အပိုင်း ၆၀
Viewers 8k

အခန်း (၆၀) - ဘယ်သူက ဘယ်သူ့ရဲ့ အထောက်အပံ့လဲ။


ဇိမ်ခံပစ္စည်းဆိုင်၏ ဒုတိယထပ်တွင် ဖြစ်သည်။


သခင်မများနှင့် မိန်းမပျိုလေးများတစ်စုသည် အပေါ်ထပ်သို့ ရောက်သည်နှင့် တပြိုင်နက် ပျားရည်နံ့နှင့် အိုင်းရစ်ပန်းနံ့သင်းသင်းလေးကို အနံ့ရခဲ့သည်။ သို့သော် မည်သည့်ပန်းမှ မတွေ့ရပေ။ ထို့ကြောင့်ပင် လူတိုင်းအား ပို၍ သိချင်လာစေခဲ့သည်။


အရေးအကြီးဆုံးမှာ ကောင်တာသည် လုံး၀ အလွတ်ဖြစ်နေခဲ့ပြီး မည်သည့် ထုတ်ကုန်အသစ်မှ သူတို့ မတွေ့ခဲ့ရပေ။ 


“ရှောင်အာ့၊ အဲဒါက ဘာလဲ။ မြန်မြန် ထုတ်လာခဲ့စမ်းပါ။”


“သခင်မကြီးတို့၊ သခင်မလေးတို့ခင်ဗျာ၊ ထိုင်ကြပါဦးခင်ဗျာ။” စတိုးဆိုင်ဝန်ထမ်းလေးတစ်ယောက်က အလွန်ယဉ်ကျေးစွာဖြင့် ပြောခဲ့သည်။ “ကျွန်တော်တို့ အခုချက်ချင်း ပြသပါမယ်ခင်ဗျာ။”


အားလုံးထိုင်ပြီးသည့်နောက် စတိုးဆိုင်ဝန်ထမ်းများအားလုံး အလုပ်များကာ မအားမလပ်ဖြစ်သွားခဲ့သည်။ 


ဝန်ထမ်းတစ်ဦးသည် လှပပြီး လက်ရာမြောက်သည့် ကြေးဇလုံတစ်ခုကို ယူလာပြီး အခန်းအလယ်တွင် ထားခဲ့သည်။ နောက်တစ်ဦးက ရေနွေးများကို ကြီးမားသည့် ဆွဲပုံးကြီး တစ်ပုံးကို  သယ်ဆောင်လာခဲ့သည်။ တခြားတစ်ဦးကမူ မျက်နှာနှင့် လက်များကို ဆေးကြောရန် သဘက်ပူပူလေးတစ်ထည်ကို ယူလာခဲ့သည်။


ပီပီပြင်ပြင်နှင့် ခင်းကျင်းတင်ဆက်မှုများသည် ဇိမ်ခံပစ္စည်းဆိုင်က မည့်သည့်ကိစ္စကို ပြုလုပ်ရန် ကြိုးပမ်းနေသည်ကို လူတိုင်း ဇဝေဇဝါဖြစ်နေခဲ့ကြသည်။


“သခင်မကြီးတို့ ၊ သခင်မလေးတို့ခင်ဗျာ။ ဒါကတော့ အခုတစ်ခေါက်အတွက် လေးစားတန်ဖိုးထားရတဲ့ ဧည့်သည်တော်ကြီးတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားတာလေးတွေပါခင်ဗျာ။” စတိုးဆိုင်ဝန်ထမ်းလေးက ပြောရင်းဖြင့် စက္ကူထုပ် နှစ်ထုပ်ကို ထုတ်ယူကာ လူတိုင်းအား ပြသခဲ့သည်။


“ဒါက… ဆပ်ပြာနဲ့ တူသလိုပဲ၊ ဟုတ်တယ်မဟုတ်လား။”


“ဟုတ်ပါတယ်ခင်ဗျာ။”ဟု စတိုးဆိုင်ဝန်ထမ်းလေးက ပြန်ဖြေခဲ့သည်။ “ဒါက တကယ်ဆပ်ပြာပါပဲခင်ဗျာ။ ဒါပေမဲ့ သာမာန်ဆပ်ပြာ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော်တို့ သူဌေးပြောတာတော့ ဒါက သူ သေသေချာချာ သန့်စင်ထုတ်လုပ်ထားတဲ့ အကောင်းဆုံး ဆပ်ပြာပါတဲ့။ ရေမွှေးဆပ်ပြာလေးပါခင်ဗျာ။”


“ရေမွေးဆပ်ပြာဟုတ်လား။”


“ဟုတ်ပါတယ်ခင်ဗျာ။” စတိုးဆိုင်ဝန်ထမ်းလေးက ဆက်ပြောခဲ့သည်။ “ကျွန်တော်တို့ အောက်ထပ်မှာ ဆပ်ပြာအတုံး ၄၀၀ ရောင်းချသွားတာကို အားလုံးပဲ မြင်တွေ့မှာပါခင်ဗျာ။ စျေးနှုန်းကလည်း အလွန်သက်သာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဆပ်ပြာထဲက အဆီအနှစ်တွေအားလုံးကို ဒီရေမွှေးဆပ်ပြာလုပ်ဖို့အတွက် ထုတ်ယူပြီးသားမို့လို့ပါခင်ဗျာ။”


စတိုးဆိုင်ဝန်ထမ်းလေးသည် အမွှေးဆပ်ပြာနှစ်တုံးလုံးအား အထုတ်ဖြေလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပိုမိုပြင်းထန်သည့် ရနံ့တစ်ခုသည် သူမတို့၏နှာခေါင်းထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။ ထို့အပြင် နို့နှစ်ဖြူရောင်နှင့် ပန်းရောင်ဖျော့ဖျော့ အရောင်လေးများသည် လူတိုင်း၏ မျက်လုံးများကို တောက်ပစေခဲ့သည်။


သူမတို့၏ မျက်နှာအား သစ်လေ့ရှိသည့် အယ်ကာလိုင်းအရည်ခပ်ပြင်းပြင်းသည် မဲနက်နေပြီး ထူးဆန်းသည့် အနံ့တစ်ခုနှင့် အလွန်ပင် သက်တောင့်သက်သာ မရှိလှပေ။


သို့သော် သူမတို့ရှေ့ရှိ ရေမွှေးဆပ်ပြာသည် ဤသို့ ကောင်းမွန်သည့် အရောင်အဆင်း ရှိပြီး ရနံ့လည်း မွှေးကြိုင်သည်။


သန့်စင်ထုတ်လုပ်ထားသည့် ဇိမ်ခံပစ္စည်းဟု ခေါ်ဆိုရန် အမှန်တကယ်ပင် ထိုက်တန်လှသည်။ 


“ဒါ့အပြင် ဒီရေမွှေးဆပ်ပြာက အနံ့ကောင်းရုံတင်မကပါဘူး။ သန့်စင်ပေးနိုင်တဲ့ အာနိသင်ကလည်း အလွန်ကောင်းမွန်ပါတယ်ခင်ဗျာ။”ဟု စတိုးဆိုင်ဝန်ထမ်းလေးက ဆက်ပြောခဲ့သည်။  “သခင်မလေးတို့သိတဲ့အတိုင်း ကျွန်တော်တို့သူဌေးမက အရင်က တောသူလယ်သမတစ်ယောက်ပါ။ ဒါပေမဲ့ အခု သူမရဲ့ မျက်နှာကို ကြည့်ပါဦး။ လယ်သူမတစ်ယောက်ရဲ့ ခြေရာလက်ရာကျန်နေသေးလို့လားခင်ဗျာ။ ဒါက သူက ဒီဆပ်ပြာတွေကို သူ့မျက်နှာတွေကို ဆေးကြောဖို့၊ ဆံပင်လျှော်ဖို့နဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ဒီဆပ်ပြာကို နေ့တိုင်းသုံးလို့ပါခင်ဗျာ။ ဒီဆပ်ပြာက သူ့မျက်နှာကို ၁၈နှစ် သမီးလေးတစ်ယောက်လို အရမ်းနူးညံ့နေစေပြီး သူ့ဆံပင်လေးတွေကို ပိုးသားလို အလွန်ချောမွေ့သွားစေပါတယ်ခင်ဗျာ။”


လူတိုင်း၏ မျက်လုံးများသည် ပို၍ တောက်ပလာခဲ့ကြသည်။


သူမတို့အားလုံးသည် အမျိုးသမီးများ ဖြစ်ကြသည်။ ဘယ်အမျိုးသမီးကများ အလှမကြိုက်လို့လဲ။ ဘယ်အမျိုးသမီးကများ အမြဲတမ်း မနုပျိုချင်မှာလဲနော်။


ချမ်းသာသည့် သခင်မတစ်ယောက်က ချက်ချင်းပြောခဲ့သည်။ “ရှောင်ချန်၊ သွားစမ်းကြည့်လိုက်စမ်း။”


ရှောင်ချန်ဟုခေါ်သည့်  အသားညိုမည်းနေသည့် အစေခံငယ်လေးသည် ချက်ချင်း ရှေ့သို့ တက်လှမ်းလာခဲ့ပြီး မေးခဲ့သည်။ “ဒီနှစ်ခုက မတူတာရှိသေးလား။”


“အရမ်းကောင်းတဲ့ မေးခွန်းပါခင်ဗျာ။” စတိုးဆိုင်ဝန်ထမ်းလေးက ပြန်ဖြေခဲ့သည်။ “ပန်းရောင်နှင်းဆီဆပ်ပြာလေးက သုံးပြီးရင် မွှေးရနံ့လေး စွဲကျန်နေစေမှာပါခင်ဗျာ။ အဖြူရောင်လေးကတော့ ပျားရည်ဆပ်ပြာပါ။ အသားအရည် ထိန်းသိမ်းဖို့ ပိုအလေးသာပါတယ်ခင်ဗျာ။”


“ဒါဆို ကျွန်မ ပန်းရောင်နှင်းဆီဆပ်ပြာလေးကို စမ်းကြည့်ပါမယ်။”


အစေခံငယ်လေးသည် စတိုးဆိုင်ဝန်ထမ်းလေး၏ ညွှန်ကြားချက်အတိုင်း ပန်းရောင်နှင်းဆီဆပ်ပြာဖြင့် သူမ၏ မျက်နှာအား စတင်ဆေးကြောခဲ့သည်။ သူမ၏မျက်နှာကို သဘက်ပူပူလေးဖြင့် ခြောက်အောင် သုတ်ပြီးနောက် သူမ၏ သခင်မရှေ့သို့ သွားခဲ့သည်။


သူမရှေ့မှ အစေခံငယ်လေးကို မြင်သောအခါ ချမ်းသာသည့် သခင်မကြီး၏ မျက်လုံးများသည် တအံ့တဩဖြင့် တောက်ပနေခဲ့သည်။


သူမ၏ အစေခံကို သူမ ကောင်းကောင်းသိသည်။ သူမသည် အလွန်သန့်ရှင်းလေ့ရှိပြီး သူမ၏ မျက်နှာအား နေ့စဉ် ဂရုတစိုက် ဆေးကြောလေ့ ရှိသည်။ သို့သော် ဤမျှလောက် တစ်ခါမှ မသန့်စင်ဖူးပေ။


သူမ၏ မျက်နှာပေါ်ရှိ အမဲစက်ငယ်လေးများသည် အများကြီး ပိုပါးသွားခဲ့သည်။


သူမ၏ မျက်နှာလေးအား လက်မနှင့် လက်ညှိုးဖြင့် ဖိလိုက်သောအခါ ပို၍ နူးညံ့သွားသည်ဟု ခံစားခဲ့ရသည်။


နာခံသည့် အစေခံငယ်လေးသည် ထိုနေရာမှာပင် သူမ၏ ဆံပင်များကိုပါ ထပ်မံ လျှော်ဖွတ်ခဲ့သည်။ အဆီပြန်နေသည့် ဆံပင်များသည် ချက်ချင်းဆိုသလိုပင် သန့်စင်ကာ ပျော့ပျောင်းလာခဲ့သည်။ ထူးဆန်းသည့် အနံ့များ ပျောက်ကင်းသွားရုံသာမက ပန်းရနံ့မွှေးမွှေးသင်းသင်းလေးကိုပါ ချန်ထားရစ်ခဲ့သည်။ 


ထိုကဲ့သို့ ချက်ချင်း မြင်နိုင်သည့် အာနိသင်များကြောင့် ရောက်ရှိနေကြသည့် သခင်မများနှင့် မိန်းမပျိုလေးများသည် မစောင့်နိုင်ကြတော့ပေ။ စျေးနှုန်းကိုပင် မမေးနိုင်တော့ကာ ဆပ်ပြာတုံး အနည်းငယ်စီကိုသာ ချက်ချင်း ဆွဲကိုင်ထားခဲ့ကြသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် ရေမွှေးဆပ်ပြာ အတုံး ၂၀၀သည်လည်း ချက်ချင်း ကုန်သွားခဲ့သည်။ 


ရေမွှေးဆပ်ပြာ တစ်တုံးလျှင် ငွေ ၃ချောင်း ကျသင့်သည်။ သူမတိုသည် အထူးဈေးဝယ်သူများဖြစ်သောကြောင့် စုစုပေါင်းဝင်ငွေသည် ငွေချောင်း ၄၈၀ ဖြစ်သည်။ 


အမျိုးသမီးလီသည် ဆိုင်ကို ဆပ်ပြာ တစ်တုံးလျှင် ငွေ ၂ချောင်းဖြင့် ပေးခဲ့သည်။ အမြတ်ငွေချောင်း ၄၀နှင့်အတူ သူမသည် စုစုပေါင်း ငွေချောင်း ၄၄၀ကို ဖမ်းအုပ်မိခဲ့သည်။ သူမ၏တွက်ချက်မှုအရ ဆပ်ပြာ တစ်တုံး ပြုလုပ်ရန် ဝမ်၂၀ထက် မပိုပေ။


မြက်စိမ်းလိမ်းဆေးဆီကဲ့သို့ပင် အမြတ်အစွန်းသည် မိုးထိအောင် မြင့်မားခဲ့သည်။ 


သူမသည် ကျန်ရှိနေသည့် ဆပ်ပြာအတုံး ၂၀၀ကို ထုတ်ခွင့်မပြုခဲ့ပေ။ ပိုင်ချွမ်းစျေးရှိ ဝယ်ယူသူအရင်းခံသည် ဤမျှ ကြီးမားလှသည်။ ဤအထက်တန်းစား အမျိုးသမီးများကို  အိမ်တွင် ၎င်းတို့အား သိုလှောင်ထားခွင့်ပြုမည့်အစား သူမတို့လက်ထဲမှာပင် သိမ်းထားကာ သူဌေးကျိုးအား ယီကျိုးစီရင်စုအား ပို့ခိုင်းသည်ဖြစ်စေ သို့မဟုတ် ကျွမ်းကျင်သည့် ကုန်သည်များအား လာဝယ်ခိုင်းသည်ဖြစ်စေ၊ ပြုလုပ်ခြင်းသည် ပို၍ ကောင်းမွန်ပေသည်။


မည်သို့ပင်ဖြစ်စေ သူမ၏ ရည်ရွယ်ချက်သည် ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်သည် အနာဂါတ်တွင် တစ်ကမ္ဘာလုံးကို သေချာပေါက် ရောင်းချနိုင်လိမ့်မည် ဖြစ်သည်။ 


ဇိမ်ခံပစ္စည်းဆိုင် အပေါ်ထပ်တွင် သခင်မများနှင့် အမျိုးသမီးငယ်လေးများသည် ရေမွှေးဆပ်ပြာများကို စမ်းသပ်နေသည့်အခိုက် လမ်းတဖက်ရှိ လက်ဖက်ရည်ဆိုင်တွင် ကျန်းကွမ်ရှန်သည် သူ့အစေခံနှစ်ယောက်ကို အကြိမ် အနည်းငယ် ကန်ကျောက်ရန် ဆန္ဒရှိခဲ့သည်။ 


“ပြဿနာလေး တစ်ခုကိုတောင် ကောင်းကောင်းမွန်မွန် မလုပ်ဆောင်နိုင်ဘူးဆိုရင် ငါမင်းတို့ကို ဘာမှ မကျွေးတော့ဘူး။” ကျန်းကွမ်ရှန်သည် သူတို့အား ကြိမ်းမောင်းခဲ့သည်။


“သခင်ကြီး၊ ကျွန်တော်မျိုးတို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။”ဟု အစေခံတစ်ဦးက ကျန်းကွမ်ရှန်အား ပြောခဲ့သည်။  “အမျိုးသမီးလီက ဒီလိုမျိုး တကယ်ပိုက်ဆံပေးချင်နေလိမ့်မယ်လို့ ကျွန်တော်မျိုးတို့ မမျှော်လင့်ထားလိုက်ပါဘူး။”


ယင်းကို ကျန်းကွမ်းရှန်လည်း မျှော်လင့်မထားခဲ့ချေ။


ငွေ ၁၈၈၈ဝမ်သည် လူများကို ဆွဲဆောင်ရန် ထွင်လုံးတစ်ခုဟုသာ သူ ထင်နေခဲ့သည်။ အဆုံးတွင် ဆပ်ပြာများကို စျေးသက်သက်သာသာဖြင့် ရောင်းချခဲ့ပြီး သူမ ငွေအမြောက်အမြား မရှာနိုင်ခဲ့ပေ။


“အဲ့အဖွားကြီးကို သရုပ်ဆောင်ဖို့ အမျိုးသမီးလီ ငှားရမ်းထားတာကော မဖြစ်နိုင်ဘူးလား။”ဟု ကျန်းကွမ်းရှန်က ပြောခဲ့သည်။ “သူက ဆုအကြီးဆုံးကို ယူသွားပြီး နောက်မှ တိတ်တိတ်လေး ပြန်လာပေးမှာပေါ့။”


“အဲလို မဟုတ်လောက်ဘူး။”ဟု အစေခံက ပြောခဲ့သည်။  “အဲ့အဒေါ်မျိုးရိုးက ၀ူပါ။ သူက ကျွန်တော်တို့ ရွာကပါ။ သူ ဟန်ဆောင်နေတယ်လို့ ကျွန်တော်တော့ မထင်ပါဘူးခင်ဗျာ။”


“မဟုတ်ဘူး။ သူ ဟန်ဆောင်နေတာ။” ကျန်းကွမ်ရှန်က အခိုင်အမာ ပြောဆိုခဲ့သည်။


“မဟုတ်ပါဘူးခင်ဗျာ…။”


“မင်းက ဘာကို မဟုတ်ဘူးလို့ ပြောနေတာလဲ။” ကျန်းကွမ်ရှန်သည် မျက်မှောင်ကြုတ်ခဲ့သည်။  “ငါက သူလုပ်တယ်ဆို သူလုပ်လို့ပဲ။”


အစေခံနှစ်ယောက်သည် ခေါင်းရှုပ်သွားခဲ့သည်။


သခင်ကြီးသည် ဗိုလ်ကျခြယ်လှယ်လွန်းလှသော်လည်း အမှန်တရားသည် အမှန်တရားပင်ဖြစ်သည်။ အဘယ်ကြောင့် အမှန်တရားကို အလိမ်အညာတစ်ခုဟု ခေါ်ဆိုရန် ခေါင်းမာမာဖြင့် တောင်းဆိုနေခဲ့သနည်း။


မည်သူကကော ယုံကြည်နိုင်လိမ့်မည်နည်း။


“ဝက်ဦးနှောက်တွေ၊ ဒါလေးကိုတောင် မဖြေရှင်းနိုင်ဘူးလား။” ကျန်းကွမ်ရှန်က ၎င်းတို့အား စိတ်မရှည်စွာဖြင့် ကြည့်ခဲ့သည်။ “ဒီကို လာခဲ့။”


သူတို့သည် အလျင်အမြန် ကိုင်းညွတ်ခဲ့ပြီး တီးတိုးဖလှယ်ကာ ဆွေးနွေးပြီးနောက် နားလည်မှု တစ်ခု ရသွားခဲ့သည်။


“စိတ်မပူပါနဲ့ သခင်ကြီး။”ဟု စိတ်လှုပ်ရှားနေသည့် အစေခံက ပြောခဲ့သည်။ “ကျွန်တော်မျိုး အခုပဲသွားလိုက်ပါမယ်။ ချို့ယွင်းချက် မရှိပဲ ပြီးသွားဖို့ အာမခံပါတယ်ခင်ဗျာ။”


အကြီးဆုံးဆုကို ရရှိခဲ့သည့် အဖွားအိုသည် စျေးမှ ထွက်ပြီးနောက် မရပ်ပဲ အိမ်သို့ တန်းပြန်သွားခဲ့သည်။ သို့သော် သူမ ထွက်သွားပြီး သိပ်မကြာခင်မှာပင် လူနှစ်ယောက်သည် သူမအနောက်သို့ အဝေးမှ စတင်လိုက်လာခဲ့သည်။


လမ်းဘေးတောအုပ်တွင် အမြဲပုန်းခိုနေသည့် ခိုးကြောင်ခိုးဝှက်ပုံရိပ်နှစ်ခုကို မြင်သောအခါ တိတ်တဆိတ် စောင့်ဆိုင်းနေသည့် ယာမင်ဝန်ထမ်းလေးသည် စိတ်လှုပ်ရှားလာခဲ့ပြီး သူတို့နောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။ 


“ခေါင်းဆောင်၊ အမျိုးသမီးလီက ဒါကို တကယ်ပဲ ကြိုတင်ခန့်မှန်းနိုင်တယ်နော်။” ယာမင်ဝန်ထမ်းလေးက တိုးတိုးလေး ပြောခဲ့သည်။ “သူတို့နှစ်ယောက်ကို ကျွန်တော်မှတ်မိတယ်။ သူတို့တွေက ကျန်းကွမ်ရှန်ရဲ့ အစေခံတွေ၊ သူတို့တွေက များသောအားဖြင့် သူတို့သခင်ရဲ့ အာဏာကို အားကိုးပြီး လူတွေကို အနိုင်ကျင့်ကြတယ်။ နောက်ဆုံးတစ်ခေါက် စျေးထဲမှာ ပြဿနာတက်တုန်းက အမျိုးသမီးလီက သူတို့ကို သင်ခန်းစာပေးခဲ့တယ်။ သူတို့ ထပ်ပြီး ဒုက္ခလာပေးရဲမယ်လို့ မမျှော်လင့်ထားဘူး။”


“အမျိုးသမီးလီမှာ ထူးခြားတဲ့ ဉာဏ်ပညာရှိတယ်။ ဒီလောက် သေးငယ်တဲ့ ကိစ္စတစ်ခုကို ဘယ်လိုလုပ် ကြိုမသိပဲ နေမှာတုန်းကွ။ ”ဟု ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “ရှားပါးတာက ငါတို့ကို ဒီလို အသိအမှတ်ပြုမှုကို ပေးလိုတဲ့ သူ့ဆန္ဒပဲကွ။”


“ဒါဆို ကျွန်တော်တို့ သူ့ရဲ့ မျက်နှာသာပေးမှုကို လက်ခံပြီးပြီဆိုတော့ နောက်ကျရင် ပိုင်ချွမ်းစျေးထဲမှာ သူ့ကို ပြန်ထောက်ပံ့ပေးသင့်တယ်။ ”


“အမျိုးသမီးလီကို ထောက်ပံ့ပေးဖို့လား။”


ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် သူ့ဖာသာသူ တိတ်တိတ်လေး ရယ်ခဲ့သည်။


လတိုင်း သူမပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်း အများကြီးနှင့် ယခုတစ်ခေါက် ပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်ကို ထားလိုက်ပါဦး။ သူမက ပိုက်ဆံ ဘယ်လောက်များများ ရှာနိုင်ခဲ့ပြီလဲ။ 


မကြာမီအချိန်အတွင်း သူမသည် ပိုင်ချွမ်းခရိုင်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ 


အနာဂါတ်တွင် မည်သူက မည်သူကို ကျောထောက်နောက်ခံ ထောက်ပံ့ပေးလိမ့်မည်ဆိုသည်မှာ ပြောရခက်ပါသည်။