အခန်း (၄၅) - တောင်ဝယ်ယူခြင်း
လီကျန်းသည် ကျတ်တီးတောင်ကုန်းသုံးလုံးကို တိုင်းတာရန်အတွက် လူတစ်ဒါဇင်ကျော်ကို ကူညီပေးရန် စည်းရုံးခဲ့ပြီး နှစ်ရက်လုံး အလုပ်များနေခဲ့ပါသည်။ စုစုပေါင်း ၄၈၀၀မူ ရှိသည်။
ဤတောင်ကုန်းများသည် ရွာပိုင်ဖြစ်ပြီး အလွန်အမင်း ညံ့ဖျင်းသည့် ကျတ်တီးမြေဖြစ်သောကြောင့် လီကျန်းသည် လီယောင်ကို အနိမ့်ဆုံးစျေး- တစ်မူလျှင် ဝမ်၁၀၀ဖြင့် စုစုပေါင်း ငွေချောင်း ၄၈၀ဖြင့် ပေးခဲ့သည်။
ခေတ်မီအရောင်းဆိုင် ဖွင့်ပွဲမှ ရရှိသော ငွေချောင်း ၄၀၀နှင့် သူမ ယခင်စုဆောင်းထားသည့် ငွေများကို ပေါင်းကာ ထိုငွေကို ပေးဆောင်ပြီးနောက် သူမတွင် ငွေချောင်း ၁၀၀ခန့် ကျန်ရှိနေသည်။ ၎င်းကို အုတ်ခဲပြုလုပ်ရန်အတွက် သူမ အသုံးပြုမည် ဖြစ်သည်။
သူမ နေ့စဉ် ငွေရှာခဲ့သော်လည်း ငွေပြတ်လပ်နေဆဲဖြစ်သည်။ အုတ်ခဲများစွာဖြစ်သောကြောင့် ၎င်းတို့ကို တစ်ရက် နှစ်ရက်အတွင်း မဖုတ်နိုင်ပေ။ သူမ အရစ်ကျ ပေးချေနိုင်ပြီး သို့မဟုတ် ငွေမချေမီ တည်ဆောက်မည့် ပမာဏ ရောက်သည်အထိ စောင့်ဆိုင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အိမ်ဆောက်ရန် ငွေအတွက် စိတ်ပူရန် မလိုအပ်တော့ပေ။
ဤနှစ်ရက်အတောအတွင်း လီကျန်းသည် ဆက်တိုက်ဆိုသလို အံဩချီးမွမ်းခဲ့သည်။
သူသည် သက်တမ်း တဝက်ကျော် နေထိုင်ခဲ့ပြီဖြစ်ပြီး ဟဲဝမ်ရွာတွင် ဤကဲ့သို့ ချမ်းသာသည့်သူ ပေါ်ထွက်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးခဲ့ပေ။ ဒီ့အပြင် ထိုသူက လီယောင် ဖြစ်နေခဲ့သည်။ သူမ၏ ကံကြမ္မာသည် ဘယ်ကပေါ်ထွက်လာခဲ့မှန်း သူ အမှန်တကယ် မသိတော့ပေ။
ရွာသူရွာသားများကလည်း လီယောင်သည် ကျတ်တီးကုန်းမြေ မူပေါင်းများစွာကို ဝယ်ယူခဲ့ကြောင်း သိရှိခဲ့သည်။ မယုံနိုင်လောက်အောင် အားကျနေကြစဉ်တွင် တစ်ချို့ကလည်း အလွန် အချဉ်ပေါက်ကာ သူမ၏ စဉ်းစားဉာဏ် မရှိမှုကြောင့် အပုတ်ချခဲ့ကြသည်။
ဤမျှလောက် များပြားသော ငွေကြေးဖြင့် သူမသည် ယီကျိုးစီရင်စုတွင် သက်တောင့်သက်သာ နေထိုင်နိုင်သည်။ သူမသည် အမှန်တကယ်ပင် မိုက်မဲသည့် အရူးပင် ဖြစ်သည်။
လီယောင်သည် ဤသည်ကို မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုခဲ့သည်။ သူတို့တွေ စိတ်ကုန်ကြပါစေ - ယခု သူမသည် မြေပိုင်ရှင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
“ငါ ပိုက်ဆံ လက်ခံလိုက်ပြီ။ ပိုင်ဆိုင်ခွင့် စာချုပ်ကိစ္စကို လုပ်ဖို့ ခရိုင်ရုံးကို အခုပဲ ငါသွားလိုက်တော့မယ်။” ဟု လီကျန်းက ထွက်မသွားမီ ပြောခဲ့သည်။
သူ ထွက်သွားပြီးနောက် လီယောင်သည် တာ့ကျွမ်းနှင့် သူ့ဇနီး ဟဲရှောင်ယာကို အနောက်တောင်ကုန်းဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီး ကျယ်ပြောလှသည့် တောင်ထူထပ်သည့် ဧရိယာကို လက်ညှိုးထိုး ညွှန်ပြကာ “သား တာ့ကျွမ်း၊ နင် အခုချိန်ကစပြီး ဒီမြေတွေကို စီမံခန့်ခွဲချေ။”
“ဟုတ်ကဲ့ပါ အမေ။”
ကျတ်တီးတောင်ကုန်းမြေ ဖြစ်သော်လည်း အရေအတွက်က များပြားလှသည်။ တာ့ကျွမ်းသည် အလွန်ပျော်ရွှင်သွားခဲ့ပြီး မူးမေ့ကာ သတိလစ်လုနီးပါး ဖြစ်ခဲ့သည်။
ငယ်စဉ်ကတည်းက သူ့ဖခင်နှင့်အတူ လယ်ယာစိုက်ပျိုးခဲ့ပြီး မြေကြီးသည် အလွန်အရေးကြီးမှန်း လေးလေးနက်နက် သိရှိခဲ့သည်။ သူသည် လယ်ယာမြေကောင်းများ မူပေါင်း ဆယ်ချီအောင် ပိုင်ဆိုင်ရန် အမြဲတမ်း အိပ်မက် မက်နေခဲ့သည်။ ထို့ကြောင့် သူ့မိသားစုသည် နောက်ထပ်တစ်ခါ ဆာလောင်မွတ်သိပ်ရန် လုံး၀ စိတ်ပူစရာ မလိုအပ်တော့ပေ။
ယခုတွင် သူ့ငယ်ဘ၀ အိပ်မက်များသည် အမှန်တကယ်ပင် ဖြစ်လာခဲ့ချေပြီ။
ဤသည်မှာ ကျတ်တီးမြေဖြစ်သော်ငြား ၎င်းတို့ကို ဂျုံစိုက်ရန် သို့မဟုတ် ဘဲမွေးမြူရန် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရန်အတွက် မြေဩဇာကောင်းမွန်အောင် လုပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်မှုရှိသည်။ ၎င်းမှာ လယ်မြေကောင်း ဆယ်ဂဏန်းအထက် အဆတစ်ရာ ပိုကောင်းလိမ့်မည် မဟုတ်ပေလော။
ရှောင်ယာသည် တာ့ကျွမ်း၏ အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ မျက်ရည်များ ကျလုနီးပါး ဖြစ်ခဲ့သည်။
သူမသည် တာ့ကျွမ်းနှင့် လက်ထပ်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး အထင်အမြင်သေးသည့် အကြည့်များစွာကိုလည်း တောင့်ခံခဲ့ရသည်။ ယခုထိ သူမ၏ မိဘများသည် တာ့ကျွမ်းကို အထင်အမြင်သေးကာ သူမမိဘများအိမ်တွင် စားသောက်ကြသည့်အခါ သူ့အား စားပွဲတွင် ထိုင်ခွင့်မပေးခဲ့ကြပေ။
သို့သော် ယခုအခါ ကိစ္စရပ်များသည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
သူတို့သည် စီးပွားရေးလုပ်ငန်းမှ ဝင်ငွေရှာနိုင်ရုံသာမက တောင်ပေါ်မြေများစွာလည်း သူတို့တွင် ရှိသည်။ ယခုချိန်မှစ၍ ဘ၀သည် ပိုကောင်းလာပေတော့မည် ဖြစ်သည်။
လာမည့် နွေဦးပွဲတော်တွင် အိမ်ပြန်သည့်အခါ တာ့ကျွမ်းသည် နောက်ဆုံးတွင် ယုံကြည်မှုရှိရှိဖြင့် ရပ်တည်လာနိုင်ပြီး သူမ၏ မိဘများရှေ့တွင် နှုတ်ဆိတ်စွာ နေထိုင်ရန် မလိုအပ်တော့ပေ။
“အမေ၊ သား မနက်ဖြန်ကစပြီး စျေးမရောင်းတော့ဘူး။”ဟု တာ့ကျွမ်းက ပြောခဲ့သည်။ “သား မြေရိုင်းတွေကို စရှင်းတော့မယ်။”
“ဘာလို့ မင်းက မြေရိုင်းတွေကို ရှင်းဖို့ လိုတာလဲ။”
“သားမလုပ်ဘူးဆိုရင် နောက်ကျရင် ဘယ်လိုလုပ် လယ်စိုက်လို့ရမှာလဲ။”ဟု တာ့ကျွမ်းက မေးခဲ့သည်။
“အခု မိုးခေါင်ရေရှားနေလို့ မင်းရှင်းလင်းပြီးတော့ ဘာစိုက်နိုင်မှာမို့လို့လဲ။”ဟု လီယောင်က ပြောခဲ့သည်။ “အဲဒါအပြင် မင်းတစ်ယောက်တည်းဆိုရင် ဘယ်အချိန်မှ ပြီးသွားမှာလဲ။”
တာ့ကျွမ်းသည် ပို၍ပင် ခေါင်းရှုပ်သွားခဲ့သည်။ သူတို့ မြေရိုင်းများကို ရှင်းလင်းရန် မစီစဉ်ဘူးဆိုလျှင် ဘာကြောင့်များ မြေဝယ်ရတာပါလိမ့်။
“အခု ခဏတော့ ဒီတိုင်းထားလိုက်ပါဦး။ အိမ်အသစ်နားမှာပဲ ဂေါ်ဖီစေ့ ၁၀မူကျော်လောက်သာ ကြဲထားလိုက်။ နောက်ကျရင် ဘဲငန်းတွေ ကျွေးဖို့ သုံးရအောင်လို့။ အဲဒါပဲ ကောင်းပါတယ်။” ဟု လီယောင်က ပြောခဲ့သည်။
အိမ်တွင် ဘဲငန်းသားဖောက်ခြင်းသည် နောက်ဆယ်ရက်အတွင်း ထွက်လာမည်ဖြစ်ပြီး အကောင်တစ်ရာကျော်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ဘဲငန်း အများအပြားသည် နေ့စဉ် အစိမ်းရောင် အသီးအရွက်များကို စားသောက်ရန် လိုအပ်ပြီး ဘဲစာပေါင်းမြက် တစ်ခုတည်းကိုသာ အမှီပြုခြင်သည် သေချာပေါက် မလုံလောက်ပေ။
ထို့ကြောင့် သူတို့သည် သူတို့ကိုယ်ပိုင် ဟင်းသီးဟင်းရွက်များနှင့် မြက်ပင်များကို စိုက်ပျိုးရမည် ဖြစ်သည်။ သို့သော် ယခုအခါ ရေမရှိသည့်အတွက် အကြီးအကျယ် စိုက်ပျိုးရန် မဖြစ်နိုင်ပေ။ ဆယ်မူကျော်သာလျှင် အများဆုံး လုပ်နိုင်စွမ်း ဖြစ်သည်။
“ရေလောင်းဖို့လည်း စိတ်မပူနဲ့။”ဟု လီယောင်က ပြောခဲ့သည်။ “ရွာသူရွာသားတစ်ချို့ကို ငှားရမ်းဖို့ ပိုက်ဆံနည်းနည်း သုံးလိုက်။ နှစ်ရက်တခါ အများဆုံး စေ့စေ့စပ်စပ် ရေလောင်းရမယ်။ တစ်လကို နှစ်ခါ ရေလောင်းရင် လုံလောက်လိမ့်မယ် ထင်တယ်။”
တာ့ကျွမ်းသည် ပို၍ပင် ဦးနှောက်ရှုပ်သွားခဲ့သည်။ တခြားသူများက အလုပ်လာလုပ်ခဲ့လျှင် သူက ဘာလုပ်ရတော့မှာလဲ။
“မင်းက စီမံခန့်ခွဲရမယ့် တာဝန်ခံပဲ။”ဟု လီယောင်က ပြောခဲ့သည်။ “နောက်ကျရင် ဒီတောင်ပေါ်မှာ ဘယ်နေရာမှာ ဘာစိုက်ရမယ်ဆိုတာ အမေက မင်းကို ပြောမယ်။ ပြီးတော့ ဘယ်လို စိုက်ပျိုးရမယ်ဆိုတာရောပဲ။ အဲကျရင် မင်းက ငှားထားတဲ့လူတွေကို ပြောပြရမယ်။ အတိအကျ အလုပ်ပြီးမြောက်အောင် ကောင်းကောင်းလုပ်ရမယ်။ အဲဒါက မင်းရဲ့ တာဝန်ပဲ။”
“သား နားလည်ပါပြီ အမေ။ ဒါပေမဲ့ သားကိုယ်တိုင်လည်း သားဖာသာ မူနည်းနည်းလောက် စိုက်ချင်သေးတယ်။ မဟုတ်ဘူးဆိုရင် တခြားသူတွေလုပ်တာကို စောင့်ကြည့်ရင်း သားက ဘာမှ မလုပ်ရရင် နေရထိုင်ရခက်လိမ့်မယ်။ ပြီးတော့ အိမ်က နွားကလည်း အလကား ဖြစ်သွားလိမ့်မယ်။”
လီယောင်…..
“မင်းဆန္ဒအတိုင်းလုပ်။ ဒါက မင်းရဲ့ ကိုယ်ပိုင်မြေပဲ။ မင်း ဆန္ဒရှိသလို မင်းစိုက်လို့ရတယ်။”
သူတို့သုံးယောက်သားသည် တောင်ကုန်းအတက် လမ်းတစ်ဝက်ရှိ မြေပြန့်နေရာသို့ ရောက်သွားခဲ့သည်။ လီကျန်းသည် သစ်သားတိုင်များဖြင့် စတုဂံပုံအုတ်မြစ်ကို စည်းတားထားခဲ့ပြီး ဖြစ်သည်။
အခြေခံအုတ်မြစ် ပတ်ပတ်လည်သည် ကျယ်ဝန်းကျယ်ပြန့်သည် မြေပြန့်နေရာ တော်တော်များများ ဖြစ်သည်။ အထူးသဖြင့် ပင်မအိမ်၏ အနောက်ဘက် ကျယ်ဝန်းသည့် ဧရိယာ ဖြစ်သည်။ ထို့အပြင် စုစုပေါင်း ဆယ်မူကျော်ရှိသည့် ပြေပြစ်သည့် တောင်စောင်း ဆင်ခြေလျော ရှိသည်။
လီယောင်သည် တမင်တကာပင် ထိုနေရာကို သီးသန့် ဖယ်ခိုင်းထားခြင်း ဖြစ်သည်။ နောက်တွင် ၎င်းသည် သူမ၏ နောက်ဖေးဥယျာဉ် ဖြစ်လာပေလိမ့်မည်။
“လီကျန်းက ပြက္ခဒိန်ကြည့်ပေးဖို့ ကူညီလိမ့်မယ်။ သဘက်ခါက မြေစတူးဖို့ သင့်တော်တယ်။ အဲဒါကြောင့် အုတ်မြစ်ကို စတူးလိုက်။” ဟု လီယောင်က ပြောခဲ့သည်။ “ဘယ်လို တူးရမလဲဆိုတာ အမေ အခု ပြောပြမယ်။ နောက်မှ မင်းက လုပ်တဲ့နေရာမှာ ကြီးကြပ်လိုက်။”
“ကောင်းပါပြီ။”
ဤခေတ်တွင် အိမ်အုတ်မြစ်အခြေခံကို ခပ်နက်နက် မတူးကြပေ။ ထို့ကြောင့် နောက်ပိုင်းတွင် တစ်ထပ်အိမ်များသာ ရှိကြသည်။
သို့သော် လီယောင်သည် တာရှည်ခံချင်သည့်အတွက် မြေတူးခြင်းသည် လုံလုံလောက်လောက် နက်ပြီး ကျယ်ရမည် ဖြစ်သည်။ ထို့အပြင် ကျောက်တုံး၊ ထုံး၊ သဲနု၊ စေးကပ်သည့် ကောက်ညှင်းပမာဏအမြောက်အမြားနှင့် သစ်စေးဆီတို့ဖြင့် ဖြည့်သွင်းမည် ဖြစ်သည်။
မဟာတံတိုင်းကြီးကို တည်ဆောက်ရာတွင် အသုံးပြုသည့် အင်္ဂတေသည် ဤနည်းနာကို လိုက်နာခဲ့ကြသည်။ အားဖြည့်ကွန်ကရစ်လောက် မကောင်းသော်လည်း ဆယ်စုနှစ်များစွာ ကြာရှည်ခံနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။
…………………………………
စာကြည့်ခန်းထဲတွင် ဝမ်ကျားဖူ၏ စကားများကို ကြားပြီးနောက် စုန့်တရားသူကြီးမင်းသည် တုန်လှုပ်မှုများမှ ပြန်လည်အသိဝင်လာရန် အချိန် အတန်ကြာ ယူခဲ့ရသည်။
“မောင်မင်း ပြောနေတာက…… မင်းတို့ ဟဲဝမ်ရွာက လီယောင်က ကျတ်တီးတောင်ကုန်းမြေ ၄၈၀၀မူကို ဝယ်ဖို့ ငွေချောင်း ၄၈၀ကို သုံးခဲ့တယ် ဟုတ်လား။”
“ဟုတ်ပါတယ် ခရိုင်တရားသူကြီးမင်းခင်ဗျာ။”ဟု ဝမ်ကျားဖူက ပြောခဲ့သည်။ “သူသာ ငွေချောင်းတွေ မပေးခဲ့ဘူးဆိုရင် ကျွန်တော်မျိုးလည်း မယုံနိုင်ပါဘူးခင်ဗျာ။”
“အဲဒီကျတ်တီးမြေတွေနဲ့ သူ ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာ မောင်မင်းသိလား။”
“ကျွန်တော်မျိုး အသေးစိတ်ကိုတော့ မမေးခဲ့ပါဘူးခင်ဗျာ။”ဟု ဝမ်ကျားဖူက ပြန်ဖြေခဲ့သည်။
သူမ ရူးကောင်းရူးနေလိမ့်မည် သို့မဟုတ် ကိုယ်ပိုင်စိတ်ကူးများ ရှိကောင်းရှိနေနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ခရိုင်တရားသူကြီးမင်းရှေ့တွင် ဝမ်ကျားဖူသည် ယင်းစကားကို မဆိုရဲပေ။
“ဒီလီယောင်ကတော့ ပိုပိုပြီး တွေးရခက်လာပြီ။”ဟု စုန့်တရားသူကြီးမင်းက ပြောခဲ့သည်။ “သူက ငွေပေးပြီးသားဆိုတော့ စာရင်းသွင်းဖို့နဲ့ ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းကို ကိုင်တွယ်ဖို့ မှတ်တမ်းစာရေးကို သွားရှာလိုက်။”
“မှန်လှပါ တရားသူကြီးမင်းခင်ဗျာ။”
“ဟုတ်ပြီ။” စုန့်တရားသူကြီးမင်းက ထပ်မံမေးမြန်းခဲ့သည်။ “ဟဲဝမ်ရွာမှာရော အခု ဘယ်လိုအခြေအနေရှိလဲ။ မင်းမှာ စပါး အပို ရှိသေးလား။”
“ဘယ်သူမှာမှ စပါး မကျန်တော့ပါဘူး တရားသူကြီးမင်းခင်ဗျာ။ မိသားစုတော်တော်များများက တောရိုင်းဟင်းသီးဟင်းရွက်တွေနဲ့ စားနေကြရပါတယ်။ ဆောင်းရာသီကလည်း ရောက်တော့မယ်။ တောရိုင်းဟင်းသီးဟင်းရွက်တွေက အများကြီး ကျန်တော့မှာ မဟုတ်ဘူး။ လူတိုင်းက တရားရုံးက ကယ်ဆယ်ရေးအတွက် စပါးကျီတွေ ဖွင့်ဖို့ မျှော်လင့်နေကြပါတယ်။”
စပါးကျီများ ဖွင့်လှစ်ရန် မဖြစ်နိုင်ပေ။ မိုးခေါင်ရေရှားမှုနှင့်အတူ ကုန်းတွင်းပိုင်းနှင့် နယ်စပ်ဒေသ ပဋိပက္ခများကြောင့် တရားရုံး၏ သယံဇာတများသည် သာမာန်ပြည်သူများထက်ပင် ပို၍ ကြပ်တည်းလာခဲ့သည်။ သူတို့ ဘယ်နေရာမှာများ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် စပါးကို သွားရှာနိုင်လိမ့်မည်လဲ။
“မောင်မင်း တစ်ခုခုကို အရင်တွက်ချက်ထားသင့်တယ်။”ဟု စုန့်တရားသူကြီးမင်းက ပြောခဲ့သည်။ “မင်း အခုပဲ တောင်မူပေါင်းများစွာကို ငွေချောင်းတွေနဲ့ ရောင်းချခဲ့တယ် မဟုတ်လား။ အခွန်ဆောင်ပြီးသွားရင် ငွေချောင်း ၉၆ချောင်း ကျန်နိုင်တယ်။ စပါးဝယ်ဖို့ အဲဒါကို သုံးလိုက်။ ဒီဆောင်းရာသီကို မင်းကျော်ဖြတ်နိုင်ရင် ကိစ္စရပ်တွေက နွေဦးမှာ ပိုတိုးတက်လာလိမ့်မယ်။”
“ငါတို့ အခုလုပ်နိုင်တာလည်း အဲဒါပဲရှိတယ်။”
ဝမ်ကျားဖူ ထွက်ခွာသွားပြီးနောက် စုန့်တရားသူကြီးမင်းသည် သက်ပြင်းအရှည်ကြီး တစ်ချက် ချခဲ့သည်။
အခက်ခဲဆုံးအချိန်သည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဟဲဝမ်ရွာသည် အနည်းငယ်မျှ ကောင်းမွန်သော်လည်း ပိုင်ချွမ်းခရိုင်ရှိ တခြားကျေးရွာများသည် အငတ်ဘေးကို ပြေးရှောင်ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း သူကြားသိခဲ့ရသည်။
ဤကိစ္စကို ထိပ်တိုက်ရင်ဆိုင်နေခဲ့ရသော်လည်း သူ့တွင် အဖြေတစ်ခုမျှ မထွက်ပေါ်လာခဲ့သေးပေ။
လူအများအပြား အစုလိုက် အပြုံလိုက် ထွက်ခွာခြင်းများ ဖြစ်ပွားလာခဲ့ပါက ဒုက္ခသည်များသည် နေရာအနှံ့ ပြန့်ကျဲနေပြီး ခရိုင်တရားသူကြီးမင်းတစ်ယောက်အနေဖြင့် သူသည် ၀တ္တရားကို ပျက်ကွက်သည့်အတွက် အပြစ်ရှိလိမ့်မည် ဖြစ်သည်။
သူ ဘာများလုပ်သင့်လဲ။