အပိုင်း ၄၈
Viewers 9k

အခန်း (၄၈) ကြီးကျယ်ခမ်းနားသည့် အလုပ်


“ရေတွင်းတူးတာလား။” 


တွင်းတစ်တွင်းမှ ရေများသည် ခြောက်သွေ့သော မြေဧက ထောင်ပေါင်းများစွာကို ရေသွင်းရန် မည်သို့များ လုံလောက်နိုင်သည်ကို စုန့်ခရိုင်တရားသူကြီးမင်းသည် မတွက်ဆနိုင်ခဲ့ပေ။ 


“မြေအောက်မှာ ရေက အဲ့သလောက် အများကြီး တကယ်ရှိလို့လား။”


“ခရိုင်တရားသူကြီးမင်းခင်ဗျာ” ဝမ်ကျားဖူက ပြောခဲ့သည်။ “ကျွန်တော်မျိုးက ခရိုင်တရားသူကြီးမင်းရှေ့မှောက်မှာ မဟုတ်မမှန်တာတွေ ပြောရဲပါ့မလားခင်ဗျာ။ ကျွန်တော်မျိုးတို့ရွာက လယ်အများစုကို တပြိုင်တည်း ရေသွင်းပြီးသွားလို့ မျိုးစေ့တွေလည်း စစိုက်ပြီးပါပြီခင်ဗျာ။” 


စုန့်ခရိုင်တရားသူကြီးမင်း၏ နှလုံးသားလေးသည် ရုတ်တရက် ထိန်းမနိုင်သိမ်းမရ တဒုတ်ဒုတ်နှင့် ခုန်လာခဲ့သည်။


ဤသည်မှာ အမှန်သာ ဖြစ်ခဲ့ပါက အလွန်ပင် ကောင်းလှပေလိမ့်မည်။


စုန့်ခရိုင်တရားသူကြီးမင်းသည် ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်ကာ လမ်းလျှောက်ခဲ့ပြီးနောက် သူသည် ပြဿနာ၏ အဓိကအချက်ကို ချက်ချင်း စဉ်းစားမိခဲ့သည်။


“ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း၊ ရထားလုံးကို ချက်ချင်းပြင်စမ်း။ ငါကိုယ်တိုင်သွားကြည့်ချင်တယ်။ တကယ်ဖြစ်နိုင်ချေရှိတယ်ဆိုရင် တခြားရွာတွေမှာပါ ညတွင်းချင်း ရေတွင်းတွေ စတူးသင့်တယ်။”


“မှန်လှပါ။”


…………………………………


“မေမေရေ ၊ မေမေ။” 


လေပြင်း ရုတ်တရက် တိုက်ခတ်လာသကဲ့သို့ ဝမ်ရှောင်စစ်တစ်ယောက် အိမ်ကို အမြန်ပြန်လာချိန်တွင် လီယောင်သည် အိမ်၌ နေပူဆာလှုံနေခဲ့သည်။


“ဘာတွေကို အော်နေတာတုန်း။”


“မေမေ၊  ခရိုင်တရားသူကြီးမင်းက ဒီကို ရောက်နေတယ်။ အဖိုးလီကလည်း ပြောလိုက်တယ်။ သူက ဒီကိုလည်း ငန်းပေါက်လေးတွေ လာကြည့်ဦးမှာတဲ့။”


ဘာ…


ရေတွင်းလေးတစ်တွင်းအတွက် ခရိုင်တရားသူကြီးမင်းသည် လူကိုယ်တိုင် လာရောက်နိုင်ပါ့မလား။


လီယောင်သည် အနည်းငယ် တွေးတောခဲ့ပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားမိခဲ့သည်။


ခရိုင်တရားသူကြီးမင်းသည် အရာရှိတစ်ယောက်ဖြစ်သည်။ ရာထူးမြင့် တာဝန်ခံ အရာရှိတစ်ယောက် ဖြစ်သည့်အတွက် သာမာန်ပြည်သူများသည် သူ့အား မြင်သည့်အခါ ဒူးထောက်ကာ ဦးညွတ်ရလိမ့်မည် ဖြစ်သည်။ မော်ဒန်ခေတ်မှ လူတစ်ယောက်အနေဖြင့် သူမသည် ထိုသို့ မပြုလုပ်ချင်ပေ။


တစ်စုံတစ်ယောက်အား ရန်စရန် မတတ်နိုင်ပါက သူတို့အား ပုန်းရှောင်၍ မရနိုင်ဘူးလား။


“ဝမ်စန်းအာရေ”


“ဟုတ် မေမေ။”


“သွားကြစို့။ တောထဲ တောင်ထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ မင်း လေ့ကျင့်ရအောင်လို့ တောင်ပေါ်ကို အမေ ခေါ်သွားပေးမယ်။ ”


ဝမ်စန်းအာသည် မျက်လုံးလေးများကို ပေကလတ်၊ ပေကလတ်လုပ်ကာ မေးခဲ့သည်။ “တောထဲတောင်ထဲမှာ ရှင်သန်တယ်ဆိုတာက ဘာလဲဟင်။”


“အဲဒါက ဓါးတစ်ချောင်း၊ ဓါတ်မီးတစ်လုံးတည်းနဲ့ တောင်ကြီးပေါ်မှာ တစ်နေ့လုံး နေတာကို ပြောတာလေ။”  


ဝမ်စန်းအာ၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ကြားရသည်မှာ အလွန်ပျော်ဖို့ ကောင်းပေမည်။ သူသည် ထင်းခုတ်ပုဆိန်ကို ကောက်ကိုင်ကာ လိုက်သွားခဲ့သည်။


သူတို့ ဤကဲ့သို့ အလျင်အမြန် ထွက်သွားသည်ကို မြင်သောအခါ ခြံထဲတွင် စာပေလေ့လာနေသည့် ဝမ်အာ့သည် အံအားသင့်သွားခဲ့သည်။ အမေသည် အမြဲလိုလို ကြောက်ရွံမှု ကင်းမဲ့ခဲ့သည်။ ခရိုင်တရားသူကြီးမင်း လာနေသည်ဟု ကြားသည့်အခါ သူမသည်  အဘယ်ကြောင့် တောင်ပေါ်သို့ အလောတကြီး သွားခဲ့သနည်း။


…………………………………


နောက်ဆုံးသည် စုန့်ခရိုင်တရားသူကြီးမင်းသည် မြင်းစီး၍ လာရောက်ခဲ့ရသည်။


ဟဲဝမ်ရွာရှိ လမ်းများသည် ခရိုင်ရထားလုံးအတွက် အလွန်ပင် ကျဉ်းမြောင်းလှသည်။


ဒုခရိုင်တရားသူကြီးယွီ၊ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း နှင့် ဆရာလျိုတို့အပြင် ဓါးများနှင့် အစောင့်အရှောက်များစွာကိုလည်း ခေါ်ဆောင်လာခဲ့သည်။  ခရိုင်ယာမင်တပ်ဖွဲ့တစ်ခုလုံးသည် ဤနေရာတွင် ရှိနေခဲ့သည်။


ဤကဲ့သို့ ကြီးမားသည့် နောက်ပါအသင်းအပင်းအဖွဲ့ကြီးအား မြင်သောအခါ ဟဲဝမ်ရွာသူရွာသားများသည် အလွန်ကြောက်လန့်သွားခဲ့ကြပြီး အိမ်ထဲတွင် ပုန်းအောင်းနေကြကာ ထွက်မလာရဲခဲ့ကြပေ။ ထို့ကြောင့် စုန့်ခရိုင်တရားသူကြီးမင်းသည်  လယ်ကွင်းများသို့ ရောက်သောအခါ သူသည် လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရချေ။


“သူတို့တွေ ဒီမှာ လယ်စိုက်နေကြတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား” ဒုခရိုင်တရားသူကြီးယွီသည် ကြည့်ပြီး ချက်ချင်းပင် စိတ်မချမ်းမသာ ဖြစ်သွားခဲ့သည်။ “လူတွေက ဘယ်မှာတုန်း။”


“ဒါကလေ….” ရွာလူကြီးက ပြောခဲ့သည်။ “လယ်ကွင်းတွေ အားလုံး စိုက်ပြီးသွားကြပြီဆိုတော့ လူတိုင်းက ပြန်ပြီး အနားယူနေကြတယ်လို့ ထင်ပါတယ်ခင်ဗျာ။”


“အဓိပ္ပါယ်မရှိတာတွေ။” ဒုခရိုင်တရားသူကြီးယွီသည်၏ မျက်နှာသည် မည်းမှောင်လာခဲ့ပြီး အေးစက်စက်ဖြင့် ပြောခဲ့သည်။ “ခရိုင်တရားသူကြီးမင်းစုန့် လာမှာ သိနေတာကို ထွက်လာပြီး နှုတ်ဆက်ရမယ့်အစား ဒင်းတို့အားလုံးက အိမ်ပြန်ပြီး ပုန်းနေကြတယ်ပေါ့လေ။ ဒါက ဘယ်လိုလောကဝတ်မျိုးတုန်း။ လူတိုင်း ထွက်လာဖို့ အမြန်ခေါ်လိုက်စမ်း။”


“ဟုတ်ကဲ့ပါ။ ကျွန်တော်မျိုး အခုပဲ လုပ်လိုက်ပါမယ်ခင်ဗျာ။”


“ရတယ်။ မလိုအပ်ဘူး။”


ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့လက်ကို ဝှေ့ယမ်းခဲ့သည်။ ယခုအချိန်တွင် သူသည် အခမ်းအနားဟန်ပန်များကို တင်ဆက်ရန် စိတ်မဝင်စားခဲ့ပေ။ သူ့ရှေ့က မြေကြီးသည် အမှန်တကယ် စိုက်ပျိုးထားခဲ့သလား၊ နောက်နှစ်တွင် အမှန်တကယ် ရိတ်သိမ်းနိုင်လိမ့်မလား ဆိုသည်ကိုသာလျှင် သူ သိချင်နေခဲ့သည်။


“လယ်မြေတွေကို သွားကြည့်ကြစို့ကွာ။”


“ခရိုင်တရားသူကြီးမင်း၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲခင်ဗျာ။”ဟု ဒုခရိုင်တရားသူကြီးယွီက  အလျင်အမြန် အကြံပြုခဲ့သည်။ “လယ်ကွင်းတွေက အရမ်းညစ်ပတ်လှပါတယ်။ ခရိုင်တရားသူကြီးမင်းရဲ့ ဖိနပ်တွေ ညစ်ပတ်သွားပါလိမ့်မယ်ခင်ဗျာ။ ”


“ဟား ဟား၊ ငါက အဲလောက် ဟန်မများပါဘူးကွာ။”


ခရိုင်တရားသူကြီးမင်းစုန့်သည် လယ်ကွင်းတစ်ခုထဲသို့ လျှောက်သွားကာ မြေဆီလွှာ အနည်းငယ်ကို တူးယူရန် သူ့လက်ကို အသုံးပြုခဲ့သည်။ အမှန်တကယ်ပင် ဖွံ့ဖြိုးသည့် ဂျုံစေ့ တချို့ကို တွေ့ခဲ့ရသည်။


လယ်ကွင်းထဲမှ ရွှံများကလည်း မီတာသုံးပုံတစ်ပုံခန့်အထိ စိုစွတ်နေခဲ့ပြီး လောလောလတ်လတ် ရေလောင်းထားသည့်ပုံပေါ်နေခဲ့ပြီး တစ်လျှောက်လုံး ရွှဲရွဲစိုနေခဲ့သည်။ 


“မဆိုးဘူး။ လုံး၀ မဆိုးဘူး။ ရွာသူကြီးဝမ်၊ အဲ့ရေတွင်းကို ကြည့်ဖို့ ငါ့ကို ခေါ်သွားစမ်း။”


“ဟုတ်ကဲ့ပါ ခရိုင်တရားသူကြီးမင်းခင်ဗျာ။ ကျွန်တော်မျိုးနောက်ကနေ လိုက်ခဲ့ပါခင်ဗျာ။”


တစ်အုပ်စုလုံး ရေတွင်းသို့ ရောက်လာခဲ့ကြသည်။ ခရိုင်တရားသူကြီးမင်းစုန့်သည် ၎င်းကို ကြည့်ကာ တိတ်တဆိတ် ချီးမွမ်းခဲ့သည်။ ရေတွင်းသည် ရေအမြောက်အမြားနှင့် အလွန်ပင် ကြီးမားသည်။ ၎င်းသည် ဧကထောင်ချီ ရေသွင်းနိုင်ဖို့ လုံလောက်သည်မှာ အံဩစရာ မရှိတော့ပေ။


တခြားရွာများ၊ တခြားခရိုင်များ၊ ယီကျိုးစီရင်စု တစ်ခုလုံးက လိုက်လုပ်ခဲ့ပါ နောက်နှစ်တွင် ထပ်မံခြောက်သွေ့ခဲ့လျှင်တောင် သီးနှံများရိတ်သိမ်းရန်အတွက် စိုးရိမ်ပူပန်စရာ မရှိတော့ပေ။


“ရွာလူကြီးဝမ်၊ မောင်မင်း ဒီတစ်ကြိမ်မှာ ထူးချွန်ပြောင်မြောက်အောင်ကို စွမ်းဆောင်နိုင်ခဲ့တယ်။”


“မဟုတ်ပါဘူး။ မဟုတ်ပါဘူးခင်ဗျာ။ ဒါ ကျွန်တော်မျိုးရဲ့  အထောက်အပံ့ မဟုတ်ရပါဘူး။” ဝမ်ကျားဖူသည်  သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းခဲ့သည်။ “ဒီနည်းလမ်းက ကျွန်တော်မျိုးဆီက ထွက်လာတာ မဟုတ်ပါဘူးခင်ဗျာ။”


“ဒါဆို အဲဒါ ဘယ်သူက တွေးခဲ့တာလဲ။”


“လျှောက်တင်ပါရစေခင်ဗျာ။ အဲဒါ ကျွန်တော်မျိုးတို့ရွာက လီယောင့်ဆီကပါ။”


အကြောင်းတစ်ခုခုကြောင့် ခရိုင်တရားသူကြီးမင်းစုန့်သည် ဤသတင်းကို ကြားသိရသည့်အပေါ် လုံး၀ မအံဩခဲ့ပေ။


ဤအကြောင်းကို သူ ပထမဦးဆုံး ကြားသိရချိန်တွင် ဤကိစ္စသည် လီယောင်နှင့် ဆက်စပ်နေသည်ဟု မရောမရာသော ခံစားချက်တစ်ခု ရှိနေခဲ့ပြီး ယခုအခါ ထိုကဲ့သို့ပင် အမှန်ဖြစ်သွားခဲ့ပေသည်။ 


ထို့နောက် သူသည် ရေတွင်းအနီးတွင် စိုက်ထူထားသည့် ကျောက်တုံးကြီး တစ်တုံးကို မြင်ခဲ့ပြီး မေးမြန်းခဲ့သည်။ “ဒီကျောက်တုံးက ဘာအတွက်တုန်း။”


“အဲဒါက ရေတွင်းရဲ့ နာမည်ကို ထွင်းဖို့ ပြင်ဆင်ထားတာပါခင်ဗျာ။” ဟု ဝမ်ကျားဖူက ပြန်ဖြေခဲ့သည်။ “ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျွန်တော်မျိုးတို့မှာ အချိန်မရှိခဲ့လို့ပါ။”


“အိုး..” ခရိုင်တရားသူကြီးမင်းစုန့်သည် စူးစူးစမ်းစမ်းဖြင့် မေးခဲ့သည်။ “အဲဒါဆို ဒီတွင်းကို ဘယ်လိုခေါ်တာတုန်း။”


“အစတုန်းကတော့ ကျွန်တော်မျိုးတို့က လီယောင့်နာမည်ကို သုံးပြီးတော့ ‘ယောင်ရေတွင်း’လို့ ခေါ်ဖို့ လုပ်ထားခဲ့တာပါ။ ဒါပေမဲ့ သူမက သဘောမတူခဲ့ပါဘူး ခင်ဗျာ။” ဟု ဝမ်ကျားဖူက ပြောခဲ့သည်။ “အဲ့နောက်တော့  လီယောင်က ဒီရေတွင်းကို ‘ငန်းပေါက်ရေတွင်း’လို့ နာမည်ပေးခဲ့ပါတယ်ခင်ဗျာ။”


သူမ၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ကျောက်တုံးပေါ်တွင်  သူမ၏ နာမည်ကို ထွင်းကာ ရေတွင်းကို သူမ၏ နာမည်ကို ပေးနိုင်ခဲ့သော်လည်း လီယောင်သည် ဤသို့သော ဂုဏ်ပြုခဲ့ခြင်းအား အမှန်တကယ်ပင် ငြင်းဆိုခဲ့သည်လား။


ခရိုင်တရားသူကြီးမင်းစုန့်သည် ဤလီယောင်သည် မည်ကဲ့သို့သော လူမျိုးဖြစ်သလဲဆိုသည်ကို  ပို၍ပင် သိချင်လာခဲ့သည်။


“သူ ဘယ်မှာလဲ။ ငါ သူ့ကို တွေ့ချင်တယ်။”


“ကျွန်တော်မျိုး အခုချက်ချင်း သူ့ကို သွားခေါ်လိုက်ပါမယ်။”


သို့သော် သိပ်မကြာခင်မှာပဲ ဝမ်ကျားဖူ ပြန်ပြေးလာခဲ့ပြီး “လီယောင်က ဆေးပင်တွေတူးဖို့ တောင်ပေါ်ကို တက်သွားပါတယ်တဲ့ခင်ဗျာ။”


“ဘာ” ဒုခရိုင်တရားသူကြီးယွီသည် စိတ်ပျက်လက်ပျက်နှင့် ပြောခဲ့သည်။ “ခရိုင်တရားသူကြီးမင်းက သူ့ကို တွေ့ချင်တာကို သူက တောင်ပေါ်ကို ဆေးတူးဖို့ လစ်ပြေးသွားတယ်။ ဘာလို့ သူ့ကို တစ်ယောက်ယောက်က ချက်ချင်း ပြန်သွားမခေါ်နိုင်ရတာလဲ။”


ဝမ်ကျားဖူသည် ချွေးများတဒီးဒီး ကျလာခဲ့ပြီး “ဒုခရိုင်တရားသူကြီးခင်ဗျာ၊ တောင်က အရမ်းကြီးပါတယ်။ သူ ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိပါဘူးခင်ဗျာ။”


“ခရိုင်တရားသူကြီးမင်းက တစ်ယောက်ယောက်ကို တွေ့ချင်လို့ ရှာဖို့ဆိုရင် တောင်ပေါ်ကို သူကိုယ်တိုင် တက်သွားရမယ်လို့ မောင်မင်းက ဆိုလိုနေတာလား။”


“ဒုခရိုင်တရားသူကြီးယွီ” ခရိုင်တရားသူကြီးမင်းစုန့်က အေးစက်စွာဖြင့် ပြောခဲ့သည်။ “သူ အိမ်မှာ မရှိဘူးဆိုတော့ ထားလိုက်တော့။ ဒါကို ထပ်မပြောနဲ့တော့။”


“ဒါပေမဲ့ တရားသူကြီးမင်း၊ ဒါက အရှက်ရစေ... ”


“ထပ်မပြောတော့နဲ့လို့ ငါပြောနေတယ်လေ။” ခရိုင်တရားသူကြီးမင်းစုန့်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။  “ပြီးတော့ နောင်အနာဂါတ်မှာ သာမာန်ပြည်သူတွေကို လေသံလျော့ပြီး ပြောပေးပါ။”


“မှန်လှပါ။”


ဒုခရိုင်တရားသူကြီးယွီသည် နှုတ်အားဖြင့် သဘောတူခဲ့သော်လည်း စိတ်ထဲတွင် အလွန်အမင်း မလိုလားခဲ့ပေ။


ဤခရိုင်တရားသူကြီးမင်းသည် သူ့ကိုယ်သူ တကယ်အဟုတ်ကြီးဟု ထင်မှတ်နေကာ လူတော်တော်များများရှေ့တွင် သူ့အား တကယ်ပင် ပြစ်တင်ကြိမ်းမောင်းခဲ့သည်။  


ဟမ့်…၊ ဒုခရိုင်တရားသူကြီးယွီသည် ထိုသူ့အား စိတ်ထဲတွင် ပြစ်တင်ရှုတ်ချခဲ့သည်။ တစ်နေ့ကျလျှင် ဤခရိုင်တရားသူကြီးမင်းအား သူ့ခွန်အားကို  သိအောင် ပြုလုပ်လိမ့်မည် ဖြစ်သည်။ 


ခရိုင်တရားသူကြီးမင်းစုန့်သည် သူ့စာရေးအား ခေါ်လိုက်ကာ အမိန့်ပေးခဲ့သည်။ “လီယောင်က မိုးခေါင်ရေရှားမှုကို တွန်းလှန်နိုင်ရန်အတွက် ရေတွင်းများ တူးခြင်းအားဖြင့် ထူးချွန်ပြောင်မြောက်အောင် တာဝန်ကို ထပ်မံ စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါကို ရေးမှတ်ထားပါ။ ပြီးတော့ ငွေချောင်း ၅၀ကိုလည်း ဆုချီးမြှင့်လိုက်ပါ။”


“ဟုတ်ကဲ့ပါ။”


ငွေအချောင်း ၅၀သည် သေးငယ်သည့် ပမာဏ မဟုတ်ပေ။ ဒုခရိုင်တရားသူကြီးယွီသည်ပင် အနည်းငယ် မနာမလို ဖြစ်စေခဲ့သည်။


မိုးခေါင်ရေရှားမှုကို တွန်းလှန်ရန် ရေတွင်းများတူးခြင်းအတွက် အထောက်အပံ့များ၏ ကောင်းကျိုးများကို  ခရိုင်တရားသူကြီးမင်းစုန့်သည် သူကိုယ်တိုင်အတွက် ရသင့်ရထိုက်သည်များကို တောင်းဆိုနိုင်ပါသည်။ သူတို့သည်  ဆုများကို သီးသန့် နှစ်ယောက်သား ခွဲယူနိုင်ပါသည်။


သို့သော် ယခုအခါ  သူတို့တစ်ဦးတစ်ယောက်မှ ဂုဏ်ပြုမှတ်တမ်းတင်ခြင်း မခံခဲ့ရပေ။ ဆုလာဘ်များဆိုသည်မှာ ဝေးလှစွာ၊ ဤသို့သော အကျိုးမဲ့သည့် ခရီးကိုသာ ကြုံခဲ့ရသည်။ 


‘ခင်ဗျားကြီးရဲ့ မြင့်မြတ်လှတဲ့ စိတ်နေသဘောထားကို  ဆက်လက် ထားရှိလိုက်ပါဦး။‘ တနေ့ကျလျှင် ဤ ခရိုင်တရားသူကြီးမင်းအား သူ့လုပ်နိုင်စွမ်းကို သိရှိသွားအောင် ပြုလုပ်သွားမည် ဖြစ်သည်။


လီယောင်အား ဆုချီးမြှင့်ပြီးနောက် ခရိုင်တရားသူကြီးမင်းစုန့်သည် တခြားရွာများတွင်လည်း ရေတွင်းများ တူးဖော်ခြင်းလုပ်ငန်းစဉ်ကို ဆွေးနွေးရန်အတွက် လီယောင် အိမ်ပြန်လာသည်နှင့် တပြိုင်နက် လီယောင်အား ခရိုင်တရားရုံးသို့ လာကြည့်ရန် ဝမ်ကျားဖူအား ညွှန်ကြားခဲ့သည်။ 


ပိုင်ချွမ်းခရိုင်တွင် တခြားရွာပေါင်း ၂၀ကျော်ရှိသည်။  သူတို့သာ ရေအတွက် ရေတွင်းများတူးသည့် ဤနည်းလမ်းကို အားလုံးအတူတူ အသုံးပြုနိုင်ပါက  ခရိုင်တစ်ခုလုံးရှိ ပြည်သူများသည် နောက်နှစ်တွင် သီးနှံရိတ်သိမ်းမှု ပြုလုပ်နိုင်မည် ဖြစ်သည်။


ရွာအနည်းငယ်တွင် စမ်းသပ်မှု အောင်မြင်ခဲ့ပါက သူသည် ယီကျိုးစီရင်စုသို့ ချက်ချင်းသတင်းပို့လိမ့်မည်ဖြစ်ပြီး ယီကျိုးရှိ ပြည်သူများကိုလည်း မိုးခေါင်ရေရှားမှုကို တွန်းလှန်ရန် ဤနည်းလမ်းကို အသုံးပြုစေမည် ဖြစ်သည်။


အောင်မြင်ခဲ့ပါက ဧကရာဇ်မင်းသည်ပင်လျှင် အလွန်အမင်း အံအားသင့်သွားစေမည့် ကြီးကျယ်သော အောင်မြင်မှု တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။