လုကျင်းရှိူ့သည် “ငါလည်း မင်းကို ချစ်တယ်” ဟု ပြောပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် သူသည် ယန်ကျင်းဇီကို သူ၏ ခံစားချက်များ ထုတ်ပြောပြရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ လွန်ခဲ့သော ရက်အနည်းငယ်ကတောင်မှ သူသည် သူ၏ ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြမိလိမ့်မည်ဟု လုံးဝ မတွေးခဲ့ဖူးချေ။
ရလဒ်ကမူ... တစ်ညနေခင်း၌ သူသည် အမှန်တကယ်ပင် ပြောဖြစ်ခဲ့သည်။
သူ့တွင် အခြားသူများ၏လက်ထဲသို့ သူ၏ အားနည်းချက်ကို ထည့်ပေးလိုက်ရသော ခံစားချက်မျိုး ဖြစ်လာသည်။
ဒါပေမယ့် ဒါက ယန်ကျင်းဇီ ဆိုတော့ ဘာပြဿနာမှ မရှိလောက်ဘူးမလား?
အကြောင်းအရင်းတချို့ကြောင့် သူသည် ယန်ကျင်းဇီကို ပထမဆုံး မြင်တွေ့ချိန်၌ပင် ဤလူကို သဘောကျခဲ့သည်။
“ ကျင်းရှိူ့၊ ကိုယ် တကယ် မင်းကို အရမ်းချစ်တယ်။ ” ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ဖက်ထားပြီး သူ့မျက်လုံးများမှာ အနည်းငယ် ချဉ်တူးနေသည်။
၎င်းက မြန်လွန်းသည်ဟုပင် သူ တွေးခဲ့သေးသည်... သူ ပိုပြီးမြန်ခဲ့သင့်တာ အသိသာကြီး!
ဤသို့တွေးမိရင်း ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို လွှတ်ပြီး လုကျင်းရှိူ့၏မျက်နှာကို အကြိမ်အနည်းငယ် ထပ်နမ်းလိုက်သည်။
လုကျင်းရှိူ့သည် အစက မပုန်းရှောင်ဘဲ နေသော်လည်း ယန်ကျင်းဇီ သူ့ကို ဆက်တိုက်နမ်းနေသည်အား တွေ့ရသောအခါ သူသည် နောက်ဆုံးတွင် သည်းမခံနိုင်ဘဲ ယန်ကျင်းဇီကို တွန်းထုတ်လိုက်တော့သည် : “ ဖယ်တော့! ”
ယန်ကျင်းဇီသည် ရယ်မောကာ လုကျင်းရှိူ့ကို ထပ်နမ်းလိုက်သည်။ ထို့နောက် သူသည် ထခုန်ပြီး လုကျင်းရှိူ့အတွက် ဗီရိုထဲမှ အပြာရောင်ဝတ်စုံတစ်စုံကို ယူပေးသည် : “ ချစ်ရတဲ့ ဦးလေးလုရေ၊ ဒီနေ့ ဒီဝတ်စုံကို ဝတ်ပါ။ မင်းရဲ့အသားအရောင်နဲ့ အထူးလိုက်ဖက်ပါတယ်။ ”
လုကျင်းရှိူ့တွင် အဖြူရောင်အသားအရေ ရှိပြီး အပြာရောင်ဝတ်စုံနှင့် အထူးကြည့်ကောင်းသည်။
လုကျင်းရှိူ့သည် နှာမှုတ်ကာ သူ့အဝတ်အစားများကို ဖြည်းညှင်းစွာ ဝတ်ဆင်သည်။
အတိတ်တွင် ဤအချိန်၌ ယန်ကျင်းဇီသည် ထွက်သွားလိမ့်မည်ဖြစ်သော်ငြား ယနေ့တွင်မူ သူသည် မထွက်သွားပေ။ ထိုအစား သူသည် လုကျင်းရှိူ့နှင့် နေ၍ လုကျင်းရှိူ့ကို အဝတ်အစား ကူဝတ်ပေးသည် သို့မဟုတ် လုကျင်းရှိူ့အတွက် ပြဿနာရှာနေသည်။
နောက်ဆုံးတွင်မူ လုကျင်းရှိူ့သည် သည်းမခံနိုင်တော့ဘဲ ယန်ကျင်းဇီ၏လက်ကို ဖတ်ခနဲ ရိုက်လိုက်တော့သည် : “ မင်း အပြင်ထွက်တော့! ”
ယန်ကျင်းဇီသည် လုကျင်းရှိူ့၏လက်ကို လှမ်းဆွဲကာ နမ်းပြီးနောက် “ဟားဟား” ရယ်မော၍ အပြင်ထွက်လာခဲ့သည်။
သို့ရာတွင် အပြင်ထွက်ပြီးနောက် သူသည် သူ့မျက်နှာပေါ်ရှိ အပြုံးကို ဆက်မထိန်းနိုင်တော့ပေ။
မနက်ခင်း သူ ဖွင့်ပြောချိန်၌ ကလေးကဲ့သို့ ပြုမူသရုပ်ဆောင်ခဲ့သော်လည်း လုကျင်းရှိူ့က သူနှင့် လိုက်ပါပြောဆိုပေးခဲ့သည်။
လုကျင်းရှိူ့က သူ့ကို အရမ်းချစ်တာလား?
ဤသည်ကို သူ သဘောပေါက်လာရလေလေ၊ သူ့ခံစားချက်မှာ ပိုပြီး အဆင်မပြေဖြစ်လာလေလေပင်...
ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူပြီး အဝတ်အစား လဲရန် သူ့အခန်းသို့ ပြန်သည်။
သူသည် ဝတ်စုံဝတ်သောအခါ ချုပ်နှောင်ခံရသကဲ့သို့ ခံစားရသည်ကို သဘောမကျသောကြောင့် ပေါ့ပေါ့ပါးပါး အနောက်တိုင်းဝတ်စုံ အပြာရောင်တစ်ထည်ကို ရွေးကာ ဝတ်ဆင်ပြီးနောက် အောက်ထပ်သို့ ဆင်းကာ ပုံမှန်အတိုင်း လိုက်ကာများကို ဆွဲဖွင့်၍ ပြတင်းပေါက်များကို ဖွင့်လိုက်သည်။
သူသည် အိမ်ကို ပိုမိုလင်းထိန်ပြီး မျက်စိပသာဒပိုဖြစ်စေရန် ဤသို့လုပ်ဆောင်သော်လည်း လိုက်ကာများကို ဖွင့်ထားလျှင်တောင်မှ သူ့မျက်စိထဲ ဤနေရာက နှစ်လိုဖွယ်မဖြစ်သေးပေ။
အိမ်က အမှန်တကယ် လုံးဝ မကောင်းချေ။
ဤဗီလာ တည်ရှိသည်မှာ နှစ်အချို့ကြာပြီဖြစ်ကာ အလှဆင်ပုံနှင့် ပရိဘောဂများမှာလည်း အိုဟောင်းနေပြီး ၎င်းက အမြဲတမ်း အရောင်မှိုင်း၍ တိတ်ဆိတ်ခြောက်ကပ်နေသည်။
အိမ်က အလွန်လည်း ကြီးမားနေသဖြင့် အလွန်ရှင်းလင်းပြီး အသက်မဲ့နေသည်ပင်။
ထို့အပြင် ဤအိမ်တွင် လှေကားများသာ ရှိပြီး သူသည် ထော့နဲ့ထော့နဲ့နှင့် အတက်အဆင်း လုပ်နေသော လုကျင်းရှိူ့ကို မြင်တွေ့ရသည့် အချိန်တိုင်းတွင် မသက်မသာခံစားရသည်။
အမှန်တကယ်တော့ သူနှင့် လုကျင်းရှိူ့တို့အတွက် အကောင်းဆုံးမှာ သူတို့၏ကုမ္ပဏီအနီးရှိ ဓာတ်လှေကား တပ်ဆင်ထားသော ပြင်ညီကြမ်းခင်းတိုက်ခန်းကျယ်တစ်ခုကို ဝယ်ကာ အသစ်ပြန်ပြင်ဆင်ပြီးနောက် အိမ်ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
အဲ့အချိန်ကျရင် သူနဲ့ လုကျင်းရှိူ့က မာစတာအိပ်ခန်းထဲမှာ အတူနေနိုင်ဦးမှာ!
ယခုမူ... လုကျင်းရှိူ့က မာစတာအိပ်ခန်းထဲတွင် မနေချင်ဘဲ ဧည့်သည်အခန်းကလည်း သေးလွန်းရာ သူသည် သူ၏ အဝတ်အစားများနှင့် ဖိနပ်များကိုပင် အကုန်မရွှေ့နိုင်ပေ။
ယနေ့ နံနက်စာမှာ အစာအိမ်ကို အာဟာရဖြစ်စေသော ဆန်ပြုတ်နှင့် ဖက်ထုပ်ပေါင်းများ ဖြစ်နေဆဲပင်။
လုကျင်းရှိူ့သည် ဆန်ပြုတ်တစ်ပန်းကန်ကို သောက်ကာ ဖက်ထုပ်ပေါင်းနှစ်ခုကို စားပြီးနောက် ဗိုက်ပြည့်သွားသည်။ ယန်ကျင်းဇီသည် သူ မကုန်သော ဖက်ထုပ်ပေါင်းများကို ယူပြီး လုကျင်းရှိူ့ကို ပြောသည် : “ ကျင်းရှိူ့၊ အိမ်ပြောင်းရအောင်။ ”
လုကျင်းရှိူ့သည် အစက မျက်လုံးမှေးပြီး ယန်ကျင်းဇီကို စိမ်ပြေနပြေ ကြည့်နေသည်။ ဤသည်ကို ကြားသောအခါ သူ အံ့အားသင့်သွားသည် : “ အိမ်ပြောင်းမယ်? ”
ယန်ကျင်းဇီက ပြန်ဖြေသည် : “ အင်း၊ ကိုယ်တို့နှစ်ယောက်တည်းပဲ နေမယ့် ကိုယ်တို့အပိုင် အိမ်တစ်လုံး သွားဝယ်ရအောင်။ ”
လုကျင်းရှိူ့ အေးခဲသွားသည်။
သူသည် သူ ဘာကြောင့် ဤဗီလာတွင် နေချင်မှန်း မသိပေ။
သူသည် ဤနေရာတွင် မွေးဖွားခဲ့သော်ငြား ဤဗီလာအတွက် တွယ်တာမှုမရှိချေ။
ဒါပေမယ့်... သူ ဒီမှာ မနေရင် ဘယ်နေရာမှာ သူ နေနိုင်မလဲ?
ရိုးရှင်းစွာပင် သူ့တွင် သွားစရာမရှိ။
သူ့တွင် တစ်ခါမှ အိမ်မရှိခဲ့ပေ။
ယခု ယန်ကျင်းဇီက သူတို့နှစ်ဦး နေနိုင်မည့် အိမ်တစ်လုံးကို ဝယ်ချင်သည်... သူတို့ ပြောင်းမှာလား? အိမ်လား?
“ ကိုယ်တို့ ကုမ္ပဏီနဲ့ပိုနီးတဲ့ အိမ်တစ်လုံးကို ဝယ်ပြီး ပြင်ညီတိုက်ခန်းကျယ်တစ်ခန်းကို ရွေးလို့ရတယ်! မင်း ဘယ်လိုအလှဆင်ပုံစံကို ကြိုက်လဲ? ကိုယ်တော့ အရောင်ပိုတောက်တဲ့ပုံစံတွေကို ကြိုက်တယ်။ ” ယန်ကျင်းဇီက ဖက်ထုပ်ပေါင်းများကို စားရင်း မေးသည်။
လုကျင်းရှိူ့ ယန်ကျင်းဇီကို ကြည့်လိုက်သည် : “ ဘာပဲဖြစ်ဖြစ် ငါ အဆင်ပြေတယ်။ ”
သူ့တွင် အလှဆင်ပုံစံအတွက် လိုအပ်ချက်များ သို့မဟုတ် တခြားတစ်ခုခုများ မရှိပေ။ သူသည် ယခင်က ဤနေရာတွင် နေခဲ့ပြီး လိုက်ကာများ ဖွင့်ထားခြင်းကို မကြိုက်သည်မှာလည်း အခြားသူများအား သူ့ကို အာရုံမစိုက်စေချင်သောကြောင့် ဖြစ်သည်။ သူသည် အမှောင်ထဲတွင်သာ တစ်ဦးတည်း အမြဲရှိချင်နေခဲ့သည်။
ယခုမူကား သူနှင့် ယန်ကျင်းဇီတို့တွင် အိမ်ရှိလာခဲ့လျှင်...
၎င်းက တောက်ပပြီး နွေးထွေးကာ လှပသည့် အရောင်အသွေးမျိုးစုံ ရှိနိုင်သည်ဟု သူ ထင်သည်။
ယန်ကျင်းဇီက အနည်းငယ် ပိုတောက်ပသည်ကို ကြိုက်သဖြင့် ကြီးမားကျယ်ဝန်းသော လသာဆောင်နှင့် ကြမ်းပြင်မှမျက်နှာကြက်ထိ ပြတင်းပေါက်များကို သူ လိုအပ်သည်။
ကြိုက်နှစ်သက်ရသည့် လူကို ထိုကဲ့သို့သော အိမ်မျိုးတွင် ပျိုးထောင်ရခြင်းမှာ သေချာပေါက် အထူးကောင်းမွန်လိမ့်ပေမည်။
လုကျင်းရှိူ့သည် တွေးနေရင်း ပိုမိုစိတ်လှုပ်ရှားလာပြီး သူ့ဖုန်းကို ချက်ချင်း ထုတ်၍ ကုမ္ပဏီအနီးအနားရှိ သင့်တော်သော အိမ်တစ်လုံးကို ရှာဖွေချင်စိတ်ပင် ရှိလာသည်။
“ အရင်ဆုံး အိမ်ဝယ်မယ်၊ ပြီးရင် စတိုင်ဆုံးဖြတ်ဖို့ ဒီဇိုင်နာတစ်ယောက် ရှာပြီး နှစ်ယောက်လုံး ကြိုက်တဲ့ အိမ်တစ်လုံးကို အလှဆင်ကြမယ်။ ” ယန်ကျင်းဇီက သူတို့နှစ်ဦး၏ တောက်ပသော အနာဂတ်ကို ပုံဖော်ပြသည်။
လုကျင်းရှိူ့သည် တိတ်တဆိတ် နားထောင်ပြီး ယန်ကျင်းဇီကို ပိုက်ဆံပေးကာ ယန်ကျင်းဇီကို အိမ်ဝယ်ခိုင်းနိုင်အောင် ယန်ကျင်းဇီ၏ ဘဏ်အကောင့်နံပါတ်ကို မေးချင်ခဲ့သည်။
သို့သော် စဉ်းစားကြည့်ပြီးနောက် သူ မမေးတော့ပေ။
သူသာ ဤကဲ့သို့ တိုက်ရိုက်မေးလိုက်လျှင် ယန်ကျင်းဇီက ဖြေချင်မှ ဖြေလိမ့်မည်... ယခင်က သူနှင့် ယန်ကျင်းဇီတို့ အလုပ်စာချုပ် ချုပ်ဆိုချိန်တွင် ယန်ကျင်းဇီက သူ့အကောင့်နံပါတ်ကို ထားခဲ့သည်။ သူသည် ယန်ကျင်းဇီထံသို့ တိုက်ရိုက်ပင် ငွေလွှဲပြောင်းနိုင်သည်။
သို့သော်... သူ့တွင် ပိုင်ဆိုင်မှုများစွာ လက်ဝယ်ရှိသော်ငြား သူ၏ လည်ပတ်မှုအရင်းအနှီးမှာ ၁၀ မီလီယံယွမ်ခန့်သာ ရှိပြီး ကျန်ငွေများမှာ အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှုများထဲတွင် ဖြစ်သည်။
သူတို့မြို့ရှိ အိမ်စျေးများမှာ အတော်ဈေးကြီးသည်။ ဇိမ်ခံအိမ်အချို့က မီလီယံရာချီပင် တန်ဖိုးရှိသည်ဟု လူများ ပြောကြသည်ကို သူ ကြားဖူးထားသည်... သူတို့၏ကုမ္ပဏီအနားတွင် မီလီယံရာချီတန်သော အိမ်များ မရှိသော်လည်း အိမ်ဈေးများက တန်ဖိုးမနည်းချေ။ သူသည် မီလီယံဆယ်ချီကို ပြင်ဆင်သင့်သေးသည်။
လုကျင်းရှိူ့သည် အိမ်နှင့်ပတ်သက်ပြီး စဉ်းစားနေသည်။
ယန်ကျင်းဇီသည်လည်း အတူတူပင်။ လုကျင်းရှိူ့ကို မေးပြီးနောက် သူသည် လုကျင်းရှိူ့တွင် လုမိသားစုဗီလာကို စွဲလမ်းစိတ် မရှိကြောင်း သေချာသွားသည်။ ထိုသို့ဆိုလျှင် အိမ်အမြန်ပြောင်းခြင်းက ပိုကောင်းလိမ့်မည်။
လုကျင်းရှိူ့က ရေကူးနိုင်လျှင်တောင်မှ သူသည် လုကျင်းရှိူ့က လုဗီလာနောက်ရှိ ရေကူးကန်တွင် ရေကူးနေသည်ဟူသော အတွေးကို လက်မခံနိုင်သေးပေ။
ထို့အပြင် ဤအိမ်က လုကျင်းရှိူ့၏နာမည်အောက်တွင် ရှိသော်ငြား လုရွေ့ချွင်က ပြန်လာပြီး နေထိုင်ဦးမည်ဖြစ်သည်။ ၎င်းကို တွေးကြည့်ရုံဖြင့် အမှန်တကယ် သူ့ကို အဆင်မပြေဖြစ်စေသည်။
ကုမ္ပဏီသို့သွားသော ကားပေါ်တွင် ယန်ကျင်းဇီသည် သူ့ဖုန်းနှင့် ဆက်တိုက်အိမ်ကြည့်နေခဲ့သည်။
“ ကျင်းရှိူ့၊ ကိုယ်တို့ကုမ္ပဏီဘေးက ကွန်မြူနတီက အရမ်းကောင်းတယ်။ အသစ်ဆောက်ထားတဲ့ ပြင်ညီဇိမ်ခံတိုက်ခန်းကျယ်ပဲ။ ” ယန်ကျင်းဇီသည် ကောင်းမွန်သော အိမ်ခြံမြေတစ်ခုကို အမြန်ရွေးချယ်ခဲ့သည်။
လု၏ ကုမ္ပဏီရုံးချုပ် တည်ရှိရာတွင် အခြားသော ကုမ္ပဏီအများအပြားလည်း တည်ရှိသည်။ ဤအကြောင်းကြောင့် အနီးအနားတွင် ဇိမ်ခံလူနေအဆောက်အဦးများစွာ ရှိနေသည်။
သူ ကြည့်နေသော အိမ်ရာမှာ လူသိများသော အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ အသစ်တည်ဆောက်ထားသော ဇိမ်ခံအိမ်ရာအဆောက်အဦး ဖြစ်သည်။
အိမ်ထောင်စုတစ်စုအတွက် ဓာတ်လှေကားတစ်ခု ရှိပြီး ဓာတ်လှေကားက အိမ်ကို တိုက်ရိုက်ဝင်ကာ အိမ်ကလည်း ကျယ်ဝန်းပြီး ကွန်မြူနတီတွင် ကလပ်အသင်းများစွာလည်း ပါဝင်သည်... သူ သိသော လူအများအပြားဟာ ထိုနေရာတွင် အိမ်များ ဝယ်ထားကြပြီး သူ့အစ်ကိုလည်း ထိုနေရာမှ အိမ်တစ်လုံးကို ဝယ်ရန် စီစဉ်နေသည်။
သူ့အစ်ကိုကြောင့် သူသည်လည်း ထိုနေရာ၏ မန်နေဂျာတစ်ဦးနှင့် သိကျွမ်းခဲ့ပြီး သူငယ်ချင်းအဖြစ် add ထားသည်။
ပို၍ပင် ကောင်းမွန်သည်မှာ အိမ်ကို ကောင်းစွာ အလှဆင်ထားပြီး အလှဆင်ထားမှုက အတော်လေး ကောင်းသည်။ သေချာတာပေါ့၊ သူသည် ပြန်လည်ပြင်ဆင်ခြင်းအချို့ကို ပြုလုပ်ရန် ဒီဇိုင်နာကို ပြောရဦးမည်ဖြစ်သည်။
ယန်ကျင်းဇီသည် မန်နေဂျာ၏ သူငယ်ချင်းအသိုင်းအဝိုင်းထဲတွင် အိမ်ခြံမြေသတင်းအချို့ကို ရှာတွေ့ပြီး နောက်ဆုံးတွင် အပေါ်ထပ်၌ စတုရန်းမီတာ ၃၀၀ ထက်ကျော်သော အိမ်ရာတစ်ခုကို အကြိုက်တွေ့သွားသည်။
ဤအိမ်က တကယ် ကောင်းသည်။ ၎င်းကို အထပ်နှစ်ထပ် ခွဲခြားထားသည်။ အောက်ထပ်က စတုရန်းမီတာ ၂၀၀ ထက်ကျော်ပြီး အဓိကနေထိုင်ရာဧရိယာ ဖြစ်ကာ အပေါ်ထပ်ကို နှစ်ပိုင်းခွဲထားသည်။
၎င်း၏တစ်ပိုင်းမှာ ၇၀-၈၀ စတုရန်းမီတာ အမိုးအောက်ထပ်ခိုး ဖြစ်ပြီး နောက်အပိုင်းမှာ အလွန်ကြီးမားကျယ်ဝန်းသော ရှုခင်းကြည့်စင် ဖြစ်သည်။ ရှုခင်းကြည့်စင်ကို *sunroom အဖြစ် ပြုလုပ်ထားပြီး sunroom ထဲတွင် ရေကူးကန်တစ်ခု ပါရှိသည်။
(*sunroom - နေပူဆာလှုံရန် ဖန်လုံကာထားသော အခန်း)
လုကျင်းရှိူ့က ရေကူးနည်းကို သိလေရာ လုကျင်းရှိူ့ လေ့ကျင့်ခန်းလုပ်နိုင်အောင် ရေကူးကန် ပါသော အိမ်တစ်လုံးကို ဝယ်ခြင်းက ကောင်းမွန်လိမ့်မည်ပင်။
ထိုအချိန်တွင် သူနှင့် လုကျင်းရှိူ့တို့က နေပူဆာလှုံရင်း သို့မဟုတ် ကြယ်ကြည့်ရင်း ရေကူးနိုင်သည်။
အတိုင်းအချင့်အရ စားသော အစားအစာနှင့် လေ့ကျင့်ခန်းတို့ဖြင့် သူသည် လုကျင်းရှိူ့၏ ခန္ဓာကိုယ်ကို သေချာပေါက် ဂရုစိုက်နိုင်လိမ့်မည်။
ယန်ကျင်းဇီသည် ပိုပြီး တွေးမိလေလေ၊ ပိုပြီး ပျော်ရွှင်လာလေလေ ဖြစ်သည်။
သို့ရာတွင် မကြာမီမှာပင် သူသည် ကိစ္စများက အလွန်မလွယ်ကူကြောင်း တွေ့ရှိလိုက်ရသည်။
အိမ်က ယွမ်မီလီယံ ၅၀ တန်ဖိုးရှိပြီး သူ ၎င်းကို မထုတ်နိုင်ပေ။
မူလပိုင်ရှင်၏ ပိုင်ဆိုင်မှုများမှာ သေချာပေါက်ပင် ၅၀ မီလီယံထက်ကျော်သော်ငြား ရှယ်ယာများနှင့် အလားတူတို့ကို ဖယ်လိုက်လျှင် သူ့လက်ထဲတွင် ရရှိနိုင်သော ငွေသားမှာ ၁၀ မီလီယံ မကျော်ချေ။ ကံမကောင်းစွာဖြင့် ၎င်းမှာ ယခင်က လုကျင်းရှိူ့အတွက် ကားတစ်စီး ဝယ်ရန် သုံးလိုက်ပြီဖြစ်သည်။
သူ အိမ်ပြန်ပြီး ငွေချေးသင့်သလား?
ဒါမှမဟုတ် ပိုဈေးပေါတဲ့အိမ်ကို ပြောင်းရမလား?
ယန်ကျင်းဇီသည် စဉ်းစားကြည့်သော်လည်း ဤအိမ်က အကောင်းဆုံးဟု ထင်မိဆဲဖြစ်သည်။
အိမ်ထဲတွင် အတွင်းဓာတ်လှေကားလည်း ရှိသဖြင့် အပေါ်ထပ်သို့ ရေသွားကူးရာတွင် လှေကားတက်ဖို့ မလိုတော့ချေ။ ၎င်းက အလွန်အဆင်ပြေပြီး အထူးသဖြင့် လုကျင်းရှိူ့အတွက် ဖြစ်သည်။
ပိုမိုအရေးကြီးသည်မှာ... ယန်ကျင်းဇီ ရုတ်တရက် တွေးမိသည်။ သူသည် သူ့မိသားစုနှင့် အဆက်အသွယ်ရှိသော်ငြား မူလပိုင်ရှင်၏ မိသားစုကို မတွေ့ရသေးပေ။
သူသည် ကူးပြောင်းပြီးနောက် အိမ်သို့ တစ်ကြိမ်ပြန်ခဲ့ပြီး အဝတ်အစားအချို့ ယူ၍ ထွက်လာခဲ့ကာ တစ်ခါမှ နောက်တစ်ခေါက် ပြန်မသွားဖြစ်တော့... သူ့မိသားစုက အလွန်အလုပ်များသောကြောင့် သူ ပြန်ချိန်တွင် သူ လူမတွေ့နိုင်လောက်ဟု ဆိုသော်လည်း ဤကဲ့သို့ အိမ်မပြန်ခြင်းက မကောင်းမွန်ချေ။
ယန်ကျင်းဇီသည် သူ့မိသားစုဝင်များကို ဆက်သွယ်ပြီး ဤရက်ပိုင်းတွင် သူတို့ အိမ်၌ ရှိ၊ မရှိကို မေးမြန်းခဲ့သည်။
သူ့ဖခင်က ဤမြို့ထဲတွင် လုံးဝ မရှိသော်ငြား သူ့မိခင်နှင့် အစ်ကိုက ရှိသည်။ ဤမေးခွန်းကို ကြားရသော် အမေယန်က ဆိုသည် : “ နင် နောက်ဆုံးတော့ အိမ်ပြန်ဖို့ သတိရပြီလား? ငါ နာနီကို နင် ဟင်းတွေ ချက်ခိုင်းထားလိုက်မယ်။ ဒီည ညစာစားဖို့ ပြန်လာခဲ့။ ”
“ မဖြစ်ဘူး! ” ယန်ကျင်းဇီက အမြန်ငြင်းသည် : “ အမေ၊ ကျွန်တော် နေ့လယ်ပြန်လာမယ်! ”
ညနေခင်းတွင် မဟုတ်ဘဲ နေ့လယ်တွင် ပြန်ရန်မှာ သူ့အတွက် အဆင်ပြေသည်။
ညနေကျ သူက လုကျင်းရှိူ့နဲ့ နေပြီး နှစ်ယောက်တည်းကမ္ဘာကို ခံစားမှာ!
အမေယန် : “ … ”
အမေယန် နောက်ဆုံးတော့ သဘောတူလိုက်ရသည် : “ ဒါဆို ငါ နေ့လယ်ကျရင် နာနီကို ဟင်းကောင်းတွေ ချက်ခိုင်းလိုက်မယ်။ နင်နဲ့ နင့်အစ်ကို နေ့လယ်ကျ ထမင်းစားဖို့ ပြန်လာခဲ့။ ”
“ ကောင်းတယ်! ” ယန်ကျင်းဇီ သဘောတူသည်။
အစ်ကိုကြီးယန်လည်း သဘောာတူသည် — ယန်မိသားစုနေအိမ်က ကုမ္ပဏီနှင့် မဝေးရာ သူ ထမင်းစားရန် အိမ်ပြန်နိုင်သည်။
အဆင်ပြေပြီးနောက် အမေယန်က မေးသည် : “ ဒါနဲ့ ကျင်းဇီ၊ နင့်မှာ နင် ကြိုက်တဲ့လူတစ်ယောက် ရှိနေပြီလို့ ငါ ကြားတယ်။ အဲ့ဒါ ဘယ်သူလဲ? ”
“ အမေ၊ ကျွန်တော် နောက်မှ ပြောပြမယ်။ ” ယန်ကျင်းဇီက ပြန်ဖြေသည်။
ယန်ကျင်းဇီ ထိုသို့ပြောသည်ကို ကြားရသော် အမေယန်က မမေးတော့ပေ။
သူ(မ)၏သားတွင် သဘောကျသူ တစ်စုံတစ်ဦး ရှိနေပြီဟု သိရပြီးနောက် သူ(မ)သည် ယန်ကျင်းဇီကို ဤရက်များတွင် မည်သည့်နေရာသို့ သွားနေကြောင်း အထူးမေးမြန်းခဲ့ပြီး သူက လုတွင် အလုပ်သွားလုပ်သည်မှလွဲ၍ တစ်ခါမှ အပြင်မထွက်ကြောင်း သိရမှသာ သူ(မ) စိတ်သက်သာရာရသွားခဲ့သည်။
ယန်ကျင်းဇီက အပြင်တွင် လျှောက်မပြေးနေလျှင် သူ ကြိုက်သည့်လူက လု၏ဝန်ထမ်း ဖြစ်လောက်သည်။
လုရုံးချုပ်ကို ဝင်နိုင်သော လူအားလုံးမှာ အရည်အချင်းရှိကြပြီး ဤကဲ့သို့လူမျိုးကို ကြိုက်ခြင်းမှာ အတော်လေး ကောင်းမွန်သည်။
ထိုလူ၏ မိသားစုနောက်ခံက သူတို့ယန်မိသားစုလောက် မကောင်းနိုင်လောက်သည့်အတွက်မူ... သူ(မ)သည် ဤကိစ္စကို အမှန်တကယ် ဂရုမစိုက်ပါပေ။
သေချာတာပေါ့၊ သူ(မ)သား ပြန်လာသောအခါ သူ(မ)သည် ထိုလူ၏အခြေအနေကို မေးမြန်းရဦးမည်ဖြစ်သည်။
ယန်ကျင်းဇီသည် သူ့မိသားစုနှင့် ဆွေးနွေးပြီး လုကျင်းရှိူ့ကို ဤအကြောင်း ပြောပြခဲ့သည် : “ ကျင်းရှိူ့၊ ကိုယ် ဒီနေ့ နေ့လယ် အိမ်ပြန်ပြီး မွန်းလွဲပိုင်းကျ ပြန်လာခဲ့မယ်။ ”
“ အိုကေ ” လုကျင်းရှိူ့က သဘောတူသည်။ တိုက်ဆိုင်သည်ပင်၊ သူသည်လည်း ယနေ့ နေ့လယ်တွင် သူ၏သူငယ်ချင်းတစ်ဦးကို သွားတွေ့မည်ဖြစ်သည်။
နေ့လယ်ခင်း အလုပ်မဆင်းမီတွင် ယန်ကျင်းဇီသည် လုကျင်းရှိူ့ဘေးတွင် မတ်တပ်ရပ်ပြီး လုကျင်းရှိူ့၏စားပွဲကို မှီထိုင်လိုက်သည် : “ ကျင်းရှိူ့၊ ကိုယ် စောစောဆင်းပြီ။ ”
“ အင်း ” လုကျင်းရှိူ့က ပြန်ဖြေသည်။
ယန်ကျင်းဇီသည် ပြုံးကာ ခေါင်းစောင်း၍ လုကျင်းရှိူ့ကို ကြည့်လိုက်သည် : “ မင်း ကိုယ့်ကို နှုတ်ဆက်အနမ်းတစ်ခုလောက် ပေးသင့်တယ်မလား? ”
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ခဏစိုက်ကြည့်ပြီးနောက် သူ့ခေါင်းကို ငုံ့ကာ ယန်ကျင်းဇီကို နမ်းပြီး ပြောလာသည် : “ မင်း အခု သွားသင့်ပြီ။ ”
ယန်ကျင်းဇီက ပြန်ပြောသည် : “ အဲ့လိုဆို အဆင်မပြေဘူး! မင်းက ကိုယ့်ကို တစ်ခါနမ်းတယ်၊ ကိုယ်က မင်းကို နှစ်ခါပြန်နမ်းသင့်တာပေါ့။ ”
လုကျင်းရှိူ့ : “ …… ”
ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို နှစ်ကြိမ်နမ်းပြီးမှ အိမ်ပြန်သွားသည်။
ယန်မိသားစုသည်လည်း ဗီလာတစ်ခုတွင် နေထိုင်သည်။
လုမိသားစု၏ဗီလာရှိ အလှဆင်ပုံစံမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ၌သာ ရှိသေးသော်ငြား ယန်မိသားစုဗီလာ၏ အလှဆင်ပုံစံမှာ အလွန်ခေတ်ဆန်သည်။ ယန်ကျင်းဇီ ရောက်ရှိသွားသောအခါ အသက်ငါးဆယ် ဖြစ်သော်လည်း နုပျိုနေပြီး ကြော့ရှင်းရည်မွန်သော အမေယန်က သူ(မ)၏ခွေးကို စနေသည်။
ယန်ကျင်းဇီကို တွေ့သော် အမေယန်က ဆိုသည် : “ နင့်ကို ကြည့်ရတာ စိတ်အခြေအနေကောင်းနေတဲ့ပုံပဲ။ ဝမ်းနည်းမှုတစိုးတစိတောင် မရှိဘူး... နင် တကယ်ပဲ မေ့နိုင်သွားပြီလား? ”
ယန်ကျင်းဇီက ဖြေသည် : “ အမေ၊ အဲ့လိုမပြောပါနဲ့။ ကျွန်တော် လုရွေ့ချွင်ကို ကြိုက်ခဲ့တယ် ဆိုတာက ကျွန်တော်က ငယ်ရွယ်ပြီး မသိနားမလည်သေးလို့ပါ။ အချစ်စစ် လုံးဝ မဟုတ်ဘူး။ ကျွန်တော်က အခုမှ လူတစ်ယောက်ကို တကယ် ချစ်မိနေတာ။ ”
အမေယန်က သူ(မ)၏သား ဤသို့ပြောသည်ကို ကြားပြီး ယန်ကျင်းဇီကို အံ့ဩတကြီး ကြည့်ကာ မျက်မှောင်ကြုံ့၍ မေးသည် : “ နင် ချစ်နေတာ ဘယ်သူလဲ? ”
ယန်ကျင်းဇီ အနည်းငယ် ချောင်းဟန့်လိုက်သည် : “ လုကျင်းရှိူ့ ”
အမေယန်သည် စစချင်းတွင် မတုံ့ပြန်မိသော်ငြား ယန်ကျင်းဇီ၏စကားကို သဘောပေါက်ပြီးနောက် သူ(မ) ပြင်းပြင်းထန်ထန် မတ်တပ်ထရပ်မိသည် : “ နင် ဘာပြောလိုက်တာ? ”
သူ့မိခင်၏ခြေထောက်နားရှိ ခွေးပေါက်မှာ သူ(မ)ကြောင့် လန့်သွားပြီး “ဝုတ်” ဟု ဟောင်ရှာသည်။
ယန်ကျင်းဇီက ဆိုသည် : “ လုကျင်းရှိူ့၊ လုရွေ့ချွင်ရဲ့ဦးလေးပါ။ ”
အမေယန်က မျက်မှောင်ကြုံ့ကာ ယန်ကျင်းဇီကို ကြည့်သည် : “ သူ နင့်ကို ဘာလုပ်လိုက်လဲ? ” သူ(မ)၏ တုံးအသော သားက အနည်းငယ် ရှေးရိုးဆန်သည်။ သူ အလှည့်စားမခံရဘူးမလား? လုကျင်းရှိူ့... ဒါ့အပြင် လုကျင်းရှိူ့က နည်းနည်း အသက်မကြီးဘူးလား?
ထို့အပြင် သူ(မ)သည် လုကျင်းရှိူ့နှင့် ဆက်သွယ်ပြောဆိုခဲ့ဖူးသည်။ ဤလူက အရမ်းနက်နဲသည်။ သူ(မ)ရဲ့သားကပဲ လုကျင်းရှိူ့ဆီမှာ အစားခံရလိမ့်မယ်!
“ သူက ကျွန်တော့်ကို ဘာလုပ်နိုင်မှာလဲ? ” ယန်ကျင်းဇီက ပြောသည်။
အမေယန်က သားဖြစ်သူကို အပေါ်အောက် ကြည့်ရှုလိုက်သည်။
သူ(မ)၏သားက ရဲရဲနီတောက်ပနေပြီး နစ်နာစရာ သို့မဟုတ် အရှက်ကွဲစရာတို့ကို ကြုံတွေ့ခဲ့ရသည့်ပုံ မပေါ်ချေ : “ နင်တို့ ဘယ်လိုဖြစ်တာလဲ? ”
လုကျင်းရှိူ့က ယောက်ျားလေးနဲ့ရော မိန်းကလေးနဲ့ရော မနီးကပ်ဘူးမလား? သူက သူ(မ)ရဲ့သားနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်သွားရတာလဲ?
“ ဘာမှမဟုတ်ဘူး။ ကျွန်တော် သူ့ကို လိုက်နေတာပါ။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ အမေ၊ အပြင်ကလူတွေကို ပြောပြလို့မရဘူးနော်။ လုကျင်းရှိူ့က သတင်းကြားပြီး ကျွန်တော့်ကို ရှောင်သွားလို့ ကျွန်တော် မလိုက်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ? ”
သူသည် လုကျင်းရှိူ့နှင့် အတူရှိနေပြီးဖြစ်သော်ငြား ၎င်းကို သူ့မိဘများအား အသိမပေးခြင်းက ပိုမိုကောင်းမွန်သည်။ ထိုသို့ဆိုလျှင် သူ့မိဘများ၏ လုကျင်းရှိူ့အပေါ် အမြင်ဟာ ပိုမိုကောင်းမွန်သွားမည်ပင်။
အမေယန် : “ ... ” အစောက သူ(မ)သား၏ စိတ်လှုပ်ရှားမှုကို ကြည့်ပြီး သူ(မ)သည် သားဖြစ်သူက သူ့ကို လိုက်ပြီးပြီဟု တွေးခဲ့သည်။ သို့သော် သားဖြစ်သူက မလိုက်ရသေးချေ။
သို့ရာတွင် ဤသည်မှာလည်း ပုံမှန်ပင်။ ပထမဆုံးစတွေ့ကတည်းက လုကျင်းရှိူ့နဲ့ ပေါင်းသင်းဖို့တောင် မလွယ်ဘူး၊ ဘယ်လိုလုပ် သူ့ကို လိုက်ရတာက အရမ်းလွယ်နေနိုင်မှာလဲ?
သူ(မ)၏သားက တစ်သက်လုံး မလိုက်နိုင်သည်မှာလည်း ဖြစ်နိုင်လောက်သည်။
ဤသို့တွေးရင်း အမေယန်သည် အပြည့်အဝ စိတ်သက်သာရာရသွားသည် : “ ဒါဆို နင် သူ့ကို လိုက်နေတာပေါ့၊ အဲ့ဒါကြောင့် နင် အရမ်းစိတ်အားထက်သန်သန်နဲ့ သူ့ကို ဇိမ်ခံကားတစ်စီး ပေးလိုက်တာလား? ”
ယန်ကျင်းဇီက သဘောတကျ ရယ်မောသည် : “ အင်း၊ လူတစ်ယောက်ကို ပိုးပန်းချင်ရင် ကိုယ့်ဘက်က အမြဲတမ်း နည်းနည်းတော့ စိတ်ရင်းစစ်မှန်ရမယ်လေ။ ဒါပေမယ့် ကျွန်တော် ကားပို့ရတဲ့ အကြောင်းအရင်းက သူ့ကို တောင်းဆိုစရာတွေ ရှိလို့ပါ။ ကျွန်တော် ကားပို့ပြီးတော့ သူ့ရဲ့ ကျွန်တော့်အပေါ် သဘောထားက အများကြီး ပိုကောင်းလာတယ်။ ”
အမေယန်သည် သူ(မ)၏ ရူးမိုက်မိုက် သားကို ကြည့်ပြီး ခဏတာ ဆွံ့အသွားရသည်။
မီလီယံငွေများစွာကို လက်ဆောင်ပေးသော ဤကဲ့သို့ တုံးအသည့် လူမျိုး၊ သူ(မ)သာ လုကျင်းရှိူ့ဆိုလျှင်လည်း သူ(မ)၏သဘောထားမှာ ပိုမိုကောင်းမွန်သွားလိမ့်မည်ပင်။
သို့သော် ဤကိစ္စအတွက်မူ သူ(မ)သည် ယခင်က အကြောင်းအရင်း မသိသော်လည်း စိတ်မဆိုးခဲ့ရာ ယခုမူ သူ(မ)သည် ပို၍ပင် ဒေါသလျော့နည်းသွားသည်။
လုကျင်းရှိူ့သည် အခြားသူများ သူ့ကို ပေးကမ်းသည်များကိုပင် လက်မခံသော လူတစ်ဦး ဖြစ်သော်ငြား ယခု သူက သူ(မ)၏ ရူးမိုက်သော သားဖြစ်သူထံမှ ကားကို လက်ခံခဲ့သည်။ အနာဂတ်တွင် တစ်ခုခုဖြစ်လျှင် သူ(မ)၏သားကို သူက ကူညီပေးရန် ဆန္ဒရှိလောက်သည်။
ယန်ကျင်းဇီ အိမ်ပြန်ရောက်ပြီးမကြာမီ အစ်ကိုကြီးယန်လည်း ပြန်လာသည်။
အစ်ကိုကြီးယန်သည် ဤနှစ်တွင် အသက်သုံးဆယ် ရှိပြီဖြစ်ပြီး ယန်ကျင်းဇီထက် အသက်ရှစ်နှစ် ပိုကြီးသည်။ သူသည် အိမ်ထောင်မပြုရသေးသော်လည်း သူ့တွင် ခိုင်မြဲသော ဆက်ဆံရေးတစ်ခု ရှိနေပြီးဖြစ်သည်။
သူ ပြန်ရောက်ရောက်ချင်း ယန်ကျင်းဇီက လုရွေ့ချွင်အကြောင်း မေးမြန်းသည်။
“ လုရွေ့ချွင်က ဝမ်ဟဲယန်နဲ့ အတူနေနေတယ်။ ဒါပေမယ့် သူတို့က အပြင်မှာ အရမ်းဂရုစိုက်ပြီး သူတို့နေတဲ့ နေရာကိုလည်း လျှို့ဝှက်ထားတော့ သက်သေရဖို့ မလွယ်ဘူး။ ” အစ်ကိုကြီးယန်က ဖြေသည်။
လုရွေ့ချွင်က လုရုံးခွဲသို့ ရောက်သောအခါ ဝမ်ဟဲယန်တွင် နေစရာမရှိဟု ပြောသဖြင့် ဝမ်ဟဲယန်ဟာ သူနှင့်အတူနေခွင့်ရထားသည်... သို့သော် ဤနှစ်ဦးက အတူနေနေကျဟု သူ ခံစားရသည်။
“ သက်သေယူဖို့ ဘာလို့ အရမ်းနှေးနေရတာလဲ... ” ယန်ကျင်းဇီက ဆိုသည်။
အစ်ကိုကြီးယန်သည် သူ့ညီကို ပြောစရာမဲ့စွာ လှမ်းကြည့်သည် : “ လွန်ခဲ့တဲ့လဝက်ကမှ မင်း ငါ့ကို ဒီကိစ္စ စုံစမ်းဖို့ ပြောခဲ့တာ... မင်း ဘယ်လောက်မြန်စေချင်လို့လဲ? ”
ယန်ကျင်းဇီသည် အင်တင်တင်ဖြင့် သူ့နှာခေါင်းကို ထိလိုက်သည်။
ယန်မိသားစု၏ ထမင်းဝိုင်းမှာ အလွန်အရသာရှိသည်။ ထမင်းစားနေစဉ် ယန်ကျင်းဇီသည် သူ အိမ်ဝယ်ချင်ကြောင်း ပြောခဲ့သည်။ သူသည် ယန်မိသားစုထံတွင် သူ၏ ပိုင်ဆိုင်မှုအချို့ကို ငွေအဖြစ် လဲလှယ်ရန် ဆန္ဒရှိသည်။
အမေယန်က ခဏစဉ်းစားကာ ဆိုသည် : “ အဲ့လိုလုပ်စရာမလိုဘူး။ ငါတို့ အရင်က နင့်အစ်ကို အိမ်ဝယ်ဖို့ ယွမ်သန်း ၂၀ ပေးဖူးတယ်။ နင်လည်း အတူတူပဲ ရမယ်။ နောက်ကျရင် ငါ နင့်ကို ငွေပေးလိုက်မယ်။ ကြုံရာကျပန်း လျှောက်မသုံးပစ်နဲ့။ ”
ယန်ကျင်းဇီ အမေယန်ကို ဖက်လိုက်သည် : “ အမေက အရမ်းကောင်းတာပဲ! ”
နှစ်ဆယ်မီလီယံက ပမာဏအပြည့်အတွက် မလုံလောက်သော်လည်း စရံပေးချေမှုအတွက် လုံလောက်ပြီး ချေးငွေကို နောက်မှ ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ရသည်...
သို့သော်ငြား လက်မထပ်ထားသော လူနှစ်ဦး၏ အမည်များကို အိမ်ပိုင်ရှင်အဖြစ် ရေးနိုင်၊ မနိုင် သူ မသိပေ။ သူနှင့်လုကျင်းရှိူ့တို့၏ နာမည်နှစ်ခုစလုံးကို သူ ရေးချင်သည်။
ယန်ကျင်းဇီသည် အနာဂတ်ရှိ ပိုမိုကောင်းမွန်သော ဘဝကို စတင်စိတ်ကူးယဉ်တော့သည်။
အစ်ကိုကြီးယန်ကမူ... တကယ်ပင် သူ့ညီက လုကျင်းရှိူ့ကို ချစ်မိသွားကြောင်း သိရသောအခါ အစ်ကိုကြီးယန်သည် သူ့ကို လေးစားကာ ပြောလာသည် : “ ယန်ကျင်းဇီ၊ မင်းက အံ့ဩစရာပဲ။ မင်း လုကျင်းရှိူ့ကိုတောင် တွေးရဲတယ်။ ”
“ ဘာလို့ ကျွန်တော်က မလုပ်ရဲနိုင်ရမှာလဲ? ” ယန်ကျင်းဇီက အကြောက်အရွံ့ကင်းမဲ့သည်။
အစ်ကိုကြီးယန် : “ ... ” အမှန်ပင်။ မွေးကင်းစ အကောင်ပေါက်များက ကျားများကို မကြောက်ကြဘဲ သူ့ညီကဲ့သို့ တစ်စုံတစ်ဦးက သေချာပေါက် ဘာကိုမှမကြောက်ချေ။
စဉ်းစားပြီးနောက် အစ်ကိုကြီးယန်က ပြောလိုက်သည် : “ မင်း လုကျင်းရှိူ့ကို အမိဖမ်းနိုင်ရင်တော့ အရမ်းကောင်းတာပေါ့။ ငါ မင်းကို အစ်ကိုကြီးလို့ ခေါ်မယ်! ” သူသည် လုကျင်းရှိူ့နှင့် အသက်တူတူနီးပါး ဖြစ်သော်ငြား လွန်ခဲ့သော သုံးနှစ်ကမှ နိုင်ငံခြားတွင် ပညာသင်နေရင်
း ပြန်ရောက်လာခဲ့ပြီး ယခု သူသည် သူ့ကိုယ်ပိုင်ကုမ္ပဏီ၏ ဌာနမျိုးစုံတွင် လှည့်ပတ်နေဆဲဖြစ်သည်။ ရိုးရှင်းစွာပင် သူသည် လုကျင်းရှိူ့နှင့် တူညီသော အဆင့်တွင် မရှိပေ။
ယန်ကျင်းဇီသည် သူ့အစ်ကိုကို သနားစွာ ကြည့်လိုက်မိသည်။
သူသည် လုကျင်းရှိူ့ကို အမိဖမ်းပြီးဖြစ်သည်။ သူ့အစ်ကိုက... သူ့ကို အစ်ကိုကြီးလို့ ခေါ်ချင်နေပြီ!