အပိုင်း ၅၈
Viewers 9k

အခန်း (၅၈) - ရှန်ဟိုင်းထုတ်ကုန်အသစ်


ဆပ်ပြာနှင့် အမွှေးဆပ်ပြာအထုပ်များကို သယ်ဆောင်ကာ လီယောင်သည် ခေတ်မီအရောင်းဆိုင်ထဲသို့ ဝင်သွားခဲ့သည်။ 


သူဌေးကျိုးနှင့် ဝန်ထမ်းများသည် ဤရက်ပိုင်းတွင် အလုပ်များ အားလပ်နေခဲ့ပြီး သူတို့၏ အရိုးများပင် သံချေးတက်နေခဲ့ပြီဟု ခံစားခဲ့ရသည်။ သူဌေးကျိုးက အနည်းငယ် ပိုကောင်းပါသည်။ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ နောက်ဆုံးအသုတ်ကို ရောင်းချခြင်းသည် သူ့အား ငွေပမာဏများစွာ ရရှိခဲ့သည်။ ယင်းမှာ သူ၏ လပေါင်းများစွာ ဝင်ငွေနှင့်လည်း ညီမျှပါသည်။ ထို့ကြောင့် စိုးရိမ်ကြောင့်ကြမှု အများကြီး မရှိပဲ ရက်အနည်းငယ် အနားယူရန် တတ်နိုင်ခဲ့သည်။ 


သို့သော် စတိုးဆိုင်ဝန်ထမ်းများမှာမူ နေ့စဉ်နှင့်အမျှ ရင်တမမဖြစ်နေခဲ့ကြသည်။


ဆိုင်တွင် ဝယ်သူများ မရှိပါက ဝန်ထမ်းများစွာ မလိုအပ်ပေ။ ဆိုင်မန်နေဂျာသည် သူတို့ထဲမှ တချို့ကို သေချာပေါက် အလုပ်ဖြုတ်ပစ်လိမ့်မည် ဖြစ်သည်။ အလုပ်ပြုတ်သွားခြင်းသည် မည်သည့်ငွေမှ မရှာနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် စတိုးဆိုင်ဝန်ထမ်းများသည် စားပွဲနှင့် ကြမ်းပြင်များကို အသည်းအသန် သုတ်နေခဲ့ကြပြီး တစ်ဆိုင်လုံး သန့်ရှင်းသပ်ရပ်နေခဲ့သည်။ 


လီယောင် ဝင်လာသည်ကို မြင်သောအခါ သူတို့အားလုံးသည် သူမအား နှုတ်ဆက်ရန် သုတ်တီးသုတ်ပြာ ပြေးလာခဲ့ကြသည်။


“သူဌေး၊ နောက်ဆုံးတော့ ရောက်လာပါပြီလားခင်ဗျာ။”


“သူဌေးသာ မလာတော့ဘူးဆိုရင် မကြာခင် သူဌေးကျိုးက ကျွန်တော်တို့ကို အလုပ်ထုတ်တော့မယ်။”


လီယောင်သည် ညင်သာစွာ ပြုံးခဲ့သည်။ အမှန်တကယ်တွင် သူဌေးကျိုးက သူမအား စတိုးဆိုင်ဝန်ထမ်းများစွာ မလိုအပ်သည့်အကြောင်း တချို့တလေကို သူမအား ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် လီယောင်သည် သူ့အား ဝန်ထမ်းများကို လျော့ခွင့်မပြုခဲ့ပေ။


သူမသည် ဂရုတစိုက် အာရုံစူးစိုက်ကာ ဝန်ဆောင်မှုပေးရမည့် အဆင့်မြင့် ခေတ်မီစတိုးအရောင်းဆိုင်ကို ထူထောင်ချင်သည်။ လူအနည်းငယ်ဖြင့် သူတို့ ဘယ်လိုများ စီမံခန့်ခွဲနိုင်ပါလိမ့်မည်နည်း။


“စိတ်မပူကြပါနဲ့။” ဟု လီယောင်က ပြောခဲ့သည်။ “အလုပ်ရှိရင် ကြိုးကြိုးစားစား လုပ်ကြပါ။ အလုပ်မရှိရင် သေသေချာချာ အနားယူကြပါ။ အလုပ်ထုတ်ဖို့ နေနေသာသာ လစာကိုတောင် လျော့မှာ မဟုတ်ပါဘူး။”


“သူဌေးရဲ့ စကားကြောင့် ကျွန်တော်တို့ စိတ်မပူတော့ပါဘူးဗျာ။ ကျွန်တော်တို့ သူဌေးကျိုးကို သွားခေါ်လိုက်မယ်နော်။”


ခြံနောက်ထဲတွင် ပျင်းရိနေသည့် သူဌေးကျိုးသည် လီယောင် ရောက်ရှိလာသည်ဟု ကြားလိုက်သောအခါ သူ လုပ်လက်စအလုပ်အားလုံးကို ချက်ချင်း ချကာ အပြင်သို့ ထွက်လာခဲ့သည်။


လီယောင်သည် ထုတ်ကုန်အသစ်များကို ယူဆောင်လာသည်ကို မြင်သောအခါ သူ့မျက်နှာသည် ပျော်ရွှင်စွာဖြင့် ချက်ချင်း တောက်ပလာခဲ့သည်။


“ဒီတစ်ခေါက်တော့ ဒါက ဆပ်ပြာ၊ အဝတ်လျှော်ဖို့အတွက်၊ ဒါက အမွှေးဆပ်ပြာ၊ မျက်နှာသစ်၊ ခေါင်းလျှော်ရေချိုးဖို့အတွက်။”


သူဌေးကျိုးသည် ဆပ်ပြာနှင့် အမွှေးဆပ်ပြာများ၏ အကျိုးသက်ရောက်မှုကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့ပြီး သူ့လက်များကို စိတ်လှုပ်ရှားစွာဖြင့် ထပ်ခါထပ်ခါ ပွတ်တိုက်ခဲ့သည်။


ဤပစ္စည်းနှစ်ခု၏ အကျိုးအာနိသသည် သာမာန်ထက် လွန်ကဲစွာ ထူးထူးခြားခြား ကောင်းမွန်ခဲ့သည်။


အဝတ်လျှော်သည့်ဆပ်ပြာသည် လျှော်ဖွတ်သည့်အခါ မယုံနိုင်လောက်အောင် အဝတ်အစားများကို စင်ကြယ်သန့်စင်စေသည်။ အမွှေးဆပ်ပြာအား ပြောရန်ပင် မလိုပေ။ ၎င်းနှင့် မျက်နှာသစ်ပြီးနောက် အလွန်ပင် သက်တောင့်သက်သာရှိလှသည်။ ဤသည်မှာ အမျိုးသမီးများ၏ ချစ်မြတ်နိုးဖွယ်ရာ အသစ်ကလေး ဖြစ်လာမည်မှာ အသေအချာဟု သူ ခံစားခဲ့ရသည်။ 


လီယောင်၏ ထုတ်ကုန်များသည် မျှော်လင့်ထားသည့်အတိုင်း ခေတ်မီပစ္စည်းများပင် ဖြစ်ရမည်။


ယခုတစ်ခေါက်တွင်လည်း သူတို့ သေချာပေါက် အမြတ် အကြီးကြီး ရနိုင်ပေသည်။


“စျေးက ဘယ်လိုလဲ။”


“ဆပ်ပြာတစ်တုံးက ၂လျန်လောက် အလေးချိန်ရှိတယ်။ စျေးနှုန်းကတော့ ဝမ် ၁၀၀။ ဝမ် ၃၀၀လောက်နဲ့ ရောင်းချမယ်ဆိုရင် သင့်တော်တယ်လို့ ကျွန်မထင်တယ်။”


သူဌေးကျိုးသည် အလန့်တကြား ဖြစ်သွားခဲ့သည်။ ထိုမျှလောက် စျေးသက်သာသည်လား။


ဤမျှလောက် အသုံးဝင်သည့် အရာအား အနည်းဆုံး တစ်ခုလျှင် ငွေ၂ချောင်းနှင့် ရောင်းချသင့်သည် သူထင်ခဲ့သည်။


ဝမ်၃၀၀နှင့်သာလျှင် ရောင်းချပါက ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီနှင့် ကွာခြားချက်က အလွန်ကြီးမားလှသည်။


သို့သော် မမျှော်လင့်ထားပဲ လီယောင်က ပြောလာခဲ့သည်။   “ပြီးတော့ ဒီနေ့ ရောင်းချလို့ရတဲ့ ငွေတွေအားလုံးကို ဆုလက်ဆောင်အဖြစ် ပေးသွားမှာပါ။ ကျွန်မတို့ တပြားမှ မယူပါဘူး။”


“ဟမ်…”


သူဌေးကျိုးသည် လုံးလုံးလျားလျား ခေါင်းရှုပ်သွားခဲ့သည်။ 


ဤသည်မှာ ထုတ်ကုန်အသစ်ဖြစ်သည်။


မည်သည့်ဆိုင်ပင် ဖြစ်စေကာမူ ကုန်ပစ္စည်းအသစ်များ စတင်ရောင်းချသည့်အခါ မည်သူက အမြတ်ကြီးကြီးမားမားကို မပြုလုပ်ခဲ့မည်နည်း။


သို့သော် လီယောင်က သူတို့ တစ်ပြားမှ မယူဘူးဟု ပြောခဲ့သည်။ ထိုသို့ဆိုလျှင် ဤထုတ်ကုန်အသစ်က မည်သည့်အကျိုးရှိမည်နည်း။


“ထုတ်ကုန်ပစ္စည်းအသစ်တွေရဲ့ ပထမဆုံးအသုတ်က နာမည်ဂုဏ်သတင်းကို အရင်တည်ဆောက်ဖို့ပဲ။” ဟု လီယောင်က ပြောခဲ့သည်။ “နောက်ကျရင် ကမ္ဘာပေါ်က အိမ်ထောင်စုတိုင်းက ကျွန်မတို့ဆပ်ပြာကို အသုံးပြုနိုင်တာကို လိုချင်တယ်။ အဲ့ကျရင် ကျွန်မတို့ တစ်ခဲကို တစ်ဝမ်ပဲရရင်တောင် အများကြီး ဖြစ်လာလိမ့်မယ်။”


“ဟုတ်တယ်။ အဲဒါက အဓိပ္ပါယ်ရှိတယ်။” လီယောင်၏ စီးပွားရေး နည်းဗျုဟာများကို သူဌေးကျိုးသည် လုံး၀ သံသယမဝင်ရဲပေ။ အမွှေးဆပ်ပြာများကို ထိုနည်းအတိုင်း မကိုင်တွယ်ရန်သာ သူမျှော်လင့်ခဲ့သည်။ သို့မဟုတ်ပါက ဤလ၏ စာရင်းရှင်းတမ်းသည် လုံး၀ ကြည့်ကောင်းလိမ့်မည် မဟုတ်ပေ။


“ဒါဆို အမွှေးဆပ်ပြာတွေကကော ဘယ်လိုလဲ။”


“ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီနဲ့ အတူတူပဲ။ တစ်တုံးကို ငွေ ၂ချောင်း ကျသင့်တယ်၊ ဒါကြောင့် ရောင်းစျေးကတော့ တစ်တုံးကို ငွေ ၃ချောင်း ဖြစ်သင့်တယ်။”


“ကောင်းပါပြီ။ အဲ့နည်းနဲ့ပဲ လုပ်ကြရအောင်။” ယခုတစ်ခေါက်တွင်လည်း များများစားစား ဝင်ငွေရနိုင်သည့်အတွက် သူဌေးကျိုးသည် ချက်ချင်း အင်ပြည့်အားပြည့် ဖြစ်သွားခဲ့သည်။ “ကျွန်တော်တို့ အရင်တစ်ခေါက်ကလို အရောင်းမြှင့်တင်တဲ့နည်းလမ်းကိုပဲ အသုံးပြုမှာလားဗျ။”


“မဟုတ်ဘူး။ စည်တီးတဲ့အဖွဲ့ကို သုံးလိုက်ပါ။”ဟု လီယောင်က ပြောခဲ့သည်။ “နောက်ပြီး ဆပ်ပြာရဲ့ အာနိသင်ကို လူတိုင်းလည်း မျက်စိနဲ့ တပ်အပ် မြင်နိုင်အောင် နှိုင်းယှဉ်ပြသမှုလုပ်ဖို့ နေရာတစ်ခုလည်း စီစဉ်ပါ။ တစ်ချိန်တည်းမှာပဲ ကံစမ်းမဲအစီအစဉ်ကိုလည်း ကျင်းပပါ။ အမွှေးဆပ်ပြာတွေကို ဒုတိယထပ်မှာပဲထားပါ။ အထူးဈေးဝယ်သူတွေကိုပဲ ရောင်းပါ။ အထူးဈေးဝယ်သူတွေဆိုတဲ့ မတူညီကွဲပြားတဲ့ အရေးတယူ ဆက်ဆံတာတွေ ရရှိတာကို သူတို့တွေ ခံစားသိရှိပါစေ။ ”


“ကောင်းပါပြီ။ ကျွန်တော် အခုပဲ စီစဉ်လိုက်ပါမယ်။”


***


ချလွမ်း၊ ချလွမ်း၊ ချလွမ်း။


ဗုံ၊ ဗုံ၊ ဗုံ။


ပွဲလမ်းသဘင်အဝတ်အစားများကို ဝတ်ဆင်ထားသည့် စည်တီးသူတချို့သည် ကျယ်လောင်သော မောင်းသံ၊ စည်သံများနှင့်အတူ ပိုင်ချွမ်းစျေး၏ လမ်းမကြီးနှင့် လမ်းကြားများတွင် တဖန်လှည့်လာခဲ့ကြသည်။ 


နောက်ဆုံးတစ်ခေါက်အတွေ့အကြုံအရ ဤသည်မှာ ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်မှ နောက်ထပ်ပစ္စည်းအသစ်တစ်ခု ထပ်မံမိတ်ဆက်ခြင်း ဖြစ်ရမည်ဟု လူတိုင်းချက်ချင်း ခန့်မှန်းခဲ့ကြပြီး အတူတကွ စုရုံးလာခဲ့ကြသည်။ 


“ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်မှ ထုတ်ကုန်အသစ်တွေ ရှိပါတယ်ဗျို့…”


“အရာအားလုံးကို သန့်စင်အောင် ဆေးကြောလျှော်ဖွတ်နိုင်တဲ့ ဆပ်ပြာတွေကို ဒီနေ့ အကန့်အသတ်နဲ့ ရမယ်တဲ့ဗျို့..”


“ဒါ့အပြင် အဲ့နေရာမှာ ကံစမ်းမဲလည်း ရှိတယ်တဲ့ဗျို..။ အမြင့်ဆုံးဆုက ဝမ် ၁၈၈၈တဲ့ဗျို့...”


“မြန်မြန်သွားဝယ်ကြပါ။ နောက်ကျရင် ကုန်သွားပါလိမ့်မယ်ဗျိုး…”


***


လူတိုင်းသည် ဆပ်ပြာ ဘာလဲ ဆိုသည်ကို အမှန်တကယ် နားမလည်ကြသော်လည်း ဝမ် ၁၈၈၈ကို ငွေဖြစ်ကြောင်း နားလည်ခဲ့ကြသည်။


ဝမ် ၁၈၈၈ ဆိုသည်မှာ ငွေ၂ချောင်းနီးပါးပင်။


၎င်းငွေကို သူတို့ မရရှိခဲ့လျှင်တောင် စိတ်လှုပ်ရှားဖွယ် လှုပ်ရှားမှုများကို သွားကြည့်ရမည်။ 


ထိုသို့ဖြင့် စျေးထဲမှ အားလပ်ချိန် အနည်းငယ် ရှိကြသူတိုင်းသည် လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင် အဝင်၀တွင် စတင်စုံရုံးလာကာ  မကြာခင်မှာပင် လုံး၀ အပြည့်နီးပါး ဖြစ်သွားခဲ့သည်။


လူများစွာ ရောက်ရှိလာသည်ကို မြင်လျှင် စတိုးဆိုင်ဝန်ထမ်းတစ်ယောက်သည် တံခါးအနီးရှိ စားပွဲပေါ်သို့ တက်သွားခဲ့သည်။


ခလွမ်း…- သူသည် ကြေးနီမောင်းကို ထုခဲ့သည်။ ထို့နောက် လီယောင် သင်ကြားပေးသည့်အတိုင်း စကားကို စတင်ပြောဆိုခဲ့သည်။


“ရွှေပွဲလာဧည့်ပရိတ်သတ်အပေါင်းတို့နှင့် အကြီးအကဲတို့ခင်ဗျာ။ ဒီနေ့ ကျွန်တော်တို့ ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်ကနေ ‘ဆပ်ပြာ’ဆိုတဲ့ ထုတ်ကုန်အသစ်ကို ခမ်းနားထည်ဝါစွာနဲ့ မိတ်ဆက်လိုက်ပါတယ်ခင်ဗျာ။”


“ဆပ်ပြာဆိုတာ ဘာလဲဗျ။ အဲဒါ ဘာအတွက်လဲ။ ” လူတစ်ယောက်က ချက်ချင်းမေးခဲ့သည်။ 


“ကျွန်တော် အရင်ဆုံး မပြောသေးဘူး။” စတိုးဆိုင်ဝန်ထမ်းသည် သူတို့အား ဆွခဲ့သည်။ “အခု ကျွန်တော်နဲ့ ပူးပေါင်းဖို့ တစ်ယောက်ယောက်ကို ဒီစင်ပေါ်ကို ဖိတ်ချင်ပါတယ်။ ပြီးသွားရင် ကျွန်တော်တို့က စာအိတ်နီနဲ့ ၈၈ဝမ်ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ…”


“ငါ.. ငါ..”


“ငါလုပ်မယ်။”


ပိုက်ဆံရမည်ဟု ကြားသောအခါ ပွဲကြည့်ပရိတ်သတ်များသည် စင်ပေါ်တက်ရန် စိတ်အားထက်သန်စွာဖြင့် ရှေ့တိုးလာကြသည်။ နောက်ဆုံးတွင် စတိုးဆိုင်ဝန်ထမ်းသည် လူအုပ်ထဲမှ အဖိုးအိုတစ်ဦးကို ရွေးချယ်ခဲ့သည်။ 


သူသည် အသက်အရွယ် ကြီးရင့်၍ ဦးစားပေးမှုတချို့ ပေးသင့်တယ်လို့ခံစားရရုံသာမက သူ့အဝတ်အစားများသည် အညစ်ပတ်ဆုံး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သူသည် ထင်းခဏခဏခုတ်လေ့ရှိပုံပေါ်သည်။ သူ့အဝတ်အစားများတွင် ထင်းရှုးအစေးများ ဖုံးအုပ်နေသည်။


ဤသစ်စေးအမျိုးအစားသည် လျှော်ဖွတ်ရန် အလွန်ခက်ခဲလှသည်။ အချိန်အတော်အတန်ကြာခဲ့လျှင် ဓါးတစ်ချောင်းဖြင့် အလွှာတစ်ခုကို ခြစ်ထုတ်နိုင်သည်။


“ဦးလေး၊ အင်္ကျီကို ချွတ်လိုက်ပါ။”


“ဟမ်..” လူအိုကြီးကျန်းက လန့်ဖျပ်သွားခဲ့သည်။ “ဘာလို့ ငါ့အင်္ကျီကို ချွတ်ရမှာလဲ။ မင်း ခုနက အင်္ကျီချွတ်ဖို့ မပြောခဲ့ပါဘူး။ ဒီအင်္ကျီက စျေးကြီးတယ်။ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။”


စတိုးဆိုင်ဝန်ထမ်း - …


နောက်ဆုံးတွင် လူအိုကြီးကျန်းသည် သူ့အဝတ်အစားများကို လျှော်ဖွတ်ရန်ဟု ကြားသောအခါ ပျော်ရွှင်စွာဖြင့် ချွတ်ပေးခဲ့သည်။ 


“အားလုံးပဲ ကြည့်ကြပါဦးခင်ဗျာ။” စတိုးဆိုင်ဝန်ထမ်းလေးသည် လူတိုင်း မြင်နိုင်စေရန် အင်္ကျီကို ကိုင်ထားခဲ့သည်။ “ဦးလေးကျန်းရဲ့ အင်္ကျီကို အသစ်အတိုင်း လျှော်ဖွတ်နိုင်မယ်လို့ လူကြီးမင်းတို့ ထင်လားခင်ဗျာ။”


“ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။”


“ဒါက ထင်ရှုးအစေးတွေ အများကြီးပဲ။ ဆပ်ပြာစေ့ ၁၀စေ့ သုံးရင်တောင် မလျှော်နိုင်လောက်ဘူး။”


“မှန်ပါတယ်ခင်ဗျာ။ ဆပ်ပြာစေ့တွေက သေချာပေါက် မလျှော်နိုင်ပါဘူး။” စတိုးဆိုင်ဝန်ထမ်းလေးသည် ကျယ်လောင်စွာ ပြောခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆပ်ပြာကတော့ သေချာပေါက် သန့်စင်သွားအောင် လျှော်နိုင်ပါတယ်ခင်ဗျာ။”


“လာရွှီးနေပြန်ပြီကွာ။”


“ဒါက ထင်ရှုးအစေးတွေလေ။ ဒါကို လျှော်ဖို့ဆိုရင် နေ့ရောညပါ ရေနဲ့ပြုတ်ထားရမှာပေါ့။”


စတိုးဆိုင်ဝန်ထမ်းလေးက ပြုံးခဲ့သည်။ သူသည် ကတ်ကြေးကို အမြန်ထုတ်ပြီး အင်္ကျီကိုညှပ်ကာ နှစ်ပိုင်းဖြတ်ခဲ့သည်။ 


လူအိုကြီးကျန်း - …


“အခု ကျွန်တော်တို့ တဝက်ကို ဆပ်ပြာစေ့သုံးမယ်။ ကျန်တဲ့တဝက်ကို ဆပ်ပြာသုံးပါမယ်ခင်ဗျာ။” စတိုးဆိုင်ဝန်ထမ်းလေးက ပြောခဲ့သည်။ “ကဲ.. ရလာဒ်က ဘယ်လိုဖြစ်လာမလဲခင်ဗျာ။”


ခလွမ်း၊ ခလွမ်း၊ ခလွမ်း။


မောင်းတီးသံနှင့်အတူ တခြားစတိုးဆိုင်ဝန်ထမ်းနှစ်ဦးသည် ရေနွေးအင်တုံ နှစ်ခုကို ယူလာကာ အင်္ကျီနှစ်ခြမ်းကို စတင်လျှော်ဖွတ်ခဲ့ကြသည်။


လူတိုင်း၏ အကြည့်များသည် ဆပ်ပြာဘက်ခြမ်းသို့ အာရုံစိုက်နေခဲ့ကြသည်။


စတိုးဆိုင်ဝန်ထမ်းလေးက ပွတ်တိုက်ဆေးကြောသည့်အခါ ညစ်ပတ်သည့် ရေအမည်းရောင်များနှင့်အတူ ပူပေါင်းအမြောက်အမြား ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ရေအင်တုံ တစ်ခုလုံး မည်းနက်သွားခဲ့သည်။ 


၎င်းသည် ရေထဲတွင် ဆေးကြောသည့် အဝတ်အထည်မှ အညစ်အကြေးများဖြစ်သည်ကို အဝတ်လျှော်သည့် လူတိုင်း သိသည်။


ဆပ်ပြာစေ့နှင့် လျှော်သည့်ဘက်မှ အာနိသင်သည်  သိသိသာသာပင် ပို၍ နိမ့်ကျခဲ့သည်။


စတိုးဆိုင်ဝန်ထမ်းနှစ်ယောက်သည် အင်္ကျီ နှစ်ခြမ်းကို ပွတ်တိုက်လျှော်ဖွတ်ပြီးနောက် ရေသန့်သန့်ဖြင့် ဆေးကြောပြီး လူတိုင်းရှေ့တွင် နောက်တစ်ကြိမ် ပြန်လည်ပြသခဲ့သည်။ 


“ဝိုး..၊ တကယ်သန့်ရှင်းသွားတာပဲ။ ထင်ရှုးအစေးတွေအားလုံး လျှော်ပစ်လိုက်ပြီ။”


“ဟုတ်ပ၊ ဒီဆပ်ပြာက တကယ်ကို အရမ်းအံဩဖို့ကောင်းတာပဲ။”


“ဒီလောက်ကောင်းတဲ့အရာက တကယ်ပဲ စျေးများရမယ်။ ဟုတ်တယ်မဟုတ်လား။ ”


“မှန်ပါတယ်။ ဆပ်ပြာတွေက တကယ်စျေးကြီးပါတယ်။ ” စတိုးဆိုင်ဝန်ထမ်းလေးက ကျယ်လောင်စွာဖြင့် ပြောခဲ့သည်။ “ဆပ်ပြာ တစ်တုံးကို ငွေချောင်းတဝက်နီးပါး ကျသင့်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်တို့ဆိုင်က ကျွန်တော်တို့ဆိုင်ရဲ့ ဝယ်သူ အဟောင်းတွေကော အသစ်တွေကို ပြန်ပေးမဲ့နေ့ပါ။ ကျွန်တော်တို့သူဌေးက အရှုံးခံပြီး ရောင်းချရမယ်လို့ ပြောပါတယ်ခင်ဗျာ။”


“ဒါကြောင့် ဒီနေ့ လူကြီးမင်းတို့ ဝယ်ရင် ဆပ်ပြာတစ်တုံးကို ၉၈၈ ဝမ် မဟုတ်ပါဘူး။ ၈၈၈ ဝမ် မဟုတ်ပါဘူး။ ၂၈၈ ဝမ်ပါပဲ။ ၂၈၈ ဝမ်ပါ။ ဆပ်ပြာ တစ်တုံး အိမ်သယ်သွားပါ။ ဇနီးနဲ့ သမီးတွေက ပြုံးပျော်နေကြမှာပါ။”


လီယောင်… ဒီနောက်ဆုံးစာကြောင်းကို ကမ္ဘာပေါ်က ဘယ်သူက သင်ပေးခဲ့တာပါလိမ့်…။