Part 163
ပွဲသို့ေရာက်ချိန်တွင်ကျန်းယန်ရှန့် အံ့ဩသွားရသည်။
" သမီးတို့မိသားစုက အဲ့လောက်ထိတောင်လုပ်ခဲ့တာလား……"
"ဒါပေါ့…နှစ်တော်တော်ကြာ လုပ်ခဲ့တာလေ….."
ကျန်းဟွမ်ပြောလိုက်သည်။
ကျန်းယန်ရှန့် မသိခဲ့ပေ။
သူမအရင်ဘဝတုန်းက ပြောစကားနားမထောင်တတ်သောကောင်မလေးတစ်ယောက်အဖြစ်နေထိုင်ခဲ့ဖူးသည်။ ကျန်းဟွမ်နှင့်အတူ အခမ်းအနားများသို့ တက်ရောက်ခွင့်လည်းမရှိခဲ့ပေ။ သင်ယူခြင်း၊သင်ကြားခြင်းသံသရာအတွင်း၌ပင် တစ်ယောက်တည်းနေထိုင်ခဲ့ရသည်။
သူမမသိသော အကြောင်းအရာများစွာရှိနေသည်။
သူမ ရုတ်တရက်နားလည်လာသည်က ကျန်းဟွမ်၏ ပရဟိတစိတ်ဓာတ်ပင်ဖြစ်သည်။
သူမအရင်ဘဝက အလွန်မုန်းတီးနာကြည်းခဲ့သော အဖေတစ်ယောက်က ကမ္ဘာပေါ်၌၊အခြားငွေကြေးမပြည့်စုံသော ကလေးများ၏ရင်ထဲ၌ ကောင်းဆုံးလူသားတစ်ယောက်ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ကျန်းယန်ရှန့်၏ ခံစားချက်များ ရောပြွန်းလာလေသည်။
ဘာကြောင့်များ လူဆိုတဲ့သတ္တဝါတွေက ဒီလောက်ရှုပ်ထွေးနေကြတာပါလိမ့်…..
ကျန်းယန်ရှန့် တစ်ယောက် ပြန်လည်ရှင်သန်လာချိန်ကြာလေလေ သူမနားမလည်နိုင်သည်များက ပိုပိုများလာလေ ဖြစ်နေပေသည်။
သူတို့ ထိုနေရာသို့ရောက်သောအခါ ပတ်ဝန်းကျင်က တကယ့်ကိုပင် အလင်းအချို့နှင့် မှောင်ရိပ်ကျလွန်းနေပြီး အဝတ်အစားတောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားကြသော အမျိုးသမီး၊အမျိုးသားများဖြင့်ပြည့်နှက်နေပေသည်။ လျန့်ယင်းယင်းတစ်ယောက် သူမ သူတို့ကို ဤနေရာသို့လွှတ်ခဲ့ချိန် သူမမျက်နှာပေါ်မှအပြုံးများ ပျက်သွားလောက်တဲ့ထိ ဘာကြောင့်မနာလိုဖြစ်နေခဲ့သည်ဆိုသည်မှာ အံ့ဩစရာမရှိတော့ပေ။
သူမက ကျန်းကတော်အဖြစ် အရမ်းပင်ဂုဏ်ယူဖြချင်နေခြင်းပင်။
ကျန်းယန်ရှန့်က ကျန်းဟွမ်၏ လက်မောင်းကိုချိတ်ကာ အခြားသူများကို နှုတ်ဆက်ရန် လိုက်သွားသည်။
ဤနေရာ၌ ကျန်းဟွမ်သိသော လူအများအပြားရှိလေသည်။ အခြားသူများကကျန်းယန်ရှန့်အား သူတို့ကို အန်ကယ်လ်၊ဖိုးဖိုး စသဖြင့်ခေါ်စေသည့်အချိန်တွင် သူတို့ထဲမှတစ်ချို့က ကျန်းယန်ရှန့်အား ဥက္ကဌ ၊ဒါရိုက်တာစသဖြင့်ခေါ်စေသည်။
အနီးအနား၌ တစ်စုံတစ်ယောက်ရှိနေပါက ထိုလူများက ကျန်းဟွမ်အား သူစိမ်းတစ်ယောက်အနေနှင့် လေးလေးစားစားနှုတ်ဆက်ကြကာ စကားစမြည်ပြောဆိုကြသည်။
လူအများက သူတို့ ခင်ပွန်း၊ဇနီးသည် များဖြင့်လာကြသည်။ ကျန်းဟွမ်က အသက်ငယ်ငယ်မိန်းမလှလေးနှင့် တွဲလာသည်ကိုမြင်သော် လူတိုင်းအံ့ဩသွားကြသည်။ သို့သော် ဘယ်သူကမှ သူတို့အံ့ဩမှုကို မပြကြ။သူတို့အားလုံးပြုံးပြကြသည်။ သို့ရာတွင် သူတို့က သူမကို အရင်မနှုတ်ဆက်ကြပေ။
ကျန်းဟွမ်မှ သူမအား
" ဒါက ကျုပ်ရဲ့သမီး ကျန်းယန်ရှန့်ပဲ ….."
ဟုမိတ်ဆက်ပေးလိုက်သောအခါ သူတို့၏မျက်နှာပေါ်မှ နှစ်လိုဖွယ်ကောင်းသောအပြုံးများက ပို၍ ဟန်မဆောင်နိုင်တော့လောက်အောင် လျော့သွားသည်။
လျန့်ယင်းယင်းတစ်ယောက် ဒီအခမ်းအနားသို့တက်ရောက်လာရင် ဘယ်လိုဆက်ဆံခံရမလဲဆိုသည်ကို သူမတွေးတတ်ပေ။
ကျန်းယန်ရှန့်က ကျန်းဟွမ်၏ ဘေးနားလောက်မှနေ၍ လိုက်ပါလာသည်။ သူမ၏အဖေသည် ရှုပ်ထွေးလှသောမိသားစုအရေးမှ ထွက်ခွာလာခဲ့ပြီးဖြစ်ပြီကိုဖြင့် ဝန်ခံရမည်။ သေသေသပ်သပ်နှင့်လူကြီးလူကောင်းဆန်သောအပြုအမူဖြင့် သူအပြင်သို့ထွက်လျှင် တကယ်ကိုပင် ကျက်သရေရှိလှပေသည်။
အမှန်တကယ် သင် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ဆိုးကွက်တစ်ချို့ကို ဘေးချိတ်ထားမယ်ဆိုရင် လူတွေက သူ့ကိုကြည့်သည့်အခါ သူ၏ပြီးပြည့်စုံလှသော ပြင်ပပုံသဏ္ဍာန်ကိုသာမြင်နိုင်ပေသည်။
သူကကြည့်ကောင်းသောယောက်ျားတစ်ယောက်ဖြစ်ပြီး စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၌လည်းကျွမ်းကျင်သည်။ သူမှာငွေကြေးပြည့်စုံသည်။ လုပ်ငန်းပိုင်းရင်းနှီးမြုပ်နှံခဲ့သောနှစ်များစွာအတွင်း၌လည်း ကောင်းသော အရှိန်အဝါကောင်းတစ်ခုရရှိနေသည်။
လူအများနှင့်တွေ့ဆုံသည့်အခါ ပျူငှာသည်။ စကားပြောကောင်းသည်။ အလွယ်တကူရယ်မောနိုင်သည်။ သူမအမြင်၌ စက်ဆုပ်စရာကောင်းသည်ဟုထင်ရသော အဖေက သူများအမြင်၌ အဆင့်အတန်းရှိသော လူကြီးတစ်ယောက်ဖြစ်နေသည်။
သို့သော် သူမ၏အာရုံစိုက်မှုအား လူတစ်ချို့ကဆွဲဆောင်သွားသည်။
ရင်းနှီးသူတစ်ယောက်က ကျန်းဟွမ်အား မိတ်ဆက်ပေးလိုက်သောသူနှစ်ယောက်မှာ ရှု မျိုးရိုးကဖြစ်ကြသည်။ ပြီးနောက် သူတို့နှစ်ယောက်က ဇနီးမောင်နှံများဖြစ်သည်။ အမျိုးသမီးက နှစ်လိုဖွယ်ကောင်းသော မျက်နှာထားနှင့် ကြင်ကြင်နာနာ သူမခင်ပွန်း၏ လက်မောင်းအားချိတ်ထားသည်။
ကျန်းဟွမ်က အမူအရာမပျက် အချင်းချင်း နှုတ်ဆက်လိုက်ကြပြီး ချီးမွမ်းခန်းဖွင့်နေကြတော့သည်။ ခဏကြာတွင် နေရာခပ်လှမ်းလှမ်းသို့လျှောက်လာပြီး ကျန်းယန်ရှန့်အား မေးလိုက်သည်။
" ဘာဖြစ်နေတာလဲ…သမီး သူတို့ကိုသိလို့လား….."
သူ ထိုဇနီးမောင်နှံ နှင့်နှုတ်ဆက်စကားပြော နေသည့်အချိန်၌ သူ၏လက်မောင်းအားဆုပ်ကိုင်ထားသော ကျန်းယန်ရှန့်၏ လက်က ရုတ်တရက် တင်းကျပ်သွားသည်။
ကျန်းယန်ရှန့်က ရှု ဇနီးမောင်နှံအားကြည့်လိုက်ပြီး သူ့အားတိုးတိုးလေးပြောလာသည်။
" သူရဲ့အဖေတွေက တရားမဝင်ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ထားတဲ့ အတန်းဖော်တစ်ယောက်ရှိတယ်လို့ ပြောဖူးတာမှတ်မိလား….."
ကျန်းဟွမ် ချက်ချင်း သဘောပေါက်သွားပြီး
" အဲ့ဒါ သူလား….."
သူက အချိုပွဲမှ ဖရဲသီးများကို စားလိုက်ပြီး ခဏကြာမျှ ထိုဇနီးမောင်နှံ အားကြည့်ကာ မေးလိုက်သည်။
" အဲ့ဒါကသူ့ရဲ့ ဇနီးလား… သမီးအတန်းဖော်ရဲ့ အမေပေါ့ ဟုတ်လား……"
ကျန်းယန်ရှန့်တစ်ယောက်
" အွမ်း ….."
တစ်လုံးတည်းသာပြောလိုက်ပြီး ထိုဇနီးမောင်နှံ အား စိုက်ကြည့်နေမိသည်။
ကျန်းဟွမ်က သဘောတကျပြောလိုက်သည်။
" သမီးအတန်းဖော်ရဲ့အမေက တကယ်တော်တာပဲ….."
ဇနီးသည်က သူမ၏ ခင်ပွန်းအကြောင်း ကောင်းကောင်းကြီးသိထားသော်လည်း ဒေါသမပါ၊နှစ်လိုဖွယ်ကောင်းသောမျက်နှာထားနှင့် သူမခင်ပွန်းလက်မောင်းအား ကြင်ကြင်နာနာ ဆုပ်ကိုင်ထားပြီး ဤအခမ်းအနားကို တက်ရောက်ခဲ့လေသည်။ သူမခင်ပွန်းအား ကြည့်ပြီး ပြုံးပြနေသော အချိန်တွင်တောင်မှ သူမမျက်လုံးမှတစ်ဆင့် သူမ၏ ချစ်ခြင်းမေတ္တာများက ပေါ်လွင်နေသည်။
ကျန်ယန်ရှန့်ကလည်းထောက်ခံလိုက်သည်။
" ဟုတ်တယ် သူမက အရမ်းထူးခြားတာပဲ….."
သူမ ထိုသို့ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဟု သူမဘာသာသူမတွေးလိုက်မိသည်။
ရှု အမေ က ရှု အဖေအား မုန်းတီးနာကြည်းနေသည်ကို သူမသိသည်။ သူတို့ကို သူမ အရင်က မမြင်ဖူးခဲ့ပေမယ့် ရှု အမေ၏ အပြုံး ၊ အသွင်အပြင် များက သူမကိုအံ့အားသင့်စေသည်။
ကိုယ့်ခံစားမှုအစစ်အမှန်အား ဤကဲ့သို့ဖုန်းကွယ်နိုင်ခြင်းသည် သူမလိုချင်သော အရည်အချင်းတစ်ခုပင်ဖြစ်သည်။
အရင်ဘဝက ဤကဏ္ဍ၌ သူမ အရမ်းအားနည်းလွန်းခဲ့သည်။ လျန့်ယင်းယင်းက သူမအပေါ် ဒေါသတကြီးကြိမ်းမောင်းသည့်အခါ သူမ ပစ္စည်းများအား ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခဲ့ဖူးသည်။
ထိုစဥ် မနီးမဝေးတစ်နေရာမှာမှ အမျိုးသမီးတစ်ဦး၏ ရုတ်တရက် အော်ခေါ်သံကိုကြားလိုက်ရသည်။
" ဒါရိုက်တာ ကျန်း….."
ကျန်းဟွမ်ကော ကျန်းယန်ရှန့်ပါ လိုက်လာခဲ့လိုက်သည်။ အမျိုးသမီးတစ်ဦးက ကျန်းဟွမ်ဆီသို့လျှောက်လာပြီး သူမ၏လက်အားကမ်းပေးသည်။
ကျန်းဟွမ်က သူမအား လက်ဆွဲနှုတ်ဆက်လိုက်ပြီး
"ဒါရိုက်တာ ရွှယ်….."
ထို့နောက် သူမအားမိတ်ဆက်ပေးသည်။
" ဒါကျုပ်ရဲ့သမီးပါ….."
ကျန်းယန်ရှန့် သူမအားရင်းနှီးသလိုရှိနေသည်။ ကျန်းဟွမ်က သူမကို မိတ်ဆက်ပေးပြီးပြီးချင်း သူမ မှတ်မိလိုက်သည်က နောက်ဆုံးထွက် မဂ္ဂဇင်းမျက်နှာဖုံးတွင် တွေ့ခဲ့ဖူးသည်ကိုပင်ဖြစ်သည်။
ဥက္ကဌ ရွှယ် က လူရှေ့ထွက်လေ့ထွက်ထမရှိသော စီးပွားရေးလုပ်ငန်းရှင်များစွာ နှင့်မတူဘဲ တစ်မူထူးခြားကွဲထွက်နေသည်။
(ယခင်ဘ၀က " ဒီလိုပျင်းစရာကောင်းတဲ့ မိန်းမမျိုးကို ဘယ်သူကများလက်ထပ်ချင်မှာလဲ….."
ဟွမ်းမြောင် နှင့် အခြားသူများက တီဗွီဖန်သားပြင်ထက်မှ စီးကရက်သောက်နေသောအမျိုးသမီးတစ်ဦးအားညွှန်ပြကာ ညစ်ကျယ်ကျယ် ပြောသည်ကိုကြားဖူးသည်
ကျန်းယန်ရှန့်ကို ဒီလိုအသိုင်းအဝိုင်းမျိုးတွင် ပေါက်ဖွားစေခဲ့သည့်အပြင် ဤအကြောင်းအရာနှင့်ပတ်သက်၍ ထိုအချိန်၌ ပြောစရာစကားပင်မဲ့ခဲ့လေသည်။
" ဘီလီယံနဲ့ချီပြီး ချမ်းသာကြွယ်ဝနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ သူမကို လက်ထပ်မယ့်သူရှိလား၊မရှိလားဆိုတာ နင်တို့ ပူစရာကိုမလိုတာ…..)
ဒါရိုက်တာ ရွှယ် တစ်ယောက် သူမကိုယ်သူမ ပြင်ဆင်ဖို့ရာအတွက် အချိန် 30 စက္ကန့်သာယူသည်ဟုထင်ရလောက်သည်။
လက်ဝတ်ရတနာများဝတ်ဆင်ပြီး ဤအခမ်းအနားသို့တက်ရောက်လာကြသော ဇနီးသည်များနှင့်မတူဘဲ သူမကဖြင့် အဆင့်အတန်းရှိရှိလုံလုံခြုံခြုံ ပွဲတက်ဝတ်စုံတစ်စုံတည်းသာဝတ်ဆင်ထားပြီး မည်သည့် အဆင်တန်ဆာမျှ မဝတ်ဆင်ခဲ့ပေ။
သူမ၏ဆံပင်ရှည်များအား ဦးခေါင်းနောက်၌ စည်းနှောင်ထားပုံက အရမ်းပင် ကြော့ရှင်းပြီးကျက်သရေရှိလှသည်။
ကျန်းဟွမ်က သူမသည် K မြို့တော်ကုန်သွယ်ရေးဆိုင်ရာအကြီးအကဲဥက္ကဌ၏ သမီးဖြစ်ပြီး ဤလူမှုကူညီရေးအသင်းအခမ်းအနားအားစီစဉ်သူဖြစ်ကြောင်း လမ်းတွင်ပြောပြထားခဲ့ပြီးဖြစ်သည်။
ကျန်းယန်ရှန့် ဤနာမည်နှင့် သူမအရင်ဘဝက မီဒီယာပေါ်တွင်မြင်ခဲ့ဖူးသော မျက်နှာအားတွဲမမှတ်ချေ။
နှုတ်ဆက်ပြီးနောက် ဒါရိုက်တာ ရွှယ် နှင့် ကျန်းဟွမ်က ပရောဂျက်အကြောင်း ပြောကြသည်။ ကျန်းယန်ရှန့်တစ်ယောက် ပညာရှင်ဆန်သော စကားလုံးများကို နားမလည်နိုင်ချေ။ သို့သော် ဤအမျိုးသမီးက ဤအကြောင်းအား ကျန်းဟွမ်နှင့် အသေအချာပြောရန်လာခဲ့ခြင်းမှာသိသာနေသည်။
ထိုအချိန်မှာပင် သူမ၏ ဖုန်းထဲမှ သူမအား အလောတကြီးခေါ်နေသံကြားလိုက်သည်။
"ကျွန်မလာပြီ…"
" ဒီအကြောင်း နောက်တစ်နေ့မှ ကျုပ်တို့ဆက်ဆွေးနွေးကြတာပေါ့……" ဟု ကျန်းဟွမ်ပြောလိုက်သည်။
" ကောင်းပြီ… ဒါဆို နောက်မှ ကျွန်မ အတွင်းရေးမှူးကို ရှင့်အတွင်းရေးမှူးနဲ့ ရက်ချိန်းတစ်ခုလုပ်ခိုင်းလိုက်ပါ့မယ်….."ဟု ဒါရိုက်တာ ရွှယ် က ပြောလိုက်သည်။
ကျန်းဟွမ်က ခေါင်းငြိမ့်ပြလိုက်ပြီး ဒါရိုက်တာ ရွှယ် လည်း လှည့်ထွက်သွားတော့သည်။
သူမ လမ်းလျှောက်ပုံက ဖြတ်လတ်တတ်ကြွသည်။ ကျောက်မျက်ရတနာများဝတ်ဆင်ထားသော
" သူမက အရမ်းဩဇာအာဏာရှိပုံပဲ ဟုတ်တယ်မလား….."
ကျန်းယန်ရှန့်မေးလိုက်သည်။
" သူမကအရမ်း အာဏာရှိတာပေါ့….."
ကျန်းဟွမ်က ချီးမွမ်းစကားဖြင့်တုန့်ပြန်လိုက်သည်။
" သမီးအတန်းဖော်ရဲ့အမေကလည်း အရမ်းဩဇာညောင်းတာပေါ့…အရင်ကတည်းက အဖေ သူတို့နှစ်ယောက်လုံးနဲ့သိလာတာ… ဒီတစ်ခါကတော့ အဖေတို့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့တွေ့ကြတာလေ…ပထမဆုံးပဲ…"
သူထပ်ပြောသည်။
" သမီး ဒီနေ့မှာ K မြို့တော် ကတာဝန်အရှိဆုံး အမျိုးသမီးသုံးလေးယောက်လောက်နဲ့ မိတ်ဖွဲ့သင့်တယ်….."
ကျန်းဟွမ်က စိတ်အားထက်သန်စွာနှင့်ပြောလာသည်။
"တာဝန်အရှိဆုံးသူတွေလား…သူတို့ကဘယ်သူတွေလဲ……"
ကျန်းယန်ရှန့် သိချင်စိတ်ဖြင့်မေးလိုက်သည်။
" ပထမဆုံးတစ်ယောက်က သမီးရဲ့ အဖိုး … မရယ်နဲ့…အဲ့ဒါအမှန်ပဲ…ပြီးတော့ သမီးစောစောကတွေ့ခဲ့တဲ့ သမီးအတန်းဖော်ရဲ့အမေ ပြီးတော့ ဒါရိုက်တာ ရွှယ် သူမက ဥက္ကဌ ရွှယ် ရဲ့ သမီးပဲ ….."
" သူမမှာ အစ်ကိုတစ်ယောက်ရှိတယ်လို့ သမီးကြားဖူးတယ် ….."
ကျန်းယန်ရှန့် ပြောလိုက်သည်။
(ဒီမိန်းမက သူ့အစ်ကိုရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ခဲ့တာ… သူမကို လက်ထပ်ဖို့မ တန်ပါဘူးကွာ….."
ဟု ဟွမ်းမြောင် နှင့် အခြားသူများ တီဗွီ ကိုလက်ညှိုးထိုး၍ ပြောဆိုနေသံများကို သူမမှတ်မိလိုက်သည်။ )
Xxxxx
Part 164
သို့သော်လည်း တစ်စုံတစ်ယောက်တွင် ငွေသားကြီးအသားတင် 10 ဘီလီယံမက ရှိနေပါက သူတို့ကို လက်ထပ်ခြင်း၊လက်မထပ်ခြင်း ကို ဘယ်သူကဂရုစိုက်ပါတော့မလဲ။ ဟွမ်းမြောင် ၏ ယူဆချက်က ထိုလူအများကို စဉ်းစားတွေဝေသွားစေသည်။
" သမီး သူ့အစ်ကိုကိုလည်း သိတာလား…"
ကျန်းဟွမ် အနည်းငယ်အံ့ဩမှုဖြင့် မေးလိုက်သည်။
" သူမရဲ့အစ်ကိုက ဒါတွေကို မကိုင်တွယ်နိုင်ပါဘူး… သူက လောင်းကစားလုပ်တဲ့အပြင် မူးယစ်ဆေးပါစွဲနေသေးတယ်…ဒါတွေကြောင့်ပဲ သူက လုံးဝသုံးစားမရဖြစ်သွားခဲ့တာ….."
ထို့ကြောင့် ဥက္ကဌ ရွှယ် က သူ၏ မိသားစုပိုင် စီးပွားရေးလုပ်ငန်းများကို သူ့သမီးဖြစ်သူအား အမွေအဖြစ် လွှဲပြောင်းပေးခဲ့သည်။
ကျန်ယန်ရှန့် သရော်ပြုံးပြုံးလိုက်ပြီး
" ကျန်းရှို့ချန်လည်း ကောင်းကောင်းကြီးကို စည်းကမ်းမဲ့နေဦးမယ်ဆိုရင် သူ့အနာဂါတ်လည်းမကောင်းနိုင်ဘူးလေ….."
"သူက အဲ့လိုဖြစ်မှာမဟုတ်ဘူး… ဟုတ်ပြီလား…"
ကျန်းဟွမ် လက်မခံနိုင်ပေ။ လူတွေကဘာလဲ။ သူတို့သည် အခြားသူများအကြောင်းကိုပြောသောအချိန်တွင် သူတို့သိ၊သူတို့တတ် များဖြစ်ကြသည်။ သူတို့ကိုယ်တိုင်အကြောင်းပြောသောအခါ သူတို့မျက်လုံးများက သူတို့မဟုတ်သလိုပင် ဖော်ပြနေကြသည်။
" သူက အရမ်းငယ်သေးတယ်….." ဟူသော ဆင်ခြေကို ကျန်းဟွမ် မကြာခဏပြောဖူးသည်။
ကျန်းယန်ရှန့် ခေါင်းယမ်းကာ အဝေးကိုထွက်ခဲ့လိုက်သည်။
" ဟေ့…"
ကျန်းဟွမ်တစ်ယောက် တတွတ်တွတ်ရေရွတ်ရင်း လိုက်လာခဲ့သည်။
" သူအဲ့လိုဖြစ်လာမှာမဟုတ်ဘူးလို့ ပြောနေတယ်လေ …ငါ့ကလေးကဘယ်လိုဖြစ်နိုင်….."
ဒါရိုက်တာ ရွှယ် ဇာတ်စင်နောက်သို့ ပြန်ဆင်းလာသောအခါ အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က စာရွက်တစ်ထပ်ကိုင်လာပြီး
" နောက်တစ်ကြိမ်ကြည့်ချင်သေးလား……"
သူ့၌ အရပ်ရှည်၍သန်စွမ်းကြံ့ခိုင်ပြီး စိတ်ထားကောင်းသော အသွင်အပြင်ရှိသည်။ ယင်းအရည်အသွေးတို့က အလုပ်ရှုပ်နေသော ဝန်ထမ်းများကြား လူအုပ်ကြီးထဲမှ ထင်းထွက်နေသည်။
သို့သော် သင် အနီးကပ်ကြည့်မည်ဆိုလျှင် သူဝတ်ဆင်ထားသောအရာက အကောင်းစား အနောက်တိုင်းဝတ်စုံမဟုတ်သော်လည်း ဇာတ်စင်နောက်ဝန်ထမ်းအများစုဝတ်ဆင်ကြသော ပုံစံမျိုးလည်းမဟုတ်ပေ။ အရမ်းကြီးဈေးမကြီးသော်လည်း သာမန်အလုပ်ဝတ်စုံကဲ့သို့ အညံ့စားလည်းမဟုတ်ပေ။
ကောင်းမွန်သောဘဝကြောင့် သူတို့မျက်လုံးအရောင်များလင်းလက်နေသည်ကို လူအများ ခံစားမိပေလိမ့်မည်။
" မလိုဘူး… ငါအားလုံးမှတ်မိတယ်….."
ဒါရိုက်တာ ရွှယ် ပြောလိုက်သည်။
လူငယ်လေးက သူမကို အနည်းငယ်မာကြောဟန်ရှိသော ကတ်အချို့ကိုကမ်းပေးလိုက်သည်။
စကားထောက်ကတ်ပြားလေးများဖြစ်သည်။
ဒါရိုက်တာ ရွှယ် က သူတို့ကိုယူလိုက်ပြီး ပြုံး၍မေးလိုက်သည်။
" ဒါကဘယ်လိုလည်း… တစ်ခုခုအကျိုးရှိလို့လား….."
" ဟုတ်ကဲ့…"
လူငယ်လေးကပြောလိုက်သည်။
" မလိုအပ်တဲ့စကားတွေမပြောမိတာက လေ့ကျင့်ထားတာထက်ကိုပိုကောင်းတယ်… တချို့အရာတွေက အာမခံချက်ကောင်းပါတယ်… တစ်ကြိမ်သုံးပြီးရင် ဒါကဘယ်လိုအလုပ်ဖြစ်တယ်ဆိုတာ သိလာလိမ့်မယ်….."
" ယွဲ့စုန့်…"
တစ်ယောက်ယောက်က ခေါ်လိုက်သည်။
လူငယ်လေးက သူခေါင်းကိုလှည့်ပြီး
" ဒီမှာ ဒီမှာ….."
ဟုပြောပြီး ခေါင်းပြန်လှည့်လာသည်။
" သွားပါ….."
ဒါရိုက်တာ ရွှယ် က သူမ၏ မောင်ငယ်လေးတစ်ယောက်ကဲ့သို့ ကြည့်လျက် သူ၏ပုခုံးအားပုတ်လိုက်သည်။
ထွက်မသွားခင်
" အစ်မ ရှင်းထုန်… အဲ့ရှေးဟောင်းကားလေးကိုရအောင်ကူညီပေးဖို့မမေ့နဲ့နော်… ကျွန်တော့်အဖိုးကိုလည်းသွားမပေးနဲ့ဦး….."
ရွှယ်ရှင်းထုန် အပြုံးလေးနှင့် သဘောတူကြောင်းပြလိုက်သည်။
အမှန်တကယ်၌ သူတို့သည်ဝမ်းကွဲမောင်နှမများဖြစ်ကြသည်။
ယွဲ့စုန် ၏အမေသည် ဒါရိုက်တာ ရွှယ် ၏ အဒေါ်ဖြစ်သည်။
ယွဲ့စုန် တခဏမျှ အလုပ်ရှုပ်နေပြီး အစီအစဉ်ကို တရားဝင်စတင်လိုက်လေသည်။
သူသည် နောက်ခံမှ သူ့ဝမ်းကွဲညီအစ်ကို၏ ဖြည်ဖြည်းနှင့်တည်တည်ငြိမ်ငြိမ်ပြောနေသော အသံကိုကြားနေရသည်။
" ချစ်လှစွာသော ဧည့်သည်တော်များ… သူငယ်ချင်းမိတ်ဆွေများ…ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ…မြို့တော်စည်ပင်သာယာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့်…ကြက်ခြေနီအသင်းအဖွဲ့မှ တာဝန်ရှိသူများအားလုံး …..ကောင်းသောနေ့လေးပါခင်ဗျ… K City စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း၏ကိုယ်စား လှိုက်လှဲစွာဖြင့်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာ….."
အခမ်းအနားကစတင်နေပြီဖြစ်သော်လည်း သူကသက်သောင့်သက်သာရှိနေပေသည်။
သူ၏အခန်းဖော် ချန်းဝေ့ လည်း တက်ရောက်လာပြီး အခြားသူများကိုနှုတ်ဆက်နေလေသည်။
" စီနီယာအစ်မ… စီနီယာအစ်မကျန်း …ဒီကိုလာ… ဒီနေရာကဆိုရှင်းရှင်းလင်းလင်းမြင်ရတယ်….."
စီနီယာအစ်မကျန်း လည်းလာလိုက်သည်။
သူတို့သုံးယောက်သည် အစ၌အလုပ်သင်အနေဖြင့် ဤလူမှုကူညီရေးအသင်း၏စီမံကိန်းရေးဆွဲ့
သည့်နေရာတွင် အလုပ်လုပ်ခဲ့သော်လည်း ဤအရေးကြီးသောအချိန်အခါတွင် နောက်ပိုင်းအလုပ်များအား တကယ့်ပညာရှင်များက ကိုင်တွယ်သွားကြတော့မည်ဖြစ်ပြီး အလုပ်သင်များအား တာဝန်ယူမခိုင်းတော့ပေ။ ထို့ကြောင့် သူတို့ အားလပ်နေကြခြင်းဖြစ်သည်။
" တစ်နေကုန်တော့မယ်….."
စီနီယာအစ်မကျန်း ကသက်ပြင်းချကာပြောလိုက်သည်။
ဤလူမှုကူညီရေးအသင်း၌ ဂျူနီယာမောင်လေးဖြစ်သော ယွဲ့စုန် ၏ ဆွေမျိုးတစ်ယောက်ရှိနေ၍ အလုပ်သင်အနေဖြင့် ဤပရောဂျက် တွင်ပါဝင်ရန် သူတို့အား အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။
သူတို့က သူ့အား တစ်ချိန်လုံးမမြင်ဖူး၊ ဂျူနီယာမောင်လေး၏ ဆွေမျိုးဖြစ်သူဘယ်သူဆိုတာကိုပါ မသိသော်လည်း ဤဆွေမျိုးဖြစ်သူဆိုသူက သူတို့အား အရမ်းဂရုတစိုက်ရှိလှသည်။ ကဏ္ဍမျိုးစုံ၌ အနည်းနှင့်အများပါဝင်နိုင်အောင်စီစဉ်ဆောင်ရွက်ပေးရုံသာမက အစကနေအဆုံး ကြည့်ရှူစစ်ဆေးပေးသည်။
ယွဲ့စုန် ကလည်း တူညီသောမေးခွန်းပင်ပြန်မေးလိုက်သည်။
" ဒါကဘယ်လိုလဲ… တစ်ခုခုအကျိုးရှိလို့လား….."
" ဒါပေါ့ ရှိတာပေါ့…ကျောင်းမှာဆိုရင် ငါတို့လုပ်ခဲ့တာတွေက တော်တယ်ထင်ရပေမယ့် ဒီလို လက်တွေ့ပရော ဂျက်တစ်ခုကို လုပ်ရတဲ့အခါကျတော့ ငါတို့ကျောင်းမှာလုပ်ခဲ့ရတာတွေက ကလေးကစားစရာလောက်ပဲရှိတယ်လေ….."
စီနီယာအစ်မ ကပြန်ဖြေပြီး အတည်ပေါက်ကြီးနှင့် ပြောလာသည်က
" ယွဲ့စုန် ဒီတစ်ခေါက်အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်… နင်ကြောင့်သာမဟုတ်ဘူးဆိုရင် ဒီလို အခွင့်အရေးမျိုး ဘယ်ရနိုင်မလဲ….."
ချန်းဝေ့ က ယွဲ့စုန် ၏ လည်ပင်းအားသိုင်းဖက်လိုက်ကာ သူ့အစားဝင်ပြောလိုက်သည်။
" ရပါတယ် ရပါတယ် … ကျွန်တော်တို့ကို ဘာဖြစ်လို့ကျေးဇူးတင်နေရတာလဲ … စီနီယာအစ်မ…အစ်မကအရမ်းကြင်နာတတ်တာပဲနော်….."
စီနီယာ အစ်မကျန်း ပြုံးမိသွားသည်။
သူမ နားနေချိန်ဆိုလျှင် ပူလာသလိုလို၊ရေဆာလာသလိုလိုဖြစ်လာ၍ သောက်ဖို့ရေရှာရန်ထွက်သွားသည်။
သူမ ထွက်သွားချင်းချင်း ချန်းဝေ့ က ယွဲ့စုန် ၏ ပုခုံးအားပုတ်လိုက်ပြီး
" ကျေးဇူး ယွဲ့ညီလေး … ငါမင်းအပေါ်အကြွေးတင်သွားပြီ ….."
ယွဲ့စုန် ဂရုမစိုက်ဘဲ
" ကိစ္စမရှိပါဘူး….."
K တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းက မဆိုးလှချေ။ လက်တွေ့လေ့ကျင့်ခန်းများလည်း လုပ်နိုင်သည်။ သို့သော် စီနီယာအစ်မကျန်း က တစ်ယောက်ချင်းယှဉ်ပြိုင်မှုက ကလေးကစားသလောက်ပင်ရှိသည် ဟုပြောသည်။
ရွှယ်ရှင်းထုန် က သူ့အား အလုပ်သင်အနေနှင့် ဤပရောဂျက် တွင်ပါဝင်ချင်သလားဟုမေးခဲ့သည်။ သူ့တွင် လွန်ခဲ့သောနှစ်များက ကုမ္ပဏီတစ်ခု၏ အခြေခံအုတ်မြစ်အား လေ့လာကြည့်ချင်သည့် အစီစဉ်ရှိခဲ့ဖူးသည်။
ထို့ကြောင့် သူလာခဲ့လိုက်လေသည်။
ဤအခွင့်အရေးကကောင်းသည်ဟုထင်၍ သူနှင့်ကောင်းမွန်သောဆက်ဆံရေးရှိသည့် ချန်းဝေ့ ကိုလည်းသူနှင့်အတူလိုက်ရန်ခေါ်ခဲ့လိုက်သည်။ ချန်းဝေ့ ၌လည်း အလုပ်သင်အတွက် ဤကဲ့သို့ ပရောဂျက်မျိုးလိုက်ရှာနေသော စီနီယာအစ်မကျန်း လည်း ရှိသည်။ ယွဲ့စုန် အား အကူအညီတောင်း၍ သူ စီနီယာအစ်မကျန်း အားခေါ်လိုက်သည်။
ယနေ့အချိန်ထိ တစ်လကြာမျှ အလုပ်များနေပြီးနောက် ဒီနေ့လေလံပွဲပြီးလျှင် သူတို့ နောက်ပိုင်းဤကဲ့သို့အလုပ်ရှုပ်ခြင်းမျိုးရှိတော့မည်မဟုတ်ပေ။
နှစ်ယောက်က ဒီအတိုင်းပင်ရပ်၍ ဆက်ကြည့်နေသည်။
ချန်းဝေ့ က ရုတ်တရက် ယွဲ့စုန် အားတံတောင်နှင့်တွတ်လိုက်ပြီး
" ဟေ့.. ဟိုမှာ.. ဟိုကိုကြည့်ကြည့်… မိန်းမလှလေးကွ……"
ယွဲ့စုန် ညွှန်ပြရာ နေရာသို့ကြည့်လိုက်သည်။
သူ သူမကို တစ်ချက်တည်း တန်းမြင်လိုက်သည်။
လူလတ်ပိုင်းအရွယ်များကြား စင်မြင့်အနီး ခုံတန်း၌ မိန်းကလေးတစ်ဦးက ရေလောင်းထားသော သစ်ခွပန်းလေးပမာ။
အေးချမ်းတည်ငြိမ်ခြင်းများဖြင့်တမူထူးခြားသောအလှတရားပင်ဖြစ်သည်။
Xxxxxx