အပိုင်း ၅၂
Viewers 8k

အခန်း (၅၂) - အိမ်သို့ ပေးစာတစ်စောင် 

 

ပိုင်ယွမ်ရွာရှိ  တူးလက်စ ရေတွင်းရှေ့တွင် ဖြစ်သည်။


ညနေ နေဝင်ဆည်းဆာသည် တဖြည်းဖြည်း လျော့ကျလာခဲ့ပြီဖြစ်သော်လည်း ဝမ်အာသည် သူ့စာအုပ်ကို လက်မလွှတ်ပဲ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ဆရာလွီရှို့ချိုက်ကလည်း သူ့အပေါ် တိုက်တွန်းမှုကို မလျော့ခဲ့ပေ။


ဆရာလွီရှို့ချိုက်သည် သူလိုက်လာခဲ့သည်မှာ မှန်ကန်သည်ဟု ခံစားခဲ့ရသည်။


ဒီ့အပြင် ရေတွင်းတူးခြင်းကဲ့သို့သော အလုပ်တစ်ခုတွင် ဝမ်အာသည် တည်နေရာ ရှာဖွေပေးရန်သာ လိုအပ်ပြီး ကာယလုပ်အားတစ်ခုမှ လုပ်ကိုင်ရန် မလိုအပ်ပေ။ ထို့ကြောင့် ဤသုံးရက်သည် ဝမ်အာအား လုံး၀ မနှောင့်နှေးခဲ့ပေ။ 


ဤကလေးကလည်း အလွန်ပင် လုံ့လဝီရိယရှိသည်။ ရေတွင်းတူးနေသည့် ကျွက်ကျွက်ဆူညံသံများနှင့် အော်ဟစ်သံများကို တစ်ခုမှ မကြားသကဲ့သို့ပင် သူသည် လျစ်လျူရှုထားနိုင်ခဲ့သည်။


စစ်မှန်သည့် ပညာရှင်တစ်ယောက်သည် ဤကဲ့သို့ပင် ပြင်ပကိစ္စရပ်များကို ပိတ်ဆို့ထားပြီး  ပညာရှိများ၏ စာအုပ်များကိုသာလျှင် အာရုံစိုက်ထားရမည် ဖြစ်သည်။


ပြီးခဲ့သည့် တစ်ရက် နှစ်ရက်အတွင်း ခရိုင်တရားသူကြီးမင်းစုန့်သည်လည်း ဝမ်အာ၏ ကြိုးစားအားထုတ်မှုနှင့် သင်ယူလိုစိတ်ကို သတိထားမိခဲ့ပြီး သူသည် အလွန်နှစ်ခြိုက်သဘောကျခဲ့သည်။ သို့သော် ယခုအခါ သူ့စိတ်သည် ရေတွင်းရေကိုသာ အာရုံစိုက်နေသည့်အတွက် ဝမ်အာကို လမ်းညွှန်ပေးရန်အတွက် သူထံ၌ အချိန်မရှိပေ။


သိပ်မကြာခင်မှာပင် ယာမင်အစိုးရဝန်ထမ်းနှစ်ယောက်သည် ခေါက်ဆွဲများဖြင့် ပြန်လာခဲ့ပြီး ရေတွင်းနံဘေးတွင် အိုးကြီးများနှင့်အပြည့် ချက်ပြုတ်ခဲ့သည်။


ရွာသူရွာသားများကလည်း အစာအာဟာရများကို စားသောက်ပြီးနောက် ခွန်အားများ ပြန်လည်ပြည့်တင်းလာကာ သူတို့၏ မီးတုတ်များကို ထွန်းညှိကာ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။


သို့သော် ကျောက်နီ၏ ဤအလွှာသည် အလွန်အမင်း ထူထပ်သည့် ပုံပေါ်သည်။ သူတို့သည် ညနက်သည်အထိ တူးဖော်ကြသော်လည်း ထိုးဖောက်နိုင်မည့် အရိပ်အယောင် မတွေ့ရသေးပေ။


“သခင်ကြီး၊ သွားအနားယူသင့်နေပါပြီခင်ဗျာ။”


“မလိုအပ်ဘူး။ ငါ အဆင်ပြေတယ်။”


ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့မျက်လုံးများကို ခေါင်းမာမာဖြင့် ပွတ်သပ်ခဲ့ပြီး သူ့ဇနီးသည်က သူ့အတွက် ပြင်ဆင်ပေးလိုက်သည့် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီတစ်ချို့ကို သူ့အိပ်ကပ်ထဲမှ ထုတ်ယူကာ သူ့နဖူးနှင့် နားထင်များကို သုတ်လိမ်းခဲ့သည်။


အေးမြသော အထိအတွေ့သည် သူ့စိတ်ဝိဉာဏ်အား အတန်ငယ် ပြန်လည်လန်းဆန်းလာစေသည်။


ထိုအချိန်၌ပင် ရေတွင်းထဲမှ လူတစ်ယောက်က ရုတ်တရက် အော်ဟစ်ခဲ့သည်။ 


“ပေါက်သွားပြီးဟေ့....”


ခရိုင်တရားသူကြီးမင်းစုန့်သည် အလွန်အမင်း ဝမ်းသာသွားခဲ့ပြီး အလွန်လည်း စိုးရိမ်ပူပန်နေခဲ့သည်။ သူသည် ရေတွင်း၀သို့ အလျင်အမြန် သွားခဲ့သည်။


“ရေတွေ အများကြီးရှိရဲ့လား။”


“မှန်လှပါ ခရိုင်တရားသူကြီးမင်ခင်ဗျာ။ အများကြီးပါပဲခင်ဗျာ။”


“မြန်မြန်၊ မြန်မြန်၊ ငါအောက်ဆင်းပြီး သွားကြည့်မယ်။”


လူတိုင်း၏အကူအညီဖြင့် ခရိုင်တရားသူကြီးမင်းစုန့်သည် မောင်းတံတစ်ခုဖြင့် ရေတွင်းအောက်ခြေသို့ ညင်ညင်သာသာ ဆင်းသွားခဲ့သည်။ မြေပြင်ပေါ်မှ သူ၏ လက်သီးဆုပ်ခန့် အဆက်မပြတ် ဗလုံစီပွက်ထနေသည့် ရေစီးကြောင်းကို မြင်သောအခါ သူ၏စိတ်လှုပ်ရှား ပျော်ရွှင်မှုကို မည်သို့ ဖော်ပြရမည်ကို မသိတော့ပေ။


“ကောင်းတယ်၊ ကောင်းတယ်။ သိပ်ကောင်းတယ်။ ဒီလောက်ရေအများကြီးက လယ်မူ ထောင်ပေါင်းများစွာကို သွင်းဖို့ လုံလောက်တယ်။ ငါတို့မှာ ရေ လုံလုံလောက်လောက် ရှိပြီကွ။”


“ဒါတွေအားလုံးက သခင်ကြီးရဲ့ကျေးဇူးပါခင်ဗျာ။”


“အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့။”ဟု ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “ဒီအောင်မြင်မှုက မင်းတို့ ရေတွင်းတူးတဲ့သူကို သတ်မှတ်နိုင်တယ်။ ဒါမှမဟုတ် ဟဲဝမ်ရွာက လီယောင်ကို သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ ငါ့ကိုတော့ သေချာပေါက် မသတ်မှတ်နိုင်ဘူး။”


ရက်အတော်ကြာအောင် နဖူးရေတွန့်နေခဲ့သည့် ခရိုင်တရားသူကြီးမင်းစုန့းသည် မြေပြင်ပေါ်သို့ ပြန်ရောက်လာသောအခါ နောက်ဆုံးတွင် လျှော့သွားခဲ့သည်။


“ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း”


“’ဒီမှာရှိပါတယ် သခင်ကြီး။ တခုခု မှာကြားစရာများ ရှိပါသလားခင်ဗျာ။”


ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “ရေတွင်းလုံခြုံရေးကို ကြီးကြပ်ဖို့ ဒီမှာ လူနှစ်ယောက်ပဲ ထားခဲ့လိုက်။ ကျန်တဲ့သူတွေကို ရုံးတော်ကို ပြန်သွားခိုင်းလိုက်။”


“ဟုတ်ကဲ့ပါ သခင်ကြီး။”


“မင်းကတော့ ငါ့ကို ယီကျိုးစီရင်စုကို လိုက်ပါစောင့်ကြပ်ပေး။”


“ဗျာ။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် အလန့်တကြား ဖြစ်သွားခဲ့သည်။ “သခင်ကြီး၊ အခုက ညသန်းခေါင်ကျော်နေပါပြီ။ ဘာလို့ မနက်ဖြန် မနက်အစောမှ မသွားရတာလဲ။”


“မရဘူး။ နှောင့်နေးတဲ့အချိန်တိုင်းဟာ ယီကျိုးစီရင်စုအတွက် နောက်နှစ်မှာ ရိပ်သိမ်းဖို့ လျော့သွားမှာကို  ဆိုလိုတာ။ ဆုံးရှုံးဖို့ အချိန်မရှိဘူး။ ”


ခရိုင်တရားသူကြီးမင်းစုန့်သည် ဤသိုအလွန်တရာ ကောင်းမွန်လှသည့်သတင်းကို စီရင်စုထံသို့ သတင်းပေးပို့ရန်  စိတ်အားထက်သန်နေသည်။ ၎င်းကို ယီကျိုးစီရင်စုကို ဖြတ်၍ အကောင်အထည်ဖော်နိုင်လိမ့်မည် ဖြစ်သည်။ 


နောက်ဆုံးတွင် သူသည် ဝမ်အာထံသို့ လာခဲ့ပြီး အပြုံးဖြင့် ခေါင်းညိတ်ပြခဲ့သည်။ “ဒီတစ်ခေါက် မင်းနဲ့ မင်းအမေက ကြီးကြီးမားမားကို အထောက်အကူပြုခဲ့တာပဲ။ အိမ်ပြန်ပြီး မင်းတို့ရဲ့ ဆုလာဘ်ကို စောင့်နေတော့ကွာ။”


ခရိုင်တရားသူကြီးမင်းစုန့် အလျင်အမြန် ထွက်ခွာသွားသည်ကို ကြည့်ရင် ဝမ်အာသည် အတွေးထဲတွင် နှစ်မြောသွားခဲ့သည်။


ဤခရိုင်တရားသူကြီးမင်းသည် အမေပြောပြခဲ့ဖူးသည့် ကောင်းမွန်သည့်အရာရှိမျိုးများလား။


………………………………………………………


စီရင်စုအုပ်ချုပ်ရေးမှုးဟူသည် အိပ်ယာမှ ထလာကာစဖြစ်ပြီး မနက်စာပင် မစားရသေးသည့်အချိန်တွင် ယာမင်အစိုးရဝန်ထမ်းတစ်ဦးက လာရောက်သတင်းပေးပို့ခဲ့သည်။ 


“စီရင်စုမှုးသခင်ကြီးခင်ဗျာ၊ ပိုင်ချွမ်းခရိုင်က ခရိုင်တရားသူကြီမင်းစုန့် ရောက်လာပါတယ်ခင်ဗျာ။”


‘ခရိုင်တရားသူကြီမင်းစုန့်’ဟူသော အမည်ကို ကြားလိုက်ရသောအခါ စီရင်စုမှုး’ဟူ’သည် ခေါင်းစကိုက်လာသလို ခံစားရကာ မှုန်ကုပ်ကုပ်ဖြစ်သွားခဲ့သည်။


ယီကျိုးစီရင်စုသည် ခရိုင်တရားသူကြီးမင် ၁၈ဦးနှင့် ခရိုင် ၁၈ကို အုပ်ချုပ်ခဲ့ရသည်။ ၎င်းတို့အားလုံးတွင် ယခုမှ ရုံးတော်သို့ စတင်တာဝန်ယူလာခဲ့သည့် ဤခရိုင်တရားသူကြီးမင်းစုန့်သည်  စိတ်အနှောင့်အယှက် အဖြစ်စေဆုံးသူ ဖြစ်သည်။


ပိုင်ချွမ်းခရိုင်တွင် မိုးခေါင်ရေရှားမှုကို အပြင်းအထန် ခံစားနေရပြီး ပြည်သူများသည် အစာရေစာပြတ်လုနီးပါးဖြစ်ကာ ခိုကိုးရာမဲ့နေခဲ့ကြသဖြင့် စပါးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတို့ကို အသည်းအသန် လိုအပ်နေကြောင်းကို ရက်အနည်းငယ်တိုင်းတွင် မှတ်တမ်းတစ်စောင် ပေးပို့ခဲ့သည်။


ကောင်းကင်၌ သက်သေပြနိုင်သလို ယီကျိုးစီရင်စုမူးဟူသည် လေထဲတွင် ဆန်စပါးများကို ဖန်တီးပေးနိုင်သည့် မှော်အစွမ်းများကို မပိုင်ဆိုင်ထားခဲ့ပေ။


ကိစ္စရပ်များကို ပို၍ဆိုးရွားစေသည်မှာ ခရိုင်တရားသူကြီးမင်းစုန့်သည် မြို့တော်တွင် အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူသည် ရာထူးအဆင့်များစွာ ရာထူးအချခံခဲ့ရသော်လည်း အရေးပါလှဆုံးအချက်မှာ သူ၏ ဂုဏ်သတင်း အဆင့်အတန်းသည် မနိမ့်ကျပေ။ သူသည် တတိယအဆင့်မှာ ရှိနေဆဲ ဖြစ်သည်။


သူနှင့် နှိုင်းယှဉ်ပါက ယီကျိုးစီရင်စုသည် အခြေခံ စတုထ္ထအဆင့်မျှပင် ရှိသေးသည်။ ထို့ကြောင့် သူတို့တွေ့ဆုံကြချိန်တွင် ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့အား အရင်နှုတ်ဆက်ရမည် ဖြစ်ပြီး ထို့နောက် သူသည် နှုတ်ခွန်းဆက်စကား ပြန်လည်ပြောဆိုရမည် ဖြစ်သည်။ သူထံတွင် ထိုလူအား အကြောင်းပြချက်ပေးရန် အားကိုးအားထား မရှိပေ။


“သူ ဒီကို ဘာကိစ္စရှိလို့ လာတယ်လို့ ပြောသေးလား။”


“မပြောပါဘူးခင်ဗျာ။ အရေးကြီးတဲ့ကိစ္စတစ်ခုလို့ပဲ ပြောပါတယ်ခင်ဗျာ။”


“ငါသိပြီ။ သူ့ကို ဧည့်ခန်းထဲမှာ အရင်ခဏစောင့်ခိုင်းထားလိုက်။ ငါ ခဏနေရင် လာခဲ့မယ်။”


စီရင်စုအုပ်ချုပ်ရေးမှုးဟူသည် အမြန်အဆန် ဆေးကြောသန့်စင်ကာ အဝတ်အစားလဲပြီးနောက် ဧည့်ခန်းသို့သွားကာ အားလုံးကို ပြုံးပြခဲ့သည်။


“မင်္ဂလာပါ စီရင်စုမှူးသခင်ကြီး” ခရိုင်တရားသူကြီးမင်းစုန့်က သူ့အား အရင်နှုတ်ဆက်ခဲ့သည်။


“မင်္ဂလာပါ ခရိုင်တရားသူကြီးမင်းစုန့်”ဟု စီရင်စုအုပ်ချုပ်ရေးမှုးဟူက ပြန်နှုတ်ဆက်ခဲ့သည်။ 


ခရိုင်တရားသူကြီးမင်းစုန့်၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းလျမှုနှင့် နီကြောင်ကြောင်မျက်လုံးများကို မြင်လိုက်ရသောအခါ စီရင်စုအုပ်ချုပ်ရေးမှုးဟူသည် အလျင်အမြန် မေးခဲ့သည်။ “စုန့်တရားသူကြီးမင်း၊ ဘာဖြစ်လို့လဲ။ ပိုင်ချွမ်းမှာ တစ်ခုခုဖြစ်လို့လား။”


ရှေးယခင်ခေတ်က စီရင်စုအဆင့်ကို ရရှိခဲ့သည့် အရာရှိများအတွက် သဘာ၀ဘေးအန္တရာယ်ကို အထိတ်တလန့် ဖြစ်ရန် မလိုအပ်ပေ။


ဒီ့အပြင် သဘာ၀ဘေးအန္တရာယ်များသည် ကောင်းကင်ဘုံ၏ လုပ်ဆောင်ချက်များပင် ဖြစ်သည်။ သေမျိုးတစ်ယောက်အနေဖြင့် သူ ဘာများ ပြုလုပ်နိုင်မည်နည်း။


သူ အကြောက်ဆုံးအရာမှာလည်း လူလုပ်သည့် ဘေးအန္တရာယ်များပင် ဖြစ်သည်။


လူပြုလုပ်သည့် အမှား ဖြစ်သွားပါက ၎င်းသည် အုပ်ချုပ်မှုလွဲမှားသည်ဟု ဆိုလိုသည့်အတွက် သူတာဝန်ယူရလိမ့်မည် ဖြစ်သည်။


“အလွန် အရေးပါတဲ့ ဖြစ်ရပ်တစ်ခုပါ။”


စီရင်စုအုပ်ချုပ်ရေးမှုးဟူ၏ နှလုံးသားလေးသည် ဒုတ်ခနဲ မြည်သွားခဲ့သည်။ “ဘယ်လို အရေးပါတာလဲ။”


“ကောင်းကင်ဘုံအောက်က အားလုံးကို အကျိုးသက်ရောက်စေမဲ့ အဖြစ်အပျက်တစ်ခုပါ။”


“ဘာ” စီရင်စုအုပ်ချုပ်ရေးမှုးဟူ၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ “အဲဒါများ ဖြစ်နိုင်လား… အနောက်တောင်ဘက်က မျိုးနွယ်စုတွေက ထကြွနေလို့လား။”


ခရိုင်တရားသူကြီးမင်းစုန့်သည် အသာအယာ ပြုံးခဲ့သည်။ “မဟုတ်ပါဘူးဗျာ။ အနောက်တောင်ဘက်က မျိုးနွယ်စုတွေက အခု နောက်ပိုင်း ငြိမ်နေကြပါပြီ။”


“အဲဒါဆို ကောင်းပါပြီ။” စီရင်စုအုပ်ချုပ်ရေးမှုးဟူသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ “အဲဒါဆို ကိစ္စက ဘာလဲ။”


“ယီကျိုးက ပြည်သူပြည်သားတွေ နောက်နှစ်မှာ သီးနှံရိတ်သိမ်းနိုင်ဖို့ သေချာသွားပါပြီခင်ဗျာ။”


ခရိုင်တရားသူကြီးမင်းစုန့်၏ စီရင်ခံချက်ကို နားထောင်နေရင်း စီရင်စုအုပ်ချုပ်ရေးမှုးဟူ၏ အမူအယာသည် ဖျော့တော့နေရာမှ  အင်အားပြည့်လျှံလာခဲ့သည်။


နောက်ဆုံးတွင် ခရိုင်တရားသူကြီးမင်းစုန့် မပြီးဆုံးခင်မှာပင် သူသည် စိတ်အားထက်သန်စွာဖြင့် မေးခဲ့သည်။ “မောင်မင်းပြောသမျှ အားလုံးက အမှန်တွေပဲလား။”


“သေချာပေါက် အမှန်အကန်ပါခင်ဗျာ။ ကျွန်တော်မျိုးကိုယ်တိုင် ဒုတိယမြောက် ရေတွင်းတူးတာကို ကြီးကြပ်ကွပ်ကဲခဲ့တာပါ။”


“သိပ်ကောင်းတယ်။ အံဩစရာပဲဟေ့။” 


စီရင်စုအုပ်ချုပ်ရေးမှုးဟူသည် ခေါက်တုံခေါက်ပြန် တပတ်လည် လမ်းလျှောက်ခဲ့ပြီး “စုန့်တရားသူကြီးမင်း။ အသေးစိတ် အစီရင်ခံစာကို အခုချက်ချင်း ရေးတင်ပါ။ ကျုပ် မြို့တော်ကို အမြန်ပို့ဖို့ ဆက်သားစေလွှတ်လိုက်မယ်။”


ခရိုင်တရားသူကြီးမင်းစုန့်သည် အလန့်တကြား ဖြစ်သွားခဲ့သည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်ခဲ့သည်။ “စီရင်စုမှုးခင်ဗျာ။ ယီကျိုးပြည်သူပြည်သားတွေ နွေဦးမျိုးစေ့ကြဲဖို့ ပြေလည်အောင်လို့ ဒီနည်းလမ်းကို ကျွန်တော်မျိုးတို့ ဒေသအတွင်းမှာပဲ အရင် မဖြန့်ချိသင့်ဘူးလားခင်ဗျာ။”


“အိုး.. ဒါပေါ့။ ဒါပေါ့။” စီရင်စုအုပ်ချုပ်ရေးမှုးဟူက ရယ်ခဲ့သည်။  “ယီကျိုးဆိုတာ စီရင်စုလေးတစ်ခုတည်းလေ။ ဒီနည်းလမ်းကို တစ်ပြည်လုံးကိုသာ အသိပေးလိုက်မယ်ဆိုရင် ဒါက အလွန်ကောင်းတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်။”


“စီရင်စုမှုးရဲ့ အမြင်က အမြင်ကျယ်လွန်းလှပါတယ်။”


“အဲဒါကို  မြန်မြန်ရေးလိုက်၊ ငါစောင့်နေလိုက်မယ်။”ဟု စီရင်စုအုပ်ချုပ်ရေးမှုးဟူက ပြောခဲ့သည်။ “ဟေ့ ရုံးကူတစ်ယောက်၊ စုန့်တရားသူကြီးမင်းကို စာကြည့်ခန်းကို ခေါ်သွားစမ်း။ ပြီးရင် စုန့်တရားသူကြီးမင်းအတွက် အစားအသောက်ပြင်ဆင်ပေးဖို့ စားဖိုဆောင်ကို ပြောလိုက်။ သူ တစ်ညလုံး ခရီးနှင်လာရတာဆိုတော့ ပင်ပန်းနွမ်းနယ်နေလိမ့်မယ်။”


“ဟုတ်ကဲ့ပါ သခင်ကြီး။ စုန့်တရားသူကြီးမင်ခင်ဗျာ ကျွန်တော်မျိုးနောက်ကနေ ကြွခဲ့ပေးပါခင်ဗျာ။”


စာကြည့်ခန်းထဲသို့ ရောက်သည်နှင့်တပြိုင်နက် ခရိုင်တရားသူကြီးမင်စုန့်သည် အစီရင်ခံစာ အတို တစ်ခုကို လျင်မြန်စွာ ရေးသားခဲ့သည်။ သို့သော် သူ့လက်ထောက်သည် ၎င်းကိုကြည့်ကာ စိတ်ကျေနပ်သည့်ပုံမပေါ်ပေ။


“စုန့်တရားသူကြီးမင်းခင်ဗျာ။ ဒါလေးကို………. ပြန်ပြင်ပေးနိုင်မလားခင်ဗျာ။”


“ဘာကို ပြင်ရမှာလဲခင်ဗျာ။” ခရိုင်တရားသူကြီးမင်းစုန့်သည် ပဟေဠိဖြစ်သွားခဲ့သည်။  “ကျွန်တော်က အချက်အလက်တွေကို ရေးထားတာပါ။ ဘာမှ ကွန့်တာ ညွှန့်တာ မပါပါဘူးခင်ဗျာ။”


“ကျွန်တော်မျိုး သိပါတယ်။” လက်ထောက်က ပြုံးခဲ့သည်။ “သခင်ကြီးက လယ်သမားအမျိုးသမီးကို အကုန် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့တယ်မဟုတ်လား။ အဲဒါက မဖြစ်သင့်…. ကောင်းပါပြီ။ ကျွန်တော်မျိုး တဲ့တိုးပဲ ပြောပါရစေတော့။ ရွာသူအမျိုးသမီးကို ငွေချောင်းနည်းနည်း ဆုချလိုက်ရင် လုံလောက်ပြီလေ။ ဒါပေမဲ့ သခင်ကြီးအတွက်ကကော၊ ဒါက ကြိုးစားပမ်းစား ရထားတဲ့ နိုင်ငံရေး အောင်မြင်မှုတစ်ခုလေ။ ပြီးတော့ ကျွန်တော်မျိုးတို့ စီရင်စုအတွက်လည်း အောင်မြင်မှုတစ်ခုပဲပေါ့။ ”


ဒါကို ခရိုင်တရားသူကြီးမင်းစုန့်က နားလည်ခဲ့သည်။ စီရင်စုသည် ဂုဏ်ပြုမှတ်တမ်းကို ခိုးယူချင်နေခဲ့သည်။


ထို့အပြင် ၎င်းတို့သည် သူ့တို့ကိုယ်တိုင်အတွက် ဝေစု အကြီးကြီးကို ချန်ထားချင်ခဲ့ပြီး သူ့အတွက် ဝေစုအနည်းငယ်သာ ချန်ထားချင်ခဲ့သည်။ 


လီယောင်အတွက်မူ ငွေချောင်း အနည်းငယ်ဖြင့် ဖယ်ထုတ်ပစ်လိုက်မည် ဖြစ်သည်။ 


“အမတ်မင်း၊ ဒါက ‘စုန့်’ဆိုတဲ့ ကျုပ် လုံး၀ မလုပ်နိုင်ပါဘူးခင်ဗျာ။”ဟု ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “အစီအရင်ခံစာက ပြီးသွားပါပြီ။ ကျုပ်အနားယူသင့်နေပြီ။”


ခရိုင်တရားသူကြီးမင်းစုန့် လှည့်ထွက်သွားသည်ကို မြင်သောအခါ လက်ထောက်သည် စီရင်စုအုပ်ချုပ်ရေးမှုးဟူထံသို့ အလျင်အမြန် သတင်းပေးပို့ခဲ့သည်။ 


စီရင်စုအုပ်ချုပ်ရေးမှုးဟူသည် နားထောင်ခဲ့ပြီးနောက် မထီမဲ့မြင်ပြုကာ ရယ်မောခဲ့သည်။ “သူ့ကို ခရိုင်တရားသူကြီးမင်းအဖြစ် ရာထူးချခံရတာ မအံ့ဩတော့ဘူး။ ဒီလောက် မိုက်မဲတဲ့လူမျိုး ငါတော့ တစ်ခါမှ မတွေ့ဖူးဘူး။”


တရားသူကြီးမင်း၏ မှတ်တမ်းသည် သက်သေအထောက်အထားအဖြစ် အတည်ပြု ထောက်ခံနေခဲ့သော်လည်း မြို့တော်သို့ စေလွှတ်မည့် ဆတ်သားသည် စီရင်စု၏ အစီရင်ခံစာကိုသာ တရားဝင် အစီရင်ခံစာအဖြစ် သယ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ တရားသူကြီးမင်း၏ မှတ်တမ်း ပါသည် မပါသည် ဆိုတာက အရေးမပါခဲ့ပေ။


“ဒါဆို ဒီမှတ်တမ်းက ဘာလုပ်လိုက်ရမလဲ။”


“မီးရှို့ပစ်လိုက်။ ဘာပဲဖြစ်ဖြစ် အဲဒါက အသုံးမဝင်တော့ဘူးလေ။” စီရင်စုအုပ်ချုပ်ရေးမှုးဟူသည် တခဏတာမျှ စဉ်းစားခဲ့ပြီးနောက် သူ့လက်ထောက်ကို ညွှန်ကြားခဲ့သည်။ “ဒါပေမဲ့ ငါတို့တွေ ဒါကို ချင့်ချင့်ချိန်ချိန် ကိုင်တွယ်ရမယ်။ ပိုင်ချွမ်းစျေးကို သွားပြီး အဲဒီလယ်သူမကို အကျိုးခံစားခွင့် နည်းနည်း ပေးလိုက်။ ပြီးရင် သူ့ပါးစပ်ကို ပိတ်ထားဖို့ ပြောခဲ့လိုက်ချေ။”


“ဟုတ်ကဲ့ပါ သခင်ကြီး။”ဟု သူ့လက်ထောက်က ဆက်မေးခဲ့သည်။ “တကယ်လို့ သူက လိုက်လျောဖို့ ငြင်းခဲ့ရင်ကော…”


“သူက ပညာမဲ့တဲ့ လယ်သမတစ်ယောက်လေ။”ဟု စီရင်စုအုပ်ချုပ်ရေးမှုးဟူက ပြောခဲ့သည်။ “သူ့ကို ငွေချောင်း ၁၀၀ ပေးလိုက်။ သူအိပ်နေရင်တောင် ထရယ်ပြီး နိုးလာလိမ့်မယ်။ အဲဒီမှာ သူ သဘောမတူစရာအကြောင်း ဘာများ စိုးရိမ်စရာ ရှိတော့လို့တုန်း။”


“သခင်ကြီးပြောတာ အရမ်းမှန်ပါတယ်။ ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါတော့မယ်ခင်ဗျာ။”


………………………………………………………


ပိုင်ချွမ်းစျေးသို့ အပြန်လမ်းတွင် ခရိုင်တရားသူကြီးမင်းစုန့်သည် တိတ်ဆိတ်နေခဲ့သည်။


စီရင်စုအုပ်ချုပ်ရေးမှုးဟူသည် နိုင်ငံရေးအသာရယူလိုမှုကြောင့် ဂုဏ်ပြုမှတ်တမ်းအား မဟုတ်မမှန် တောင်းဆိုဖို့ရာ ဆုံးဖြတ်ရန် လုံလုံလောက်လောက် ဖြစ်နေသလားကို သူ မသိပေ။


 သူသည် ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေး အောင်မြင်မှုများအတွက် အလွန် ဂရုမစိုက်ပေ။


သို့သော် ၎င်းသည် လီယောင်အတွက် မတရားပေ။


ပြည်သူတစ်ယောက်အနေဖြင့် ဧရာမအထောက်အကူကြီးများကို ရှင်းရှင်းလင်းလင်းပြုလုပ်ထားခဲ့ပြီး ဆုလာဘ် မရရှိခဲ့ပါက တိုင်းပြည်နှင့် လီယောင်ကဲ့သို့သော လူများအတွက် တခြားမည်သူက ကုသိုလ်ကောင်းမှု ပြုလုပ်လိမ့်မည်နည်း။


ထိုအကြောင်းကို တွေးကာ သူသည် ဆက်မထိုင်နိုင်တော့ချေ။ စာတိုက်တစ်ခုတွင် သူသည် စာရွက်နှင့် စုတ်တံကို ငှားကာ ပေကျင်းရှိ အိမ်သို့ ချက်ချင်းပင် စာတစ်စောင် ရေးခဲ့သည်။ 


ဤကိစ္စကို ဘုရင်မင်းမြတ်အား သိစေရမည်။