အပိုင်း ၅၄
Viewers 9k

အခန်း (၅၄) - မင်္ဂလာအချိန်


ပင်မ ရက်မတန်း တင်သည့် နေ့ ဖြစ်သည်။


နံနက်စောစောတွင် တရွာလုံးနီးပါး လီယောင်၏ အိမ်အသစ်ကို ရောက်လာခဲ့ကြသည်။  အိမ်အသစ်အလယ်ရှိ ကျယ်ပြန့်သည့် ခြံဝင်းကြီးကြောင့် ရာနှင့်ချီသော လူများသည် ကြိတ်ကြိတ်တိုးနေသည်ဟု လုံး၀ မခံစားရပေ။


ဝမ်ကျားကွေ့နှင့် ဝမ်ရွယ်ရှစ်တို့သည် ယနေ့တွင် သူတို့၏ အသစ်လွင်ဆုံး အဝတ်အစားများနှင့် ဖိနပ်များကို ဝတ်ဆင်ထားခဲ့ပြီး မနက်အစောကြီးကတည်းက လာရောက်ကူညီခဲ့ကြသည်။ လီယောင်သည် အဓိက ရက်မ တင်သည့် ဓလေ့ထုံးတမ်းကို နားမလည်ခဲ့သော်လည်း လူအိုကြီးနှစ်ယောက်သည် မအားမလပ်ဖြစ်နေကြပြီး ပျော်ရွှင်နေခဲ့သည့်အတွက် သူမသည် သူတို့အား လုပ်ခွင့်ပြုခဲ့သည်။


ဒေသဓလေ့ထုံးတမ်းအစဉ်အလာအရ ရက်မ မတင်ခင် ဘိုးဘေးဘီဘင်များကို ဝတ်ပြုပူဇော်ရမည် ဖြစ်သည်။


လေးထောင့်စားပွဲကြီးတစ်ခုပေါ်တွင် ကြက်၊ ဘဲ၊ ငါး၊ ဘဲငန်း၊ တို့ဖူး၊ ကြက်ဥ၊ အရက်၊ ဝက်ခေါင်း တစ်ခုလုံးနှင့် အမြီးပါသော ဝက်တင်ပါးတစ်ပိုင်းတို့ဖြင့် ပြည့်နေခဲ့သည်။ 


မင်္ဂလာအချိန်အခါကောင်း ကျရောက်လာသည့်အချိန်တွင် ဝမ်ကျားကွေ့သည် အမွှေးတိုင်များနှင့် နတ်ဆက်ငွေများကို မီးညှိကာ  သူတို့၏ ဘိုးဘွားစဉ်ဆက်ကို အရိုအသေပေးရန် မြေပြင်ပေါ်သို့ ဒူးထောက်ကာ လီယောင်၏ မိသားစုဝင်များကို ဦးဆောင်လမ်းပြခဲ့သည်။


ယခုတစ်ကြိမ်တွင် လီယောင်သည် ခုခံခြင်း မရှိတော့ပဲ သူမ၏ ဘိုးဘေးစဉ်ဆက်ကို အရိုအသေပြုခြင်းအား လက်ခံနိုင်ခဲ့သည်။


ဘိုးဘွားများအား အရိုအသေပြုခြင်း ပြီးဆုံးပြီနောက် စင်မြင့်ပေါ်သို့တက်ရန် လက်သမားဆရာအလှည့်သို့ ရောက်ရှိလာခဲ့သည်။


ယနေ့ ရက်မတင်ခြင်း လုပ်ငန်းစဉ် အစအဆုံးကို တာဝန်ယူဆောင်ရွက်ရသူမှာ အနီးအနား ဘေးရွာမှ ဝါအရင့်ဆုံးနှင့် အလေးစားရဆုံး လက်သမားဆရာကြီးဖြစ်သူ "လက်သမားဆရာကြီး ချူ” ဖြစ်သည်။  သူသည် ယခုနှစ်တွင် အသက် ၆၆နှစ် ရှိပြီဖြစ်ပြီး မုတ်ဆိတ်များနှင့် ဆံပင်များအားလုံး ဖြူဖွေးနေသည်။ သို့သော် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ်သည် အလွန်ကောင်းမွန်နေဆဲဖြစ်ပြီး သူသည် အသံမှာလည်း နှဲကြီး တစ်ခုကဲ့သို့ပင် ကျယ်လောင်ပေသည်။


ယနေ့တွင် လက်သမားဆရာကြီးချူသည် ခါးတွင် အနီရောင် အဝတ်စ ချည်နှောင်ထားပြီး သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားကာ သူ့လက်ထဲတွင်လည်း ကြေးမောင်းတစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ သူသည် ၎င်းကို ပြင်းပြင်းထန်ထန် မတီးမီ မင်္ဂလာအချိန်အခါကောင်း ရောက်လာစေရန် စောင့်နေခဲ့သည်။


”ဒေါင်…”


လက်သမားကြီးချူသည် နံရံပေါ်တွင် ရပ်ကာ မောင်းသံနှင့်အတူ အသံကျယ်ကျယ်လောင်လောင်ဖြင့် ဝမ်းသာအားရ ကြေငြာခဲ့သည်။


”ဒီနေ့ ကျုပ်တို့ ပင်မ ရက်မကို မြှင့်တင်နေပါတယ်ဗျို့…။ ပိုင်ရှင်က ခမ်းနားကောင်းမွန်တဲ့ စံအိမ်ကြီးကို တည်ဆောက်နေတယ်ဗျို့..။”


”စံအိမ်ကြီးကို နဂါးပါးစပ်အောက်မှာ ဆောက်ထားပါတယ်ဗျို့...။ ရက်မတွေ မြှင့်တင်ဖို့ အားလုံးအတူတူ လုပ်ဆောင်ကြပါစို့…”


”ဒေါင်…”


ခါးတွင် အနီရောင် အဝတ်စ ချည်နှောင်ထားသော လူငယ်ရှစ်ဦးသည် အနီရောင်စက္ကူများ ကပ်ထားသည့် ဖြောင့်မတ်နေသည့် ပင်မ ရက်မကို သယ်ဆောင်လာခဲ့ကြသည်။ 


အစွန်နှစ်ဖက်လုံးတွင် ကြိုးများဖြင့် ချည်နှောင်ထားပြီးနောက် လူအများအပြားသည် နံရံပေါ်သို့တက်ကာ ကြိုးများကို အတူတကွ လှမ်းဆွဲယူခဲ့ကြသည်။


”လက်ရှိပစ္စုပ္ပန်မှာ စည်းစိမ်ဥစ္စာတွေ ပိုင်ဆိုင်ရရှိဖို့ ပထမအဆင့်”


”နှစ်မြွှာဖီးနစ်ကို ကြိုဆိုဖို့ ဒုတိယအဆင့်”


”ကြွယ်၀ပြည့်စုံခြင်း ၃ပါးအတွက် တတိယအဆင့်”


”ရာသီဥတု လေးခုစလုံး ကြီးပွားအောင်မြင်စေဖို့ စတုတ္ထအဆင့်”


”ကောက်ပဲသီးနှံ ငါးမျိုးလုံး ပေါများကြွယ်၀စေဖို့ ပဉ္စမအဆင့်”


”ရာသီဥတု သဟဇာတဖြစ်ဖို့အတွက် ဆဌမအဆင့်”


”ကြယ်ခုနှစ်လုံး မြင့်အောင် တောက်ပဖို့ သတ္တမအဆင့်”


”ပင်လယ်ပင်ကို ရွက်လွှင့်နိုင်ဖို့ မသေမျိုး ၈ပါးအတွက် အဌမအဆင့်”


”မျိုးရိုးစဉ်ဆက် ကိုးခုတိုင်တိုင် အရာရှိစာမေးပွဲ အောင်မြင်နိုင်စေဖို့ န၀မအဆင့်”


လက်သမားဆရာကြီးချူသည် စာကြောင်း တစ်ကြောင်းကို တစ်ကြိမ်စီ အော်ဆိုခဲ့ပြီး လူတိုင်းသည် ကြိုးများကို လိုက်ဖက်ညီစွာ ဆွဲယူခဲ့သည်။ 


ကြိုးများကို ကြုံရာကျပန်း မဆွဲယူနိုင်ပေ။ တစ်ချက်ချင်း ဆွဲယူရမည့် အရှည်ကို ကြိုတင်၍ တွက်ချက်ထားရမည် ဖြစ်သည်။ 


အင်အားကို တချိန်တည်း အသုံးပြုကာ အစွန်းနှစ်ဖက်လုံးကိုလည်း တပြိုင်တည်း အချိန်ကိုက် လှုပ်ရှားနေရမည်ဖြစ်သည်။ ပင်မထုတ်တန်းကို တဖက်သို့ စောင်းကာ မြှင့်တက်နေခြင်းအား လုံး၀ ခွင့်မပြုပေ။


သို့မဟုတ်ပါက ပိုင်ရှင်သည် ၎င်းကို မင်္ဂလာမရှိဘူးဟု ခံစားရကာ မပျော်မရွှင် ဖြစ်နေပေလိမ့်မည်။ 


ကံကောင်းထောက်မစွာပင် ဤလူငယ်လေးများ အားလုံးကို လက်သမားဆရာကြီးချူက ကြိုတင်လေ့ကျင့်ထားခဲ့ပြီး အတွေ့အကြုံများလည်း ပေါများကြွယ်၀သည်။ ထို့ကြောင့် သူတို့သည် ၎င်းကို လှလှပပ သေသေသပ်သပ် ပြီးမြောက်ခဲ့သည်။


”ဒေါင်…”


နောက်ထပ် မောင်းသံ တစ်ချက်နှင့်အတူ ပင်မ ရက်မကို လုံး၀ မမြှင့်တင်ခင်၌ နောက်ဆုံး ဆွဲချက် တစ်ခုသာလျှင် ရှိတော့သည်။ 


”ဒသမအဆင့်၊ ပြီးဆုံးသွားပါပြီ။”


”အနှစ်တစ်သောင်း ဂုဏ်ကျက်သရေ၊ စည်းစိမ်ဥစ္စာနဲ့ အသက်ရှည်ပါစေသော်… နှစ်တစ်သောင်း ရှည်စေသော်… နှစ်ပေါင်းတစ်သောင်း တည်စေသော်….  ”


အရာအားလုံးသည် ချောချောမွေ့မွေ့ ဖြင့် ပြီးဆုံးသွားခဲ့သည်။ လက်သမားဆရာကြီးချူသည် လီယောင်အား အားရဝမ်းသာဖြင့် ပြောခဲ့သည်။  ”သခင်မ၊ အခု တက်ဖို့အချိန် ရောက်လာပါပြီခင်ဗျာ။”


လီယောင်သည် ငြမ်းမှတဆင့် ခေါင်မိုးပေါ်သို့ တက်သွားခဲ့ပြီး အစောပိုင်းကတည်းက ပြင်ဆင်ထားခဲ့သည် စာအိတ်အနီ တစ်အိတ်ကို ရက်မ အလယ်တွင် ထည့်သွင်းခဲ့သည်။ ၎င်းကို အနီရောင်အဝတ်စဖြင့် တင်းတင်းကျပ်ကျပ် ထုတ်ပိုးထားခဲ့သည်။ 


အနီရောင်အဝတ်ထုပ်ထဲတွင် ကောက်ပဲသီးနှံ ငါးမျိုးကို ရည်ညွှန်းသည့် သီးနှံ ငါးမျိုး ပါဝင်ပါသည်။


လက်သမားဆရာကြီးချူသည် မောင်းကို ဘေးဘက်တွင် ဖယ်ကာ လီယောင်အား လေးလေးနက်နက် ဦးညွှတ်ကာ ”ဂုဏ်ယူပါတယ် သခင်မ၊ ဂုဏ်ယူပါတယ်။”


လက်သမားဆရာကြီးက ဘောက်ဆူး ဆုကြေးငွေ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရှိသည့်အတွက် သူမ အရင်တည်းက ပြင်ဆင်ထားခဲ့သည် စာအိတ်အနီကို ပေးခဲ့သည်။


ဤစာအိတ်အနီသည် အလွန်ပင် ကြီးမားရမည်ဟု ဝမ်ရွယ်ရှစ်သည် မနေ့က သူမအား အထူးသတိပေးခဲ့သည်။ လက်သမားဆရာသည် သူမက တွန့်တိုနှမြောသည်ဟု ထင်ပါက မင်္ဂလာရှိသော စကားအများကြီးကို ပြောဆိုလိမ့်မည် မဟုတ်ပေ။


တချို့သော အသေးအဖွဲကိစ္စများကပင် တိတ်တဆိတ် ဘေးသင့်စေနိုင်သည်။ 


လီယောင်သည် ဤအရာများကို အမှန်တကယ် မယုံကြည်သော်လည်း စာအိတ်အနီကို သေချာပေါက် ခြိုးခြံစေးနဲနေမည် မဟုတ်ပေ။ လက်သမားဆရာကြီးချူကလည်း ကြိုးစားအားထုတ်ကာ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ကို လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကပင် သူမ သတိထားမိခဲ့သည်။ 


စာအိတ်နီ၏ အလေးချိန်ကို ခံစားမိလိုက်ရသောအခါ လက်သမားဆရာကြီးချူ၏ အပြုံးသည် ပိုမိုတောက်ပလာခဲ့သည်။ သူ၏ မင်္ဂလာရှိသော စကားများသည် ဗြောက်အိုးမှ ကြိုးများကဲ့သို့ တဖျောဖျော ထွက်လာခဲ့သည်။ 


ထို့နောက် ရွာသူရွာသားများအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်သို့ ရောက်ရှိလာခဲ့သည်။ ကောက်ပဲသီးနှံငါးမျိုးကို ကြဲပက်ခြင်းဖြစ်သည်။ 


လီယောင် ပြင်ဆင်ထားသည့် ကောက်ပဲသီးနှံ ငါးမျိုးသည် အမှန်တကယ်ပင် အံဩဖွယ်ရာဖြစ်ကြောင်းကို ရွာသူရွာသားများ ကြိုတင်ကြားထားခဲ့ကြသည်။ မုန့်ကြော်မျိုးစုံသာမက စျေးမှ ဝယ်လာခဲ့သော သကြားတုံးများအပြင် ကြေးနီးဒင်္ဂါးအစစ်များပါ ပါဝင်သည်။


ကြေးနီဒင်္ဂါးများသည် အမှန်တကယ် ပိုက်ဆံပင် ဖြစ်သည်။ အကြွေစေ့ တစ်စေ့ ကောက်ယူလိုက်ခြင်းသည် ငွေ တစ်ပြား ရရှိသွားခြင်းပင် ဖြစ်သည်။ 


လက်သမားဆရာကြီးချူသည် မောင်းကိုချကာ နံရံပေါ်သို့ ပြည့်လျှံနေသည့် တောင်းကြီး တစ်တောင်းကို တင်စေခဲ့သည်။


”ကောက်ပဲသီးနှံ ငါးမျိုးကို  အပ်နှင်းဖို့အတွက် ကောင်းကင်ကိုးခုမှ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးကောင်းသမီးကို ဖိတ်ခေါ်အပ်ပါတယ်။”


”ရွှမ်း…”


စာကြောင်း တစ်ကြောင်း ရွတ်ဆိုပြီးနောက် လက်သမားဆရာကြီးချူသည် ခြင်းတောင်းထဲမှ လက်တစ်ဆုပ်စာကို ယူကာ လူအုပ်ကြီးဆီသို့ ဖြန့်ကြဲခဲ့သည်။


”သားစဉ်မြေးဆက် ကောင်းချီးပေးခံရပါစေ၊ ကံကောင်းပြီး အသက်ရှည်ပါစေ။”


”ရွှမ်း…”


”လက်တစ်ဆုပ်စာ ကောက်ပဲသီးနှံ ဖြန့်ကြဲရတဲ့အတွက် ထောင်သောင်းချီတဲ့ ဘေးဒုက္ခတွေ လွင့်ပယ်ပပျောက်ပါစေ။”


”ရွှမ်း…”


…………………………………..


အောက်တွင် ရာနှင့်ချီသော ရွာသူရွာသားများသည် ကောက်ပဲသီးနှံများကို တစ်ပျော်တစ်ပါး အားရဝမ်းသာ ကောက်ယူခဲ့ကြသည်။


ကြိုတင်ပြင်ဆင်မှုသည် ပိုလျှံပြည့်စုံနေသောကြောင့် လူတိုင်းနီးပါး ကြေးဒင်္ဂါးအနည်းငယ်ကို ကောက်ယူနိုင်ခဲ့ပြီး အလွန်အမင်း ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။


”လီယောင်က တကယ် ရက်ရောတာပဲဟေ့။”


”သူက ငွေတွေကို ကြဲနေတယ်။ ဒီခြင်းတောင်းတစ်တောင်းဆို အနည်းဆုံး ငွေချောင်းနည်းနည်းတော့ ဖြစ်ရမယ်။ ”


သဘာ၀အတိုင်းပင် ရွာသူရွာသားများသည် စိတ်အားထက်သန်မှုကြောင့် ပို၍ပင် ရွှင်ရွှင်ပျပျ စည်ကားလာခဲ့သည်။


ကောက်ပဲသီးနှံငါးမျိုးကို ဖြန့်ကြဲပြီးနောက် လူတိုင်းသည် သူတို့အိမ်များမှ လေးထောင့်စားပွဲနှင့် ခုံရှည်များကို ရွေ့ကာ အခမ်းအနားခြံဝင်းထဲသို့ ဖြည့်တင်းခြင်းအားဖြင့် အလုပ်များနေခဲ့ကြသည်။


စားဖိုးမှုများက ပို၍ပင် အလုပ်ရှုပ်နေခဲ့ကြသည်။ ပေါင်းအိုးအပြည့် အလုပ်လုပ်နေခဲ့ရသည်။


ဤဂုဏ်ပြုဧည့်ခံပွဲကို ပြင်ဆင်ရန်အတွက် စားဖိုမှုးသည် မနေ့ကမနက်ကတည်းက အဆင်သင့်ပြင်ရန် ရောက်လာခဲ့ကြသည်။ 


မီးဖိုချောင်သည် အရာအားလုံး ဝင်ဆံ့ရန် သေးငယ်လွန်းသည့်အတွက် မြေပြင်ပေါ်တွင် ရွှံ့မီးဖို အမြောက်အမြားကို ပြင်ဆင်ကာ ကြီးမားသည့် ဒယ်အိုးအမြောက်အမြားကို တင်ထားခဲ့သည်။ 


ပန်းကန်လုံးများ၊ တူများ၊ ပန်းကန်ပြားများ၊ ခွက်များကို တောင်များကဲ့သို့ စုပုံထားသည်။ ချက်ပြုတ်ရန်အတွက် အရံသင့် ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်များအားလုံးကို စားပွဲကြီးများစွာအပေါ်၌ တင်ထားခဲ့ပြီး မီးဖိုတစ်ဒါဇင်ခန့်မှလည်း အငွေ့များစွာ ထုတ်လွှင့်နေခဲ့သည်။ 


ဝမ်ရွယ်ရှစ်သည် သူ့ဒုတိယချွေးမနှင့် တတိယချွေးမတို့အပြင် ဝမ်မိသားစုမှ အမျိုးသမီးများကို ဦးဆောင်ကာ စားပွဲပေါ်တွင် ပန်းကန်များနှင့် တူများကို စီစဉ်ခဲ့ကြသည်။


”ဧည့်ခံပွဲစကြစို့။”


”လူတိုင်း ကြိုက်တဲ့နေရာမှာ ထိုင်ကြပါ။”


ဝမ်ကျားကွေ့၏ အော်ခေါ်သံနှင့်အတူ ရွာသူရွာသားများသည် စားပွဲဒါဇင်ပေါင်းများစွာကို အလျင်အမြန် ဝိုင်းရံကာ ထိုင်ခဲ့ကြသည်။


ကံကောင်းထောက်မစွာပင် လီယောင်၏ ကြိုတင်ပြင်ဆင်မှုမှာ ပြည့်စုံလုံလောက်သောကြောင့် လူဆယ်ယောက်ထက် ပို၍ အတူတကွ ပြည့်ညှပ်သိပ်ကာ ရှက်စရာကောင်းသည့် အခြေအနေ မရှိပဲ လူတိုင်းနီးပါး ထိုင်နိုင်ခဲ့ကြသည်။ 


အအေးဟင်းပွဲ အနည်းငယ်ကို တည့်ခင်းပြီးနောက် အဓိကဟင်းလျာများဖြစ်သည့် ကြက်ကောင်လုံးစွပ်ပြုတ်၊ ဘဲကောင်လုံးစွပ်ပြုတ်၊ ဝက်ခြေထောက်စွပ်ပြုတ်နှင့် ငါးစွပ်ပြုတ်များကို ကျွေးမွေးရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်ပါသည်။ ဤသို့ အလျှံပယ်ဖြစ်သော ဟင်းပွဲများကြောင့် ရွာသူရွာသားများသည် စိတ်ထဲ၌ တအံတဩ မဖြစ်ပဲ မနေနိုင်ခဲ့ကြပေ။ 


လီယောင်သည် အလွန်ပင် ကြီးကျယ်ခမ်းနားလှပေသည်။


သူဌေးသူကြွယ်မိသားစုဧည့်ခံပွဲများပင်လျှင် ဤကဲ့သို့သော ဟင်းလျာများအားလုံးကို ပြင်ဆင်နိုင်လိမ့်မည် မဟုတ်ပေ။


အထူးသဖြင့် နေရာတိုင်းတွင် မြစ်ချောင်းများပင် ခမ်းခြောက်နေပြီ ဖြစ်နေသည့်အတွက် ယနေ့အချိန်တွင် ဝယ်ရခက်သည့် ငါးဟင်းလျာပင် ဖြစ်သည်။ ငါးအမြောက်အမြားကို ယီကျိုးစီရင်စုမှာသာလျှင် ဝယ်ယူနိုင်ပေသည်။


ဝက်ဗိုက်သားနှပ်၊ ဝက်သားလိပ်နှင့် မွှေးကြိုင်နေသည့် စွပ်ပြုတ်ဟင်းချိုများ၊ နှင်းမှိုဟင်းချိုပင် ပါရှိသေးသည်။


နှင်းမှိုသည် ဤနှစ်များတွင် ဝယ်ယူရန် မခက်ခဲသော်လည်း ကျောက်သကြားသည် ရရှိရန် အလွန်ခက်ခဲပါသည်။ 


ပိုင်ချွမ်းစျေးတွင် သေချာပေါက် မရနိုင်ပေ။ ကျောက်သကြားကို ဝယ်ယူရန်အတွက်လည်း ယီကျိုးစီရင်စုကို သွားရမည်ဖြစ်သည်။


အမျိုးသားများအတွက် စိတ်အလှုပ်ရှားစေဆုံးအရာသည် စားပွဲတိုင်းတွင် အိုးကြီးတစ်လုံးဖြင့် ကောင်းမွန်သည့် အရက်များကို လီယောင်က ဝယ်ယူထားပေးခဲ့ခြင်းဖြစ်သည်။ လူများသည် အစားအစာများ သုံးဆောင်ပြီး မလုံလောက်သေးပါက သောက်သုံးနိုင်ပါသည်။


”ဒါက ငါ့ဘ၀မှာ ကြုံဖူးသမျှ အကောင်းဆုံး ဧည့်ခံပွဲ ဖြစ်နိုင်တယ်။”


”ဟုတ်ပ၊ နောက်ကျရင် ဒါမျိုး ထပ်စားဖို့  ကြုံနိုင်ပါဦးမလားတောင် မသိဘူး။”


”အခွင့်ရေးတွေ အများကြီး ရှိပါသေးတယ်။ လီယောင်မှာ လက်မထပ်ရသေးတဲ့ သားသုံးယောက်တောင် ရှိနေတုန်းပဲလေ။”


…………………………………..


လီယောင်သည် ရိုးရိုးရှင်းရှင်း အဆင်တန်ဆာ မပါဝင်သည့် ဗြောင်အဝတ်အစားများကို ဝတ်ဆင်ကာ အဓိကစားပွဲတွင် ထိုင်နေခဲ့သည်။ သို့သော် သူမ၏ အသားအရေသည် နှုတ်ခမ်းရဲရဲ၊ သွားဖွေးဖွေးလေးဖြင့် ပိုမိုဖြူဖွေးလာခဲ့သည်။ သူမရှေ့တွင် အရက်တခွက် ချကာ မတ်မတ် ထိုင်နေခဲ့သည်။


သို့သော် သူမသည် တကယ် မသောက်ခဲ့ပေ။ တစ်ဦးတစ်ယောက်က သူမအား လေးစားသမှုပြုသည့်အခါ သူမ၏ နှုတ်ခမ်းပေါ်သို့ ခွက်ကို တင်ရုံသာတင်ခဲ့သည်။ တဖက်သူသည် ဤသို့သော အသေးစိတ် အချက်အလက်များကို ဂရုမပြုပဲ သူမအား ဂုဏ်ပြုပေးပြီးနောက် သူတို့၏ ခွက်များကို ပြောင်စင်အောင် မော့ချခဲ့သည်။ 


ဧည့်ခံပွဲ ပြီးဆုံးခါနီးတွင် အဒေါ်လျှို့သည် လူအုပ်ကြားထဲမှ တိုးထွက်ကာ လီယောင်၏ အနားသို့ ရောက်လာခဲ့သည်။


”တော့်အမေ ရောက်လာတယ်။ တောင်ခြေရင်းမှာ ရပ်နေတယ်တော့။”


လီယောင်တစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ 


ယနေ့မနက်အစောတွင် ကိစ္စရပ်များသည် ချောချောမွေ့မွေ့ ပြီးဆုံးသွားလိမ့်မည်မဟုတ်ဟု သူမ စိတ်ထင့်နေခဲ့သည်။ ဒါက ယခု အမှန်တကယ်ပင် ဖြစ်လာပုံရသည်။ 


ထို့ကြောင့် သူမသည် တောင်းပန်ခဲ့ပြီး တစ်ယောက်တည်း သွားကြည့်ရန် ပြင်ဆင်ခဲ့သည်။ သူမအမေ ဒီနေ့ ဘယ်လိုလှည့်ကွက်တွေများ ဆွဲထုတ်ဖို့ ကြိုးစားလာမှာပါလိမ့်……