သိမ်းကြမယ်။ ”


ယန်ကျင်းဇီသည် စကားပြောပြီးနောက် လုကျင်းရှိူ့၏ဘေးသို့ သွားကာ လုကျင်းရှိူ့၏လက်ကို လှုပ်ယမ်းပြီးနောက် ပျော်ပျော်ကြီး အပြင်ထွက်သွားသည်။ 


ယန်ကျင်းဇီ အပြင်ထွက်သွားသည်ကို စောင့်ကြည့်နေရင်း လုကျင်းရှိူ့၏အကြည့်များသည် အခန်း၏ကြမ်းပြင်ပေါ်တွင် ရွှေ့ပြောင်းကုမ္ပဏီ ချထားခဲ့သည့် ကြီးမားသော အိတ်ကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။


သူ့ဘယ်ခြေထောက်ကို ‌ကွေးရန်မှာ ခက်ခဲသဖြင့် သူသည် ဘေးဘက်သို့ ဆန့်ထုတ်ပြီးနောက် ဖြည်းညှင်းစွာ ဆောင့်ကြောင့်ထိုင်ပြီး သူ့တုတ်ကောက်ကို အောက်ချကာ သူ့ညာလက်နှင့် အားတချို့ကို အသုံးပြု၍ အထုတ်ကို ဖွင့်လိုက်သည်။


အတွင်းတွင် ယန်ကျင်းဇီ၏အဝတ်အစားများသာ ရှိသည်။


လုကျင်းရှိူ့သည် ဤအဝတ်အိတ်ကို အိပ်ခန်းထဲသို့ သယ်သွားချင်သော်ငြား သူ့ဘယ်လက်က အဆင်မပြေဘဲ ဆွဲသွားလျှင်လည်း သူ့လက်ကို ထိခိုက်စေနိုင်သည်။ သူ့ညာလက်ကို အသုံးပြုလျှင်... သူ့ညာလက်ဟာ သူ လမ်းလျှောက်သောအခါတွင် တုတ်ကောက်တစ်ချောင်းကို ကိုင်ထားခြင်းနှင့်သာ ကျင့်သားရနေပြီဖြစ်သည်။


သူ့လက်များကို ကြည့်နေရင်းဖြင့် လုကျင်းရှိူ့သည် ပြန်မတ်တပ်ရပ်ပြီး နာနီကို ပြောလိုက်သည် : “ အဒေါ်ဝမ်၊ ဒီအိတ်တွေကို မာစတာအိပ်ခန်းထဲ ကူသယ်ပေးဖို့ အဒေါ့်ကို အနှောင့်အယှက်ပေးရဦးမယ်။ ” 


“ သခင်ကြီး၊ ဒါက ကျွန်မ လုပ်သင့်တာပါ။ လုံးဝ အနှောင့်အယှက်မဖြစ်ပါဘူး။ ” အဒေါ်ဝမ်က ပြောပြီးနောက် ဆက်မေးသည် : “ ဒါတွေအကုန်လုံးကို မာစတာအိပ်ခန်းထဲ သယ်သွားရမှာလား? အထဲက ပစ္စည်းတွေအချို့က ယန်သခင်လေးရဲ့ ပစ္စည်းတွေပါ။ ”


ယခင်ဗီလာတွင် အဒေါ်ဝမ်သည် မြေညီထပ်တွင် နေထိုင်ခဲ့သည်။ နေ့ခင်းနေ့လယ် သူတို့ မရှိသည့်အချိန်တွင် သန့်ရှင်းရေးလုပ်သည်မှအပ သူ(မ)သည် အများအားဖြင့် ဒုတိယထပ်သို့ သွားလေ့မရှိသောကြောင့် ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ တစ်ခန်းတည်းတွင် နေနေမှန်း မသိရှာပေ။


လုကျင်းရှိူ့သည် အနည်းငယ် ရှက်သွားသော်လည်း သူ့မျက်နှာပေါ်တွင် မပေါ်စေဘဲ တည်ငြိမ်သော မျက်နှာဖြင့် ပြောသည် : “ ဟုတ်တယ်၊ အကုန်လုံးကို မာစတာအိပ်ခန်းထဲ သယ်သွားပေးပါ။ ”


ယခုလေးတင် လုကျင်းရှိူ့က ကောင်းမွန်သော အသံနှင့် သူ(မ)ကို နှောင့်ယှက်ရန်ဟု ပြောခဲ့သဖြင့် အဒေါ်ဝမ်သည် မေးခွန်းမေးရန် ဝံ့ရဲခဲ့သည်။ ယခု လုကျင်းရှိူ့၏မျက်နှာက အေးစက်လာသည်ကို တွေ့ရသော် သူ(မ)သည် ချက်ချင်းပင် စကားတစ်လုံး မပြောရဲတော့ပေ။


သူ(မ)သည် အလုပ်ကြမ်းလုပ်နေကျဖြစ်ပြီး အချိန်တိုခဏလေးအတွင်းမှာတင် ကြီးမားသော အထုတ်များ အားလုံးကို မာစတာအိပ်ခန်းထဲသို့ သူ(မ) ရွှေ့ပြောင်းခဲ့သည်။ 


လုကျင်းရှိူ့ သူ(မ)ကို အားကျစွာ ကြည့်မိသည်။


သူ၏ ခြေထောက်တစ်ချောင်းတည်း သို့မဟုတ် လက်တစ်ဖက်တည်းသာ ကျိုးခဲ့လျှင် ယခုကဲ့သို့ ဘာမှမလုပ်နိုင်သည်မျိုး သူ ဖြစ်လိမ့်မည်မဟုတ်ချေ။ သို့ရာတွင်...


အဒေါ်ဝမ် ထွက်သွားသောအခါ လုကျင်းရှိူ့သည် မာစတာအိပ်ခန်း၏တံခါးကို သူ့တုတ်ကောက်နှင့် ပိတ်လိုက်သည်။


ယန်ကျင်းဇီက အလှဆင်ရန် တာန်ယူခဲ့သည်။ လုကျင်းရှိူ့သည် ယခင်က ဤနေရာသို့ တစ်ခါမှ မရောက်ဖူးခဲ့သော်ငြား မာစတာအိပ်ခန်း၏ ဓာတ်ပုံများကို မြင်ဖူးထားသည်မှာ ကြာပြီဖြစ်ပြီး မာစတာအိပ်ခန်းအတွက် အမျိုးမျိုးသော စီစဉ်မှုများကိုလည်း ယန်ကျင်းဇီထံမှ ကြားထားခဲ့သည်။


ဤအခိုက်အတန့်တွင် သူသည် မာစတာအိပ်ခန်းနှင့် အတော်လေး ရင်းနှီးမှုရှိပြီး ၎င်း၌ နွေးထွေးမှုများ ပြည့်နှက်နေသည်ဟု ခံစားနေရသည်။


လုကျင်းရှိူ့၏နှုတိခမ်းမှာ အလိုအလျောက် အပေါ်သို့ ကွေးတက်သွားသည်။ သူသည် ဆောင့်ကြောင့်ထိုင်ပြီး သူ့တုတ်ကောက်ကို အရင်ချ၍ အထုတ်များအားလုံးကို ဖွင့်သည်။ ထို့နောက် သူသည် ၎င်းမှ အဝတ်တစ်ထည်ကို ဖြည်းညှင်းစွာ ထုတ်ယူပြီး အဝတ်ဗီရိုထဲတွင် ချိတ်လိုက်သည်။


ဤသည်မှာ သာမန်လူများအတွက် အထူးရိုးရှင်းသော လုပ်ဆောင်မှု ဖြစ်သော်လည်း သူ့အတွက်မူ ၎င်းကို လုပ်ဆောင်ရန် အလွန်လွယ်ကူမနေချေ။


ထပ်ခါတလဲလဲ အဝတ်အစားများကို ချိတ်ခြင်းမှာ အမှန်တကယ်ပင် အလွန်ပင်ပန်းစရာကောင်းသော်ငြား သူသည် ၎င်းကို လုပ်ချင်နေဆဲဖြစ်သည်။


ဤသည်မှာ သူ့အိမ်၊ သူနှင့် ယန်ကျင်းဇီတို့၏ အိမ် ဖြစ်သည်။ သူသည် ဤအိမ်အတွက် အမြဲတစ်ခုခုလုပ်ချင်နေသည်။


လုကျင်းရှိူ့သည် သူ့အဝတ်များကို ချိတ်ပြီးနောက် ချွေးထွက်နေပြီဖြစ်သည်။ ထို့နောက် သူသည် ကြိုတင်၍ လျှော်ပြီး အခြောက်လှန်းထားသော အခင်းများကို ထုတ်ယူကာ ခုတင်ပေါ်တွင် ခင်းသည်။


နောက်ဆုံး အိပ်ရာလုပ်ပြီးသောအခါ လုကျင်းရှိူ့သည် မာစတာအိပ်ခန်းကို ကြည့်ပြီး သူ့စိတ်ရင်းထဲမှ စိတ်ကျေနပ်မှုကို ခံစားလိုက်ရသည်။


ယနေ့မှစ၍ သူနှင့်ယန်ကျင်းဇီတို့က ဤနေရာတွင် နေထိုင်ကြမည်။


လုကျင်းရှိူ့ ပျော်နေစဉ် သူ့ဖုန်းမြည်လာသည်။


ဖုန်းဆက်သူမှာ စွန်းရှီးဝမ် ဖြစ်ပြီး စွန်းရှီးဝမ်က ပြောလာသည် : “ ကျင်းရှိူ့၊ မင်းတူလေးက ဒီရက်တွေမှာ အရမ်းဂနာမငြိမ်ဖြစ်နေပြီး သူ့လက်ထဲက ပိုင်ဆိုင်မှုတော်တော်များများကိုလည်း ရောင်းပြီးပြီ။ သူ တစ်ခုခုလုပ်ချင်နေတယ်လို့ ငါ အမြဲတမ်း ထင်နေတယ်... ”


“ သူ ဝမ်တင်းထောင်ရဲ့လက်ထဲက ရှယ်ယာတွေကို ဝယ်ချင်နေတာ။ ” လုကျင်းရှိူ့ ပြောလိုက်သည်။


“ ဒီလိုကိုး။ ဒါနဲ့ သူ ဒီနေ့ တိတ်တိတ်လေး ပြန်ရောက်လာတယ်။ ငါသာ စောင့်ကြည့်ဖို့ လူမလွှတ်ထားဘူးဆိုရင် ငါ သိမှာမဟုတ်ဘူး။ ” စွန်းရှီးဝမ်က ပြောသည်။


“ ကျေးဇူးပါပဲ။ ” လုကျင်းရှိူ့ အလွန်ကျေးဇူးတင်သည်။


“ မင်း ဘာလို့ ငါ့ကို ‘ကျေးဇူး’တွေဘာတွေ ပြောနေတာလဲ? ကျင်းရှိူ့၊ မင်း သတိထားရဦးမယ်။ လုရွေ့ချွင်က အန္တရာယ်မရှိတဲ့ ကောင်လေး ဖြစ်ပြီး မင်းကို ဘာဒုက္ခမှမပေးနိုင်ဘူး ဆိုပေမယ့် သူ့မှာ ဒုတိယသခင်လေးယန်နဲ့ လက်ထပ်စာချုပ် ရှိတယ်မလား? ယန်မိသားစုက သူ့ကို သေချာပေါက် ကူညီလိမ့်မယ်။ ”


“ ယန်မိသားစုက သူ့ကို ကူညီမှာမဟုတ်ဘူး။ ” လုကျင်းရှိူ့က ငြင်းသည်။


“ ဘာလို့ မကူရမှာလဲ? ယန်ကျင်းဇီက သူ့ကို အရမ်းတွယ်ကပ်နေတာလေ။ ငါ လွှတ်ထားတဲ့ လူက လေဆိပ်မှာ ယန်ကျင်းဇီကို တွေ့ခဲ့တယ်။ သူ လုရွေ့ချွင်ကို လာကြိုတာ ဖြစ်လောက်တယ်။ ” စွန်းရှီးဝမ် ပြောလိုက်သည်။ ဤကိစ္စကြောင့်သာ မဟုတ်လျှင် သူသည် ယန်မိသားစုကို အထူးတလည် စကားထဲတွင် ထည့်ပြောမည်မဟုတ်ပေ။


“ မင်းလူတွေ ယန်ကျင်းဇီကို လေဆိပ်မှာ တွေ့ခဲ့တာလား? ” လုကျင်းရှိူ့ အံ့ဩသွားသည်။


“ သူ ယန်ကျင်းဇီကို တွေ့ခဲ့တယ်။ ” စွန်းရှီးဝမ်က ဆက်ပြောသည် : “ သူ ဒုတိယသခင်လေးယန်ကို သိတယ်။ သူ အမှတ်မမှားနိုင်ဘူး။ သူ လုရွေ့ချွင်ကို လာကြိုတာ ဖြစ်လောက်တယ်။ ”


“ မသေချာပါဘူး။ ” လုကျင်းရှိူ့သည် လက်မခံဘဲ စွန်းရှီးဝမ်နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချလိုက်သည်။


မာစတာအိပ်ခန်းတွင် ကျယ်ဝန်းကြီးမားသော လသာဆောင် ရှိပြီး အခန်းနှင့် လသာဆောင်ကို မှန်တံခါးတစ်ချပ်ဖြင့် ပိုင်းခြားထားသည်။


နေရောင်ဟာ အပြင်မှ ဝင်ရောက်လာပြီး အိပ်ခန်းတစ်ခန်းလုံးတွင် အထူးထိန်လင်းနေသည်။


သို့သော် ဤအခိုက်အတန့်တွင် လုကျင်းရှိူ့သည် နေရောင်မှာ မျက်စိကျိန်းစပ်လောက်အောင် အနည်းငယ် စူးရှတောက်ပလွန်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။


ယန်ကျင်းဇီ ထိုနေရာတွင် ရောက်နေသည်မှာ လုရွေ့ချွင်ကို ကြိုရန် သေချာပေါက် မဟုတ်ဘဲ အခြားတစ်ခုခု လုပ်စရာရှိ၍ဖြစ်လိမ့်မည်။


လုကျင်းရှိူ့သည် အနည်းငယ် အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ စိတ်ငြိမ်သက်စေခဲ့သည်။


ဤရက်များတွင် ယန်ကျင်းဇီက သူ့အပေါ် တကယ် ကောင်းခဲ့ပြီး ယန်ကျင်းဇီ၏ ဖွင့်ဟဝန်ခံချက်ကလည်း ဘယ်တော့မှ အတုအယောင် ဖြစ်လိမ့်မည်မဟုတ်ချေ။ သူတို့သည် ဘဝအသစ်တစ်ခုကို စတင်ရန် အိမ်တစ်လုံးကိုပင် အတူဝယ်ပြီးပြီဖြစ်သည်။


ဤသို့တွေးရင်း လုကျင်းရှိူ့သည် အနည်းငယ် စိတ်ငြိမ်သွားသည်။ သူသည် ယန်ကျင်းဇီကို ဆက်သွယ်ရန် သူ့ဖုန်းကို ထုတ်လိုက်သော်ငြား သူ့ဖုန်းထဲတွင် ယန်ကျင်းဇီနှင့် စကားပြောမှတ်တမ်းမှာ မရှိလောက်နီးပါး ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။ 


သူတို့သည် အမြဲတစေ အတူရှိနေခဲ့ကြပြီး အလွန်နီးကပ်လွန်းသောကြောင့် သူတို့သည် ဖုန်းများကို အသုံးပြု၍ မဆက်သွယ်ကြပေ။ တကယ်တော့ သူတို့ဟာ ဤသည်ကို ဂရုစိုက်စရာပင် မလိုချေ။ 


ရောက်တတ်ရာရာ စဉ်းစားနေစဉ် တစ်စုံတစ်ဦးက လုကျင်းရှိူ့ကို ဖုန်းထပ်ဆက်လာပြန်သည်။


ဤတစ်ကြိမ် လုကျင်းရှိူ့ကို ဖုန်းဆက်သူမှာ လုမိသားစု၏ ရှယ်ယာရှင်တစ်ဦး ဖြစ်ပြီး လုကျင်းရှိူ့၏လူလည်း ဖြစ်သည်။


လုကျင်းရှိူ့သည် လွန်ခဲ့သော နှစ်နှစ်မှစ၍ လုရွေ့ချွင်ကို ပိုပိုပြီး မနှစ်သက်ဖြစ်လာခဲ့ကာ ၎င်းမှာလည်း ဤလူနှင့် သက်ဆိုင်သည် — လုရွေ့ချွင်က ဤလူ၏ ထောက်ခံမှုကို အမြဲလိုချင်နေခဲ့ပြီး ဤလူက သူ့ကို ဤကိစ္စများအားလုံး ပြောပြခဲ့သည်။


ဘယ်သူက သူ့ခုံကို အမြဲလိုချင်တပ်မက်နေတဲ့ လူတစ်ယောက်ကို နှစ်သက်ပါ့မလဲ?


ရှယ်ယာရှင်၏ မျိုးရိုးနာမည်မှာ လျန် ဖြစ်ပြီး သူ့နာမည့်အပြည့်အစုံမှာ လျန်ချီဟိုင် ဖြစ်သည်။ လုရှယ်ယာရှင် ဖြစ်သည့်အပြင် သူက လုကျင်းရှိူ့အတွက်လည်း လုကျင်းရှိူ့၏ အခြားကုမ္ပဏီကို ကူညီစီမံပေးနေသည်။


“ ဥက္ကဌလု၊ လုရွေ့ချွင်က ကျွန်တော့်ကို နောက်တစ်ခေါက် လာထပ်ဆက်သွယ်တယ်။ ” လျန်ချီဟိုင်က ဖုန်းတစ်ဖက်မှ ဆက်ဆိုသည် : “ ပြင်ဆင်ပြီးမှ လာတဲ့ ပုံစံနဲ့ သူ ဒီတစ်ခေါက် အရမ်းယုံကြည်မှုပြည့်နေတယ်။ ”


“ သူ့ကို သွားတွေ့၊ သူ့အောက်ခြေလိုင်းကို မေးစမ်းကြည့်ပါ။ ” လုကျင်းရှိူ့က ပြောသည်။


“ ဥက္ကဌလုရဲ့ သူ့အပေါ် သဘောထားက ဘယ်လိုလဲ? ” လျန်ချီဟိုင်က မေး၏။


အစပိုင်းတွင် လုကျင်းရှိူ့က လုရွေ့ချွင်ကို အတော်လေး မသိကျိုးကျွန်ပြုနေခဲ့သဖြင့် သူသည် ယခုလက်ရှိ လုကျင်းရှိူ့၏ သဘောထားကို သိချင်သည်။


“ ငါ အခု သူ့ကို မကြိုက်တော့ဘူး။ ” လုကျင်းရှိူ့က ဖြေသည်။


“ ကောင်းတာပေါ့။ ” လျန်ချီဟိုင်သည် များစွာစိတ်သက်သာရာရသွားပြီးနောက် တစ်ခုခုကို တွေးမိသည် : “ ဥက္ကဌလု၊ ကျွန်တော် သူနဲ့ သွားတွေ့မှာကို ဥက္ကဌ လာကြည့်ဦးမလား? ”


“ တစ်ခုခုမှားနေလို့လား? ” လုကျင်းရှိူ့သည် အာရုံထက်မြက်စွာဖြင့် တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။


လျန်ချီဟိုင်က ဆိုသည် : “ သူ ဥက္ကဌလုနဲ့ပတ်သက်ပြီး ကိစ္စတချို့တွေကို ပြောလာတယ်။ ” သူ့ထောက်ခံမှုကို ရရှိရန်အတွက် လုရွေ့ချွင်က သူ့ကို လုကျင်းရှိူ့၏ ကျန်းမာရေးအ‌ခြေအနေ ပြောပြလာခဲ့သည်။


ရိုးသားစွာ ပြောရမည်ဆိုလျှင် လုရွေ့ချွင်၏ စကားများက သူ့ကို ထိတ်လန့်စေသည်။


လုကျင်းရှိူ့၏ ကျန်းမာရေးအခြေအနေက လုရွေ့ချွင် ပြောသည့်အတိုင်း အမှန်တကယ် ဆိုးရွားနေခဲ့လျှင်...


လုကျင်းရှိူ့က သူ့ကို ကူညီပေးခဲ့ဖူးသည်။ သူသည် လုကျင်းရှိူ့ကို အလွန်ကျေးဇူးတင်မိပြီး ယခု သူ အလွန်စိုးရိမ်မိသည်။


သို့ရာတွင် သူနှင့် လုကျင်းရှိူ့တို့၏ ဆက်ဆံရေးမှာ အထက်လူကြီးနှင့် လက်အောက်ငယ်သားတို့သာ ဖြစ်သည်။ လုကျင်းရှိူ့၏ ကျန်းမာရေးအခြေအနေကို တိုက်ရိုက်မေးမြန်းဖို့ရန်မှာ သူ့အတွက် မကောင်းမွန်ပေ... လုကျင်းရှိူ့အား တိုက်ရိုက်နားထောင်ခိုင်း၍ လုရွေ့ချွင် စကားပြောသည်ကို တိုက်ရိုက်တွေ့မြင်ခြင်းက ပိုမိုကောင်းမွန်သည်။


မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ လုရွေ့ချွင်ကို အပြင်ဘက်တွင် ပေါက်ကရများ ပြောခွင့်ပေးထားခြင်းဟာ မကောင်းမွန်ချေ။


လုကျင်းရှိူ့သည် လုရွေ့ချွင်ကို မတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူသည် ခဏတာ ‌တွေးပြီးနောက် မေးလိုက်သည် : “ မင်းတို့ ဘယ်မှာတွေ့မှာလဲ? ”


လုကျင်းရှိူ့ အပြင်ထွက်သောအခါ အဒေါ်ဝမ်က သူ့ကို စားလို့ရပါပြီဟု ပြောခဲ့သော်ငြား လုကျင်းရှိူ့သည် စားချင်စိတ်မရှိသောကြောင့် မစားတော့ပေ။


သူသည် သူ့ကိုယ်ရေးလက်ထောက်ကို ခေါ်၍ သူ့ကို လျန်ချီဟိုင်ထံသို့ ပို့ခိုင်းခဲ့သည်။


လျန်ချီဟိုင်သည် လုကျင်းရှိူ့ကို တွေ့သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။


သူသည် လုရွေ့ချွင်၏ စကားများကို နားထောင်ပြီး လုကျင်းရှိူ့၏ ကျန်းမာရေးအခြေအနေကို အလွန်စိုးရိမ်နေခဲ့သည်။ လုရွေ့ချွင် ပြောသကဲ့သို့ လုကျင်းရှိူ့၏ ခန္ဓာကိုယ်က ရေရှည်မတောင့်ခံနိုင်တော့မည်ကို သူ ကြောက်နေခဲ့၏။


သို့သော် ယခုပုံအရ... လုကျင်းရှိူ့တွင် ကောင်းမွန်သော အသားအရောင် ရှိပြီး အနည်းငယ်လည်း ပိုမိုအသားပြည့်လာကာ ကျန်းမာရေး မကောင်းမွန်နေသကဲ့သို့ မဖြစ်နေချေ။


လျန်ချီဟိုင်နှင့် လုရွေ့ချွင်တို့သည် မွန်းလွဲပိုင်း ‌၄ နာရီတွင် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံရာနေရာမှာ ပြည်တွင်းကလပ်တစ်ခုတွင် ဖြစ်သည်။ ထိုနေရာတွင် လျန်ချီဟိုင်၏အသိ ရှိသည်။ လျန်ချီဟိုင်သည် ကြိုတင်တောင်းဆိုပြီး “နံရံပေါ်က နားများ” နှင့် အခန်းတစ်ခန်းကို စီစဉ်ခိုင်းထားခဲ့သည်။


မူလက ကျယ်ဝန်းသော အခန်းကို အထူးဆွဲတံခါးတစ်ချပ်ဖြင့် ပိုင်းခြားထားသည်။ တစ်ဖက်တွင် စကားပြောနေသော လူများဟာ အခြားတစ်ဖက်ရှိ လူများကို မမြင်နိုင်သော်လည်း အခြားတစ်ဖက်ရှိ လူများဟာ တစ်ဖက်မှ အသံကို ‌ရှင်းလင်းပြတ်သားစွာ ကြားနိုင်သည်။


လျန်ချီဟိုင်သည် လုကျင်းရှိူ့ကို ကြိုတင်ခေါ်ပြီး လုကျင်းရှိူ့ကို ဘေးတွင် ထိုင်စေသည် : “ ဥက္ကဌလု၊ လျှို့ဝှက်အသံဖမ်းစက်တို့ဘာတို့နဲ့ လုပ်ရင်လည်း အဆင်ပြေပေမယ့် ကျွန်တော့်အတွက် ဒီနည်းက ပိုပြီးအဆင်ပြေလို့ပါ။ ”


“ ကျေးဇူးတင်ပါတယ်။ ” လုကျင်းရှိူ့သည် စကားပြောကာ ခုံပေါ်တွင် ထိုင်ချလိုက်သည်။


လုကျင်းရှိူ့ ထိုင်ပြီးနောက် နာရီဝက်မျှကြာသွားကာ လုရွေ့ချွင် ရောက်ရှိလာသည်။


လျန်ချီဟိုင်က ဆွဲတံခါးနားတွင် ထိုင်ပြီး လုရွေ့ချွင်က လျန်ချီဟိုင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ လုကျင်းရှိူ့က ဆွဲတံခါး၏ တစ်ဖက်ခြမ်းတွင် ရှိနေသည်။


လုကျင်းရှိူ့သည် သူတို့၏စကားဝိုင်းကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပြီး အပေါက်များပင် ရှိနေရာ လုရွေ့ချွင်၏ အသွင်အပြင်ကို သူ မြင်တွေ့ရသည်။


လုရွေ့ချွင်က အလွန်ငယ်ရွယ်ပြီး အလွန်တက်ကြွနေပုံပေါ်သည်။ လုရွေ့ချွင်ကို တွေ့ပြီး သူ့ခြေထောက်များကို ကြည့်မိသော် လုကျင်းရှိူ့သည် အနည်းငယ် အဆင်မပြေခံစားလိုက်ရသည်။ 


ဤအချိန်တွင် လုရွေ့ချွင်နှင့် လျန်ချီဟိုင်တို့က စတင်စကားပြောနေကြပြီဖြစ်သည်။


သူတို့နှစ်ဦးသည် အပြန်အလှန် ဆွေးနွေးကြပြီး လုရွေ့ချွင် ဆိုလိုသည်မှာ မကြာမီ ကျင်းပမည့် ရှယ်ယာရှင်များ အစည်းအဝေး၌ လျန်ချီဟိုင်က သူ့ကို ထောက်ခံနိုင်မည်ကို သူ မျှော်လင့်သည် ဟူ၍ ဖြစ်သည်။


လျန်ချီဟိုင်က ဆိုသည် : “ ငါ လုရဲ့ စီမံခန့်ခွဲရေး လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ ငါ အမြတ်ဝေစုတွေပဲ များများပိုလိုချင်တယ်။ လုကျင်းရှိူ့မှာ စီမံခန့်ခွဲမှုကုမ္ပဏီကောင်းကောင်းတစ်ခု ရှိသေးတယ်။ ဘာ‌လို့ ငါက မင်းကို ထောက်ခံရမှာလဲ? ”


“ လုကျင်းရှိူ့ရဲ့ စိတ်အခြေအနေက အရမ်းဆိုးရွားနေပြီး သူ့ခန္ဓာကိုယ်က ဆီခမ်းတော့မယ်။ သူ ဥက္ကဌနေရာကို တာဝန်ဆက်မယူနိုင်တော့တာ သိသာတယ်။ ”


“ မင်း သေချာလို့လား? ” လျန်ချီဟိုင်က မေးသည်။


“ သေချာတယ် ” လုရွေ့ချွင်က ဆက်ပြောသည် : “ လွန်ခဲ့တဲ့သုံးလက လုကျင်းရှိူ့ရဲ့ ဆေးမှတ်တမ်းတောင် ရှိသေးတယ်။ ”


လုရွေ့ချွင်တွင် လုကျင်းရှိူ့၏ အိမ်တော်ထိန်း လုကျင်းရှိူ့ဆီမှ တိတ်တဆိတ် ခိုးယူခဲ့သော ပစ္စည်းအချို့ ရှိပြီး လုကျင်းရှိူ့၏ ခန္ဓာကိုယ်စစ်ဆေးမှုမှတ်တမ်းကို ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် လုကျင်းရှိူ့၏ စိတ်ရောဂါအထူးကုဆရာဝန်သို့ သွားရောက်ကုသမှုနှင့် ပတ်သက်‌သည့် အချက်အလက်အချို့တို့လည်း ပါဝင်သည်။


“ မစ္စတာလျန် သိတဲ့အတိုင်းပဲ ကိုယ်ခန္ဓာမသန်စွမ်းတဲ့ လူတွေက အလွယ်တကူနဲ့ လမ်းလွဲရောက်နိုင်ကြတယ်။ လုကျင်းရှိူ့လည်း အဲ့လိုပဲ။ ” လုရွေ့ချွင်က အထင်သေးသော အပြုံးကိုပင် ပြသလာသည် : “ သူက သူ့ကိုယ်သူတောင် နှိပ်စက်နိုင်တယ်။ ”


လုကျင်းရှိူ့သည် သူ့အိမ်တော်ထိန်းကို သူ့မိခင် ဝယ်ယူခဲ့ကြောင်း သိထားသော်ငြား ဤအရာများအားလုံးက လုရွေ့ချွင်၏လက်ထဲတွင် ရှိလိမ့်မည်ဟု သူ တကယ် မထင်ထားပေ။


သူ၏ ကိုယ်ရေးကိုယ်တာများ အားလုံးဟာ လုရွေ့ချွင်ကြောင့် ပျံ့နှံ့ကုန်ပြီဖြစ်သည်။ လုရွေ့ချွင်က ဤကိစ္စကို လူအများအပြားသို့ ပြောပြပြီးပြီဖြစ်ကြောင်းမှာ အလွန်ဖြစ်နိုင်သည်။ 


လျန်ချီဟိုင်က သူ့ကို ဤနေရာသို့ လာရောက်နားထောင်ခိုင်းသည်မှာ မဆန်းတော့ချေ။


လုကျင်းရှိူ့သည် သူ့နှလုံးသားထဲတွင် တစ်ခုခုကို သယ်ဆောင်ထားပြီး သူ ထိုင်မရထမရ ဖြစ်နေသည်ဟု အမြဲခံစားနေရသည်။


ဤအချိန်တွင် သူ လျန်ချီဟိုင်၏ အမေးကို ကြားလိုက်ရ၏ : “ ဒီလိုသာဆိုရင် တကယ် အဆင်မပြေလောက်တော့ဘူး။ ဒါပေမယ့်... လုသခင်လေးက လုကို စီမံနိုင်မှာ သေချာလို့လား? ”


လုရွေ့ချွင်နှင့် လျန်ချီဟိုင်တို့တွင် အဆက်အသွယ်များစွာ ရှိခဲ့ဖူးသည်။ လျန်ချီဟိုင်က သူ့ကို အမြဲတစေ ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်တွင်လည်း သူ့ကို ကူညီခဲ့သဖြင့် သူသည် လျန်ချီဟိုင်က လုကျင်းရှိူ့နှင့် ပတ်သက်နေမည်ဟု တစ်ခါမှ သံသယမဖြစ်ခဲ့ဖူးပေ။


“ ဝမ်တင်းထောင်က ရှယ်ယာတွေ ရောင်းတော့မယ်။ ကျွန်တော် ဝယ်ဖို့စီစဉ်ထားတယ်။ ” လုရွေ့ချွင်က ပြောလာသည်။


“ ဝမ်တင်းထောင်ရဲ့ ရှယ်ယာတွေက ငွေအများကြီး ပေးရမယ်မလား? ”


“ လက်ထဲမှာ ငွေအများကြီး ရှိသေးတယ်။ ပြီးတော့ ကျွန်တော့်မှာ ယန်မိသားစုရဲ့ အထောက်အပံ့လည်း ရှိတယ်။ ” လုရွေ့ချွင်က ပြုံးသည်။


“ ယန်မိသားစုက မင်းကို ထောက်ပံ့မှာ မင်း သေချာလား? ”


“ သေချာတာပေါ့၊ ကျွန်တော့်မှာ ယန်ကျင်းဇီနဲ့ လက်ထပ်စာချုပ် ရှိတယ်။ ”


“ အခုတလော ဒုတိယသခင်လေးယန်က လုကျင်းရှိူ့အနားမှာ လျှောက်လိုက်နေတာ မဟုတ်ဘူးလား? ”


“ သူ လုကျင်းရှိူ့နဲ့ ရှိနေတာ ကျွန်တော့်ကြောင့်။ ” လုရွေ့ချွင် ပြောလိုက်သည်။ စီးပွားရေးကိစ္စ ဆွေးနွေးလျှင် ကြောက်ရွံ့မှုကို ပြသ၍မဖြစ်ဘဲ လိုအပ်လျှင် အနည်းငယ်ပင် ကြွားဝါရမည်ဖြစ်သည်။


လုရွေ့ချွင်သည် အသက်ငယ်သေးသော်လည်း ဤအရာများကို အလွန်ကောင်းစွာ နားလည်သောကြောင့် ဆက်ပြောလိုက်သည် : “ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ ဒုတိယသခင်လေးယန်က လုကျင်းရှိူ့ဆီမှာ ကိုယ်ရေးလက်ထောက် လုပ်နိုင်မှာလဲ? ဒီနေ့ ပြန်လာတုန်းကတောင် ကျွန်တော့်ကို လာကြိုတာ သူလေ။ ”


တကယ်တော့ ယနေ့တွင် ယန်ကျင်းဇီက သူ့ကို လာမကြိုခဲ့ချေ။ သို့သော် လေဆိပ်တွင် ဖခင်ယန်ကို လာကြိုသည့် ယန်ကျင်းဇီကို သူ တွေ့ခဲ့သည်။


မည်သို့ပင်ဖြစ်စေ သူနှင့် ယန်မိသားစုတို့က ရင်းနှီးသည်ဟု လူအများကို သိစေသည်မှာ အမြဲတမ်းပင် ကောင်းမွန်သော ကိစ္စ ဖြစ်သည်။


ဆွဲတံခါး၏တစ်ဖက်ခြမ်း၌ လုကျင်းရှိူ့၏ ဘယ်လက်မှာ တုန်ယင်သွားသည်။


ယန်ကျင်းဇီက လုရွေ့ချွင်ကို သွားကြိုသည်မှာ မဖြစ်နိုင်ချေ။


သူသည် သူ့ညာလက်နှင့် ဖုန်းကို ထုတ်ပြီး လျန်ချီဟိုင်ကို ခက်ခက်ခဲခဲ မက်ဆေ့ခ်ျပို့လိုက်သည် : “ ယန်ကျင်းဇီအကြောင်း ပိုမေးကြည့်။ ”


လျန်ချီဟိုင်သည် လုရွေ့ချွင်နှင့် အခြားကိစ္စများကို ပြောဆိုနေကြပြီဖြစ်ပြီး ဤကဲ့သို့ မက်ဆေ့ခ်ျမျိုးကို ရုတ်တရက် ရရှိသောအခါ သူသည် အနည်းငယ် ပဟေဠိဖြစ်သွားသော်ငြား ဝေခွဲမရဖြစ်အောင် လုပ်ပြီး စကားအနည်းငယ်ကို မေးကြည့်နေခဲ့သည်။


လုရွေ့ချွင်က တကယ်ပင် များစွာပြောလာသည် : “ ဟိုးအရင်ကတည်းက ယန်ကျင်းဇီကို လုကျင်းရှိူ့ရဲ့ ခန္ဓာကိုယ်အခြေအနေအကြောင်း ပြောပြထားတယ်။ ”


“ လုကျင်းရှိူ့က ရူးလာရင် လူရိုက်တတ်တယ်။ ကျွန်တော့်မျက်နှာကြောင့်သာ မဟုတ်ရင် ယန်ကျင်းဇီက သေချာပေါက် သူ့နောက်မလိုက်ဘူး။ ”


“ ဝမ်တင်းထောင်ရဲ့ ရှယ်ယာတွေကို ယန်ကျင်းဇီက ကျွန်တော့်အတွက် ဝယ်ပေးလိမ့်မယ်။ သူ သဘောတူပြီးပြီ။ ”





“ ဥက္ကဌလုက ဒုတိယသခင်လေးကို တန်ဖိုးထားနေတုန်းပဲ။ ငါ မထင်ထားမိဘူး... ” လျန်ချီဟိုင် သက်ပြင်းချသည်။


“ ဦးလေးက တကယ်တော့ ချော့မော့ရတာ တော်တော်လွယ်တယ်။ ” လုရွေ့ချွင်က ပြောသည်။ စကားပြောပြီးနောက် သူသည် သူ အမှားလုပ်မိမှန်း သတိထားမိကာ စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။


လုရွေ့ချွင်နှင့် လျန်ချီဟိုင်တို့သည် အချိန်အကြာကြီး စကားပြောခဲ့သည်။ လျန်ချီဟိုင်က လုရွေ့ချွင်ကို အကြောင်းမပြန်သော်လည်း လုရွေ့ချွင်က သူ့တွင် လျန်ချီဟိုင်နှင့် ပြဿနာမရှိဟု ခံစားရပြီး သူ ထွက်သွားသောအခါ သူဟာ အားမာန်ပြည့်ဝနေခဲ့သည်။


လျန်ချီဟိုင်သည် သူ့ကို လိုက်ပို့ပြီး လုကျင်းရှိူ့ဘက်သို့ သွားကာ လုကျင်းရှိူ့၏မျက်နှာက အလွန်ဖြူဖျော့နေကြောင်း သတိထားမိလိုက်သည်။


“ ဥက္ကဌလု? ” လျန်ချီဟိုင် အနည်းငယ် စိုးရိမ်သွားသည်။


လုကျင်းရှိူ့က ဆိုသည် : “ ငါ အဆင်ပြေတယ်။ ”


“ ဥက္ကဌလု၊ လုရွေ့ချွင်က အပြင်လူတွေကို ဥက္ကဌအကြောင်း အဲ့လိုခဏခဏပြောတယ်။ ဥက္ကဌ... ”


“ ငါ့ခန္ဓာကိုယ်အခြေအနေက အဲ့လောက်မဆိုးဘူး။ ” လုကျင်းရှိူ့ ပြောလိုက်သည်။


ယန်ကျင်းဇီကြောင့် ယခုတလော သူ့ကျန်းမာရေးမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ သို့သော်ငြား လုရွေ့ချွင်အတွက် သူ့ထံသို့ ချဉ်းကပ်လာသည်ဟု လုရွေ့ချွင် ပြောသကဲ့သို့ ယန်ကျင်းဇီက ထိုသို့တကယ်ဖြစ်နေလျှင်...


လုကျင်းရှိူ့၏မျက်နှာမှာ သုန်မှုန်နေပြီး သူသည် သူက နက်ရှိုင်းသော ပင်လယ်ထဲသို့ နစ်မြုပ်နေပြီး ခါးသီးငန်ကျိသော ရေများဟာ သူ့ကို ပတ်ရံထားကာ ဖျစ်ညှစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ မလွတ်မြောက်နိုင်တော့။


သူသည် လုရွေ့ချွင်၏စကားများကို မယုံကြည်ချင်ပေ။


လုရွေ့ချွင် ပြောသမျှက အမှားများ ဖြစ်ရမည်။ လျန်ချီဟိုင်ရဲ့ ထောက်ခံမှုကို ရချင်လို့ သူ အဲ့လိုပြောသွားတာ ဟုတ်တယ်မလား?


ထိုသို့တွေးမိလျှင်တောင်မှ လုကျင်းရှိူ့၏ဘယ်လက်မှာ မထိန်းချုပ်နိုင်စွာ တုန်ယင်နေဆဲပင်။


“ ဥက္ကဌလု အဆင်ပြေတာ တော်သေးတာပေါ့။ ညစာအတူတူစားကြမလား? ” လျန်ချီဟိုင်က ဖိတ်ခေါ်သည်။


လုကျင်းရှိူ့က ဖြေသည် : “ မစားတော့ဘူး၊ ငါ ပြန်ရမယ်။ ”


လုကျင်းရှိူ့သည် လျန်ချီဟိုင်ကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပြီး ကိုယ်ရေးလက်ထောက်အား သူ့ကို ပြန်ပို့ခိုင်းခဲ့သည်။


အပြန်လမ်းတွင် သူသည် ဖုန်းထဲရှိ ယန်ကျင်းဇီထံမှ စာကို သတိထားမိလိုက်သည် : “အချစ်၊ ကိုယ့်မိဘတွေက အိမ်မှာ စားခိုင်းလို့ နောက်မှ ကိုယ် ပြန်လာခဲ့မယ်။”


လုကျင်းရှိူ့ စာပြန်လိုက်၏ : “အိုကေ”


စာပြန်ပြီးနောက် လုကျင်းရှိူ့သည် ကားနောက်ခုံ၏ကျောကို မှီထိုင်ကာ သူ့ခေါင်းမှာ ထပ်မံကိုက်ခဲလာပြန်သည်။


သူ ရုတ်တရက် တစ်ခုမှတ်မိသွားသည်။


ထိုအချိန်တွင် ယန်ကျင်းဇီက သူ အိမ်တော်ထိန်းကို ရိုက်သည်အား တွေ့ခဲ့ပြီး လုံးဝ စိတ်မဆိုးခဲ့ချေ။ ထိုအစား သူက သူ့ကို ဂရုစိုက်ပြီး နောက်ပိုင်းတွင်လည်း အိမ်တော်ထိန်းအကြောင်း မမေးခဲ့။


တကယ်တော့ ယန်ကျင်းဇီတွင် အိမ်တော်ထိန်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ ယန်ကျင်းဇီ လာသည့်အခါတိုင်း အိမ်တော်ထိန်းက ယန်ကျင်းဇီ နှစ်သက်သော စားစရာများကို ပြင်ဆင်ထားလိမ့်မည်ပင်...


ပုံမှန်အားဖြင့် အဒေါ်ဝမ် အနည်းငယ် အဆင်မပြေဖြစ်သည့်အချိန်တိုင်းတွင် ယန်ကျင်းဇီက သတိပြုမိကာ စကားအနည်းငယ် မေးမြန်းတတ်သည်။ ဘယ်လိုလုပ်ပြီး အိမ်တော်ထိန်းအလှည့်ကျမှ သူက အိမ်တော်ထိန်း အရိုက်ခံရတာကိုတောင် တွေ့ပေမယ့် ဘာမှမပြောတဲ့အပြင် ဂရုလည်းမစိုက်တာလဲ?


အိမ်တော်ထိန်း အရိုက်ခံရသည့် အကြောင်းအရင်းကို သူ သိထားပြီး အခြားအစီအစဉ်များ ရှိနေခြင်း မဟုတ်သရွေ့ပင်။


ထိုနေ့မတိုင်မီက ယန်ကျင်းဇီဟာ လုရွေ့ချွင်နှင့် အတူရှိနေဆဲဖြစ်မှန်း ထင်ရှားသော်ငြား နောက်တစ်နေ့တွင် ရုတ်တရက်ကြီး သူ့ကို စတင်ကြင်နာပြလာခဲ့သည်...


လုရွေ့ချွင်က ဖောက်ပြန်သည်ဟု ယန်ကျင်းဇီက ပြောခဲ့သော်လည်း စကားအဖြစ်သာ ပြောနေရုံသာဖြစ်သည်။ သူသည်လည်း ယန်ကျင်းဇီကို ကူညီပြီး စုံစမ်းပေးကာ ဖျက်သိမ်းစေချင်သော်ငြား ယန်ကျင်းဇီက တစ်ခါမှ ပြောမလာခဲ့ချေ။


လုကျင်းရှိူ့၏ခေါင်းမှာ ပိုပိုနာကျင်လာပြီး သူသည် ရုတ်တရက် နောက်တစ်ခုကို တွေးမိသည်။


ယန်ကျင်းဇီက ပထမဆုံးအကြိမ်တွင် ပြက်လုံးတစ်ခုကဲ့သို့ သူ့ကို ဖွင့်ပြောခဲ့သော်လည်း သူ့ကို အထူးတလည် ဖွင့်မပြောမီတွင်မူ ယန်ကျင်းဇီက အလွန်ဝမ်းနည်းပုံပေါ်

နေခဲ့သည်။


ဖွင့်ပြောပြီးနောက်တွင်ပင် စားသောက်နေစဉ်၌ ယန်ကျင်းဇီက အနည်းငယ် အသက်မဲ့နေခဲ့သည်။


သူသည် ထိုအချိန်တွင် အလွန်ပျော်နေခဲ့ပြီး နောက်ပိုင်း၌လည်း ယန်ကျင်းဇီ၏ ဆက်တိုက်သော အချစ်နှင့် ခင်တွယ်ကြင်နာမှုတို့ကြောင့် သူသည် ၎င်းကို မေ့လျော့သွားခဲ့သော်ငြား ယခု သူ ပြန်တွေး‌ကြည့်သောအခါ...

လုကျင်းရှိူ့၏ နှလုံးသားထဲတွင် အမျိုးမျိုးသော ခံစားချက်များ ဒလဟော လှိမ့်ဝင်လာပြီး ဤအချိန်တွင် ကားက သူ့အိမ်အသစ်၏ မြေအောက်ကားပါကင်ထဲတွင် ရပ်တန့်သွားသည်။


အိမ်? ဒါ သူ့အိမ်ရော ဟုတ်သေးရဲ့လား?


လုကျင်းရှိူ့သည် တုတ်ကောက်တစ်ချောင်းနှင့် အပေါ်ထပ်သို့ တက်သွားသည်။ သူ အိမ်ထဲသို့ရောက်သည်နှင့် အဒေါ်ဝမ် ရောက်လာသည် : “ သခင်ကြီး၊ ပြန်လာပြီလား? ဘာစားချင်ပါသလဲ? ”


လုကျင်းရှိူ့က ပြန်ဖြေသည် : “ ငါ အပြင်မှာ စားလာခဲ့တယ်။ ”


အဒေါ်ဝမ်က သူ့ကို သံသယမဖြစ်လေရာ TV သွားပြန်ကြည့်တော့သည်။


လုကျင်းရှိူ့သည် သူ့ကျောကို ဖြောင့်တန်းနေရန် ကြိုးစားသော်ငြား မာစတာအိပ်ခန်းထဲသို့ ဝင်ပြီးနောက် သူသည် ယိမ်းယိုင်ကာ ခိုင်မြဲအောင်ပင် မရပ်နိုင်လုနီးပါး ဖြစ်သွားရသည်။


သူသည် အသက်ပြင်းပြင်းရှူပြီး တံခါးအရင်ပိတ်ကာ မာစတာအိပ်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူ့ဖုန်းကို ထုတ်ပြီး လုဗီလာ၏ စောင့်ကြည့်မှတ်တမ်းဗီဒီယိုကို စတင်ကြည့်ရှုသည်။


လုဗီလာ၏ စောင့်ကြည့်ကိရိယာကို အင်တာနက်နှင့် ချိတ်ဆက်ထားပြီး အင်တာနက်ပေါ်တွင် သိမ်းဆည်းထားမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းကို အချိန်မရွေး ကြည့်ရှုနိုင်လေသည်။


ထိုနေ့တွင် ယန်ကျင်းဇီက အရာရာကို ဖွင့်ပြောဝန်ခံခဲ့ကြောင်း လုကျင်းရှိူ့ မှတ်မိနေသည်။


ထိုနေ့ အိမ်အပြန်လမ်းတွင် လုရွေ့ချွင်က ယန်ကျင်းဇီကို ဖုန်းဆက်သော်လည်း ယန်ကျင်းဇီက ဖုန်းပြန်မဖြေခဲ့ချေ။ အိမ်ပြန်ရောက်ပြီးနောက် သူက အနည်းငယ် ပင်ပန်းသဖြင့် ဆိုဖာပေါ်တွင် ထိုင်ကာ အနားယူနေစဉ် ရုတ်တရက်ကြီး ယန်ကျင်းဇီက အိမ်နောက်ဖေးသို့ သွား၍ ရေကူးကန်ကို သွားကြည့်ခဲ့သည်။


လုကျင်းရှိူ့သည် အိမ်နောက်ဖေးခြံ၏ စောင့်ကြည့်မှတ်တမ်းဗီဒီယိုကို ဖွင့်လိုက်သည်။


ကင်မရာဟာ အစပိုင်း၌ ယန်ကျင်းဇီ၏မျက်နှာကို မရိုက်ကူးမိသော်ငြား ယန်ကျင်းဇီက ရေကူးကန်ကို ဆက်တိုက်ငေးကြည့်နေခဲ့ပြီး အနည်းငယ် အတွေးလွင့်နေခဲ့သည်။ သူ တစ်ခုခုမှားနေခဲ့၏။ နောက်ပိုင်းတွင်... ယန်ကျင်းဇီက ဖုန်းဖြေခဲ့သည်။


ဖုန်းဖြေပြီးနောက် ယန်ကျင်းဇီက မျက်နှာလှည့်လာပြီး ယန်ကျင်းဇီ၏အမူအရာကို သူ တွေ့လိုက်ရသည်။


ယန်ကျင်းဇီ၏ မျက်နှာအမူအရာမှာ ဝမ်းနည်းမှု ရောနှောနေသော နာကျင်မှုများဖြင့် အရုပ်ဆိုးနေသော်လည်း ရုတ်တရက်ကြီး ယန်ကျင်းဇီက သူ့မျက်နှာကို သူ့လက်များနှင့် ဖုံးကွယ်ခဲ့ကာ သူ့လက်များကို အောက်ချချိန်တွင်မူ သူ့မျက်နှာ၌ အပြုံးများနှင့် ပြည့်နှက်နေလေသည်။ 


ထို့နောက် ယန်ကျင်းဇီက ဧည့်ခန်းသို့ သွားပြီး သူ့ကို ဖွင့်ပြောခဲ့သည်။


လုကျင်းရှိူ့သည် သူ့ရင်ဘတ်ထဲသို့ အကြိမ်အနည်းငယ် ထိုးစိုက်ခံရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။


သူ့နှလုံးသားထဲတွင် အပေါက်ကြီးကြီးတစ်ခု အဖောက်ခံလိုက်ရပြီး ကျောချမ်းဖွယ်ကောင်းစွာ လေများ စိမ့်ထွက်လာသည်။


ဟား... ယန်ကျင်းဇီက မျက်နှာပြောင်းတတ်တာပဲ။


သူသည် အမူအရာမဲ့စွာဖြင့် ဆက်လက်ကြည့်ရှုသည်။


ယန်ကျင်းဇီက အပေါ်ထပ်သို့ သူ့ကို ပွေ့ချီသွားပြီး အခန်းထဲသို့ ပြန်ခေါ်သွားသည်... 


သူသည် အခန်းထဲမှ အဖြစ်အပျက်များကို အတိအကျ မှတ်မိပြီး ထိုနေရာတွင် ကင်မရာမရှိသောကြောင့် အခန်းပြင်ပရှိ စောင့်ကြည့်မှတ်တမ်းကိုသာ သူ ဆက်ကြည့်သည်။


အလယ်တွင် ယန်ကျင်းဇီက ရေချိုးရန် သူ့အခန်းထဲမှ ထွက်လာခဲ့သည်။


သူ့တံခါးကို မျက်နှာမူထားသော ကင်မရာက ယန်ကျင်းဇီ၏အမူအရာကို ပြတ်ပြတ်သားသား ရိုက်ကူးထားခဲ့၏။


အခန်းထဲမှထွက်လာလာချင်း ယန်ကျင်းဇီ၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး လူတစ်ယောက်လုံး၏ စိတ်နေစိတ်ထားပါ ပြောင်းလဲသွားခဲ့သည်။ သူ အလွန်မပျော်မရွှင်ဖြစ်နေမှန်း သိသာထင်ရှားနေခဲ့ပေသည်။


ယန်ကျင်းဇီက သူနဲ့အတူရှိရင် အရမ်းမပျော်မရွှင်ဖြစ်တာလား?


လုကျင်းရှိူ့သည် ဆက်လက်ကြည့်ရှုပြီး နောက်နေ့မနက် သူ့အခန်းထဲမှ ထွက်လာသောအခါတွင်လည်း ယန်ကျင်းဇီက မျက်နှာပြောင်းသွားခဲ့သည်ကို တွေ့လိုက်ရသည်။


ဒါဆို အရင်တုန်းက သူနဲ့ယန်ကျင်းဇီကြားက အချစ်ဆိုတာ အကုန်အတုအယောင်လား?


လုရွေ့ချွင်အတွက်နှင့် မသန်စွမ်း လူအိုတစ်ဦး ဖြစ်သည့် သူ စိတ်ကျေနပ်အောင် ပြုမူရသော အခက်အခဲအားလုံးကို ဖြတ်ကျော်ရသည်မှာ ယန်ကျင်းဇီအတွက် ခက်ခဲမည်ပင်။ 


ယန်ကျင်းဇီ စိတ်အနှောင့်အယှက် ဖြစ်နေလောက်တယ်မလား?


လုရွေ့ချွင် ပြောသည့်အတိုင်း သူဟာ ချော့မော့ရန် အမှန်တကယ် လွယ်ကူသည်။


ယခင်က သူ တွေးထင်ခဲ့သော ထိုချိုမြိန်သည့်ကိစ္စလေးများမှာလည်း အစကတည်းက တွက်ချက်ထားမှုများ ဖြစ်နိုင်သည်။


ဥပမာအားဖြင့် ယန်ကျင်းဇီက သူ့အခန်းထဲတွင် တစ်ညလုံး နေထိုင်ခြင်း။


သူ့တွင် ပြင်းထန်သော အိပ်မပျော်နိုင်မှုရောဂါ ရှိမှန်းကို အစကတည်းက ယန်ကျင်းဇီ သိခဲ့လျှင် ယန်ကျင်းဇီ၏ တစ်ညလုံး နေထိုင်ရန် ဆုံးဖြတ်ချက်က သူ့ကို စစ်ဆေးရန် ဖြစ်လောက်သည်။


သူ သူ့ကို နေခိုင်းခဲ့သည်။


သူသည် သူ့ကို ဖွင့်လည်းပြောခဲ့၏။


ယန်ကျင်းဇီ သူ့ကို ဘယ်လိုထင်မလဲ? သူက ရွံစရာကောင်းတယ်လို့ သူ ထင်မလား?


ယန်ကျင်းဇီရဲ့ အားထုတ်မှု‌တွေ အကုန်လုံးနဲ့ ထိုက်တန်ရတဲ့အထိကို လုရွေ့ချွင်က တအားကောင်းတာလား?


ယန်ကျင်းဇီက လုရွေ့ချွင်၏အကျိုးအတွက်နှင့် သူ၏ ပုံပျက်နေသော လက်ကိုပင် နမ်းခဲ့သည်။


အိမ်ဝယ်ခြင်း၊ ကားဝယ်ခြင်းတို့ကမူ... ယန်ကျင်းဇီက သူ့ယုံကြည်မှုကို ရချင်ရုံပဲမလား? သူသည် အမှန်တကယ်ပင် ယန်ကျင်းဇီကို ယုံကြည်သည်။ ဝမ်တင်းထောင်၏ရှယ်ယာများကို သူသည် ယန်ကျင်းဇီကို ‌ငွေပေးကာ ယန်ကျင်းဇီကို ဝယ်ခိုင်းရန် စီစဉ်ထားသည်။


မနေ့က ယန်ကျင်းဇီ ဒီရှယ်ယာကို အထူးတလည် စကားထဲထည့်ပြောလာတာက သူ့လက်ထဲက ငွေကြောင့်ဖြစ်လောက်တယ် ဟုတ်တယ်မလား?


ယန်ကျင်းဇီက ဆေးဘက်ဆိုင်ရာစာအုပ်များကို ဖတ်ရာတွင်လည်း အထူးပြုနေသေးသည်။ သူ့ကို ပိုပြီးကောင်းကောင်း နားလည်နိုင်ဖို့အတွက်မလား? ယန်ကျင်းဇီ တကယ် ခက်ခဲမှာပဲ။


လုကျင်းရှိူ့သည် တစ်နေ့လုံး အချိန်များစွာ သုံး၍ နေရာချစီစဉ်ခဲ့သည့် အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။


ဤကား သူ့အိမ် ဖြစ်လာလိမ့်မည်ဟု မူလက သူ ထင်ခဲ့သည်။


သို့သော် သူဟာ အိမ်မရှိရန် ကံကြမ္မာဖန်ပြီးသားပင်။


လုကျင်းရှိူ့သည် တစ်ကိုယ်လုံး နာကျင်ခံစားနေရပြီး သူက ရှုံးနိမ့်လွန်းလှသည်ဟုလည်း ခံစားရသည်။


အဆုံးအထိ သူသည် လုရွေ့ချွင်အတွက် ပြိုင်ဘက် မဟုတ်ဘဲ လုံးဝကို မယှဉ်နိုင်ချေ။


ယန်ကျင်းဇီအတွက်မူ...


တကယ်တော့ သူသည် ယန်ကျင်းဇီကို အပြစ်မတင်နိုင်ပေ။


သူ့လိုလူများမှာ မွေးရာပါ မနှစ်သက်ဖွယ်ရာများ ဖြစ်သည်။


ယန်ကျင်းဇီက လုရွေ့ချွင်ကို ကြိုက်သည်။


ယန်ကျင်းဇီက သူ့ကို လိမ်သော်ငြား လုရွေ့ချွင်ကိုတော့ တကယ် ကြိုက်သည်။ ယန်ကျင်းဇီက လုရွေ့ချွင်အပေါ် အရမ်းကောင်းလွန်းပြီး အရမ်းကောင်းလွန်းသဖြင့် သူ မနာလိုဖြစ်ရသည်။


သူ့တစ်ဘဝလုံး သူ လုရွေ့ချွင်နှင့် မတည့်ခဲ့ပေ။


တကယ်တော့ ဤကိစ္စမှာ သူ၏တုံးအမှုကြောင့် ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။ သူဟာ ချော့မော့ရန် အလွန်လွယ်ကူသောကြောင့် ယန်ကျင်းဇီကို ယုံကြည်ခဲ့၏။


မဟုတ်သေး၊ ၎င်းကို ယုံကြည်ခြင်းမှာ အဆင်ပြေသည်။ ၎င်းကို အိပ်မက်ကောင်းတစ်ခုကဲ့သို့သာ တွေးလိုက်ရုံဖြစ်သည်။ ယခု သူသည် အိပ်မက်မှ နိုးထလာခဲ့ပြီပင်။


လူတစ်ဦးဦးက သူ့ကို ချစ်ရန်မှာ မဖြစ်နိုင်ချေ။


လုကျင်းရှိူ့သည် မျက်လုံးမှိတ်ပြီး အချိန်အကြာကြီး တိတ်တဆိတ် ထိုင်နေခဲ့သည်။


လုရွေ့ချွင် လိုချင်သည်ကို သူ လုပ်မည်မဟုတ်ပေ။


လုရွေ့ချွင်က လုကို လိုချင်သည်၊ သူသည် လုရွေ့ချွင်အား ၎င်းကို ရယူခွင့်ပြုမည်မဟုတ်။


လုက သူ့အပိုင် ဖြစ်ပြီး သူ့အပိုင်သာ ဖြစ်နိုင်သည်ပင်။ လုရွေ့ချွင်က ဝမ်တင်းထောင်ရဲ့ ရှယ်ယာတွေကို ရတော့ရော ဘာဖြစ်လဲ? သူသည် လျန်ချီဟိုင်၏ ရှယ်ယာများကို သူ့နာမည်သို့ ချက်ချင်း လွှဲပြောင်းနိုင်သည်။


လုကျင်းရှိူ့သည် သူ့မျက်လုံးများကို ရုတ်ချည်း ဖွင့်ပြီး ယန်ကျင်းဇီကို ထပ်မံတွေးမိပြန်သည်။


ယန်ကျင်းဇီက သူ့ကို မချစ်သော်လည်း သူက ယန်ကျင်းဇီကို ချစ်သည်။ ယခင်က အရာရာတိုင်းဟာ ယန်ကျင်းဇီက သရုပ်ဆောင်နေရုံသက်သက်သာ ဖြစ်လျှင်တောင်မှ ၎င်းက သူ့ကို ပျော်ရွှင်မှုအချို့ တကယ် သယ်ဆောင်လာပေးခဲ့သည်။


ယခင်က သူ တစ်ခါမှ မပျော်ခဲ့ဖူးပေ။


ယခုမူ...


သူသည် ယန်ကျင်းဇီကို ဝမ်တင်းထောင်လက်ထဲမှ ရှယ်ယာများ ဝယ်ယူရန် ငွေမပေးရသေးဘဲ ယန်ကျင်းဇီက သေချာပေါက် သူ့ကို စိတ်ကျေနပ်စေအောင် ဆက်လက်ပြုမူမည်ဖြစ်သည်။


သူ ယန်ကျင်းဇီ ပြန်ပေးဆပ်ရအောင် လုပ်သင့်လား?


ယန်ကျင်းဇီက လုရွေ့ချွင်အတွက် သူ စိတ်ကျေနပ်အောင် သူ့ကို လာရောက်ဆွဲဆောင်ခဲ့သည်။ ဧကန်မုချ ယန်ကျင်းဇီက သူ့ကိုယ်သူ ပေးဖို့လည်း အဆင်သင့်ဖြစ်နေမယ်မလား?


ယန်ကျင်းဇီ တောင်းဆိုသည့် ပိုက်ဆံကို သူ ပေးမည်ဖြစ်သည်။ သူက ပေးပြီးပြီဖြစ်ရာ ယန်ကျင်းဇီက သူ့ကို သူ တတ်နိုင်သလောက် အကျိုးခံစားခွင့်အမြဲပြုရမည်ပင်။  


သူသည် နှစ် ၃၀ ကျော် နေထိုင်ခဲ့ပြီး ဘယ်သူနှင့်မှ မအိပ်ခဲ့ဖူးပေ။ အနာဂတ်တွင်လည်း လူမရှိနိုင်ဟု ခန့်မှန်းရသည်။ ယခု... ယန်ကျင်းဇီက သူ့ဘေးတွင် နေပြီး သူ့ကို စိတ်ကျေနပ်အောင်ပင် လုပ်ပေးမည်ဖြစ်သည်။ သူ ဤအခွင့်အရေးကို မဖြုန်းတီးသင့်ပေ။ 


အလကား အလှည့်စားခံ၍မဖြစ်ချေ။


လုကျင်းရှိူ့သည် လှောင်ရယ်ရယ်ပြီး မတ်တပ်ရပ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။


အချစ်လို့ ကိုယ် တွေးထားတာက တကယ်တမ်းကျ အကုန်အတုဖြစ်နေရုံလေးပဲ မဟုတ်ဘူးလား? တကယ်တော့ ဒါက ဘာမှမဟုတ်ချေ။


ငယ်ငယ်ကလေးဘဝကတည်းက သူ ဒီလိုကိစ္စတွေကို တွေ့ကြုံခဲ့ပြီးပြီ၊ ဒါက သူ့အတွက် အသစ်ဖြစ်နေဦးမှာတဲ့လား?


လုကျင်းရှိူ့သည် သူ့အဝတ်အစားများကို စတင်ချွတ်သည်။ ကြယ်သီးများကို သူ ဖြုတ်သောအခါ သူ့ဘယ်လက် တုန်ယင်နေရုံတင်မဟုတ်ဘဲ သူ့ညာဘက်ပါ အနည်းငယ် တုန်ယင်နေခဲ့သည်။ သူ့အဝတ်အစားများကို ချွတ်ရန် အလုပ်များစွာ လုပ်လိုက်ရသည်။


သူနှင့် ယန်ကျင်းဇီတို့ကြားရှိ အရာရာဟာ အပေးအယူအဖြစ် သတ်မှတ်ထားသည်။


သူက ငွေပေးပြီး ယန်ကျင်းဇီက သူ့ကို ပျော်ရွှင်မှု ပေးသည်။ ထို့နောက် သူတို့နှစ်ဦး ပြတ်ဆဲသွားသည်။


ယန်ကျင်းဇီ သူ့ကို ပေးသော အချစ်က အတုဖြစ်ရာ သူသည် ၎င်းကို ပိုင်ဆိုင်ရန် ဂရုမစိုက်တော့ပေ။


သူ စိတ်ကျေနပ်အောင် လုပ်ခဲ့ရသည့် အားထုတ်မှုအားလုံးက အလကားဖြစ်သွားသည်ကို ရှာတွေ့သောအခါ ယန်ကျင်းဇီ နောင်တရလိမ့်မည်လား သူ မသိ။


လုကျင်းရှိူ့သည် သူ့ကိုယ်သူ သန့်ရှင်းအောင် သေချာဆေးကြောပြီး အဝတ်အစားမဝတ်ဘဲ ခုတင်ပေါ်တွင် လှဲလိုက်သည်။


ပြန်လာမည်ဟု ယန်ကျင်းဇီက ပြောခဲ့ရာ ဒီညတွင် သေချာပေါက် ယန်ကျင်းဇီ ပြ

န်လာလိမ့်မည်ပင်။ အနာဂတ်တွင်မူ သေချာမပြောနိုင်တော့...


သူ လူကို အရင်ရအောင်ယူမည်။


ဤအခိုက်အတန့်တွင် လုကျင်းရှိူ့သည် နားမလည်နိုင်စွာ ငြိမ်သက်အေးဆေးနေခဲ့သည်။