ယန်ကျင်းဇီသည် လက်တစ်ဖက်က သူ့နှလုံးသားကို ဆုပ်ကိုင်ပြီး တင်းမာစွာ ညှစ်လိုက်သကဲ့သို့ပင်သာ ခံစားလိုက်ရတော့သည်။
လုကျင်းရှိူ့က ရေကူးနည်းကို သိသော်ငြား သူ့ကိုယ်သူ ရေနစ်ခွင့်ပြုခဲ့သည်။ အဲ့အချိန်မှာ သူ ဘယ်လောက်အားငယ်နေခဲ့လိုက်မလဲ?
သို့သော် ဤအကြောင်းဖြင့် ရှင်းမပြနိုင်ခဲ့သော ကိစ္စအချို့ကိုလည်း ရှင်းပြနိုင်လာသည်။
ဥပမာအားဖြင့် မူလပိုင်ရှင်က သူ့အစားအစာတွေထဲမှာ အန္တရာယ်ရှိတဲ့ဆေးတွေ ထည့်ခဲ့ပြီး သူ့ကို ထိခိုက်စေချင်နေတာကို သိပြီးတာတောင်မှ ဘာကြောင့် လုကျင်းရှိူ့က မူလပိုင်ရှင်ဆီကို တစ်ယောက်တည်း သွားမေးတာလဲ?
ဖြစ်နိုင်တာက သူ... အသက်မရှင်ချင်တော့လို့။
ယန်ကျင်းဇီသည် လုကျင်းရှိူ့၏ ခန္ဓာကိုယ်အခြေအနေကို မနက်က သိရှိပြီးနောက် အမြဲအဆင်မပြေဖြစ်နေခဲ့သည်။ သူသည် လုကျင်းရှိူ့ကို မမြင်စေချင်သောကြောင့် လုကျင်းရှိူ့ရှေ့တွင် အဆင်ပြေသယောင် ဟန်ဆောင်နေခဲ့၏။
သို့သော် ယခုမူ သူ ဤကဲ့သို့ ဆက်ဟန်မဆောင်နိုင်တော့ပေ။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ထံသို့ ရောက်ရှိပြီး ရုတ်တရက်ကြီး ဆိုဖာရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ လုကျင်းရှိူ့ကို ဖက်လိုက်သည်။
လုကျင်းရှိူ့ အံ့အားသင့်သွားသည် — ယန်ကျင်းဇီ ဘာဖြစ်တာလဲ?
“ ကျင်းရှိူ့၊ ကိုယ် တကယ် မင်းကို ချစ်တယ်။ မင်းက ကိုယ့်ဘဝထက်တောင် ပိုအရေးကြီးတယ်။ ” ယန်ကျင်းဇီက တီးတိုးဆိုသည်။
သူ့အသံက မကျယ်သော်လည်း မယှဉ်သာစွာ တည်ကြည်သည်။ လုကျင်းရှိူ့သည် ၎င်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး အနည်းငယ် တုန်ယင်သွားသည်။
ဤရက်များတွင် ယန်ကျင်းဇီက သူ့ကို မျိုးစုံဂရုစိုက်ခဲ့သော်ငြား ဤကဲ့သို့သော အချစ်စကားများကိုတော့ တစ်ခါမှ မပြောခဲ့ချေ။ သူ့ခန္ဓာကိုယ်မှာ စိတ်အားထက်သန်မှုကြောင့် ပူနွေးတက်လာပြီး သူသည် အနည်းငယ် မူးဝေလာကာ သူ့နှလုံးခုန်သံလည်း မြန်ဆန်လာသည်။
မစစ်မှန်လျှင်တောင်မှ သူ စိတ်ကျေနပ်မိသည်။
“ ကျင်းရှိူ့၊ မင်း ကိုယ့်ကို ထားမသွားရဘူး။ ” ယန်ကျင်းဇီက ပြောသည်။
ယန်ကျင်းဇီသည် မူလက အချိန်ယူရန် စီစဉ်ခဲ့သည်။ သူသည် ဤရက်ပိုင်းတွင် လုကျင်းရှိူ့ကို ခေါ်၍ လျှောက်လည်သည်မှာ ကမ္ဘာကြီးကို ကြည့်ကာ သူတို့နှစ်ဦး၏ဆက်ဆံရေးကို နည်းနည်းချင်းစီ ပျိုးထောင်ရန် ဖြစ်သည်... သို့ရာတွင် ယခု သူ မနေနိုင်တော့။
သူသည် မကြာမီပင် လုကျင်းရှိူ့နှင့် အတူရှိချင်ပြီး လုကျင်းရှိူ့တွင် တစ်ခုခုဖြစ်လာမည်ကို အမှန်တကယ် ကြောက်ရွံ့မိသည်။
လုကျင်းရှိူ့ကြောင့် ဤကမ္ဘာသို့ သူ ရောက်လာခဲ့သည်။ လုကျင်းရှိူ့ တစ်ခုခုဖြစ်ရင် သူ ဘာလုပ်ရမလဲ?
လုကျင်းရှိူ့သည် စကားမပြောဘဲ သူ့ရင်ခွင်ထဲတွင် ခေါင်းဖွက်ထားသည့် ယန်ကျင်းဇီကိုသာ ကြည့်နေသည်။
ယန်ကျင်းဇီ၏ ဆံပင်အနက်များက ပိုရှည်လာပြီး ဘာကြောင့် ယန်ကျင်းဇီက ဆံပင်ပုံစံအသစ် မလုပ်သေးမှန်း သူ မသိပေ။
အင်း၊ သူ အတွေးလွင့်တာ နည်းနည်းများသွားပြီ။
သူ... ဤအခိုက်အတန့်တွင် သူ မည်သို့ဖြေရမည်ကို မသိပေ။
သေချာတာပေါ့၊ ယန်ကျင်းဇီက သူ့ကို မထားသွားသရွေ့ သူ ယန်ကျင်းဇီကို မထားခဲ့နိုင်ချေ။
“ ကိုယ် မင်းကို တကယ် ချစ်တယ်၊ မင်း သိလား? ” ယန်ကျင်းဇီက ထပ်ပြောပြန်သည်။
“ ငါ သိပြီ။ ” လုကျင်းရှိူ့ နောက်ဆုံးတွင် ပြောလိုက်ပြီး သူ့မျက်နှာမှာ ပို၍ပင် ပူတက်လာသည်။
ဗီလာရှေ့တွင် အနည်းငယ်သော ဥယျာဉ်မှူးတို့က သူတို့၏ပစ္စည်းများကို သိမ်းဆည်းနေကြပြီး ဗီလာနောက်တွင် ရေကူးကန်သန့်ရှင်းရေးသမားများက နောက်ဆုံးအကျဉ်းချုပ်များကို ဆောင်ရွက်နေကြကာ မီးဖိုချောင်ထဲတွင် နာနီက ချက်ပြုတ်နေရင်း အလုပ်ရှုပ်နေသည်။
ဤလူများက အဝေးရောက်နေပြီး သူနှင့် ယန်ကျင်းဇီတို့၏ စကားများကို မကြားနိုင်သော်ငြား သူ့တွင် သူ၏ ယန်ကျင်းဇီနှင့် ခံစားချက်များမှာ တခြားလူများ၏ရှေ့တွင် ထုတ်ဖော်ခံရသည် ဟူသော ခံစားချက် ရရှိနေဆဲပင်။
အနည်းငယ် ရှက်ရွံ့မိသည့်အပြင် သူသည် အနည်းငယ်လည်း... ပျော်ရွှင်မိသည်။
“ ကိုယ် မင်းမရှိဘဲ အသက်မရှင်နိုင်ဘူး။ ” ယန်ကျင်းဇီက ထပ်ပြောလာပြန်သည်။
လုကျင်းရှိူ့ နှုတ်ခမ်းဟလိုက်သည်။ “ငါ သိတယ်” ဟု သူ ပြောချင်သော်လည်း သူ ဆက်တွေးမိသည်၊ အဲ့ဒါက အရမ်းကို ဝတ်ကျေတမ်းကျေဖြစ်နေမလား?
ထိုသို့တွေးရင်း လုကျင်းရှိူ့သည် ယန်ကျင်းဇီက သူ့ကို ဖက်ထားရာမှ အနည်းငယ် လက်လွှတ်ကာ သူ့ဘယ်လက်ကို ယူပြီး နမ်းလိုက်သည်အား ရုတ်တရက် ခံစားလိုက်ရသည်။
သူသည် သူ့ဘယ်လက်နှင့် ကိစ္စအများအပြားကို မလုပ်နိုင်သော်ငြား ၎င်းက သတိရှိနေဆဲဖြစ်သည်။
ယန်ကျင်းဇီ၏နှုတ်ခမ်း ဖြစ်သော နူးညံ့သည့် တစ်စုံတစ်ခုက သူ့လက်ကို ထိတွေ့နေသည်အား သူ ခံစားမိသည်။
လုကျင်းရှိူ့သည် သူ့နှလုံးခုန်သံ ပိုပိုမြန်လာသည်ကိုလည်း ခံစားမိ၏။ သူ မျက်မှောင်ကြုံ့လိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည် : “ ငါလည်း မင်းမရှိရင် မနေနိုင်ဘူး။ ”
ယန်ကျင်းဇီသည် ချက်ချင်း ခေါင်းမော့ပြီး လုကျင်းရှိူ့ကို မယုံကြည်နိုင်စွာ ကြည့်မိသည်။
လုကျင်းရှိူ့၏မျက်နှာတွင် အမူအရာမရှိဖြစ်နေသေးသော်ငြား သူ့မျက်ဝန်းများမှာ အလွန်အမင်း နူးညံ့ညင်သာနေသည်။ ဤမျက်ဝန်းများထဲရှိ ပြင်းထန်သော ခံစားချက်များကိုပင် ယန်ကျင်းဇီ တွေ့ရသည်။
သူ ရုတ်တရက် တစ်ခုသဘောပေါက်သွားသည် – လုကျင်းရှိူ့က သူ့ကို ကြိုက်တာလား?
ကြိုက်ရုံတင်မဟုတ်လောက်ဘဲ လုကျင်းရှိူ့က သူ့ကို ချစ်ပင် ချစ်နေလောက်သည်။
ချက်ချင်းဆိုသလို သူ့နှလုံးသားထဲတွင် ပီတိဖြာသွားပြီး ယန်ကျင်းဇီ တစ်ခုခုပြောတော့မည်အပြု လုကျင်းရှိူ့က သူ့ကို တွန်းထုတ်သည်။
လုကျင်းရှိူ့၏ မျက်ဝန်းများမှာ ငြိမ်သက်ကာ ပြန်လည်ထိန်းချုပ်သွားပြီး သူက တည်ငြိမ်စွာ ဆိုသည် : “ စားချိန်ရောက်ပြီ။ ”
ယန်ကျင်းဇီသည် မတ်တပ်ထရပ်လိုက်ပြီးမှသာ နာနီက ဟင်းသီးဟင်းရွက်များနှင့် မီးဖိုချောင်ထဲမှ လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်သည်။ နာနီက သူ့ကို မြင်သောအခါ ပြုံးပြပြီး ပြောလာသည် : “ ယန်သခင်လေး၊ စားလို့ရပါပြီ... ယန်သခင်လေး၊ ဘာလို့ မျက်လုံးတွေ အရမ်းနီနေတာလဲ? ”
ယန်ကျင်းဇီသည် အစောက စိတ်တုန်လှုပ်နေခဲ့သည်။ နီရဲသော မျက်လုံးများကို မဆိုနှင့်၊ မျက်ရည်များပင် အမှန်တကယ် စီးကျထားပြီး ၎င်းတို့အားလုံးကို လုကျင်းရှိူ့၏ အဝတ်အစားများပေါ်တွင် သုတ်ပစ်ခဲ့သည်...
ယန်ကျင်းဇီ ပြောလိုက်သည် : “ ကျွန်တော် အဆင်ပြေပါတယ်။ ခုနက နောက်ဖေးသွားတုန်း မျက်လုံးထဲကို သဲဝင်သွားလို့။ ”
“ ယန်သခင်လေး၊ သတိထားသင့်တယ်။ ” နာနီက ပြောသည်။
လုကျင်းရှိူ့ ယန်ကျင်းဇီကို ပဟေဠိဖြစ်ပုံဖြင့် လှမ်းကြည့်မိသည်။ ယန်ကျင်းဇီက အနည်းငယ် ဝမ်းနည်းနေတယ်လို့ သူ ခံစားရတယ်... ဒါပေမယ့် ဒါက အထင်မှားတာပဲ ဖြစ်ရမယ်မလား?
ယန်ကျင်းဇီက အဆင်ပြေနေတာကို ဘာကြောင့် ဝမ်းနည်းနေမှာလဲ?
ပဟေဠိဖြစ်နေစဉ် လုကျင်းရှိူ့သည် ယန်ကျင်းဇီက ပြုံးကာ သူ့ကို ကြည့်နေပြီး အကြည့်များထဲတွင် သူသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ မည်သည့်ဝမ်းနည်းမှုကိုမျှ မမြင်မိပေ။
ယန်ကျင်းဇီက လုကျင်းရှိူ့အတွက် ဟင်းအချို့ ထည့်ပေးသည် : “ ကျင်းရှိူ့၊ များများစား။ ”
“ အင်း ” လုကျင်းရှိူ့က ယန်ကျင်းဇီ သူ့ကို ထည့်ပေးသော ဟင်းများကို စားသည်။
ယန်ကျင်းဇီသည် အလေးအနက် စားနေသော လုကျင်းရှိူ့ကို တွေ့သောအခါ လုကျင်းရှိူ့ သူ့ကို ကြိုက်နေသည်ကို ယခုလေးတင်မှ သူ သဘောပေါက်မိသည့် အကြောင်းကို ပြန်တွေးမိသည်။
သူသည် မူလက သိပ်မတွေးမိခဲ့သော်ငြား ယခုမူ သူ ပိုတွေးမိလေလေ၊ ထိုသို့ဖြစ်နေမှန်း သူ ပိုပိုပြီး တွေးမိလေလေပင်။
လုကျင်းရှိူ့က သူ့ကို တကယ် သည်းခံသည်။ လုကျင်းရှိူ့ သူ့ကို ကြိုက်သည်မှာ ဟိုးယခင်ကတည်းက ဖြစ်လောက်ပြီး သူ ယခင်က ထင်ခဲ့သည့် လုရွေ့ချွင် ဒေါသထွက်အောင် ပြုလုပ်ရန် လုကျင်းရှိူ့က သူနှင့် အတူရှိနေခြင်းမှာ မဟုတ်ချေ။
လုကျင်းရှိူ့သာ သူ့ကို မကြိုက်လျှင်... သိပ်ပြီး အသက်ရှင်မနေချင်လောက်တော့တဲ့ သူလို လူတစ်ယောက်က လုရွေ့ချွင်ကို ရန်စဖို့လောက်နဲ့ သူ့ကို အရမ်းသည်းခံနေဖို့လိုမလား?
လုကျင်းရှိူ့ကသာ လုရွေ့ချွင်ကို တကယ် ကိုင်တွယ်ချင်တယ်ဆိုရင် နည်းလမ်းတွေ အများကြီး ရှိတယ်!
ထို့ကြောင့် လုကျင်းရှိူ့က သူ့ကို အမှန်တကယ် သဘောကျသည်။
ဤသည်ကို နားလည်သွားရသော် ယန်ကျင်းဇီသည် ပို၍ပင် အဆင်မပြေဖြစ်သွားရသည်။
သူ ကူးပြောင်းလာသည့်အချိန်မှစ၍ လုကျင်းရှိူ့က သူ့ကို အမြဲတစေ ကောင်းကောင်းဆက်ဆံခဲ့သည်။ ဥပမာအားဖြင့် အစပိုင်းတွင် သူသည် လုကျင်းရှိူ့က လုအိမ်မှ သူ့ကို မောင်းထုတ်မည်အား အမြဲစိတ်ပူနေခဲ့သော်လည်း လုကျင်းရှိူ့က ဘယ်တော့မှ မလုပ်ခဲ့ချေ။
ထို့အပြငိ လုကျင်းရှိူ့က သူ့ကို ပြင်းထန်ကြမ်းတမ်းသော စကားများ တစ်ခါမှ မပြောဖူးဘဲ သူ့ကို “ထွက်သွား”ဟုပင် တစ်ခါမှ မပြောဖူး။
သူနှင့် လုကျင်းရှိူ့တို့ တွေ့ဆုံပြီး ရက်အနည်းငယ်သာ ကြာမြင့်ပြီးနောက် သူသည် လုကျင်းရှိူ့၏ အိပ်ရာထဲသို့ တိုးဝင်ခဲ့ပြီး လုကျင်းရှိူ့က ဒေါသပင် မထွက်။
လုကျင်းရှိူ့ သူ့ကို ကြိုက်တာ တော်တော်ကြာပြီလား? ဖြစ်နိုင်တာ သူက... မူလပိုင်ရှင်ကိုတောင် ကြိုက်ခဲ့တာလား?
ဒါဆို သူသာ ဤခန္ဓာကိုယ်ထဲ မကူးပြောင်းလာခဲ့ရင်... လုကျင်းရှိူ့က သူ သဘောကျရတဲ့လူဆီက မေးခွန်းအမေးခံရပြီး၊ သူ သဘောကျရတဲ့လူရဲ့ ဆေးခတ်တာကို ခံရပြီး၊ နောက်ဆုံးမှာ သူ သဘောကျရတဲ့လူရဲ့ ရေကူးကန်ထဲကို တွန်းချတာကို ခံရမှာ လုကျင်းရှိူ့ ဘယ်လောက်တောင် နာကျင်လိုက်မလဲ?
ယန်ကျင်းဇီ ဤသို့တွေးမိသောအခါ သူ့တွင် စားချင်စိတ် မရှိတော့ပေ။
“ မင်း ဘာဖြစ်နေတာလဲ? ” လုကျင်းရှိူ့သည် ယန်ကျင်းဇီ တစ်ခုခုမှားနေသည်ဟု ထပ်မံခံစားလိုက်ရပြန်သည်။
ယန်ကျင်းဇီ ရယ်လိုက်သည် : “ အရမ်းစိတ်လှုပ်ရှားနေလို့! ”
ထိုသို့ပြောပြီးနောက် သူ အလုတ်ကြီးကြီး တစ်လုတ် အစားစားလိုက်၏။
တကယ်တော့ သူ ပျော်သင့်သည်။
လုကျင်းရှိူ့က သူ့ကို ကြိုက်တယ်!
သူက မူလပိုင်ရှင် မဟုတ်ဘူး၊ ဒါကြောင့် အဲ့ဟာတွေအကုန်လုံး လုံးဝ မဖြစ်နိုင်တော့ဘူး။ သူက လုကျင်းရှိူ့ ပျော်ရွှင်အောင် လုပ်ပေးမှာ!
စိတ်ထဲတွင် ဤအတွေးဖြင့် ယန်ကျင်းဇီသည် သိပ်ပြီး အဆင်မပြေမဖြစ်တော့ပေ။
ကောင်းကင်ယံမှာ မှောင်နေပြီး ရေကူးကန်ကို သန့်ရှင်းရေးလုပ်သူများကလည်း သူတို့၏အလုပ်များကို ပြီးသွားကြကာ ပြန်သွားကြသည်။
ယန်ကျင်းဇီသည် မျက်နှာချင်းဆိုင်ရှိ လုကျင်းရှိူ့ကို ကြည့်ပြီး လုကျင်းရှိူ့ တူနှင့်ယူကာ စားဖို့ပြင်နေသည့် စားစရာကို လုယူကာ အမြန်စားလိုက်သည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ပဟေဠိဖြစ်စွာ ကြည့်သည်။
ယန်ကျင်းဇီသည် ပြုံးပြပြီး လုကျင်းရှိူ့၏ပါးစပ်ထဲသို့ တူညီသော ဟင်းလျာကို ခွံ့ကျွေးလိုက်သည် : “ သွယ်ဝိုက်အနမ်း ”
လုကျင်းရှိူ့ : “ ... ”
လုကျင်းရှိူ့သည် မတ်မတ်ထိုင်ပြီး ပတ်ဝန်းကျင်ကို ခဏစစ်ဆေးကာ နာနီက ပြတင်းပေါက်ကို ပိတ်ရင်း အလုပ်များနေသည့်အပြင် သူ့ကိုယ်ရေးလက်ထောက်က မီးဖိုချောင်ထဲတွင် စားနေသည်ကို တွေ့လိုက်ရသည်...
သူ တစ်လုတ်တည်းဖြင့် စားလိုက်သည်။
ယန်ကျင်းဇီက တကယ် ကရော်ကမည်နဲ့! သို့သော် သူ မငြင်းဆန်နိုင်သဖြင့် ယန်ကျင်းဇီကို အလိုသာလိုက်နိုင်သည်။
လုကျင်းရှိူ့သည် ဤသို့စားပြီးနောက် ယန်ကျင်းဇီက ရပ်သွားလိမ့်မည်ဟု ထင်ထားသော်ငြား ယန်ကျင်းဇီက ပို၍ပင် ကရော်ကမည်နိုင်သည့် တစ်စုံတစ်ရာကို ပြုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားပေ — ယန်ကျင်းဇီက ခြေထောက်တစ်ချောင်းကို ဆန့်ထုတ်ပြီး ထမင်းစားပွဲအောက်တွင် သူ့ခြေထောက်ကို လာချိတ်သည်။
လုကျင်းရှိူ့သည် နာနီကို နောက်တစ်ကြိမ် လှမ်းကြည့်မိပြန်သည်။
နာနီက ပြတင်းပေါက်များကို ပိတ်ရင်းနှင့် အလုပ်ရှုပ်နေဆဲဖြစ်ပြီး သူတို့ကို အာရုံမစိုက်သေးချေ။
ဤအခါမှသာ လုကျင်းရှိူ့သည် စိတ်သက်သာရာရစွာ သက်ပြင်းချမိပြီး ယန်ကျင်းဇီကို မျက်စောင်းခဲကာ ပြောလိုက်သည် : “ ငြိမ်ငြိမ်နေစမ်း! ” သူတို့၏ထမင်းစားပွဲကို ထူထဲသော စားပွဲခင်းနှင့် မခင်းထားချေ။ ဘေးကကြည့်ရင် ထမင်းစားပွဲအောက်က အခြေအနေကို တွေ့နိုင်တယ်!
မျက်စောင်းထိုးခံရသော်လည်း ယန်ကျင်းဇီသည် လုကျင်းရှိူ့ စိတ်မဆိုးဟု ခံစားရသည်။
ထို့ကြောင့် သူသည် ရိုးရှင်းစွာပင် သူ့ဖိနပ်များကို ချွတ်ပြီး လုကျင်းရှိူ့၏ခြေထောက်များကို ထပ်မံသွားပွတ်လိုက်သည်။
လုကျင်းရှိူ့သည် နာနီက ပြတင်းပေါက်ပိတ်ပြီး လိုက်ကာများကိုပါ ပိတ်ကာ မီးဖိုချောင်ထဲသို့ ပြန်သွားသည်ကို သတိပြုမိသည်... သူသည် အခြေအနေကို ဂရုမစိုက်သည့် ယန်ကျင်းဇီကို ထပ်မံမျက်စောင်းထိုးလိုက်သည်။
လူငယ်များက အလွန်အားမာန်တက်ကြွကြသည်။ ယန်ကျင်းဇီ၏ စိတ်အားထက်သန်မှုကို ဟန့်တားရန်မှာ သူ့အတွက် ခက်ခဲသည်။ သူ ဟန့်တားမိလို့ ယန်ကျင်းဇီရဲ့ စိတ်အားထက်သန်မှုတွေ လျော့နည်းသွားရင် ဘယ်လိုလုပ်မလဲ?
ယန်ကျင်းဇီသည် သူ့နှလုံးသားမှာ ချဉ်တူးသကဲ့သို့ ခံစားလိုက်ရသော်ငြား မရယ်ဘဲ မနေနိုင်ပေ။
ယခင်က သူသည် လုကျင်းရှိူ့ရှေ့တွင် အတော်အတင့်ရဲခဲ့သော်လည်း တစ်ခါမှ အလွန်အကျူး အတင့်မရဲခဲ့ဖူးဘဲ ယခု လုကျင်းရှိူ့၏ ဤကဲ့သို့ တုံ့ပြန်မှုကို တွေ့ရသောအခါ သူ အများအပြားကို လွဲချော်ခဲ့ကြောင်း သဘောပေါက်သွားရသည်။
သူ ပိုပြီးအတင့်ရဲနိုင်လောက်သည်။
စားပြီးနောက် လုကျင်းရှိူ့က မတ်တပ်ထရပ်သည် : “ ငါ အပေါ်တက်ပြီ။ ”
သူ ဤညစာကို စားနေစဉ်... သူ့တစ်ကိုယ်လုံး မသက်မသာ ခံစားရသည်။
ထမင်းမစားမီ ဖွင့်ပြောခံရချိန်တွင် သူသည်လည်း ဖွင့်ဟဝန်ခံချက်နှင့် တူညီသည့် တစ်စုံတစ်ရာကို ပြောခဲ့သော်ငြား သူ စားနေချိန်တွင် ယန်ကျင်းဇီက သူ့ကို ထိပါးရိပါးပင် လုပ်ခဲ့သည်။
လုကျင်းရှိူ့သည် သူ့တုတ်ကောက်ကို အားပြုပြီး အပေါ်ထပ်သို့ ဦးတည်လိုက်သည်။
ရလဒ်ကမူ သူ လှေကားထစ်သို့ လမ်းလျှောက်ရုံသာရှိသေး ယန်ကျင်းဇီက သူ့နောက်မှ လိုက်လာသည်။ သူ့နောက်မှလိုက်လာသည်ကို အသာထား၊ ယန်ကျင်းဇီက သူ့ကို ကောက်ပင် ချီပြီး အပေါ်ထပ်သို့ သယ်သွားသည်။
လုကျင်းရှိူ့ : “ !!! ”
သူ့အသက်က အလွန်ကြီးနေချိန်တွင် သူ့ကို လူတစ်ဦးက ကောက်ချီပြီး သူ့ခြေထောက်နှစ်ချောင်း လေထဲတွင် ရောက်နေသော နေ့ရက်တစ်ရက် ရှိလာလိမ့်မည်ဟု လုကျင်းရှိူ့ မတွေးခဲ့ဖူးပေ။
သူသည် ယန်ကျင်းဇီ၏လည်ပင်းကို အလိုအလျောက် ဖက်မိပြီး ထို့နောက် သူ မြင့်မားသော လှေကားများကို တွေ့လိုက်သည်။
ဤသည်မှာ မဖော်ပြနိုင်စွာ ကြောက်စရာကောင်းပြီး သူ လှေကားပေါ်မှ ပြုတ်ကျလိမ့်မည်ဟု သူ့ကို စိုးရိမ်စေသည်။
အမှန်ပင်၊ သူ ပြုတ်မကျပေ။ ယန်ကျင်းဇီက သူ့ကို ပွေ့ဖက်ပြီး အပေါ်ထပ်သို့ လျင်မြန်စွာ တက်သည်။
ယန်ကျင်းဇီက အပေါ်ထပ်သို့ ရောက်သောအခါတွင်ပင် သူ့ကို မလွှတ်ပေးဘဲ သူ့အခန်းတံခါးရှေ့သို့ ရောက်သည့်အထိ သူ့ကို ချီထားကာ နောက်ဆုံးမှ သူ့ကို အောက်ချပေးသည်။
လုကျင်းရှိူ့သည် အဆုံးတွင် သေချာရပ်ပြီး မျက်မှောင်ကြုံ့ကာ ယန်ကျင်းဇီကို ကြည့်လိုက်သည် : “ အရူး! ငါ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ? ”
အဲ့လိုဆိုသာဆို သူ တကယ် ပြုတ်ကျရင် သူတစ်ယောက်တည်း မဟုတ်ဘဲ ယန်ကျင်းဇီပါ လှေကားပေါ်ကနေ လဲကျသွားလိမ့်မယ်!
“ မင်း မပြုတ်ကျပါဘူး။ ” ယန်ကျင်းဇီက ပြုံးသည်။ မူလပိုင်ရှင်က ခန္ဓာကိုယ်ပုံစံကို အလွန်အလေးထားပြီး အမြဲတစေ လေ့ကျင့်သည်။ သူက အလွန်သန်မာ၏။
ပြောရမည်ဆိုလျှင် သူသည် ဟိုးယခင်ကတည်းက လုကျင်းရှိူ့ကို သယ်ချင်နေခဲ့သည်။ ယခင်က သူသည် လုကျင်းရှိူ့ ဒေါသထွက်မည်ကို ကြောက်ခဲ့သဖြင့် သူ မလုပ်ရဲခဲ့ပေ။ ယခု ကွဲပြားသွားပြီ။
သူ အခု အကြောက်ကင်းတယ်!
လုကျင်းရှိူ့က ဆိုသည် : “ နောင်ကျ ဒီလိုကိစ္စမျိုးကို မလုပ်နဲ့! ”
ယန်ကျင်းဇီက ပြုံးကာ ဘာမှမပြောဘဲ သဘောမတူပေ။ ဆက်လုပ်ချင်သည်မှာ သိသာထင်ရှားသည်။
လုကျင်းရှိူ့သည် သူ့ကို တုတ်ကောက်နှင့် အလွန်ရိုက်ချင်မိသည်။
သို့သော် ဤသည်မှာ သူ သဘောကျသော ဝံပုလွေခွေးပေါက်လေး ဖြစ်သည်။ ဒဏ်ရာရလျှင် ထွက်သွားနိုင်သည်... နောက်ဆုံးတွင် လုကျင်းရှိူ့သည် သည်းခံပြီး မှုန်ကုပ်သော မျက်နှာနှင့် တံခါးဖွင့်လိုက်သည်။
သူ တံခါးဖွင့်နေစဉ် ယန်ကျင်းဇီက ရှေ့တိုးကာ သူ့ပါးကို နမ်းလာသည်။
တံခါးဖွင့်ရန်အတွက် လုကျင်းရှိူ့သည် သူ့တုတ်ကောက်ကို ဘေးတွင် ချထားသည်။ ယခု သူ သေချာမရပ်မိသောအခါ သူ လဲကျလုနီးပါး ဖြစ်သွားရပြီး သူသည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် အမြန်မတ်တပ်ရပ်လိုက်ရကာ ထို့နောက် ယန်ကျင်းဇီက သူ့ကို ပွေ့ချီသွားသည်။
လုကျင်းရှိူ့ : “ … ”
နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့ဘဲ ယန်ကျင်းဇီ၏နားရွက်ကို ဆွဲကိုင်ပြီး ပြင်းပြင်းထန်ထန် လိမ်ဆွဲလိုက်သည်။
ယန်ကျင်းဇီက ရယ်မောသည်။ လုကျင်းရှိူ့ကို အောက်ချပေးပြီးနောက် သူသည် အဝတ်များနှင့် ဖိနပ်ကို ချွတ်ပေးပြီး လူကို ခုတင်ပေါ်တွင် တင်သည် : “ ကိုယ် မင်းကို နှိပ်ပေးမယ်။ ”
လုကျင်းရှိူ့သည် ခုတင်ပေါ်တွင် လှဲနေပြီး သူ၏ ဖြူဖျော့နေသော မျက်နှာမှာ အပြည့်အဝ နီရဲနေသည်။ သူသည် ယန်ကျင်းဇီကို ဒေါသတကြီး ကြည့်နေပြီး သူ့အကြည့်များမှာ မီးမှုတ်နေသကဲ့သို့ ဖြစ်နေသော်လည်း ယန်ကျင်းဇီက ဂရုမစိုက်သည်မှာ ထင်ရှားသည်။
လုကျင်းရှိူ့သည် နေရာတွင်သာ အကူအညီမဲ့စွာဖြင့် လှဲနေနိုင်တော့သည်။
အဘယ်ကြောင့် ယန်ကျင်းဇီက မစားခင်မှာ ငိုနေသနည်းနှင့် စားနေဆဲမှာလည်း မည်သည့်အကြောင်းကြောင့် ဝမ်းနည်းနေကြောင်း သူ အစောက မေးချင်ခဲ့သည်။ သို့သော် ဤအခိုက်အတန့်၌ သူ့တွင် စဉ်းစားချိန်မရှိပေ။
သူသည် ဤအတိုင်းပဲ... ဝံပုလွေခွေးပေါက်လေး၏ ပြုစုမှုကိုသာ ခံစားမွေ့လျော်သင့်သည်။
ယန်ကျင်းဇီသည် မပျော်ရွှင်ဖွယ် ကိစ္စများကို ထပ်မတွေးတော့ပေ။ အခု လုကျင်းရှိူ့က သူ့ရင်ခွင်ထဲမှာ ရှင်သန်ကန်ကျောက်နေတုန်းပဲ!
ပြီးတော့ လုကျင်းရှိူ့က ရေကူးနိုင်တယ်၊ ဒါက ကိစ္စကောင်းပဲ! အနာဂတ်တွင် သူသည် လုကျင်းရှိူ့ ရေကူးကန်ထဲ၌ မတော်မဆဖြစ်မည်ကို စိတ်ပူစရာမလိုတော့ပေ။
ယန်ကျင်းဇီသည် လုကျင်းရှိူ့၏ခြေထောက်ကို သူ့ပေါင်ပေါ်တွင် တင်ပြီး လုကျင်းရှိူ့ကို အမွှေးဆီနှင့် လိမ်းပေးတော့မည်ဖြစ်သည်။
သို့သော်ငြား ဤအချိန်တွင် လုကျင်းရှိူ့က ရုတ်တရက် တစ်ခုကို သတိရသွားသည် : “ ခဏလေး၊ ငါ ရေမချိုးရသေးဘူး။ ”
ယန်ကျင်းဇီ : “ …… ” သူ ဒီကိစ္စကို မေ့သွားတယ်...
ယန်ကျင်းဇီ လုကျင်းရှိူ့ကို ကြည့်လိုက်သည် : “ အတူချိုးကြမလား? ”
“ အပြင်ထွက်တော့! ” လုကျင်းရှိူ့သည် ရှက်ရွံ့ပြီး စိတ်အနှောင့်အယှက်ဖြစ်ကာ ယန်ကျင်းဇီကို နှင်ထုတ်တော့သည်။
သူ့ခွန်အားနှင့် သူသည် ယန်ကျင်းဇီကို အမှန်တကယ် မောင်းမထုတ်နိုင်ပေ။
ယန်ကျင်းဇီ ထွက်လာသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူသည် ထိုသို့သော သားရဲမျိုး ဖြစ်လာမည်ကို မကြိုက်သောကြောင့် ဖြစ်သည်။
သူသည် ထွက်လာသောအခါ ပြုံးနေသော်ငြား အခန်းထဲမှ ထွက်လာလာချင်း သူ့မျက်နှာမှာ အရုပ်ဆိုးသွားရသည်။
ယန်ကျင်းဇီသည် သူ့အခန်းသို့ ပြန်ရောက်ပြီး ရေချိုးခန်းထဲသို့ ဝင်ကာ သူ့မျက်နှာပေါ်သို့ ရေပန်းမှ ရေများ စီးကျစေမှသာ သူသည် အနည်းငယ် ပိုမိုကောင်းမွန်စွာ ခံစားချက်ကောင်းလာသည်။
သူသည် ရေချိုးပြီးနောက် လုကျင်းရှိူ့၏အခန်းသို့ ထပ်သွားသည်။
လုကျင်းရှိူ့သည် ခဏကြာပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာပြီး သူ့ကိုယ်တွင် ရေချိုးဆပ်ပြာ၏ ရနံ့မွှေးနှင့် ပြည့်နှက်နေသည်။
“ ကျင်းရှိူ့၊ မင်းအနံ့ တကယ် မွှေးတယ်။ ” ယန်ကျင်းဇီက ဆိုသည်။
လုကျင်းရှိူ့ မျက်မှောင်ကြုံ့သွားသည် : “ မင်း ပိုပြီး လေးလေးနက်နက် မနေနိုင်ဘူးလား?! ” ယန်ကျင်းဇီ အရင်က အဆင်ပြေပါတယ်၊ ဒီနေ့မှ ဘာဖြစ်နေတာလဲ?
ယန်ကျင်းဇီက အလွန်ရုတ်တရက်ဆန်စွာ ဖွင့်ဟဝန်ခံလာရာ ၎င်းက သူ့ကို အမှန်တကယ် အနည်းငယ် စိုးရိမ်စေသည်။ သူသည် ကိစ္စများက အလွန်မကောင်းနိုင်ဟု အမြဲခံစားရသော်ငြား နောက်ပိုင်း ယန်ကျင်းဇီ ဆက်လက်ပြုလုပ်သည့် ကိစ္စများက အထူးမယုံကြည်ရသောကြောင့် သူ့တွင် တွေးနေချိန်ပင် မရှိပေ။
အစောက သူ ရေချိုးနေချိန်တွင်ပင် သူသည် ယန်ကျင်းဇီ တစ်ခုခုလုပ်ချင်လျှင် သူ ဘာလုပ်ရမည်ကို စဉ်းစားနေမိပြီး ယန်ကျင်းဇီက သူ့ကို တကယ် ကြိုက်၊မကြိုက် သူ မတွေးနိုင်ခဲ့။
“ မရဘူး ” ယန်ကျင်းဇီက ဖြေသည်။
လုကျင်းရှိူ့သည် ခုတင်ပေါ်တွင် လှဲနေပြီး ယန်ကျင်းဇီကို စကားမပြောချင်တော့ပေ။
ယန်ကျင်းဇီသည် ထပ်မံရယ်မောပြီး လုကျင်းရှိူ့ဘေးတွင် ထိုင်ကာ ခြေထောက်နှင့်လက်တို့ကို နှိပ်ပေးသည်။
ယခင်က သူသည် လုကျင်းရှိူ့ကို နှိပ်ပေးချိန်တွင် အမှန်တကယ်ပင် အလွန်စည်းကမ်းရှိခဲ့သော်လည်း ယနေ့မူ သူသည် သိပ်ပြီး စည်းကမ်းမရှိတော့ပေ။
လုကျင်းရှိူ့သည် သူ့ကိုယ်ပေါ်သို့ စောင်ကို တိတ်တဆိတ် ဆွဲတင်သည်။ သူသည် မသန်မစွမ်းဖြစ်သော်ငြား သာမန်ယောက်ျားတစ်ဦးလည်း ဖြစ်သည်။ ယန်ကျင်းဇီသာ ဤသို့ဆက်လုပ်နေလျှင်...
စဉ်းစားကြည့်ပြီးနောက် လုကျင်းရှိူ့သည် နောက်ဆုံးတွင် အိပ်ပျော်ဟန်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
သူသည် အကြိမ်ပေါင်းများစွာ အိပ်မပျော်နိုင်ခဲ့ရာ အခြားဘာကိုမှ မလုပ်နိုင်သော်ငြား အိပ်ပျော်နေသကဲ့သို့ ဟန်ဆောင်ခြင်း၌ အလွန်တော်သည်။ တကယ်တော့ သူသည် ယခင်ရက်များတွင် ဦးစွာအိပ်ပျော်သွားဟန်ဆောင်ခဲ့ပြီး ယန်ကျင်းဇီ အိပ်ပျော်သွားမှသာ အိပ်ခဲ့သည်။
သူသည် သူ့ဘေးတွင် ယန်ကျင်းဇီ ရှိလျှင် အမြဲအိပ်ပျော်နိုင်သော်လည်း ညတစ်ညတွင် အများဆုံး လေးနာရီမှ ငါးနာရီသာ အိပ်စက်နိုင်သည်။
ယန်ကျင်းဇီသည် နှိပ်ပြီးနောက် လုကျင်းရှိူ့ အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။
ယခင်က နေ့ရက်တိုင်းဟာ ဤကဲ့သို့ပင်။
သူသည် သူ့ကို ခဏတာ ဆက်နှိပ်ပေးပြီးနောက် အိပ်ရာပေါ်မှ ညင်သာစွာ ထလိုက်သည်။ ရေချိုးခန်းထဲသို့ ဝင်၍ လက်ဆေးကာ အိမ်သာသွားပြီးနောက် သူသည် လုကျင်းရှိူ့ဘေးတွင် လှဲချပြီး သူ့စောင်ကို ကိုင်ထားသည်။
သူသည် လျင်မြန်စွာ အိပ်ပျော်လေ့ရှိခဲ့သော်ငြား ယနေ့တွင်မူ သူ့စိတ်ထဲ၌ ကိစ္စများစွာ ရှိနေသဖြင့် ခဏကြာသည့်အထိ သူ အိပ်မပျော်နိုင်ပေ။ ထို့ကြောင့် သူသည် မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်တော့သည်။
သူ့တွင် အလွန်ကောင်းသော မှတ်ဉာဏ် ရှိသည်။ ဤခန္ဓာကိုယ်သို့ ကူးပြောင်းပြီးနောက် သူသည် သူနှင့် လုကျင်းရှိူ့တို့ အတူရှိနေချိန်များ၏ အရာရာတိုင်းကို မှတ်မိနေသည်။ ဤအချိန်တွင် ဖြည်းဖြည်းချင်း ပြန်လည်သတိရနေရင်း သူသည် ယခင်က သူ သတိမပြုမိခဲ့သည့် ကိစ္စအများအပြားကို သတိထားမိလာသည်။
လုကျင်းရှိူ့က မှုန်ကုပ်နေသော်ငြား တကယ်တမ်းမူ လုကျင်းရှိူ့က အမှန်တကယ် ချစ်စရာကောင်း၏။
ယန်ကျင်းဇီသည် ပြန်တွေးမိကာ စိတ်လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်လည်း ပူတက်လာရာ အိပ်မပျော်နိုင်တော့ပေ။
ဒီလိုသာဆို သူ တစ်ညလုံး အိပ်ပျော်တော့မှာကို မဟုတ်ဘူး၊ သူ ရေချိုးခန်းကို သွားပြီး ဖြေရှင်းသင့်လား?
ဤသို့တွေးနေစဉ် ယန်ကျင်းဇီသည် သူ့ဘေးရှိလူ လှုပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
လုကျင်းရှိူ့က အိပ်မပျော်သေးဘူးလား?
အမှန်ပင်၊ လုကျင်းရှိူ့က မအိပ်ပေ။ ယနေ့ သူသည် ရုတ်တရက်ကြီး တရားဝင် ဖွင့်ပြောခံခဲ့ရသည်။ သူ အလွန်စိတ်လှုပ်ရှားနေသည်။ ဘယ်လိုလုပ် သူ အိပ်ပျော်နိုင်မလဲ?
မျက်လုံးမှိတ်ပြီးနောက် သူသည် များစွာစဉ်းစားမိပြီး နောက်ဆုံးတွင် ဘာကိုမှ မစဉ်းစားတော့ရန် ဆုံးဖြတ်ခဲ့သည်။
ယန်ကျင်းဇီက သူ့ကို အမှန်တကယ် ကြိုက်သည်ဖြစ်စေ သို့မဟုတ် အတုအယောင် ကြိုက်သည်ဖြစ်စေ အရေးမကြီးဘဲ ဖြစ်ပျက်ပြီးသော ကိစ္စကို သူသည် ဤအတိုင်းသာ လက်ခံလိုက်သည်။
သူသည် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းသော လူအိုကြီးတစ်ဦး ဖြစ်ပြီး ယန်ကျင်းဇီနှင့် အတူရှိနေခြင်းကြောင့် ဒုက္ခရောက်မည်မဟုတ်ပေ။
ဤသို့စဉ်းစားနေရင်း လုကျင်းရှိူ့သည် အိပ်ချင်လာသော်လည်း ခဏကြာသည့်အထိ မအိပ်နိုင်။
တခဏတာ စဉ်းစားပြီးနောက် လုကျင်းရှိူ့သည် ယန်ကျင်းဇီ၏လက်ကို ဆွဲလိုက်သည်။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ ဘာလုပ်ချင်မှန်း မသိသော်ငြား နောက်ဆုံးတွင် ဆက်ပြီး အိပ်ပျော်နေဟန်ဆောင်ရန်သာ ရွေးချယ်ခဲ့သည်။
ထို့နောက် သူသည် လုကျင်းရှိူ့က အနားကပ်လာပြီး သူ့ချိုင်းကြားအောက်တွင် လှဲသည်ကို ခံစားလိုက်ရသည်။
ယန်ကျင်းဇီ : “ ... ”
ယခင်ရက်များတွင် မနက်ခင်း အိပ်ရာထခိုက် သူသည် သူ့ရင်ခွင်ထဲ၌ လုကျင်းရှိူ့ကို ပွေ့ဖက်ထားလေ့ရှိခဲ့သည်။ ထိုသို့မဟုတ်လျှင် လုကျင်းရှိူ့က သူ့အနားတွင် ရှိနေတတ်သည်။
သူသည် သူကိုယ်တိုင်ကသာ သူများကို သူ့လက်မောင်းများနှင့် ဖက်ထားသည်ဟု အမြဲထင်ခဲ့ပြီး နှစ်ကြိမ်နှစ်ခါတွင် သူသည် တကယ်ပင် သူများကို သူ့လက်မောင်းများနှင့် အလိုအလျောက် ဖက်ခဲ့သည်။
သို့သော် ယခုမူကား သူက လူကို သူ့ရင်ခွင်ထဲတွင် ထည့်ထားခြင်းမျိုး မဖြစ်မနေ မဟုတ်ဘဲ လုကျင်းရှိူ့ဘက်မှ အစပြုပြီး သူ့ကို ဖက်လာခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း အချက်အလက်များက သူ့ကို ပြောပြပေသည်။
ယန်ကျင်းဇီသည် အလွန်ပျော်ရွှင်မိသဖြင့် မအောင့်နိုင်ဘဲ လုကျင်းရှိူ့ကို သေသေချာချာ သွားနမ်းချင်လာသည်။
သို့သော် သူသည် ဤသို့တွေးမိမိချင်း လုရွေ့ချွင် ပြောခဲ့သည့် တစ်စုံတစ်ရာကို သတိရမိသည်။ သူ့နှလုံးသားမှာ ပြန်လည်နစ်မြုပ်သွားပြီး သူ၏ စိတ်လှုပ်ရှားနေသော အတွေးများအားလုံး ပျောက်ကွယ်သွားသည်။
လုရွေ့ချွင်က ပြောခဲ့သည်၊ လုကျင်းရှိူ့က တစ်နှစ်ပတ်လုံး အိပ်မပျော်နိုင်သည့်ရောဂါကို ခံစားနေရပြီး မကြာခဏပင် တစ်ညလုံး နိုးနေသောကြောင့် သူ့စိတ်အခြေအနေမှာ အလွန်ညံ့ဖျင်းကာ ၎င်းကြောင့် စိတ်အခြေအနေ ဆိုးရွားနေလိမ့်မည်။ သူက လူ့အသိုင်းအဝိုင်းကို လက်တုံ့ပြန်ချင်နေပြီး သူ့အနားရှိ လူများအပေါ် လက်စားချေတတ်သည်...
ယန်ကျင်းဇီသည် “လူ့အသိုင်းအဝိုင်းကို လက်တုံ့ပြန်မှု” သို့မဟုတ် ဘာပဲဖြစ်ဖြစ်ကို မတွေ့သော်ငြား အိပ်မပျော်နိုင်သည့်ရောဂ
ါ ဖြစ်ရပ်မှာမူ မှန်လောက်သည်။
လုကျင်းရှိူ့က သူ့ထက် စောစောပိုအိပ်ပြီး သူ့နောက်မှ နောက်ကျကာ အိပ်ရာထသည်ဟု သူ ယခင်က ထင်ခဲ့သည်မှာ မှားယွင်းနေကြောင်း ယန်ကျင်းဇီ ချက်ချင်း နားလည်သွားရသည်။
လုကျင်းရှိူ့က... လုံးဝကို ကောင်းကောင်းမွန်မွန် အိပ်မောမကျခဲ့လောက်ချေ။
ယန်ကျင်းဇီသည် သူ့မျက်လုံးများ အနည်းငယ် ထပ်မံနာကျင်လာသည်ကို ခံစားလိုက်ရပြန်သည်။