အခန်း (၅၃) - ပင်မ ရက်မ
မင်္ဂလာရှိသော အခါကောင်းရက်မြတ်နေ့သို့ တစ်ဖန်ပြန်ရောက်လာခဲ့ပြီဖြစ်သည်။
အခြေခံအုတ်မြစ်ကို ရက်အတော်ကြာအောင် ခင်းထားပြီးနောက် နောက်ဆုံးတွင် အစ အဆုံး လုံး၀ ခြောက်သွေ့သွားခဲ့ပြီး အလွန်ခိုင်မာလာခဲ့သည်။
ထို့ကြောင့် ယနေ့တွင် လီယောင်တို့မိသားစု၏ အိမ်အသစ်ကို နံရံများ စတင်တည်ဆောက်တော့မည် ဖြစ်သည်။
ရွာလူကြီးမှ ပန်းရံဆရာကို ကူညီရှာပေးခဲ့သည်။ သူသည် အနီးအနား ဆယ်လီပတ်ဝန်းကျင်ရှိ ပန်းရံဆရာများနှင့် လက်သမားများကို ခေါ်ယူလာခဲ့ပြီး တမူထူးခြားသော အလုပ်များကို ကူညီလုပ်ကိုင်ရန် ရွာမှ လူဆယ်ဦးကျော်ကိုလည်း ခေါ်ယူခဲ့ပါသည်။
သေချာပေါက်ပင် ဤတစ်ခေါက်၌ လာရောက်သူများကို အခကြေးငွေပေးမည်ဖြစ်ပြီး မဟုတ်ပါက မလာခဲ့ပါရန် လီယောင်က ကြိုတင်ပြောကြားခဲ့သည်။
“ဟေး…အခကြေးငွေ ပေးကိုပေးမယ်လို့ပြောတာ ကျုပ် ဒါ ပထမဆုံး ကြားဖူးတာပဲ။” ဟု တခြားရွာမှ ပန်းရံဆရာတစ်ဦးက ပြောခဲ့သည်။“ကျုပ်တွေ့ဖူးသမျှ တခြားအိမ်ပိုင်ရှင်တွေကတော့ တပြားတချပ်ပေးဖို့တောင် အင်တင်တင်နဲ့ဗျာ..။”
“အိမ်ပိုင်ရှင် ဘယ်သူလဲဆိုတာ ခင်ဗျား မကြည့်ဘူးလားဗျ။”ဟု ဟဲဝမ်ရွာသားတစ်ဦးက ပြောခဲ့သည်။ “ဒါက ဟဲဝမ်ရွာက ကျုပ်တို့ရဲ့ အမျိုးသမီးလီဗျာ။ သူ့အိမ်မှာ ပိုက်ဆံတွေ အများကြီး ရှိမှရှိပဲ။”
“ဒါက ပိုင်ချွမ်းစျေးမှာ ခေတ်မီအရောင်းစတိုးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးလီပါဗျာ။”
“တခြား ဘယ်သူ ဖြစ်နိုင်ပါဦးမလဲဗျာ။”
……………………………………………………….
သူမအား ရွာသားများ၏ ချီးမွမ်းသံကို ကြားသောအခါ လီယောင်သည် ဘေးဘက်၌သာ တိတ်တဆိတ် လမ်းလျှောက်နေခဲ့ပြီး ပန်းရံဆရာများသည် သူမ၏ ညွှန်ကြားချက်အတိုင်း အုတ်များဖြင့် ဆောက်လုပ်နေသည်ကို အဝေးမှ ကြည့်နေခဲ့သည်။
အစိမ်းရောင် အုတ်ခဲများကို နှစ်ဆ ပိုမို အသုံးပြုထားသော်လည်း နံရံသည် ၂၄လက်မ အထူရှိပြီး တောင့်တင်းခိုင်ခံ့ပြီး ယုံကြည်စိတ်ရဒီ့အပြင် အပူဒဏ်ကို ကာကွယ်ပေးပြီး အနွေးဓါတ်ကိုလည်း ထိန်းသိမ်းနိုင်သည်။
ခေါင်မိုးကိုလည်း နှစ်လွှာထပ်ခဲ့သည်။
နံရံများကို ဆောက်လုပ်ပြီးနောက် သူတို့သည် မျက်နှာကြက်နှင့် အညီအမျှ သစ်သားထုတ်တန်းများကို အတန်းလိုက် ဆောက်လုပ်ခဲ့ပြီးနောက် အပြင်ဘက် နံရံကို ဆောက်လုပ်ကာ အိမ်ခေါင်တိုင်အမိုးတန်းများနှင့် အုတ်ကြွပ်ပြားများကို တပ်ဆင်ခဲ့သည်။
ကြမ်းခင်းအတွက်ကိုမူ သူမသည် သေချာစွာ စဉ်းစားပြီးနောက် ယခုအတွက် အစိမ်းရောင် အုတ်ခဲအလွှာများကိုသာ ခေတ္တ ယာယီ ခင်းထားရန် ဆုံးဖြတ်ခဲ့ပါသည်။
နောက်ပိုင်း သူမတွင် အချိန်ရှိလာပါက အတွေ့အကြုံရှိသော လက်မှုဆရာတစ်ယောက်ကို ရှာကာ အုတ်ဖိုကြီး တစ်ခု ပြုလုပ်မည် ဖြစ်ပြီး ကြမ်းခင်းအုတ်ကြွပ်ပြားများအား အပူပေးသည့် နည်းလမ်းကို ရှာဖွေရန် ကြိုးစားလိမ့်မည် ဖြစ်သည်။
ပန်းရံဆရာများသည် လျင်မြန်စွာ အလုပ်လုပ်ခဲ့ကြပြီး လူအမြောက်အမြားဖြင့် နံရံများကို နှစ်ရက်အတွင်း ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။ လက်သမားဆရာများသည် အိမ်ခေါင်တိုင် အမိုးတန်းများကို စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ပင်မထုတ်တန်းကို အခါကောင်းရက်မြတ်နေ့တွင် တပ်ဆင်ရမည်ဖြစ်ပြီး ၎င်းအား “အိမ်ရက်မတင်သည့် အခမ်းအနား”ဟု ခေါ်သည်။
အခါကောင်း ရက်မြတ်နေ့သည် နောက်နှစ်ရက်တွင် ကျရောက်မည်ဖြစ်ပြီး ထိုမတိုင်ခင် လီယောင်သည် လက်သမားဆရာများကို အိပ်ခန်းတစ်ခုစီအတွင်း၌ အနွေးကုတင် တစ်ခုစီကို ဆောက်လုပ်ခိုင်းရန် စီစဉ်ခဲ့သည်။
ယီကျိုးစီရင်စု၏ ဆောင်းရာသီ အပူချိန်သည် အနိမ့်ဆုံး သုညအောက် အနုတ် နှစ်ဒီဂရီ သို့မဟုတ် အနုတ် သုံးဒီဂရီသာလျှင် ရှိသော်လည်း တောင်များနှင့် နီးကပ်သောကြောင့် စိုထိုင်းသော လေထုလက္ခဏာသွင်ပြင် ရှိသည်။ ဤကဲ့သို့ အရိုးခိုက်အောင် အေးလှသည့် စိုစွတ်မှုသည် လူများကို အလွယ်တကူ ဖျားနာစေသည်။
ထို့ကြောင့် ရွာသူရွာသား အမြောက်အမြားသည် အသက်လေးဆယ် မတိုင်ခင် ပြင်းထန်သည့် အဆစ်ရောင်ရောဂါကို ခံစားရသည်မှာ ဤကြောင့်ပင် ဖြစ်သည်။
အဆိုပါရောဂါအတွက် ဖြေရှင်းနည်းသည် အလွန်ရိုးရှင်းလှသည်။ ထင်းအနည်းငယ်ကုန်ကျသည့် သေးငယ်သည့် အနွေးကုတင်ပင် ဖြစ်သည်။
လီယောင်သည် အနွေးကုတင်အကြောင်းကို ရှင်းပြသည့်အခါ ဒါဇင်နှင့်ချီသော လက်သမားများ၏ မျက်လုံးများသည် ပြူးထွက်လုနီးပါး ဖြစ်ခဲ့ကြသည်။
“မင်းဆိုလိုတာက အောက်မှာ မီးတွေတောက်လောင်နေပြီး အဲ့အပေါ်မှာ လူတွေက အိပ်မှာလို့ ပြောတာလား။”
“ဟုတ်တယ်။”
“အဲဒါဆို… နင်.. ကင်ပြီးသား ဖြစ်သွားမှာကို မကြောက်ဖူးလား။”
လီယောင်………… ရှင်တို့က ဒါကို ကန်စွန်းဥကင်ဖို့အတွက်လို့ ထင်နေကြတာလား။
“ကျွန်မပြောတဲ့အတိုင်းသာ လုပ်ပေးပါ။ ပြီးသွားတဲ့အခါကျရင် ရှင်တို့ နားလည်လာပါလိမ့်မယ်။”
မကြာခင်မှာပဲ လီယောင်၏ အိမ်အသစ်တွင် အိပ်ယာများ မလိုအပ်ပဲ အနွေးကုတင်ဟုခေါ်သည့်အရာကိုသာ ပြုလုပ်ချင်နေမှန်း ရွာရှိလူတိုင်း သိခဲ့ကြသည်။
ဤသို့သော အရာကို မည်သူမှ ယခင်က မကြားဖူးခဲ့ကြပေ။ ထို့ကြောင့် လူတိုင်းသည် စည်စည်ကားကား မြင်ကွင်းကို ကြည့်ရှုရန် လာခဲ့ကြသည်။
လီယောင်၏ ကိုယ်ပိုင်လမ်းညွှန်မှုအောက်တွင် သူမ၏ အိပ်ခန်းအတွင်း၌ အနွေးကုတင်ကို လျင်မြန်စွာ တည်ဆောက်ခဲ့သည်။ သို့သော် သူမ၏ ဒီဇိုင်းပုံစံတွင် မီးလင်းဖိုအား အခန်းထဲ၌ မထားခဲ့ပေ။ ထိုအစား အပြင်ဘက် အနောက်နံရံတွင် မီးအတွက်သာ သီးသန့်အသုံးပြုမည့် အဆောင်ငယ်လေးတစ်ခုကို ဆောက်လုပ်ခဲ့သည်။
ဤနည်းလမ်းဖြင့် မီးမွှေးသည့်အချိန်တိုင်း မီးခိုးများ မထွက်ပဲ အခန်းသည် သန့်ရှင်းကာ ကြည်လင်နိုင်မည် ဖြစ်သည်။ အနာဂါတ်တွင် ကျောက်မီးသွေးကို အသုံးပြုရန် အခြေအနေပေးခဲ့ပါက ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်မည်ကို စိုးရိမ်စရာ ရှိလိမ့်မည် မဟုတ်ပေ။
လူတိုင်းက အလွန် သိချင်စိတ် ပြင်းပြနေသည်ကို မြင်သောအခါ လီယောင်သည် အနွေးကုတင်ကို အပူပေးရန် တကျွမ်းအား ထင်းယူလာစေခဲ့သည်။
အနွေးကုတင်အသစ်သည် အနည်းငယ် စိုထိုင်းနေဆဲ ဖြစ်သော်လည်း နေ့တဝက်ခန့် မီးပြင်းပြင်းဖြင့် ကျပ်တိုက်ခဲ့ပြီးနောက် အနွေးကုတင်တစ်ခုလုံးလည်း စတင်ပူနွေးလာခဲ့သည်။
ရွာသူရွာသားများသည် ပူနွေးနေသည့် အနွေးကုတင်ကို ထိခဲ့ကြပြီး အလွန်တရာ အံအားသင့်သွားခဲ့ကြသည်။
“ကျုပ်တို့တွေ အရင်တုန်းက ဘာလို့များ ဒါကို မတွေးမိခဲ့ကြတာပါလိမ့်။ ”
“ခင်ဗျားရဲ့ ဦးနှောက်သေးသေးလေးနဲ့ ဒါကို တွေးနိုင်တယ်ဆိုရင်တော့ ကျုပ်တို့ရွာမှာ ခင်ဗျားက အချမ်းသာဆုံး ဖြစ်နေလိမ့်မယ်ဗျို့။”
“မင်းမှန်တယ်။ ဒီဟာက တကယ်ကောင်းတယ်ကွ။ ဒီလိုအနွေးကုတင်နဲ့ဆို အေးတဲ့ဆောင်းရာသီမှာ ညအိပ်တဲ့အခါ အအေးမိမှာ မစိုးရိမ်ရတော့ဘူးကွ။”
“ဟုတ်တယ်။ နွေးနွေးလေးနဲ့ ကောင်းတယ်။ စောင်တစ်ထည်ပဲ လိုတော့တယ်။”
“တကယ်တော့ ဒါက အိပ်ဖို့အတွက် သက်သက်ပဲ မဟုတ်ဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “တစ်နေ့လုံး အပူပေးထားလို့ရတယ်။ ထင်းလည်း အများကြီး မကုန်ဘူး။ ဒါပေမဲ့ လေစီးကြောင်းတွေ မဝင်လာသရွေ့တော့ အိမ်က တစ်နေ့လုံး အရမ်းပူနွေးနေလိမ့်မယ်။”
“ဟုတ်တယ်။ ဟုတ်တယ်။ ” တချို့အမျိုးသမီးများ၏ မျက်လုံးများသည် စတင်တောက်ပလာခဲ့ကြသည်။ “ဆောင်းတွင်းမှာ အချုပ်အလုပ်တွေ လုပ်တဲ့အခါကျရင် လက်ချောင်းတွေ အေးခဲပြီး တောင့်တင်းနေမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ ”
“ကလေးရှိတဲ့ မိသားစုတွေအတွက် ဒါက အရမ်း သက်တောင့်သက်သာ ရှိစေလိမ့်မယ်။”
“မနက်ဖြန်ကျရင် ငါ့အမေအတွက် တစ်ခု လုပ်ပေးရမယ်။”
ထိုသို့ဖြင့် ဟဲဝမ်ရွာမှ ရွာသူရွာသားများသည် တစ်ညလုံး သူတို့၏ အိပ်ခန်းများကို ပြန်လည်ပြုပြင်ပြီး ဆောင်းရာသီကို ကျော်ဖြတ်ရန် အနွေးကုတင်အကြီးကြီးတစ်ခုကို ဆောက်လုပ်ရန် စီစဉ်ခဲ့ကြသည်။
တခြားရွာမှ ထိုလက်သမားဆရာများကလည်း ဤကိစ္စရပ်ကို သူတို့၏ ရွာများသို့ သယ်ဆောင်သွားခဲ့ပြီး သူတို့၏ ရွာသူရွာသားများကို အတုယူစေခဲ့သည်။
အုတ်ခဲစိမ်း အသုံးပြုနိုင်သူများက ပိုကောင်းကြသည်။ သို့သော် ပိုဆင်းရဲသည့် သူများသည် ရွှံ့အုတ်များကို အသုံးပြုကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ငွေအများကြီး မကုန်ကျပေ။ ဒီ့အပြင် ဆောင်းတွင်းတတွင်းလုံး အေးခဲမသွားသည်မှာ သေချာသည့်အတွက် ဤသို့ ငွေကုန်ကြေးကျနည်းပါးသည့်အရာအတွက် မည်သူက မနှစ်သက်ပဲ နေလိမ့်မည်နည်း။
……………………………………………………….
ဒေသဓလေ့ထုံးတမ်းအစဉ်အလာအရ အိမ်ရက်မတင်ခြင်းသည် မင်္ဂလာပွဲထက်ပင် ပိုမိုကြီးမားသည့် အခမ်းအနားဖြစ်ပြီး ဧည့်ခံပွဲတစ်ခုအတွက် တစ်ရွာလုံးကို ဖိတ်ကြားရန် လိုအပ်သည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားဖို့ လိုအပ်ပါသည်။
တစ်ရွာလုံးတွင် လူဦးရေ တစ်ထောင်ကျော်ခန့် ရှိသည်။ အဝေးရောက်နေသူများကို ထည့်မတွက်ပါက လူဦးရေ ၈၀၀ခန့် ရှိနေဆဲ ဖြစ်သည်။
“အဲလောက် မများနိုင်ပါဘူး။” ဟု အကူအညီပေးဖို့ လာရောက်ခဲ့သူ ဝမ်ရွယ်ရှစ်က ပြောခဲ့သည်။ “ကလေးတွေကို ထည့်တွက်ဖို့ မလိုဘူး။”
“ကလေးတွေလည်း လူတွေပဲလေ။ ဘာလို့ ထည့်မတွက်ရမှာလဲ။”ဟု လီယောင်က ပြောခဲ့သည်။ “လူတိုင်းကို ထည့်တွက်လိုက်။ ဒါကို တို့တွေ တွန့်တိုမနေနိုင်ဘူး။”
ထိုစကားကို ဝမ်ရွယ်ရှစ် ကြားသည့်အခါ သူမ၏ ခေါင်းသည် မူးဝေရှုပ်ထွေးသွားခဲ့သည်။
နားထောင်ကြည့်ပါဦး။ ဒါက အကြောင်းအကျိုးသင့်ရဲ့လားတော်။
သူမသည် လူဦးရေ လျော့ချခြင်းအားဖြင့် လီယောင်အတွက် ငွေကုန်ကြေးကျ သက်သာစေရန် ကြိုးစားခဲ့သော်လည်း ယင်းအစား သူမသည် တွန့်တိုစေးနှဲသူတစ်ယောက်သာ ဖြစ်လာခဲ့သည်။
“နင် ငွေရေးကြေးရေး စိတ်မပူဘူးဆိုရင် နင့်စိတ်ကြိုက်လုပ်လို့ရတယ်။”
လီယောင်သည် စာရွက်နှင့် စုတ်တံကို ထုတ်ကာ စားသောက်ဖွယ်ရာစာရင်းကို ရေးသားရန် ဝမ်အာကို တောင်းဆိုခဲ့သည်။
ပထမဦးဆုံးသည် အသားဟင်းပွဲများ ဖြစ်သည်။
ဟင်းပွဲကြီးလေးပွဲမှာ - ကြက်ကောင်လုံး၊ ဘဲကောင်လုံး၊ ငါးအကောင်လိုက်၊ ဝက်ခြေထောက်တို့ ဖြစ်သည်။
ဟင်းပေါင်းလေးပွဲ - ဝက်သားလိပ်၊ ဝက်သားလုံးပေါင်း၊ ထမင်းပေါင်း၊ ဝက်သားကြွပ်ကြော်။
အကြော်ဟင်းလျာနှစ်မျိုး- ဝက်သားပြားနှင့် ကြွက်နားရွက်မှိုကြော်၊ ဝက်သားနှစ်ခါပြန်ကြော်။
အရံဟင်းနှစ်မျိုး- ငန်းနှပ်၊ အစုံသုတ်။
အကုန် ဟင်းလျာ ၁၂မျိုး ဖြစ်သည်။
ဟင်းသီးဟင်းရွက် ဟင်းပွဲများသည် ပိုမိုရိုးရှင်းသည်။ ဟင်းနုနွယ်ရွက်သုတ်၊ ခေါက်ဆွဲအေး၊ ဂေါ်ဖီမွှေကြော်၊ ပဲပင်ပေါက်ကြော်တို့ဖြစ်၏။
နောက်ဆုံးတွင် ဟင်းချိုနှစ်မျိုး - တရုတ်ဆီးသီးနှင့် နှင်းမှိုစွပ်ပြုတ်အချို၊ ဟင်းသီဟင်းရွက်စွပ်ပြုတ်။
စားပွဲတစ်ခုလျှင် လူဆယ်ယောက်ထိုင်လျှင် ရွာသူရွာသားများ၏ စားချင်စိတ်ကို အခြေခံကာ လီယောင်သည် အပြီးအစီး လုံလောက်သည်အထိ ခန့်မှန်းခဲ့သည်။ ဤနည်းဖြင့် တွက်ချက်ခဲ့ပါက စားပွဲတစ်ခုချင်းစီအတွက် ပါဝင်ပစ္စည်းများသည် အနည်းဆုံး ငွေတစ်ချောင်း သို့မဟုတ် ငွေနှစ်ချောင်း ကုန်ကြလိမ့်မည် ဖြစ်သည်။
စားပွဲ ၈၀ဆိုလျှင် ငွေချောင်း ၈၀ ကုန်ကျလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဟင်းပွဲများစွာကို သူမကိုယ်တိုင် သေချာပေါက် ချက်ပြုတ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ပန်းကန်များ၊ တူများနှင့် ပေါင်းအိုးများလည်း မလုံလောက်သည့်အတွက် ဤဂုဏ်ပြုထမင်းစားဧည့်ခံပွဲကို ဧည့်ခံကျွေးမွေးရန် အထူးစားဖိုမှုးများကို ငှားရမ်းရမည်ဖြစ်သည်။
“လူငှားမလို့ ဟုတ်လား၊ အဲဒါ ပိုက်ဆံကုန်လိမ့်မယ်လေ။” ကြားဝင်မစွက်ဖက်ရန် သဘောတူညီထားသည့် ဝမ်ရွယ်ရှစ်သည် ဂုဏ်ပြုဧည့်ခံပွဲအတွက် ငွေချောင်း ၈၀ကုန်ကျလိမ့်မည်ဟု ကြားသောအခါ သူမ၏ နှလုံးသွေးများ တစ်စက်စက်ကျလာသကဲ့သို့ ခံစားခဲ့ရသည်။ “ငါ နင့်အဖေ့ကို နင့်ဦးလေးသုံးယောက်ကို ခေါ်ပြီး ရွာထဲက ချက်တတ်ပြုတ်တတ်တဲ့ လူတချို့ကို ရှာခိုင်းလိုက်မယ်။ အဲဒါဆိုရင် လုံလောက်ပြီ။”
“သိပ်မကောင်းဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “ဂုဏ်ပြုဧည့်ခံပွဲအတွက် ချက်တယ်ပြုတ်တယ်ဆိုတာ ခက်ခဲတယ်။ ကျွန်မတို့ ကျွမ်းကျင်တဲ့သူကို ငှားသင့်တယ်။ အချိန်ကျလာရင် ဧည့်ခံပွဲမှာ ဧည့်သည်တွေကို ထိုင်ပြီး စောင့်နေရုံပဲလေ။”
အသားများကို တတ်နိုင်သမျှ ချွေတာရန်နှင့် မည်သည့်အချိန်မဆို တတ်နိုင်သမျှ ခြိုးခြံချွေတာခြင်းနိယာမကို လိုက်နာနိုင်ရန်အတွက် လီယောင်သည် သူမ ယောက္ခမနှင့် ဦးလေး သုံးယောက်အား အနီးအနားရွာများမှ ၀ဖြိုးနေသည့် ဝက်နှစ်ကောင်ကို ဝယ်ပေးရန် တောင်းဆိုခဲ့သည်။
“ဝက်တစ်ကောင်ဆို လောက်တယ်။”
“နှစ်ကောင်ပဲ။ ” ဟု လီယောင်က ပြောခဲ့သည်။ “ကျန်နေတာတွေကို ကျွန်မတို့ ဆားနယ်ထားတာတို့ မီးခိုးတိုက်ကျပ်တင်တာလို့ လုပ်ထားလို့ရတယ်။”
ဝမ်ရွယ်ရှစ်၊ ...
ဝမ်ရွယ်ရှစ်သည် သူမ့စိတ်နှလုံးထဲတွင် အသာအယာ သက်ပြင်းချခဲ့သည်။
အချိန်တိုလေးအတွင်း၌ပင် သူမသည် ဤချွေးမအား မမှတ်မိနိုင်တော့ဘူးဟု ခံစားခဲ့ရသည်။
လွန်ခဲ့သည့် တစ်လကျော်ခန့်က ယခုကဲ့သို့ ဂုဏ်ပြုဧည့်ခံပွဲအတွက် ငွေချောင်းတစ်ရာခန့် အသုံးပြုဖို့ နေနေသာသာ သူမသည် ထမင်း တစ်ပန်းကန်အတွက်ပင် တောင်းဆိုရဲလိမ့်မည် မဟုတ်ပေ။
ယခုအခါ သူမသည် ချမ်းသာသည့် အိမ်ထောင်စု တစ်ခုကဲ့သို့ စီစဉ်နေခဲ့သည်။
“မှန်တယ်။” လီယောင်က ပြောခဲ့သည်။ “ဝက်တွေကို သတ်ပြီးသွားရင် ဝက်အဆီတွေနဲ့ ဝက်ဆီတွေအားလုံးကို သိမ်းထားပေးဦး။ ဘယ်အတွက်မှ မသုံးပစ်နဲ့နော်။”
“အဲဒါတွေ ဘာလုပ်ဖို့ သိမ်းထားမှာတုန်း။”
“ကျွန်မအကြောင်းနဲ့ ကျွန်မ ရှိပါတယ်။”
အိမ်ရက်မတင်သည့် အခမ်းအနားပြီးဆုံးသွားပါက ခေတ်မီအရောင်းစတိုးဆိုင်အတွက် ကုန်ပစ္စည်းအသစ်များကို ပြင်ဆင်ရန် အချိန်တန်ပြီ ဖြစ်သည်။