Part 155
သေချာပေသည်။ရှုလီချန်က လျှာဖျားဖြင့် သူ၏ပါးစောင်သို့ ထိုးကာ ကျန်းယန်ရှန့်နှင့် အကြည့်ခြင်း မဆုံမိအောင် ဟိုကြည့် ဒီကြည့် လုပ်နေလေသည် ။
ကျန်းယန်ရှန့်က အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ မနေနိုင်ဖြစ်ကာ ဝန်ခံလေသည်။
"ကျောင်းလိပ်စာ စာအုပ်ထဲကသိတာ…ဆရာတွေက အံ့ဆွဲထဲမှာပဲထည့်သိမ်းထားကြတာ …သော့တောင်ခတ်မထားဘူးလေ…"
ကျန်းယန်ရှန့် မေးတာရပ်လိုက်သည် ။ သူကိုယ်တိုင်မဟုတ်လျှင်တောင် တစ်ခြားကျောင်းသားဖြစ်လိမ့်မည်။ သန့်ရှင်းရေးအန်တီလည်း ဖြစ်နိုင်သလို တစ်ချို့ ဆရာ များသည်ပင်လျှင် သူ့အစားကြည့်ပေးကြမည်ဖြစ်သည် ။ ပိုက်ဆံ လိုချင်ကြသည့် လူတွေချည်းသာဖြစ်သည် ။
"နင် နှာဘူးလား…နင်စိတ်ကျေနပ်ဖို့အတွက်နဲ့သူများ လိပ်စာကို ကြည့်ရအောင်က …"
ကျန်းယန်ရှန့်သည် ကျန်းကျစ်ယွမ်မှ မဆဲဆိုရန် သတိပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူမ ပါးစပ်မှ ဆက်တိုက် ဆဲဆို မိပေလိမ့်မည်။
ရှုလီချန်သည် သူ့ကိုယ်သူ ကာကွယ်ကာပြောဆိုလေသည်။
" ငါက ဒီတိုင်း နင့်နောက်ကို စိတ်ရောကိုယ်ပါ တစ်စိုက်မတ်မတ် လိုက်နေခဲ့တာပါ…"
ကျန်းယန်ရှန့် သူ့အား အော်ငေါက်လိုက်သည်။
"ဒါက သဘောကျလို့ လိုက်တာမှ မဟုတ်ပဲ…ဒါက အတိအကျကို နှောက်ယှက်မှုပဲ…"
ရှုလီချန်သည် ကောင်းကင်သို့ ညွှန်ပြလျက် ကျိန်ပြလေသည်။
"ငါနင့်လိပ်စာပဲ ကြည့်ခဲ့တာပါ…ငါအရင်က အဲ့လို မကြည့်ဖူးပါဘူး…"
ကျန်းယန်ရှန့်မှ ရွဲ့ကာ ပြောလိုက်သည်။
"အဲ့တော့ ဘာဖြစ်လဲ…အဲ့လိုလုပ်ပေးလို့ ငါက ကျေးဇူးပါ တင်ရဦးမှာလား…"
ရှုလီချန်က ဆက်ပြောနေလျှင် အဆင်မပြေနိုင်တော့သည်ကို သိသောကြောင့် စကားလမ်းကြောင်းပြောင်းရန် ကြိုးစားသည်။
"နင်နဲ့ နင့်ညီမလေး အဆင်ပြေကြရဲ့လား…ငါကြားတာတော့ နင့်မောင်လေးနဲ့ နင့်ညီမလေးက သပ်သပ်စီ နေကြတာဆို…."
"နင် အဲ့အကြောင်းကို စိတ်ပူစရာမလိုပါဘူး…"
ကျန်းယန်ရှန့်မှပြောသည်။
"ကိုယ့်ကိစ္စသာ ကိုယ် ဂရုစိုက်စမ်းပါ…နင့်အမေနဲ့နင် ဘာဆက်လုပ်ကြမှာလဲ…နင့်အဖေနဲ့ တိုက်ပွဲကဘယ်တော့ လုပ်မှာလဲ…"
ရှုလီချန်မှပြောသည်။
"ငါ့အမေက အဆင်သင့်မဖြစ်သေးဘူးလို့ပြောတယ်…ငါ့အဖေကို သတိပေးသလိုသာ မဖြစ်စေနဲ့လို့ပြောတယ်…"
ကျန်းယန်ရှန့်မှပြောလိုက်သည်။
"နင့်မှာသာ စဉ်းစားဥာဏ်ရှိရင် နင့်အမေစကားကို နားထောင်စမ်းပါ…"
ရှုလီချန်က စိတ်ဆိုးစွာဖြင့် ပြန်လည်ချေပသည်။
" ဘယ်သူက ဥာဏ်မရှိလို့လဲ…ငါက ဘာမှမသိချင်ယောင်ဆောင်ထားမယ်လို့ ငါ့အမေကို ကတိပေးထားတယ်…"
"အဲ့တာကအဆင်ပြေပါတယ်…နောက်ကျရင် သူတို့နဲ့ ပြသနာလုပ်ဖို့ အခွင့်အရေး ပေါ်လာနိုင်တယ် …အဲ့ဒီအချိန်ကြရင် နင့်အမေက နင့်ထက်…ပြသနာတွေပို ဖန်တီးနိုင်လိမ့်မယ်…နင့်အမေရဲ့ လမ်းကြောင်းကိုသာ လိုက်သွားပါ…သူအပေါ်ကို မကောင်းတာ လုပ်မိပြီး ဆွဲမချမိစေနဲ့…"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ငါ့အဖေနဲ့ နင်တို့ရဲ့ မိသားစု အရှုပ်အထွေး ကိစ္စတွေ ပြောဖြစ်ခဲ့ကြတယ်…"
သူမသည် ကျန်းဟွမ်၏ အကြံပေးချက်အား ရှုလီချန်အား ပြောပြခဲ့သည်။ ထိုသို့ ပြောပြီးသည့်နောက်တွင် သူမထုံထိုင်းသွားသလို ခံစားရသောကြောင့်သူမ၏လက်အား ဝှေ့ရမ်းကာ ပြောလိုက်သည်။
"မေ့လိုက်တော့…မေ့လိုက်တော့…ငါမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့…ငါနင့်ကို အခက်တွေ့အောင် မလုပ်ခြင်ဘူး…"
မမျှော်လင့် ထားစွာဖြင့်ပင် ရှုလီချန်က သူမ၏စကားအား ကလန်ကဆန် မလုပ်ပဲ တိတ်ဆိတ်စွာဖြင့် နားထောင်နေလေသည် ။
ကျန်းယန်ရှန့် အံ့ဩသွားလေသည် ။
အချိန်အတော်အကြာတွင် ရှုလီချန်မှ စကားစပြောလေသည်။
"ငါ့အဖေနဲ့ အမေသာ တိုက်ခိုက်ကြတော့မယ်ဆိုရင် …ငါ့အမေကလည်း အဲ့ဒီစကားကိုပဲပြောတယ်…သူတို့တစ်ယောက်နဲ့တစ်ယောက် မျက်နှာပျက်လောက်အောင် အထိ ဖြစ်ခဲ့ကြရင်တောင် ငါနဲ့ငါ့အဖေရဲ့ ဆက်ဆံ ရေးကို ဆက်ထိန်းထားရမယ်လို့ကတိပေးခဲ့ရတယ်…."
ကျန်းယန်ရှန့် အချိန်အတော်ကြာ တိတ်ဆိတ်နေကာ ထိုကဲ့သို့ အရာမျိုးကိုလည်း ရှုလီချန် လုပ်နိုင်မည်ဟု မထင်ပေ။
"နင်…လုပ်နိုင်မှာလား…"
သူမ တွန့်ဆုတ်စွာ မေးလိုက်သည် ။
ရှုလီချန်က ရှက်ရွံ့သွားသည်။
"ကျန်းယန်ရှန့်…နင့် နှလုံးသားထဲမှာ…ငါက…ဘာမှမလုပ်နိုင်တဲ့…အရူးတစ်ကောင်ပဲလား…"
အခြေခံအားဖြင့်ဆိုရသော် မှန်ကန်ပေသည်။
ကျန်းယန်ရှန့်က အလိုက်အထိုက်ပင် မေးလိုက်သည်။
"နင်ကရော ဘာလုပ်ခဲ့ဖူးလို့တုန်း..."
ရှုလီချန် နင် သွားသည် ။
သူ့ အတိတ်အား ပြန်လည် စဉ်းစားကြည့်သောအခါ 'ပြီးမြောက်သည်'ဟူသည့် စကားသည်ဒီအရွယ်ရောက်သည်အထိ သူ့အတွက် ဘာအဓိပ္ပါယ်မှ မရှိသည်ကို တွေ့ရှိခဲ့ရသည် ။ ပထမဆုံးအကြိမ်အနေဖြင့် သူသည် ဒီအရွယ်အထိ ကြီးပြင်းလာခဲ့သည်အထိလေးနက်သည့် ကိစ္စတစ်စုံတစ်ရာအား လုပ်ကိုင်ခဲ့ဖူးခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။
ထိုအကြောင်းအား သူ တစ်ခါမှ မတွေးခဲ့ဖူးချေ၊ ထို အရာအား ရုတ်တရက် သတိထားမိလိုက်သောအခါ သူ၏ နှလုံးသားထဲတွင် ရုတ်တရက် ခြောက်ခြားမိသွားသည်။
အထူးသဖြင့် ယခုကဲ့သို့ သူနှင့် အကျင့်မကောင်းသည့်ကျောင်းမှ ညီအစ်ကိုနှင့် နှိုင်းယှဉ် နေရသည့်အချိန်တွင်ဖြစ်သည် ။
"ကျန်းယန်ရှန့်…ငါ့ကို အဲ့လောက် အထင်မသေးစမ်းပါနဲ့…"
ရှုလီချန် ဒေါသ ထွက်လာခဲ့သည်ာ
"ငါပြောရင်…ငါလုပ်နိုင်တယ်…ငါလုပ်နိုင်တယ်…"
ကျန်းယန်ရှန့်၏ မျက်လုံးများကသံသယများနှင့် ပြည့်နှက်နေလေသည်။ အရင်ဘဝ တွင်ရှုလီချန်သည် သူ၏အဖေနှင့် ထို တရားမဝင်ကလေးနှင့် ပက်သက်လာလျှင် ထိန်းချုပ်နိုင်မှု မရှိခဲ့သောကြောင့် ဖြစ်ပေသည်။
ရှုလီချန်က အသက်ဝဝ ရှုလိုက်ကာ သူ၏ဒေါသအား ထိန်းချုပ်လိုက်သည် ။
"ငါမလုပ်နိုင်ရင်တောင်မှ …ငါလုပ်မှဖြစ်မယ်…ငါ့အမေကို ကတိပေးထားတယ်…ငါ့အမေက တစ်ယောက်တည်း…"
သူသည် လက်ချောင်းများအားဆန့်ထုတ်လိုက်ကာ ခြေဟန်လက်ဟန်ပြုလုပ်လေသည်၊ ထို့နောက် လက်ဖဝါး အားဖြန့်ကာ ထပ်လုပ်ပြန်လေသည်။
" ငါ့အမေတစ်ယောက်တည်း ငါ့အဖေလိုလူတွေအများကြီးနဲ့ ရင်ဆိုင် နေရတာ…ငါမှ မကူညီရင်…သူမကိုဘယ်သူကူညီမှာလဲ…ဘယ်သူမှလည်း သူမကို ကူညီနိုင်မှာ မဟုတ်ဘူး…"
ထိုကဲ့သို့မဟုတ်ပါ။ ရှုလီချန်၏ အမေသည် အံ့ဩစရာ အလွန်ကောင်းလှလေသည်
ရှုလီချန်က သူ၏ အမေ၏ အရူးလုပ်ခြင်းခံခဲ့ရသည်ကို ကျန်းယန်ရှန့် သိခဲ့သည် ။ သို့သော် ထိုအရူးလုပ်ခံရသည့် ရှုလီချန်က သူ၏ ခံစားချက်များအား ထိန်းချုပ်ကာ သူ၏အဖေအား ဖော်ထုတ်ပြောဆိုခြင်း မရှိပဲ သူ အရွယ်ရောက်လာ သကဲ့သို့ပင် အေးဆေးတည်ငြိမ်စွာ စကားပြောဆိုခဲ့သည် ။
ကျန်းယန်ရှန့်က တိုက်ခတ်လိုက်သည့် အေးစက်လှသော ဆောင်းရာသီ၏လေထုထဲတွင် နွေးထွေးသော ခံစားချက်ကို ခံစားမိလိုက်လေသည် ။
သူမသည် ခေတ္တမျှ စဉ်းစားပြီးဆက်ပြောလိုက်သည်။
"တကယ်တော့…နင့်မိဘတွေ အခုလိုဖြစ်နေတာကို…နင်ကူညီတာလည်း သိပ်မရှိဘူး…နင် အရှုပ်တွေ လုပ်မနေသေးသရွေ့ အဆင်ပြေနေသေးတယ်…နင့်အမေက သူမနဲ့ အတူ နင့်အဖေကို ကူညီပြီး ရင်ဆိုင်ပေးဖို့ နင့်ကို မျှော်လင့်ထားမှာ မဟုတ်ဘူး…နင့်ကို ကျောင်းသွားပြီး စာပဲလုပ်စေချင်မှာပါ…ရည်မှန်းချက်တွေနဲ့ပဲ ပြည့်မနေနဲ့…ငါတို့က ကျောင်းတက်ပြီး စာလုပ်သင့်တယ်…တစ်နေကုန် ဆေးလိပ်သောက်လိုက်…အရက်သောက်လိုက်လုပ်မနေနဲ့…တစ်သက်လုံးအဆုတ်ကင်ဆာဖြစ်သွားမှာကို စဉ်းစားကြည့်…စာမေးပွဲအစစ်ကြီးက မကြာခင်လာတော့မယ်…နင့်ရဲ့ အောက်ဆုံးအယောက်၁၀၀ထဲထပ်ရောက်မသွားအောင် ထိန်းထားလို့ရမလား…"
စာသင်နှစ်အဆုံးတွင် ရှုလီချန်က သူ၏ အဆင့်အား ဆက်လက် ထိန်းသိမ်းနေနိုင် သေးသ၍ နောက်စာသင်နှစ်တစ်ခုတွင် အတန်း(၈)အား ကျောခိုင်းကာ ပုံမှန် တန်းသို့ တက်ရောက် နိုင်ပေမည်ဖြစ်သည် ။
ပုံမှန် အတန်းတွင်တောင်မှ သင်ကြားပြသသည့်ပုံစံမှာ အဆ တစ်ရာခန့် ပိုမို သန်မာလှလေသည် ။ ပတ်ဝန်းကျင်သည် လူများကို ပြောင်းလဲနိုင်သည် ။ ကျန်းယန်ရှန့်ကဲ့သို့ပင် တစ်ခြားသူများ၏ စည်း အဆုံးတွင် မွေးဖွားလာသည့် ချမ်းသာသည့် မိန်းကလေးက အနားယူရန်အချိန်မပေးနိုင်ပဲ အတန်း၏ မြင့်မားသော ဖိအားအောက်တွင် စာသေချာကြိုးစားရသည် ။ ရှုလီချန် အခန်း(၈)မှ ထွက်လာနိုင်မည်ဆိုပါက မည်သို့ဖြစ်မည်နည်း။
ကျန်းယန်ရှန့်က ထိုသို့သော အချိန်ကို မစောင့်နိုင်တော့ပဲ ယခုပင် တွေ့ချင်လှသည် ။
ကျန်းယန်ရှန့်၏ အကြည့်တစ်ချက်မှာ အလွန်ပင် သိမ်မွေ့လှသောကြောင့် ရှုလီချန်တစ်ယောက် ကြက်သီးများပင် တဖြန်းဖြန်း ထကုန်လေတော့သည် ။
ရှုလီချန်က ကျန်းယန်ရှန့်မှ သူ့အား ဆူငေါက်ခြင်း ၊ ရိုက်နှက်ခြင်း ၊ လှောင်ပြောင်ခြင်း တို့ကိုသာ ပိုမို သဘောတွေ့သည်ကို သတိထားမိသည် ။ သူမ အရမ်း ငြင်သာနေလျှင် သူ ရင်မဆိုင်နိုင် တော့ချေ။
"နင်ငါ့ကို ထပ်အထင်သေးနေပြန်ပြီ…"
ရှုလီချန်သည် ချောင်းတစ်ချက်ဟန့်ကာ မသက်မသာဖြင့်ပြောလေသည် ။
" နင်စောင့်နေလိုက်ပါ…ငါ နောက်ဆုံးစာမေးပွဲမှာ အောက်ဆုံးက အဆင့်၁၀၀ထဲ မရအောင် ငါလုပ်ပြမယ်…ကြည့်လိုက်…"
"ကောင်းပြိီ…"
ကျန်းယန်ရှန့်သည် သတိထားလျက် ပြောလိုက်သည် ။
" နင့် ညီလို ပညာတတ်မဟုတ်ရင်တောင်မှ အနည်းဆုံးတော့…နင် အဲ့ဒီကိစ္စတွေကို ဖယ်ထားလိုက်ပါ…"
လွန်ခဲ့သောဘဝတွင် ဝမ့်ချန် သည်တောင် သူမတို့ နှစ်ဦးထက် သာလွန်ခဲ့လေသည် ။ အနည်းဆုံးတော့ သူမသည် ရီအထက်တန်းကျောင်း အောင်ခဲ့သေးသည် ။ သူတို့နှစ်ယောက်ကတော့ ထိုသို့မဟုတ်ခဲ့ပေ၊ သူမသည် ဂုတ်မှဆွဲကိုင်ကာ ကျောင်းထုတ်ခြင်းကို ခံခဲ့ရပေသည် ။
Xxxxx
Part 156
ကျန်းယန်ရှန့်က အဆိပ်ပြင်းသောစကားများအား ပြောပြန်လေသည် ။ ရှုလီချန် သည် ချက်ခြင်းပင် မနေတတ်မထိုင်တတ်ဖြစ်ကာ ဆဲဆိုလိုက်သည်။
" ဘယ်သူ့ညီ မို့လို့လဲ …ချီး…ငါက တစ်ဦးတည်းသောသားပဲ…"
ကျန်းယန်ရှန့်က ပါးစပ်ပိတ်ကာ ပြုံး၍သာ နေလေတော့သည် ။
ရှုလီချန်က စကားပြောကောင်းသူလည်းမဟုတ်ပေ။ သူသည် ကျန်းယန်ရှန့်အား စောင်း၍ကြည့်ကာ ပြောလေသည်။
" ဒီအကြောင်းပြောနေရင်းနဲ့မှ…နင့်ညီမလေးနဲ့ နင်တစ်ကယ်ရော အဆင်ပြေရဲ့လား…"
"မဟုတ်ရင်ရော…"
ကျန်းယန်ရှန့်မှ ဟန်ဆောင်ပန်ဆောင်ပြောလိုက်သည်။
"နင်အခု သူမကို တွေ့လိုက်တာပဲ…အဲ့လိုကလေးမျိုးနဲ့ …နင်ကငါ့ကို ဘာလုပ်စေချင်တာလဲ…နင်ကငါ့ကိုရိုက်နှက်ပြီး သူမကို အနိုင်ကျင့်စေချင်တာလား…ဒါမှမဟုတ်…သူမ မျက်နှာပေါ် ဆာလဖျူရစ်အက်စစ် လောင်းပြီး ရုပ်ပျက်သွားအောင်လုပ်ရမလား…နင်ရွေးလိုက်…နင်ရွေးလိုက်ရင် ငါလုပ်မယ်…"
ရှုလီချန် အမှန်တစ်ကယ်ပင် မရွေးခြယ်နိုင်ပေ။
ထို ကလေးမလေးက သူ၏ ပခုံးနီးပါးလောက်သာ အရပ်ရှည်ရုံသာမက သူမ၏ ဆံပင်များသည် နက်မှောင်နေကာ မျက်လုံးများမှာလည်း တောက်ပနေသည် ။ သူမ၏မျက်နှာလေးက ဖြူဖွေးကာ နူးညံ့နေသည် ။ လက်မောင်းနှင့် ခြေထောက်များသည်လည်း သေးသွယ်သည် ။ သူမ၏ အစ်မ ချမ်းနေမည်ကို စိုးရိမ်သောကြောင့် သူမက ထို ကုတ်အထူကြီးအား မနိုင့်တစ်နိုင်ဖြင့် ဇောက်ထိုးမိုးမျှော် သယ်ဆောင်လာခဲ့သည် ။ သူမသည် ကောင်းမွန်စွာပြုတတ်ပြီး ယဉ်ယဉ်ကျေးကျေး ရှိလှသည် ။ ထို့အပြင် သူ့အား "အစ်ကိုကြီး”ဟု ခေါ်ခဲ့သေးသည် ။
သူ၏ ညီမလေးသာ ဆိုလျှင်…
သူ၏ ဆံချည်မျှင်လေးကိုပင် ထိခိုက်အောင်လုပ်သူအား သူ သတ်ပစ်မိပေလိမ့်မည်။
ကျန်းယန်ရှန့်သည် သက်ပြင်းရှည်တစ်ခု ချလိုက်သည်။
"အဲ့တာဆို ငါဘာလုပ်သင့်လဲ…မှားယွင်းတဲ့မိဘဆီမှာ မွေးဖွားလာရတာကို နင်အပြစ်တင်နိုင်လား…"
သူမ နောက်ဆုံးတွင်တော့ မအောင့်အီးနိုင်ပဲ ဆဲခဲ့မိလိုက်သည်။
"အဲ့ဒီ အသုံးမကျတဲ့မိဘတွေက အလုပ်ဝင်ဖို့ အတွက်ပဲ အာရုံစိုက်စရာ မလိုပါဘူး…သားသမီးတွေကို အိမ်မှာ မွေးဖို့ ဆန္ဒရှိမရှိ ဘယ်အချိန်ကစပြီး ဂရုစိုက်မကြတာလဲ…"
"ဒါမှမဟုတ်ရင်ဘာလဲ…အလုပ်တစ်ကယ်လုပ်ခြင်ရင်တောင် အနည်းဆုံးတော့ လူတစ်ဝက်လောက်က ကလေးယူပြီး မိဘနေရာ ရောက်ဖို့ အရည်အချင်းမပြည့်ကြဘူး…"
ကျန်းယန်ရှန့်သည် ခြေထောက်အား ဆောင့်ကာပြောလေသည်။
"အခြားပြောစရာကျန်သေးလား…ငါသွားတော့မယ်…ငါတော်တော်အေးနေပြီ…"
သူမဖိနပ်အပါး ကိုလည်း ဝတ်ခဲ့မိသည် ။ သူမသည် ထိုသည်ကို အသားကျနေပြီဖြစ်သည် ။ ကျောင်းတွင် အပူပေးစက်ရှိသည် ။ သူမ အလွန်ထူသည့် ဖိနပ်အား ဝတ်သွားခဲ့ပါက သူမ ခြေထောက်များ ပူလောင်နေမည်သာဖြစ်သည် ။
နှင်ထုတ်သလို အမိန့်ပေးလိုက်ခြင်းကြောင့် ရှုလီချန်တစ်ယောက် "ကောင်းပြီ…"ဟုသာ ပြောနိုင်ပေတော့သည်။
ဆိုင်ကယ်ဦးထုပ်အား ဆောင်းလိုက်ကာ ဆိုင်ကယ်ထွက်တော့မည် အပြုတွင် ကျန်းယန်းရှန့်သည် သူ့အား ထပ်မံ တားလေသည် ။
"ညီအစ်ကို မောင်နှစ်မ ဆိုတာ ကံကြမ္မာနဲ့ လူတွေအပေါ်မူတည်နေတယ်…ငါနဲ့ ငါ့ညီမလေးကိုကြည့်ပြီး …နင်နဲ့ နင်ညီလည်း ငါတို့လိုဆက်လို့ရနိုင်တယ်လို့ မထင်နဲ့…သူက ဆိုက်ကို က မွေးထားတဲ့ ဆိုက်ကို ကောင်လေးပဲ…နင်အဲ့တာကို မမေ့နဲ့…အဲ့တာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး…."
ရှုလီချန်မှ စိတ်ဆိုးစွာပြောလိုက်သည်။
"ဘယ်သူကများ အဲ့လို ညီအစ်ကိုမျိုးကို လေးစားချင်မှာလဲ…နင်ကငါ့အတွက် တစ်ကယ်ပဲ ပူနေတာလား…ငါကလည်း နင် သူတော်စင်ဖြစ်နေမှာကို စိုးရိမ်နေပြီ…"
"ငါ့ညီမလေးအတွက်တော့ သူတော်စင်ပဲ…"
ကျန်းယန်ရှန်က ရွဲ့သည်။
"ငါနင့်ကို ဖင်ထိုင်ရက်ကျသွားအောင် ရိုက်လိုက်တုန်းက ငါ့ရဲ့ မြင့်မြတ်တဲ့အလင်းရောင်ကတောက်ပ မနေဘူးလို့ ထင်နေတာလား…"
ကျန်းယန်ရှန့် ဆက်ပြောလိုက် သည်။
"မှတ်ထားပါ…နင့်အဆင့်က ၁၀၀အတွင်း မဝင်ဘူးဆိုရင် ငါ့ကို စကားလာမပြောနဲ့…ဘာကိစ္စပဲရှိရှိ ကျောင်းထဲဖြစ်ဖြစ် ကျောင်းပြင်ဖြစ်ဖြစ် ငါ့ကို မနှောင့်ယှက်ပါနဲ့…"
ရှုလီချန်သည် ဒေါသထွက်လွန်း၍ အသက်ထွက်သွားတော့မည်ဟုပင်ထင်သည် ။ ထို့နောက် ခါးခါးသီးသီးပင် ပြောလိုက်လေသည်။
"နင်စောင့်နေလိုက်…"။
သူမအိမ်ထဲ ဝင်ရောက်ပြီးသည်နှင့် ကျန်းရှို့ချန်မှ သူမကို မြင်သောအခါ လှမ်းအော်လေသည်။
"အစ်မ…ညစာ စားကြရအောင်…"
သူ သည်နောက်လှည့်ကာ အိမ်ထဲသို့ အော်လိုက်သည်။
"ထားလိုက်တော့ …သူမ ပြန်လာပြီ…"
ကျန်းဟယ်လင်းသည် ပြေးထွက်လာကာပြောလေသည်။
"အစ်မ ပြန်ရောက်လာပြီပဲ…အခုပဲ ညစာစားဖို့ လာခေါ်တော့မလို့…"
ကျန်းယန်ရှန့်က ကျန်းရှို့ချန်လေးအား ငဲ့ကြည့်လိုက်ပြီး ခေါင်းကို အသာပုတ်လိုက်သည်။
"လာ..သွားစားကြစို့…"
စနေနေ့ည အိပ်ယာမဝင်မီတွင် ကျန်းဟယ်လင်းသည် ဂိမ်းခန ကစားနေလိုက်သည် ။ သူမ လိုင်းပေါမှ ဆင်းကာ အိပ်ယာဝင်ရန် ကြံနေတုန်းပင် သူမ ရုတ်တရက် သတိပေးစာတစ်ခု တွေ့လိုက်ရသည်။
"ဂုဏ်ယူပါတယ် ကမ်းပါးဘေး၌ထင်းရူးသံကိုနားထောင်ခြင်း က လိမ္မော်ရောင် ဝတ်စုံဖွင့်လိုက်ပါပြီ
ကမ်းပါးဘေး၌ …အဲ့တာ ဟိုအစ်ကိုကြီး မဟုတ်ဘူးလား..။
ကျန်းဟယ်လင်းသည် သူငယ်ချင်းလုပ်ရန်တောင်းဆိုအား သူ့အားပို့ဖူးသည်ကိုသတိရသွားသည်။ သို့သော် တစ်ခြားတစ်ဖက်မှ လက်ခံလိုက်သည်ကိုတော့ မတွေ့ရသေးချေ…။ မူလတန်း ကလေးမလေး တစ်ယောက်သည် အရွယ်ရောက်ပြီးနှင့်သူများ၏ ပြန်စာမလာခြင်းသည် ပယ်ချလိုက်ခြင်း၏ ငြင်သာသော ငြင်းဆိုမှု ဖြစ်ကြောင်းကို သူမ နားမလည်ပေ။ ထို့ကြောင့် သူငယ်ချင်းလုပ်ရန် ခလုတ်အား သူမ ထပ်မံနှိပ်လိုက်သည် ။ ထို့နောက် ဂိမ်းမှ ထွက်ကာ အိပ်ယာဝင်လေတော့သည် ။
K တက္ကသိုလ်၏ ယောက်ျားလေးဆောင် တစ်ခုတွင်…
ချမ်ဝေ့သည် ခုံပေါ်သို့ခြေထောက် တစ်ဖက်အား တင်ကာ ဘီစကစ်စားရင်း စာရိုက်နေလေသည် ။
"ဒီနာမည်ကို ဘာလို့ ရင်းနှီးနေတာပါလိမ့်…"
စားပွဲအား ခြေထောက်နှင့်ကန်ကာ စိတ်လှုပ်ရှားလျက်ပြောလေသည်။
"ရိုး…ဒါဟိုတစ်ခေါက်တုန်းက ကောင်မလေးမဟုတ်လား…"
သူသည် နောက်တစ်ကြိမ်ထပ်ကြည့်ကာ ပို၍ပင် စိတ်လှုပ်ရှား လာလေသည်။
"ဝိုး…သူက သူငယ်ချင်းလုပ်ဖို့ထပ်ပို့ထားတာပဲ…လောင်ယွဲ့ မင်းကတော့ အံ့ဩစရာပဲ မူလတန်းကျောင်းကနေ ကောလိပ်အထိ မင်းက ကောင်မလေးတွေကို သိမ်းပိုက်ထားတာပဲ…"
ယွဲ့စုန်သည် ခေါင်းကိုသာ ခါရမ်းလျက် လက်ထဲမှ မောက်စ် အား လေးပင်စွာ 'ပယ်ချရန်' ဆိုသည့် ခလုတ်အား ဦးတည်လိုက်သည် ။
ချမ်ဝေ့၏ လက် ရုတ်တရောက်ရောက်လာကာ သူ၏လက်အား တားလိုက်လေသည်။
"မလုပ်ပါနဲ့…ကလေးမလေးရဲ့ နှလုံးသားကို နာကျင်အောင် မလုပ်စမ်းပါနဲ့…မင်းရဲ့ သူငယ်ချင်း စာရင်းထဲမှာ ဘယ်နေရာ လွတ်နေလဲ…"
ယွဲ့စုန်၏လက်သည် ချမ်ဝေ့၏လက် အပေါ်မှ လှုပ်ရှား မှုနောက်သို့ လိုက်နေရသည်။
ထို့နောက် မြှားအား 'လက်ခံသည်' ဟူသည့် ခလုတ်ပေါ်သို့နှိပ် လိုက်လေသည် ။
Xxxxxx