အပိုင်း ၁၆၁-၁၆၂
Viewers 23k

Part 161


အိမ်ပြန်လမ်းတွင် ကျန်းဟွမ်တစ်ယောက် ကားမောင်းရင်း သီချင်းလေးညည်းနေလေသည်။


လျန့်ယင်းယင်း သူဘာကြောင့်ပျော်နေသည်ကိုနားမလည်နိုင်ဖြစ်နေသည်။ သူမက လုံးဝမပျော်ပေ။ ယေက္ခမ ဆီသွားရခြင်းသည် သူမအတွက်က ဘုရားကျောင်းတက်နေရသကဲ့သို့ဖြစ်သည်။ 


အမေက သူမကိုဘယ်သောအခါမှ တိုက်ရိုက်မကြည့်ပေ။ သူမ၏ မောက်မာသော ယောက်မသည်လည်း သူမကခေါ်ပြောသည့်အခါ သူမအားမကြားချင်ယောင်ဆောင်၍ ပြုံးရုံသာပြုံးပြပြီး လှည့်သွားသည်။ 


သူမ ထိုအချိန်များတွင် အဆင်ပြေဟန်ဆောင်လေ့ရှိခဲ့သည်။ ထို့ကြောင့် သူမ ကျန်းရှို့ချန်အား မည်သည့်အမှားမှ မလုပ်မိစေရန် တောင်းပန်ထားရပြီး သူမရှိနေခြင်းကို အမေအားသတိထားမိစေချင်သည်။ 


ဒီအကြောင်းများကိုစဉ်းစားကြည့်လျှင် ကျန်းယန်ရှန့်နှင့်ကျန်းဟယ်လင်းတို့သည် ကျန်းရှို့ချန်၏ အဆင့်ကို ရှက်စရာကောင်းအောင် လုပ်ခဲ့သူနှစ်ယောက်ဖြစ်သည်ကို သတိရမိသည်။ ကျန်းယန်ရှန့် ကို သူမ အခုလုံးဝရန်မစရဲတော့ပေ။  ကျန်းဟယ်လင်းကဖြင့် သူမကိုယ်တိုင်မွေးထားခြင်းဖြစ်၍ သူမဆူချင်လျှင်ဆူလို့ရသည်။ 


" နင် နောင်ကိုစကားပြောမဆင်ခြင်ဘူးဆိုရင် နင့်အဖွားနားယောင်လို့တောင်မကပ်မိစေနဲ့….."


 လျန့်ယင်းယင်း သူမသမီးဘက်သို့လှည့်ကာပြောလိုက်သည်။ 


သို့သော် လျန့်ယင်းယင်း နောက်ထပ်စကားမပြောခင်မှာပင် ကျန်းဟွမ် လက်တစ်ဖက်က ကားစတီယာတိုင်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လျန့်ယင်းယင်းအားလက်ညှိုးထိုးကာပြောလိုက်သည်။  


"တော်လိုက်တော့...ချက်ချင်းပါးစပ်ပိတ်ထားလိုက်တော့ …..မင်း စကားကို ကောင်းကောင်းမပြောတတ်ဘူးဆိုရင် ကလေးတွေကိုဘာမှမပြောနဲ့…..ဘာလို့ ငါတို့ ဟယ်ဟယ်လေးကို ဒီလိုပြောရတာလဲ ဟမ်… ဘာလို့လဲ….."


" ငါတို့ဟယ်ဟယ်လေးက ဘယ်လောက်တောင် ချစ်စရာကောင်းပြီး စကားတတ်လိုက်သလဲ … သူမအဖွားကလည်း သူမကိုချစ်တယ်… မင်းကဘာလို့ တခြားသူတွေကို သူမအနားမကပ်ခိုင်းရတာလဲ ဟမ်….."


ကျန်းဟွမ်သူမအား လက်ညှိုးငေါက်ငေါက်ထိုးကာပြောလိုက်သည်။ လျန့်ယင်းယင်းတစ်ယောက် သူ့ပြောဆိုမှုကြောင့်ကြောက်သွားပြီး သူမခံရခက်စွာပင် နောက်မှီပြီးထိုင်နေလိုက်သည်။ 


သို့သော် သူမ မကျေနပ်စွာ အထွန့်တက်လိုင်သေးသညိ။


"သူမဘာလို့ဒါတွေကိုပြောလိုက်ရတာလဲ…သူမပြောတာကိုကြည့်ဦး…ရှို့ရှို့ သင်္ချာမှာ 28 မှတ်တည်းရတယ်ဆိုပြီး သူမပြော ခဲ့တယ်…  ဒါကတော်တော်ရှက်စရာကောင်းတယ်….."


" အိုး…မင်အခုတော့ ဒါကရှက်စရာကောင်းတယ်ဆိုတာသိပြီပေါ့…..ဒါဆို  မင်း ဘာလို့ ကလေးတွေစာလုပ်နေတဲ့ချိန်သွားသင်ပြမပေးတာလဲ …မဟုတ်ဘူး မဟုတ်ဘူး မင်းမသင်ပေးနဲ့…မင်းရဲ့အဆင့်ဆိုတာတွေမေ့ထားလိုက်…ငါတို့မှာ ဟယ်ဟယ်လေးရှိတယ်…မဟုတ်ဘူးလား ဟယ်ဟယ်…သမီးမောင်လေးရဲ့ပညာရေးက သမီးပေါ်မူတည်သွားပြီနော်….."


အခု ကျန်းဟယ်လင်း၏အသဲနှလုံးက ပိုမိုသန်မာလာလေပြီ။ အရင်အချိန်များ၌ လျန့်ယင်းယင်း သူမအား ဒီလိုပြောလျှင် မျက်ရည်‌များပိုးပိုးပေါက်ပေါက် ကျလာစမြဲ။ အခု၌ အရင်ကလိုမဟုတ်တော့ချေ။ အခုလည်း အမေက သူမကို အကြောင်းမဲ့ဆူလိုက်သောကြောင့် တခဏမျှ စိတ်ပျက်သွားခဲ့သည်။ သူမဘာမှမတုန့်ပြန်ရသေးခင် ကျန်းဟွမ်က သူမဘက်မှ ထောက်ခံပြီးနှင့်ပြီ။ 


" အွန်း အွန်း သမီးသူ့ကိုစောင့်ကြည့်ထားလိုက်မယ် …နောက်ပြီးသူ့ဆောင်းရာသီအားလပ်ရက်အတွက်အိမ်စာတွေကို ကူလုပ်ပေးလိုက်မယ် ……"


သူမ ပျော်ပျော်ရွှင်ရွှင်နှင့်ကတိပေးလိုက်သည်။ 


ကျန်းရှို့ချန်  "ဟွန်း"ဆိုပြီး ဆူပုတ်သွားသည်။ 


ကျန်းယန်ရှန့် သူမမျက်လုံးထဲတွင် ဤမိသားစု၏ ပုံစံအမူအရာများ နူးညံ့သောဘက်သို့ပြောင်းလဲလာသယောင် မြင်နေရသည်။ 


သူမ နှုတ်ခမ်းထောင့်များကွေးညွှတ်သွားပြီး ပြတင်းပေါက်ဘောင်ပေါ် လက်တင်လိုက်၍ အပြင်ဘက်မှ ရှုခင်းများကိုကြည့်နေလိုက်သည်။ 


ဘယ်လိုပင်ဖြစ်ပါစေ ယခု ကျန်းဟယ်လင်းအား ကျန်းဟွမ်က ကာကွယ်ပေးနေသဖြင့် လျန့်ယင်းယင်း စိတ်ရှိသလို မဆူနိုင်တော့ပေ။


ကျမ်းဟွမ်က လျန့်ယင်းယင်းကို မာန်မဲလိုက်ပြီး ကလေးများအား မေးလိုက်သည်။ 


" သမီးတို့ သားတို့ … အားလပ်ရက်ရောက်တော့မယ်နော်… ကစားဖို့ တစ်နေရာရာသွားချင်ကြလား…အဖေစီစဉ်ပေးမယ်…အဖေတို့ နှင်းလျှောစီးကြမလား ဒါမှမဟုတ် ကမ်းခြေသွားကြမလား….."


ကလေးနှစ်ယောက်က မျက်ခုံးလေးများပင့်ပြီး စဉ်းစားဟန်ပြုနေကြသည်။ 


ကျန်းရှို့ချန်.." နှင်းလျှော.. နှင်းလျှောစီးမယ်…..'


ကျန်းဟယ်လင်း " ကမ်းခြေ… ကမ်းခြေသွားမယ်…."


ကျန်းရှို့ချန် " နှင်းလျှော…နှင်းလျှော…."


ကျန်းဟွမ်က ပြုံးပြီးပြောလိုက်သည်။ 


" ကဲ…မဆူကြနဲ့…မဆူကြနဲ့…အဖေတို့အိမ်ရောက်မှဆွေးနွေးကြမယ်ဟုတ်ပြီလား….."


သူ ကျန်းယန်ရှန့်အား နောက်ကြည့်မှန်မှတစ်ချက်ကြည့်လိုက်သည်။ လျန့်ယင်းယင်းရှိနေသည့်အတွက်ကြောင့် သူမ၏အမြင်အားမမေးဖို့ရာဆုံးဖြတ်လိုက်သည်။ 


ဤလိုမှမဟုတ်လျှင် သူ၏သူမပေါ်နားလည်မှုအားအခြေခံ၍ ပြောနိုင်သည်က " သမီး အဖေ့ဇနီးနဲ့ အတူတူ ခရီးမသွားဘူး"

ဟူသော အေးစက်စက် စကားလုံးများသာပြောထွက်လာရန်ရှိသည်။ 


ကျန်းဟွမ်တကယ်ကိုပင် မှန်မှန်ကန်ကန်ခန့်မှန်းနိုင်ခဲ့သည်။ 


ကျန်းယန်ရှန့် ဤအရာ‌များကို ကြားသော်လည်း သူမ သူတို့၏ ဆွေးနွေးပွဲအတွင်းသို့ ပါဝင်လိုခြင်းမရှိချေ။ သူမကိုလျန့်ယင်းယင်းနှင့်အတူခရီးထွက်ခိုင်းမည်လား။သူမ၌ ဒီလိုစိတ်ကူးမျိုးမရှိချေ။ 


ကျန်းဟွမ်ကသူမအားသဲလွန်စပေးချင်သည်။  


"ယန်ယန်…ယန်ယန်…"


သူ သူမအား ခေါ်လိုက်သည်။ 


ကျန်းယန်ရှန့်က သူမအား ခရီးသွားမည့်အကြောင်းပြောလိမ့်မည်အထင်နှင့် နောက်ကြည့်မှန်ထဲမှတစ်ဆင့် အကြည့်စူးစူးနှင့်ပြန်ကြည့်လိုက်သည်။ မမျှော်လင့်ဘဲနှင့် ကျန်ဟွမ်က အခြားအကြောင်းပြောလာသည်။ 


"သဘက်ခါ လူမှုကူညီရေးအဖွဲ့အစည်းကလုပ်မယ့် အခမ်းအနားတစ်ခုရှိတယ်…သမီး အဖေနဲ့တူတူလိုက်ခဲ့လို့ရတယ်….."


သူ သူမအား နောက်ကြည့်မှန်ထဲမှကြည့်၍ ပြောလိုက်သည်။ 


နောက်ဘက်ခြမ်းအလယ်ခုံ၌ထိုင်နေ၍ ကျန်းဟယ်လင်း သူမအမေမျက်နှာပျက်သွားသည်ကို ရှင်းရှင်းလင်းလင်းလှမ်းမြင်လိုက်သည်။ 


"ယောက်ျား ကျွန်မရှင်နဲ့အတူလိုက်မယ်လေ….."


 လျန့်ယင်းယင်း မြန်မြန်ဆန်ဆန်ထပြောလိုက်သည်။ 


"ပြဿနာမရှာစမ်းပါနဲ့……"


 ကျန်းဟွမ်လက်ယမ်းကာ‌ပြောလိုက်သည်။ 


"သမီးက ငယ်တော့တာမဟုတ်ဘူး…အဖေနဲ့အတူအပြင်များများထွက်ပြီး ‌လျှောက်ပတ်ကြည့်သင့်တယ်…သမီးရဲ့အဖွားကလည်း အမျိုးသားနေ့ပြီးတော့  ဒီ‌အကြောင်းကို အဖေ့ကိုပြောခဲ့တယ်…သမီးစာလုပ်နေရတာနဲ့ အလုပ်ရှုပ်နေမှာပဲဆိုပြီး အဖေမပြောခဲ့တာ…အခုကျတော့ အားလပ်ရက်ရောက်ပြီလေ …ဒါကြောင့်သမီးမှာအခြားလုပ်စရာမရှိရင် အဖေနဲ့အတူလိုက်ခဲ့ကြည့်လိုက်ပါ….."


ကျန်းယန်ရှန့် အံ့ဩသွားရသည်။ 


သူမ တစ်ချိန်က သူမ၏ အနာဂါတ်အကြောင်းစဉ်းစားရင်း စိတ်ရှုပ်လာသဖြင့် ထိုအကြောင်းအား သူမ၏အဘွားဆီ၌ဖွင့်ဟခဲ့သည်။ ဤကဲ့သို့ရင်ဖွင့်ပြီး‌သည့်အခါ သူမပေါ့ပါးသွားသကဲ့သို့ခံစားရသည်။ သူမကျောင်းမှပြန်ရောက်သောအခါ စာလေ့လာရန်နှင့်‌ပေးလိုက်သောမေးခွန်းများအားဖြေဆိုရန်အချိန်ရောက်ချေပြီ။ အထက်တန်းကျောင်းသူဘဝသည် အရမ်းကိုရိုးရှင်းပြီးပျင်းစရာကောင်းလှသည်။ 


သို့သော် သူမ၏အဖွားက ယင်းကိစ္စအတွက် ကျန်းဟွမ်နှင့် သေသေချာချာပြောဆိုလိမ့်မည်ကို မမျှော်လင့်ခဲ့မိချေ။ 


ကျန်းယန်ရှန့်၏နှလုံးသားတစ်နေရာတွင် နွေးထွေးမှုတစ်စုံတစ်ရာအား ခံစားလိုက်ရသည်။ 


သူမ ကားမောင်းနေသော ကျန်းဟွမ်ကိုမကြည့်ဘဲမနေနိုင်တော့ချေ။ အမျိုးသားနေ့ပြီးသည်မှာ အခုဆိုရင် လေးလကျော်ဖြစ်နေပြီဖြစ်သည်။ သူကဖြင့် ဤအကြောင်းကို ဆက်တွေးနေသည်တဲ့လား။ 


ကျန်းယန်ရှန့် သူမအရင်ဘဝက နားမလည်ခဲ့သော အမှန်တရားတစ်ခုကို ရုတ်တရက်သိလာခဲ့ရသည်။ 


သင်သာ သင့်ကိုယ်သင် မစွန့်ပစ်ဘူးဆိုလျှင် အခြားသူများကလည်း သင့်ကိုစွန့်ပစ်လိမ့်မည်မဟုတ်ပေ။ 


"ကောင်းပြီ"


သူမ မေးကိုအနည်းငယ်မြှင့်လိုက်ပြီး သဘောတူကြောင်းပြောလိုက်သည်။ 


" ဘာအဝတ်အစားဝတ်ရမှာလဲ……"


" အခမ်းအနားမှာက… လုပ်ငန်းနဲ့သက်ဆိုင်တဲ့ လေလံဆွဲမယ့်သူတွေရယ်…အလှူရှင်တွေရယ်ရှိမှာဆိုတော့…အလုံခြုံဆုံးနဲ့ အယဉ်ကျေးဆုံး အဝတ်အစားပဲဝတ်ပါ….."


 ကျန်းဟွမ် ဝမ်းသာအားရပြောလိုက်သည်။ 


"သမီးနားလည်ပြီ….."


ကျန်းယန်ရှန့် ခေါင်းငြိမ့်လိုက်သည်။ 


ကျန်းဟယ်လင်းက သူတို့ပြောနေသည်များကိုနားထောင်နေပြီး လျန့်ယင်းယင်း၏မျက်နှာကိုလည်းကြည့်နေသည်။ လျန့်ယင်းယင်း၏မျက်နှာက ပို၍ပို၍ ဆိုးလာသည်ကို သူမထင်ထင်ရှားရှားမြင်လိုက်သည်။ 


လျန့်ယင်းယင်းသည် ဤကဲ့သို့ အခမ်းအနားမျိုးကို သဘောကျသည်။ 


အလင်းရောင်များတောက်ပနေသော ဤကဲ့သို့ အခမ်းအနားမျိုးတွင် သူမက ချမ်းသာကြွယ်ဝပြီး ကျန်းကတော်ဖြစ်သည်ဆိုသည်ကို လူ‌အများ၏အမြင်တွင် လက်ခံစေချင်သည်။ ဤသည်က လျန့်ယင်းယင်းဘဝ၏ ရည်မှန်းချက်ပင်ဖြစ်သည်။ 


အခု၌ ကျန်းဟွမ်က သူမ၏ပျော်ရွှင်မှုများကို လုယူပြီး ကျန်းယန်ရှန့်အားပေးလိုက်သည်။ 


သို့သော် ကျန်းဟွမ်ပြောသည့်စကားကို လျန့်ယင်းယင်းတစ်ယောက် အထွန့်မတက်ရဲပေ။ အမှန်စစ်စစ် အီး‌ပင်ကျယ်ကျယ်မပေါက်ရဲလောက်သည့်

အခြေအနေဖြစ်နေသည်။ 


 သေလောက်အောင်လည်းမုန်းတီးနေသော်လည်ူ

သူမ မည်သို့မှ မတတ်နိုင်ပေ။ သူမ နောက်သို့လှည့်ကြည့်လိုက်သည်။ 


ကျန်းယန်ရှန်က ထိုင်မောင်းသူ၏နံဘေးနားမှ သူမ၏ထိုင်ခုံ တည့်တည့်နောက်တွင်ထိုင်နေရာ လျန့်ယင်းယင်း သူမခေါင်းအား 180 ဒီဂရီ မလှည့်ဘဲနှင့် ကျန့်ယန်ရှန့်ကိုမမြင်နိုင်ချေ။ 


နောက်တန်းအလယ်၌ထိုင်နေပြီး သူမအားစိုက်ကြည့်နေသော ကျန်းဟယ်လင်းဆီမှ အကြည့်တစ်ချက်သာရခဲ့သည်။ 


ရက်စက်လိုက်လေခြင်း။  


ကျန်းဟယ်လင်းက ကျန်းယန်ရှန့်အားမှီလိုက်သည်။ 


"ဟမျ့…"


"ဘာဖြစ်လို့လဲ…"


ကျန်းဟယ်လင်း စကားမပြောဘဲ ခေါင်းသာခါပြလိုက်သည်။ သို့သော် သူမ၏ခေါင်းကဖြင့် ကျန်းယန်ရှန့်ပေါ်၌မှီထားဆဲပင်ဖြစ်သည်။ 


သူမက အနည်းငယ်ပျော့သည်။ လူကပ်သည်။ တိတ်ဆိတ်သည်။ ကျန်းယန်ရှန့်လက်များယားလာသည်။မတတ်နိုင်သော်လည်း သူမ၏ခေါင်းအထက်မှ နက်မှောင်ပျော့ပျောင်းသောဆံပင်များအား ပုတ်ထုတ်လိုက်သည်။ 


အခု နေသာထိုင်သာရှိသွားလေပြီ။ 


သူတို့အိမ်ပြန်ရောက်သောအခါ ကလေးငယ်နှစ်ယောက်က သူတို့ကိုယ်တိုင်အပေါ်ထပ်သို့ပြေးတက်သွားကြသည်။ ကျန်းဟွမ်က လျန့်ယင်းယင်းအား လက်ဝှေ့ယမ်းပြကာ သူမကို ပထုတ်လိုက်သည်


"မင်း အရင်တက်နှင့်…ငါ ယန်ယန်နဲ့စကားပြောလိုက်ဦးမယ်…"


လျန့်ယင်းယင်း အားတင်းကာပြုံးပြလိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။


"ဒါဆို ကျွန်မ ရှင့်ကိုစောင့်နေပါ့မယ်…"


ထို့နောက် သူမ စိတ်မပါစွာ အပေါ်ထပ်သို့တက်သွားလိုက်သည်။ 


Xxxxxx


Part 162


ကျန်းယန်ရှန့်တစ်ယောက် သူမကြက်သီးထနေသော သူမလက်မောင်းပွတ်ကာ မေးလိုက်သည်။ 


" ဘာအကြောင်းလဲ…"


"အဖေ ကားထဲမှာပြောခဲ့တဲ့အတိုင်းပဲ…"


ကျန်းဟွမ်ကပြုံး၍ ဆက်ပြောလိုက်သည်။


" သမီး ကစားဖို့ ဘယ်နေရာသွားချင်လဲ…"


ကျန်ယန်ရှန့် စကားပြောရန် ပါးစပ်ပြင်လိုက်သည်ကိုမြင်သော် သူ သူမအား ကမန်းကတမ်းတားလိုက်သည်။ 


" အဖေသိတယ်…ဘယ်သူလဲဆိုတာအဖေသိတယ်…ဟယ်ဟယ်ရဲ့အမေမလား…အဖေသိတာပေါ့…အဖေစီစဉ်လိုက်ပါ့မယ်… ဒါဆို သမီးမောင်လေးရယ် ညီမလေးရယ်ကိုပဲခေါ်သွားမယ်…အဖေတို့လေးယောက်ပဲ‌‌လေ…သူမမပါဘူးလေ…"


ဤခရီးစဉ်သည် ကျန်းဟယ်လင်း၏မွေးနေ့လိုမဟုတ်ချေ။ ပုံမှန်ရက်များလို အလည်အပတ်ခရီးထွက်ခြင်းဖြစ်၍ ရက်‌အတော်များများ ကြာမည်ဖြစ်သည်။ 


ကျန်းယန်ရှန့် ကျန်းဟွမ်ကိုကြည့်ပြီး


" အဖေ အဖေ့ဇနီးကိုမခေါ်ဘူးပေါ့…"


ကျန်းယန်ရှန့်အတည်ပြုခြင်းဖြစ်သည်ကိုသိ၍ ကျန်းဟွမ်ကတိပေးလိုက်သည်


"လုံးဝ မခေါ်ဘူး…"


ကျန်းယန်ရှန့် တော်တော်ကြာတိတ်ဆိတ်သွားပြီး 


"အဖေ စီစဉ်လို့ရပါတယ်…"ဟုပြောကာ လှည့်ထွက်လာခဲ့ပြီး အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။ 


ကျန်းဟွမ်က တံခါးပေါက်မှရပ်၍ အော်မေးလိုက်သည်


"သမီးဘယ်သွားချင်လဲ…"


ကျန်းယန်ရှန့်၏ အသံက အပေါ်ထပ်မှထွက်လာသည်။ 


"ကမ်းခြေ…"


ကိစ္စက ပြီးပြတ်သွားချေပြီ။ 


ကျန်းယန်ရှန့် သူမအခန်းသို့လျောက်လာခဲ့သည်

စိတ်ထဲ၌လည်း ခံစားချက်ကောင်းတစ်ခုရနေသည်။ 


ယခင်ဘဝတွင် သူမ ကျန်းဟွမ်၏ အေးစက်မှုများကိုတကြိမ်ထက်မကခံစားခဲ့ရသည်။  လွန်ခဲ့သောဘဝ၌ သူမနှင့်သူမအမေပေါ်တွင် အေးအေးစက်နိုင်ခဲ့သည်။ ယခုတွင် သူ၏အေးစက်မှုများက လျန့်ယင်းယင်းအပေါ်၌ဖြစ်သည်။ 


ပိုင်ဆိုင်မှုနှင့်အမွေဆက်ခံခြင်းဆိုင်ရာရပိုင်ခွင့်အပြင် လက်ထပ်ခြင်းဆိုသည်မှာ ဘယ်လိုအဓိပ္ပာယ်ဖြစ်နိုင်သေးလဲ။ ကျန်းယန်ရှန့် တစ်ကယ်နားမလည်နိုင်ပေ။ 


ကျန်းဟွမ်အခန်းပြန်လာသည့်အခါ လျန့်ယင်းယင်းက နွေးထွေးစွာ နှုတ်ဆက်သည်။ 


လျန့်ယင်းယင်းသည် ကျန်းဟွမ်က သူမအပေါ်ကျန်ရှိနေသေးသော စိတ်ဝင်စားမှုအနည်းငယ်အားအသုံးချကာ တမင်သက်သက် ဆွဲဆောင်တော့သည်။ ဤလိုဖြင့် လင်နှင့်မယားကြားမှ လေ့ကျင့်ခန်းလေးကို စတင်ဆောင်ရွက်ကြတော့သည်။ 


ဤအရာက ကောင်းကောင်းမွန်မွန်ပြီးမြောက်သွားပြီးနောက် ကျန်းဟွမ်ကအိပ်မောကျ‌သွားတော့သည်။ လျန့်ယင်းယင်းကတော့မျက်လုံးပွင့်နေဆဲဖြစ်သည်။ 


ခံစားချက်များက ရှင်းလင်းပြီး နားလည်လွယ်နိုင်သည်အထိ ဤလူက သူမအပေါ်စိတ်ဝင်စားမှုလုံးဝမရှိတော့ချေ။ သူမအတွက် ဆက်၍ အရူးတစ်ယောက်ကဲ့သို့ဟန်ဆောင်ရန်မဖြစ်တော့ချေ။ 


တစ်ရက်ကြာပြီးနောက် ကျန်းဟွမ်က ကန်းယန်ရှန့်အား လူမှုကူညီရေးအသင်းအဖွဲ့ကပြုလုပ်သော အခမ်းအနားသို့ခေါ်သွားတော့မည်။ 


ကျန်းယန်ရှန့် အဝတ်လဲခန်းထဲတွင် အဝတ်အစားလဲလိုက်ပြီး မှန်တင်ခုံသို့လျှောက်သွားကာ သူမ၏ နှုတ်ခမ်းနီများထည့်ထားသော အံဆွဲအားဖွင့်လိုက်သည်။ 


အရောင်စုံလှသော နှုတ်ခမ်းနီတောင့်များကို ကတ်တစ်ခုထဲတွင်  တစ်တောင့်ချင်းစီ တစ်တောင့်ချင်းစီ ထည့်သိမ်းထားခြင်းဖြစ်သည်။ 


ကျန်းဟယ်လင်း သူမရဲ့ ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားကာ ကျန်းယန်ရှန့်၏နှုတ်ခမ်းနီတောင့်များကိုကြည့်ကာ အလစ်သုတ်ရန်ချောင်းနေသည်။ ထို့နောက် တစ်ချောင်းကို ထုတ်လိုက်ပြီး ဖွင့်လိုက်သည်။ 


အနီရောင်မီးတောက်တစ်ခုနှယ်။ 


"ဝိုးး…ဒါကအရမ်းနီတာပဲ…"


 သူမ သက်ပြင်းချလိုက်သည်။ 


ကျန်းယန်ရှန့်သည် နှုတ်ခမ်းနီရောင်ရဲရဲနှင့် တစ်မူထူးခြားနေသည်။သူမအရင်ဘဝက ဤကဲ့သို့ မိတ်ကပ်မပြင်ဘူးခဲ့ချေ။ သူမ၏နှုတ်ခမ်းနီအရောင်အားအထောက်အကူပြုရန် မျက်ခွံပေါ်၌ အရောင်အနည်းအပါးသာခြယ်ခဲ့သည်။  

နှုတ်ခမ်းနီရောင်ကအရမ်းရဲနေပေမယ့် ဤမိတ်ကပ်ပုံစံသည် လူများအား ဖက်ရှင်နှင့်ပတ်သက်၍ ခံစားချက်တစ်ခုတော့ပေးနိုင်လိမ့်မည်။ 


ကျန်းဟယ်လင်း ကျန်းယန်ရှန့်၏ မိတ်ကပ်လိမ်းထားသည့်ပုံစံအားမျက်တောင်မခပ်ဘဲ မျက်လုံးပြူးကြီးများဖြင့်ကြည့်နေသည်။ 


"ကျန်းဟယ်လင်း…"


ကျန်းယန်ရှန့် အလှပြင်ပစ္စည်းဖာကိုထောင်ပြကာ သူမကိုခေါ်လိုက်သည်။ 


"ဟုတ်ကဲ့…"


 


ကျန်းယန်ရှန့် သူမလက်ထဲမှ ပစ္စည်းများကို နေရာတကျပြန်ထားလိုက်ပြီး 


"နှုတ်ခမ်းနီဘူးကိုဖွင့်ပြီးရင် အဖုံးကိုပြန်ပိတ်ရမယ်လေ…"


ကျန်းဟယ်လင်း "ဟုတ်ကဲ့" ဟုဖြေမိတော့မလို့ဆဲဆဲ ကံကောင်းစွာနှင့် သူမမြန်မြန်ဆန်ဆန် ငြင်းလိုက်သည်။


"သမီး…သမီးမလုပ်ပါဘူး…"


အသံကားတိုးလွန်းနေပြီး သူမ ဤသည်ကိုကြားလိုက်ရသည့်အခါ စိတ်ပျက်သွားသည်။ 


ကျန်းယန်ရှန့် ပန်းရောင်နှုတ်ခမ်းနီတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီးဖွ့င်လိုက်သည်။ 


မျှော်မှန်းထားသည့်အတိုင်းပင် နှုတ်ခမ်းနီထိပ်ဖျားက ကျိုးကြေနေသည်။ ကျန်းယန်ရှန့် ဤနှုတ်ခမ်းနီအား အသုံးမပြုဖူးပေ။ 


ခြေရာလက်ရာပျက်နေသည်ကိုကြည့်၍ တရားခံကို သူသိလုနီးပါးဖြစ်နေသည်။ 


ကျန်းဟယ်လင်း ခေါင်းငိုက်စိုက်ကျနေ‌လေပြီ။ 


ကျန်းယန်ရှန့် မျက်နှာထားကိုတင်းလိုက်ပြီး ပြောလိုက်သည်။ 


"ငါဘယ်လိုရှာတွေ့ခဲ့လဲသိလား….."


ကျန်းဟယ်လင်းက သူမခေါင်းကို ခါယမ်းလိုက်သည်။ 


"ဒါက နေရာမှားပြီးရောက်‌နေတာပဲ ဘေဘီလေးရဲ့….."


 ကျန်းယန်ရှန့်က သူမ၏နှဖူးကိုတောက်ပြီးပြောလိုက်သည်။ 


သူမ အင်္ကျီလဲနေစဉ် မှန်တင်ခုံနားမှအသံတစ်ခုကြားလိုက်ရသည်။ သူမမိတ်ကပ်လိမ်းပြီး နှုတ်ခမ်းနီဖာကိုဖွင့်လိုက်သောအခါ နှုတ်ခမ်းနီတစ်ချောင်းက နှုတ်ခမ်းနီဖာထဲတွင် ပြောင်းပြန်ကြီးဖြစ်နေသည်။ 


ကလေးတစ်ယောက်က လူကြီးတစ်ယောက်၏ အလှပြင်ပစ္စည်းများကိုယူကိုင်ထားပြီး ကြောက်ကြောက်နှင့် ပြန်ထားထားပုံမှာပေါ်လွင်နေသည်။ 


ကျန်းဟယ်လင်း သူမနဖူးအားကာထားကာ မျက်နှာချိုသွေးနေသည်။ 


ကျန်းယန်ရှန့်က နောက်ထပ်ပန်းရောင်နှုတ်ခမ်းနီနှစ်ချောင်းကိုထုတ်၍ ကျန်းဟယ်လင်းအားပေးလိုက်သည်။ 


" ဒါတွေယူသွားပြီးသွားဆော့ဟုတ်ပြီလား……"


"ကျေးဇူး အစ်မ……"


 ကျန်းဟယ်လင်း ကျေးဇူးတင်စကားပြောပြီးသူမအရုပ်သစ်လေးအား‌ကောက်ယူကာ ပျော်ရွှင်စွာ ပြေးထွက်သွားလေသည်။ 


"ကျောင်းမှာ မိတ်ကပ်လိမ်းခွင့်မပေးထားဘူးနော်….."


 ကျန်းယန်ရှန့်အော်ပြောလိုက်သည်။ 


"သိတယ် သိတယ်….."


ကလေးများက အပြင်ထွက်သွားနှင့်ကြပြီ။ 


ကျန်းယန်ရှန့်အောက်ထပ်ဆင်းလာလိုက်ပြီး ကျန်းဟွမ်သည်လည်း သူမအား ထိုနေရာ‌၌စောင့်နေသည်။ အသံကြား၍ သူမော့ကြည့်လိုက်သည်။ သူမလိမ်းထားသောမိတ်ကပ်အားကြည့်ပြီး အနည်းငယ်အံ့ဩသွားသည်။ 


ကျန်းယန်ရှန့် ဒီအရွယ်တွင် မိတ်ကပ်လိမ်းပြီးကျန်းဟွမ်ရှေ့ထွက်ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။  


"အိုးး….."


သူမ၏နှုတ်ခမ်းနီအားကြည့်ပြီးသူပြောလိုက်သည်။ 


"အရမ်း ရဲတာပဲ….."


သူက သူမအား အနီးကပ်ကြည့်ပြီးပြောလိုက်သည်။ 


"သမီးက အမျိုးသမီးကြီးပုံစံနဲ့တူနေတယ်….."


သူကထပ်ပြောသည်။


"သမီးက သမီးအမေလိုပဲ…ဒါပေမယ့် သူမက ဒီအရောင်နှုတ်ခမ်းနီတော့မဆိုးဘူး…သူမကကြည့်ကောင်းအောင် နှုတ်ခမ်းနီအရောင်ဖျော့ဖျော့လေးတွေပဲဆိုးတာ….."


ကျန်းယန်ရှန့်က အိတ်အား ကောက်ယူလိုက်ပြီး


" ဒါဆို အခု သမီးက ရုပ်ဆိုးနေတယ်ပေါ့ဟုတ်လား….."


"ဟေး….."


ကျန်းဟွမ်ဖမ်းဆွဲလိုက်ပြီး 


"သမီးဘာတွေပြောနေတာလဲ…အဖေကအဲ့လိုပြောချင်တာမ‌ဟုတ်ပါဘူး…သမီးမိတ်ကပ်ပြင်ထားတာအရမ်းလှပါတယ်…ငါ့သမီးလေးက မိန်းမလှလေးပဲ….."


"စောစောပြန်ခဲ့ကြနော်….."


 လျန့်ယင်းယင်းက ဂိတ်ပေါက်ထိလိုက်ပို့ပြီး ကြင်နာစွာ လှမ်းအော်ပြောလိုက်သည်။ 


သားအဖနှစ်ဦး၏ ကားထွက်သွားချိန် သူမမျက်နှာပေါ်မှအပြုံးများပျောက်ကွယ်သွားပြီး သူမခါးခါးသီးသီးနှင့် တံခါးအား​ဆောင့်ပိတ်ပစ် လိုက်လေသည်။ 


Xxxxx