အပိုင်း ၅၆
Viewers 9k

အခန်း (၅၆) - ပေါင်းခံခြင်း


လီကျန်း၏ ဂရုတစိုက် အဖော်ပြုမှုအောက်တွင် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် တခြားသူနှစ်ဦးတို့သည် စားပွဲငယ်လေးတစ်ခုတွင် သီးသန့်ထိုင်ခဲ့သည်။


သူသည် အတွေ့အကြုံများပြီး လိမ္မာပါးနပ်သော်လည်း ဧည့်ခံပွဲ၏ အတိုင်းအတာနှင့် အရည်အသွေးကို ချီးကျုးခြင်းအား မရပ်တန့်နိုင်ခဲ့သေးပေ။


သုံးကြိမ်မြောက် သောက်ခဲ့ပြီးနောက် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း၏ အာလာပသလ္လာပစကားပုံးက ပွင့်ထွက်လာခဲ့သည်။


“ခင်ဗျားသိမှာမဟုတ်ဘူး။”  ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “ခရိုင်တရားသူကြီးမင်းက လီယောင်ကို တအားသဘောကျလေးစားတာ။ ယီကျိုးစီရင်စုကို ညတွင်းချင်း ချက်ချင်းသွားပြီးတော့ တော်ဝင်ညီလာခံကို အစီရင်ခံဖို့ မှတ်တမ်းတစ်ခု ရေးခဲ့တယ်။ မမျှော်လင့်တာ တစ်ခုခု မဖြစ်လာဘူးဆိုရင် ဘုရင်မင်းကြီးတောင် ဒီအကြောင်းကို သိကောင်းသိလိမ့်မယ်ဗျာ။”


လီကျန်းသည် ပင့်သက်မရှိုက်ပဲ မနေနိုင်ခဲ့ပေ။


တော်ဝင်ညီလာခံကို အစီခံတင်ပြထားသည်ကို သူသိသော်လည်း ဘုရင်မင်းမြတ်အထိ အစီရင်ခံတင်ပြသည်ဆိုတာက အလွန်ပုံကြီးချဲ့နေသည် မဟုတ်ပေလား။


ရေတွင်းကြီးတစ်တွင်း တူးရုံသာလျှင် ဖြစ်သည်။


“ဒီရေတွင်းကို လျော့တွက်လို့မရဘူးဗျ။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “ဒီတွင်းကနေ တစ်နိုင်ငံလုံးက အငတ်ဘေးကို ကယ်တင်နိုင်ခဲ့တာ။ ကျုပ်အမြင်အရဆို လီယောင် ဂုဏ်ပုဒ်တစ်ခု ရခဲ့မယ်ဆိုရင်တောင် ကျုပ် အံဩမိမှာ မဟုတ်ဘူးဗျ။”


လီကျန်းသည် တုန်လှုပ်သွားခဲ့သည်။ 


အမျိုးသမီးတစ်ဦး ဂုဏ်ပုဒ်တစ်ခု ရရှိရန်အတွက် များသောအားဖြင့် ထိုသူသည် အရာရှိတစ်ဦး၏ အမျိုး ဖြစ်ရမည်။ သို့သော် လီယောင်သည် သာမာန်ပြည်သူ တစ်ဦးသာ ဖြစ်သည်။


“ဒါပေမဲ့ ဒီအကြောင်းတွေကို ဘေးက လူတွေကို လျှောက်ပြောမနေနဲ့ဦး။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “တော်ဝင်ညီလာခံမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ။”


“ဟုတ်တာပေါ့။ ကျွန်တော်မျိုး သေချာပေါက် လျှောက်မပြောပါဘူးဗျာ။”


လီယောင်သည် သူတို့၏ စကားစမြည်များကို အဝေးမှ ကြားသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။


သူမသည် ဘွဲ့ထူး ဂုဏ်ဒြပ်များကို စိတ်မဝင်စားပေ။ လွတ်လပ်သည့် မြေပိုင်ရှင်ဖြစ်ရသည်မှာ ပို၍ သက်တောင့်သက်သာ ရှိလှသည်။


……………………………………..


 ဤအစားအသောက်များကို  မပြီးဆုံးမီအထိ တစ်နာရီအပြည့် ကြာခဲ့သည်။ စားသောက်ပြီးနောက် ရွာသူရွာသားတချို့သည် စားကြွင်းစားကျန်များကို သန့်ရှင်းဖို့ ကူညီရန် လက်ဦးမှု ရယူခဲ့သည်။ 


ဟင်းပွဲ အမြောက်အမြားကို ပြင်ဆင်ထားခဲ့သော်လည်း အများကြီး မကျန်တော့ပေ။ အခြေခံအားဖြင့် ရွာသူရွာသားများသည် အရာအားလုံးကို သန့်ရှင်းစွာ စားသောက်ခဲ့သည်။ ဝမ်ရွယ်ရှစ်သည် ဟင်းသီးဟင်းရွက် အကပ်အသပ်များကို စွပ်ပြုတ်ထဲသို့ လောင်းထည့်ခဲ့ပြီး လာရောက်ကူညီသူများကို ဝေမျှခဲ့သည်။ မည်သည့်အရာမှ အလဟဿ မဖြစ်ပေ။


ရက်မတန်းများကို တပ်ဆင်ပြီးနောက် ကျန်သည့်အလုပ်များသည် အခြေခံအားဖြင့် လက်သမားအလုပ်သာ ဖြစ်သည်။ 


သံမှိုရိုက်ခြင်း၊ တံခါးနှင့် ပြတင်းပေါက်များ တပ်ဆင်ခြင်း၊ စားပွဲများ၊ ထိုင်ခုံများ၊ ခုံတန်းလျားများ၊ မတ်တပ်ဗီဒိုများ စသည်တို့ကို ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ခေါင်မိုးအား အုပ်ကြွပ်ပြားမိုးခဲ့ပြီးနောက် အိမ်သည် အားလုံးပြီးစီးသွားခဲ့ပြီဖြစ်သည်။ ထို့နောက် အိမ်တွင် ပြောင်းရွှေ့နေထိုင်ရန် မင်္ဂလာရှိသော ရက်တစ်ရက်ကို ရွေးချယ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


၎င်းသည် အနည်းဆုံး လတစ်ဝက်ခန့် ကြာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ 


ထို့ကြောင့် ဤအားလပ်ချိန် အတောအတွင်း လီယောင်သည် သူ့အရောင်းစတိုးဆိုင်အတွက် ပစ္စည်းအသစ်အဆန်းတချို့ကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့မဟုတ်ပါက သူဌေးကျိုးအား ဆေးဖက်ဝင် မြက်ဆေးဆီတချို့သာလျှင် ရောင်းချခွင့်ပြုပြီး စတိုးဆိုင်တွင် သူငှားရမ်းထားသည့် ဝန်ထမ်းသည် နေ့စဉ် အလုပ်မလုပ်ရဘဲ ပျင်းရိစွာ အိပ်စက်အနားယူနေရပေလိမ့်မည်။


ဒီ့အတွက် ဘာတွေပြုလုပ်ရမလဲဆိုသည်ကို လီယောင် တွေးထားခဲ့ပြီးပြီ ဖြစ်သည်။ 


ဆပ်ပြာနှင့် အမွှေးဆပ်ပြာဖြစ်၏။


ဆပ်ပြာအား သာမာန်လူများကို ရောင်းချမည်ဖြစ်ပြီး အမွှေးဆပ်ပြာအား တန်ဖိုးကြီးပစ္စည်းအနေဖြင့် အထူးသဖြင့် ချမ်းသာသည့် မိသားစုများမှ ငွေရှာရန်အတွက် ရောင်းချမည်ဖြစ်သည်။ 


ဆပ်ပြာကို တိရိစ္ဆာန်အဆီနှင့် အဖြူရောင်အယ်ကာလီများဖြင့် ပြုလုပ်ရန် လွယ်ကူပြီး ၎င်း၏ သန့်စင်နိုင်မှုအစွမ်းသည် တခြားအရာများထက် အဆများစွာ ပိုမိုကောင်းမွန်သည်။ အမွှေးဆပ်ပြာအနေဖြင့် ဆပ်ပြာထဲသို့ အနံနှင့် အရောင် အနည်းငယ် ထပ်ပေါင်းထည့်ရန်သာ ဖြစ်သည်။


“ရှောင်ယာ၊ ခနနေကျရင် ဝက်ဆီကို ကျိုထားနော်။ အရမ်းကြာကြာ မတည်ဖို့လည်း မှတ်ထားလိုက်ဦး။ နှင်းတွေလို အဖြူရောင်လေး ဖြစ်လာတဲ့အထိ ကျိုရမယ်။”


“ဟုတ်ကဲ့ မေမေ။”


ဟဲရှောင်ယာအား ဝက်ဆီကျိုထားရန် စီစဉ်ညွှန်ကြားခဲ့ပြီးနောက် လီယောင်သည် အိမ်အသစ်ဆီသို့ ပုံစံတစ်ခုကို ယူကာ အလုပ်များနေသည့် လက်သမားဆရာကြီးချူကို ရှာဖွေခဲ့သည်။


“ဦးလေး ဒီလိုပုံစံမျိုးကို လုပ်နိုင်လား။”


လက်သမားဆရာကြီးချုသည် နမူနာပုံစံကို ကြည့်ခဲ့သည်။ ၎င်းသည် လေးထောင့်အကွက်ငယ် အခု ၂၀ ခွဲထားသည့် လေးထောင့်သစ်သားဗန်း တစ်ခု ဖြစ်သည်။ 


“ဒါက မခက်ခဲပါဘူး။” လက်သမားဆရာကြီးချုက ပြောခဲ့သည်။ “ဒါပေမဲ့ သခင်မပြောတာက ဒီလေးထောင့်ကွက်လေး တစ်ခုစီမှာရှိတဲ့ စာလုံးတွေနဲ့ ပုံစံတွေက အတိအကျ အတူတူ ဖြစ်ရမယ်ဆိုတာကတော့ နည်းနည်း ခဲရာခဲဆစ်ပဲ။ သစ်သားထွင်းကျွမ်းကျင်တဲ့သူတောင် ဒါကို လုပ်နိုင်လောက်မှာ မဟုတ်ဘူး။”


“ရပါတယ်။ ကျွန်မ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကပဲ ပန်းပဲဆရာနဲ့ သံပုံစံခွက်တစ်ခု လုပ်ထားခဲ့သေးတယ်။”ဟု လီယောင်က ပြောခဲ့သည်။ “အဲဒါကို အပူပေးပြီး လေးထောင့်ကွက်ထဲ ထည့်လိုက်ရင် စာလုံးတွေနဲ့ ပုံစံ အတူတူကို အမှတ်ရာထင်လာနိုင်တယ်။ ဒီနည်းနဲ့ဆို ပန်းပုထုတာ အများကြီး လွဲသွားမှာ မဟုတ်တော့ဘူး။” 


“ဒါ.” လက်သမားဆရာကြီးချုသည် ဤနည်းလမ်းကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ ၎င်းကို တွေးကြည့်ခဲ့ပြီးနောက် သူသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားခဲ့ရသည်။ “ကောင်းလိုက်တဲ့ နည်းလမ်း၊ ကျုပ် ဘာလို့ အရင်က ဒါကို မစဉ်းစားခဲ့မိတာပါလိမ့်။”


“ဒါဆို ကျွန်မ ဦးလေးနဲ့ ထားခဲ့လိုက်တော့မယ်။ ဒါပြီးဖို့ ဘယ်လောက်ကြာမလဲ။”


“မကြာပါဘူး။ ငါ ဒီနေ့ ပြီးနိုင်တယ်။”


လက်သမားဆရာကြီးချုသည် လက်ထဲ၌ ရှိသော အလုပ်များကို သူ၏ အလုပ်သင်ထံသို့ လွှဲပေးခဲ့ပြီး လုံလုံလောက်လောက် ကြီးမားသည့် ပျဉ်ချပ်များကို ရှာရန် သွားခဲ့သည်။ ထို့နောက် သူသည် မှင်နှင့် ပေတံတို့ကို ထုတ်ယူကာ စတင်၍ အမှတ်အသား ပြုခဲ့သည်။ 


ဆယ်စုနှစ်ကြာ အတွေ့အကြုံရှိသည့် လက်သမားတစ်ဦးအနေဖြင့် အခြေခံ သစ်သားဘုတ်ပြား တစ်ခုကို ပြုလုပ်ရန် အချိန်သိပ်မယူရပေ။


ထို့နောက် သူသည် သံပုံစံခွက်ကို ထပ်ခါထပ်ခါ အပူပေးခဲ့ပြီး အမည်းရောင်ပုံစံများ အရာထင်သွားစေရန် လေးထောင့်အကွက်လေးများထဲသို့ ထည့်ခဲ့သည်။


အချိန်အယူရဆုံးမှာ ထွင်းထုခြင်းပင် ဖြစ်သည်။ ၎င်းသည် အနုစိတ်သည့် အလုပ်ဖြစ်သော်လည်း လက်သမားဆရာကြီးချုသည် ကျွမ်းကျင်သည်။ သူသည် တနေ့တာ၏ အချိန်အများစုကို သုံးကာ နောက်ဆုံးတွင် ပထမဆုံး ပုံစံခွက်ကို ပြုလုပ်ခဲ့သည်။ 


“လက်ရာကတော့ နည်းနည်း ကြမ်းနေတုန်းပဲ။ သုံးလို့ ရ မရတော့ ကျုပ်လည်း မသိဘူး။”


“ကျွန်မ ယူသွားပြီး အရင်ဆုံး စမ်းကြည့်လိုက်မယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ရလဒ်က ကောင်းတယ်ဆိုရင် ထပ်လုပ်ဖို့ ကျွန်မကို ကူညီပေးပါဦးနော်။”


“ကောင်းပါပြီ။”


သူမ အိမ်ပြန်ရောက်ချိန်တွင် ညနေပိုင်းရောက်နေပြီ ဖြစ်သည်။ ဟဲရှောင်ယာ ကျိုထားသော အဖြူရောင်ဝက်ဆီများကို ဇလုံအကြီးကြီးတစ်ခုနှင့် အပြည့် အအေးခံကာ ခဲထားခဲ့သည်။ 


လီယောင်သည် ဆိုဒါမှုန့်၊ ထုံး၊ ဖန်ပုလင်းနှင့် ကရားတချို့ကို ယူကာ လုပ်ဆောင်မှု စတင်ခဲ့သည်။


“ရေအိုးကြီးတစ်အိုးလောက် တည်လိုက်ဦး။ ပြီးမှ အမေဆီက သင်တော့။ ”ဟု လီယောင်က ဟဲရှောင်ယာကို ပြောခဲ့သည်။ “နောက်ကျရင်လည်း ညည်း ဒါကို လုပ်ရမှာ။”


“အွန်း…” သူမသည် ဘာလုပ်ရမည်မှန်း မသိသေးသော်လည်း လီယောင်သည် အလွန်လေးလေးနက်နက် ခေါင်းငြိမ့်ခဲ့ပြီး သူမဖာသာ အိုးထဲသို့ ရေထည့်ရန် အလုပ်များနေခဲ့ပြီးနောက် ရေနွေးစကျိုခဲ့တော့သည်။


ရေနွေးအများကြီး တည်ရသည့် အကြောင်းအရင်းမှာ ဆပ်ပြာများသည် ပေါင်းခံရန် လိုအပ်သောကြောင့် ဖြစ်သည်။ 


အိုးထဲမှ ရေများကို ဆူလာသည့်အခါ လီယောင်သည် သစ်သားအဖုံးတစ်ခုကို ထုတ်ယူခဲ့သည်။ ဤအဖုံးသည် တခြားအဖုံးများနှင့် မတူပေ။ ထိပ်တွင် အပေါက်ငယ်လေးတစ်ပေါက်ဖြင့် ခုံးတက်နေပြီး အပေါက်ငယ်လေး၏ အောက်ခြေတွင် ဝါးပေါ်သို့ ရေများတစ်စက်စက်ကျစေရန် ဝါးအခေါင်းပေါက် အပိုင်းလေးများကို စိုက်ထားခဲ့သည်။


ရေနွေးငွေ့သည် ဝါးကိုဖြတ်သွားသည့်အခါ အေးသွားခဲ့ပြီး မကြာခင်မှာပင် အရည်ပြန်ဖြစ်သွားကာ ၀ါးမှတဆင့် သန့်စင်သည့် အိုးထဲသို့ ပြန်စီးဆင်းသွားခဲ့သည်။ ဤသည်မှာ ရိုးရှင်းသည့် ပေါင်းခံစက်ပင် ဖြစ်ပါသည်။  


အမှန်ပင် ဤနည်းလမ်းသည် အကြမ်းထည်သာ ဖြစ်သည်။ အနာဂါတ်တွင် အကြီးစားထုတ်လုပ်မှုအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့် စက်ကိရိယာများကို တည်ဆောက်ရန် ပန်းပဲဆရာတစ်ဦးကို သေချာပေါက် လိုအပ်လိမ့်မည်ဖြစ်သည်။ 


သူတို့သည် ထိုပေါင်းခံရေဖြင့် နည်းလမ်းတကျ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို စတင်နိုင်သည်။


ပထမဦးဆုံး ဆော်ဒါမှုန့် ပေါင်တစ်ဝက်ခန့်ကို အိုးတစ်လုံးထဲသို့ထည့်ကာ ပေါင်းခံရေနွေး တစ်ပေါင်ခွဲခန့်ကို ထည့်ကာ အယ်ကာလီအက်ဆစ်ဓါတ်ပြုရည် ဖြစ်အောင် မွှေခဲ့ပြီး ကျိုထားသည့် ဝက်ဆီ သုံးပေါင်ခွဲခန့်ကို လောင်းထည့်လိုက်သည်။


ထို့နောက် အိုးကို မီးအေးအေးဖြင့် အပူပေးကာ အယ်ကာလီအက်ဆစ်ဓါတ်ပြုပျော်ရည်နှင့် ၀က်ဆီများကို ပေါင်းစပ်သွားစေရန် သစ်သားဇွန်းဖြင့် အဆက်မပြတ် မွှေရမည်ဖြစ်ပြီး လျင်လျင်မြန်မြန်ပင် ခရင်မ်ကဲ့သို့ပင် မွတ်ညက်သည့် အနှစ်များ ဖြစ်လာသည်။ 


၁၀မိနစ်ခန့်အကြာတွင် အနှစ်သည် အလွန်စေးပျစ်လာခဲ့သည်။ ဇွန်းဖြင့် မွှေသောကြောင့် ကျန်နေခဲ့သည့် လှိုင်းတွန့်များ ပျောက်သွားရန် အချိန်ကြာကြာ ယူခဲ့ရသည်။ ဤသည်မှာ အရိုးအရှင်းဆုံး ဆပ်ပြာဖြစ်ပြီး ၎င်းကို အခြေခံဆပ်ပြာဟုလည်း ခေါ်ပါသည်။


ပုံစံခွက်ထဲသို လောင်းချခဲ့ပြီး နာရီဝက်ခန့်အကြာတွင် ခဲသွားခဲ့သည်။ 


အချိန်စေ့သောအခါ လီယောင်သည် ပုံစံခွက်ကို တစ်စစီဖြုတ်ကာ လေးထောင့်ပုံစံ လက်လုပ်ဆပ်ပြာအတုံး ၂၀ကို ရရှိခဲ့ပါသည်။ 


လီယောင်သည် ဆပ်ပြာ တစ်တုံးကို ကောက်ယူကာ ဦးစွာ အနံ့ခံခဲ့သည်။ ရင်းနှီးကျွမ်းဝင်ပြီးသား အနံ့ပင်ဖြစ်သည်။ ၎င်းကို သူမ၏ လက်သည်းဖြင့် ဖိလိုက်သည့်အခါ မာကျောမှုသည် မလုံလောက်သေးပဲ အနည်းငယ် ပျော့နေသေးကြောင်း တွေ့ခဲ့ရသည်။ 


အရည်ကျိုနေချိန် တိုတောင်းသွားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့မဟုတ် အယ်ကာလီနှင့် ဝက်ဆီ အချိုးအစား မညီမျှ၍လည်း ဖြစ်နိုင်သည်။ သို့သော် ၎င်းသည် ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။ နောက်မှ ချိန်ညှိရန် အာရုံစိုက်ရုံသာ ဖြစ်သည်။ 


ဟဲရှောင်ယာသည်လည်း တစ်ခုကို ကောက်ယူကာ အနံ့ခံခဲ့သည်။ ထို့နောက် သူမ့မျက်နှာတွင် အလျင်အမြန်ပင် ပဟေဠိတွေနဲ့ ပြည့်နှက်သွားခဲ့သည်။ 


“မေမေ၊ ဒါက ဘယ်လိုစားရမှာလဲ။”


လီယောင် - ………..


“ဒါက စားဖို့ မဟုတ်ဘူး။”


“အမ်…။”


ဟဲရှောင်ယာ ရှက်သွေးဖြန်းသွားသည်။


ဝက်ဆီအများကြီးအား လီယောင်ထည့်သည်ကို မြင်သောကြောင့် ၎င်းကို  မုန့်တမျိုးမျိုးဟု သူမ ထင်ခဲ့သည်။


“အဲဒါဆို ဒါက ဘာအတွက်လဲဟင်။”


“အဝတ်အစားတွေ လျှော်ဖို့အတွက်။”


“ပန်ကရိယတင်လား”ဟု ရှောင်ယာက မေးခဲ့သည်။


ပန်ကရိယတင်ကို  တိရစ္ဆာန်ပန်ကရိယ/တိရိစ္ဆာန်မုန့်ချိုအိတ်နှင့် အပင်များကို ပြာချကာ အတူတကွ အခြောက်ခံထားခြင်း ဖြစ်သည်။ 


အတိုချုပ်အားဖြင့်ဆိုသော် ၎င်းသည်လည်း ဆပ်ပြာအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ သို့သော် တိရိစ္ဆာန်ပန်ကရိယတွင် အဆီမဟုတ်သည့် အင်္ဂါအစိတ်အပိုင်းများစွာ ပါဝင်နေသည့်အပြင် အပင်ပြာများသည် အညစ်အကြေးများစွာ ပါဝင်နေခဲ့ပြီး အယ်ကာလီအက်ဆစ်ဓါတ် အလွန်နည်းပါးသောကြောင့် အသုံးပြုသည့်အခါ ရလာဒ်သည် လုံး၀ မကောင်းမွန်ပေ။


“တို့တွေဟာက ပန်ကရိယထက် ပိုကောင်းတယ်။ ညည်း အခု စမ်းကြည့်လို့ ရတယ်။” ဟု လီယောင်က ပြောခဲ့သည်။ “နင့်ရဲ့ ရှေ့ခါးစည်းကိုသာ လျှော်ကြည့်လိုက်။”