အပိုင်း ၅၀
Viewers 9k

အခန်း (၅၀) - ကောင်းမွန်သည့် ကိစ္စရပ်


လီယောင်သည် တောင်ကို ဝယ်ယူခဲ့သော်လည်း သူမ၏ လေ့ကျင့်ရေးကွင်းသည် သစ်တော၏ ပိုဝေးကွာသော နေရာတွင် တည်ရှိနေဆဲ ဖြစ်သည်။


သူမသည် သူမ၏ ကိစ္စရပ်များကို လူအများအား မသိစေချင်ခဲ့ပေ။ နောက်ဆုံးတွင် ယခင်က လယ်သမား၏ စိတ်ဆတ်ပြီး အကျိုးအကြောင်း ဆီလျော်မှု မရှိသော ဇနီးသည် ရုတ်တရက် ဓါးများ၊ သေနတ်များ၊ တုတ်များနှင့် ဓါးရှည်များကို ရုတ်တရက် ကျွမ်းကျင်လာခဲ့ပါလျှင် လူအများ၏ သံသယကို လွယ်လွယ်ကူကူ နိုးထစေလိမ့်မည်။


သူမသည် ဝမ်စန်းအာနှင့် လေ့ကျင့်သင်ကြားနေချိန်မှာပင် သူမ၏ ခွန်အား အစစ်အမှန်ကို သူ့အား တစ်ခါမျှ မပြသခဲ့ပေ။


ဝမ်စန်းအာသည် ယခုနှစ်တွင် ၁၁နှစ်ရှိနေပြီဖြစ်‌ပြီး သူ့အရိုးများသည် ဖွံ့ဖြိုးနေဆဲ ဖြစ်သည်။ သို့သော်လည်း ဝက်ငယ်လေးအား သယ်ဆောင်ကာ နေစဉ်နှင့်အမျှ တောင်ပေါ်သို့ တက်လိုက်ဆင်းလိုက် လုပ်နေခဲ့သည့်အပြင် အာဟာရ ပြည့်ပြည့်စုံစုံ‌ လုံလုံလောက်လောက် ဖြည့်စွက်စားသောက်ရခဲ့သောကြောင့် သူသည် အမှန်တကယ်ပင် သိသိသာသာ အရပ်ရှည်ကာ သန်မာလာခဲ့သည်။ သူ့ခွန်အားသည် သက်တူရွယ်တူ ရွာသားလေးများထက် အလွန်ပိုကောင်းလာခဲ့သည်။ 


သူမ တီထွင်ဖန်တီးခဲ့သော သိပ္ပံနည်းကျ အခြေခံလေ့ကျင့်ခန်းများနှင့် အတူ ဝမ်စန်းအာ၏ ကြီးထွားလာမှုကို ပကတိ သာမာန်မျက်စိဖြင့် မြင်နိုင်ခဲ့သည်။ 


“မေမေရေ၊ ရွာမှာတော့ တစ်ခုခု ဖြစ်သွားပြီဗျို့။”


လီယောင်သည် ရှောင်စစ်၏အသံကို ကြားရသည့်အချိန်တွင် ဝမ်စန်းအာကို ဇီးပန်းပွင့်ပုံ ကွန်ဖူးတိုက်ကွက်များကို လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။


ကျူးယိုကွေ့သည် သူ့လယ်အား ရေသွင်းရန် ရေခိုးယူခဲ့ပြီး လူအုပ်လိုက်သင်းလိုက်ကလည်း သူ့အား ဝိုင်းဖမ်းကြမည့်ပုံပေါ်သည်ဟု  ကြားလိုက်ရသောအခါ လီယောင်သည် အိမ်ပြန်ကာ ဤအပျင်းပြေပျော်ရွှင်ဖွယ်ရာကို သွားကြည့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ 


ကျူးယိုကွေ့သည် ပထမဦးဆုံး ရွာသူကြီးက လူတိုင်းအား ရေတွင်းတစ်တွင်းတူးရန် စုစည်းခဲ့သည့်အခါ လူအင်အား ငွေအင်အား မပါဝင်ခဲ့ရုံသာမက ထိုနေရာတွင် အေးစက်စက် စကားလုံးများဖြင့် မဖွယ်မရာ အပြစ်တင်ဝေဖန်ခဲ့သည့် လူအမျိုးအစားပင် ဖြစ်သည်။ ယခုရေတွင်းပြီးမြောက်သွားသောအခါ သူသည်လည်း  ရေကို လာသုံးချင်နေခဲ့သည်။ ဤကမ္ဘာတွင် ဤသို့သော ကောင်းမွန်သည့် အရာ မရှိပေ။


သူမ ငန်းပေါက်ရေတွင်းသို့ ရောက်သောအခါ ဒါဇင်နှင့်ချီသော ရွာသူရွာသားများသည် ကျုးယိုကွေ့အား ထိုနေရာတွင် ဝိုင်းထားနေခဲ့ပြီဖြစ်သည်။


လူအုပ်ကြီး၏ ဝေဖန်အပြစ်တင်သံများကြားတွင် ကျုးယိုကွေ့သည် ရေနွေးပူကို မကြောက်သည့် ၀က်သေတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ လူတိုင်းက နည်းလမ်းမျိုးစုံဖြင့် သူ့အား အပြစ်တင်ဝေဖန်ခွင့်ပြုထားခဲ့ပြီး မပြောင်းလဲသည့် မျက်နှာအမူအယာဖြင့် လုံး၀ မတုန်မလှုပ် ရှိနေခဲ့သည်။


“ကျူးယိုကွေ့၊ မင်းက အစတုန်းကကျတော့ ဘာမှ မလုပ်ခဲ့ဘူး။ အခု ရေသုံးဖို့ကျတော့ ရဲတင်းတယ်ပေါ့လေ။”


“ဘာလို့ ငါက မသုံးရမှာလဲ။” ကျူးယိုကွေ့က ပြောခဲ့သည်။ “ဒါက ရွာက ရေတွင်း၊ မင်းရေတွင်းမဟုတ်ဘူး။ ဘယ်လိုအကြောင်းကြောင့် မင်းက ငါ့ကို သုံးခွင့်မပြုရတာတုန်း။”


“ဟေ့၊ ရွာလူကြီးက အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ ငွေအား လူအား မပါဝင်ထားတဲ့ ဘယ်မိသားစုမဆို နောက်ကျရင် ရေသုံးခွင့် ပြုမှာ မဟုတ်ဘူးတဲ့လေ။”


ကျူးယိုကွေ့သည် မထီမဲ့မြင်ပြုသည့် အကြည့်တချက်ကို ပြကာ ပြောခဲ့သည်။ “အခု ငါသုံးတော့ ဘာဖြစ်လဲ။ မင်းတို့ ဘာလုပ်နိုင်သေးလို့လဲ။ ငါ့ကို ရေပြန်ထည့်ခိုင်းလို့မလို့လား။ မင်းတို့လုပ်စေချင်ရင် ငါ ရေတွင်းထဲကို သေးသွားပေါက်ပေးမယ်။”


“မင်း.. လုပ်ရဲလား။”


“ဒါမှမဟုတ် ငါ အခုပဲ သေးပန်းလိုက်ရတော့မလား။”


အလွန်အရှက်ကင်းမဲ့လှသည့် သူ့ကို မြင်သောအခါ ရွာသားငယ်လေးများတစ်ချို့သည် တကယ်ကို သည်းမခံနိုင်ကြဗတာ့ပေ။


သွေးဆူနေသည့် ဝမ်ယွမ်ပန်းသည် ကျုးယိုကွေ့ထံသို့ အရင်ဆုံး ပြေးသွားခဲ့သည်။


“မင်း သတ္တိရှိရင် သွားပန်းစမ်း။ ငါ မင်းကို ပျော့ဖတ်သွားအောင် မရိုက်နိုင်ဘူးလား ကြည့်ရအောင်လို့။”


“အဲဒါဆို ငါအခု သွားပန်းလိုက်မယ်။”


ပြောရင်းဆိုရင်းနှင့် ကျူးယိုကွေ့သည် အမှန်တကယ်ပင် ရေတွင်းသို့ လျှောက်သွားကာ လူဒါဇင်ပေါင်းရှေ့တွင် သူ့ဘောင်းဘီအား စချွတ်ခဲ့ကာ စောင့်ကြည့်ရန် လာနေကြသည့် အမျိုးသမီးများကို ထိတ်လန့်သွားစေခဲ့ပြီး သူမတို့၏ခေါင်းများကို အလျင်အမြန် လှည့်သွားစေခဲ့သည်။


ကျူးယိုကွေ့တစ်ယောက် အလွန်တရာ အရှက်မဲ့သည်ကို မြင်သောအခါ ဝမ်ယွမ်ပန်းသည် သူ့အား ကော်လံမှဆွဲကိုင်ကာ တစ်ချက်တည်းနှင့် ပင့်မြှောက်ခဲ့သည်။


နှစ်နှစ်တိုင်တိုင် ဆိပ်ကမ်းတွင် အလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင်ခဲ့သည့်အတွက် သူ့ခွန်အားသည် သာမာန်လူများထက် သာလွန်နေခဲ့ပါသည်။ သူသည် ကျူးယိုကွေ့အား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကိုင်ပေါက်ခဲ့သည်။


ဗုန်း…


မြေပြင်ပေါ်သို့ အပြင်းအထန် ကိုင်ပေါက်ခံရသည့်အတွက် ကျူးယိုကွေ့သည် ကြယ်များကို မြင်ခဲ့ရပြီး ရူးမိုက်ကာ စဉ်းစားဉာဏ်ကင်းမဲ့သည်အထိ အရိုက်ခံခဲ့ရသည်။


ပတ်ဝန်းကျင်တွင် လူများစွာ ရှိနေခဲ့ပြီး သူသည်လည်း ဝမ်ယွမ်ပန်းနှင့် မယှဉ်နိုင်ကြောင်း သိသောအခါ ကျူးယိုကွေ့သည် မြေပြင်ပေါ်တွင် ရိုးရိုးရှင်းရှင်းသာ စတင်ညည်းတွားခဲ့သည်။


“အားရိုး..… မင်းက ငါ့ကို သေအောင် ရိုက်နေတာလား။”


“ရွာလူကြီး၊ မြန်မြန်လာပါဦး။ ဒီမှာ တစ်ယောက်ယောက်က ကျုပ်ကို သေအောင်ရိုက်ချင်နေတယ်။”


…………………………………


“ရွံစရာကောင်းလိုက်တာ။ မင်းက သေအောင် အရိုက်ခံရဖို့ ထိုက်တန်တယ်လေ။”


“သူလို ဆန်ကုန်မြေလေး ရွာမှာ ကျန်နေရင် ဒုက္ခတွေပဲ ယူလာလိမ့်မယ်။ သူ့ကို ရွာပြင်ကို မောင်းထုတ်ကြစို့။”


“ဟုတ်တယ်။ သူ့ကို ဟဲဝမ်ရွာကနေ မောင်းထုတ်လိုက်။”


“နှင်ထုတ်လိုက်။”


တစ်ဦးတစ်ယောက်မှ ဤသို့လူစားမျိုးကို စာနာသနားလိမ့်မည် မဟုတ်ပေ။ သူတို့အားလုံးသည် သူ့အား အော်ဂလီဆန်စရာအဖြစ် ကြည့်ရှုနေခဲ့ကြသည်။


ဤလူသည် တစ်ခါတရံ ကြက်များ ခွေးများကို ခိုးကာ ပြဿနာများကိုရှာပြီး ပျင်းရိလေ့ ရှိသည်။ လူတိုင်းက သူ့အား စိတ်ကုန်နေခဲ့ပြီ ဖြစ်သည်။


သို့သော် ကျူးယိုကွေ့သည် ဟဲဝမ်ရွာမှ ရွာသားတစ်ဦးအနေ‌ဖြင့် စာရင်းတွင် ရေးသွင်းထားသည့်အတွက် သူ့အား ရွာမှ နှင်ထုတ်ရန် ရွာလူကြီးမှ ပါဝင်ရမည်ဖြစ်သည်။


အကြောင်းမသင့်စွာပင် ဤရက်ပိုင်းတွင် ရွာလူကြီးသည် တခြားရွာများတွင် ရေတွင်းတူးရန်အတွက် ခရိုင်တရားသူကြီးနှင့်အတူ ရှိနေခဲ့ပါသည်။


ထိုအချိန်တွင် တစ်ယောက်ယောက်က လီယောင် ရောက်ရှိလာခဲ့သည်ကို မြင်ခဲ့ပြီး ရုတ်တရက် မျှော်လင့်ချက်ရှိသွားသကဲ့သို့ ခံစားခဲ့ရသည်။ “ယောင်းမလီ ဒီမှာ ရောက်လာပြီဟေ့။”


“ဒေါ်လေးလီ၊ ဒီကျူးယိုကွေ့က တကယ်မုန်းဖို့ကောင်းတယ်။ ကျွန်မတို့အားလုံး သူ့ကို ဟဲဝမ်ရွာကနေ နှင်ထုတ်လိုက်ချင်တာ။ အဲဒါ လုပ်လို့ရလား။”


“အစ်မလီ၊ ဒီကောင်က အရင်တုန်းက နင့်ကို မကြာမကြာ ဆန့်ကျင်နေတာလေ။ အစ်မ သနားလို့ မရဘူးနော်။”


လီယောင်သည် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။


လူတစ်ယောက်ကို ရွာမှ နှင်ထုတ်ရန် ဆုံးဖြတ်ဖို့ရာတွင် သူမအပေါ် မူတည်နေခဲ့လို့လား။


တရားဝင် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မဆိုပါနှင့်။ ရွာလူကြီးသည် ရွာ၌ မရှိသေးပေ။


ရွာတွင် သူမ၏ အခြေအနေသည် ရွာလူကြီးအား ခြိမ်းခြောက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်ဟု မြင်ရသည်။ ၎င်းသည် လုံး၀ မကောင်းပေ။


“ဒီကိစ္စနဲ့ ပတ်သက်ရင် ရွာသူကြီးကိုပဲ ပြောကြပါ။ ကျွန်မက ဒီက စိတ်လှုပ်ရှားစရာတွေကိုပဲ လာကြည့်တာပါ။”


လီယောင်သည် ဤအရေးမပါလှသည့် ကိစ္စတွင် မပါဝင်ချင်သည်ကို မြင်လိုက်ရသောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျူးယိုကွေ့သည့် သူ့နှလုံးသားထဲတွင် ရုတ်တရက် ဝမ်းသာလာခဲ့သည်။


ယခင်က သူသည် ရွာက တစ်ဦးတစ်ယောက်ကိုမှ မကြောက်ခဲ့ပေ။ ယခုအခါ လီယောင်အား ကြောက်ရွံ့နေခဲ့ပြီး ၎င်းမှာ အမုန်းတရားများ ရောထွေးနေသည့် အကြောက်တရား ဖြစ်သည်။ ဤအမျိုးသမီးသည် သူ့အား အမှန်တကယ်ပင် ပြင်းပြင်းထန်ထန် ရိုက်နှက်ရန် သတ္တိရှိသည်။ ထို့အပြင် ခရိုင်တရားသူကြီးမင်းက သူမအား အမည်နှင့်တကွ တွေ့ဆုံရန်ပင် တောင်းဆိုခဲ့သည်။ ထို့ကြောင့် သူသည် သူမအား ရန်မစဝံ့ပေ။


လီယောင် ကြားမဝင်နေသရွေ့ သူအား မည်သူမှ တစ်စုံတစ်ရာ ပြုလုပ်နိုင်မည် မဟုတ်ပေ။


လီယောင်သည် ကြားဝင်စွက်ဖက်ရန် ဆန္ဒမရှိသည်ကိုမြင်သောအခါ လူများသည် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ ထိုစဉ် လီယောင်က ရုတ်တရက် မေးခဲ့သည်။ “သူ့ကို ဘယ်သူရိုက်တာလဲ။”


“အဲဒါက…. အဲဒါက ကျွန်တော်ပါ။”


ဝမ်ယွမ်ပန်းသည် အိမ်ပြန်ရောက်သည်မှာ ရက်အနည်းခန့်သာ ကြာနေသေးသော်လည်း တိုင်းတာနိုင်သည်ထက် ကျော်လွန်စွာပင် အထင်ကြီးလောက်စေသော လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် သူ့မရီး လီယောင်အကြောင်းကို သိခဲ့သည်။


လီယောင် မျက်မှောင် အနည်းငယ် ကြုတ်နေသည်ကို မြင်သောအခါ သူ တစ်ခုခု အမှားလုပ်မိခဲ့ပြီဟု တွေးမိကာ သူ့စိတ်နှလုံးသားထဲတွင် အနည်းငယ် မသက်မသာ ခံစားခဲ့ရသည်။


မမျှော်လင့်ထားပဲ လီယောင်က နောက်တစ်ခေါက် ထပ်မေးခဲ့သည်။ “မင်း ဘာဖြစ်လို့ သူ့ကို ဒီလောက် သာသာလေး ရိုက်ရတာလဲ။”


“ဟမ်…”


ဝမ်ယွမ်ပန်းသည် ကြက်သေသေသွားခဲ့သည်။


သူ့မရီးက သူ့အား ပို၍ ပြင်းပြင်းထန်ထန် ရိုက်ဖို့ ဆိုလိုနေတာလား။


သူ့မရီးဖြစ်ဖို့ ထိုက်တန်လှပေသည်။


“ဒါဆို ကျွန်တော် သူ့ကို နောက်ထပ် နည်းနည်းလောက် ထပ်ရိုက်လိုက်မယ်။”


ဝမ်ယွမ်ပန်းသည် ပြောကာ ကျူးယိုကွေ့အား နောက်တစ်ကြိမ် ဆွဲထူခဲ့ပြီး သူ့၏မျက်နှာကို အကြိမ်ပေါင်းများစွာ လက်သီးဖြင့် ထိုးခဲ့သည်။


ယခုတစ်ခါက်တွင် ကျုးယိုကွေ့သည် အမှန်တကယ်ပင် ဆိုးဆိုးဝါးဝါး အရိုက်ခံခဲ့ရသည်။ သံချောင်းကဲ့သို့ မာတောင်နေသည့် သဲအိတ် အရွယ်အစား လက်သီးချက်များသည် သူ့အား ထိမှန်သောအခါ  သူ့အား မူးဝေရူးကြောင်သွားစေပြီး သူ့နှာခေါင်းများမှလည်း သွေးများ ထွက်လာခဲ့သည်။ 


အဆုံးတွင် သူသည် မျက်လုံးများကို ရိုးရိုးရှင်းရှင်း မှိတ်ခဲ့ပြီး သေသွားသကဲ့သို့ ဟန်ဆောင်ရန် မြေကြီးပေါ်တွင် လှဲနေခဲ့သည်။ 


“နင် ဘာလုပ်တာလဲ။”


ရုတ်တရက် အော်သံတစ်ခု ပေါ်ထွက်လာပြီး ကျူးယိုကွေ့၏ မိခင်သည် လူအုပ်ကြားထဲမှ တိုးဝှေ့ကာ ထွက်လာကာ ကျုးယိုကွေ့သည် သေလုနီးပါး အရိုက်ခံထားရသည်ကို မြင်သောအခါ သူမသည် ချက်ချင်းဆိုသလိုပင် လည်ချောင်း ပေါက်ပြဲသွားလောက်သည်အထိ ဖွင့်ကာ  ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။ 


“အိုး.. ကောင်းကင်ဘုံ၊ ကမ္ဘာကြီးက ဘာတွေဖြစ်လာရတာတုန်း။”


“နေ့ခင်းကြောင်တောင်ကြီးမှာတောင် လုယက်ပြီး လူသတ်မှု ကျူးလွန်နေကြတယ်။”


“ငါမှာ ဒီသားလေး တစ်ယောက်တည်း ရှိတာပါ။ အခု သူ ဒီလို အရိုက်ခံနေရတော့ ငါတို့က ဘယ်လိုများ နေထိုင်ရမှာတုန်း။”


“ငါတို့လည်း ကြိုးတစ်ချောင်းယူပြီး ဒီရေတွင်းမှာ ကိုယ့်ဖာသာကိုယ် လာချိတ်ဆွဲပြီး ကြိုးဆွဲပဲ ချသေလိုက်တော့မယ်။”


…………………………………


ငိုယိုကာ သက်သေမည်ဟု ခြိမ်းခြောက်ရင်း ဇာတ်လမ်းရိုက်နေသည့် ဤအဖွားအိုသည် အလွန်ပင် ကျွမ်းကျင်လှပေသည်။


ယခင်က သူမ၏ အသက်အရွယ်ကြောင့် ရွာသူရွာသားများသည် သာမာန်အားဖြင့် ဤအခြေအနေအောက်တွင် သူမကို ဆန့်ကျင်ကာ အပြစ်မတင်ကြတော့ပေ။ ထို့ကြောင့် ရွာသူရွာသားများ အားလုံးသည် နေ့လည်စာချက်ရန် အိမ်ပြန်ဖို့ ပြင်ဆင်ခဲ့ကြသည်။ 


ကျူးယိုကွေ့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သူတို့သည် ရွာလူကြီး ပြန်လာသည်အထိ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။


ထိုသို့ လူစုကွဲခါနီးအချိန်တွင် လီယောင်သည် ဝမ်ရှောင်စစ် ပေးသည့် ကြိုးကို ယူကာ ကျုးယိုကွေ့တို့သားအမိရှေ့တွင် ဗြုန်းကနဲ ပစ်ချပေးခဲ့သည်။ 


“ရှင်တို့ ကြိုးဆွဲချမလို့ မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မမှာလည်း ကြိုးတစ်ချောင်း ရှိတယ်။ ကျွန်မ ရှင်တို့ကို ငှားပေးပါရစေ။ ”


ကျူးယိုကွေ့၏ အမေအိုကြီးသည် ကြက်သေ သေသွားခဲ့သည်။ ဘာတွေဖြစ်ကုန်ရတာတုန်း။


ယခင်က သူမသည် ဤလှည့်ကွက်သာလျှင် လိုအပ်ပြီး မည်သူမှ သူမအား ဆက်လက် မနှိပ်ကွပ်ရဲကြတော့ပေ။ သို့သော် ယနေ့တွင် လီယောင်သည် သူမအား ကြိုးတစ်ချောင်း ငှားပေးနေပါ့လား။


“နင်.. နင်မှာ ဒီလိုတောင် ဆိုးယုတ်တဲ့ နှလုံးသားရှိတယ်။ နင် ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ။ ”


“ကျွန်မက ဘယ်လိုလုပ် ရက်စက်ဆိုးယုတ်ရမှာလဲ။” လီယောင်က ရယ်ခဲ့သည်။ “ကျွန်မက ကြင်နာတတ်ပါတယ်။ တော်တို့အိမ်က ကြိုးက လုံလုံလောက်လောက် မခိုင်ပဲ တဝက်တပျက်နဲ့ ပျက်ကျသွားမှာစိုးလို့လေ။ နောက်မှ သေဖို့ မအောင်မြင်ပဲနဲ့ မသက်မသာနဲ့ ရှင်သန်ခံစားနေရဦးမယ်။ ”


“နင်… နင်..”


ကျုးယိုကွေ့၏ အမေအိုကြီးသည် အလွန်ဒေါသထွက်ကာ မျက်နှာလည်း ဖြူဖျော့သွားခဲ့သည်။ တခြားရွာသူရွာသားများကလည်း သူတို့၏ စိတ်နှလုံးသားများထဲတွင် အားပေးခဲ့သည်။ 


ယခုအခါသည် ဤသားအမိကို ပြောဆိုဆက်ဆံရမည့် အချိန်ဖြစ်ပြီး အသင့်တော်ဆုံးသူမှာလည်း သဘာ၀အတိုင်း လီယောင်သာလျှင် ဖြစ်သည်။


“ဘာလဲ။ မသေချင်ကြတော့ဘူးလား။” ဟု လီယောင်က မေးခဲ့သည်။


“ဟမ့်။ ငါ့ဖာသာငါ သေသေ ရှင်ရှင် အဲဒါ နင်နဲ့ ဘာဆိုင်နေလို့တုန်း။”


“အဲဒါက ကျွန်မအတွက် အရေးမပါပါဘူး”ဟု လီယောင်က ပြောခဲ့သည်။  “ဒါပေမဲ့ ရှင်တို့ ဒီရေတွင်းထဲက ရေခိုးတာကကျတော့ ကျွန်မကိစ္စဖြစ်သွားပြီ။”


“ဒီတွင်းက နင်ပိုင်တာ မဟုတ်ဘူး။”


လီယောင်သည် ခြေတစ်လှမ်း ရှေ့တိုးခဲ့ပြီး အေးစက်စွာ ပြောခဲ့သည်။ “ဒီရေတွင်းက ကျွန်မ တူးထားတာ။ ဒီရေတွင်းကို တူးဖို့အတွက် ပိုက်ဆံကိုလည်း ကျွန်မ ပေးထားတာ။ ရေတွင်းအတွင်းအပြင် မျက်နှာပြင်ကိုလည်း ကျွန်မပဲ အကုန်အကျခံပြီး ပေးထားတာ။ အဲဒါကြောင့် ဒီရေတွင်းက ကျွန်မပိုင်တာလို့ အခုပြောရင် ဘယ်သူက ကန့်ကွက်မှာလဲ။”


“ဟုတ်တယ်။ ဒီရေတွင်းကို ပိုင်တာက ယောင်းမလီပဲ။”


“အစက ဒေါ်လေးလီနာမည်တောင် ပေးမလို့။ သူက ဒါကို နာမည်ကောင်းမယူခဲ့ချင်လို့လေ။”


“ရှင်တို့ အဲဒါကို ကြားလား။” လီယောင်၏ စကားလုံးများသည် ရက်စက်လွန်းလှသည်။ “ဒါက ငါ့ရေတွင်း၊ အဲဒါကြောင့် ငါ့ခွင့်ပြုချက်မရှိပဲ ရှင်တို့ ရေတစ်ပေါက်မှ ရမှာ မဟုတ်ဘူး။ ရှင်တို့ နောက်တစ်ခါ ထပ်ခိုးဖို့ သတ္တိရှိခဲ့ရင်လည်း မယဉ်ကျေးလို့ ကျွန်မကို အဆိုးမဆိုနဲ့တော့။”


ကျုးယိုကွေ့၏ မိခင်အိုကြီးတွင် ပြောစရာ မရှိတော့ပေ။


တခြားသူများရှေ့တွင် သူမသည် လူအိုကတ်ကို သုံးကာ ၀ုန်းဒိုင်းကြဲကာ ပြဿနာများရှာနိုင်ခဲ့သော်လည်း ဤလီယောင်သည် သူမ ပြဿနာရှာချင်သည်ထက်ပင် ဆယ်ဆပင် ပို၍ပြင်းထန်နေခဲ့သည်။ 


သို့သော် သူမတို့ ရေမသုံးရပါက နောက်နှစ် ဘာစားရလိမ့်မည်နည်း။


ထို့ကြောင့် သူမသည် စိတ်ကူးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး မျက်ရည်စီးကြောင်းနှစ်ခုသည် သူမ၏ မျက်နှာပေါ်တွင် ချက်ချင်း ကျဆင်းလာခဲ့သည်။


“ဒီအမေနဲ့ ဒီသားကို ငတ်ပြီး သေအောင်လို့ နင် ဘယ်လိုများ ကြည့်နေနိုင်ရတာလဲ။ နင် ဘာလို့များ ဒီလောက် အကြင်နာမဲ့နိုင်ရတာလဲ။ ”


လီယောင်သည် အေးစက်စက် ရယ်မောခဲ့ပြီး ပြန်ပြောခဲ့သည်။ “ကျွန်မတို့တွေ ရေတွင်းတူးတုန်းက ရှင်တို့တွေ ဘာလုပ်နေခဲ့တာလဲ။ ကျွန်မက ရှင်တို့ကို လာခွင့်မပေးလို့လား။ ရွာလူကြီးက လာခွင့်မပြုလို့လား။ ဒါမှမဟုတ် တခြားရွာသူရွာသားတွေက လာခွင့်မပေးလို့လား။ ကံကောင်းမှုကို မျှော်လင့်ဖို့တောင် ရှင်တို့က ဘာမှ မလုပ်ချင်ခဲ့ကြဘူးလေ။ ပြောပါဦး။ ဒီကမ္ဘာမှာ ဒီလိုကောင်းမွန်တဲ့ ကိစ္စရပ်မျိုး ဘယ်နားမှာ ရှာတွေ့နိုင်သေးလဲလို့။ ရှိတယ်ဆို ကျွန်မလည်း သွားရှာချင်မိပါရဲ့။”