အပိုင်း ၄၄
Viewers 9k

အခန်း (၄၄) - မြေဝယ်ယူခြင်း


“အစ်မလီ၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့။” လီယောင်သည် ခြံဝင်းထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် သူဌေးကျိုးက စိတ်အားထက်ထက်သန်သန်နှင့် ပြောခဲ့သည်။ သူ့မျက်နှာပြင်တစ်ခုလုံး ပျော်ရွှင်မှုများနှင့် ပြည့်နေသည်ကို မြင်ရသောအခါ လီယောင်သည် ခေတ်မီအရောင်းစတိုးဆိုင်သည် ယနေ့တွင် ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း သိခဲ့လိုက်သည်။

 

“ဒီနေ့ ကျွန်တော်တို့ဆိုင်မှာ အထူးဖောက်သည် စုစုပေါင်း အယောက် ၃၀ကို ဝန်ဆောင်မှုပေးခဲ့ရတယ်ဗျ”ဟု သူဌေးကျိုးက ပြောခဲ့သည်။ “ပိုင်ချွမ်းစျေးထဲမှာရှိတဲ့ ချမ်းသာတဲ့ မိသားစု အားလုံးနီးပါးက ကျွန်တော်တို့ဆိုင်ရဲ့ အထူးဖောက်သည်တွေ ဖြစ်လာကြတယ်။”  


“မြက်စိမ်းလိမ်းဆေးဆီတွေ ဘယ်လောက်ရောင်းလိုက်ရလဲ။”


“ဗူး ၂၀၀လုံး အကုန်ရောင်းထွက်သွားပြီ။ အမြတ်ငွေက ငွေချောင်း ၁၆၀ပါ။”


လီယောင်က ခေါင်းငြိမ့်ခဲ့သည်။ ဤရလဒ်သည် သူမ မျှော်လင့်ထားသည့် ဘောင်အထဲမှာပင် ဖြစ်သည်။ အဆုံးတွင် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီသည် အစွမ်းထက်ရုံသာမက သူမသည်လည်း ခေတ်မီ ရောင်းဝယ်ဖောက်ကားရေး နည်းလမ်းများကိုလည်း အသုံးပြုခဲ့သည်။


ဤနည်းလမ်းဖြင့် သူမ၏ ဝင်ငွေကို အလွန့်အလွန် များပြားလာစေခဲ့သည်။


သူမသည် စတိုးဆိုင်တွင် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဗူး ၂၀၀ ရောင်းချခဲ့ရပြီး သူမ၏ဝင်ငွေမှာ ငွေချောင်း ၄၀၀ ဖြစ်သည်။ စတိုးဆိုင် အမြတ်ငွေ ငွေချောင်း ၈၀ကို ပေါင်းထည့်လိုက်သော် စုစုပေါင်းသည် ငွေချောင်း ၄၈၀ ဖြစ်သည်။ 


ကုန်ကျစရိတ်မှာမူ ငွေ ၅ချောင်းအောက် နည်းပါးသည့် ပုံပေါ်ပြီး မပြောပလောက်လုနီးပါးပင် ဖြစ်သည်။


၎င်းသည် မတန်တဆ အမြတ်သတ်သတ်ချည်းသာ ဖြစ်သည်။ 


သူဌေးကျိုးသည် ငွေချောင်း ၁၀၀တန်ဖိုးရှိသည့် ငွေစက္ကူ ၄ရွက်ကို ထုတ်ယူခဲ့ပြီး ပြောခဲ့သည်။ “ဒါက ငွေချောင်း ၄၀၀ပါ။ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ၀ယ်တဲ့ ပိုက်ဆံပါ။ အဲဒါ့အပြင် ဒီနေ့ညမှာ စာရင်းကိုင်ကို စာရင်းရှင်းတမ်းတွေကို အပြီးလုပ်ခိုင်းလိုက်ပါမယ်။ မနက်ဖြန်ကျရင် အစ်မရဲ့အမြတ်ဝေစုကို တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်ပါမယ်။”


“ပထမဆုံးနေ့မှာပဲ ဘယ်လိုလုပ် အမြတ်ဝေစုကို ခွဲယူနိုင်မှာလဲ။ လစဉ်ပဲ ခွဲကြရအောင်။”ဟု လီယောင်က ပြောခဲ့သည်။


“ကောင်းပါပြီ။”


“ပြီးတော့ အမြတ်တွေ မခွဲခင်၊ စာရင်းစာအုပ်ထဲမှာ အမြတ်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို အရင်ဖယ်ထားလိုက်ပါဦး။ နောက်ကျရင် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအနေနဲ့ပေါ့။”ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မတို့ ခေတ်မီအရောင်းစတိုးဆိုင်က ပိုင်ချွမ်းစျေး တစ်ခုတည်းမှာပဲ ဖွင့်မှာ မဟုတ်ဘူးလေ။”


ဤသည်မှာ သူဌေးကျိုး ကြားဖို့ စောင့်နေသည့် အရာ အတိအကျပင် ဖြစ်သည်။


သူသည် ယီကျိုးစီရင်စု တစ်ခုလုံးတွင် ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်များ ဖွင့်လှစ်ခြင်းကို ကြိုမြင်နိုင်လုနီးပါး ဖြစ်သည်။ သို့သော် အိပ်မက်က အိပ်မက်သာပင် ဖြစ်သည်။ ယခုအချိန်တွင် ပြသာနာကြီး တစ်ခု ရှိနေဆဲ ဖြစ်သည်။


“မနက်ဖြန် ကျွန်တော်တို့မှာ ရောင်းစရာ ဘာမှ မကျန်တော့ဘူးနော်။”


လီယောင်သည် သူမခေါင်းကို ခါယမ်းခဲ့ပြီး ဟဲရှောင်ယာကို နောက်ထပ် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဗူး ၅၀ကို ယူလာခိုင်းခဲ့သည်။


“ဒါတွေကို ယာယီဖြည့်ထားဖို့ အရင်သုံးထားပါဦး။”ဟု လီယောင်က ပြောခဲ့သည်။ “နောက်ရက်နည်းနည်းကြာရင် ကျွန်မ ပစ္စည်းအသစ်လေးတွေနဲ့ လာခဲ့ပါမယ်။ အဲခါကျတော့မှ ကျွန်မတို့ နောက်ထပ် အစွံထုတ်တာ လုပ်ကြတာပေါ့လေ။”


“ကောင်းပါပြီဗျာ။ ကျွန်တော် အစ်မရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်။”


သူဌေးကျိုး ထွက်သွားသည်ကို မြင်သောအခါ လီယောင်သည် သူမ၏ အိတ်ကပ်ထဲသို့ ငွေစက္ကူများကို  သာမာန်ကာလျှံကာ ထည့်လိုက်ပြီးနောက် ကလေးများကို ကြေညာခဲ့သည်။ “ဒီည တို့တွေ သိုးသားတုတ်ထိုးကင် စားကြမယ် ဟေး…”


ယနေ့တွင် အလွန်အလုပ်ကြိုးစားခဲ့ပြီး ငွေအတော်လေး ဝင်ခဲ့သည့်အတွက် သူတို့ကိုယ်သူတို့ ဒကာခံရန်အတွက် သေချာပေါက် ထိုက်တန်ပေသည်။ 


ကလေးများသည် နောက်တစ်ခါ သိုးသားထပ်စားနိုင်မည်ကို ကြားသောအခါ သူတို့သည် ချက်ချင်းပင် အသားလှီး၊ အသားနှပ်၊ ကင်စားရန် မီးဖိုပြင်၊ မီးမွှေး စသည်ဖြင့် အလုပ်များ ရှုပ်ယှက်ခေတ်သွားခဲ့ကြသည်။ သိပ်မကြာခင်အချိန်တွင် သိုးသားတုတ်ထိုးကင်များ၏ မွေးရနံ့များသည် ရိုးရှင်းသည့် ခြံဝင်းကြီးအနှံ ပျံ့လွင့်သွားခဲ့သည်။


“အမေ” တာ့ကျွမ်းသည် တစို့သီတံများကို ကင်နေရင်းဖြင့် ပြောခဲ့သည်။ “အခု သားတို့ဆီမှာ ငွေနည်းနည်း ရှိလာပြီဆိုတော့လေ ဆောင်းမဝင်ခင် သားတို့ အိမ်ကို မပြင်သင့်ဘူးလား။”


“ဘာကို ပြင်မှာတုန်း” ဟု လီယောင်က ပြောခဲ့သည်။ “တို့တွေ အသစ်တစ်လုံး ဆောက်ကြမယ်လေ။”


ဤသည်မှာ ကလေးများကို ပို၍ပင် စိတ်လှုပ်ရှားစေခဲ့သည်။


ယိုယွင်းပျက်စီးနေသည့် သက်ကယ်အိမ်လေးသည် အမှန်တကယ်ပင် ထပ်မံ နေထိုင်ရန် မသင့်တော်တော့ပေ။ မိုးရွာသည့်အခါ ယိုစိမ့်ပြီး လေများလည်း ဝင်စေသည်။


အိမ်အသစ်တစ်လုံး ဆောက်လုပ်ခြင်းက အဆင်အပြေဆုံး ဖြစ်သည်။


“အမေ” တာ့ကျွမ်းသည် စိတ်လှုပ်ရှားစွာဖြင့် မေးခဲ့သည်။ “သားတို့ ဘယ်တော့ စဆောက်ကြမလဲ။”


“အလျင်မလိုပါဘူး” လီယောင်သည် သိုးသားတုတ်ထိုးကို တတိတိ ကိုက်ဝါးရင်း ပြောခဲ့သည်။ “အမေ မနက်ဖြန်ကျရင် ပုံကြမ်းတစ်ခု အရင်ဆွဲလိုက်ဦးမယ်။ ပြီးရင် လီကျန်းကို မြေနည်းနည်းဝယ်ဖို့ သွားရှာလိုက်မယ်လေ။”


…………………………………


“ဆိုတော့ နင်က ဒီလောက်ကြီးတဲ့ အိမ်တစ်လုံး ဆောက်ချင်တာလား။”


လီကျန်းသည် ဤသတင်းကို ကြားသောအခါ မအံဩခဲ့ပေ။


သို့သော် လီယောင်၏ ပုံကြမ်းများကို မြင်ပြီးနောက် သူ့မေးရိုးသည် မြေပြင်သို့ ထိလုနီးပါး ဖြစ်သွားခဲ့သည်။


လီယောင်သည် မကြာသေးမီ ငွေရှာနိုင်ခဲ့သည်ကို သူသိခဲ့သည်။ သို့သော် သူမသည် ဤမျှလောက် ချမ်းသာလိမ့်မည်ဟု သူ တစ်ခါမှ စိတ်မကူးခဲ့ပေ။


လီယောင် သူ့အား ပြသည့် ပုံကြမ်းများတွင် အဆောက်အဦး ၅လုံး ရှိသည်။


ကျယ်ဝန်းသည့် အခန်းခြောက်ခန်းတွဲပါသည့် လူနေအိမ်တစ်လုံးဖြစ်သည်။ တစ်ဖက်တစ်ချက်တွင် အခန်းလေးခန်းပါရှိသည့် နေရာ နှစ်ခုတို့ ပါရှိသည်။


အလယ်တွင်လည်း  အလွန်ကျယ်ဝန်းသည့် နေရာလွတ် တစ်ခု ရှိသည်။


ဤသည်မှာ မိသားစုတစ်စုအတွက် အိမ်တစ်လုံး မဟုတ်တော့ပေ။ အိမ်ခြံမြေတစ်ခုနီးပါပင် ဖြစ်နေပြီဖြစ်သည်။


‘ဒါက ကြီးလို့လား။’


လီယောင်သည် ၎င်းကို ကြီးမားသည်ဟု လုံး၀မထင်ပေ။


သူမ၏ ခြောက်ခန်းပါ ပင်မအိမ်ခြံဝန်းကို မဆိုပါနှင့်။ ကလေးများ၏ အိမ်များသည်ပင် တစ်ခုလျှင် ကောင်းလှစွာဖြင့် မီတာ ၁၀၀ ပတ်လည်စီ ရှိကြသည်။ ဤသည်မှာ မလိုအပ်ပဲ ဇာချဲ့ခြင်းပင် မဟုတ်ပေလော။


“လူတွေနေတဲ့ထိုင်တဲ့နေရာက သေချာပေါက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့ လိုတယ်”ဟု လီယောင်က ပြောခဲ့သည်။ “နောက်ပိုင်း ကလေးတွေ ကြီးပြင်းလာတဲ့အခါကျရင် သူတို့ လွတ်လွတ်လပ်လပ် နေလို့ထိုင်လို့ရတဲ့ ကိုယ်ပိုင်နေရာကို သူတို့ သေချာပေါက် လိုလာလိမ့်မယ်။”


လီကျန်းသည် မျက်မှောင်ကြုတ်ခဲ့သည်။ ထိုကဲ့သို့ ပြောဆိုခြင်းက အဓိပ္ပါယ်ရှိသော်ငြား အားလုံးကို အုတ်ဖြင့် ဆောက်လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား။


အုတ်ခဲသည် စျေးပေါစရာ အကြောင်း မရှိပေ။ 


ဤသို့သော အဆောက်အဦးများစွာအတွက် သူတို့သည် အနည်းဆုံး အုတ်ခဲ ၆၀,၀၀၀မှ ၇၀,၀၀၀ထိ လိုအပ်လိမ့်မည်ဖြစ်ပြီး အုတ်ခဲတစ်လုံးလျှင် ၂ဝမ်ဖြင့် စုစုပေါင်း ဝမ်၁၀၀,၀၀၀နှင့် အထက် သို့မဟုတ် ငွေချောင်း ၁၀၀နှင့်အထက် ကုန်ကျလိမ့်မည် ဖြစ်သည်။


ဒီ့အပြင် ဤသည်မှာ အုတ်ခဲဖိုးအတွက်ပဲ ရှိသေးသည်။


အိမ်များဆောက်လုပ်ရာတွင် ပျဉ်ပျားနှင့် အုပ်ကြွပ်ပြား အမြောက်အမြားလည်း လိုအပ်သေးသည်။


အနည်းဆုံး ငွေချောင်း၂၀၀ မရှိလျှင် ဘယ်လိုများ တည်ဆောက်နိုင်လိမ့်မည်နည်း။


“လီယောင်၊ နင် အခုတစ်လော ပိုက်ဆံတွေ ရှာနိုင်ခဲ့တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဖြုန်းတီးနေဖို့ မလိုဘူးလေ။”ဟု လီကျန်းက အကြံပြုခဲ့သည်။ “ဒီလောက်ငွေနဲ့ဆို နင် စျေးထဲမှာ အိမ်ခြံဝန်း ၅ ဝန်းပါတဲ့ အိမ်တစ်လုံး ဝယ်လို့ရတဲ့အပြင် အများကြီးတောင် ပိုနေဦးမှာလေ။ ဘာလို့ ဒီလို တောခြုံအုံကြားထဲမှာ သုံးနေဦးမှာလဲ။”


“အစ်ကိုလီကျန်း၊ ကျွန်မ ဆုံးဖြတ်ပြီးပါပြီ။”ဟု လီယောင်က ပြောခဲ့သည်။ “စျေးထဲမှာ နေတာက သေချာပေါက် အဆင်ပြေတာပေါ့။ ဒါပေမဲ့ အရမ်းဆူညံလွန်းတယ်။ ကျွန်မ ဒီက ငြိမ်ငြိမ်ဆိမ်ဆိမ် အေးအေးချမ်းချမ်းလေး နေရတာကို ပိုကြိုက်တယ်။”


သူမ စိတ်ဆုံးဖြတ်ထားမှန်း သိသောအခါ လီကျန်းသည် သူမအား ဖျောင်းဖျရန် ကြိုးစားနေခြင်းကို ရပ်တန့်ခဲ့သည်။


“ရွာမှာ မြေလွတ်တွေက အများကြီးပဲ။ စျေးလည်း နည်းတယ်။”ဟု လီကျန်းကပြောခဲ့သည်။ “မင်းစိတ်ထဲမှာကော တွေးထားတဲ့ နေရာတစ်ခုရှိလား။”


“ရှိတယ်။ ကျွန်မအိမ်နောက်က တောင်ပေါ် အလယ်နားလောက်က မြေလွတ်ပေါ်မှာ ဆောက်မယ်။”


“ဘယ်လို။ နင်က တောင်အလယ်မှာ အိမ်တက်ဆောက်ချင်တာလား။”


လီကျန်းသည် လီယောင်၏ စဉ်းစားတွေးခေါ်ပုံကို ပို၍ပို၍ပင် တွေးရခက်လာခဲ့သည်။


လူအများစုသည် လွယ်ကူသက်သာသည့် အိမ်များကို ဦးစားပေး ဆောက်လုပ်ကြသည်။ ထို့ကြောင့် သာမန်အားဖြင့် သူတို့အားလုံးသည် တောင်ခြေတွင် ရှိကြသည်။


သို့တိုင် လီယောင်သည် ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး အမြင့်တွင် ဆောက်လုပ်ရန် အပြင်းအထန် တောင်းဆိုနေခဲ့သည်။ နေ့စဥ် အတက်အဆင်းလုပ်ရန် ပင်ပန်းနေလိမ့်မည် မဟုတ်ပေလား။


“အဲဒီတောင်တန်းမြေက ကျတ်တီးမြေပဲ။ အဲဒါကြောင့်မို့ အစက တစ်မူကို ဝမ် ၂၀၀ပဲ ရှိတယ်။”ဟု လီကျန်းက ပြောခဲ့သည်။ “ဒါပေမဲ့ အိမ်တစ်လုံးဆောက်မယ်ဆိုရင်တော့ တစ်မူကို ဝမ်၅၀၀ ကျလိမ့်မယ်။ ဒီအိမ်အတွက်ဆိုရင်တော့ နင် ၃မူလောက် လိုအပ်လိမ့်မယ်ထင်တယ်။ ”


“၆ မူ လုပ်လိုက်ပါ။ ကြီးတာ ပိုကောင်းတယ်။”


၎င်းသည် ငွေချောင်း ၃ချောင်းသာ ကျသင့်မည်ဖြစ်ပြီး သူမသည် ကျယ်ဝန်းခြင်းကို ပိုမိုနှစ်သက်သည်။ နောက်ပိုင်းတွင် ခြံဝန်းထဲမှ ပစ္စည်းများစွာကို ထားစရာ နေရာ ရှိလိမ့်မည် ဖြစ်သည်။


“ကောင်းပါပြီ။ ငါ နင့်ကို အခုပဲ မြေတိုင်းဖို့ ခေါ်သွားမယ်။”


“အလျင်မလိုပါနဲ့ဦး။”ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မက အနောက်က တစ်တောင်လုံးကိုလည်း ဝယ်ချင်တာ။ ပြီးတော့ အဲနောက်က တောင်နှစ်တောင်ကောပဲ။”


ဤတစ်ကြိမ်တွင် လီကျန်းသည် အတန်ကြာအောင် ကြက်သေသေသွားခဲ့သည်။ 


လီယောင့်အိမ်အနောက်ဘက် တောင်ကုန်းများတွင် ပေါင်းပင်များမှလွဲ၍ မည့်သည့်အပင်မှ မကြီးထွားလာနိုင်ပေ။ 


စိုက်ပျိုးမရသော ကျတ်တီးတောင်ကုန်းမြေများဖြစ်သောကြောင့် စျေးနိမ့်သော်လည်း ၎င်းတို့သည် ၅,၀၀၀မူ နီးပါခန့် ရှိနေဆဲ ဖြစ်သည်။ 


တစ်မူလျှင် အခြေခံစျေး အနည်းဆုံး ဝမ် ၁၀၀နှင့်ပင်လျှင် ငွေချောင်း ၅၀၀ ကျသင့်ပေလိမ့်မည်။


ငွေချောင်း ၅၀၀ ဟုတ်လား။


ပေါင်းပင်များသာ ကြီးထွားနိုင်သည့် ကျတ်တီးတောင်ကုန်း အနည်းငယ်ကို ဝယ်ယူရန် အလွန်အကျွံ သုံးစွဲခြင်းသည် မိုက်မိုက်မဲမဲနှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေခြင်း မဟုတ်ပေလား။ 


“ဘာ….၊ ကျတ်တီးတောင်ကုန်းတွေကို ဘာလုပ်ဖို့ နင်က လိုနေရတာတုန်း။”


“ကျွန်မမှာ ကျွန်မကိုယ်ပိုင်သုံးရမဲ့ဟာတွေ ရှိတယ်။”


စိမ်းလန်းသောရေနှင့် စိမ်းစိုနေသည့် တောတောင်များသည် ရွှေတောင် ငွေတောင်များ ဖြစ်ကြသည်။ ရှေးယခင်ခေတ်က လူများသည် ဤအကြောင်းပြချက်ကို လုံး၀ နားမလည်ကြသည့် ပုံပေါက်သည်။


ထို့အပြင် ၎င်းသည် စိုက်ပျိုးမွေးမြူရေးနှင့် အငြိမ်းစားယူရန်အတွက်ဆိုလျှင် သဘာ၀အတိုင်း ပထမဆုံး မြေတစ်ချို့ ရှိရမည် ဖြစ်သည်။


သူမတွင် အစားအသောက် မချိုတဲ့ပေ။ ထို့ကြောင့် တောင်တစ်ချို့ ဝယ်ယူခြင်းသည် သူမအား အပျင်းပြေစေပြီး နွားနှင့် သိုးများကို မွေးမြူရန် စားကျက်တစ်ချို့နှင့် သီးပင်စားပင်များနှင့် တခြားသော အပင်များကိုလည်း စိုက်ပျိုးနိုင်မည် ဖြစ်သည်။ ဤသည်မှာ သူမ မျှော်မှန်းထားသည့် အငြိမ်းစားဘ၀ပင် ဖြစ်သည်။


ကနဦးက သူမသည် သူမ့အိမ်အနောက်ဘက်ရှိ တောင်ကုန်းကိုသာ ဝယ်ယူရန် ကြံရွယ်ထားခဲ့သည်။ နောက်ဘက်မှာ နောက်ထပ် တောင်နှစ်လုံးကို ထပ်မံ ဝယ်ယူရသည့် အကြောင်းအရင်းမှာ ရေပြဿနာကို ဖြေရှင်းရန်သာဖြစ်သည်။

 

ထိုအနောက်တောင်နှစ်တောင်သည် နှိုင်းယှဉ်ပါက အတော်လေး မြင့်မားပြီး မြောက်-တောင် တည်ရှိနေပါသည်။ သူမ တောင်နှစ်တောင်ကြား ဆည်ကြီးတစ်ခု တည်ဆောက်နိုင်ပါက တောင်ကြီးပေါ်မှာ စီးဆင်းလာသော ရေများသည် ဤနေရာတွင် စုပြီး ရေလှောင်ကန်ကြီးတစ်ခု ဖြစ်လာနိုင်ပါသည်။


ထိုအခါ ဟဲဝမ်ရွာသည် ဆည်မြောင်းသွယ်ကာ ရေပေးရန်အတွက် စိတ်ပူပန်ရန် မလိုတော့ပေ။


သူမအိမ်သို့ ရေလွဲနိုင်ပြီး ရေရဟတ်နှင့် ရေဘီးလုံးများကဲ့သို့ ရေအားအသုံးပြုသည့် စက်များကို တည်ဆောက်ကာ ရေအားလျှပ်စစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်ပင် အသုံးပြုလာနိုင်မည်။ 


ဟုတ်ပါပေသည်။ ဤသည်မှာ အဝေးကြီးရှိနေဆဲပင် ဖြစ်သည်။ 


သူမ ယခုအခါ အများဆုံး မျှော်လင့်ထားနိုင်သမျှသည် ရေလှောင်ကန်တွင် ကြာပန်းများ စိုက်ပျိုးခြင်း၊ ငါးများ မွေးမြူခြင်းနှင့် အားလပ်ချိန်များတွင် အေးအေးဆေးဆေး အနားယူနိုင်ရန် လှေငယ်များ လှော်ခတ်ခြင်းတို့သာ ဖြစ်ပါသည်။ ထိုအကြောင်းအရာများကို စဉ်းစားရုံမျှဖြင့် သူမအား အလွန်အမင်း ပျော်ရွှင်သွားစေခဲ့သည်။