အပိုင်း ၅၉
Viewers 8k

အခန်း (၅၉) - ချမ်းသာဖို့ ထိုက်တန်တယ် 


အလေးချိန် နှစ်လျန်ရှိသည့် ဆပ်ပြာ တစ်တုံးသည် ဝမ်၃၀၀အောက် လျော့နည်းကာ စျေးနှုန်းကျသင့်သည်။ ဤစျေးနှုန်းသည် တို့ဟူးတုံးထက် အနည်းငယ်မျှသာ ပိုစျေးကြီးသည်။ သို့သော် ၎င်း၏ သန့်စင်စေသည့် အာနိသင်သည် အဆများစွာ ပိုအားကောင်းသည်။ လူတော်တော်များများသည် ယင်းကို လှည့်စားမှု တစ်ခု ရှိနေသည်ဟု တွေးထင်ကာ မယုံကြည်နိုင်ဆဲ ဖြစ်နေကြသည် - "အဖိုးအိုကြီးရဲ့ အဝတ်အစားတွေက ငါတို့ကြည့်ရသလောက် သိပ်မညစ်ပတ်ဘူးထင်ပါရဲ့။"


“လူကြီးမင်းတို့ဖာသာ လူကြီးမင်းတို့ လာရောက်စမ်းသပ်ကြည့်လို့ရပါတယ်ခင်ဗျာ။”


“ကျုပ် စမ်းကြည့်မယ်။” ဆီအစွန်းအထင်းများနှင့် စားဖိုမှူးတစ်ယောက်သည် ရှေ့သို့ တက်လာခဲ့သည်။ သူ့အား လျင်မြန်စွာ မှတ်မိခဲ့ကြသည်။ “ဒါက ဟယ်စားသောက်ဆိုင်က စားဖိုမှူး မဟုတ်ဘူးလား။”


“ခင်ဗျား စားသောက်ဆိုင်မှာ ချက်ပြုတ်မနေဘူးလား။ ဘာဖြစ်လို့ ဒီမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် လာလုပ်နေတာလဲ။”


“ကျုပ်က ဘာလို့ မလာနိုင်ရမှာလဲ။”ဟု စားဖိုမှူးဟူက ပြောခဲ့သည်။“ဒါ့အပြင် ကျုပ်အဝတ်အစားတွေက ညစ်ပတ်နေရင် ကျုပ်လုပ်တဲ့ အစားအသောက်တွေက ပိုအရသာရှိလိမ့်မယ်လို့ ခင်ဗျားတို့က ထင်နေလို့လားဗျ။”


“ကျုပ်…..”


“ကျုပ်က ဒီမှာ ကျုပ်အဝတ်အစားတွေကို လျှော်ဖွတ်ဖို့ ဆပ်ပြာနည်းနည်းလာဝယ်တာ။ ”


စကားပြောဆိုနေရင်း စားဖိုမှူးဟူသည် သူ့အဝတ်အစားများကို ချွတ်လိုက်ပြီး ရေနွေးအင်တုံထဲတွင် ကျွမ်းကျွမ်းကျင်ကျင် ပွတ်တိုက်လျှော်ဖွတ်ခဲ့သည်။ 


စားဖိုမှူးဟူသည် သန့်စင်သွားသော သူ့အဝတ်အစားများကို မလိုက်ကာ အံအားသင့်စွာ ပြောခဲ့သည်။  “ဘုရားရေ၊ ဒါက ငါ့အဝတ်အစားတွေရဲ့ နဂိုမူရင်းအရောင်လား။”


လူစုလူဝေးကြီးသည် သဘာ၀အတိုင်း မျက်လုံးများ ရှိကြသည့်အတွက် သူ့အဝတ်အစားများ သန့်စင်စွာ လျှော်ဖွတ်နိုင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။


 “ကျုပ် ခင်ဗျားတို့ကို ပြောပြမယ်။”ဟု စားဖိုမှူးဟူက ပြောခဲ့သည်။  “ဒီပစ္စည်းက တော်တော်ကောင်းတယ်ဗျ။ ခင်ဗျားတို့  ဘာလို့ မြန်မြန်မဝယ်ကြတာတုန်း။ ကျုပ်ကတော့ သေချာပေါက် နှစ်တုံး ဝယ်တော့မယ်။”


လီယောင်သည် ခေါင်းစတင်ကိုက်ခဲလာသလို ခံစားခဲ့ရသည်။


ဤအခြေအနေသည် သရုပ်ဆောင်ရန်အတွက် စုံတွဲ တစ်တွဲကို အသေအချာ ခေါ်ပေးရန် တောင်းဆိုထားခဲ့သည့်အတွက်ပင် ဖြစ်သည်။ သို့သော် သူဌေးကျိုး ခေါ်ယူလာသည့် သရုပ်ဆောင်များသည် ဤမျှလောက် မတော်တရော်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ 


“စားဖိုမှူးဟူ၊ ဆန္ဒမစောပါနဲ့ဦး။”ဟု စတိုးဆိုင်ဝန်ထမ်းလေးက ပြောခဲ့သည်။ 


“ဘာ၊ ခင်ဗျားတို့က ကျုပ်ကို မရောင်းဘူးလား။”


“ဘယ်ဟုတ်ပါ့မလဲဗျာ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စကား မဆုံးသေးဘူးဗျ။”ဟု စတိုးဆိုင်ဝန်ထမ်းလေးက ကျယ်လောင်စွာ ပြောခဲ့သည်။  “ကျွန်တော်တို့ သူဌေးက ပြောတယ်။ ဒီနေ့ ဆပ်ပြာ ၁တုံး ဝယ်ယူသူတိုင်း ကံစမ်းမဲပေါက်ဖို့ အခွင့်အရေးရှိပါတယ်တဲ့ဗျာ။ အမြင့်ဆုံးဆုကတော့ ၁၈၈၈ ဝမ် ပါခင်ဗျာ။ တခြားကောင်းမွန်တဲ့ ဆုတွေလည်း အများကြီး ရှိပါတယ်ခင်ဗျာ။”


မကြာမီ စတိုးဆိုင်ဝန်ထမ်းနှစ်ယောက်သည် ကြီးမားသည့် ဆုသေတ္တာကြီးကို သယ်ထုတ်လာခဲ့သည်။ ၎င်းထဲတွင် ဆန်၊ ဂျုံ၊ ကြက်ဥနှင့် တခြားသော ဆုပေါင်းများစွာ ရှိသည်။


အမှန်ပင် မျက်စိအဖမ်းစားဆုံးမှာ ၁၈၈၈ဝမ် ပါရှိသော အနီရောင်စာအိတ်ကြီးပင် ဖြစ်သည်။


“ကျုပ်ကို အရင် ၁တုံးပေး။”


အင်္ကျီအညှပ်ခံလိုက်ရသည့် အဖိုးအိုသည် အနီးဆုံး ဖြစ်သောကြောင့် ဝယ်ယူရန်အတွက် ပထမဆုံး အခွင့်အရေး ရရှိခဲ့သည်။ 


“ဦးလေးကျန်း၊ ကံစမ်းမဲလေး တစ်ခု ဆွဲပါဦးခင်ဗျ။”


လူအိုကြီးကျန်းသည် သူ၏ ပိန်ချည့်ချည့်လက်ကလေးကို သေတ္တာထဲသို့ ထည့်ကာ နောက်ဆုံး ဆုမဲဖြတ်ပိုင်းတစ်ခုကို မရွေးချယ်မီ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့သည်။ 


စတိုးဆိုင်ဝန်ထမ်းလေးသည် ၎င်းကိုဖွင့်ကာ ချက်ချင်း ကျယ်လောင်စွာဖြင့် အော်ဟစ်ခဲ့သည်။ “တတိယဆုကို ထုတ်ယူနိုင်တဲ့ ဦးလေးကျန်းကို ဂုဏ်ယူပါတယ်။ ဂျုံမှုန့် ၁ကျင်းပါခင်ဗျာ။ ”


ဆုကြီးကို မရရှိခဲ့သော်လည်း လူအိုကြီးကျန်းသည် နားတစ်ဖက်မှ နောက်နားတစ်ဖက်ထိအောင် ပြုံးရွှင်နေဆဲဖြစ်သည်။ 


အဖြူရောင်ဂျုံမှုန့် တစ်ကျင်း အလကား ရရှိခဲ့သည်။ 


“ကျုပ်ရဲ့ အဝတ်အစား….”


“ကျွန်တော်တို့ဆိုင်ထဲ သွားလိုက်ပါ။ ဆိုင်မန်နေဂျာက အသစ်တစ်ခု အစားလျော်ပေးပါလိမ့်မယ်ခင်ဗျာ။”


သူ၏ အဝတ်အစားအဟောင်းကို အသစ်တစ်ခုနှင့် လဲလှယ်နိုင်မည်ဟု ကြားသောအခါ လူအိုကြီးကျန်း၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ပြေလျော့ကာ ဝမ်းသာသွားခဲ့သည်။ 


တစ်စုံတစ်ယောက်၏ ဦးဆောင်မှုနှင့်အတူ ပွဲကြည့်ပရိတ်သတ်လူအုပ်စုကြီးသည် ကြာကြာမစောင့်နိုင်ခဲ့ပေ။


ဤဆပ်ပြာသည် အမှန်တကယ်ပင် ကောင်းမွန်လှသည်။ ပို၍အရေးအကြီးဆုံးမှာ ကံစမ်းမဲပေါက်ရန် အခွင့်အရေးရှိခြင်းပင် ဖြစ်သည်။  ၁၈၈၈ ဝမ် ကံထူးပြီး သူတို့ ချက်ချင်း ချမ်းသာလာခဲ့လျှင် ဘယ်လိုလုပ်မလဲ။


“ကျုပ် ၁ခု လိုချင်တယ်။”


“ကျွန်တော်က ၃ခု ယူမယ်။”


“ကျွန်မလည်း ၁ခု ယူပါမယ်။”


“သမီး ၁ ဝက် ဝယ်လို့ ရမလားဟင်။” ရုတ်တရက် ကလေးမငယ်လေးတစ်ယောက်က မဝံမရဲဖြင့် မေးလာခဲ့သည်။ 


စတိုးဆိုင်ဝန်ထမ်းလေးသည် ယင်းကိုကြားသောအခါ အံအားသင့်သွားခဲ့သည်။ - သူဌေးကျိုးက ဒါကို မပြောထားခဲ့ဘူး။


“အားနာပါတယ် ညီမငယ်လေး။ ကျွန်တော်တို့ဆိုင်က…. ”


“သူ့ကို ရောင်းလိုက်ပါ။” လီယောင်သည် ရှေ့သို့ တက်လာခဲ့ပြီး ဆပ်ပြာတုံး တစ်ဝက်ကို ကိုယ်တိုင်ကိုယ်ကျ လှီးဖြတ်ကာ ကလေးမလေး၏ လက်ထဲသို့ ထည့်ပေးခဲ့သည်။ “သေချာကိုင်သွားဦး၊ ကျမပျောက်စေနဲ့ဦး။”


“ဟုတ်ကဲ့။ ကျေးဇူးပါ သခင်မလီ။”


၎င်းသည် သေးငယ်သည့် အမူအရာဖြစ်သော်ငြား ဤဆင်းရဲနွမ်းပါသည့် သာမာန်လူတန်းစားများ၏ အမြင်တွင် လီယောင်သည် ကြင်နာသနားတတ်သည့် နတ်သမီးတစ်ပါးနှင့် တူနေခဲ့သည်။


“အခုချိန်ကစပြီး သခင်မလီကို အော့ကြောလန်အရိုင်းအစိုင်းလို့ ပြောရဲတဲ့ ဘယ်သူ့ကိုမဆို ငါခွင့်ပြုမှာ မဟုတ်ဘူး။”


“အဲဒါ မှန်တယ်။ သူက ချမ်းသာတာနဲ့ ထိုက်တန်တယ်။”


“ဟီး ဟီး။” ပွဲကြည့်ပရိတ်သတ် ပညာရှင်တစ်ဦးကလည်း ခေါင်းငြိမ့်ကာ ချီးကျူးခဲ့သည်။ “သခင်မလီက လှပတယ်။ ကြင်နာတယ်။ သဘောထားကြီးတယ်။ သူက သေမျိုးလောကကို ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါးပဲ။ ”


လီယောင် - … တိုက်ရိုက်ထုတ်လွှင့်တဲ့သူ မလုပ်ပဲ ငါ့အရည်အချင်းတွေကို ငါတကယ်ဖြုန်းတီးနေခဲ့မိတာပဲ။


လူများ ပိုမို၍ ဆပ်ပြာများကို ဝယ်ယူလာသောကြောင့် ဆုမဲများကို ဆက်လက် ချီးမြှင့်ပေးခဲ့သည်။ 


ဆန်၊ ဂျုံ၊ ကြက်ဥ၊ လျော့စျေးကူပွန်များ… စသည်ဖြင့် အမျိုးမျိုးသော ဆုများကို လူများက ကံထူးခဲ့ကြသည်။ သို့သော် အကြီးဆုံးဆုမှာ ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။ 


ဆပ်ပြာ အတုံး ၄၀၀လုံး ရောင်းကုန်တော့မည်ကို မြင်သောအခါ လူအုပ်ကြီးထံမှ သဘောထားကွဲလွဲသည့် အသံများ ထွက်ပေါ်လာခဲ့သည်။ 


“အတုအယောင်ပဲ။ သေချာပေါက် အတုအယောင်ပဲ။”


“ဒီဘူးထဲမှာ ဆုကြီးရဲ့ ကံစမ်းမဲ ဖြတ်ပိုင်း လုံး၀ မရှိဘူး။”


“ဆုကြီးက သူတို့လူတွေအတွက် သိမ်းထားတာပဲ ဖြစ်ရမယ်။”


“ကိုယ့်လူတွေ၊ ခင်ဗျားတို့အားလုံးတော့ လှည့်စားခံလိုက်ရပြီဗျို့။”


လီယောင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။ လူအုပ်ကြီးထဲတွင် ပြသနာတက်အောင် လှုံဆော်သွေးထိုးပေးနေသူများသည် ကျန်းကွမ်ရှန်မိသားစု၏ ကျွန်နှစ်ယောက် ဖြစ်သည်။ ထို့အပြင် ကျန်းကွမ်ရှန်ကိုယ်တိုင်သည် လမ်းတဖက်ရှိ လက်ဖက်ရည်ဆိုင်ပေါ်တွင် ယခုထိုင်နေခဲ့ပြီး အပေါ်မှ သူမအား ငုံ့ကြည့်နေခဲ့သည်။ 


နောက်ဆုံးအကြိမ်က သူ့အား သူမ ရိုက်နှက်ခဲ့ပြီးတာကို ဒီလူက သင်ခန်းစာ မယူခဲ့ဘူးလား။


“အခုက ကျုပ် မဲနှိုက်ရမဲ့ အလှည့်ပဲတော့။”


စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသည့် အဖွားအိုတစ်ယောက်သည် ဆပ်ပြာတုံးကြီးကိုင်ကာ ကံစမ်းမဲသေတ္တာဆီသို့ ရောက်လာခဲ့သည်။ သို့သော် သူမသည် မဲနှိုက်ရန် မလောခဲ့ပေ။ ထိုအစား သူမ၏ လက်အုပ်ချီကာ တီးတိုးရေရွတ်ခဲ့သည်။ 


“ဗုဒ္ဓဘုရားရှင် စောင့်ရှောက်ပါစေ။ ဒီဆပ်ပြာ ဝယ်ဖို့ ကျုပ်ပိုက်ဆံချေးခဲ့ပါတယ်။ ကံစမ်းမဲဆုကြီးကို ကံထူးခွင့်ပေးပါ။”


ထို့နော် သူမသည် ဆုမဲဖြတ်ပိုင်းကို မထုတ်ယူမီ သေတ္တာကြီးထဲတွင် အချိန်အတော်ကြာ စမ်းတဝါးဝါး ရှာဖွေခဲ့သည်။ သူမသည် စတိုးဆိုင်ဝန်ထမ်းလေးအား မျှော်လင့်တကြီးဖြင့် ကြည့်ခဲ့သည်။ “ဘယ်လိုလဲ။ ကျုပ် ပေါက်လား။ ဆုကြီးဖြစ်ဖို့ မလိုပါဘူးတော်။ ကြက်ဥနည်းနည်းဆိုရင်တောင် ကောင်းပါတယ်တော်။”


“ကျွန်တော် တောင်းပန်ပါတယ် အဖွား။ ကြက်ဥ မရပါဘူးခင်ဗျာ။” စတိုးဆိုင်ဝန်ထမ်းလေးသည် ခေါင်းကို ယမ်းခဲ့သည်။ 


“ဒါဆို ဂျုံမှုန့်ကော။”


“ဂျုံမှုန့်လည်း မဟုတ်ပါဘူးခင်ဗျာ။”


အဖွားအိုသည် ရုတ်တရက် အနည်းငယ် စိုးရိမ်လာခဲ့သည်။ “ဒါဆို.. အနည်းဆုံးတော့ ကျုပ် ဆန်မှုန့်အဖြူတော့ ရတယ်မဟုတ်လား။ ”


စတိုးဆိုင်ဝန်ထမ်းလေးသည် ခေါင်းကို ဆက်ယမ်းခဲ့သည်။ “ဆန်မှုန့်ဖြူလည်း မရပါဘူးခင်ဗျာ။”


“ဒါဆို ကျုပ် ဘာမှ မရဘူးလား။”


အဖွားအို၏မျက်နှာပေါ်မှ မျှော်လင့်ချက်များသည် ချက်ချင်းဆိုသလို စိတ်ပျက်အားငယ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ 


သူမထွက်ခွာသွားတော့မည့်အချိန်တွင် စတိုးဆိုင်ဝန်ထမ်းလေးက သူမအား ပြောခဲ့သည်။ “အဖွား၊ ဆုအကြီးဆုံးကြီး ပေါက်လားလို့ ဘာလို့ မမေးတာတုန်းဗျ။”


“ဆုအကြီးဆုံးလား။” ယင်းကိုကြားသော အဖွားအိုသည် သူမ၏ခေါင်းကို ခါခဲ့သည်။ “ဘာလို့ ကျုပ်က ဒီလောက် ကံကောင်းနိုင်မှာလဲတော်…. ”


“မဟုတ်ဘူးလေ။ အဖွား ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရမယ်။”ဟု စတိုးဆိုင်ဝန်ထမ်းလေးက ပြောခဲ့သည်။ “လုပ်ပါအဖွား။ ကျွန်တော်ကို မြန်မြန်လေးမေးလိုက်ပါဦး။”


“ကျုပ် ဘာမှ မပေါက်ဘူးဆိုလည်း ထားလိုက်ပါတော့။ ကျုပ်ကို မစပါတော့နဲ့။ ”


“ကြိုးစားကြည့်ပါဦး။ ဘာဖြစ်လဲ အဖွားရဲ့။”


အဖွားအိုသည် တုံ့ဆိုင်းသွားခဲ့သည်။


ဆုအကြီးဆုံးကို သူမ ရချင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် စတိုးဆိုင်ဝန်ထမ်းငယ်လေးသည် စိတ်မချရသည့်ပုံပေါ်သည်။ သူမကို တမင်သက်သက်  စနောက်နေခြင်းပေလော။


သို့သော် အကယ်၍များ …


“ကောင်းပြီ၊ ကျုပ် မေးမယ်။ ကျုပ် ဆုအကြီးဆုံးကို ရခဲ့လား မရခဲ့ဘူးလား။”


“ရခဲ့တယ်။”


“ဟီး ဟီး၊ ကျုပ်သိသားပဲ။”ဟု အဖွားအိုက ပြောခဲ့သည်။ “နေပါဦး၊ ဘာပြောလိုက်တာ။”


“ကျွန်တော်ပြောတာ အဖွားရခဲ့တယ်လို့။ ” စတိုးဆိုင်ဝန်ထမ်းငယ်လေးက အံအားသင့်စွာ ပြောဆိုခဲ့သည်။  “အဖွားက တကယ်ကို ကံအရမ်းကောင်းတာပဲ။ ဒီနေ့ ကျွန်တော်တို့ဆိုင်ရဲ့ ဆုအကြီးဆုံးကို မဲပေါက်သွားပါပြီခင်ဗျာ။ ဂုဏ်ယူပါတယ် အဖွား။”


ဘာကြီး…၊ သူမ တကယ်ပဲ ဆုအကြီးဆုံးကို ရခဲ့တာလား။


လေးလံသည့် အနီရောင်စာအိတ်ကို သူမ၏ ရှေ့တွင် ချပေးလိုက်သောကြောင့် အဖွားအိုသည် အိပ်မက်မက်နေသကဲ့သို့ ခံစားခဲ့ရသည်။ 


“ဒါက…. တကယ်ပဲ ကျုပ်ဟာလား။”


“တကယ်ပါခင်ဗျာ။”ဟု စတိုးဆိုင်ဝန်ထမ်းလေးက ပြောခဲ့သည်။  “မြန်မြန်လေး ဖွင့်ပြီး တစ်ချက်ကြည့်လိုက်ပါဦးခင်ဗျာ။”


အဖွားအိုသည် စာအိတ်နီကို လက်မခံမီ သူမ၏ အဝတ်အစားများပေါ်သို့ လက်ကို သုတ်ခဲ့သည်။ သူမသည် ၎င်းကို ဂရုတစိုက် ဖွင့်နေခဲ့ပြီး သူမ၏ လက်များကလည်း အနည်းငယ် တုန်ယင်နေခဲ့သည်။


စာအိတ်နီအတွင်းထဲ၌ အမှန်တကယ်ပင် ကြေးဒင်္ဂါးအသစ်စက်စက်များနှင့် ငွေချောင်းများ ရှိနေခဲ့သည်။


ငွေဒင်္ဂါးပြားများကို မြင်လိုက်ရသောအခါ အဖွားအိုသည် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် မျက်ရည်များ ကျဆင်းလာခဲ့သည်။ 


“ဘယ်လောက်တောင် အံအားသင့်ဖို့ကောင်းလိုက်လဲ… အီး.. ဟီး…”


“နောက်ဆုံးတော့ ကျုပ်မြေးလေးကို စားဖို့အတွက် အသားတွေ ပိုဝယ်နိုင်ပြီပေါ့တော်။ ”


“အားလုံးကို ကျေးဇူးတင်ပါတယ်။ သခင်မလီကိုလည်း ကျေးဇူးတင်ပါတယ်တော်။ တော်က သက်ရှိထင်ရှားရှိနေတဲ့ ဘုရားလောင်းပါတော်။”


အဖွားအိုသည် လီယောင်အား ဦးညွတ်ချင်ခဲ့သည်။ သို့သော် သူမအား လီယောင်က တားမြစ်ခဲ့သည်။ “အိမ်ကိုပဲ မြန်မြန်ပြန်ပါ။”


“ကောင်းပါပြီ။ ကျုပ် အခုပဲ သွားတော့မှာပါ။”


လူတိုင်း၏ အလွန်အမင်း အားကျနေသည့် အကြည့်များအောက်တွင် အဖွားအိုသည် လူအုပ်ကြီးထဲမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ သူမတွင် ငွေအများကြီး ရှိနေသဖြင့် အချိန်ဆွဲမနေပဲ ဖွက်ထားရန် အိမ်သို့ အမြန်ပြန်သွားခဲ့သည်။ 


ဆုအကြီးဆုံး မဲပေါက်သွားပြီဖြစ်သောကြောင့် ကြည့်ရှုသူပရိတ်သတ်များ၏ စိတ်အားထက်သန်မှုများသည် လျော့ကျသွားခဲ့သည်။ 


ထို့အပြင် ဆပ်ပြာအတုံး ၄၀၀နီးပါး ရောင်းထွက်သွားခဲ့သည်။ တချို့သော ချမ်းသာသည့် အမျိုးသမီးများနှင့် မိန်းမပျိုလေးများသည် စိတ်ဝင်စားစရာ မရှိတော့ပြီဟု ခံစားမိပြီး အိမ်ပြန်ကြတော့မည် ဖြစ်သည်။ သို့သော် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် စတိုးဆိုင်ဝန်ထမ်းအများအပြားသည် သူမတို့ထံသို့ ရောက်လာခဲ့ကြသည်။


“သခင်မဝမ်၊ ခဏလေး စောင့်ပေးပါဦးခင်ဗျာ။ ကျွန်တော်တို့ဆိုင်မှာ တခြားပစ္စည်းတွေ ရှိပါတယ်။”


“အိုး… ဘာများလဲ။”


“အဲဒါက ဆပ်ပြာထက် ဆယ်ဆ ပိုအဆင့်မြင့်တဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုပါ။”ဟု စတိုးဆိုင်ဝန်ထမ်းလေးက အပြုံးလေးတစ်ခုဖြင့် ပြောခဲ့သည်။ “ပြီးတော့ အဲဒါက အထူးဈေးဝယ်သူ ဧည့်သည်တွေအတွက်ကိုပဲ အရောင်းဖွင့်ထားတာပါ။ သခင်မတို့ စိတ်ဝင်စားတယ်ဆိုရင် အပေါ်ကို ကြွခဲ့ပေးပါဦးခင်ဗျာ။”


ဆယ်ဆ ပိုအဆင့်မြှင့်သတဲ့လား။


အထူးဈေးဝယ်သူ ဧည့်သည်များအတွက်ပဲ ဖွင့်မှာတဲ့လား။


ဤအချက်နှစ်ချက်ကပင် သခင်မများနှင့် မိန်းမပျိုသခင်မငယ်လေးများ၏ ဘဝင်မြင့်ခြင်းကို အပြည့်အ၀ ထိမိဖမ်းစားနိုင်ခဲ့သည်။


မှန်ပေသည်။ 


ဟဲဝမ်ရွာ၊ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်သည် အဆင့်အတန်းမြင့်သည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြသည်ကို လူတိုင်းသိရှိခဲ့သည်။ 


ဤတန်ဖိုးထားရသည့် အထူးဈေးဝယ်သူ ဧည့်သည့်များကို သာမာန်သူများကဲ့သို့ လမ်းမပေါ်တွင် အချိန်အကြာကြီး စောင့်ဆိုင်းပြီး ထပ်တူညီသည့် ပစ္စည်းများကိုသာ ဝယ်ယူရန် မဖြစ်နိုင်ပေ။


မည်သို့သော အထူးဈေးဝယ်သူပုံစံမျိုးက ၎င်းကို ဖြစ်စေမှာပါလိမ့်။ 


“ကျွန်မကို မြန်မြန်ခေါ်သွားပေးပါ။”


“ဒီလမ်းပါ သခင်မလေး။”