အခန်း (၅၇) - ဆပ်ပြာ
ဟဲရှောင်ယာသည် သူမ၏ ခါးစည်းကို ချွတ်ခဲ့သည်။
ငန်းများ ပေါက်လာပြီးကတည်းက သူမသည် နေ့စဉ် မီးဖိုဘေးမှာပင် ချက်ပြုတ်နေခဲ့ပြီး သူမ၏ ခါးစည်းသည် ဆပ်ပြာစေ့များနှင့်ပင် ပြောင်စင်အောင် မဆေးကြောနိုင်သည့် အဆီများစွာ စွန်းထင်းနေခဲ့သည်။
လီယောင်၏ ညွှန်ကြားချက်နောက်ကို လိုက်၍ သူမသည် သစ်သားဇလုံတစ်ခုကို ယူကာ ရေနွေးအနည်းငယ်ဖြည့်ပြီးနောက် ခါးစည်းဝတ်ကို စိမ်လိုက်သည်။ ထို့နောက် ဆပ်ပြာတချို့ကို သုတ်လူးကာ ဆုပ်နယ်ခဲ့သည်။
ထူးထူးဆန်းဆန်းပင် အဖြူရောင်အမြှုပ်လေးတချို့ စတင်ပေါ်ပေါက်လာခဲ့ပြီး ထိုကိုင်တွယ်ရခက်သည့် အဆီအညစ်အကြေးများအား လျင်မြန်စွာ ပွတ်လျော်နိုင်ခဲ့သည်။ ရေနွေးနွေးဖြင့် ပြန်ဆေးချပြီးနောက် ခါးစည်းသည် သန့်ရှင်းလာခဲ့ပြီး အသစ်စက်စက်နှင့် တူသွားခဲ့သည်။
ထို့အပြင် ဆပ်ပြာနှင့် ဆေးကြောထားသည့် ခါးစည်းဝတ်သည် ဆပ်ပြာ၏ ထူးခြားသည့် ရနံ့လေး ထိန်းသိမ်းထားဆဲ ဖြစ်ပြီး အနံလေးကလည်း အလွန်အင်မတန် ကောင်းမွန်လှသည်။
“အမေ၊ ဒါက အရမ်းအံဩစရာပဲတော်။”
ခါးစည်ဝတ်အား အလွန်သန့်ရှင်းစွာ လျှော်ဖွတ်နိုင်သည်ကို မြင်သောအခါ လီယောင်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။
ဆပ်ပြာအား မည်သို့ပြုလုပ်ရမည်ကို သူမ သိသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့အား သူမလက်ဖြင့် လုပ်သည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
မပြည့်စုံသော်လည်း နောက်ဆုံးတွင် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့သည်။
နောက်တစ်ခုသည် ဆပ်ပြာမွှေးကို ပြုလုပ်မည်ဖြစ်သည်။
ဤခေတ်တွင် ဖြူဖွေးလင်းလက်စေမည့် ပစ္စည်းများ မရှိသောကြောင့် သူမသည် ဆပ်ပြာကို တိုက်ရိုက် ချက်ချင်း အဆင့်မမြှင့်နိုင်ပေ။ ယင်းအစား သူမသည် ဝက်ဆီနေရာတွင် အစားထိုးရန် လက်ဖက်စေ့ဆီကို အသုံးပြုရန် လိုအပ်ပြီး အခြေခံဆပ်ပြာကို ပြန်လည်ပြုလုပ်ရမည် ဖြစ်သည်။
လက်ဖက်စေ့ဆီနှင့် ပြုလုပ်ထားသော အခြေခံဆပ်ပြာသည် သဘာ၀အတိုင်း ဆင်စွယ်ဖြူရောင် ဖြစ်သည်။
ဆင်စွယ်ဖြူရောင်ဆပ်ပြာအခြေခံကို အဆင်သင့်ဖြစ်သောအခါ လီယောင်သည် နှစ်ပိုင်း ခွဲလိုက်သည်။ တစ်ဝက်ထဲသို့ ပျားရည်ထည့်လိုက်ပြီး ပျားရည်ဆပ်ပြာ ဖြစ်လာခဲ့သည်။
အခြောက်ခံထားသည့် ပျားရည်ဆပ်ပြာသည် ဆင်စွယ်ရောင်ဖြူစွပ်စွပ်ဖြစ်ပြီး ပျားရည်အနံဖျော့ဖျော့လေး ရှိသည်။ လက်နှင့် မျက်နှာများကို ဆေးကြောရန် ၎င်းကို အသုံးပြုခြင်းသည် အသားအရည်ကို အစိုဓါတ်ပေးသည့် အာနိသင်တချို့ ရရှိစေပါသည်။
နောက်တစ်မျိုးထဲ့သို့ နှင်းဆီရနံအဆီကို ထပ်ထည့်ခဲ့ပါသည်။
အမှန်တကယ်မူ လီယောင် အသုံးပြုသည့် နှင်းဆီရနံအဆီသည် တကယ်နှင်းဆီရနံအဆီစစ်စစ် မဟုတ်ပေ။ သူမသည် နှင်းဆီပန်းကို ခေါင်ရမ်းပန်းများနှင့် အစားထိုးထားပါသည်။ ယင်းပန်းပွင့်များကို လက်ဖက်စေ့ဆီထဲတွင် တစ်လကြာအောင် စိမ်ထားခဲ့ပြီးနောက် သူမသည် ရနံအဆီကို ရရှိခဲ့သည်။
ပွင့်ဖတ်မှ အရောင်များသည် အဆီထဲသို့ ဝင်သွားခဲ့ပြီး ရနံအဆီသည် နီကြင်ကြင်အရောင်ရှိသည်။ ဆင်စွယ်ဖြူရောင်ဆပ်ပြာအခြေခံထဲသို့ ပေါင်းထည့်ကာ အအေးခံပြီးနောက် ၎င်းသည် ပန်းနုရောင်သန်းကာ ခေါင်ရမ်းပန်းရနံခပ်သင်းသင်းလေး ရှိသည်။
အရောင်သည် အရောင်ခြယ်ပစ္စည်းများမှ တိုက်ရိုက် မဟုတ်ပဲ အနည်းငယ် အရောင်ရှိသော်လည်း ၎င်းသည် သဘာ၀အတိုင်းဖြစ်ပြီး အသားအရေအား ထိခိုက်မှု မရှိပေ။
ဆပ်ပြာ နှစ်ခုလုံးအား ပုံသွင်းပြီးနောက် ဟဲရှောင်ယာ၏ နှလုံးသားလေးသည် အရည်ပျော်လုမတတ် ခံစားခဲ့ရသည်။
ငါ့အမေက ဘယ်လိုလုပ်များ ဒီလောက် အံဩစရာကောင်းတဲ့ အရာတွေကို သူ့ရဲ့ တော်လွန်း ထက်လွန်းတဲ့ လက်ရယ် စိတ်ရယ်နဲ့ ဖန်တီးနိုင်ရတာပါလိမ့်တော်။
“နှစ်ခုလုံးကို စမ်းကြည့်ရအောင်။”
“ကောင်းပါပြီ။”
ဟဲရှောင်ယာသည် ရေနွေးတချို့ကို မြန်မြန်ယူလိုက်ပြီး သမီးယောက္ခမနှစ်ယောက်သားသည် ဆပ်ပြာတစ်တုံးစီယူကာ သူတို့မျက်နှာများကို စတင်ဆေးကြောခဲ့သည်။
ဤကမ္ဘာသို့ ရောက်ရှိသည်မှာ နှစ်လနီးပါး ကြာမြှင့်ပြီးနောက် သူမမျက်နှာပေါ်တွင် အလွန်သန့်ရှင်းမှုကို လီယောင် ခံစားရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ချွေးပေါက်များအားလုံးကို သေသေချာချာ သန့်စင်သွားပြီး လတ်ဆတ်သည့် လေထုကို လောဘတကြီး ရှူရှိုက်လိုက်ရသကဲ့သို့ပင် ဖြစ်သည်။
သူမသာ အစိုဓါတ်ထိမ်းခရင်မ်တစ်ခုကို အခုများ လိမ်းလိုက်ရင်… သို့သော် သူမတွင် အလှဆီထုတ်ယူရန် နည်းလမ်းများ မရှိသေးသောကြောင့် ထိုအရာကို စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
“မေမေ၊ ဒါက အရမ်းနေလို့ကောင်းတာပဲ။ သမီးမျက်နှာ ဒီလိုသန့်ရှင်းတာမျိုးကို တခါမှ မခံစားဖူးဘူး။”
ဟဲရှောင်ယာသည် ဤကဲ့သို့သော လန်းဆန်းသည့် ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ သူမ၏ မျက်နှာလေးကို စိတ်လှုပ်ရှားစွာဖြင့် အထပ်ထပ် အခါခါ ပွတ်သပ်နေခဲ့သည်။
“ကဲ၊ ဒါက ကောင်းကောင်းအလုပ်လုပ်တယ်ဆိုတော့ တာ့ကျွမ်းနဲ့တခြားသူတွေကိုပါ သွားခေါ်လိုက်။ ဒီနေ့အားလုံး ညအိပ်ယာမဝင်ခင်မှာ အလုံးစုံ သန့်စင်အောင် ဆေးကြောရမယ်။”
ကလေးများအားလုံးကို သွားခေါ်ခိုင်းခဲ့သည်။ ဇနီးသည်နှင့် ခယ်မတစ်ယောက်အနေဖြင့် ဟဲရှောင်ယာသည် သူတို့၏ မျက်နှာသစ်ရန် ဆပ်ပြာအသုံးပြုနည်းကို အရင်ဆုံး သင်ကြားပေးခဲ့သည်။ ထို့နောက် လူတိုင်း၏ ဆံပင်များကို တစ်ယောက်ပြီးတစ်ယောက် ခေါင်းလျှော်ပေးခဲ့သည်။
တာ့ကျွမ်း၏ ဦးဆောင်မှုအောက်တွင် ညီအစ်ကိုလေးယောက်လုံး ရေချိုးခဲ့သည်။
လူတိုင်းထွက်လာကြသည့်အခါ အားလုံးသည် မွှေးကြိုင်လန်းဆန်းနေကြသည်။ သူတို့၏ မျက်နှာ၊ လည်ပင်းနှင့် လက်များတွင် ဖုန်မှုန့်များ မရှိကြတော့ပဲ ယခင်ထက် ပိုမို၍ မျက်စိပသာဒဖြစ်လာခဲ့ကြသည်။
အထူးသဖြင့် ဟဲရှောင်ယာ ဖြစ်သည်။ သူမသည် အသားအရည်သည် နဂိုကတည်းက ကောင်းမွန်သည့်အတွက် ဆေးကြောပြီးနောက် နှင်းများကဲ့သို့ ဖြူဖွေးကာ လက်ရာမြောက်သည့် ကြွေရုပ်လေး တစ်ခုနှင့် တူနေလေသည်။
ကလေးများ အိပ်သောအခါ လီယောင်သည် သူမကိုယ်သူမ သေသေချာချာ ဆေးကြောသန့်ရှင်းခဲ့သည်။
သို့သော် သူမကိုယ်သူမ ရက်အတော်အကြာ မကြည့်မိခဲ့နောက် သူမ၏ ပုံပန်းသွင်ပြင်သည် ပိုမိုပြည့်ဖြိုးလာသည့်ပုံပေါက်နေသည်ကို သူမ တွေ့ရှိခဲ့ရပြီး မနက်ဖြန်တွင် လေ့ကျင့်ခန်းကို နှစ်ဆပြုလုပ်ရန် တိတ်တဆိတ် ဆုံးဖြတ်ခဲ့သည်။
နောက်ရက်အနည်းငယ်များတွင် လီယောင်နှင့် ဟဲရှောင်ယာတို့သည် ဆပ်ပြာနှင့် အမွှေးဆပ်ပြာတို့အား ဆက်လက်ပြုလုပ်ခဲ့ကြသည်။ စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုများကို ကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် သူတို့သည် အတိအကျဆုံး အချိုးအစားကို ဖန်တီးနိုင်ခဲ့သည်။
ယခုအခါ သူမ ပြုလုပ်သည့် ဆပ်ပြာနှင့် အမွှေးဆပ်ပြာတို့သည် အသင့်တော်ဆုံး မာကြောမှုနှင့် မွှေးရနံများကို ရရှိခဲ့ပြီ ဖြစ်သည်။
ဆပ်ပြာများကို ပြုလုပ်ပြီးနောက် လီယောင်သည် ၎င်းတို့အား ရောင်းချရန်အတွက် ခေတ်မီအရောင်းစတိုးဆိုင်သို့ ယူဆောင်သွားရန် မလောခဲ့ပေ။
မြင့်မားသည့် စျေးနှုန်းဖြင့် ရောင်းချမည့် ထုတ်ကုန်တစ်ခုအတွက် အရည်အသွေးမြင့်မားရုံသာမက လှပသေသပ်ပြီး လက်ရာမြောက်သည့် ထုတ်ပိုးမှုပုံစံလည်း လိုအပ်ပါသည်။
ယခုအခါ ကြွေထည်မြေထည်များ သို့မဟုတ် သစ်သားဗူးများကို ပြုလုပ်ရန် အချိန်နောက်ကျနေပြီ ဖြစ်သည်။ အဆုံးတွင်မူ လီယောင်သည် တာ့ကျွမ်းအား စာရေးစက္ကူချို့ကို ဝယ်ယူခိုင်းခဲ့သည်။
ဆပ်ပြာပေါ်ရှိ စာလုံးများနှင့်မတူပဲ ထုတ်ပိုးမှုပေါ်ရှိ စကားလုံးများကို လှလှပပ ရေးသားရန် လိုအပ်သည်။ သို့သော် လီယောင်သည် လက်ရေးလှရေးသားသည့် ဆရာများကို မသိသောကြောင့် ဆရာလွီထံသို့သာ သူမအမြင်များကို ထားရှိနိုင်ခဲ့တော့သည်။
ဆရာလွီ၏ လက်ရေးလက်သားသည် အမှန်တကယ်ပင် ကောင်းမွန်ပြောင်မြောက်သည်ကို သူမ တွေ့ဖူးသည်။
ဖြတ်ထားသည့် စာရေးစက္ကူများကို ကိုင်ကာ လီယောင်သည် ဆရာလွီနေထိုင်ရာ ဝါးတဲသို့သွားကာ ထုတ်ပိုးမှုပေါ်တွင် စာလုံးများ ရေးနိုင်မလားဟု မေးခဲ့သည်။ ဆရာလွီသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် သဘောတူခဲ့သည်။
“စီးဆင်းနေတဲ့ပုံစံလား၊ ပုံမှန်ပုံစံလား ဒါမဟုတ် ရှေးစာလုံးပုံစံ လိုချင်တာလား။”
လီယောင် - …
စမုန်နက်ရဲ့ အက္ခရာစာလုံးကို ရေးသားဖို့ ရေးသားနည်းများစွာရှိသည့်အကြောင်းနှင့် ပတ်သက်၍ မစ်စတာခုန်း၏ ကြွားလုံးများကို နားထောင်နေရသည်နှင့် တူတယ်လို့ ဘာကြောင့်များ ခံစားနေရတာပါလိမ့်။
“မလိုပါဘူး။ ပုံမှန်အက္ခရာနဲ့ပဲ ရေးပါ။”
ဆရာလွီသည် ၎င်းကိုကြားသောအခါ အံဩသွားပြီး မေးခဲ့သည်။ “ပုံမှန်အက္ခရာဆိုတာ ဘာလဲ။”
ထိုအချိန်မှသာ လီယောင်သည် ဤကမ္ဘာတွင် ပုံမှန်အက္ခရာစာလုံး မပေါ်ပေါက်သေးကြောင်းကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သို့သော် သူမ ပါးစပ်မှ စကားလုံးသည် ထွက်ပြီးသားဖြစ်ပြီး ပြန်ယူ၍ မရနိုင်သည့်အတွက် သူမသည် ၎င်းကို ဖော့ပြောခဲ့ရသည်။
“အင်း.. အလျားလိုက်နဲ့ ဒေါင်လိုက် ဆွဲချက်တွေပါပဲ။”
သူမသည် ပြောနေရင်းမှာပင် စုတ်တံတစ်ခုကို ကောက်ယူကာ “လီမိသားစု ဟဲဝမ်ရွာ” အတွက် စာလုံးများကို ပုံမှန်စာလုံးများဖြင့် စာရွက်ပေါ်တွင် ရေးသားခဲ့သည်။
ကျွမ်းကျင်သည့် လက်ရေးလှပညာရှင် မဟုတ်သော်လည်း ဆွဲချက်များသည် ခံ့ညားထည်ဝါမှုတချို့ကို ခံစားချက်တချို့နှင့် ဖြောင့်မတ်ကာ နေရာတကျ ဖြစ်သည်။
ယင်းကိုမြင်ပြီးနောက် ဆရာလွီ၏ မျက်လုံးများသည် အံဩထိတ်လန့်မှုကြောင့် ပြူးကျယ်ကာ ပွင့်သွားခဲ့သည်။ ဆယ်စုနှစ်ကျော် သူ၏ လေ့လာဖတ်ရှုမှုများတွင် ဤကဲ့သို့သော အရေးအသားမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ ဤသို့သော ရေးသားနည်းမျိုးသည် အံဩစရာကောင်းလောက်အောင် သက်တောင့်သက်သာရှိပြီး ဖြောင့်မှန်ပြီး ခံ့ညားသည့် ရောင်ဝါလက္ခဏာကိုပင် ထုတ်ပေးခဲ့သည်။
“ကောင်းလှတဲ့ ရေးသားနည်း၊ ဒီလောက် ကောင်းမွန်လှတဲ့ ရေးနည်းတွေ။” ဆရာလွီက ချီးမွမ်းခဲ့သည်။ “အစ်မလီ၊ ဒါ ခင်ဗျားကို ဘယ်သူသင်ပေးတာလဲ။”
“အမ်း.. အားတဲ့အချိန်တွေမှာ ကျွန်မဖာသာကျွန်မ သင်ယူလာခဲ့တာပါ။”
ဆရာလွီ “ခင်ဗျား.. ခင်ဗျား စာဘယ်လိုရေးရမလဲ သိတာလား။”
“နည်းနည်းပါးပါးပါ။ ”ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မ ဝမ်အာနဲ့အတူ ရှင့်ရဲ့ သင်ခန်းစာတွေ နားထောင်ဖူးတယ်မဟုတ်လား။ ကျွန်မက တချို့တလေကို မှတ်သားထားပြီး အားတဲ့အချိန်တွေမှာ စာရေးလေ့ကျင့်ထားတာ။”
ဆရာလွီသည် လီယောင်ကို ပြောစရာစကားများ ပျောက်ရှကာ မယုံကြည်နိုင်လောက်ဖွယ် အံ့အားသင့်ဖို့ကောင်းသလို ကြည့်နေခဲ့သည်။
လီယောင်သည် သာမာန်ပေါ့ပေါ့ပါးပါး နားထောင်ရုံမျှဖြင့် စာလုံးတွေကို မှတ်မိခဲ့ပြီး သူမကိုယ်တိုင် စာရေးနည်းအသစ်တစ်ခုလုံးနှင့်ပင် ပေါ်ပေါက်လာခဲ့သည်။ လီယောင်သာ အမျိုးသားတစ်ဦးဖြစ်ခဲ့ပါက ထိပ်တန်းပညာတော်သင်ဘွဲ့သည် သေချာပေါက် သူမအတွက်ပင် ဖြစ်ပေလိမ့်မည်။
အမေကဲ့သို့ပင် သားဖြစ်သူသည်လည်း တူညီသည်။ ဝမ်အာကလည်း အလွန်ဉာဏ်ရည်ထက်မြက်ပြီး အနာဂတ်တွင် သေချာပေါက် ထိပ်တန်းပညာရှင် ဖြစ်လာပေလိမ့်မည်။
နှစ်အနည်းငယ်အတွင်း သူ့ထံတွင် ထိပ်တန်းပညာတော်သင်ကျောင်းသားတစ်ဦး ရှိနိုင်သည်ဟု တွေးမိကာ ဆရာလွီသည် အားတက်လာခဲ့သည်။ သူ၏ စုတ်တံကို ကောက်ယူကာ စတင်ရေးသားခဲ့သည်။
နေ့တစ်ဝက်အတွင်းမှာပင် သူသည် ထုတ်ပိုးမည့်စာရွက် တစ်ရာကျော်ကျော်အားလုံးကို ရေးသားပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့အပြင် လီယောင် ဖော်ထုတ်ခဲ့သည့် စာရေးသည့်ပုံစံသည် စာရေးစာချီရေးသားနည်းထက် ပိုကောင်းသည်ဟု ထင်ရပြီး မျက်စိအမြင်လည်း ပို၍သက်တောင့်သက်သာဖြစ်စေသည်ဟု ပို၍ ခံစားလာခဲ့ရသည်။ ၎င်းကို ကောင်းမွန်စွာ လေ့ကျင့်ရန်နှင့် အနာဂါတ်တွင် ၎င်းကို ပိုမိုတိုးတက်လာစေရန် သူ ဆုံးဖြတ်ခဲ့သည်။
ဝမ်အာတစ်ယောက် ထိပ်တန်းပညာရှင် ဖြစ်လာသည့်ခါ စာမေးပွဲအတွက် ဤရေးသားနည်းပုံစံကို အသုံးပြုခဲ့လျှင် စာစစ်များအားလုံးကို သေချာပေါက် အံအားသင့်သွားစေမည် ဖြစ်သည်။