အပိုင်း ၁၅၉-၁၆၀
Viewers 23k

Part 159


 ယခုတွင် နောက်ဆုံးစာမေးပွဲပြီးသွားပြီ ဖြစ်သောကြောင့် အားလပ်ရက်များ စတင်လေသည် ။ ကျန်းဟွမ် ၊ သားနှင့် မိန်းမနှင့် ကလေးများအား ခေါ်ကာ သူ၏အမေအား တွေ့ရန် ခေါ်ဆောင်ခဲ့လေသည် ။ 


    သူ၏အကြီးဆုံးအစ်ကို၏ မိသားစုနှင့် ချိန်းထားလေသည် ။ ထို့ပြင် ကလေးနှစ်ယောက်သည် လည်း အဖွားနှင့် တွေ့ချင်နေကြသည် ။


    ယောက်ျားများအတွက် ထိုအရာသည် ဝတ်ပြုကိုးကွယ်မှု တစ်ခုပင် ဖြစ်လေသည် ။ သူတို့ ဇနီးမောင်နှံအတွက် ဒီအချိန်သည် မည်မျှ ခက်ခဲနေကြသည်ဟုဆိုစေကာပင် သူတို့၏ အာရုံစိုက်မှု ရမည်မဟုတ်ချေ။ 


    အဖွားကြီး အတွက်တော့ သူမသည် ထိုကဲ့သို့သော အချိန်မျိုးအား သဘောကျနေသေးသည် ။ အသက်ကြီးလာသည်နှင့်အမျှ မည်မျှပင် ခက်ခဲကြမ်းတမ်းခဲ့သည်ပင်ဖြစ်စေကာမူ ၊ ယခု အခါတွင် သူ့တို့၏ကလေးများတွင်  လေးဘက်ထောက်သွားကြသည့်အရွယ်မှစ၍ သားသမီးနှင့်မြေးများ အပြည့်ရှိသည်ကို ကြိုက်နှစ်သက်လာကြသည် ။ 


    ယခုကဲ့သို့ကြီးမားသည့် မိသားစု တွေ့ဆုံပွဲတွင် ကလေးများအကြောင်းသာ ပြောဆိုကြမည်မှာ သေချာပေသည်။ 


    "ဟယ်ဟယ်က အတန်းထဲမှာ ပထမ ရတယ်…"


ကျမ်းဟွမ် သူ့အမေအား ကြွားလိုက်သည် ။ 


    သူမသည် ကျန်းဟယ်လင်း အား ထပ်မံပွေ့ဖက်ကာ "ငါတို့ရဲ့ ဟယ်ဟယ်လေးက ပိုပို တော်လာတာပဲ…"။


ကျန်းဟယ်လင်း ရှက်ကိုးရှက်ကန်းနှင့်တောက်တောက်ပပလေးပြုံးနေသည်။ 


ကျန်းချိီကလည်း ပြုံးလျက် " ငယ်ငယ်တုန်းကဆို…ငါရယ်ရှောင်လင်းရယ် ယန်ယန်ရယ်တို့က စာမေးပွဲတိုင်း ပထမနဲ့ ဒုတိယနေရာ အမြဲရနေကျ…အလယ်တန်း‌ရောက်တော့ စာပိုလုပ်ခဲ့ကြတာပေါ့…ငါတို့သာ စာမလုပ်ရင် စာမေးပွဲကျဖို့ အလွယ်လေးပဲ…မူလတန်းကျောင်းမှာ အပျော်ဆုံး…အရမ်းကိုပျော်စရာ ကောင်းတာ…ဒါနဲ့စကားမစပ် …ရှို့ရှို့ရဲ့ နောက်ဆုံးစာမေးပွဲကရော ဘယ်လိုနေလဲ …"


ကျန်းဟွမ်သည် သူ၏တူမများအား အပြုံးမပျက်ပင် ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်အား ဝှေ့ယမ်းပြကာ " မေ့လိုက်တော့…"


အပြုံးမပျက်နေနိုင်ခြင်းသည် စွမ်းရည်တစ်ခုဖြစ်ကြောင်းကို ကျန်းယန်ရှန့် ရုတ်တရက် သိခဲ့ရ၏။


အနည်းဆုံးတော့ သူမသည် ထိုကဲ့သို့သော စွမ်းရည်မျိုး မမွေးမြူနိုင်သေးပါ။ သူမသည် နောက်သို့ပြန်ပြေးချင်နေသည့်ကျန်းရှို့ချန်၏ ခေါင်းအားလက်တစ်ဖက်ဖြင့် လှမ်းကိုင်ထားကာ ပြောလိုက်သည်။ 


" အဆင်ပြေပါတယ်…သူ စာမေးပွဲ အောင်ပါတယ်…"


သူတို့၏ဝမ်းကွဲ ကျန်းလင်းသည် ကျယ်လောင်စွာ ရယ်မောလေသည်။ အဒေါ်နှင့် ဦးလေးတို့သည် လည်း အရယ်မရပ်နိုင် ဖြစ်နေကြ၏။ ကျန်းယန်ရှန့်က သူတို့အား အေးစက်စွာ ကြည့်လိုက်သည်။သူမ၏ ဝမ်းကွဲ ကျန်းချီ၏ အပြုံးတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များပါဝင်နေ၏။ သူမ၏အဖေဖြစ်သူ ကျန်းဟွမ်သည်လည်း အပြုံးမပျက်နေနေရှာသည်။သို့သော်လည်းသူ၏လက်များဖြင့် ဒူးအားခပ်ဖွဖွပွတ်နေခဲ့သည်။


ကျန်းဟွမ်သည် ကိုယ်ပိုင်မိသားစုတွင် ကြီးမားသည့် စွမ်းအားနှင့် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ ထို့ပြင် သူ၏ကိုယ်ပိုင် ပျော်ရွှင်မှုအား သူနှစ်သက်သလို ရှာဖွေသည်။


သို့သော် အဘွားကျန်း ၊ အစ်ကိုအကြီးဆုံးနှင့် မရီးဖြစ်သူတို့၏ရှေ့တွင်မူ ထင်ထားသလို မဟုတ်တော့ချေ။


ကျန်းယန်ရှန့် အဝေးသို့ကြည့်ကာ တစ်ခုခုပြောရန် ကြိုးစားနေတုန်းပင် သူမ ပြောချင်သည့်အရာအား ကျန်းဟယ်လင်းမှ အရင်ပြောလိုက်သည်။


ကျန်းဟယ်လင်းက သူမ၏ ပါးစပ်အား လက်ဖဝါး သေးသေးလေးနှင့် အုပ်ကာ အဖွားအား တိုးတိုးတိတ်တိတ်ပြောရန် ကြိုးစားလေသည်။


"ဒီတစ်ခေါက်မှာ ပိုတိုးတက်လာပါတယ်…ပြီးခဲ့တဲ့ စာသင်နှစ်တုန်းကဆို နှစ်ဘာသာတောင် ကျခဲ့ပြီးတော့ သင်္ချာလည်း ၂၈ မှတ်ပဲရခဲ့တာ…"


သို့သော် အားလုံးသည် အဖွဲ့နှင့် ဝိုင်းဖွဲ့ထိုင်နေကြသည် ဖြစ်သောကြောင့် မကြားနိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ကျန်းချီနှင့် ကျန်းလင်းတို့သည် ပို၍ပင် ရယ်မောကြလေသည်။ 


လျန့်ယင်းယင်း မျက်နှာပူလှပြီဖြစ်သည် ။ ကျန်းယန်ရှန့်နှင့် ကျန်းဟယ်လင်းတို့၏ ပါးစပ်များအား အပ်နှင့်ချုပ်ပစ်ရန်သူမ မစောင့်နိုင်တော့ချေ။ ထိုနှစ်ယောက် စကားအပြောအဆိုမတတ်သောကြောင့် သူမကို အရှက်ရစေသည် 


အဖွားကျန်း အံ့ဩသွားကာပြောလိုက်သည်။


"ဒါတကယ့်က်ို ကောင်းမွန်တဲ့ တိုးတက်မှုပဲ…"


သူမ ကျန်းရှို့ချန်အား လက်ယပ်ခေါ်လိုက်သည်။


"ရှို့ရှို့…ဒီနားလာပါဦး…အဖွားဆီလာပါဦးကွယ်…"


ကျန်းရှို့ချန်သည် အဖွားအား အနည်းငယ်ရှိန်ပြီးတုံ့ဆိုင်းနေခဲ့သည်။ အဖွားသည် သူနှင့် အရင်က မရင်းနှီးပေ။


သို့သော် အကြီးဆုံး အစ်မ ကျန်းယန်ရှန့်က သူ၏ကျောပြင်အား လက်ဝါးဖြင့် အသာတွန်းပို့ပေးလေသည် ။


အစ်မလတ် ကျန်းဟယ်လင်းသည်လည်း မတ်တပ်ထရပ်ကာ အဖွား၏နံဘေးရှိနေရာကိုဖယ်ပေးခဲ့၏။


ကျန်းရှို့ချန် အဖွား၏အနားသို့ ရောက်သွားလေသည်။


အဖွား၏ စူးရှထက်မြက်သော မျက်လုံးများသည် သူမ၏သားသမီးများနှင့် မြေးများအား အချိန်ပြည့် စူးစမ်းလေ့လာနေလေ့ရှိသည် ။ကျန်းရှို့ချန်သည် အရင်ကထက် အများကြီး လိမ္မာလာသည်ဟု သူမသတိပြုမိခဲ့သည်။


အဖွားက မြေးလေး၏လက်အား ကိုင်ထားကာ မေးလိုက်သည်။


"အဖွားကိုပြောစမ်းပါ…ဘာလို့ ဒီလောက် တိုးတက်လာရတာလဲ…”


ကျန်းဟယ်လင်း၏ ပထမဆုနှင့် သူ၏ အဆင့်များမှာ ယှဉ်မရကြောင်းကို ကျန်းရှို့ချန်သိရှိနားလည်သည်။


ထို့ကြောင့်သူသည် ယခု အချိန်တွင် အဖွားအနားရောက်နေသည်ကို မပျော်ရွှင်ပေ။အဆူခံရတော့မည်ဟု ထင်နေခဲ့သည် ။ 


"နင့်အစ်မတောင် အတန်းထဲမှာ ပထမဆု ရသေးတာ …နင်ကဘာလို့ အောင်ရုံလေး အောင်ရတာလဲ…" ဟူသော စကားများ ကြားရတော့မည်ဟု ထင်နေလေသည် ။ 


သို့သော် ရလဒ်ကြောင့် အံ့ဩခဲ့ရသည် ။ အဖွား၏ လေသံသည် ချီးမွမ်းခြင်းနှင့် အားပေးခြင်းတို့ အပြည့်ရှိပုံ ရလေသည် ။ 


ကျန်းရှို့ချန်တွင် လူကြောက်သော အကျင့်မရှိချေ။ကျန်းဟယ်လင်းနှင့်မတူစွာ ကွာခြားလှသည်။


စကားစရန် လမ်းကြောင်းပေးလိုက်လျှင် တစ်နေကုန်ပင်ပြောနိုင်သူဖြစ်၏။


သူသည် ရုတ်တရက် ကျယ်လောင်စွာဖြင့် "သားအစ်မနဲ့ အန်တီက သားစာလုပ်တာက်ိုညနေ့တိုင်း စောင့်ကြည့်ပေးလို့ …အခုလို တိုးတက်လာတာပါ…" ဟုပြောလေသည် ။ 


အဖွား က ရွှင်မြူးစွာ ရယ်လေသည် ။ 


ယခုအချိန်တွင် ကျန်းဟွမ်၏အပြုံးမှာ အစစ်အမှန်ဖြစ်ကြောင်း ကျန်းယန်ရှန့် ခံစားရ၏။


ကျန်းယန်ရှန့်သည် အိမ်မဟုတ်သော အခြားတစ်နေရာတွင် ကျန်းဟွမ်အား ကြည့်ရှုလေ့လာရန် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ကို ရုတ်တရက် ရှာဖွေ တွေ့ရှိခဲ့သည်။ လျန့်ယင်းယင်းတစ်ယောက် ယခုကဲ့သို့ အပြင်တွင် ရှက်ရွံ့ကာ ပြုံးနေသည်ကို ကြည့်ရခြင်းသည်လည်း ပို၍စိတ်ဝင်စားစရာကောင်း၏။


အတိတ်ဘဝတွင် သူမသည် အိမ်ဆိုသည့် အရာလေးထဲတွင်သာ ကန့်သတ်ခံထားရသောကြောင့် အမြင်ကျဉ်းမြောင်းခဲ့သည်။ 


"နင်ကတော့ တစ်ကယ့်မျောက်ကလေးပဲ…"


 အဖွားက ပြုံးလျက် ကျန်းရှို့ချန်၏ နဖူးအား လက်ညှိုးဖြင့် အသာထိုးကာ ပြောလိုက်သည်။


"နင့်အစ်မကို ထိန်းချုပ်ခွင့်ပြုသင့်တယ် …မှတ်ထားဦး… အစ်မဖြစ်သူတွေ လုပ်နေတာတွေက နင်ကောင်းဖို့ အတွက် ချည်းပဲ…အခုပဲကြည့်…သူတို့က နင့်ကို ဂရုစိုက်နေသေးသ၍ နင့်ရဲ့အဆင့်တွေလဲ တိုးတက်လာမှာပဲ…အားလုံးစိတ်ချမ်းသာရပြီး နင်လည်းနည်းနည်းပဲ အရိုက်ခံရတော့တာပေါ့…"


ကျန်းရှို့ချန် ထိုအချက်အား ခဏတာတွေးကြည့်ခဲ့လ်ိုက်သည်။ မှန်ကန်ပေသည်။ 


သူ့ အစ်မများ၏စကားနားထောင်ကာ အိမ်စာများအား သေချာလုပ်ပါက ကျန်းယန်ရှန့်သည် သူ့ကို မကြာခဏ ရိုက်တော့မည် မဟုတ်ပေ။


စာမေးပွဲ‌တိုင်းကိုအောင်လျှင်သာ အားလုံးပျော်ရွှင်ကြမည်ဆိုလျှင် သူသည်လည်း နားမလည်နိုင်စွာဖြင့် လိုက်ပါပျော်ရွှင်မိပေမည်။


ထို့နောက်ရှို့ချန်တစ်ယောက် တောင်ပေါ်သို့ သွားရောက်လည်ပတ်စဉ်က အချိန်ကောင်းများကို သတိရသွားကာ အဖွားအား ဆက်ပြောလေသည်။


"အဖွား…သားတို့ တောင်ပေါ်ကိုဘယ်တော့ ထပ်သွားကြမှာလဲ…သား တောင်ပေါ်မှာ သွားဆော့ချင်လို့ပါ…"


ခံ့ညားသန်မာပြီး လိမ္မာရေးခြားရှိသော ထိုကလေးသည် အလွန်သဘောကျစရာ ကောင်းပေသည် ။ 


Xxxxxx


Part 160


အဖွား၏ နှလုံးသားထဲတွင် အမှတ်တရများကို ပိုမိုရင်းနှိီးလာသည် ။


"အခုက ဆောင်းရာသီပဲ…တောင်ပေါ်မှာ ဘာမှ ရှိမှာမဟုတ်ဘူး…နွေရာသီ ပိတ်ရက်မှ အဖွားတို့ သွားလည်ကြမယ်…အဲ့အချိန်က အားလပ်ရက်မဟုတ်လား…ကလေးတွေက်ို နွေးထွေးတဲ့နေရာမှာ ကစားဖို့ ခေါ်သွားကြရအောင်…"


အဖွားကြီး နောက်ဆုံးတစ်ခွန်းအား ကျန်းဟွမ်ကိုကြည့်လျက် ပြောလိုက်ခြင်းဖြစ်သည်။


ကျန်းဟွမ် အလျင်အမြန်ခေါင်းငြိမ့်ကာ 


"ကျွန်တော် စီစဉ်ထားလိုက်ပါ့မယ်…"


ထိုအချိန် တွင် ကျန်းယန်ရှန့်၏အဒေါ်က ဝင်ပြောလေသည်။


"အားလပ်ရက်ကျရင် ကျွန်မတို့တစ်နေရာသွားကြမလို့စီစဉ်ထားတယ်…ရှောင်လင်းကို Mနိုင်ငံ မှာ ကျောင်းတက်ခိုင်းမှာဆိုတော့ သူ့ကို ကျောင်းဝန်းပတ်ဝန်းကျင်နဲ့ နေရာတွေလိုက်ပတ်ကြည့်ခိုင်းမလို့လေ....ဒါမှ နောင်အခါ ကျောင်းရွေးရတဲ့အချိန်ကျရင် ဘယ်ကိုသွားချင်လဲဆိုတာ သေချာသိသွားမှာ…."


မူလတန်းကလေးနှစ်ယောက်၏အရေးကိစ္စထက် ကျန်းလင်း၏ကျောင်းကိစ္စက ပို၍စိတ်ဝင်စားစရာကောင်းသည်။


ကျန်းယန်ရှန့်၏ အဒေါ်က ထိုခေါင်းစဉ်နှင့်အကြောင်းအရာအားအသုံးချ၍ အဖွားကြီး၏အာရုံကို ဆွဲဆောင်သွားလေသည်။


ကျန်းဟွမ်သည် အစ်ကိုအကြီးဆုံး၏ မိသားစုနှင့် ယှဉ်ပြိုင်ခြင်းမရှိဘဲ အဖွားကြီး၏ အာရုံစိုက်မှုအား ထိုမိသားစုကိုသာ ရရှိစေ၏။


သူမတို့မိသားစုမှကလေးများသည် တခြားမိသားစုကဲ့သို့ မတော်ကြသောကြောင့် မိသားစု တွေ့ဆုံပွဲများတွင် မျက်နှာငယ်ရကြောင်းကို ကျန်းယန်ရှန့် သတိထားမိလိုက်သည် ။


ကျန်းယန်ရှန့် ရုတ်တရက် ရှက်ရွံ့မိသွား၏။


ယခုကဲ့သို့ ပူလောင်ကာ အပြုသဘောဆောင်သည့် ရှက်ရွံ့ခြင်းအား ခံစားရသည်မှာ ပထမဆုံး အကြိမ် ဖြစ်လေသည်။ 


သူမ၏ အကြည့်သည် မြေပြင်ပေါ်သို့ အခိုက်အတန့်တစ်ခုစာမျှ ကျရောက်သွားသည် ။ ထို့နောက် ကျန်းယန်ရှန့်သည် ပြုံးရွှင်နေသော သူမ၏ ဝမ်းကွဲအစ်မကျန်းချီကို တစ်ချက်ကြည့်သည်။


အချို့သော စကားများသည် နှုတ်မှပြောရန်မလိုပေ။


အဘယ့်ကြောင့်ဆိုသော် မျက်လုံးသည်စိတ်၏တံခါးပေါက်ပင်ဖြစ်ပေသည် ။ 


ကျန်းယန်ရှန့်သည် 'ရန်ငြိုးဖွဲ့ခြင်း'ဆိုသည့် စကားလုံးနှင့် ပက်သက်လျှင် အမြဲ ဆတ်ဆတ်ထိ မခံဖြစ်ခဲ့သည်။


သူမသည် အေးစက်စက်အကြည့်များဖြင့် ကျန်းချီနှင့် အကြည့်ချင်း ဆုံလိုက်လေသည်။ 


အချိန်အနည်းငယ်ကြာ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်ပြီးသည့်နောက်တွင် နှစ်ယောက်သား အကြည့်လွှဲလိုက်ကြ၏။


အကြီးဆုံးချွေးမထံမှ ကျန်းလင်း၏ စာလေ့လာမှုများအကြောင်း ကြားရပြီးနောက်တွင် အဖွားကျန်းက ကျန်းချီဘက်သို့ စကားလှည့်လာသည်။


ကျန်းချီက ပြုံးလျက် "သမီး ကျောင်းကို ရောက်ရောက်ချင်းပဲ ကျောင်းသားသမဂ္ဂထဲကို ဝင်လိုက်တယ်…ကျောင်းတစ်ကျောင်းမှာ ကျောင်းသားသမဂ္ဂက အထိရောက်ဆုံးလို့ သမီးထင်တယ်…လုပ်ကိုင်စရာတွေ အများကြီးရှိနေရုံတင်မကဘူး ကျောင်းသားတွေ အများကြီးနဲ့လည်းသိကျွမ်းကြရတယ်…တက္ကသိုလ်ဆိုတာမျိုးက ကျဥ်း‌မြောင်းတဲ့လူ့အဖွဲ့အစည်းလို့ထင်ရပေမဲ့ သူ့ဟာနဲ့သူလည်ပတ်နေတာတွေအများကြီးပဲ…"


အဖွားကြီးက ပြုံး၍ခေါင်းငြိမ့်နေလေသည် ။ 


ကျန်းချီသည် ရုတ်တရက်ပင် စကားပြောင်းလိုက်ကာ ကျန်းယန်ရှန့်အား ပြုံးလျက်မေးလာ၏။


"ယန်ယန်ရော ရီအထက်တန်းကျောင်းမှာ အဆင်ပြေရဲ့လား…ထိပ်ဆုံးတန်းကိုရော ဝင်သွားပြီလား…"


ကျန်းယန်ရှန့်၏အဒေါ်သည်လည်း သူမဘက်သို့ ခေါင်းလှည့်လာကာ မေးလေသည်။


 "အန်တီကြားတာတော့ ရီအထက်တန်းကျောင်းက စာသင်နှစ်တစ်နှစ်မှာ နှစ်ခါတောင် အတန်းပြောင်းတယ်ဆို …စာသာသေချာမလုပ်ရင် တခြားအတန်းကို ကျသွားနိုင်တယ်…ဖိအားအတော်များမှာပဲ…"


အမေရော သမီးပါ တစ်လေသံတည်း ဖြစ်ကြလေသည် ။ အလွန်တူကြသည့် သားအမိပင်ဖြစ်ပေ၏။ 


ကျန်းဟွမ်၏ အပြုံးသည် တဖြည်းဖြည်းနှင့် သဘာဝမကျ ဖြစ်လာခဲ့သည်ကို ကျန်းယန်ရှန့် မြင်တွေ့လိုက်ရသည် ။


ဦးလေးဖြစ်သူ၏မိသားစုရှေ့တွင် သူမသည် ကျန်းဟွမ်၏ အကြီးမားဆုံး အားနည်းချက်ဖြစ်လာသည် ။ 


ကျန်းယန်ရှန့် ကမောက်ကမ ခံစားသွားရသည်။ 


 "သမီးက ရိုးရိုးတန်းမှာရောက်နေတာပါ…ရီအထက်တန်းကျောင်းမှာရှိတဲ့ ထိပ်ဆုံးအတန်းဆိုတာက k မြို့မှာတော့ ပိရိမစ် ထိပ်စီးလိုပဲ…အတန်းသားမှန်သမျှက IQမြင့်ပြီးတော့ အလုပ်ကြိုးစားကြတဲ့လူတွေချည်းပဲ…သူတို့ရဲ့ ရည်ရွယ်ချက်က ထိပ်တန်းတက္ကသိုလ်နှစ်ခုကို တက်ရဖို့လေ…သမီးလို ပုံမှန် IQ ရှိတဲ့လူကတော့ အစ်မ ချီချီလိုမျိုး ထိပ်တန်းကျောင်းကိုဝင်ခွင့်ရဖို့ သဘက်ခါစာမေးပွဲကိုပဲ ကြိုးစားပြီး ဖြေရမှာပေါ့…"


သူမသည် ယခင်ဘဝတွင် ထိပ်တန်းကျောင်းဝင်ခွင့်ရရန် ကြိုးစားမည်ဟု ပြောခဲ့ပါက ဟာသတစ်ခုပင် ဖြစ်နေဦးမည်။ 


သို့သော် ယခု ဘဝ၌မူ ဟာသ မဟုတ်တော့ပေ။


 ရီအထက်တန်းကျောင်း၏ ရိုးရိုးတန်း အဆင့်သတ်မှတ်ချက်အရ စာမေးပွဲအောင်ရန်ကျိန်းသေသည်။သို့သော် လုံလောက်သော ကြိုးစားမှု မရှိပါကလည်း စာမေးပွဲ ကျနိုင်ပေသည် ။ 


ကျန်းယန်ရှန့်သည် ယခုဘဝတွင် ကိုယ်ပိုင်ကြိုးစားမှု ၊ အစီအစဉ်ချတတ်မှုဖြင့်တို့သာ ကျန်းချီကဲ့သို့ k တက္ကသိုလ် သို့ဝင်ရောက်နိုင်ပေလိမ့်မည်။


ကျန်းဟွမ်၏ မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခု တောက်ပလာလေသည်။ 


မကြာသေးမီက ရှိခဲ့သော မသက်မသာဖြစ်မှု ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိမှုတို့မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည် ။


ကျန်းဟွမ်က သူ၏သမီးအား ပြုံး၍ကြည့်နေ၏။

ထိုအကြည့်များထဲတွင် အားပေးမှုလည်း ပါဝင်နေလေသည် ။ 


ကျန်းချီတို့သားအမိဆွံ့အသွားတော့၏။


 အဒေါ်ဖြစ်သူက ပြုံးလျက် "သမီးက ငယ်ပါသေးတယ်ကွယ်…အရာအားလုံးက လွယ်ကူနေတယ်လို့ ထင်နေတာပေါ့…တကယ်တော့ ဘယ်အရာကမှ ထင်သလောက် မလွယ်ဘူးကွဲ့ …ထိပ်တန်း‌ကျောင်းဝင်ခွင့်ရဖို့က လွယ်တယ်လို့ သမီးထင်နေတာလား…သမီးအစ်မ ဘယ်လောက် စာကြိုးစားတယ်ဆိုတာ သမီးမသိပါဘူးကွယ်…"


ကျန်းယန်ရှန့်သည် ခေါင်းငြိမ့်ကာ "အန်တီမှန်ပါတယ်…ကိုယ်တိုင်က IQ မမြင့်ဘူးဆိုရင်တော့ …ကြိုးကြိုးစားစား စာလုပ်တာကပဲ ထိန်းထားနိုင်မှာပေါ့…"


ကျန်းချီတစ်ယောက်သွေးအန်လုမတတ်ဖြစ်သွားသည်။


အဒေါ်ဖြစ်သူက တစ်စုံတစ်ခုဆက်ပြောရန် ကြံစည်နေစဉ်၌ အဖွားကြီးမှ ရုတ်တရက် လက်ခုပ်ထတီး၏။


 "ငါတို့ မိသားစုထဲမှာ…ထူးထူးခြားခြား ဥာဏ်ရည် ထက်မြက်တဲ့ကလေးမျိုး မရှိဖူးသေးဘူး…မွေးရာပါ ဥာဏ်ကောင်းတဲ့ ကလေးတွေတွေ့ဖူးတယ်…သူတို့က တခြားသူတွေလိုပဲအတန်းတက်ကြတယ်…ဒါပေမယ့် စာလုပ်ပြီးသွားကြရင်တော့ အဖွဲ့လိုက်စုပြီး ပြောချင်ရာပြောလုပ်ချင်ရာလုပ်ကြတယ်...သာမန်ကလေးတွေကတော့ စာသင်ပြီးလည်းပဲ စာထပ်လုပ်ရင်း သူတို့တွေကို အမှီလိုက်နိုင်အောင်ကြိုးစားကြရတာပဲ "


ကျန်းယန်ရှန့်၏ အသံသည် ရုတ်တရက် ငြင်သာလာကာ ထိုအကြောင်းအရာအား ဆက်လက်ဆွေးနွေးလေသည်။


 "ဟုတ်တယ်…သမီးတို့ကျောင်းရဲ့ ထိပ်ဆုံးအတန်းကလူတွေအကုန် အဲ့လ်ိုတွေချည်းပါပဲ…သမီးတို့အတန်းထဲက အတန်းဖော် တချို့ဆို စာဖိလုပ်ပြီး ဒီနှစ်ထိပ်ဆုံးအတန်းကို ဝင်သွားကြတာ အဖွားရဲ့…"


 အဖွားကျန်းက ကျန်းရှို့ချန်၏ ခေါင်းအား ပွတ်သပ်ကာ "သား ကြားတယ်မဟုတ်လား…အဲ့ဒါကြောင့် ပိုကြိုးစားရမယ်နော် …"


ကျန်းဟယ်လင်းတစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။


 "အဖွား…သမီးကရော ဘယ်လိုလူမျိုးလဲဟင်…အစ်မချီချီလိုမျိုး လိုလေသေးမရှိIQမြင့်နေတဲ့သူလား... ဒါမှမဟုတ် စာပိုဖိလုပ်ရမဲ့သူလား "


အဖွားကျန်း သဘောကျစွာဖြင့် ရယ်မောလိုက်မိလေသည်။


Xxxxxx