အခန်း (၅၁) - စိတ်အနှောက်အယှက် အဖြစ်စေဆုံး လူ့ကျင့်ဝတ်ပျက်ပြားမှု
လူ့ကျင့်ဝတ်ပျက်ပြားမှုသည် လီယောင်အား စိတ်အနှောင့်အယှက်အဖြစ်စေဆုံးပင် ဖြစ်သည်။
ထို့ကြောင့် ကျူးယိုကွေ့၏ မိခင်အိုကြီးသည် မည်မျှပင် ဝမ်းနည်းဖွယ်ကောင်းအောင် ငိုကြွေးနေစေကာမူ၊ သို့မဟုတ် မည်မျှပင် သနားစရာကောင်းလောက်အောင် တောင်းပန်နေစေကာမူ လီယောင်သည် လုံး၀ မတုန်လှုပ်ပေ။
ဤကဲ့သို့သောသူများသည် တစ်ကြိမ်တစ်ခါ လိုက်လျောပေးခဲ့ပါက ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ရှိလာလိမ့်မည် ဖြစ်သည်။
“ရှောင်စစ်” ဟု သူမကခေါ်ခဲ့သည်။
“ဟုတ် မေမေ၊ ဘာလဲဗျ။”
“ခုချိန်ကစပြီး မင်းက နေ့လည်ဘက်မှာ စောင့်ကြည့်ရမယ်။ ညမှာ မင်းရဲ့ အကြီးဆုံးအစ်ကိုနဲ့ တတိယအစ်ကိုတို့က အလှည့်ကျ စောင့်ကြည့်ရမယ်။” ဟု လီယောင်က ပြောခဲ့သည်။ “သူတို့ ထပ်ပြီး ရေလာခပ်ရဲရင် အမေ့ကို ချက်ချင်း လာပြောချေ။”
“သား နားလည်ပါပြီ မေမေ။”
သူမသည် အမှန်တကယ်ပင် အကြင်နာကင်းမဲ့စွာ အလွန်ဆုံးဖြတ်ချက်ခိုင်မာနေသည်ကို မြင်ရသောအခါ ကျူးယိုကွေ့၏ မိခင်အိုကြီးသည် အသနားခံကာ ဆက်လက် ငိုကြွေးနေခြင်းသည် အသုံးမဝင်ကြောင်းကို သိခဲ့သည်။
သို့သော် နောက်နှစ်အကောင်းဆုံးအချိန်တွင် သူမတို့တွင် သီးနှံ ရိတ်သိမ်းရန် မရှိပဲ အဆိုးဆုံး အငတ်ဘေးကို ရှောင်ပြေးရလိမ့်မည်ကို စဉ်းစားလိုက်သောအခါ သူမ၏ စိတ်နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုသည် ပို၍ ပြင်းထန်စွာ ကြီးထွားလာခဲ့သည်။
“လီယောင်” သူမသည် လီယောင်ရှေ့သို့ ရောက်လာကာ သူမ၏ ဒူးကို ဒုတ်ခနဲ မြည်အောင် ထောက်ကာ “ငါတို့တွေ အရင်က မှားခဲ့တာကို သိပါတယ်။ ဒါပေမဲ့ ဒီတခါ ငါတောင်းပန်ပါတယ်။ ငါတို့ မျိုးစေ့တွေ စိုက်ပျိုးဖို့ ရေနည်းနည်းလောက် ငါတို့ သုံးပါရစေ။ မဟုတ်ရင် နောက်နှစ်ကျရင် ငါတို့ ရှင်သန်နိုင်ဖို့ တကယ်နည်းလမ်းမရှိတော့လို့ပါ။”
“မဖြစ်နိုင်ဘူး။”
“အဲ့လိုဆို.. အဲ့လိုဆို နင်လက်ခံဖို့ ငါ ဘာလုပ်ပေးရမလဲ။”
သူမ စတင်ပျော့ပျောင်းလာခဲ့သည်ကို မြင်သောအခါ လီယောင်သည် စကားမပြောမီ စဉ်းစားချင်ယောင်ဆောင်ခဲ့သည်။ “ဒီရေတွင်းထဲက ရေကို ရှင်တို့ သုံးချင်တယ်ဆိုရင် တခြားသူတွေလိုပဲ ငွေအား ဒါမှမဟုတ် လုပ်အား ပါဝင်ပေးရမယ်။”
“ဒါပေမဲ့ ငါတို့မိသားစုက ဘယ်က ပိုက်ဆံရှိမှာလဲ။” ကျူးယိုကွေ့၏အမေအိုကြီးသည် ဝမ်းနည်းပက်လက်ဖြင့် ပြောခဲ့သည်။ “ဒါ့အပြင် ရေတွင်းကလည်း တူးပြီးသွားပြီလေ။ ငါတို့ လုပ်အား မပါဝင်နိုင်တော့ဘူးလေ…”
“ဟုတ်တယ်။ ရေတွင်းကတော့ တူးပြီးသွားပြီ။ ဒါပေမဲ့ ကျွန်မတို့ ရွာလမ်းတွေက ဆိုးဝါးနေတုန်းပဲ။”ဟု လီယောင်က ပြောခဲ့သည်။ "ရှင်တို့မိသားစုက ကျွန်မတို့ရွာကနေ စျေးကိုသွားတဲ့လမ်းကို ပြင်သင့်တယ်။ ကျွန်မက တစ်လမ်းလုံးကို ပြင်ဖို့ ပြောတာ မဟုတ်ဘူး။ ကျွန်မတို့ရွာရဲ့ အပိုင်းအခြားကိုပဲ။ အဲဒါဆို နောက်ကျရင် တခြားသူတွေလိုပဲ ရှင်လည်း ရေတွင်းရေကို သုံးနိုင်တယ်။"
ကျူးယိုကွေ့၏ အမေအိုကြီးသည် အသက်ကြီးသော်လည်း လုံး၀ မမိုက်မဲပေ။
သူတို့သည် ဟဲဝမ်ရွာ၏ လမ်းအပိုင်းအခြားကိုသာ ပြုပြင်ခဲ့လျှင်တောင် ၃လီ အကွာအဝေး ရှိနေဆဲ ဖြစ်သည်။
သူမ၏ သားဖြစ်သူသည် မည်သို့သော အမျိုးအစားဖြစ်သည်ကို သူမ ကောင်းကောင်း သိခဲ့သည်။ သူမသည်လည်း အသက်အရွယ် အိုမင်းနေပြီဖြစ်သည့်အတွက် တစ်နေ့တာအတွက် အလုပ်များစွာ မလုပ်နိုင်တော့ပေ။ သူတို့ လမ်းပြုပြင်မှု ပြီးဆုံးသည့်အချိန်တွင် နောက်ဆုံး စိုက်ပျိုးရမည့်အချိန်နှင့် သေချာပေါက် လွဲချော်သွားပေလိမ့်မည်။
“လီယောင်ရေ။ ငါ့ကို မျက်နှာသာတစ်ခါတော့ ပေးပါဟာ။ ငါ့သားက အသုံးမကျဘူးဆိုတာ နင်သိတယ်မို့လား။ သူက သေချာပေါက် လမ်းကို ပြင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါ တစ်ယောက်တည်း လုပ်ရမှာ။ အဲဒါက ငါ့အတွက် ဘယ်လောက်တောင် ကြာသွားမှာလဲ။ အဲဒါကြောင့် ငါတို့ကို အပင် အရင်စိုက်ခွင့် မပြုနိုင်ဘူးလား။ ပြီးရင် လမ်းပြင်ပါ့မယ်။ ”
“မရဘူး။ ရှင့်သားက ရှင့်စကား နားမထောင်တာ ရှင့်ကိစ္စပဲ။”ဟု လီယောင်က အေးစက်စွာ ပြောခဲ့သည်။ “ကျွန်မက ရှင့်တို့ကို ကျွန်မပိုင်ရေတွင်းကို သုံးခွင့်ပြုပြီး ရှင့်သားကို ဆုံးမပေးဖို့ ရှင့်ကို ကူညီပေးဖို့ပါ မျှော်လင့်နေတာလား။”
ထို့သို့ပြောရင်း လီယောင်သည် ဤအဖွားကြီးနှင့် ညှိနှိုင်းရန် အချိန်မဖြုန်းချင်တော့ပေ။ သူမသည် အိမ်ပြန်ဖို့ လှည့်ခဲ့သည်။ မူလကိုယ်သည် အကျိုးသင့်အကြောင်းသင့်မဟုတ်သည့် အော့ကြောလန် အရိုင်းအစိုင်းဖြစ်ပြီး သူမသည်လည်း သနားကြင်နာတတ်သည့် ပရဟိတ ဒါနရှင်တစ်ယောက် မဟုတ်ပေ။
သို့သော် သူမ ခြေလှမ်း အနည်းငယ်ထက် ပိုမလှမ်းရသေးခင်မှာပဲ ကျူးယိုကွေ့၏ မိခင်အိုကြီးသည် သဘောတူခဲ့သည်။ “ကောင်းပါပြီ။ ငါ အဲဒါကို ပြင်လိုက်ပါမယ်။”
လီယောင်သည် နောက်လှည့်မကြည့်ပဲ အိမ်သို့ အလျင်အမြန် ဆက်လျှောက်သွားခဲ့သည်။
သိပ်မကြာခင် အချိန်မှာပင် ရွာသူရွာသားများသည် ကျူးယိုကွေ့၏ မိခင်အိုကြီးသည် ပေါက်ပြားကို ပခုံးပေါ်သို့တင်ကာ လမ်းကိုပြင်ရန် စတင်နေသည်ကို တွေ့ခဲ့ရသည်။ ရွာသူရွာသားများသည် သူမအား ကိစ္စရပ်များကို ခက်ခဲအောင် ဆက်လက် မပြုလုပ်ကြတော့ပေ။ တကယ်တမ်းတွင်မူ ဤသည်မှာ လီယောင် အဆိုပြုထားသည့် အခြေအနေဖြစ်ပြီး လူတိုင်းက သူမ၏ ကိုင်တွယ်ဖြေရှင်းနည်းကို သဘောတူခဲ့ကြသည်။
ကျူးယိုကွေ့၏ အရိပ်အယောင်ပင် မရှိပဲ အမေအိုကြီးတစ်ယောက်တည်းသာ တနေကုန် တူးနေခဲ့သည်ကို မြင်ရသည့်အခါ ရွာသူရွာသားများသည် သူတို့၏ ခေါင်းများကို မယမ်းပဲ မနေနိုင်ခဲ့ပေ။
မွေးစားသားကို စည်းကမ်းရှိစေရန် ပျက်ကွက်ခြင်းသည် ဖခင်၌သာ အပြစ်ရှိသည်။ တခြား မည်သူကို အပြစ်တင်နိုင်လိမ့်မည်နည်း။
…………………………………
နေဝင်ဖျိုးဖျအချိန်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသည့် ဝမ်ယွမ်ပန်းသည် အိမ်တံခါးဆီသို့ ရောက်ရှိလာခဲ့သည်။
ယနေ့တွင် သူနှင့် ရွာသားတစ်ဒါဇင်ကျော်သည် တနေကုန် အုတ်သယ်နေခဲ့ကြသည်။ တာဝန်ရှိသည့် အိမ်သူအိမ်သားတစ်ယောက်အနေဖြင့် သူသည် သဘာ၀အတိုင်း လီယောင်အား ကိန်းဂဏန်းများကို စာရင်းကိုက်ကာ အကြောင်းကြားရသည်။
“ဒီနေ့က အုတ်ခဲပေါင်း ၅၀၀၀ တိတိ ရှိတယ်။ တစ်ခုမှလည်း မပိုဘူး တစ်ခုမှလည်း မလိုဘူး။”
အစောပိုင်းက တစ်ဦးတစ်ယောက်အား ဝမ်ယွမ်ပန်းသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်ကို မြင်လိုက်ရသဖြင့် သူသည် အတော်လေး သန်မာကြောင်း လီယောင် နားလည်ခဲ့သည်။ သူသည် ဤမျှထိ စေ့စေ့စပ်စပ် ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
“ကျေးဇူးတင်ပါတယ်။”
“မရီးကလည်း၊ အရမ်းယဉ်ကျေးနေပါပြီ။” ဝမ်ယွမ်ပန်းသည် သူ့ခေါင်းအား ကုတ်ခဲ့သည်။ “ကဲ၊ ကျွန်တော် အခု ပြန်တော့မယ်။ မနက်ဖြန်ကျရင် အုတ်တွေရွှေ့ဖို့ ထပ်လာခဲ့ဦးမယ်။”
တစ်ကြိမ်နှစ်ကြိမ်လောက် အပြန်အလှန် ပြောဆိုပြီးနောက် ဝမ်ယွမ်ပန်းသည် လီယောင်ကို မကြောက်တော့ပေ။ ကိန်းဂဏန်းများကို အကြောင်းကြား သတင်းပို့ခဲ့ပြီးနောက် သူသည် ဝမ်စန်းအာနှင့် စကားပြောခဲ့သည်။
ဦးလေးနှင့် တူ နှစ်ယောက်စလုံးသည် အင်အားကြီးမားသည့် အစွမ်းပကား၏ ပရိတ်သတ်များပင် ဖြစ်ကြသည်။ သူတို့နှစ်ဦး စကားစပြောကြသည်နှင့်တပြိုင်နက် ၎င်းတို့သည် နယ်စပ်တွင် စစ်ပွဲများတွင် စစ်ဆင်ရေးများ ဆင်နွှဲကြပုံ၊ ရန်သူများအား သတ်ပုံသတ်နည်းများ၊ စစ်ပွဲများကို အောင်နိုင်နည်းများနှင့် ရာထူးအဆင့်ဆင့် တိုးမြှင့်နည်း စသည့် အကြောင်းအရာများသာ ဖြစ်ကြသည်။ သွေးတစက်မှပင် မမြင်ဖူးကြသေးသည့် နှပ်ချေးတွဲလောင်းနှင့် ဤကောင်ဆိုးလေးနှစ်ယောက်သည် ခြံဝန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ခြေဟန်လက်ဟန်ဖြင့် အပီအပြင် သရုပ်ဖော်နေခဲ့ကြသည်။
၎င်းတို့သည် လီယောင်အား ထပ်ခါထပ်ခါ ခေါင်းခါစေရန် ပြုလုပ်ခဲ့ကြသည်။ အမျိုးသားများသည် ဤသို့သာ ဖြစ်ကြသည်။ ဓါးများကိုင်စွဲကာ တိုက်ပွဲဝင်ရန် နှစ်သက်ကြသည်။
သူမသည် ကွဲပြားသည်။
သူမ၏ ပြိုင်ဘက်သည် အဆင်သင့်မဖြစ်သေးချိန်တွင် သေစေနိုင်လောက်သည့် ထိုးနှက်ခြင်းကို ပို့ဆောင်ကာ သူမ၏ လှုပ်ရှားမှုများအား ရုတ်တရက် ပြုလုပ်ရခြင်းကို နှစ်သက်သည်။
…………………………………
ပိုင်ချွမ်းခရိုင်တွင် ပိုင်ယွမ်ကျေးရွာသည် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ခရိုင်တရားသူကြီးမင်းသည် ထိုရွာတွင် အရေးပေါ် ကယ်ဆယ်ရေး ရေတွင်းအတွက် ဦးဆုံး ရွေးချယ်ခဲ့သည်။
ဤနေရာတွင် ရေအမြောက်အမြားကို ရယူနိုင်ပါက တခြားရွာများတွင်လည်း အဆင်ပြေရန် ဖြစ်နိုင်ပေလိမ့်မည် ဖြစ်သည်။
သို့သော် ဤမိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးရေတွင်းသည် အလွန်ကြီးမားသဖြင့် တူးဖော်မှုလုပ်ငန်းစဉ်သည် တဖြည်းဖြည်းချင်း ကြာမြင့်လာခဲ့သည်။ သုံးရက်မြောက်နေ့ ညနေခင်းချိန်တွင် သူတို့သည် ဆယ်မီတာခန့်သာလျှင် တူးနိုင်ခဲ့သည်။
ဤကျန်ရှိခဲ့သည့် ရက်များတွင် ခရိုင်တရားသူကြီးမင်းသည် ခရိုင်ရုံးသို့ မပြန်ခဲ့ပေ။ ၎င်းအစား ပိုင်ယွမ်ရွာရှိ ရွာလူကြီး၏အိမ်တွင် နေထိုင်ခဲ့သည်။ သူသည် ညတိုင်း သန်းခေါင်ချိန်တိုင်အောင် စောင့်ကြည့်ခဲ့ပြီး မနက်တိုင်းတွင်လည်း အရုဏ်မတက်မီ ထကြည့်ခဲ့သည်။ ရလာဒ်အနေဖြင့် သူ့ခါးတစ်ဝိုက်ရှိ အဝန်းအဝိုင်းတစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။
ခရိုင်တရားသူကြီးမင်းသည် သူတို့၏ ဆင်းရဲဒုက္ခများကို မျှဝေခံစားနေသည်ကို မြင်သောအခါ ပိုင်ယွမ်ရွာသူရွာသားများသည်လည်း သူတို့၏ အရှိန်အဟုန်များ တိုးမြှင့်လာခဲ့သည်။
သို့သော် လီယောင်၏ ရွာနှင့် မတူပဲ ကွဲပြားခြားနားသည်မှာ ပိုင်ယွမ်ရွာရှိ ရေတွင်းတူးသူများသည် ဟင်းသီးဟင်းရွက် အနည်းငယ် စားရန် နေ့တိုင်း အိမ်သို့ ပြန်လာခဲ့ကြသည်။ သူတို့တွင် အင်အားမကျန်ကြတော့သည့်အတွက် တိုးတက်မှုက နှေးကွေးခဲ့ပါသည်။
ကောင်းကင်ကြီး မှောင်မည်းလာခဲ့ပြီး နောက်ထပ်တစ်ရက်ထပ်မံ ကုန်ဆုံးသွားသည်ကို ကြည့်ရင်း ခရိုင်တရားသူကြီးမင်းသည် ပို၍ စိုးရိမ်ပူပန်မှုများ မြှင့်တက်လာခဲ့သည်။
“အခြေအနေ ဘယ်လိုရှိလဲ။”
“ခရိုင်တရားသူကြီးမင်းခင်ဗျာ” အတူတကွ ပါရှိလာသည့် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက အစီရင်ခံခဲ့သည်။ “သူတို့ ကျောက်နီရဲ့ ပဉ္စမအလွှာကို ဖြတ်သွားခဲ့ပြီ။ ဒါပေမဲ့ ရေက တော်တော်ကို နည်းနည်းလေးပဲ ရှိနေပါတယ်ခင်ဗျာ။ အခု သူတို့ ဆဋ္ဌမအလွှာကို တူးနေကြပါတယ်ခင်ဗျာ။”
ထိုသို့ဆိုလျှင် သူတို့သည် အကြပ်အတည်းဆိုက်နေသည့် အဆင့်သို့ ရောက်နေခဲ့ပြီလား။
သူ မှန်မှန်ကန်ကန် မှတ်မိခဲ့သည်ဆိုပါက ဟယ်ဝမ်ရွာရှိရေတွင်းသည်လည်း ကျောက်နီ၏ ဆဋ္ဌမအလွှာကို ဖြတ်သွားခဲ့သည်။
“သွားရအောင်။ သူတို့ တူးနေတာ ငါကြည့်ချင်တယ်။”
“ခရိုင်တရားသူကြီးမင်းခင်ဗျာ၊ သခင်ကြီး မနားပဲ အလုပ်လုပ်နေတာ ရက်တော်တော်ကြာနေပြီ။ ကျေးဇူးပြုပြီး အရင်နားပါဦးခင်ဗျာ။”ဟု ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “သူတို့ ကျော်ဖြတ်ပြီးသွားရင် ကျွန်တော်မျိုး သခင်ကြီးကို လာခေါ်ပါ့မယ်ခင်ဗျာ။”
“နားရမယ်။ ဘာကိုနားရမှာလဲ။” ခရိုင်တရားသူကြီးမင်းသည် သူ့အင်္ကျီလက်ကို ပစ်ခါခဲ့သည်။ “ပြည်သူတွေက စားဖို့တောင် အနိုင်နိုင်ရယ်။ ငါက အနားယူဖို့ ဘယ်လိုလုပ် တွေးနိုင်မှာလဲ။ ခရိုင်ရုံးကို လူနှစ်ယောက် ပြန်လွှတ်လိုက်။ ပြီးတောာ့ ငါ့ဇနီးဆီက ငွေ ၅ချောင်းယူပြီး ခေါက်ဆွဲဝယ်ဖို့ ပြောလိုက်။ ရေတွင်းတူးတဲ့သူတွေက အရမ်းပင်ပန်းနေကြပြီ။ သူတို့ ဒီနေ့ ပြည့်ပြည့်၀၀ စားသင့်တယ်။”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် နားလည်သဘောပေါက်စွာ သူ့လက်နှစ်ဖက်အား လက်သီးဆုပ်ကာ အရိုအသေပြုခဲ့သည်။ သူသည် ခရိုင်တရားသူကြီးမင်းအား ထပ်မံ၍ တားမြစ်ချင်သော်လည်း ၎င်းမှာ အလဟဿဖြစ်မည်ဆိုသည်ကို သူသိခဲ့သည်။
ဤခရိုင်တရားသူကြီးမင်းအသစ်သည် ထုတ်ဖော်ပြောဆိုပြရန် အလွန်ခက်ခဲသည်။
သာမာန်ပြည်သူများအတွက် သူသည် သေချာပေါက် အရာရှိကောင်းတစ်ဦးဖြစ်သည်။ သို့သော် ဤကဲ့သို့ အုပ်ချုပ်ပါက သူသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ချွတ်ခြုံကျသွားပေလိမ့်မည်။
ချွတ်ခြုံကျနေသော ခရိုင်တရားသူကြီးမင်းတစ်ယောက်သည် စီရင်စုအား မည်သို့များ ဂုဏ်တင်အောင် ကြိုးစားနိုင်မည်နည်း။ မည်သို့များ ရာထူးတိုးနိုင်လိမ့်မည်နည်း။