အခန်း (၅၅) – ဆွေမျိုးညာတိ
လီယောင် သူမအနားသို့ မရောက်ခင်မှာပင် လုရှီသည် သူမ၏ အရင်ပုံစံမျက်နှာပေးကို ထုတ်ပြခဲ့ပြီး ငေါ့တော့တော့ပြောခဲ့သည်။
“အိုး.. အခုတော့ နင်က အိမ်အကြီးကြီးဆောက်၊ အိမ်သစ်တက်ပွဲတောင် ကျင်းပနိုင်ပြီပေါ့လေ။ နင်က နင့်မွေးမိဘတွေကို တခွန်းတောင် မပြောခဲ့ဘူး။”
“ကျွန်မကို ရှင့်သမီးအဖြစ်ကနေ စွန့်လွှတ်လိုက်ပြီ မဟုတ်ဘူးလား။ ဆိုတော့ ကျွန်မက ဘာလို့ ပြောရဦးမှာလဲ။”
“ငါက နင့်ကို စွန့်လွှတ်နိုင်ပေမဲ့ နင်က ငါကို ဘယ်လိုလုပ်များ စွန့်လွှတ်ဖို့ သတ္တိရှိတာလဲ။”
လီယောင်သည် ဒါက အလွန်ရယ်စရာကောင်းသည်ကို တွေ့ခဲ့ရသည်။
သူမက တစ်စုံတစ်ယောက်၏ မိခင်ဖြစ်ပြီး သူမဖြစ်ချင်သမျှ အားလုံးလုပ်နိုင်သည်ဟု တကယ်ပဲ ထင်နေခဲ့တာလား။
“ရှင့်မှာ ပြောစရာရှိရင်ပြော၊ မရှိရင် မြန်မြန်ထွက်သွားလိုက်တော့၊ ကျွန်မမှာ အချိန်မရှိဘူး။”
“ဒါက နင့်အမေကို နင်စကားပြောတဲ့ပုံလားဟဲ့။”
“ကျွန်မ အရင်က ပြောခဲ့ပြီးပြီ။” လီယောင်က ပြောခဲ့သည်။ “ကျွန်မတို့က အဆက်အသွယ်ဖြတ်ပြီးသားနော်။ ရှင့်လိုအမေမျိုး ကျွန်မမှာ မရှိဘူး။”
“နင်….”
လုရှီသည် ဒေါသ ပြင်းပြင်းထန်ထန် ထွက်သွားသည်။
လီယောင်သည် မကြာသေးမီက ငွေအမြောက်အမြား ရှာခဲ့ပြီး အိမ်ကြီးတစ်လုံး ဆောက်လုပ်ခဲ့ကြောင်း သူမ ကြားသိခဲ့ရသည်။ ယနေ့တွင် အိမ်သစ်တက်ဧည့်ခံပွဲကို သူမတို့ ကျင်းပနေကြသည်။
မည်သို့ပင်ဖြစ်စေ လုရှီသည် သူမက လီယောင်၏ မွေးမိခင် ဖြစ်နေဆဲဟု သူမ တွေးထင်ခဲ့သည်။ ယခင်က ပဋိပက္ခများ ရှိခဲ့ကြသော်လည်း မျက်နှာမပျက်စေရန် သူမ၏ မွေးမိသားစုကို ဂုဏ်ပြုဧည့်ခံပွဲသို့ အနည်းဆုံး ဖိတ်ကြားနိုင်ပါသည်။
သူမနှင့် လီယောင်၏ ဆက်ဆံရေးသည် အနည်းငယ် ပြန်လည်သင့်မြတ်လာပြီး လီရှန်း၏ ပညာရေးအတွက် သူမ၏ ပိုက်ဆံများကို ဆက်လက်ပေးဆောင်နိုင်စေရန် ဤအခွင့်အရေးကို ယူရမည်ဟု သူမ စီစဉ်ထားခဲ့သည်။
သို့သော် လီယောင်သည် သူမအား လုံး၀ အခွင့်အရေးမပေးပဲ ဤမျှ အကြင်နာ ကင်းမဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့်ပင် သူမသည် ဤအခြေအနေကို လက်ဦးမှု ရယူထားပြီး ကြိုတင်၍ အစီအစဉ် တစ်ခုဖြင့် ရောက်လာခဲ့သည်။
ယနေ့သည် ရွာသူရွာသားများ အားလုံးရှိနေသည့် လီယောင်၏ ဂုဏ်ပြုဧည့်ခံပွဲကြီး ဖြစ်သည်။ သူမ ငိုယိုကာ ဇာတ်လမ်းဇာတ်ကွက်တစ်ခု ဖန်တီးထားသရွေ့ လီယောင်သည် သူမ၏ မိခင်အိုကြီးအပေါ် မည်မျှ အကြင်နာကင်းမဲ့သည်ကို လူတိုင်းအား မြင်တွေ့စေနိုင်ပြီး သူမမှာ မျက်နှာများ ကျန်သေးသလားဆိုသည်ကို ကြည့်ကြပါဦးစို့။
လုရှီသည် သူမစီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး သူမ၏ အဆုတ်ဖျားထိရောက်အောင် အပြင်းအထန် စတင်အော်ဟစ်ငိုကြွေးခဲ့သည်။
“ကောင်းကင်ဘုံက ဘုရားရှင်ရေ။ ဒီလို သတ္တဝါမျိုးကို ငါ ဘာလို့များ မွေးခဲ့တာပါလိမ့်။ အခု သူ့မှာ ပိုက်ဆံနည်းနည်းရှိလာတော့ သူ့အမေအရင်းကိုတောင် အသိအမှတ်မပြုတော့ဘူး။”
“ဒီလို၀တ္တရားမကျေပွန်တဲ့ သတ္တဝါမျိုး ဒီကမ္ဘာမှာ ဘယ်လိုများ ရှိနေရတာလဲ။”
“အား... ဟား……”
လုရှီ၏ ကျယ်လောင်သော ငိုကြွေးသံသည် သိပ်မကြာလိုက်ပဲ ဧည့်ခံပွဲတွင် စားသာက်နေသည့် ရွာသူရွာသားများ၏ အာရုံကို စွဲဆောင်သွားခဲ့သည်။ အလုပ်ရှုပ်နေကြသည့် လူများစွာသည် သူတို့၏ တူချောင်းများကို ချကာ ဝိုင်းအုံဖွဲ့လာခဲ့သည်။
လူတွေ ပိုမိုရောက်လာသည်ကို မြင်သောအခါ လုရှီ၏ အော်ဟစ်ငိုယိုသံများသည် ပိုမိုကျယ်လောင်လာခဲ့သည်။
“အရပ်ကတို့ရေ၊ အားလုံးပဲ အကျိုးသင့် အကြောင်းသင့် ပြောပေးကြပါဦး။ ”
“ကျုပ်က သူ့ကို ဒုက္ခသုက္ခခံပြီး ကျွေးမွေးပြုစုခဲ့ပြီး မိသားစု ကောင်းကောင်းတစ်ခုကိုလည်း ရှာပေးခဲ့တာပါတော်။”
“သူ့မှာ စားစရာ သောက်စရာ မရှိပဲ သူ့ကလေးတွေ ဆာလောင်နေတုန်းကလည်း သူ့ယောက္ခမတွေက ဂရုမစိုက်ပဲ သေသေ ရှင်ရှင် ပစ်ထားခဲ့တယ်။ သူတို့တွေ အသက်ရှင်ဖို့ စားစရာတွေ ပေးခဲ့တာလည်း ကျုပ်ပါပဲတော်။”
“အခု သူချမ်းသာလာတော့ ကျုပ်ကိုတောင် အသိအမှတ်မပြုတော့ဘူးတော်ရေ…”
ဟဲဝမ်ရွာသူရွာသားများသည် အလွန်ပင် စက်ဆုပ်ရွံရှာသွားခဲ့သည်။
လီယောင်သည် သူမ၏ မွေးမိခင်မိသားစုအား သူမ၏ အရေပြားသုံးလွှာ ခွာချပြီး ဖြည့်စီးပေးလိုသည့် စိတ်ဆန္ဒရှိကာ သူမတို့၏ အလိုအား ဖြည့်ဆည်းပေးခဲ့ရသည်ကို လူတိုင်း သိခဲ့သည်။
သို့သော် ယခုအခါ အဖွားကြီးသည် အဓိပ္ပါယ်မရှိသည့် စကားများကို အန်ထုတ်နေခဲ့သည်။ လီယောင်အား သူမ ကူညီခဲ့သည်ဟု အခိုင်အမာ ပြောဆိုနေခဲ့သည်။ ဦးနှောက်ရှိသူတိုင်းက သူမ၏ ပြောစကားအား ယုံကြည်လိမ့်မည် မဟုတ်ပေ။
“ဒီအဖွားကြီးက တကယ်ကို အရှက်မရှိဘူးပဲဟ။”
“ဟုတ်ပ၊ အဖြူနဲ့ အမည်းကို ပြောင်းပြန်ပြောနေတယ်။ သူက အမှန်နဲ့ အမှားကို လုံး၀ ပြောင်းပြန်လှန်နိုင်တဲ့ အရည်အချင်းရှိတယ်ဟ။”
“ဒီလောက် အရှက်မဲ့တဲလူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး။”
………………………………
ရွာသူရွာသားများသည် အချင်းချင်း ပြောဆိုကြကာ လုရှီအား ကြက်သေသေသွားအောင် ချန်ထားရစ်ခဲ့သည်။
ဒီမှာ ဘာတွေများ ဖြစ်ကုန်တာတုန်း။
လီယောင်သည် ဟဲဝမ်ရွာ၏ ကောင်းကင်နှင့် လူသားတို့အား အမျက်ဒေါသ ထွက်စေခဲ့သူ မဟုတ်ဘူးလား။ ဒီ့အပြင် ဘယ်သူမှ သူမအား အကောင်းမမြင်ကြသည် မဟုတ်ပေဘူးလား။ အခု အားလုံက ဘာကြောင့်များ သူမအတွက် ပြောပေးနေကြတာပါလိမ့်။
သူမတို့မိသားစု အိမ်သစ်တက်ဧည့်ခံပွဲကြီးကို ယနေ့ကျင်းပနေခဲ့ကာ သူမ၏ အစားအသောက်များကို စားသောက်ခဲ့ပြီးနောက် လူတိုင်းက ယဉ်ကျေးနေခဲ့ကြလျှင်တောင် သူတို့အားလုံး ဤအတိုင်းအတာ ပမာဏအထိ မျက်နှာသာရဖို့ မကြိုးစားလောက်ပါဘူး။ ဟုတ်တယ် မဟုတ်လား။
“နင်တို့အားလုံး မျက်စိကန်းနေကြတာလား။ သူ့က သူ့အမေအရင်းကိုတောင် အသိအမှတ်မပြုတော့ဘူးဟဲ့။”
ထိုစဉ် ရွာမှ အကြီးအကဲဖန်မင်ချွမ်းက ပြောခဲ့သည်။ “သူ့အရိုးတွေကို ဝါးပြီး သူ့ကို အရှင်လတ်လတ် စားချင်နေတဲ့ ခင်ဗျားလို အမေမျိုးကို ဘယ်သူက အသိအမှတ်ပြုရဲမှာတုန်း။”
“ဟုတ်ပါ့။ ခင်ဗျားကို အသိအမှတ်ပြုတယ်ဆိုတာ ခင်ဗျားအတွက် ကောက်ပဲသီးနှံတွေ ပေးရမယ် ၊ ကြက်ဥဖို့အတွက် သူရဲ့ ကြက်မကြီးကို ငှားရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။”
“အဲဒါက ဘာမှ မဟုတ်သေးဘူး။ သူ့မောင်ရဲ့ ပညာရေးကို ထောက်ပံ့ဖို့ သူက ပိုက်ဆံတောင် ပေးရဦးမှာ။ တစ်လကို ငွေချောင်း ၃ချောင်း အနည်းဆုံးလို့ ကျုပ်ကြားဖူးတယ်။ ဒါက ဘယ်လို အမေနဲ့ မောင်တွေတုန်း။ အဲဒါကို ဘယ်သူက အသိအမှတ်ပြုချင်တော့မှာတုန်း။ ငါက သူဆိုရင်လည်း တတ်နိုင်သမျှ ဝေးဝေးက နေမိမှာ အမှန်ပဲ။”
“အဖွားကြီး၊ ပြန်သွားလိုက်တော့။ ခင်ဗျားလည်း ငယ်တော့တာ မဟုတ်ဘူး။ လူတိုင်းရှေ့မှာ ကိုယ့်ကိုယ်ကို အရှက်မခွဲစမ်းပါနဲ့ဗျာ။”
လုရှီသည် မြို့ရိုးများထက် အရေထူခဲ့လျှင်တောင် ယခုအခါ အရှက်စိတ်က တောက်လောင်နေဆဲ ဖြစ်သည်။
သူမသည် ရွာတွင် အတော်အတန် ဩဇာလွှမ်းမိုးသူတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအခါ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
“လီယောင်၊ နင် ငါ့ကို တကယ်ပဲ နင့်အမေလို့ အသိအမှတ်မပြုဘူးလား။”
“ကျွန်မမှာ အမေ မရှိဘူး။” လီယောင်သည် အေးစက်စွာ ပြောခဲ့သည်။ “ကျွန်မက ကျောက်တုံးကနေ ပေါက်လာတာ။”
“အေး ကောင်းပြီး။ နင် ပြောတာကို မှတ်ထား။” လုရှီက ရက်ရက်စက်စက် ပြောခဲ့သည်။ “နင်ရဲ့ ဝမ်အာ စာသင်နေတာ ငါသိတယ်။ ဒါပေမဲ့ မမေ့သွားနဲ့။ လီရှန်းက နောက်နှစ်မှာ ခရိုင်စာမေးပွဲဖြေပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ပညာရှိဖြစ်လာတော့မှာ။ အားလုံးက ငါ့စကားတစ်ခွန်းတည်းပဲ။ ဝမ်အာက သူ့ဘ၀မှာ ဘယ်တော့မှာ အောင်မြင်မှာ မဟုတ်ဘူး။”
“ဒီမှာ အဓိပ္ပါယ်မရှိ ပေါက်တတ်ကရတွေ ဘယ်သူပြောနေတာတုန်းကွ။”
လီယောင်တစ်ယောက် ခွန်းတုံမပြန်နိုင်ခင်မှာပင် အားကောင်းသည့် အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ခါးတွင် ဓါးရှည်ချိတ်ဆွဲထားသည့် အစိုးရတရားဝင်ဝတ်စုံ အမည်းရောင်ကို ဝင်ဆင်ထားသည့် တုတ်ခိုင်သန်မာသော အမျိုးသားတစ်ဦးသည် ယာမင်ဝန်ထမ်းနှစ်ဦးနှင့်အတူ ခံ့ခံ့ညားညား လျှောက်လာခဲ့သည်ကို ကြည့်ရန် လူတိုင်း ခေါင်းမော့လာခဲ့ကြသည်။
ရွာလူကြီး ဝမ်ကျားဖူသည် သူ့အား ချက်ချင်း မှတ်မိခဲ့သည်။ “ဒါက ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းပဲ။”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်သည် ခရိုင်တရားသူကြီးမင်း၏ လက်ထောက်ဖြစ်ပြီး ပြည်သူလုံခြုံရေးနှင့် ရာဇဝတ်သားများကို ဖမ်းဆီးရန် တာဝန်ရှိသည်။ သူ၏ ဩဇာအာဏာသည် အလွန်တရာ ကြီးမားလှသည်။
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် လက်ရှိတွင် သူ့မျက်နှာက မည်းမှောင်နေခဲ့ပြီး အလွန် ကြီးကျယ်ခမ်းနားသည့် အမူအရာ ရှိသည်။ ရွာသူရွာသားများသည် သူတို့ ဘာအမှားမှ မပြုလုပ်မိခဲ့လျှင်တောင် သူ့အား ကြည့်ရုံဖြင့် သူတို့အား ကြောက်လန့်စေခဲ့ကြသည်။
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် လုရှီထံသို့ တည့်တည့်လှမ်းလာခဲ့ပြီး ကြမ်းကြမ်းတမ်းတမ်း ဟိန်းဟောက်ခဲ့သည်။ “ခင်ဗျား အခုလေးတင် ဘာပြောလိုက်တာတုန်း။ ကျုပ်ကို တစ်ခေါက် ပြန်ပြောစမ်းပါဦး။”
လုရှီ၏ ခန္ဓာကိုယ်သည် ဆန်ခါနေသကဲ့သို့ တုန်ခါနေပြီး စိတ်ထဲမှာလဲ ဗလာဖြစ်သွားခဲ့သည်။
ခရိုင်ကာကွယ်ရေးခေါင်းဆောင်နှင့် ဒီလိုနေရာမျိုးကို လာဆုံလိမ့်မယ်လို့ သူမ ဘယ်လိုများ မျှော်လင့်ထားမိနိုင်မှာတုန်း။
“ခရိုင်…. ခရိုင်ကာကွယ်ရေးမှုး၊ ကျုပ်အတွက် တရားမျှတမှု ရှာဖွေပေးရမယ်။”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် မျက်မှောင်ကြုတ်ခဲ့သည်။ “ခင်ဗျားအတွက် တရားမျှတမှု ရှာဖွေပေးရမယ် ဟုတ်လား။ ခင်ဗျား အရာရှိတွေရဲ့ ဂုဏ်သတင်းကို အသရေဖျက်နေတာလေ။ ခင်ဗျားကို ကြိမ်ဒဏ် အချက် နှစ်ဆယ် မရိုက်တာတောင် အတော်လေးကို သက်ညှာပေးနေပြီးပြီ။ ဘာတရားမျှတမှုကို ကျုပ်ဆီက လိုချင်နေသေးတာလဲ။ ”
“ကျုပ်… မဟုတ်ပါဘူး… တကယ် မဟုတ်ပါဘူး။”
“ဒါဆို ကျုပ်က ခင်ဗျားကို မတရား အမှုဆင်နေတယ်လို့ ပြောနေတာလား။ ငါ့လူတွေ၊ သူ့ကို ခေါ်သွားလိုက်ကြစမ်း။”
“ကျုပ် မလုပ်ရဲပါဘူး။ ကျုပ် မလုပ်ရဲပါဘူး။ ကျုပ်ကို သွားခွင့်ပြုပါ သခင်ကြီး။ ကျုပ်က အဖွားအိုကြီးတစ်ယောက်ပါ။ ကျုပ်သမီးအရင်းကတောင် ကျုပ်ကို အသိအမှတ်မပြုပါဘူး…။”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် လီယောင်အား စိုက်ကြည့်ခဲ့ပြီး သူမသည် စကားပြောရန် ရည်ရွယ်ချက် မရှိသည်ကို တွေ့ခဲ့ရသည်။ သူသည် ထိုအကြောင်းအရာ အကျဉ်းချုပ်ကို ချက်ချင်း မှန်းဆနိုင်ခဲ့သည်။
ဤအဖွားကြီးသည် အလွန် ဆိုးဆိုးဝါးဝါး ပြုမှုခဲ့သည့်အတွက် လီယောင်သည် သူမနှင့် အဆက်အသွယ်ဖြတ်သည့် အကျိုးဆက် ဖြစ်ပေါ်လာခဲ့သည်။ မဟုတ်ပါက လီယောင်ကဲ့သို့သောသူသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ အလွန် ၀တ္တရားမကျေသည့် ကိစ္စမျိုးကို ပြုလုပ်နိုင်ပါ့မည်နည်း။
“ခင်ဗျားရဲ့ အသက်အရွယ်ကို ထောက်ထားပြီးတော့ ကျုပ် ဒါကို ဆက်မလုပ်တော့ဘူး။ မြန်မြန်ထွက်သွားလိုက်တော့။ ကျုပ် လမ်းမှာ မရှိစေနဲ့။”
“ဟုတ်ကဲ့။ ဟုတ်ကဲ့။”
လုရှီသည် အလန့်တကြားနှင့် အဝေးသို့ အမြီးကုပ်ကာ တွန့်တွန့်ဆုတ်ဆုတ်ဖြစ်နေသည့်အခါမှ ခရိုင်ကာကွယ်ရေးခေါင်းဆောင်းကျန်းသည် နောက်ဆုံးတွင် လီယောင်အား ချဉ်းကပ်ခဲ့သည်။
“သခင်မလီ၊ ဂုဏ်ယူပါတယ်ခင်ဗျာ။”
“ကျွန်မကို အထင်ကြီးနေပါပြီ ခရိုင်ကာကွယ်ရေးမှုး။”ဟု လီယောင်က ပြန်ဖြေခဲ့သည်။ “ဒီကို ဘာများလာလုပ်တာလဲ သိပါရစေ။”
“ဝမ်းမြောက်ဖွယ်ရာကိစ္စလေးတစ်ခုကြောင့်ပါဗျာ။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် သူ၏ ယာမင်ဝန်ထမ်းများကို ခေါင်းငြိမ့်ကာ အချက်ပြခဲ့ပြီး သူတို့သည် ချက်ချင်းပင် သေတ္တာငယ်လေး တစ်လုံးကို ယူဆောင်လာခဲ့သည်။ “သခင်မက မိုးခေါင်ရေရှားတာကို တိုက်ဖျက်ဖို့အတွက် ရေတွင်းတူးခဲ့ပြီးတော့ အဲဒါက ပိုင်ချွမ်းခရိုင်တစ်ခုလုံး၊ ယီကျိုးစီရင်စု တစ်ခုလုံးနဲ့ တစ်နိုင်ငံလုံးကိုတောင် အကျိုးကျေးဇူးတွေ ယူဆောင်လာခဲ့တယ်လို့ ခရိုင်တရားသူကြီးမင်းက ပြောခဲ့ပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ ခရိုင်တရားသူကြီးမင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ်အနေနဲ့ သခင်မအတွက် ယီကျိုးကနေ အလွန် လက်ရာမြောက်တဲ့ ကြွေထည် တစ်စုံကို တကူးတက ဝယ်ယူလာခဲ့ပေးပါတယ်။”
လီယောင်… နောက်ထပ်.. ကြွေထည်လား...။
ယာမင်ဝန်ထမ်းလေးက သေတ္တာကို ဖွင့်ခဲ့သည်။ အမှန်တကယ်ပင် သေတ္တာအတွင်းထဲ၌ အလွန်လက်ရာမြောက်သည့် … လမ်းဘေးစျေးတန်းက ရောင်းကုန်ပစ္စည်းလေးများ ဖြစ်ပါသည်။
ဤကမ္ဘာ၏ ကြွေထည်ပစ္စည်းများကို လီယောင့်မျက်လုံးထဲတွင် တကယ် မနှစ်သက်နိုင်ချေ။
“ကျွန်မအတွက် ခရိုင်တရားသူကြီးမင်းကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦးရှင်။”
“အမ်… ” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ဆက်ပြောခဲ့သည်။ “ခရိုင်တရားသူကြီးမင်းက သခင်မအတွက် ခုံရုံးကို သခင်မရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုပေးခဲ့လို့ စိတ်ချလက်ချနေဖို့ ပြောခဲ့ပါတယ်။ နောက်ကျရင် ဒီထက်ပိုများတဲ့ ဆုလာဒ်တွေ ရလာပါလိမ့်မယ်။ ”
“ဝိုး….”
ရွာသူရွာသားများသည် တစ်ညီတစ်ညွတ်လည်း ပင့်သက်ရှိုက်ခဲ့ကြသည်။ ဤသည်မှာ တစ်ရှိန်ထိုး အောင်မြင်မှုသို့ ဦးတည်သွားနေသည်မှာ သေချာပေါက်ပင် ဖြစ်သည်။
“ဟုတ်ပါပြီ။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက မေးခဲ့သည်။ “ဒီနေ့ ခင်ဗျားတို့မိသားစုမှာ ဘာတွေဖြစ်နေကြတာတုန်းဗျ။”
“အိုး.. ဒီနေ့ ကျွန်မတို့အိမ်အသစ်အတွက် အိမ်သစ်တက်ဧည့်ခံပွဲ ကျင်းပနေတာပါ။”ဟု လီယောင်က ပြောခဲ့သည်။ “ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း၊ နိမ့်ကျတဲ့ ဧည့်ဝတ်ကျေပွန်မှုကို စိတ်မရှိဘူးဆိုရင် ကျွန်မတို့နဲ့ အတူတူ ရိုးရှင်းတဲ့ ထမင်း တနပ်ကို ဝင်ရောက်သုံးဆောင်သွားပါဦးရှင်။”
“ဒီလို ပျော်စရာကောင်းတဲ့ အခမ်းအနားကို တွေ့ကြုံရတာပဲဗျာ။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် လီယောင်အား အလိုက်အထိုက် ဆက်ဆံရန် စိတ်အားထက်သန်နေသည့်အတွက် အားရပါးရ ပြုံးကာ ချက်ချင်း လက်ခံခဲ့သည်။ “ဒါဆိုလည်း ကျုပ်ညီနောင်နှစ်ယောက်နဲ့ ကျုပ်တို့ ခင်ဗျားရဲ့ ဂုဏ်ပြုဧည့်ခံပွဲကို ကျိုးကျိုးနွံ့နွံ့နဲ့ ဝင်ရောက်ဆင်နွဲပါ့မယ်ဗျာ။”
“ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း၊ ကြွပါခင်ဗျာ။” ရွာလူကြီး ဝမ်ကျားဖူက ချက်ချင်းဆိုသလို မျက်နှာလိုမျက်နှာရ ပြောခဲ့သည်။ “ကျွန်တော်မျိုးက အတူတူ သောက်ချင်နေတာ တော်တော်ကြာပြီ။ တစ်ခါမှ အခွင့်အရေး မရခဲ့ဘူး။ ဒီနေ့တော့ စားပွဲအောက်ရောက်တဲ့အထိ ကျွန်တော်မျိုးတို့ အမူးသောက်ကြတာပေါ့ဗျာ။”
ရွာသူရွာသားများကလည်း ဧည့်ခံပွဲသို့ ပြန်လာသောကြောင့် လုရှီအား နောက်ထပ် အကြည့်တစ်ချက်ပင် မပေးတော့ပဲ နောက်မှ လိုက်သွားခဲ့ကြသည်။
ထိုအချိန်တွင် လုရှီသည် သူမ၏ စိတ်နှလုံးသားထဲတွင် နောင်တရနေခဲ့ပြီ ဖြစ်သည်။ လီယောင်တွင် ဤကဲ့သို့သော ကံကြမ္မာမျိုး ရှိလိမ့်မည်ကို သူမ သိခဲ့ပါက သူမသည် သားအမိဆက်ဆံရေးအား ဖြတ်တောက်မည့် ထိုစကားများကို မည့်သည့်အခါမှ ပြောခဲ့လိမ့်မည် မဟုတ်ပေ။
မဟုတ်သေးပါဘူးလေ။ သူမ တစ်ခုခုကို စဉ်းစားရမည်။ မည်သို့ပင်ဖြစ်စေ သူမသည် လီယောင်အား တွယ်ကပ်နေရမည်ဖြစ်သည်။
မဟုတ်ဘူး၊ သူမ တစ်ခုခုကို စဉ်းစားရမယ်။ ဘာပဲဖြစ်ဖြစ် သူမ လီယောင်ကို ချည်နှောင်ထားရမယ်။