အခန်း (၄၉) - နှစ်ချက်မျှ အရိုက်ခံရပြီးနောက် အေးဆေးဖြစ်သွားမည်။
“မသွားဘူး။”
လီယောင်သည် ဝမ်စန်းအာကို ပြန်ခေါ်လာခဲ့သည့်အချိန်ထိ ထိုညနေခင်းတွင် ရွာလူကြီးသည် သူတို့အား ခြံထဲတွင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ခရိုင်တရားသူကြီးမင်းအား သွားတွေ့ရန် သူ ကြားနားခဲ့ရကြောင်း လီယောင် ကြားသိခဲ့ရသည်နှင့် တစ်ပြိုင်နက် သူမသည် တစက္ကန့်မျှ မစဉ်းစားပဲ ငြင်းပယ်ခဲ့သည်။
“လီယောင်” ဝမ်ကျားဖူသည် လေးလေးနက်နက် ပြောခဲ့သည်။ “အခု ခရိုင်တရားသူကြီးမင်းကို အလေးပေးရမယ့်အကြောင်းကို မပြောနဲ့ဦး။ ဒါပေမဲ့ သူက အရာရှိ၊ ငါတို့က သာမာန်ပြည်သူတွေလေ။ သာမာန်ပြည်သူတွ်အနေနဲ့၊ အရာရှိတွေကို ဘယ်လို့လုပ် မနာခံလို့ ရမှာလဲ။”
လီယောင်သည် စိတ်အတွင်းထဲတွင် သက်ပြင်းချခဲ့သည်။ ဤလူမှုအသိုင်းအဝိုင်းစနစ်နှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် အဖြစ်ဆုံး ကိစ္စမှာ ဤဟာပင် အတိအကျဖြစ်သည်။
လူတိုင်းအား လူတန်းစားအမျိုးမျိုးနှင့် အဆင့်အတန်း ခွဲခြားရမည် ဖြစ်သည်။
အောက်ခြေရှိ လူတန်းစားများကလည်း ယင်းကို ပုန်ကုန်ရန်အတွက် သတ္တိရှိသည့်ပုံမပေါ်ကြပေ။ “လူတစ်ယောက်သည် ပို၍ ရည်ရွယ်ချက် ကြီးကြီးမားမား ထားသင့်သည်”ဆိုသည့် ရဲရင့်သော စိတ်ဝိဉာဏ်ကို အနည်းငယ်မျှ မမြင်တွေ့ခဲ့ရပေ။
“အဲလိုဆိုလည်း ဝမ်အာကို သွားခိုင်းလိုက်မယ်။”ဟု သူမကပြောခဲ့သည်။
“နင်ကိုယ်တိုင်သွားတော့ ပိုကောင်းတာပေါ့။”
“ကျွန်မ နေမကောင်းဘူး”ဟု လီယောင်က ပြောခဲ့သည်။ “တောင်ပေါ်က လေအေးတွေကြောင့် ဒီနေ့ ကျွန်မ အအေးမိသွားတယ်။ ကျွန်မ အိပ်ယာထဲမှာ အနည်းဆုံး ၁၀ရက်ကနေ လတစ်ဝက်လောက် နေရမှာ။ ခရိုင်တရားသူကြီးမင်းက စောင့်နိုင်တယ်ဆိုရင် ကျွန်မ သက်သာတာနဲ့ သူ့ကို သွားတွေ့လိုက်ပါမယ်။”
ဝမ်ကျားဖူ၏ ပါးစပ်များ တွန့်သွားခဲ့သည်။ ဒါ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ ဖျားနာမှုမျိုးပါလိမ့်။ သို့သော် လီယောင်သည် မသွားနိုင်ဟု ခိုင်ခိုင်မာမာ ပြောဆိုနေသည့်အတွက် သူသည် သူမအတွက် လိမ်ညာရန်မှတပါး ရွေးချယ်စရာ မရှိပေ။ ကံကောင်းထောက်မစွာဖြင့် သူမသည် ဝမ်အာကို စေလွှတ်မည်ဟု ပြောခဲ့သဖြင့် သူကိုယ်သူအတွက် အကြောင်းပြချက် ပေးနိုင်နေသေးသည်။
ဝမ်အာသည် ဤတာဝန်အတွက် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။
ယခုတစ်ခေါက်သည် ယခင်တစ်ခေါက်နှင့် လုံး၀ ကွဲပြားခြားနားသည်။
ယခင်တစ်ခေါက်တွင် သူတို့သည် ရေတွင်းငယ်လေးကိုသာ တူးခဲ့ကြသည်။ ရေမရခဲ့ပါက အလွန်အရေးမကြီးပေ။ သို့သော် ဤတစ်ကြိမ်တွင် သူတို့သည် ရေတွင်းအကြီးကြီးတစ်တွင်း တူးကြရမည်ဖြစ်ပြီး ရက်ပေါင်းများစွာ တစ်ရွာလုံး၏ အားထုတ်မှုကို လိုအပ်ပေသည်။
သူတို့ ရေမရခဲ့ပါက ဆုံးရှုံးမှုသည် အလွန် ကြီးမားလိမ့်မည် ဖြစ်သည်။
“စိတ်မပူနဲ့။” ဟု လီယောင်က ပြောခဲ့သည်။ “တွင်းသေးလေးမှာတောင် ရေရှိတယ်ဆိုရင် တွင်းကြီးမှာလည်း မင်း သေချာပေါက် ရေရနိုင်တယ်။”
ဝမ်အာသည် ခေါင်းငြိမ့်ခဲ့ပြီး အလျင်အမြန် ထုပ်ပိုးခဲ့သည်။
လွီရှို့ချိုက်သည် ဝမ်အာတစ်ယောက် အနည်းဆုံး ၁၀ရက်မှ လတစ်ဝက်ခန့် ကြာအောင် ခရီးထွက်ခွာရမည်ဟု ကြားသောအခါ သူသည်လည်း အိမ်သို့ပြန်ကာ ပစ္စည်းတစ်ချို့ သွားထုပ်ပိုးခဲ့သည်။
အချိန်အတော်ကြာအောင် ဝမ်အာကို သင်ကြားပေးပြီးနောက် ဝမ်အာသည် အလားအလာကောင်းသော ပါရမီရှိသည်ကို သူနားလည်သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူ၏ သင်ကြားမှုကို နောက်ကျမခံနိုင်ပေ။ ထို့အပြင် သူသည် ရေတွင်းတူးသည့်အလုပ် လုပ်ရန် မလိုအပ်ပေ။ သူတို့အချိန်ရခဲ့ပါက သူ့အား ဖတ်စာတစ်ချို့ကို သင်ကြားပါက ပိုကောင်းပေလိမ့်မည်။
လီယောင်ကလည်း ယင်းကို မကန့်ကွက်ခဲ့ပေ။ သူမသည် နှစ်ယောက်စာအတွက် ရိက္ခာ အလုံအလောက် ပြင်ဆင်ထားခဲ့ပြီး ထူထဲသည့် ချည်စောင်တစ်ခုကိုလည်း ထုပ်ပိုးထားခဲ့သည်။ ယခုအခါ ညအပူချိန်သည် အနည်းငယ် အေးလာပြီ ဖြစ်သည်။ အရိပ်အာဝါသနှင့် အစားအသောက် မရှိပါက အအေးမိရန် လွယ်ကူပေလိမ့်မည်။
ရွာသူကြီးနှင့်အတူ ဝမ်အာသည် ခရိုင်တရားရုံးသို့ ထွက်သွားသည့်အခါ လီယောင်သည် အိမ်အသစ်ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ စစ်ဆေးရန် သွားခဲ့သည်။
အခြေခံအုတ်မြစ်များ အားလုံးကို ချထားခဲ့ပြီး ယခုအခါ အခြောက်ခံနေဆဲ ဖြစ်သည်။ ရွာသား တစ်ဒါဇင်ကျော်ခန့်သည် တောင်ခြေမှ အုတ်ခဲများကို သယ်ကူနေခဲ့ကြပြီး အုတ်ပုံ အကြီးကြီး စုပုံနေခဲ့ပြီ ဖြစ်သည်။
ဤလူကြီးများအားလုံးသည် လီယောင် ခေါ်ထားခြင်း မဟုတ်ပေ။ သူမ ရေပြတ်လပ်မှု ပြဿနာဖြေရှင်းပြီးနောက် စေတနာအလျောက် လာရောက်ကူညီကြများ ဖြစ်ကြသည်။ မနေ့က လူကြီးများကို သူတို့လုပ်အားခ ပေးချင်ခဲ့သော်လည်း မည်သူမှ ပိုက်ဆံကို လက်မခံခဲ့ကြချေ။
၎င်းမှာ မသင့်တော်ပေဟု လီယောင်သည် ခံစားခဲ့ရသည်။
အရာအားလုံးသည် သီးခြား ဖြစ်သင့်သည်။ သူမသည် ရေတွင်းတူးကာ မိုးခေါင်မှုကို တွန်းလှန်ခဲ့ပြီး ထို့အတွက် ခရိုင်တရားသူကြီးမင်းမှ သူမအား ငွေချောင်း ၅၀ ဆုချီးမြှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ရွာသူရွာသားများ၏ သေးငယ်သော မျက်နှာသာပေးမှုကို လုံး၀ အခွင့်ကောင်းယူလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူမသည် ဝမ်ရှောင်စစ်ကို လူကြီးများနှင့်အတူ စျေးသို့သွားရန် တောင်းဆိုခဲ့ပြီး အရည်အသွေးမြင့် ဝက်သား ကျင်းအနည်းငယ်ကို ဝယ်စေခဲ့ကာ ဟင်းလျာအိုးကြီးနှစ်အိုးကို ချက်ခဲ့ပြီး အဖြူရောင် ပေါက်စီကြီးများကိုလည်း ပေါင်းခံခြင်းတောင်းများဖြင့် ပေါင်းခဲ့သည်။
မွန်းတည့်ချိန်တွင် လာရောက်ကူလုပ်နေကြသည့် ရွာသားများသည် နေ့လည်စာစားရန် အိမ်သို့ပြန်ခါနီးအချိန်၌ အသားဟင်းရနံ့များကို ရုတ်တရက် အနံ့ရလာခဲ့ကြသည်။
ဝမ်ရှောင်စစ်နှင့် ဟဲရှောင်ယာတို့သည် လှည်းပေါ်တွင် ဟင်းအိုးကြီးနှစ်လုံးနှင့် ပေါင်းခံခြင်းတောင်းကြီးများကို သယ်လာခဲ့ကြသည်။
“လူတိုင်း လာစားကြပါဦး။”
အဖြူရောင် ပေါက်စီလုံးကြီးများကို ကြည့်ကာ မွေးပျံနေသည့် အသားနံများကို အနံခံရင်း ရွာသားတစ်ဒါဇင်ကျော်သည် တံတွေးများ မယိုပဲ မနေနိုင်ခဲ့ပေ။ သို့သော် လူတိုင်းသည် အုတ်ခဲများကို ကူသယ်ပေးပြီး လီယောင်ထံမှ ပိုက်ဆံ လုံး၀ လက်မခံကြဘူးဟု အစောပိုင်းက သဘောတူခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ဤအစားအစာကိုလည်း သေချာပေါက် မစားနိုင်ပေ။
“မင်းတို့အဖွားက ငါ့ကို အိမ်ပြန်ပြီး စားခိုင်းထားတယ်။”ဟု ဝမ်ယွမ်ပန်းက ပြောခဲ့သည်။ “မရီးရဲ့ ရက်ရောမှုကို အခွင့်ကောင်းယူခဲ့ရင် ငါ အိမ်ပြန်ရောက်ရင် အဆူခံရလိမ့်မယ်။”
ဝမ်ယွမ်ပန်းသည် လီယောင့်ခင်ပွန်းဖြစ်သူသည် ညီအငယ်ဆုံးဖြစ်ပြီး မိသားစုတွင်လည်း စတုတ္ထမြောက်သား ဖြစ်သည်။ သူသည် ယခုနှစ်တွင် ၁၇နှစ်ရှိပြီဖြစ်ပြီး အခုထိ ဇနီး မရှိသေးပေ။
သူသည် ယီကျိုးစီရင်စုဆိပ်ခံတံတားတွင် သူ၏ တတိယအစ်ကို ဝမ်ယွမ်ကောနှင့်အတူ အလုပ်ကြမ်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်နေခဲ့ကြသည်။ ယခုအခါ ဝမ်ယွမ်ကောသည် နောက်ထပ် အလုပ်ကြမ်း မလုပ်တော့ပဲ လီယောင်၏ ပျားဖယောင်းနှင့် တခြားပစ္စည်းများကို ဝယ်ယူမှုကို ကူညီကာ အဝယ်တော်အဖြစ် အသက်မွေးဝမ်းကြောင်းသူတစ်ယောက် ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဝမ်ယွမ်ပန်းသည်လည်း အလုပ်ကြမ်းကို မလုပ်ချင်တော့ပေ။ သူသည် ပြန်လာပြီး သူ့မရီး လီယောင်အတွက် အလုပ်လုပ်ချင်နေခဲ့သည်။
သူပြန်လာခဲ့သည်မှာ ရက်အနည်းငယ်ခန့် ရှိနေခဲ့ပြီဖြစ်ပြီး လီယောင့်မျက်နှာအား အခုထိတိုင် မတွေ့ရသေးပေ။
“စတုတ္ထဦးလေး၊ အရမ်းမယဉ်ကျေးနေပါနဲ့တော့။”ဟု ဟဲရှောင်ယာက ပြောခဲ့သည်။ “ဒါက ထမင်းတစ်နပ်ပါပဲ။ ဒါက ဘယ်လိုလုပ်ပြီး အခွင့်ကောင်းယူတာ ဖြစ်မှာလဲ။ ဒါ့အပြင် ဦးလေးတို့အားလုံးက ကျွန်မတို့မိသားစုကို အခကြေးငွေ မယူပဲ ကူညီဖို့ လာခဲ့ကြတာလေ။ ကျွန်မတို့က ထမင်းတောင် မပေးဘူးဆိုရင် တခြားသူတွေက ကျွန်မတို့ကို ဘာပြောကြမှာလဲ။ ကျွန်မအမေက ပြောလိုက်တယ်။ ဒီထမင်း မစားဘူးဆိုရင် နောက်လည်း ကျွန်မတို့မိသားစုကို လာမကူနဲ့တဲ့။”
လူတိုင်းသည် ဘာလုပ်ရမှန်း မသိကြပဲ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဝမ်ယွမ်ပန်းကိုသာ ကြည့်နေခဲ့ကြသည်။ သူသည် ဤနေရာတွင် လီယောင်နှင့် သွေးအနီးဆုံးဖြစ်သောကြောင့် ဖြစ်သည်။
ဝမ်ယွမ်ပန်းသည် ဤအစားအသောက်ကို အမှန်တကယ်ပင် စားချင်ခဲ့သည်။ ဒီ့အပြင် ၎င်းသည် စားသောက်ဆိုင်ရှိ အစားအသောက်များထက် အနံ့အလွန်ကောင်းလှသည်။ ဆိပ်ကမ်းတွင် အလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင်နေခဲ့စဉ် တစ်လလျှင် သူ ဝမ် ၇၀-၈၀သာလျှင် ရရှိခဲ့သည်။ ဘယ်လိုလုပ် အပြင်ထွက်စားဖို့ တတ်နိုင်လိမ့်မည်နည်း။
“ကဲ… ကောင်းပြီ။ အဲလိုဆိုလည်း စားကြစို့ကွာ။” ဝမ်ယွမ်ပန်းသည် သူ့စိတ်ထဲတွင် ဆုံးဖြတ်ခဲ့သည်။ သူပြန်သွားသည့်အခါမှ အဆူသာ ခံလိုက်တော့မည်။ အနည်းဆုံး သူ့ဗိုက်အား အရင်အပြည့်ဖြည့်လိမ့်မည် ဖြစ်သည်။
သူ သဘောတူသည်ကို မြင်လိုက်သောအခါ တခြားသူများကလည်း မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သူတို့၏လက်များကို သူတို့အဝတ်အစားများနှင့် သုတ်ကာ ဟင်းပွဲနှင့် ပေါက်စီများကို ခွဲဝေရန် အလုပ်ရှုပ်နေခဲ့ကြသည်။
ယနေ့ဟင်းလျာများကို ချက်ပြုတ်သူမှာ ဟဲရှောင်ယာဖြစ်သည်။
တမျိုးမှာ ဝက်သားကြက်သွန်ဖူးကြော်ဖြစ်ပြီး နောက်တစ်မျိုးမှာ သုံးထပ်သား ဝက်ဗိုက်သားကို လှီးပြီး မွှေကြော်ထားသည် ဝက်သားကြော်ဖြစ်သည်။ ဝက်သားကြက်သွန်ဖူးကြော်သည် ဝက်သားကို ပါးပါးသေးသေး အမြှောင်းလေးများ လှီးပြီးနောက် ပြုတ်ခဲ့ပြီး ဆော့စ်များများ ထည့်ကာ မွှေကြော်ပုံစံကဲ့သို့ ကြော်ထားခဲ့သည်။ နောက်ဆုံးတွင် နူးညံ့သည့် ကြက်သွန်ဖူးလေးများကို အဆုံးသတ်အနေဖြင့် ထည့်ထားခဲ့သည်။ ဝက်ဆီ၏ မွေးပျံ့သည့် ရနံနှင့် ဤသို့သော အရသာကို မည်သူများ ခုခံနိုင်မည်နည်း။
အထူးသဖြင့် အသားဟင်းများကို စားရခဲပြီး တစ်နှစ်ပတ်လုံး အလုပ်ကြမ်းလုပ်နေကြသည့် ရွာသားများအတွက် အဆီများသော်လည်း ချွဲကျိကျိ မဖြစ်နေသည့် ဝက်သား တစ်ဖတ်သည် သူတို့ပါးစပ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် အံဩဖွယ်ကောင်းလှသည့် နူးညံမှုနှင့် ဝါးရသည့်ခံစားချက်သည် သူတို့၏ စိတ်ဝိဉာဏ်အား သူတို့ခန္ဓာကိုယ်ထဲမှ ထွက်သွားအောင် ပြုလုပ်နိုင်ခဲ့ပါသည်။
တခြားဟင်းတစ်မျိုးသည် ဂေါ်ဖီထုပ်ကြော်ဖြစ်ပါသည်။
ဂေါ်ဖီထုပ်သည် တွေ့နေကြဖြစ်ပြီး လူနည်းစုကသာ ၎င်းကို နှစ်သက်ကြသည်။
အဘယ်ကြောင့်ဆိုသော ဂေါ်ဖီထုပ်တွင် ဆီ သို့မဟုတ် အရည် မပါဝင်သောကြောင့် ချက်ပြုတ်သည့်အခါ ၎င်းသည် နူးအိသွားပြီး အလျင်အမြန် အစာကြေသွားနိုင်သည်။
သို့သော် ဟဲရှောင်ယာ၏ ဂေါ်ဖီထုပ်သည် ထူးခြားသည်။ သူမသည် ၎င်းကို ရေနှင့် မပြုတ်ပဲ မီးပြင်းပြင်းတွင် ၎င်းကို ကြော်ရန် ဆီအမြောက်အမြား အသုံးပြုခဲ့သည်။ ထို့အပြင် မီးဖိုမှ မချမီ ဝက်ဆီဖတ်များကိုပါ ထည့်ခဲ့သည်။
ဤနည်းလမ်းဖြင့် ချက်ထားသည့် ဂေါ်ဖီထုပ်ကြော်သည် ကြွပ်ရွလတ်ဆတ်ကာ နူးညံ့နေခဲ့ပြီး ဝက်ဆီ၏ မွေးရနံ့များလည်း စိမ့်ဝင်ပျံနှံ့နေခဲ့သည်။
“ရှောင်ယာရေ မင်း ဟင်းချက်တာ သိပ်ကောင်းတာပဲ။”
“ဒီဟင်းပွဲတွေက တအားအရသာရှိတာပဲ။”
“မရီးလီယောင်ရဲ့ ပေါ့ပေါ့ပါးပါး အိမ်ချက်က ငါတို့နှစ်သစ်ကူးမှာ စားရတာတွေထက် ပိုကောင်းတယ်ဟေ့။”
လူတိုင်းက ဟင်းလျာများကို အားရပါးရ စားနေကြသည်ကို မြင်သောအခါ ဟဲရှောင်ယာသည် ရှုပ်ထွေးသည့် ခံစားချက်များနှင့် ပြည့်နှက်နေခဲ့သည်။
သူမ၏ ယောက္ခမသည် ဤဟင်းနှစ်မျိုးအား အိမ်တွင် သူမအား အများကြီး စားခွင့်မပြုခဲ့ပေ။
အဆီများသော အသားနှင့် ဝက်ဆီကို အလွန်အကျွံစားခြင်းသည် မြန်မြန် ၀လာအောင် ပြုလုပ်နိုင်သည်ဟု သူမက ပြောခဲ့သည်။ လူများက သဘောထားကြီးကြီးနှင့် ၀ဖြိုးသော ခန္ဓာကိုယ်သည် ကံကောင်းသည်ဟု ပြောကြသော်လည်း သူမ၏ ယောက္ခမသည် ကိုယ်အလေးချိန်တက်လာခြင်းသည် ကောင်းသည်ဟု မထင်ခဲ့ပေ။ သူမသည် ဘာကြောင့်မှန်း နားမလည်ခဲ့သော်လည်း ထုံးစံအတိုင်း သူမ ယောက္ခမ၏ စကားအား နားထောင်ခဲ့သည်။
သို့သော် တခြားရွာသားများ၏အမြင်တွင် ဤအရာသည် သူတို့ နှစ်သစ်ကူး၌ပင် မစားနိုင်ခဲ့သည့် ဟင်းလျာပင် ဖြစ်သည်။
၎င်းသည် သူမအား သိပ်မကြာသေးခင် အချိန်ကို သူမတို့မိသားစုသည်လည်း သူမအရှေ့မှ လူများကဲ့သို့ပင် သေချာသလောက် အဆင်မပြေဖြစ်နိုင်သည်ကို အမှတ်ရစေခဲ့သည်။ သို့သော် ယခုတွင်မူ အရာအားလုံးသည် လုံး၀ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
ဒီ့အပြင် ၎င်းတို့အားလုံးအား သူမ၏ ယောက္ခမက ယူလာပေးခဲ့ခြင်း ဖြစ်သည်။
သူမ၏ ယောက္ခမသည် သူမတို့မိသားစုဘ၀ကို ပြောင်းလဲစေရုံသာမကာ ရွာသူရွာသားများအတွက်လည်း ကောင်းကျိုးများ ယူဆောင်လာခဲ့သည်။ ထို့ကြောင့် သူမ၏ မျက်လုံးထဲတွင် သူမ၏ ယောက္ခမသည် တစ်နေကုန် အေးတိအေးစက်မျက်နှာထားဖြင့် ရှိနေသေးခဲ့သော်လည်း သူမ၏ ယောက္ခမမှာ သေချာပေါက် အကြင်နာမဲ့သူတစ်ယောက် မဟုတ်ပေ။ တခြားသူများ ပြောသကဲ့သို့ ကိုယ်ပိုင်မိသားစုကို အသိအမှတ်မပြုသည့် စာနာစိတ် မရှိသော အရိုင်းအစိုင်း အော့ကြောလန်တစ်ယောက် မဟုတ်မှန်း သူမ သေချာသိသည်။
ဟဲရှောင်ယာတစ်ယောက် သူမ အတွေးထဲတွင် နစ်မြောနေစဉ်တွင် တောင်ခြေမှ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“လူတိုင်း မြန်မြန်လာကြပါဦး။”
“ကျူးယိုကွေ့က သူ့လယ်တွေကို ရေသွင်းဖို့ ရေတွေ ခိုးနေတယ်ဗျို့...။”
ယင်းစကားကို ကြားသောအခါ စားသောက်နေကြသူများသည် မတရားမှုကြောင့် ဖြစ်ပေါ်လာသည့် ဖြောင့်မတ်သည့် ဒေါသကြောင့် သူတို့၏ အစားအသောက်များကို ချက်ချင်း ချထားခဲ့ကြသည်။
“ဘာမှတော့ အလုပ်ဝင်မလုပ်ပဲ ရေကျတော့ သုံးချင်နေတယ် ဟုတ်လား။ ဒီလို ကောင်းတာမျိုး ဘယ်လိုလုပ် ရနိုင်မှာလဲ။”
“သွားကြည့်ကြစို့။”
“ကျုပ်တို့တွေ သူလိုလူမျိုးတွေကို ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်တတ်အောင်လို့ တစ်ချက်နှစ်ချက်လောက် ရိုက်ပြီး သင်ခန်းစာ သင်ပေးဖို့ လိုတယ်။”
လူတစ်ဒါဇင်ကျော်သည် သူတို့၏ အစားအသောက်များပင် မပြီးဆုံးသေးပဲ မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေး ရေတွင်းသို့ အပြေးအလွား သွားကြသည်ကို မြင်သောအခါ ဟဲရှောင်ယာလည်း အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည်။
“ရှောင်စစ်၊ မမ ဒီမှာ အစားအသောက်တွေကို စောင့်နေလိုက်မယ်။ အမေ့ကို တောင်ပေါ်ကနေ မြန်မြန်သွားခေါ်ခဲ့လိုက်။”
“ဟုတ်”
ဝမ်ရှောင်စစ်သည် ချက်ချင်း လေကဲ့သို့ ပြေးထွက်သွားလေတော့သည်။